← Chapters

ငါတို့ဘာအတွက် တိုက်ခိုက်ရမှာလဲ

Vol. 012 Ch. 1143

ငါတို့ဘာအတွက် တိုက်ခိုက်ရမှာလဲ

Vol. 012 Ch. 1143

ရန်ယွင်က အသံလာရာသို့ လှမ်းကြည့်လိုက်ပြီး ရှင်းလင်းစွာ ပြောလိုက်သည်  ... “ရန်ယွင်က မင်းသားကြီးကို ကျေးဇူးတင်ပါတယ်”

ထို့နောက်တွင် သူက လီကျင့်ကို ဖြတ်ကာ ရှေ့တည့်တည့်သို့ ဆက်လျှောက် သွား၏။

လီကျင့်က သူ့ကို မဟန့်တားပေ။ မင်းသားကြီး ကိုယ်တိုင်က ခွင့်ပြုမှတော့ မည်သူက သူ့ကို တားရဲကြတော့မည်နည်း။

ထို့အပြင် မင်းသားကြီးကိုယ်တိုင် ရင်ဆိုင်ခြင်းမပြုလျှင် အိမ်တော်မှ တခြားလူများအတွက် ရန်ယွင်ကို ရပ်တန့်ရန် မဖြစ်နိုင်ပေ။

ဒုန်း …

ရန်ယွင်က လက်ဝါး ရိုက်ချက်တစ်ချက် ထုတ်လိုက်လျှင် စေတီမှ သလင်းကျောက်အား ထုရိုက်သည့် အသံတစ်သံ ထွက်ပေါ်လာပြီး ချက်ချင်းလိုပင် ရွှေစေတီမှာ ကွဲအက်လာပြီး ရီဖူရှင်းအပေါ် ကျဆင်းနေသည့် ဖိအားမှာလည်း ပျောက်ကွယ်သွားသည်။

ရီဖူရှင်းက ရန်ယွင်ကို ကြည့်ကာ ခေါ်သည်  ... “စီနီယာအစ်ကို…”

ရန်ယွင်က ခေါင်းညိတ်ရင်း ညင်သာစွာ ပြောလိုက်သည် ... “သွားစို့…”

ရီဖူရှင်းက တစ်ဖက်သို့ လှည့်ထွက် သွားပြီးဖြစ်သော ရန်ယွင်တို့နောက်သို့ မြန်ဆန်စွာပင် လိုက်ပါ သွားခဲ့သည်။

နန်ကျိုင်းနှင့် မုချွန်းယန်တို့က ငြိမ်သက်နေသည့် လူများကို တစ်ချက် ကြည့်လိုက်ပြီးနောက် မုချွန်းယန်က ပြောလိုက်သည်  ... “တကယ်လို့ တော်ဝင်အကြံပေး အမတ် အိမ်တော်အပေါ် မကျေနပ်တာများ ရှိရင် ပွင့်ပွင့်လင်းလင်းနဲ့ တိုက်ခိုက်ပါ။ တော်ဝင်အကြံပေး အမတ်အိမ်တော်က တပည့်တွေက မင်းသားကြီးကို လေးစားတာမို့လို့ ဒီအိမ်တော်က လူတွေကလည်း မင်းသားကြီး နာမည်ကို စွန်းထင်းစေမယ့် အရှက်ရစရာ အပြုအမူမျိုး မလုပ်ဖို့ ကျုပ်တို့ မျှော်လင့်ပါတယ်”

ထိုသို့ ပြောပြီးသည်နှင့် လေးယောက်သား လေထဲမှနေ၍ တစ်ခါတည်း ထွက်သွား ကြတော့သည်။

သူတို့အတွက် တာလီနေပြည်တော်သည် တံခါးမရှိ ဓားမရှိ လွတ်လပ်စွာ သွားလာ နိုင်သည့်အလား ...။

မင်းသားကြီး အိမ်တော်မှ လူများသည် ရန်ယွင်တို့ ထွက်သွားသည်ကို ကြည့်ကာ စိတ်တွင်း၌ ဒေါသများ တဟုန်းဟုန်း တောက်လောင် နေကြ၏။

ရှန့်ထိုအဆင့်ရှိ အကြီးအကဲအချို့ဆိုလျှင် မင်းသားကြီးအိမ်တော် ဘုန်းတန်ခိုး ထွန်းတောက် အောင်မြင်စဉ်က ရွှေရောင်နေ့ရက်များကို တွေ့ကြုံ ဖူးကြလေသည်။

လတ်တလောတွင်ကား တာလီပြည်ထောင်မှ လူများသည် ထိုရွှေရောင် အတိတ်များကို မေ့ပျောက်ကာ အင်ပါယာလီ၏အောက်၌ အမြင့်ဆုံးနေရာတွင် ရှိနေသည့် နန်းတွင်း အကြံပေးကိုသာ သိကြတော့၏။

မောက်မာကာ မာနကြီးမားသော တော်ဝင်အကြံပေး၏ တပည့်များမှာ မင်းသားကြီး၏ မြေးတော်ကို သတ်ဖြတ်ပြီးသည့်တိုင် အခြား လူများ၏အမြင်ကို ဂရုမစိုက်ဘဲ လူသတ်တရားခံအား အတင်း အဓမ္မခေါ်ဆောင် သွားရဲသေးသည်။

ဤသည်ကပင် ဘုရင့်မိသားစုဝင်များသည် တော်ဝင်အကြံပေးအား သဘောမကျရသည့် အကြောင်းအရင်း ဖြစ်၏။ တော်ဝင်အကြံပေး၏ အာဏာစက်သည် ကြီးမား ကျယ်ပြန့်လှပြီး တော်ဝင်မိသားစုဝင်များကို ဖိနှိပ်ထား နိုင်လေသည်။

သို့သော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ မင်းသားကြီး အိမ်တော်က မည်သည့်အမြင်ကိုမှ ဖော်ပြမည် မဟုတ်ပေ။ မင်းသားကြီးသည် လွန်ခဲ့သည့် နှစ်အနည်းငယ် ကတည်းက တိုင်းပြည်ရေးရာ ကိစ္စများ၌ ဝင်မပါတော့ပေ။ ကောလာဟလများကတော့ မင်းသားကြီးသည် တိုင်းရေးပြည်ရေးများကို စိတ်မဝင်စားတော့ဘဲ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်တော့သည်ဟူ၏။‌

မြေပြင်မှ ထလာသည့် လီစု၏ ပါးစပ်ထောင့်တွင်ကား သွေးစများ ကျန်ရှိနေဆဲ။ ရှန့်ထိုအဆင့်တန်ခိုးရှင် ဖြစ်သည့်တိုင် ယခုအချိန်၌ သူသည် ခံစားချက်များကို မထိန်းချုပ်နိုင်ပေ။ သူ့စိတ်ထဲတွင် မုန်းတီးခြင်းများဖြင့် ပြည့်နှက်နေ၏။ သူ့ညီ လီကျွမ်းမှာ အသတ်ခံခဲ့ရသလို တစ်ဖက်လူများသည် အိမ်တော်ထဲ ကျူးကျော်ဝင်လာပြီး သူ့ကိုပါ ဒဏ်ရာ ရစေခဲ့သည်။ သူတို့က ရီဖူရှင်းကို ပြန်ခေါ်သွားရာတွင် သိဒ္ဓိဝင်ရတနာဖြစ်သော ရွှေစေတီကိုပင် ဖျက်ဆီး သွားခဲ့ကြသေးသည်။

ထိုအရာများမှာ ရန်ယွင် ယနေ့ လုပ်ဆောင်ခဲ့သည်များ ဖြစ်၏။

လီကျင့်က ဘာမှမပြောဘဲ တစ်ဖက်သို့ လှည့်ကာ လမ်းလျှောက် ထွက်သွားခဲ့သည်။

အတန်ကြာလျှင် လီကျင့်သည် အခြား အိမ်တော်ဝင်း တစ်ခုအတွင်းသို့ ရောက်လာ၏။ မြေပြင်တွင် တိတ်ဆိတ်စွာ ထိုင်နေသည့် အသက်အရွယ် ကြီးရင့်နေသော သူတစ်ဦးသည် လီကျင့်ကို နောက်ကျောပေးလျက် မျက်လုံးအားပိတ်ကာ တရားထိုင်နေသည်။ ထိုလူကြီးထံမှ အရှိန်အဝါများ အနည်းငယ်မျှပင် မခံစားရပေ။ သူသည်ကား တစ်ချိန်က တိုင်းပြည်၏ အမြင့်ဆုံးနေရာ၌ အာဏာစက် ပြင်းခဲ့သော မင်းသားကြီးနှင့် လားလားမျှပင် မတူတော့။

“အဖေ …” လီကျင့်က ခေါ်လိုက်သည်။ သူ့သား လီကျွမ်းမှာ အသတ်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့သည့် လီစုသည်လည်း သူ၏သားပင် ဖြစ်သည်။

မင်းသားကြီးမှာ သူ့ကို ကျောခိုင်းကာ ထိုင်နေဆဲပင် ဖြစ်၏။ သူ၏ တည်ငြိမ်ခြင်းအား မည်သည့်အရာကမှ နှောင့်ယှက်နိုင်ခြင်း မရှိသလို ထင်မြင်ရ၏။ မင်းသားကြီးက ပြောသည်  ... “ရှုံးတာက ရှုံးတာပဲ။ မင်း ရှုံးသွားပြီ ဆိုမှတော့ ပြန်ပေးဆပ် ရမှာပေါ့။ လီစုနဲ့ လီကျွမ်းက သူတို့ရဲ့အလုပ်ကို မပြီးမြောက်ခဲ့တဲ့အပြင် သက်သေတွေတောင်မှ ချန်ထားခဲ့သေးတယ်။ ဒီအတွက် သူတို့က အကျိုးဆက်ကို ပြန်ခံရတာပဲ”

မင်းသားကြီး၏ မျက်လုံးထဲတွင် အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းမှ လွဲ၍ အမှားအမှန် ဟူသည် မရှိပေ။

လီစုနှင့် လီကျွမ်းတို့သည် တော်ဝင်အကြံပေး၏ တပည့်ကို သတ်ရန် ကြံစည်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြပေ။ သူတို့သည် သားကောင်၏ပြန်လည် သတ်ဖြတ်ခြင်းကို ခံရသည့်အပြင် သက်သေများပင် ကျန်ရစ်ခဲ့၏။

မင်းသားကြီး အိမ်တော်နှင့် အကြံပေးအမတ် အိမ်တော်တို့သည် အင်ပါယာလီကို ခစားကြသည်။ ထိပ်တိုက် ရင်ဆိုင်မှုများမှာ ကစားပွဲများနှင့် ဆင်ဆင်တူ၏။ နှစ်ဖက်လုံးသည် စည်းမျဉ်းများအတိုင်း ကစားကြရ၏။ လီကျွမ်း၏ လုပ်ရပ်သည် စည်းမျဉ်း စည်းဘောင်ကို ကျော်လွန် သွားခဲ့၍သာ အချည်းနှီး သေခဲ့ရခြင်း ဖြစ်သည်။

သည်ကိစ္စသည်သာ အင်ပါလာလီ၏ မျက်မှောက်သို့ ရောက်ရှိသွားပါက မင်းသားကြီး အိမ်တော်မှာ ကြီးစွာ မျက်နှာပျက် အရှက်ရစရာ ကောင်းပေလိမ့်မည်။

ရန်ယွင်က မင်းသားကြီး အိမ်တော်သို့ လာရောက်၍ မောက်မာစွာဖြင့် အကျဉ်းသားကို ခေါ်ထုတ် သွားရဲခြင်းမှာ  သူ့တွင် ခိုင်လုံသော အကြောင်းပြချက် ရှိသောကြောင့် ဖြစ်၏။ နန်းတွင်းအကြံပေး အိမ်တော်က သည်ကိစ္စတွင် နောက်ဆက်တွဲ ဆိုးကျိုးအား ဂရုစိုက်စရာ မလိုပေ။

လီကျင့်က ထိုအချက်ကို နားလည်သည်။ သို့သော် သေဆုံးသွားသူမှာ သူ၏သား ဖြစ်ရာ သူ့အနေဖြင့် မည်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။

“အဖေက နှစ်ပေါင်းများစွာ တိုင်းရေးပြည်ရေးမှာ မပါဝင်ခဲ့ဘူး။ ဒါပေမဲ့ အခု ဒီကိစ္စဖြစ်လာတော့ မင်းသားကြီး အိမ်တော်ကို ဘယ်လိုမြင်ကြမလဲ” လီကျင့်က မေးလိုက်သည်။ သူသည်ပင် သူ့အဖေ၏ အတွေးများကို နားမလည်နိုင်ချေ။

“လောကကြီးရဲ့ အမြင်က မင်းသားကြီး အိမ်တော်ကို ဘာလုပ်နိုင်မှာ မို့လို့လဲ” အဘိုးအို၏ အသံမှာ တည်ငြိမ်နေ၏။ သူ့ပုံစံသည် ဘဝတစ်လျှောက်လုံး၌ လောကဓံ အတွေ့အကြုံများဖြင့် ပြည့်ဝနေသည့်အလား ထင်မှတ်ရပေသည်။

“လီကျင့်  ... မင်းမှတ်ထားရမှာက မင်းသားကြီး အိမ်တော်ရော တော်ဝင်အကြံပေး အိမ်တော်ပါ အင်ပါယာကို ခစားကြရတယ်။ ငါ့ရဲ့ ရာထူး အဆင့်အတန်းက ဘာလဲ။ ပြီးတော့ တော်ဝင်အကြံပေးရဲ့ ရာထူး အဆင့်အတန်းက ဘာလဲ။ ဒီနေ့မှာ တော်ဝင် အကြံပေးက အရှင်မင်းကြီးအတွက် ပိုပြီး အသုံးဝင်တယ်။ ဒါကြောင့် စည်းမျဉ်းတွေကို ချိုးဖောက်တဲ့သူ ဘယ်သူမဆို အရှင်မင်းကြီးကို အပြစ်လုပ်မိတာပဲ။ နားလည်လား”

ထိုစကားကို ကြားလိုက်လျှင် လီကျင့်၏ နှလုံးသားမှာ တုန်ယင်သွားကာ သူ့အဖေကို ကြည့်လိုက်မိသည်။ သူ့အရှေ့မှ အဘိုးအိုမှာ လူတိုင်းထက် အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိမြင်နေ၏။

နောက်ပိုင်း ကာလများ၌ သူသည် တိုင်းပြည်အရေး ကိစ္စများတွင် ဝင်မပါတော့သလို တခြားလူများနှင့်လည်း အငြင်းပွား မတိုက်ခိုက်တော့ပေ။ လူအများ တွေးထင်ကြသည်ကား သူသည် တံခါးပိတ် လေ့ကျင့်ရန်ကိုသာ ရွေးချယ် ထားတော့သည် ဟူ၏။

သို့သော်လည်း အမှန်တကယ်အားဖြင့် သူက အရာရာကို ကြိုမြင်ပြီးသား ဖြစ်၏။ မင်းသားကြီးဖြစ်စေ တော်ဝင် အကြံပေးဖြစ်စေ သူတို့အားလုံးသည် အင်ပါယာ၏ နယ်ရုပ်များသာ ဖြစ်သည်။

“မှတ်ထား  ... တချို့အရာတွေက မင်းတိုက်ခိုက်နေရုံနဲ့ လွယ်လွယ် ရနိုင်တာ မဟုတ်ဘူး။ ကလေးတွေက ငါ့ထက် သူတို့ ပိုထက်တယ်လို့ ထင်ကြတယ်။ ဒီအတွက် ငါက သူတို့ကို သတိပေးဖို့  လိုသလား” မင်းသားကြီးက ဆက်ပြောလိုက်သည်။ သူ၏သွေးအေးမှုကား ထိတ်လန့် တုန်လှုပ်စရာ ကောင်းသည်ထက် ပို၏။ သူ၏ မြေးတော် သေဆုံးသွားသည့်တိုင် သူသည် ဒေါသထွက်သည့် အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။

“တစ်နေ့မှာ ငါက ထပ်ပြီး အသုံးဝင်လာပြီလို့ အရှင်မင်းကြီး ထင်တဲ့အခါ ငါဟာ တစ်ဖန် ပြန်ထွက်လာခဲ့မယ်” မင်းသားကြီးက ဆက်ပြောလိုက်သည် ... “နားလည်သလား”

လီကျင့် တိတ်တခိုး သက်ပြင်း ချလိုက်မိ၏။ သူ့အဖေသည် သွေးအေး ရက်စက်သော်လည်း လက်တွေ့ကျလွန်း ပေသည်။

“ပြန်သွားတော့” လီကျင့် ဘာမှ မတုံ့ပြန်သည်ကို ကြည့်သာ အဘိုးအိုက အသာအယာ ပြောလိုက်သည်။ လီကျင့် ထိုနေရာမှ ပြန်လှည့်ထွက် လာခဲ့တော့သည်။

သူထွက်သွားပြီး နောက်တွင် မင်းသားကြီးက မျက်လုံးများအား ဖွင့်လိုက်သည်။ သူ၏ မျက်လုံးများက အလွန်တရာ ထက်ရှနေ၏။

တော်ဝင်အကြံပေး ကဲ့သို့သော အဆင့်မှ လူမျိုးနှင့် ကစားပွဲတစ်ပွဲ ကစားသည့်အခါတွင် တစ်ဖက်နှင့်တစ်ဖက် ဖိအားပေးသည့် ပြဿနာမျိုး မဟုတ်ဘဲ ဘယ်သူက ဦးဆုံး ခြေလှမ်းမှားမလဲ ဟူသည့်အချက်က အရေးကြီး၏။

လီကျွမ်းသည် မိုက်မဲစွာဖြင့် မှားယွင်းသော ခြေလှမ်းကို ရွှေ့လိုက်မိ၏။ ထို့ကြောင့်ပင် သူ၏အဆုံးသတ်က သေခြင်းတရား ဖြစ်သွားရသည်။

***

ရန်ယွင်တို့သည် မင်းသားကြီး အိမ်တော်မှ ထွက်လာကာ လေထဲမှ ပျံသန်း လာခဲ့ကြသည်။ နန်ကျိုင်းက ရီဖူရှင်းကို မေးလိုက်သည်  ... “မင်း ဒဏ်ရာတွေ ဘယ်လိုနေလဲ”

“အဆင်ပြေပါတယ်” ရီဖူရှင်း ပြန်ဖြေလိုက်သည်။

သူ၏ ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းမှုသည်  ရှန့်ထိုအဆင့်နီးနီး ရှိမနေခဲ့ပါက သူသည် မသန်စွမ်းပင် ဖြစ်သွားနိုင်လေသည်။

“ကောင်းတယ်” နန်ကျိုင်း ခေါင်းညိတ်လိုက်၏။

“စီနီယာအစ်ကိုကြီး  ... ကျွန်တော် လီကျွမ်းကို သတ်ခဲ့တယ်။ ဒီအတွက် အကြံပေး အမတ်အိမ်တော်ကို ထိခိုက်စေမှာလား” ရီဖူရှင်းက မေးလိုက်သည်။

“စိတ်မပူနဲ့  ... မင်း သတ်ခဲ့တာ လီကျွမ်းဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် တော်ဝင်အကြံပေး အိမ်တော်ကို ဘာအကျိုး သက်ရောက်မှု မရှိနိုင်ဘူး” ရန်ယွင်က ပြန်ဖြေလိုက်၏။

ရီဖူရှင်းက ရန်ယွင်ကို နားမလည်စွာဖြင့် ကြည့်လိုက်သည်။

“မင်းသားကြီးက တိုင်းပြည် ပြဿနာရပ်တွေနဲ့ အဝေးမှာ နေခဲ့တာ တစ်ကိုယ်တည်း အေးဆေး နေချင်လို့ ဆိုပြီးတော့ လူတွေက ပြောကြတယ်။ ဒါပေမဲ့ တစ်ချိန်က စွမ်းအားကြီး မင်းသားတစ်ပါးဟာ လူတွေ ထင်ထားတာထက် ပိုဉာဏ်ကောင်းတယ်။ လီကျွမ်းက စည်းကျော်ပြီး ခြေလှမ်း မှားခဲ့တယ်။ အဲဒါကြောင့် သူ့ရဲ့ သေခြင်းက သိပ်အရေးမပါဘူး” ရန်ယွင်က ဆက်၍ ပြောလိုက်သည် ... “သူက ကိစ္စရပ်တွေကို သူကိုယ်တိုင် ပြောင်းလဲနိုင်မယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့ ငါတို့ဆရာနဲ့ မင်းသားကြီး အကြားက တချို့အရာတွေဟာ ငါတို့လို လူငယ်မျိုးဆက်တွေ ဝင်စွက်ဖက်နိုင်တာမျိုး မဟုတ်ဘူး။ သူက ကိုယ့်ကိုယ်ကိုယ် သိမြင်နားလည်စွမ်း နည်းတယ်”

ရီဖူရှင်းက သိပ်နားမလည်သော်လည်း ခေါင်းညိတ် လိုက်သည်။ ရန်ယွင်က သူ့ကို လှည့်၍ ကြည့်လိုက်သည် ... “လီကျွမ်းက သူ့ကိုယ်သူ တစ်စုံတစ်ခုအတွက် တိုက်ခိုက် နေတယ်လို့ ထင်တယ်။ ဒါပေမဲ့ ညီငယ်လေး  ... မင်း မှတ်ထား  ... ဒီလောကကြီးမှာ အကောင်းဆုံးသော တိုက်ခိုက်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် သန်မာအောင် ကျင့်ကြံတာပဲ”

ရီဖူရှင်း ရန်ယွင်ကို ကြည့်လိုက်ပြီး ထိုအခိုက်အတန့်တွင် လွန်ခဲ့သော နှစ်များစွာက အချိန်များသို့ နောက်ပြန်ရောက် သွားသလို ထင်မှတ် လိုက်မိသည်။

ကော့တေးတွင် သူ၏အစ်ကို၃က တစ်ခါ ပြောဖူးသည်။ လောကတွင် အမှန်တရားသည် အင်အား ကြီးမား၏။ အကယ်၍ အမှန်တရားထက် အင်အား ကြီးမားသည့်အရာကို ပြပါဆိုလျှင် လက်သီးသည်သာ ဖြစ်ပေသည်။

တန်ခိုးရှင်လောကတွင် အကောင်းဆုံးသော တိုက်ခိုက်ခြင်းမှာ တန်ခိုးကျင့်ခြင်းပင် ဖြစ်၏။

ဒီကောက်ချက် နှစ်ခုမှာ အဓိပ္ပာယ် အတူတူပင် ဖြစ်သည်။

ထို့ကြောင့် တော်ဝင် အကြံပေး၏ တပည့်များမှာ လောကနှင့် အဆက်မစပ် မလုပ်ဘဲ ငြိမ်းချမ်းစွာ ကျင့်ကြံကြခြင်း ဖြစ်မည်။

သူတို့သည် လီကျွမ်းကဲ့သို့ နေရာအနှံ့ ခုန်ဆင်းခုန်တက် လမ်းသလား မနေကြပေ။

သူတို့အကြား သိမြင် နားလည်ခြင်းများကား ဆီနှင့်ရေပမာ ကွာခြားပေသည်။

ရန်ယွင်က ရီဖူရှင်းကို မင်းသားကြီး အိမ်တော်မှ ပြန်ခေါ်လာသည့် သတင်းမှာ လူအများကြားတွင် အလျင်အမြန်ပင် ပျံ့နှံ့သွားကာ ကြီးမားသော ရိုက်ခတ်မှုများ ဖြစ်လာခဲ့သည်။ သူကား မင်းသားကြီး အိမ်တော်ကိုပင် ကျူးကျော် ဝင်ရောက်ကာ သတ္တမဓားကို ပြန်ခေါ်သွားသည့် ပုံစံက တာလီနန်းတွင်း အကြံပေး၏ အကြီးဆုံး တပည့်ပီသပေသည်။ ပြန်လည် မွေးဖွားခြင်း အဆင့်အောက်တွင် သူကား နှစ်ယောက် မရှိပါပေ။

ရန်ယွင်နှင့် သူ၏ လူများ တာလီကျောင်းတော်သို့ ပြန်ရောက်လာသည်။ တာလီ ကျောင်းတော်မှ လူများမှာ စိတ်လှုပ်ရှား နေကြသော်လည်း သိပ်တော့လည်း မအံ့ဩကြပေ။

စီနီယာအစ်ကိုကြီးက သူကိုယ်တိုင် သွားမှတော့ သူတို့၏ လူကို ကျိန်းသေ ပြန်ခေါ်လာနိုင်မည်ကို သူတို့အားလုံး သိပြီးသား ဖြစ်သည်။

တာလီ ကျောင်းတော်သည် တော်ဝင်အကြံပေး တည်ထားသော ကျောင်းတော်ဖြစ်ပြီး ရန်ယွင်ကား တာလီကျောင်းတော်၏ စီမံခန့်ခွဲသူတစ်ယောက် ဖြစ်ကာ သူတို့၏ နှလုံးသား အောက်ခြေမှတိုင် လေးစားရသူ ဖြစ်လေသည်။

“သတ္တမဓား…” ရီဖူရှင်း အန္တရာယ်ကင်းကင်း ပြန်လာသည်ကို မြင်လျှင် လီယောင်က လှမ်းခေါ်လိုက်သည်။

“ကျုပ်အတွက်နဲ့ အရှင့်သား ပြဿနာ များသွားရပြီ။ ကျေးဇူးတင်ပါတယ်” ရီဖူရှင်း ပေါ့ပါးစွာဖြင့် အရိုအသေ ပြုလိုက်သည်။

လီယောင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည် ... “မင်း အန္တရာယ် ကင်းကင်း ပြန်လာဖို့က အရေးကြီးဆုံးပါပဲ။ မင်း လီကျွမ်းကို သတ်လိုက်တာက တော်တော်လေး စိတ်လိုက်မာန်ပါ ဖြစ်လွန်းတယ်”

လီကျွမ်းသည်ကား တော်ဝင်မျိုးဆက် ဖြစ်သည်။ အကယ်၍ မင်းသားကြီး အိမ်တော်မှ လူများသာ ဒေါသထွက်ပြီး ရီဖူရှင်းကို သတ်ဖြတ်လိုက်ပါက အရာရာ နောက်ကျ သွားပေလိမ့်မည်။

“အရှင့်သား  ... တကယ်လို့ ကျုပ်သာ လီကျွမ်းကို ဓားစာခံမလုပ်ခဲ့ရင် ကျုပ်က သေပြီး နေလောက်ပြီ။ တစ်စုံတစ်ယောက် သေဖို့ ကံပါလာမှတော့ အဲဒီနည်းလမ်း တစ်ခုပဲ ရှိတော့တယ်” ရီဖူရှင်း ပြန်ပြောလိုက်သည်။

လီယောင်က ထိုကိစ္စကို ထပ်မပြောတော့ဘဲ နှုတ်ဆက်လိုက်သည်  ... “မင်း အန္တရာယ်ကင်းကင်း ပြန်ရောက်လာပြီ ဆိုတော့ ကျုပ်လည်း ပြန်သင့်ပြီ”

ပြောပြီးသည်နှင့် သူက ရန်ယွင်နှင့် အခြားသူများကို အရိုအသေ ပေးလိုက်ပြီး ပြောသည် … “စီနီယာအစ်ကို  ... ကျွန်တော် အခု ပြန်တော့မယ်”

“အရှင့်သား အန္တရာယ် ကင်းကင်း ပြန်ပါ” ရန်ယွင်က ပြောလိုက်သည်။

“ညီငယ်  ... မင်းလည်း ဒဏ်ရာရလာတာ ဆိုတော့ စောစော အနားယူသင့်တယ်” ရန်ယွင်က ရီဖူရှင်းကို ပြောလိုက်သည်။

“ဟုတ်ကဲ့  ... စီနီယာအစ်ကို” ရီဖူရှင်းက ခေါင်းညိတ်ကာ လှည့်ထွက် သွားသည်။

“ကျွန်တော်လည်း သွားတော့မယ်” သူ့ဘေးနားမှ လုချွန်က ပြောလိုက်သည်။ သူက ရီဖူရှင်းနှင့်အတူ ဘေးချင်း ယှဉ်လျှောက်လာသည် ... “မင်းလုပ်ခဲ့တာ တော်တော်လေး အန္တရာယ်များတယ်”

“ဆရာနဲ့ စီနီယာအစ်ကိုကြီး ရှိနေမှတော့ ကျွန်တော်က ဘာကြောက်နေစရာ လိုဦးမလဲ” ရီဖူရှင်းက ရယ်ရင်း ပြောလိုက်၏။

“မင်းက နည်းနည်းလေးမှ မနှိမ့်ချတတ်ဘူးပဲ” လုချွန်က ပြုံးလိုက်ကာ ပြောသည်… “ဒါပေမဲ့ မင်းလည်း မမှားပါဘူး။ မင်း ဘာပဲလုပ်လုပ် မင်းအစ်ကိုတွေက မင်းနဲ့အတူ ရှိနေမှာပဲလေ”

“ကျွန်တော် အမှား တစ်ခုခု လုပ်ခဲ့ရင်ရော” ရီဖူရှင်းက ပြောလိုက်သည်။

“ဆရာ့ကို သစ္စာဖောက်တာကလွဲရင် ကျန်တာက ဘာအရေးကြီးတဲ့ အမှား ဖြစ်မှာလဲ။ ဆရာ မင်းကို တပည့်အဖြစ် လက်ခံတဲ့နေ့တုန်းက အတိုင်းပဲလေ”

ရီဖူရှင်း ငြိမ်သက် တိတ်ဆတ်သွားကာ စိတ်ထဲ အတွေးများ နေသည်။

“အစ်ကို၄နဲ့ ပတ်သက်ပြီး တစ်ခုခုများ သိထားတာရှိလား” လုချွန်က ရုတ်တရက် မေးလိုက်သည်။

“အစ်ကို၄က ဘာဖြစ်လို့လဲ” ရီဖူရှင်းက မေးလိုက်သည်။ သူက အစ်ကို၄ဖြစ်သော ဝမ်ကျုံးနှင့် ပတ်သက်ပြီး ယခင်ကတည်းက စိတ်ဝင်စားခဲ့၏။

“ဆရာက အသေခံစစ်သည်တွေ ဖန်တီးနိုင်တဲ့ စွမ်းရည် ရှိတယ်။ အစ်ကို၄ရဲ့အဖေက အသေခံစစ်သည်ပဲ။ ပြီးတော့ သူက လွန်ခဲ့တဲ့နှစ် အတော်ကြာက သေသွားပြီ။ အစ်ကို၄က ဆရာ့ကို အမြဲလိုလို မုန်းနေပေမဲ့ ဆရာက သူ့ရဲ့ ပညာအမွေဆက်ခံမယ့် တပည့်အဖြစ် လက်ခံထားတုန်းပဲ” လုချွန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်… “ဆရာက အဲဒီလိုပဲ။ သူက ဘာမှ ဂရုမစိုက်ဘူး။ တစ်နေ့မှာ အစ်ကို၄က ဆရာ့ကို လက်တုံ့ပြန်မယ် ဆိုရင်တောင် ဆရာက မပြောင်းလဲဘဲ ရှိနေဦးမှာပဲ”

“တစ်နေ့မှာ အဲဒီလို ဖြစ်လာခဲ့မယ်ဆိုရင် ငါနဲ့ တခြား ညီအစ်ကိုတွေဟာ ဆရာ သဘောမကျတဲ့ အလုပ်ကို လုပ်ကြရလိမ့်မယ်”

ရီဖူရှင်း အနည်းငယ် အံ့အားသင့် သွားသည်။ ဝမ်ကျုံးတွင် ထိုကဲ့သို့ ဇာတ်ကြောင်း ရှိနေမည်ကို သူ ထင်မထားခဲ့ပေ။ သူက ဘေးမှာ ရှိနေသည့် လုချွန်ကို ကြည့်လိုက်သည် ... “အစ်ကို၄ အဲဒီလို လုပ်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်”

***

All Chapters