← Chapters

အခန်း (၇၈)

Vol. 6 Ch. 78

အခန်း (၇၈)

Vol. 6 Ch. 78

အဖြူရောင်အလင်းတန်းများက မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်သို့‌ ကျရောက်လာနေခဲ့သည်။ သူ၏ရင်ဘတ်ကြွက်သားများက ဓားရှည်နှင့် ထိုးဖောက်ခံထားရပြီးနောက် ကျောတွင်တော့ မြားများ စိုက်နေခဲ့သည်။

သူ၏ဒဏ်ရာများက ပြန်ကောင်းလာပြီး အပေါက်များက ပိတ်သွားသည်။ သွေးဆုံးရှုံးမှုကြောင့် ခေါင်းထဲတွင် မူးနောက်နောက် ဖြစ်နေသည့် ခံစားချက်များပင်ပျောက်ကွယ်သွားသည်။ ထို့ပြင် အဆုတ်က မြားပေါင်းများစွာ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည့်အတွက် အသက်ရှုရန် ခက်ခဲနေသေးသည်။

သူ၏အရေပြားပေါ်တွင် ရွှေရောင်အလင်းတန်းများလည်း ပြန်လည်တောက်ပ‌လာခဲ့၏။ ဓားချက်ကြောင့် ပျက်စီးသွားခဲ့သော ရွှေခေါင်းလောင်းအကာအကွယ်ကလည်း ပြန်ကောင်းလာခဲ့သည်။

"ငါက နောက်တစ်‌ကြိမ် အကောင်းအတိုင်း ပြန်ဖြစ်သွားပြီ။ တော်သေးတာပေါ့…"

ယခုတစ်ကြိမ်တွင် ပစ္စည်း‌အမြောက်အများ ရခဲ့သည့်အတွက် မုန့်ချီက အတော်လေး ကျေနပ်သွားခဲ့သည်။ သူက ခန္ဓာကိုယ်ကို ကျေနပ်စွာ လှုပ်ရှားကြည့်လိုက်ပြီး လူဆိုးတစ်ယောက်ကဲ့သို့ ရယ်လိုက်၏။

ထိုအချိန်တွင် သံသရာမြေကွက်လပ်က ရှင်းနေပြီး သူတစ်ယောက်တည်းကလွဲလျှင် တခြားမည်သူမျှ မရှိခဲ့ပေ။

“သူတို့တွေက အခုချိန်ထိ ပြန်မလာသေးတာလား။ ဒါမဟုတ် သူတို့နဲ့ ပြန်လာချိန် မတူတာလည်း ဖြစ်နိုင်တယ်…”

မုန့်ချီက အခန်း၏ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး သူ့လူများအတွက် စိုးရိမ်နေခဲ့သည်။ ထို့နောက် သူက အလယ်တိုင်လုံးဆီသို့ လျှောက်သွားပြီး သူ၏ကျောက်စိမ်းဗုဒ္ဓလည်ဆွဲလေးကိုယူ၍ သံသရာအရှင်သခင်ဆီတွင် စစ်ဆေးကြည့်လိုက်သည်။

“ရေခဲကျောက်စိမ်းဗုဒ္ဓ…

ဆန်းကြယ်တဲ့ပစ္စည်းတစ်ခု…တန်ဖိုးနဲ့အသုံးဝင်မှုကို မသိရဘူး။ ဒါက တံဆိပ်ပြားတစ်ခု ဖြစ်နိုင်သလို အဆောင်တစ်ခုခု သော့တစ်ခုခုလည်း ဖြစ်နိုင်တယ်။ မင်းက သူ့ရဲ့လျှို့ဝှက်ချက်တွေကို သိချင်တယ်ဆိုရင် ကံကြမ္မာအမှတ်(၅)သောင်း ပေးရလိမ့်မယ်…"

သံသရာအရှင်သခင်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

"ကံကြမ္မာအမှတ်(၅)သောင်း…"

မုန့်ချီက ရှုံ့မဲ့သွားခဲ့သည်။

သူက စိတ်ဝင်စားမှုကို ဖိနှိပ်လိုက်ပြီး ကျောက်စိမ်းလေးကို သိမ်းလိုက်၏။ ထို့နောက် သူ့ခေါင်းထဲတွင် ရှိနေသော ပြောင်းလဲမှုကျင့်စဉ်ကို ပြန်စဉ်းစားလိုက်ပြီး ရှေးဟောင်းစာရွက်တစ်ခုဖြင့် ရေးလိုက်သည်။

“ပြောင်းလဲမှုကျင့်စဉ် …

ဉာဏ်အလင်းပွင့်မှု အတောအတွင်း လေ့ကျင့်လို့ရတယ်။ ဒါကို ကံကြမ္မာအမှတ်(၂၀၀)နဲ့ လဲလို့ရတယ်…”

မူလတုန်းကတော့ ထိုထဲတွင် ပါဝင်နေသောအရာများက အတုလား အစစ်လား မုန့်ချီက မသေချာခဲ့သော်လည်း ယခုတော့ စိတ်အေးသွားခဲ့သည်။ သူက လဲလှယ်ရမည့်တန်ဖိုးကို နောက်တစ်ကြိမ်ကြည့်လိုက်ပြီး ထိုသိုင်းကျမ်း၏ မူလတန်ဖိုးက ကံကြမ္မာအမှတ်(၄၀၀)ရှိမည်ဟု နားလည်သွား၏။ ထို့ကြောင့် သွမ့်ရှန်ဖေးက သူ့ကိုလိမ်ညာခဲ့ခြင်း မဟုတ်ချေ။

ထိုသိုင်းကျမ်းက အစစ်အမှန်သိုင်းကျမ်းဖြစ်သည်။ စဉ်းစားကြည့်လိုက်ပြီးနောက် မုန့်ချီက ထိုအရာကို ကံကြမ္မာအမှတ်များနှင့် မလဲခဲ့ပေ။ သူက ကျန်းကျိဝေနှင့် တခြားလူများကို လျှို့ဝှက်အခန်း(၃)ခုနှင့် ပတ်သက်၍မေးရန် စဉ်းစားထားခဲ့သည်။

"ကိုရင်လေး …

နင်က အစောကြီး ပြန်ရောက်လာတာပဲ…"

သူ တစ်ယောက်တည်း စဉ်းစားနေသည့်အချိန်တွင် ကျန်းကျိဝေ၏ အသံတိုးတိုးကို ကြားလိုက်ရသည်။

သူမက အဖြူရောင်အလင်းတန်းထဲတွင် ရှိနေကြောင်း တွေ့လိုက်ရ၏။ သူမကလည်း ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့ပုံ ပေါ်သည်။ သူမက သေအံ့ဆဲဆဲ အခြေအနေကို ရောက်ခဲ့ပုံပေါ်သည်။

မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်၏။

“ငါက နင့်ထက် နည်းနည်းလေး စောပြီးတော့ တာဝန်ပြီးသွားတယ် ထင်တယ်…"

အဖြူရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် ကျန်းကျိဝေက လေးလံသော ဓားအိမ်ကြီးတစ်ခုကိုသယ်ပြီး သူ့ဆီသို့ လျှောက်လာခဲ့၏။ သူမ၏ အနက်ရောင်ဆံနွယ်များကိုလည်း စည်းနှောင်ထားသည်မှာ အတော်လေးကို ကျက်သရေ ရှိလှသည်။

တစ်ခုကွဲပြားသွားသည်မှာ သူမဝတ်ဆင်ထားသော ဝတ်စုံက အဝါရောင် မဟုတ်တော့ဘဲ ဆင်စွယ်ရောင် ဖြစ်သည်။ သူမက ထိုအရောင်နှင့် ပို၍လိုက်ဖက်နေပုံပေါ်၏။

"ဒါက တစ်ယောက်ချင်း တာဝန်ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး…"

ကျန်းကျိဝေက ပြုံးလိုက်သည်။

"နင်က ပထမဆုံးအကြိမ် တစ်ယောက်တည်း တာဝန်လုပ်ရတာဆိုတော့ သိုင်းလောက အတွေ့အကြုံနည်းနေမှာကိုပဲ ငါက စိုးရိမ်နေခဲ့တာ…"

သူတို့၏ မူလစကားပြောဆိုမှုတွင် မုန့်ချီက သူ၏အတွေ့အကြုံများကို အခြေခံပြီး ခန့်မှန်းတွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း သူမက သိနေသည်။ ထို့ကြောင့် တစ်ယောက်ချင်း တာဝန်နှင့် အဖွဲ့လိုက်တာဝန်များ ရှိလာနိုင်ကြောင်း ကြိုတင်ခန့်မှန်းမိခဲ့၏။ အမှန်တကယ် ဖြစ်လာသည့်အချိန်တွင်လည်း ကျန်းကျိဝေက စိုးရိမ်နေခဲ့ခြင်းမရှိချေ။

"ငါ့မှာ ရွှေခေါင်းလောင်းအကာအကွယ်ရှိတယ်။ တကယ်လို့ သိုင်းလောကအတွေ့အကြုံနည်းလို့ အမှားလုပ်မိရင်တောင် အကာအကွယ်ရှိပါသေးတယ်…"

သူကတော့ အခြေအနေအရ ထိုလမ်းကြောင်းကို ရွေးချယ်မိခဲ့သည့်အတွက် ကံကောင်းသွားသလို ခံစားလိုက်ရသည်။ မည်သို့ဖြစ်စေကာမူသံသရာတာဝန်ထဲတွင် ပါဝင်နေသည့်အတွက် သူက အတွေ့အကြုံအရဖြစ်စေ၊ စွမ်းရည်အရဖြစ်စေ သာမန်သိုင်းလောကသားများကဲ့သို့ မဟုတ်တော့ဘဲ ဖြည်းညင်းစွာ တိုးတက်လာခဲ့သည်။

ထို့နောက် သူက အနည်းငယ်စိတ်ဝင်စားသွားပြီး သူမကို ပြန်မေးလိုက်၏။

“မိန်းကလေးကျန်း…

နောက်ကျောမှာ သယ်ထားတာက ဘာကြီးလဲ…."

သူမ၏နောက်ကျောတွင်တော့ အထုပ်ကြီးတစ်ထုပ်ကို သယ်ဆောင်ထားသည်။ ကျန်းကျိဝေက နှာခေါင်းကိုလက်နှင့် ပွတ်လိုက်၏။

"ကိုရင်လေး…

အခုငါတို့က အရင်းနှီးဆုံးမိတ်ဆွေတွေလို့ သတ်မှတ်နိုင်ပြီလေ။ ဒီတော့ မိန်းကလေးကျန်းလို့ မခေါ်ပါနဲ့တော့။ ဒါက ငါ့အတွက် သူစိမ်းဆန်တယ်လို့ ခံစားရစေတယ်။ ငါ့ကို ကျိဝေလို့ပဲခေါ်ပါ ဒါမှမဟုတ် အစ်မကြီးကျိလို့လည်း ခေါ်ချင်ခေါ်နိုင်တယ်…"

သူမက အပြုံးနှင့် ပြောလိုက်၏။

မုန့်ချီကတော့ အနည်းငယ် ရှက်ရွံ့သွားသော်လည်း သူမက အစ်မကြီး ဖြစ်ချင်နေသည့်အတွက် အပြစ်တင်လိုခြင်း မရှိချေ။ သူ၏လက်ရှိခန္ဓာကိုယ်က သူမထက် (၄)နှစ်ခန့် ပိုငယ်နေခြင်းကိုသာ အပြစ်တင်ရပါလိမ့်မည်။

“ဒါဆိုလည်း ကျိဝေလို့ပဲခေါ်မယ်…”

သူက နဖူးမှချွေးစေးများကို သုတ်လိုက်၏။

ကျန်းကျိဝေက ပြုံးလိုက်သည်။

"နင်က ငါ့ကိုအစ်မကြီးလို့ မခေါ်ချင်ဘူးဆိုတာ ငါသိတယ်။ နင့်ပုံစံက လက်ရှိအရွယ်နဲ့ ကြည့်လိုက်မယ်ဆိုရင် တော်တော်လေးကို ရင့်ကျက်နေတယ်…"

သူမက ပွင့်လင်းသည့် မိန်းကလေးတစ်ယောက် ဖြစ်သည့်အတွက် ထိုကိစ္စကို အလေးအနက်ထားနေခြင်း မရှိချေ။ သူမက ပြုံးလိုက်ပြီး နောက်ကျောတွင် ရှိနေသောအထုပ်ကို လက်ညှိုးထိုးပြလိုက်၏။

"ဒီတာဝန်လုပ်နေစဉ် အတောအတွင်း ငါက အချိန်အများကြီးအားနေတယ်လေ။ ဒီတော့ သိုင်းကျမ်းတွေ အများကြီး စုဆောင်းထားတာ ဒါဆိုရင် ငါက ကံကြမ္မာအမှတ်(၁၀၀)လောက်နဲ့ လဲလို့ရပြီ…"

"ငါလည်း အဲဒီလိုလုပ်ဖို့ စဉ်းစားထားခဲ့တယ်။ ဒါပေမယ့် ငါက အချိန်မရခဲ့ဘူး…."

မုန့်ချီက နောင်တရစွာ ပြောလိုက်၏။ သူက ပြောင်းလဲမှုကျင့်စဉ်ကို ရခဲ့သည်မှာ ကံကောင်းသွားသည်။

"နင်က အဲဒီသိုင်းကျမ်းတွေအများကြီးကို စုဖို့ အကူအညီရခဲ့တယ် မဟုတ်လား…"

"နင်ပြောတာမှန်တယ်။ ငါက အကူအညီတွေ အများကြီးရခဲ့တယ်။ ဒါပေမယ့် အဲဒါတွေက သာမန်သိုင်းကျမ်းတွေပဲ။ သူတို့တွေက ဘာမှတန်ကြေးမရှိဘူး…"

ကျန်းကျိဝေက မုန့်ချီ၏ခန့်မှန်းမှုကို အတည်ပြုပေးလိုက်သည်။

သူတို့ဆီတွင် သိုင်းကျမ်းများရှိနေသည့်အတွက် မုန့်ချီက လျင်မြန်စွာ မေးလိုက်၏။

"ကျိဝေ …

နင်က လျှို့ဝှက်အခန်း(၃)ခုအကြောင်းကိုသိလား…"

"မသိဘူး… "

ကျန်းကျိဝေက ခေါင်းခါပြလိုက်၏။

"ဒါက နာမည်မတူတာပဲ ဖြစ်မယ်။ ငါ့ကို အဲဒီအကြောင်း ပြောပြပါဦး…”

“ငါ့အထင်တော့ ဒန်တျန်အောက်ပိုင်း၊ အလယ်ပိုင်းနှင့် အပေါ်ပိုင်းကို ပြောချင်တာ ထင်တယ်…။ ပထမနှစ်ခုကိုတော့ ငါလည်း သေချာမသိဘူး ။ ဒါပေမယ့် နောက်ဆုံးတစ်ခုကတော့ မျက်ခုံးကြားပင်မတံခါးကို လေ့ကျင့်ဖို့အတွက် ရည်ညွှန်းတာ ဖြစ်နိုင်တယ်။ အဲဒီလေ့ကျင့်မှုက သူတို့ရဲ့စိတ်ဝိညာဉ်လျှို့ဝှက်အခန်းကို အောင်မြင်နိုင်တယ်။ အဲဒါဆိုရင် တိုက်ပွဲအတွင်း ရန်သူရဲ့အာရုံကို နှောင့်ယှက်ပြီး ပုံရိပ်ယောင်တွေ ဖန်တီးနိုင်တယ်…"

မုန့်ချီက အသေးစိတ် ရှင်းပြလိုက်၏။

ကျန်းကျိဝေက အားရပါးရ ရယ်လိုက်သည်။

“ငါ နားလည်သွားပြီ။ တံခါး(၉)ပေါက် ပွင့်ပြီးသွားရင် နင်က ကောင်းကင်နဲ့မြေကြီးကြားမှာရှိတဲ့ တံတားပေါ်ကို တက်လှမ်းဖို့လိုတယ် ။ ပြီးရင်တော့ နင်က အတွင်းအပြင် ဆက်သွယ်နိုင်ဖို့ လိုတယ်။ အဲဒီအဆင့်မှာ မျက်ခုံးကြား ပင်မတံခါးကို လေ့ကျင့်ရတာပဲ။ နင်က အဲဒီအဆင့်ကို အောင်မြင်သွားပြီဆိုရင်တော့ ကောင်းကင်နဲ့မြေကြီးကို ဆက်သွယ်နိုင်ပြီး ရာသီဥတုပြောင်းလဲမှုတွေကို လုပ်ဆောင်နိုင်မယ်။ အဲဒီဖြစ်စဉ်ကိုတော့ ဝေ့ကျင်းတစ်ဝက်အဆင့်လို့ ခေါ်ကြတယ်။ အတွင်းနဲ့အပြင်က စုစည်းလာပြီး ကောင်းကင်ကြီးကိုပါ ထိန်းချုပ်နိုင်ပြီဆိုရင်တော့ ဝေ့ကျင်းအဆင့်လို့ ခေါ်နိုင်တယ်...”

“ငါတို့အရင်ကတွေ့ဖူးတဲ့ ဒိုအာချာက အဲဒီအဆင့်ကို ရောက်နေပြီ။ နင်က သူ့ကို မတိုက်ခိုက်ခဲ့ရဘူး‌လေ။ ဒါကြောင့် ငါတို့က အချိန်မရွေး မိုးကြိုးပစ်ခံရနိုင်တယ်ဆိုတဲ့ ခံစားမှုမျိုးကို မသိခဲ့တာ။ တကယ်လို့ ငါကသာ ပုံရိပ်ယောင်တွေကို ဖြတ်ကျော်နိုင်တဲ့ မျက်လုံးတံခါးပွင့်မနေဘူးဆိုရင် သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါတောင် သူ့ကိုတစ်ချက်ပဲ တိုက်ခိုက်နိုင်ခဲ့တယ်။ ဒါကြောင့် စိတ်ဝိညာဉ်အခန်း ဆိုတာက စိတ်ဝိညာဉ်အတားအဆီးကို ရည်ရွယ်ချင်တာပဲ ဖြစ်နိုင်တယ်။ အလယ်နဲ့ အောက်ပိုင်းဒန်တျန်ဆိုတာကတော့ တံခါး(၉)ပေါက် ပွင့်ဖို့အတွက် လေ့ကျင့်နေတာကို ပြောချင်တာ ဖြစ်နိုင်တယ်။ နင်က အဲဒီအကြောင်းအရာတွေကို မသိသေးဘူးဆိုတာ ဉာဏ်အလင်းပွင့်မှုအဆင့်ကို မရောက်သေးလို့လေ…"

မုန့်ချီက ကြားဖြတ်မပြောဘဲ သေချာဂရုစိုက်၍ နားထောင်နေခဲ့သည်။ သူက ထိုအဖြေများကို ကြိုတင်မျှော်လင့်ထားပုံရ၏။

ကျန်းကျိဝေ ရှင်းပြပြီးသည့်အချိန်တွင် သူက သေချာစဉ်းစား၍ ပြောလိုက်သည်။ "ဒီတစ်ကြိမ် ငါက အရမ်းထူးခြားတဲ့ကျင့်စဉ်တစ်ခုကို ရခဲ့တယ်။ ဉာဏ်အလင်းပွင့်မှုအဆင့်ကို မရောက်သေးပဲနဲ့တောင် မျက်ခုံးကြားပင်မတံခါးကို ချိုးဖြတ်လို့ရတဲ့နည်းလမ်းတွေရှိတယ်…"

ကျန်းကျိဝေကတော့ ပြန်မေးလိုက်သည်။ သူမဆီတွင် ရှားရှားပါးပါး ခံစားချက်တစ်ခုလည်း ပေါ်လာခဲ့၏။

"တကယ်ပဲ ဖြစ်နိုင်လို့လား။ ငါတို့ရဲ့ခန္ဓာကိုယ်က သေခြင်းရှင်ခြင်းကြားမှာရှိတဲ့ လျှို့ဝှက်တံခါးကို ဖြတ်ကျော်ရမယ့် ဖိအားကို မခံနိုင်သေးဘူး။ ကောင်းကင်နဲ့မြေကြီးကြားထဲမှာရှိတဲ့ တံတားပေါ်ကို တက်လိုက်တာနဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် သေဆုံးသွားနိုင်တယ်…”

တာအိုဘိုးဘေးနှင့်ဗုဒ္ဓကတော့ သူမနှင့်မုန့်ချီတို့ လိုချင်နေခဲ့သော အဆင့်တွင် တချိန်တုန်းက ရှိနေခဲ့ဖူးသည်။ သူတို့က နတ်ဘုရားများ ဖြစ်ကြပြီး ပါရမီရှင်များဖြစ်ကြ၏။

လူပေါင်းများစွာက တံခါး(၉)ပေါက်ကို ဖြတ်ကျော်ပြီးနောက် မျက်ခုံးကြား လျှို့ဝှက်တံခါးကို တိုက်ရိုက်ဖြတ်ကျော်ရန် ကြိုးစားခဲ့ကြသည်။ သူတို့အနေနှင့် ပြောရရင် သူတို့၏ခန္ဓာကိုယ်က တဖြည်းဖြည်း ပျက်ဆီးသွားမည်ဖြစ်ပြီး သူတို့ဝိညာဉ်ကသာ ထာဝရမပျက်ဆီးဘဲ တည်ရှိနိုင်ပါလိမ့်မည်။

ထို့ကြောင့် သူတို့က ခန္ဓာကိုယ်သန့်စင်မှုကို လက်လွှတ်လိုက်ပြီး သူတို့၏ဝိညာဉ်ကိုသာ အာရုံစိုက်နေခဲ့ကြသည်။ သို့သော် အဆုံးတွင်တော့ ထိုကြိုးစားမှုများ အားလုံး ကျဆုံးကုန်ကြ၏။

သတိပေးချက်တစ်ခုသာ ပေါ်နေခဲ့သည်။

“သာမန်သရဲတစ္ဆေတွေလို အကြိမ်ပေါင်းတစ်ထောင်လောက် ငရဲခံရမယ်ဆိုရင်တောင် ငရဲဝိညာဉ်တွေအဖြစ် လေ့ကျင့်ဖို့ လုံးဝမဖြစ်နိုင်ဘူး…”

မုန့်ချီက မတုံ့ပြန်နိုင်သေးခင် ကျန်းကျိဝေက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။ “ဒါပေမယ့် အဲဒါက အာရုံ(၆)ပါးကို နှောင့်ယှက်နိုင်ပြီး ကမ္ဘာကြီးရဲ့စွမ်းအားတွေကိုတောင် တားဆီးနိုင်တာလား။ အဲဒါက မကောင်းဆိုးဝါးဝိညာဉ်တွေ မီးဝိညာဉ်တွေလိုမျိုးလား။ ဒါပေမယ့် အဲဒါက အချည်းနှီးဖြစ်သွားမှာစိုးရတယ်။ ငါတို့ရဲ့ လေ့ကျင့်မှုလမ်းကြောင်း အနာဂတ်လမ်းကြောင်းကို ဖြတ်တောက်ပစ်နိုင်တယ်…"

တချိန်တုန်းက ထိုကဲ့သို့သော အရာမျိုး ရှိခဲ့ဖူးသည်။ သို့သော် အမှန်တကယ် လေ့ကျင့်ရန်တော့ မဖြစ်နိုင်ခဲ့ပေ။ ဝေ့ကျင်းအဆင့်ကို ရောက်လာသည့် အချိန်တွင် ခန္ဓာကိုယ်က ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို စုစည်းနိုင်သည်။ ထိုစွမ်းအားများကို အသုံးပြုပြီး ဆက်သွယ်မှုနှင့် အစွမ်းကိုမြှင့်တင်နိုင်သည်။ သို့သော် လေ့ကျင့်သည့်နည်းလမ်းက လုံးဝကိုကွဲပြားနေ၏။

"မဟုတ်ဘူး။ သူတို့က အဲဒါကို တိုက်ရိုက်လေ့ကျင့်ခဲ့တာ…"

မုန့်ချီက စဉ်းစားကြည့်လေလေ သွမ့်ရှန်ဖေးနှင့်ကွေရှုတို့၏အဆင့်ကို နားလည်ရန် ခက်ခဲလေလေဖြစ်သည်။

ကျန်ကျိဝေက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။

"ငါလည်း အဲဒါကို မစဉ်းစားတတ်တော့ဘူး…”

“ထူးဆန်းတယ်။ တော်တော်လေးကို ထူးဆန်းတယ်။ သူတို့အားလုံးက အသက်ရှင်နေပြီး ငါ့ကိုလည်း တိုက်ခိုက်နိုင်ခဲ့တယ်။ ပြီးတော့ သူတို့က တန်ပြန်သက်ရောက်ခံရတာကိုလည်း မတွေ့ခဲ့ရဘူး…"

မုန့်ချီက ရှုပ်ထွေးနေခဲ့၏။

"နင်က ဒီနည်းလမ်းကို စစ်ဆေးကြည့်လိုက်ပါလား…"

ဉာဏ်အလင်းပွင့်မှုအဆင့်နှင့် ပတ်သက်ပြီး သူ၏နားလည်မှုများက ကျန်းကျိဝေနှင့် ယှဉ်လိုက်လျှင် တော်တော်နည်းပါးလှသည်။

"နင်က ငါ့ကိုစစ်ဆေးစေချင်တာလား။ ဒါဆိုရင် လဲရမယ့်တန်ဖိုးက တစ်ဝက်လျော့သွားလိမ့်မယ်နော်…"

ကျန်းကျိဝေက မျက်မှောင်ကြုတ်လိုက်မိ၏။

မုန့်ချီက ပြောင်းလဲမှုကျင့်စဉ်ကို လူတစ်ယောက်ဆီသို့ ဝေမျှတိုင်း တန်ဖိုးက တစ်ဝက်လျော့သွားနိုင်သည်။ ထို့ပြင် သူ့ဆီမှ သင်ယူလိုက်သူကလည်း ထိုအရာကို ထပ်သင်ပေး၍မရသလို ပြန်လဲ၍လည်း မရနိုင်ပေ။ သူတို့က တခြားနည်းလမ်းတစ်ခုခုနှင့်ပြောင်းလဲမှုကျင့်စဉ်ကိုရပြီးမှသာ ထိုသို့လုပ်ဆောင်နိုင်ကြ၏။

မုန့်ချီက စဉ်းစားနေသည်ကို မြင်သည့်အခါ ကျန်းကျိဝေက ပြောလိုက်သည်။

“မျက်ခုံးကြားပင်မတံခါး ချိုးဖျက်နိုင်တဲ့ကျင့်စဉ်ကို ငါလည်း တော်တော်လေး စိတ်ဝင်စားတယ်။ ဒါက တံခါး(၉)ပေါက်ကို ဖွင့်စရာမလိုဘဲ လေ့ကျင့်နိုင်တယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် နင်ဆုံးရှုံံးသွားတဲ့ ကံကြမ္မာအမှတ်ကို ငါပြန်ဖြည့်ပေးမယ်…"

မုန့်ချီက တွေဝေနေသည်ကို မြင်သည့်အခါ သူမက ထပ်ပြောလိုက်၏။

"ဒါက ညီအစ်ကိုမောင်နှမတွေကြားထဲမှာတောင် ရှင်းရှင်းလင်းလင်း လုပ်ရတယ်လေ။ ငါတို့ရဲ့ကြားထဲမှာ ကံကြမ္မာအမှတ်နည်းနည်းလေးအတွက် ပြဿနာ မဖြစ်ချင်ဘူး…"

“ကောင်းပြီလေ…"

မုန့်ချီက ကျန်းကျိဝေ၏ရက်ရောမှုကို ငြင်းဆန်နေခြင်း မရှိချေ။ သူမကို သိုင်းကျမ်းပေးလိုက်၏။

ကျန်းကျိဝေက သိုင်းကျမ်းကိုစစ်ဆေးကြည့်လိုက်သည်။

"ဒီလိုမျိုးပဲ …"

ခဏကြာပြီးနောက် သူမက စိတ်ဓာတ်ကျမှုနှင့်စိတ်လှုပ်ရှားမှုများ ရောနှောနေသော အမူအရာနှင့် ပြောလိုက်သည်။ မုန့်ချီက သူမ၏ရှင်းပြမှုကို စောင့်နေခဲ့၏။

ကျန်းကျိဝေက ထူးဆန်းစွာ ရယ်လိုက်သည်။

"ဘာလို့လဲဆိုတော့ သူတို့က အဲဒီကန့်သတ်ချက်ကို လုံးဝမကျော်ဖြတ်ခဲ့ကြဘူးလေ…"

"ဘယ်လို…"

မုန့်ချီက ထိတ်လန့်သွားခဲ့၏။

ကျန်းကျိဝေက စဉ်းစားပြီး ပြောလိုက်သည်။

"ဒီကျင့်စဉ်က ကနဦးအဆင့်ပဲ ရှိသေးတယ်။ ဒါက ပင်မတံခါးကို လှုံ့ဆော်နိုင်ပြီး ပုံရိပ်ယောင်တွေ ဖန်တီးနိုင်တယ်။ ဒါပေမယ့် အမှန်တကယ် ပွင့်သွား‌တာတော့မဟုတ်ဘူး ။ ဒါကြောင့် သူတို့က တန်ပြန်တိုက်ခိုက်မှုကို မကြုံခဲ့ကြရတာ။ တကယ်လို့ အတားအဆီးကို ဖြတ်ကျော်နိုင်မယ်ဆိုရင် ခန္ဓာကိုယ်ကလည်း ကောင်းကင်နဲ့ မြေကြီးရဲ့တိုက်ခိုက်မှုတွေကို ခံရလိမ့်မယ်။ အဲဒီအချိန်ရောက်လာရင် ခန္ဓာကိုယ်က ဆိုးဆိုးဝါးဝါးဒဏ်ရာရသွားနိုင်သလို သေတာထက် ဆိုးတဲ့အခြေအနေကိုလည်း ရောက်သွားနိုင်တယ်။ ဝိညာဉ်တစ်ခုတည်းပဲ ကျန်နေနိုင်တယ်…"

မုန့်ချီ၏စိတ်ထဲတွင်တော့ သာမန်လူသားများ၏ဝိညာဉ်က သေပြီးမှသာ ငရဲနှင့်ကောင်းကင်ဘုံကို ရောက်သည်ဟု သိထားသည်။ သူတို့က လုံးဝပျောက်ကွယ်သွားခြင်း အခြားနေရာသို့ ရောက်သွားခြင်းမျိုးကိုတော့ မသိခဲ့ချေ။

တစ်ခုတည်းသော ချွင်းချက်ကတော့ အလွန်စွမ်းအားကြီးမားသော ဝေ့ကျင်းအဆင့် ပညာရှင်များ ဖြစ်သည်။ သာမန်လူများ၏ ဝိညာဉ်ကတော့ ထူးခြားသော အခြေအနေမျိုးတွင်သာ ရှိနေနိုင်သည်။ ထိုအရာက ကမ္ဘာပေါ်တွင် နောက်ထပ်ဘဝတစ်ခုကို ဆိုလိုနေခြင်းဖြစ်သည်။ မသေခင် သူတို့၏သက်တမ်းက အလွန်တိုတောင်းနိုင်၏။ ထိုအရာများ ဖြစ်လာသည့်အချိန်တွင် ဝိညာဉ်ကလည်း ခန္ဓာကိုယ်မရှိသည့်အတွက် တဖြည်းဖြည်း ပျက်ဆီးသွားနိုင်သည်။

"ဒါဆိုရင် ဒါက ရန်သူရဲ့အာရုံတွေကို နှောင့်ယှက်နိုင်ပြီး ပုံရိပ်ယောင်တွေ ဖန်တီးနိုင်တဲ့ ပင်မတံခါးကနဦးကျင့်စဉ်လို့ ပြောချင်တာလား…"

မုန့်ချီကတော့ စိတ်ပျက်သွားရမည့်အစား ပို၍ဝမ်းသာသွားခဲ့သည်။

ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ် ။ တကယ်လို့ နင်ကသာ ဒါကို အကြိမ်ပေါင်းများစွာ လေ့ကျင့်လိုက်ပြီး ကန့်သတ်ချက်ကို ချိုးဖြတ်လိုက်မယ်ဆိုရင် ရာသီဥတုပြောင်းလဲမှု အနည်းငယ်ကိုတောင် ဖန်တီးနိုင်လိမ့်မယ်။ ဒါပေမယ့် အဲဒါက ဒိုအာချာရဲ့အဆင့်မျိုးတော့ မဟုတ်ဘူး…"

"ငါက အဲဒီလည်းကမ္ဘာကြီးထဲမှာ အဲဒီလိုသတင်းတွေကို ကြားခဲ့ရတယ်…"

မုန့်ချီက အံ့အားသင့်စွာ ပြန်ဖြေလိုက်သည်။

ကျန်းကျိဝေက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်လိုက်၏။

"ငါတို့အတွက်ကတော့ မျက်ခုံးကြားပင်မတံခါးကို လေ့ကျင့်ရတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က သေခြင်းရှင်ခြင်းကြားမှာရှိတဲ့ ကန့်သတ်ချက်ကို ချိုးဖောက်ဖို့ပဲ။ ငါတို့ရဲ့နည်းလမ်းတွေအားလုံးက အဲဒါကို အလေးပေးထားတာ။ ဒါပေမယ့် အဲဒါကိုအသုံးချလို့ရနိုင်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး။ သူတို့ကတော့ စမ်းသပ်မှုတွေအားလုံးကို ဖြတ်ကျော်ပြီး ဒီနည်းလမ်းကို ရှာတွေ့ခဲ့တာ တော်တော်လေးကို အံ့ဩဖို့ကောင်းတယ်…"

သူမက ခဏရပ်လိုက်ပြီး ထပ်ပြောလိုက်သည်။

"ငါတို့က ဒီကျင့်စဉ်ကို တခြားကျင့်စဉ်တွေနဲ့ ပေါင်းပြီးတော့လည်း အသုံးပြုလို့ရတယ်။ ဒါက ငါတို့တွေကို စွမ်းအားပိုရစေနိုင်တဲ့အပြင် သေခြင်းရှင်ခြင်းကြားမှာရှိတဲ့ ကန့်သတ်ချက်ကို ချိုးဖောက်တဲ့အချိန်မှာလည်း ပိုပြီးတော့ လွယ်ကူစေနိုင်တယ်.. "

"ဟုတ်တယ်…"

မုန့်ချီကလည်း ထိုအရာကို တွေးမိသည့်အတွက် စိတ်လှုပ်ရှားနေခဲ့ခြင်းဖြစ်သည်။

သူတို့(၂)ယောက် စကားပြောပြီးသွားသည့်အချိန်တွင် နောက်ထပ် အဖြူရောင်အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။

မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်းကြည့်လိုက်မိကြပြီး စိတ်အေးသွားသလို ခံစားလိုက်ရ၏။

"အခုငါတို့က ဘာကို လဲသင့်လဲဆိုတာ စဉ်းစားလို့ရပြီ…"

ကျန်းကျိဝေက ပြောလိုက်သည်။

Translated by Hein Htet.

All Chapters