အခန်း (၇၇)
Vol. 6 Ch. 77
သူ၏ပင်မတံခါးက စတင်နွေးထွေးလာပြီး သူ၏စိတ်ဝိညာဉ်ကလည်း ပင့်ကူအိမ်တစ်ခုကဲ့သို့ စတင်ထွက်ပေါ်လာခဲ့သည်။ သူ၏အာရုံကတော့ တိုက်ပွဲကိုသာ အာရုံစိုက်နေခဲ့၏။
သူက ကမ္ဘာကြီးတစ်ခုလုံးနှင့် ပေါင်းစပ်သွားသလို ခံစားလိုက်ရသည်။ ဓားကွက်များ ပြောင်းလဲပြီး ဓားများ အချင်းချင်း ထိခိုက်နေသည့်အသံကလွဲလျှင် မည်သည့်အရာမျှ မရှိတော့ချေ။ သို့သော် သူကတော့ (၁၀၀)ရာခိုင်နှုန်း အာရုံစိုက်နိုင်ခြင်း မဟုတ်ဘဲ အကြောင်းအရာတစ်ခုတည်းကိုသာ စိုးရိမ်နေခြင်းဖြစ်သည်။
ထို့ကြောင့် သွမ့်မင်းရှန်က အခေါင်းဆီသို့ ပြေးသွားခဲ့သည့်အချိန်တွင် သူ၏ ရင်ထဲမှနေ၍ ဒေါသများ ထွက်ပေါ်လာပြီး မကောင်းဆိုးဝါးဆန်သည့် စိတ်ဓာတ်များ ထွက်ပေါ်လာခဲ့သည်။ သူက လှုပ်ရှားသွားသော ခံစားချက်များကို မထိန်းနိုင်တော့ပဲ ကျယ်လောင်စွာ အော်ပြောလိုက်မိခြင်း ဖြစ်၏။
ထိုအချိန်တွင် ပင့်ကူမျှင်များကဲ့သို့ ဖြာထွက်နေသော သူ၏စိတ်ဝိညာဉ်က မုန့်ချီဆီမှ အာရုံလွတ်သွားခဲ့သည်။ သူက အရူးတစ်ယောက်ကဲ့သို့ သွမ့်ရှန်ဖေးကိုသာ ဓားနှင့် လှမ်းခုတ်လိုက်၏။
ရုတ်တရက်ဆိုသလို သူ၏မျက်လုံးထဲ၌ အလွန်တောက်ပသော ဓားအလင်းရောင်တစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက ညအချိန်တွင် မီးလုံးတစ်ထောင်ခန့် တစ်ပြိုင်နက်တည်း လင်းလာသလို ခံစားမှုမျိုးဖြစ်ပြီး ကြယ်များ မိုးရွာသကဲ့သို့ ကျဆင်းလာသလိုမျိုး ဖြစ်သည်။
ထိုဓားအလင်းရောင်က မြေကြီးကဲ့သို့ ထင်မှတ်ရပြီး သွေးသံရဲရဲ မထင်ရပေ။ ထိုအရာက သီးသန့်ဆန်သော ကမ္ဘာကြီးတစ်ခုလုံး၏ ခုတ်ချက်ဟု ထင်မှတ်ရသည်။ ဓားအလင်းရောင်က နွေးထွေးမှုနှင့် စည်ကားမှုကို ကိုယ်စားပြုနေသည့်အတွက် ကွေရှုက အတိတ်ကို ချက်ချင်း ပြန်လည်သတိရသွားခဲ့သည်။
သူက ကလေးဘဝတွင် ကစားဖော်များနှင့် အပြစ်ကင်းစင်စွာ ကြီးပြင်းလာခဲ့ရသည်။ မီးပုံးလွှတ်ပွဲ ညရောက်သည့်အချိန်တွင် သူတို့က ဖယောင်းတိုင်အနီလေးကို မီးထွန်းပြီး အတူတကွ ဖြတ်သန်းခဲ့ကြရ၏။ နောက်တစ်နေ့မနက် နိုးလာသည့်အချိန်တွင် အကြီးအကဲများကို အရိုအသေပေးပြီး အနီရောင်ဝတ်စုံကို ဝတ်၍ လက်ထပ်ပွဲကို ကျင်းပခဲ့ကြသည်။
အလွန်အံ့ဩစရာကောင်းသော မှတ်ဉာဏ်များက သူ၏ ငြိမ်းချမ်းမှုကို နှောင့်ယှက်သွားခဲ့သည်။ သူကတော့ သူ၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့သလို မျက်ခုံးကြားပင်မတံခါးကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။
ကွေရှု၏မှတ်ဉာဏ်များအားလုံးက အလွန်အံ့ဩစရာကောင်းနေသော်လည်း တစ်ချိန်တည်းတွင် နာကျင်မှုများ ရှိနေခဲ့သည်။ အကယ်၍ သူ့ကိုသာ နောက်တစ်ကြိမ် ရွေးချယ်ခိုင်းမည်ဆိုလျှင် သူက တစ်ဘဝလုံးကို ပေးဆပ်၍ အရာအားလုံးကို စွန့်လွှတ်ပစ်နိုင်သည်။
ထိုအချိန်တွင် သူ၏အတိတ်ကို သယ်ဆောင်ထားသော ဓားအလင်းရောင်က သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ပိုင်းဖြတ်သွားခဲ့သည်။ ထိုဓားချက်က လျှို့ဝှက်ဆန်းကြယ်လွန်းလှပြီး ခန့်မှန်း၍လည်း မရနိုင်ပေ။ သူက တားဆီး၍လည်း မရနိုင်ချေ။
ကွေရှုက မျက်မှောင်ကြုတ်လိုက်မိပြီး ထိုအရာကို နားလည်သွားသည့် အချိန်တွင်တော့ ရင်ဆိုင်ရန် ခက်ခဲသွားသည်။ သူ၏ တိတ်ဆိတ်ငြိမ်သက်မှုကို နှောင့်ယှက်နေသော အသံက အစစ်အမှန်လား ပုံရိပ်ယောင်လားဆိုတာ သူကိုယ်တိုင်လည်း မပြောနိုင်ခဲ့ပေ။
သူကတော့ နီလာအခေါင်းကို လှမ်းကြည့်လိုက်သည့်အချိန်တွင် အလွန်လှပသော မိန်းမပျိုလေး၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူက ပြန်ပြုံးပြလိုက်ပြီး သူ့ဆီသို့ တည့်တည့်ရောက်လာနေသော ဓားချက်ကို လုံးဝ ရှောင်တိမ်းခဲ့ခြင်းမရှိချေ။
ထိုခဏတွင် သူက သေခြင်းတရားကို မကြောက်တော့ဘဲ သေခြင်းတရားကို ရင်ဆိုင်ချင်နေပုံရသည်။ ထိုသို့ လုပ်ဆောင်လိုက်ခြင်းက ပြိုင်ဘက်ကို နောက်ဆုတ်သွားအောင် တွန်းအားပေးခြင်းလည်း ဖြစ်နိုင်၏။
ကျန်းကျိဝေက ချန်းရုံ၏တိုက်ခိုက်မှုကို ခံခဲ့ရသည့် အချိန်တွင် ထိုကဲ့သို့ မြင်ကွင်းမျိုး ဖြစ်သည်။ သူမက တူညီသောရွေးချယ်မှုကို လုပ်ဆောင်ခဲ့၏။ ကွေရှုကတော့ သိုင်းသခင်တစ်ယောက်ဟူသော အဆင့်အတန်း ရှိသည်။ သူက ရာသီခွင်နတ်ဘုရား(၁၂)ယောက်၏ ခေါင်းဆောင်လည်းဖြစ်၏။
ဓားအလင်းရောင် တောက်ပလာသည့်အချိန်တွင် တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်နှင့်အတူ နာကျင်မှုတစ်ခုလည်း ကျရောက်လာခဲ့သည်။ မုန့်ချီကတော့ အံကြိတ်လိုက်ပြီး ကွေရှု၏ဓားကို ရှောင်တိမ်းခဲ့ခြင်း မရှိသလို သူ့ဓားကိုလည်း ရုတ်သိမ်းခဲ့ခြင်းလည်း မရှိချေ။
မည်သူက သေမှာကို ကြောက်လန့်နေမည်နည်း။ သူကတော့ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို အားကိုးနိုင်ပြီး သံသရာ အရှင်သခင်လည်း ရှိနေသေးသည်။ သူကသာ ချက်ချင်းမသေသရွေ့ မည်သည့်အရာကို ကြောက်လန့်နေရဦးမည်နည်း။
အလင်းရောင်များ ပျောက်ကွယ်သွားသည့်အချိန်တွင် အရာအားလုံး ပြန်ပေါ်လာခဲ့သည်။ မုန့်ချီနှင့် ကွေရှုတို့က နှစ်ယောက်စလုံး နောက်ကို ပြန်ဆုတ်သွားခဲ့ကြ၏။
တစ်ယောက်ကတော့ ညာလက် အဖြတ်ခံလိုက်ရပြီး အဆုတ်ကို ဓားနှင့်ထိုးလိုက်မိသည့်အတွက် ချောင်းဆိုးလိုက်သည့် အချိန်တိုင်း သွေးများပါလာခဲ့၏။ တခြားတစ်ယောက်ကတော့ ဗိုက်နှင့် အစာအိမ်တွင် အလွန်နက်ရှိုင်းသော ဓားရာကြီးတစ်ခုရှိနေပြီး နှလုံးနှင့် ကျောရိုးမကြီးကိုပင် မြင်နေရသည်။
"တော်တော်ကို ထူးခြားတဲ့ ဓားပညာပဲ..."
ကွေရှုက အက်ရှရှလေသံနှင့် ပြောလိုက်ပြီး စကားမဆုံးခင် မြေပေါ်သို့ လဲကျသွားခဲ့သည်။သူ၏ မျက်လုံးထဲတွင် အလင်းရောင်များ မှိန်ဖျော့သွားသော်လည်း နီလာ အခေါင်းလေးကို စိုက်ကြည့်နေသေး၏။
နောက်ဆုံးဓားချက်ကို မြင်လိုက်ရသည့်အချိန်တွင် သွမ့်ရှန်ဖေးက အခေါင်း၏ ရှေ့၌ ရပ်လိုက်သည်။ သူက မုန့်ချီကို တစ္ဆေသရဲတစ်ကောင်ကဲ့သို့ ကြည့်နေမိခဲ့၏။ သူက ပင့်သက်ရှိုက်ပြီး ပြောလိုက်သည်။
"ငါက မင်းနဲ့ မတိုက်ခိုက်ခဲ့တာ ကံကောင်းသွားတယ်။ ဒီဓားသိုင်းက တကယ့်ကို နတ်ဘုရားလိုလိုပဲ။ အဲဒါက နှင်းနတ်ဘုရားနန်းတော်ရဲ့ ထိပ်တန်းသိုင်းပညာတိုင်းကိုတောင် အနိုင်ရနိုင်တယ်…"
သူက ဤကမ္ဘာကြီးအကြောင်းကို သေချာမသိသော်လည်း ကမ္ဘာကြီးတစ်ခုလုံး၏ ပြောင်းလဲမှုများကို ခံစားမိခဲ့သည်။ သူကိုယ်တိုင်က ထိုကမ္ဘာကြီး၏ အစိတ်အပိုင်း တစ်ခုကဲ့သို့ ခံစားလိုက်ရ၏။ ထိုဓားသွားထဲတွင် နည်းလမ်းများ ၊ အနှစ်သာရများ ပါဝင်နေပြီး တခြားသိုင်းပညာများတွင် မရှိသော အရာအားလုံး ရှိနေခဲ့သည်။
မုန့်ချီက သူ၏ဗိုက်မှနေ၍ ဓားကို ဆွဲထုတ်ရဲခြင်း မရှိပေ။ သွေးများ ဆက်လက်စီးကျမလာစေရန်သာ သွေးကြောများကို ပိတ်လိုက်သည်။ ထိုအချိန်တွင် သွမ့်ရှန်ဖေး၏ နောက်မှနေ၍ ရေခဲလှိုင်းများ အေးခဲလာသည်ကို တွေ့လိုက်ရ၏။
"ရာသီခွင်ကြွက်ကို သတ်ဖြတ်ခြင်းအတွက် ကံကြမ္မာအမှတ်(၆၀)ရတယ်။ ရာသီခွင်နဂါးကို သတ်ဖြတ်ခြင်းအတွက် ကံကြမ္မာအမှတ်(၁၂၀)ရတယ်။ ဒုတိယတာဝန်ကို ပြီးဆုံးပြီး တိုက်ပွဲကို အနိုင်ရခဲ့တဲ့အတွက် ပြန်လာလို့ရပြီ…"
သူက သွမ့်ရှန်ဖေးကိုကြည့်ပြီး ပြုံးလိုက်သည်။
"အဘိုးကြီးသွမ့်...
အဲဒီအချိန်တုန်းက ပြောင်းလဲမှုကျင့်စဉ်က မပြည့်စုံဘူးဆိုတာ မှတ်မိသေးတယ်။ ကျေးဇူးပြုပြီး အဲဒါကို ရေးပေးပါဦး…."
သူကတော့ ထိုအရာကို တည့်တည့်မတောင်းချင်ခဲ့ပေ။ ဖြစ်နိုင်လျှင်တော့ သူက သွမ့်ရှန်ဖေးဆီမှ ပြောင်းလဲမှုကျင့်စဉ်ကို လိုချင်နေခဲ့သည်။
သွမ့်ရှန်ဖေးက မုန့်ချီကိုကြည့်ပြီး သူ၏ဒဏ်ရာကိုကိုင်၍ ပြောလိုက်သည်။
"တကယ်လို့ ငါသာ ငြင်းလိုက်မယ်ဆိုရင် မင်းက ငါ့ကို သေချာပေါက် ခြိမ်းခြောက်နိုင်မှာပဲလေ။ မင်းက ငါ့ကို အခုသတ်နိုင်လား ဆိုတာတော့ မသိသေးဘူးပေါ့…"
မုန့်ချီက ခြောက်ကပ်စွာ ပြောလိုက်သည်။
"ခင်ဗျားက ဘာတွေပြောနေတာလဲ။ ကျုပ်က မေးရုံပဲ မေးလိုက်တာပါ။ ဒါပေမယ့် ကျုပ်ဒေါသ ထွက်သွားမယ်ဆိုရင်တော့ သတ်လို့ရပါသေးတယ်…"
သူက ကွေရှု၏ဂုဏ်သတင်းကို ဖျက်ဆီးနိုင်ခဲ့သည့်အတွက် သွမ့်ရှန်ဖေးကို ခြိမ်းခြောက်ရန် ကြိုးစားလိုက်ခြင်းသာဖြစ်သည်။ သူက ပြောင်းလဲမှုကျင့်စဉ်ကို မရလျှင် သွမ့်မင်းရှန်ကို သတ်ပစ်နိုင်သည်ဟု ပြောလိုက်ခြင်းဖြစ်၏။
"ကိစ္စမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းကို ပြောင်းလဲမှုကျင့်စဉ် ပြောပြမလို့ပါပဲ…."
သွမ့်ရှန်ဖေးက ရယ်လိုက်သည်။
မုန့်ချီက အနည်းငယ် အံ့ဩသွားခဲ့၏။
"အဘိုးကြီးသွမ့်..
ဘယ်အချိန်တုန်းကများ ဒီလောက်တောင် ရက်ရောသွားခဲ့ရတာလဲ…"
"မင်းနဲ့ငါ နှစ်ယောက်စလုံးက ဒဏ်ရာရထားတယ်။ လော်ချင်းနဲ့ သူ့လူတွေ ဒီနေရာကို ရောက်မလာခင် ငါတို့က ထွက်သွားဖို့ ခက်တယ်လေ။ ဒီတော့ ငါတို့က ငါတို့ရဲ့ပုံပြင်တွေကို အဆုံးသတ်ဖို့လိုတယ်…"
သွမ့်ရှန်ဖေးက ဝမ်းသာအားရ ပြောလိုက်သည်။
"မင်းက ငါ့ကို နှင်းနတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင်အဖြစ် ဖွင့်မပြောဖို့အတွက်က ပြောင်းလဲမှုကျင့်စဉ်ကို ပြောလိုက်ဖို့ပဲ ရှိတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့အတူ အဲဒါကို လိုချင်နေတဲ့ သူတွေအများကြီးရှိတယ်။ ပြီးတော့ မင်းက ဒဏ်ရာရနေတာလေ။ သေသွားတဲ့ အဘိုးကြီးကွေရဲ့ သိုင်းပညာကိုရော ဘယ်သူကရော မလိုချင်မှာလဲ၊ အဘိုးကြီးကွေက ရာသီခွင်နဂါးဖြစ်နေကြောင်း ငါတို့က ထုတ်ပြောလိုက်ဖို့ပဲ လိုတယ်..”
“ပြီးတော့ သူက နှင်းနတ်ဘုရားနန်းတော်ကို ပြန်ပြီးတော့ တည်ဆောက်ဖို့ ကြိုးစားနေတာလို့ ပြောလို့ရတယ်။ ငါ့ရဲ့သားကိုလည်း ရတနာမြေပုံ လိုချင်လို့ ပြန်ပေးဆွဲထားတာလို့ ပြောလိုက်လို့ရတယ်…"
မုန့်ချီက နားထောင်နေပြီး အတော်လေးကို မျက်နှာပျက်သွားခဲ့၏။
"အဘိုးကြီးသွမ့်...ဖေးကျန်းချင်တို့ကို မကြောက်ဘူးလား…"
သူက မေးလိုက်သည်။
"ဘာတွေကြောက်ဖို့လိုလို့လဲ။ သူတို့က ရာသီခွင်နတ်ဘုရားတွေရဲ့ တစ်စိတ်တစ်ပိုင်းမှ မဟုတ်တာ။ ရာသီခွင်နတ်ဘုရားတွေရဲ့စကားကို ဘယ်သူကရော ယုံနိုင်မှာလဲ။ ငါတို့ကသာ သူတို့ကို နည်းနည်းလေး ထိန်းချုပ်နိုင်မယ်ဆိုရင် လူတွေက သံသယရှိနေရင်တောင် ငါက နေရာတိုင်းကို သွားနိုင်တယ်လေ…"
သွမ့်ရှန်ဖေးက ကောက်ကျစ်စဉ်းလဲစွာ ရယ်လိုက်၏။
ထိုစကားလုံးများကြောင့် မုန့်ချီက ရင်ထဲတွင် အနည်းငယ် အေးစက်သွားခဲ့သည်။ သူက သက်ပြင်းချပြီး ပြောလိုက်၏။
"အဘိုးကြီးသွမ့်...ခင်ဗျားက တကယ့်ကို ကောက်ကျစ်တဲ့ မြေခွေးအိုကြီးပဲ…"
သွမ့်ရှန်ဖေးက စကားထပ်မပြောတော့ဘဲ ပြောင်းလဲမှုကျင့်စဉ်၏ စကားလုံးများကို စတင်ရွတ်ဆိုပြလိုက်သည်။ ထိုအရာက အစစ်အမှန်ဟုတ်မဟုတ် မုန့်ချီက သံသယမဝင်ခဲ့ပေ။ သူက သံသရာအရှင်သခင်ဆီတွင် ပြန်လည်စစ်ဆေး၍ ရနိုင်သည်။
အများစုကသာ စစ်မှန်နေမည်ဆိုလျှင် ကျန်ရှိနေသော အစိတ်အပိုင်းကိုလည်း ကံကြမ္မာအမှတ်များများမလိုဘဲ ပြန်ဖြည့်၍ ရနိုင်၏။ သံသရာအရှင်သခင်က သေချာပေါက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
သွမ့်ရှန်ဖေးက ရွတ်ဆိုပြီးသည့်အချိန်တွင် မုန့်ချီက သူမမှတ်မိသော အစိတ်အပိုင်းတချို့ကို ပြန်မေးလိုက်သည်။ ထို့နောက် ရယ်ကာမောကာဖြင့် ပြောလိုက်၏။
"အဘိုးကြီးသွမ့်...
ကျုပ်က လော်ချင်းနဲ့ တခြားသူတွေကို စောင့်မနေတော့ဘူး…"
"မင်းက လှုပ်ရှားနိုင်သေးလို့လား..."
သွမ့်ရှန်ဖေးက မေးလိုက်သည်။
"တစ်ခုရှိသေးတယ်။ ခင်ဗျားက တာဝန်ပေးလိုက်တဲ့ အချိန်မှာ ကျုပ်ကို လျှို့ဝှက်လက်ဆောင်ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား…"
မုန့်ချီက မနေနိုင်တော့ဘဲ မေးလိုက်သည်။
သွမ့်ရှန်ဖေးက ဆွဲပြားလေးတစ်ခုကို ထုတ်လိုက်၏ ။ ထို့နောက် မုန့်ချီဆီသို့ ပစ်ပေးလိုက်သည်။
“ဒါလေး..”
မုန့်ချီက ထိုအရာကို ဖမ်းကြည့်လိုက်သည့်အချိန်တွင် ရင်ထဲ၌ အတော်လေးကို အံ့ဩသွားခဲ့၏။ ထိုဆွဲပြားလေးကလည်း ကျောက်စိမ်းဗုဒ္ဓရုပ်တုလေး ဖြစ်သည်။ သူ၏ မျက်နှာတော်ကတော့ အလွန်ကြင်နာသနားတတ်၏။ လက်ရာကလည်း ချောမွေ့ပြီး အေးစက်နေသည်။
ထိုအရာက ပျက်စီးသွားသော သူ၏ လည်ဆွဲလေးနှင့် တစ်ထပ်တည်းဖြစ်၏။ ထိုကျောက်စိမ်းဗုဒ္ဓလည်ဆွဲလေးက သူ့ကို သံသရာကမ္ဘာကြီးဆီသို့ လမ်းညွှန်ပေးသော အရာဖြစ်မည်ဟု တွေးခဲ့မိသည်။ သို့သော် ယခုတော့ နောက်ထပ်တစ်ခု ပေါ်လာခဲ့သည်။ သူက မအံ့ဩဘဲ မည်သို့ဖြစ်နိုင်မည်နည်း။ တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။
"ခင်ဗျားက ဒါကို ဘယ်နေရာကနေ ရလာတာလဲ..."
မုန့်ချီ၏ ခံစားချက်များက အနည်းငယ်လှုပ်ရှားသွားသည့်အတွက် သူက ပို၍ ချောင်းဆိုးလာခဲ့သည်။
သွမ့်ရှန်ဖေးက မုန့်ချီကို မသေမချာ စိုက်ကြည့်လိုက်၏။
"ဒီကျောက်စိမ်းဗုဒ္ဓလည်ဆွဲလေးက ဗုဒ္ဓလျှို့ဝှက်ချက်တွေနဲ့ ပတ်သက်နေတာလား...."
မုန့်ချီက ပြန်မဖြေကြောင်း မြင်လိုက်ရသည့်အခါ သူက ဆက်ပြောလိုက်သည်။
"ငါငယ်ငယ်တုန်းက ချမ်းဟွာကျောင်းဆောင်မှာ ဆုတောင်းဖို့အတွက် သွားခဲ့တယ်။ အဲဒီအချိန်မှာ ကျောင်းထိုင်ကိုယ်တော် ယွမ်မုန့်က ငါ့ကို ဒီအဆောင်လေးပေးခဲ့တာပဲ။ ငါအသက်(၆၀)မပြည့်ခင် ဒီအဆောင်က ငါ့ကို ကာကွယ်ပေးနိုင်တယ်လို့ ပြောခဲ့တယ်။ အဲဒါပြီးသွားရင်တော့ ကံစပ်တဲ့ လူတစ်ယောက်ကို ပေးလိုက်ဖို့ ပြောထားခဲ့တယ်။ အဲဒီအချိန်ကစပြီး ငါက အေးအေးချမ်းချမ်း နေနိုင်ခဲ့တာပဲ။ ဒါပေမယ့် ငါလည်း အရင်နှစ်တုန်းက အသက်(၆၀)ပြည့်သွားပြီဆိုတော့ မင်းကို ဒီကျောက်စိမ်းပြားလေးပေးဖို့ စဉ်းစားခဲ့တာ…"
"ကျောင်းထိုင်ဆရာတော် ယွမ်မုန့်က တခြားဘာမှ မပြောခဲ့ဘူးလား။ ကံစပ်တဲ့လူကို ရွေးချယ်ပြီးသွားရင် ဘယ်လိုအရာတွေ ဖြစ်မလဲဆိုတာကိုရော ပြောခဲ့သေးလား။ ပြီးတော့ ဒါက အဲဒီလူကို ကာကွယ်ပေးနိုင်မှာလား…"
မုန့်ချီကတော့ အတော်လေးကို စိတ်လှုပ်ရှားနေခဲ့၏။
သွမ့်ရှန်ဖေးက ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။
"ငါက ဒါကို ပေးပြီးသွားပြီဆိုရင် သူ့ရဲ့အကာအကွယ်ကို ဆုံးရှုံးရလိမ့်မယ်လို့ ပြောခဲ့တယ်။ တခြားစွမ်းအားတွေကိုတော့ သူက ဘာမှမပြောခဲ့ဘူး…"
"အခု အဲဒီဆရာတော် ယွမ်မုန့်က ဘယ်နေရာမှာလဲ…"
မုန့်ချီက အားနည်းစွာ မေးလိုက်သည်။
"လွန်ခဲ့တဲ့ (၁၀)နှစ်လောက်တုန်းက သေသွားပြီ…"
သွမ့်ရှန်ဖေးက တည့်တည့်သာ ပြန်ဖြေလိုက်၏။
မုန့်ချီက ထိုကျောက်စိမ်းဗုဒ္ဓလည်ဆွဲလေးကိုကြည့်ပြီး နောက်ထပ် မေးခွန်းများ မေးချင်နေသော်လည်း ခြေသံများကို ကြားလိုက်ရသည့်အတွက် စိတ်ထဲတွင် ပြန်မည်ဟု ရေရွတ်လိုက်သည်။
သူက ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည့်အတွက် တိုက်ခိုက်နိုင်ခြင်းမရှိချေ။ ထို့ကြောင့် မည်သူ့ကိုမျှ မတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ သူကသာ နောက်တစ်ကြိမ် တိုက်ခိုက်ရမည်ဆိုလျှင် ပြန်ခွင့်ရတော့မည် မဟုတ်ချေ။
……………
လော်ချင်းက ရှေ့ဆုံးမှရောက်လာပြီး ကွေကျင်းရှု၊ လုံယုကလန်ခေါင်းဆောင်၊ နင်တောင်ကူနှင့် တခြားလူများအားလုံးက နောက်မှ လိုက်လာကြ၏။ သူတို့က လမ်းကြောင်း၏အဆုံးကို ရောက်လာပြီးနောက် ရေခဲအခန်းထဲတွင် ဖြစ်နေသောအရာများကို မြင်လိုက်ရသည်။
ကွေရှုက ရေခဲပေါ်တွင် လဲနေပြီး သူ၏ရင်ဘတ်နှင့် ဗိုက်တွင် သေစေနိုင်လောက်သော ဒဏ်ရာများ ရှိသည်။ ယုတုန်ကွမ်၏ ခန္ဓာကိုယ်ပေါ်တွင်တော့ အဆိပ်အပ်များ ပြည့်နှက်နေပြီး တစ်ကိုယ်လုံး မည်းနက်နေခဲ့၏။
သွမ့်မင်းချန်ကတော့ မျက်လုံးမှိတ်နေပြီး သူ၏ အသက်ရှူသံက အားနည်း၍ ခန္ဓာကိုယ်က ပြာနှမ်းနေသည်။ သွမ့်ရှန်ဖေးကတော့ အလောင်းကို မှီထားပြီး မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာများ ပြည့်နှက်နေသည်။
သိုင်းသခင်နှစ်ယောက်တွင် တစ်ယောက်က သေဆုံးပြီး တစ်ယောက်က ဆိုးဆိုးရွားရွား ဒဏ်ရာရနေသည်။ ထိုအရာက အလွန်ကြောက်စရာကောင်းသည် မဟုတ်ပေလော။
လုံယုကလန်ခေါင်းဆောင်နှင့် တခြားလူများ အားလုံးကတော့ ငရဲပြည်ကို မျက်စိလည်လမ်းမှားပြီး ရောက်လာသလို ခံစားလိုက်ရသည်။ သူတို့အားလုံး ထိတ်လန့်နေခဲ့သည်မှာ သွမ့်ရှန်ဖေးက လေထဲကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခြင်းကြောင့်ဖြစ်၏။
ထိုနေရာတွင် ဓားရှည်တစ်ချောင်း ထိုးစိုက်ခံထားရသော ကိုရင်လေးတစ်ပါး ရှိနေသည်။ သူ၏ဝတ်စုံက ပျက်စီးပြီး တစ်ကိုယ်လုံးသွေးများ ပေပွနေသော်လည်း သူ၏မျက်လုံးထဲတွင်တော့ အလင်းရောင်များ ပြည့်နှက်နေခဲ့၏။
ထိုအချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခုက သူ့ကို လွှမ်းခြုံသွားခဲ့သည်။ ထိုအရာ ပျောက်ကွယ်သွားသည့်အချိန်တွင် ကိုရင်လေးကလည်း သူရှိနေခဲ့သော နေရာမှ ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့၏။
"ဒါ...ဒါက..."
လော်ချင်းကဲ့သို့ အလွန်အေးစက်သော သိုင်းသခင်တစ်ယောက်ကပင် အတော်လေး ထိတ်လန့်သွားခဲ့သည်။ ထိုအရာက ဒဏ္ဍာရီထဲတွင်သာ ပေါ်လာခဲ့ဖူးသော အရာမျိုးဖြစ်၏။
သွမ့်ရှန်ဖေးကတော့ အရင်ဆုံး သတိဝင်လာခဲ့သည်။ သူက ကျယ်လောင်စွာ ပြောလိုက်၏။
"ကွေရှုက နှင်းနတ်ဘုရားနန်းတော်ရဲ့ခေါင်းဆောင်ပဲ..။ ရာသီခွင်နတ်ဘုရား(၁၂)ယောက်ထဲက ရာသီခွင်နဂါးကလည်း သူပဲ။ သူက ငါ့ကိုသတ်ဖို့ ကြံစည်ခဲ့တယ်။ ကိုရင်လေးကျန်းတင်က ငါ့ကို ကူညီပေးခဲ့တာ ကံကောင်းသွားတယ်။ သူ့ရဲ့ဓားချက်က ကောင်းကင်နဲ့မြေကြီးကို ဖြတ်ကျော်နိုင်ခဲ့တယ်။ ဒါကြောင့် ကိုရင်လေးကျန်းတင်က ကောင်းကင်ဘုံကို ပျံသန်းသွားပြီ။ ငါက သူနှင့်အတူ သိုင်းပညာကို ဆွေးနွေးဖို့ အခွင့်အရေးမရခဲ့တာတော့ နှမြောဖို့ကောင်းတယ်…"
"သူ့ဓားရဲ့အစွမ်းလား...."
လော်ချင်းက မျက်မှောင်ကြုတ်၍ မေးလိုက်မိသည်။ သူက ကွေရှု၏ ရင်ဘတ်တွင်ရှိနေသော ဒဏ်ရာကိုလည်း ကြည့်လိုက်မိ၏။
"ကောင်းကင်ဘုံကို ပျံသန်းသွားတာလား…"
လုံယုကလန်ခေါင်းဆောင်၊ ယွဲ့ရှီရှီနှင့် တခြားသူများက ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့အားလုံးက မယုံကြည်နိုင်သလို ခံစားရသော်လည်း သူတို့၏ ရှေ့တွင် ဖြစ်နေသောအရာများကို လျစ်လျူရှု၍ မရနိုင်ပေ။
ကိုရင်လေးကျန်းတင်၏ ဓားချက်က မည်မျှအံ့ဩစရာကောင်းနေသနည်း။ ထိုအရာက ကောင်းကင်အတားအဆီးကိုပင် အမှန်တကယ် ဖြတ်ကျော်နိုင်စွမ်းရှိနေသည်။
Translated by Hein Htet