အခန်း (၇၉)
Vol. 6 Ch. 79
မုန့်ချီက ပြန်မဖြေနိုင်သေးခင် မြေကွက်လပ်ထဲ၌ အဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။ ရုတ်တရက်ဆိုသလို အဖြူရောင်မြေကွက်လပ်ထဲတွင် ရှိနေသော အလင်းတိုင်လုံးက လင်းလက်လာပြီး တဖြည်းဖြည်း ငြိမ်သက်သွားခဲ့၏။
"ဘယ်သူလဲ...။ ဘာလို့ လူတစ်ယောက် ပိုလာရတာလဲ...."
ကျန်းကျိဝေနှင့် မုန့်ချီတို့ နှစ်ယောက်လုံးက ရှုပ်ထွေးသွားကြသည်။
ထိုအရာက တစ်ယောက်ချင်း တာဝန်ဖြစ်ပြီး ဘာကြောင့် လူတစ်ယောက် ပိုလာရသနည်း။ နောက်ဆုံး အလင်းတိုင်လုံးက အရင်ဆုံး ပျောက်ကွယ်သွားခဲ့သည်။
ချီကျန်းရန်ကို အနီရောင်အလင်းတန်းများ လွှမ်းခြုံနေသည်မှာ တစ္ဆေ၊ သရဲတစ်ကောင်ကဲ့သို့ ထင်မှတ်ရ၏။ သူက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး သူတို့ကို ပြောလိုက်သည်။
"ငါ့ရဲ့တစ်ယောက်ချင်းတာဝန်မှာ လူသစ်တစ်ယောက်ကို ဦးဆောင်ရမဲ့ တာဝန်လည်း ထည့်ပေးထားတယ် ...။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူ့ကို မကောင်းဆိုးဝါး တစ်ကောင်က သတ်ပစ်လိုက်တယ် ...."
"လူသစ်တစ်ယောက် ဟုတ်လား...။ အစ်ကိုကြီးကျန်းက ဦးဆောင်ရတာလား...."
မုန့်ချီက ခန့်မှန်းကြည့်လိုက်သည်။
"ဟုတ်တယ် .။ မင်းပြောတာ မှန်တယ်.. ညီလေးကျန်းတင် ...."
ကျန်းယွင်ရှန်၏ အနားတွင် ရှိနေသော အလင်းတိုင်းလုံးကလည်း ပျောက်ကွယ်သွားသည်။ သူက ကျန်းဝူဂိုဏ်း၏ ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်ချောမောခန့်ညား၏။ သူ့အနားတွင်တော့ မိန်းမပျိုလေးတစ်ယောက် ရပ်နေသည်။
သူမက အသက်(၁၇) (၁၈)ဝန်းကျင်သာ ရှိနိုင်သေး၏။ သူမ၏ မျက်နှာလေးက ဘဲဥပုံရှိနေပြီး သူမ၏မျက်ခုံးလေးများက လခြမ်းကွေးသဏ္ဍာန် မျက်ခုံးလေးမျိုး ဖြစ်သည်။ သူမက အစိမ်းရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး အလွန်နူးညံ့သိမ်မွေ့လှ၏။
ကျန်းယွင်ရှန်က သူမကို အပြုံးနှင့် မိတ်ဆက်ပေးလိုက်သည်။
"ဒါကတော့ ဖူကျန်းကျန်းလို့ခေါ်တယ် ..။ သူက မြောက်ပိုင်းကျိုးအင်ပါယာမှာရှိတဲ့ ယင်ဟွာကျောင်းဆောင်က တပည့်တစ်ယောက်လေ ..."
"ယင်ဟွာ ကျောင်းဆောင် ဟုတ်လား ...."
မုန့်ချီကတော့ ပင်မသိုင်းဂိုဏ်းများအားလုံးကို သိနေခဲ့ခြင်းမရှိချေ။ ယင်ဟွာကျောင်းဆောင်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။ ထိုအရာကလည်း သီလရှင်ကျောင်းတစ်ကျောင်း ဖြစ်နိုင်သည်။
"ကျန်းကျန်း ....
ဒါကတော့ ကျန်းတင်လို့ခေါ်တယ်...။ ဒါက ကျိကျန်းဓားစံအိမ်က ကျန်းကျိဝေ...။ ဒါကတော့ ဟွမ်ဟွာဓားသိုင်းက ချီကျန်းရန် ....."
ကျန်းယွင်ရှန်က သူတို့ (၃)ယောက်ကို ဖူကျန်းကျန်းနှင့် မိတ်ဆက်ပေးလိုက်သည်။
ဖူကျန်းကျန်းက အပြုံးနှင့် ပြောလိုက်၏။
"ညီမလေးကျန်း ၊ အစ်ကိုချီနှင့် မောင်လေးကျန်းတင် ....
နင်တို့အားလုံးက သိုင်းပညာ အရမ်းကျွမ်းကျင်ကြတာ တော်တော်လေး ကောင်းတယ်.။ ငါက တကယ့်ကို ရှက်မိပါတယ် ...."
တခြားသူများကတော့ သူ့ကို အလေးအနက် မထားကြပေ။ မုန့်ချီက ရယ်ကာမောကာနှင့် နှုတ်ဆက်လိုက်၏။
"အဘိုးကြီးကျန်း မဟုတ်သေးပါဘူး ..၊ အစ်ကိုကြီးကျန်းနဲ့ကျန်းကျန်းက...."
သူက ကျန်းကျန်းဟူသော စကားလုံးကို တမင်တကာ ကျယ်လောင်စွာ ပြောလိုက်ခြင်း ဖြစ်သည်။ သူတို့က အချင်းချင်းသိကြသည်မှာ မိနစ်ပိုင်းသာ ရှိသေးသည့်အတွက် သူမ၏နာမည်ကိုသာ ခေါ်လိုက်သည်။ သို့သော် သူတို့နှစ်ယောက်က တစ်စုံတစ်ခု ထူးခြားနေနိုင်၏။ မုန့်ချီက တစ်စုံတစ်ခု လွဲမှားနေသလို ခံစားနေရသည်။
ကျန်းကျိဝေနှင့် ချီကျန်းရန်တို့ကလည်း အခြေအနေကို နားလည်သွားကြ၏။ သူတို့က ကျန်းယွင်ရှန်နှင့် ဖူကျန်းကျန်းတို့ကို တစ်လှည့်ဆီ လှမ်းကြည့်နေကြသည်။
ဖူကျန်းကျန်း၏ မျက်နှာလေးကတော့ နီရဲပြီး ရှက်ရွံ့လာခဲ့၏။ သူမက ခြေထောက်ကိုသာ ငုံ့ကြည့်နေခဲ့သည်။ ထိုအချိန်တွင် ကျန်းယွင်ရှန်က အနည်းငယ် ချောင်းဟန့်လိုက်ပြီး သူတို့ကို ပြောလိုက်၏။
"ငါတို့က သိုင်းလောကမှာ နေကြတာဆိုတော့ အဲဒီလိုကိစ္စလေးတွေကို ဂရုမစိုက်ကြပါနဲ့.."
သူတို့က စကားပြောနေကြသည့်အချိန်တွင် အနည်းငယ် မသင့်တော်သလို ဖြစ်မှာ စိုးသည့်အတွက် သူက ပြောလိုက်၏။ ထို့နောက် သူက အလေးအနက် ပြောလိုက်သည်။
"ညီမလေးကျန်း ၊ ညီလေးချီနဲ့ ညီလေးကျန်းတင် .....
ကျေးဇူးပြုပြီး ကျန်းကျန်းကို ဂရုစိုက်ပေးပါဦး ..."
ထိုစကားကို ကြားသည့်အခါ ဖူကျန်းကျန်းက ပို၍ပင် ရှက်ရွံ့သွားပြီး ခေါင်းငုံ့ထားမိသည်။
"အစ်ကိုကြီးကျန်း....
ကျွန်တော်တို့က နားလည်ပါတယ်..။ လူငယ်အချင်းချင်း ချစ်ကြိုက်တယ်ဆိုတာက သာမန်ပါပဲ…"
မုန့်ချီက တိုးတိုးလေး ရယ်လိုက်မိသည်။
သံသရာတာဝန်က သူတို့ကို အချင်းချင်း ချစ်ကြိုက်သွားစေနိုင်သည်။ သံသရာအရှင်သခင်က အောင်သွယ် လုပ်ဆောင်ပေးနေခြင်းပေလော။ ကျန်းယွင်ရှန်က ပထမဆုံးအကြိမ် ချစ်ကြိုက်သွားမိခြင်းဖြစ်သည်။ ထို့ကြောင့် သူက စနောက်ခံနေရသည့်အတွက် အနည်းငယ် ရှက်ရွံ့နေသေး၏။
"ညီလေး ကျန်းတင် ....
မင်းက ဘာလို့ ရွတ်နောက်နောက် ကိုယ်တော်တစ်ပါးလို ပြုံးနေရတာလဲ ....."
သူကတော့ မုန့်ချီကို အပြောင်ကိုရင် ဟုပင် ခေါ်ချင်နေသည်။
"ဟုတ်လား ....."
မုန့်ချီကတော့ သူ့မျက်နှာသူ ကိုင်ကြည့်လိုက်ပြီး ပြောလိုက်၏။
"ကျွန်တော်က လက်ဆက်ပေးတဲ့ ကိုရင်တစ်ပါးဖြစ်သင့်တာ မဟုတ်လား ...."
ကျန်းကျိဝေက တခစ်ခစ် ရယ်လိုက်သည်။ ပုံမှန် အခြေအနေတွင် ထိုကိုရင်လေးက အလေးအနက် ရှိနေသော်လည်း ဖိအား မရှိသည့်အချိန်တွင်တော့ အတော်လေးကို ရွှတ်နောက်နောက် ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူတို့၏ အဖွဲ့က ဖိအားများ လျှော့ကျသွားနိုင်၏။
ကျန်းယွင်ရှန်က ခေါင်းစဉ်ပြောင်းလိုက်သည်။
" မင်းတို့က ကံကြမ္မာအမှတ်တွေ ဘယ်လောက်ရခဲ့တာလဲ ..။ ငါတို့က ဘာတွေလဲလို့ရမလဲ ကြည့်ကြရအောင် ...."
မုန့်ချီက ပြန်မဖြေနိုင်သေးခင် သူက တိုက်ရိုက်ပြောလိုက်သည်။
"ငါက သီးခြားတာဝန်တွေနဲ့ လူသစ်တွဲခေါ်တဲ့ တာဝန်တွေကြောင့် စုစုပေါင်း ကံကြမ္မာ အမှတ် (၃၆၀)ရခဲ့တယ် ..”
“ငါက (၃၂၀)....."
ဖူကျန်းကျန်းက တီတိုးပြောလိုက်၏။
ကျန်းကျိဝေကတော့ ပြုံးလိုက်ပြီး ကျန်ယွင်ရှန်နှင့် ဖူကျန်းကျန်းတို့ကို အခက်တွေ့အောင် မလုပ်ချင်ခဲ့ပေ။
"ငါက သီးခြားတာဝန် (၂)ခု ပြီးခဲ့တဲ့အတွက် ကံကြမ္မာအမှတ် (၅၅၀)ရတယ်....။ ပြီးတော့ သိုင်းကျမ်းတစ်ချို့ကို ရခဲ့တဲ့အတွက် ကံကြမ္မာအမှတ်(၆၀၀) ကျော်နိုင်တယ်."
"အများကြီးပါလား ...."
တစ်ခုချင်းတာဝန်တွင် သူ၏ကံကြမ္မာအမှတ်က အများဆုံးဖြစ်မည်ဟု မုန့်ချီက တွေးခဲ့မိသည်။
ကျန်းကျိဝေက သူထက်ပို၍ များလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။
"ငါကတော့ သီးခြားတာဝန် (၂)ခုကို ပြီးခဲ့တယ်..။ အဲဒီအတွက် ကံကြမ္မာအမှတ် (၄၈၀) ရတယ် ...။ ဒါပေမယ့် အရင်တစ်ခေါက်တုန်းက ကံကြမ္မာအမှတ်(၃၀) အကြွေးတင်ထားတယ် ...."
ချီကျန်းရန်ကလည်း ပြောလိုက်သည်။
"ကံကြမ္မာအမှတ် (၃၈၀)နဲ့ ခွန်းလွန်လက်သီးသိုင်းကို လဲလိုက်တဲ့အတွက် (၃၀) ကျန်တာရယ်ကို ပေါင်းလိုက်ရင် (၄၁၀) ရှိတယ် ......"
"အစ်ကိုကြီးချီ ..ဗရမ်းပတာကျင့်စဉ်က အစ်ကိုကြီးရဲ့ လေ့ကျင့်ဖို့အတွက် အဆင်ပြေရဲ့လား ......"
မုန့်ချီက စိတ်ဝင်တစား မေးလိုက်သည်။
ချီကျန်းရန်က ခေါင်းခါပြလိုက်၏။
"တိုက်ပွဲထဲမှာ ငါ့ရဲ့မှော်စွမ်းအားကို ချိုးဖျက်နိုင်တဲ့အရာတွေရှိတယ် .။ သံသရာ အရှင်သခင်ရဲ့ အကြံပေးချက်အရ ငါက မှော်ပညာနဲ့ စမ်းသပ်ချင်တယ် ဆိုရင်တော့ တာဝန်ပေးတဲ့ ကမ္ဘာကြီးထဲမှာ အခွင့်အရေးရှိနိုင်မယ်လို့ ပြောခဲ့တယ် .။ ဖရိုဖရဲ ကျင့်စဉ်ကနေ ရနိုင်တဲ့ အခက်အခဲကရော တော်တော်လေး ပြင်းထန်တယ်."
မုန့်ချီက စဉ်းစားကြည့်လိုက်ပြီး တစ်ကိုယ်လုံး ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ရုတ်တရက်ဆိုသလို သံသရာ အရှင်သခင်၏ အေးတိအေးစက်အသံကို ကြားလိုက်ရ၏။
"တာဝန်သုံးသပ်ချက် ....
ကျန်းကျိဝေနှင့်ကျန်းတင်တို့က သာမန်ပဲ ..။ သူတို့ (၂)ယောက်က ဘာအခွင့်အရေးမှ မတွေ့ခဲ့တဲ့အတွက် တစ်ယောက်ကို ကံကြမ္မာအမှတ် (၃၀)ဆီရမယ်..။ ကျန်တဲ့သူတွေအားလုံးက သာမန်ပဲ ..။ ငါက ဒီတစ်ကြိမ် ဘာရတနာမှ မရှာနိုင်ခဲ့တာ အံ့ဩဖို့ကောင်းတယ် .။ မဟုတ်ရင် ငါက မဲနှိုက်ဖို့ အခွင့်အရေးရဦးမှာ ...."
မုန့်ချီက တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ မုန့်ချီဆီတွင် ကံကြမ္မာအမှတ် (၅၁၀)ရှိ၏။ အမှတ်(၃၀)ကို နှုတ်လိုက်မည်ဆိုလျှင် (၄၈၀) ကျန်နေသေးသည်။ ကျန်းကျိဝေဆီတွင် (၅၉၀)ရှိသည်။ ကျန်းယွင်ရှန်ဆီ၌ (၃၈၀)ရှိပြီး ချီကျန်းရန်နှင့် ဖူကျန်းကျန်းတို့၏ ကံကြမ္မာအမှတ်က အတူတူသာဖြစ်သည်။
"ငါတို့က ဘာရွေးရမလဲဆိုတာ ဆုံးဖြတ်ကြစို့ ....."
ကျန်းယွင်ရှန်က ပြောလိုက်သည်။ သူကတော့ ခေါင်းစဉ် ပြောင်းသွားလိုခြင်း မရှိချေ။
ကျန်းကျိဝေက ပြုံးလိုက်၏။
"ခဏစောင့်ဦး ...”
"ဘာလဲ ...."
သူတို့အားလုံးက သူမကို ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။
ကျန်းကျိဝေက မုန့်ချီကို ကြည့်လိုက်၏။
"ငါပဲ ပြောလိုက်ရမလား...."
ထိုအရာက မုန့်ချီနှင့် ပတ်သက်နေသည့်အတွက် သူမက ဆုံးဖြတ်ချက် မချနိုင်ပေ။ သူမ၏မေးခွန်းကို ကြားသည့်အခါ မုန့်ချီက နားလည်သွားခဲ့၏။ သူက အပြုံးနှင့် ပြောလိုက်သည်။
"ကျွန်တော်က ထူးဆန်းတဲ့ကျင့်စဉ်တစ်ခုကို ရခဲ့တယ် ..။ အဲဒါက မျက်ခုံးခြား ပင်မတံခါးကို လှုံဆော်နိုင်တယ် ...."
သူက ပြောင်းလဲမှုကျင့်စဉ် အကြောင်း အကြမ်းဖျင်း ပြောပြလိုက်သည်။
အကယ်၍ သူ့လူများကသာ ပို၍အစွမ်းထက်လာမည်ဆိုလျှင် ပို၍လုံခြုံနိုင်ကြောင်း မုန့်ချီက ရှင်းရှင်းလင်းလင်း သိနေ၏။ သူတို့၏ စကားထဲတွင် အဓိကစွမ်းရည်များနှင့် စည်းမျဉ်းများအကြောင်း ပြောနေခြင်း မဟုတ်ဘဲ လက်ရှိ အခြေအနေကို ပိုကောင်းစေရန် ဝေမျှပြောနေခြင်းသာ ဖြစ်၏။
သို့သော် ကျောက်စိမ်းဗုဒ္ဓရုပ်ထုလေးနှင့် ပတ်သက်သည့်အရာကတော့ အတော်လေး ထူးဆန်းနေ၏။ ယခုချိန်ထိ သူကိုယ်တိုင်လည်း မသိသေးပေ။ ယခင်တစ်ခေါက်တွင် သူတို့က သိမထားသေးသည့်အတွက် မုန့်ချီက လျှို့ဝှက်ထားရန် ဆုံးဖြတ်လိုက်ပြီး သဲလွန်စများ တွေ့သည့်အချိန်မှသာ ပြန်ပြောရန် စဉ်းစားထားခဲ့သည်။
"ဒီမှော်စွမ်းအားက ရန်သူရဲ့အာရုံ (၅)ပါးကို နှောင့်ယှက်နိုင်ပြီး ပုံရိပ်ယောင်တွေ ဖန်တီးပေးနိုင်တယ် ..။ ဒါက ဝေ့ကျင်းတစ်ဝက်အဆင့်ကို မရောက်ခင် တိုက်ပွဲတွေမှာ တော်တော်လေး အကူအညီပေးနိုင်တယ်...။ ညီလေးကျန်းတင် … ငါတို့က အဲဒါကို ကံကြမ္မာအမှတ်နဲ့လဲလို့ရမလား ....။အဲဒါသံသရာ အရှင်သခင်ဆီမှာ လဲလိုက်တာထက်စာရင် ငါတို့အချင်းချင်း လဲလိုက်တာက ပိုကောင်းတယ်လေ ...."
ကျန်းယွင်ရှန်က ပြောင်းလဲမှုကျင့်စဉ်၏ တန်ဖိုးကို နားလည်သွားခဲ့သည်။
သူက ဖူကျန်းကျန်းကိုကြည့်လိုက်၏။
"ငါလည်း သူပြောတာကို သဘောတူတယ်..."
ချီကျန်းရန်ဆီတွင်လည်း တူညီသော အဖြေမျိုး ရှိနေသည်။ သူ၏ မျက်ခုံးကြား ပင်မတံခါးက အတွင်းထဲကို ပေါင်းစပ်ရန် သတိထားရသည်။ သူ၏ ဝတ်စုံဖြူ မီးခိုးကျင့်စဉ်ကတော့ ရန်သူများကို နှောင့်ယှက်နိုင်၏။
သို့သော် ထိုအရာက တခြားသော မှော်စွမ်းအင်များဖြစ်၏။ သူတို့က ကောင်းကင်ကြီး၏ စွမ်းအင်များကို စုပ်ယူပြီး လေ့ကျင့်ရန် လိုအပ်သည်။ သို့သော် မျက်ခုံးခြားပင်မတံခါးကို လှုံဆော်နိုင်ခြင်း မရှိသေးပေ။
မုန့်ချီက ပြုံးလိုက်၏။
"ငါက မင်းတို့ကို ပြောဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ လဲဖို့အတွက်လည်း ပြင်ဆင်ထားတယ်။ ဒါပေမယ့် ငါက မင်းတို့တွေကိုတော့ အလကား မပေးနိုင်ဘူး။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ငါက လောဘကြီးတာလည်း မဟုတ်ပါဘူး..။ ဒါနဲ့ ပတ်သက်ပြီး စည်းမျဉ်းလေးတစ်ချို့ ရှိတာပိုပြီး ကောင်းမယ်လို့ ထင်လို့ပါ ..။ ပြီးတော့ ငါက တခြားဖြတ်လမ်းနည်းတွေကိုလည်း ဂရုမစိုက်ဘူးလေ..။ ငါတို့တွေက ဒါတွေကို ရဖို့အတွက် တော်တော်လေး ကြိုးစားခဲ့ရတာ..။ ငါလည်း ကံကြမ္မာအမှတ်တွေလိုတယ်။ ဒီတော့ အလကားပေးလိုက်မယ်ဆိုရင် မတရားရာ ကျမယ် .။ ဒီတော့ ဒါက နောက်ပိုင်းမှာ ငါတို့အဖွဲ့ရဲ့ တိုးတက်မှုနှင့် ပူးပေါင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်တယ် ...."
ကျန်းကျိဝေက မုန့်ချီကို ကြည့်ပြီး အံ့ဩသွားခဲ့သည်။ သူမက ထိုအရာကို ပြောရန် စဉ်းစားထားခဲ့၏။သို့သော် သူက တိုက်ရိုက်ပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အကယ်၍ တခြားလူများက မကျေနပ်လျှင် သူမက သူ့အစား ပြောပေးမည်ဖြစ်သည်။
"ဟုတ်တယ်..။ မင်းပြောတာမှန်တယ်ညီလေး..။ ငါလည်း မင်းစကားကို လက်ခံတယ်."
ကျန်းယွင်ရှန်က အပြုံးနှင့် ပြောလိုက်၏။
ဖူကျန်းကျန်းက သူတို့နှင့် ပထမဆုံးအကြိမ် တွေ့ခြင်း ဖြစ်သည့်အတွက် ထူးထူးခြားခြား မခံစားနေခဲ့ပေ။ သူတို့က အချင်းချင်း မရင်းနှီးသည့်အတွက် ထိုအခြေအနေက သာမန်သာ ဖြစ်သည်။ ကျန်းယွင်ရှန်ကလည်း ခေါင်းညိတ်ပြလိုက်ပြီး ထိုအကြံပေးချက်ကို ဆိုးရွားသည်ဟု မခံစားရပေ။
သူတို့အများစုကတော့ အနာဂတ်တွင် သူတို့ကိုယ်တိုင်လည်း သိုင်းကျမ်းများကို ရလာနိုင်သည်ဟု တွေးထားကြသည်။ အကယ်၍ သူတို့ကသာ သိုင်းကျမ်းများကို အလကားယူလိုက်မည်ဆိုလျှင် အနာဂတ်၌ သူတို့ရလာသောအရာများကို ဖုံးကွယ်ထားနိုင်သည်။
မုန့်ချီကတော့ ထိုအခြေအနေကိုကျေနပ်သွားပြီး အပြုံးနှင့်ပြောလိုက်၏။
"ကျွန်တော်က သံသရာအရှင်သခင်ဆီမှာ ပြောင်းလဲမှုကျင့်စဉ်ကို လဲလိုက်မည်ဆိုလျှင် ကံကြမ္မာအမှတ်(၂၀၀) ရမယ်။ ဒါပေမယ့် ကျွန်တော်က အားလုံးကို ပြလိုက်မယ်ဆိုတော့ ကံကြမ္မာအမှတ်(၁၀)မှတ် (၁၅)မှတ်ပဲ ရတော့မယ်။ ဒီတော့ တစ်ယောက်ဆီက ကျွန်တော့်ကို ကံကြမ္မာအမှတ်(၅၀)ပေးရမယ်..."
ကျန်းယွင်ရှန်နှင့် တစ်ခြားလူများက မည်သည့်အရာမျှ မပြောကြချေ။ သူတို့က မုန့်ချီကို ကံကြမ္မာအမှတ်များပေးပြီး ပြောင်းလဲမှုကျင့်စဉ်ကို ပြန်လည်ကူးယူလိုက်ကြသည်။ ပြောင်းလဲမှုကျင့်စဉ်က ဉာဏ်အလင်းပွင့်မှုအဆင့်ဖြစ်၏။ ထိုအရာကို (၄)ယောက် ကူးယူလိုက်သည့်အတွက် ကံကြမ္မာအမှတ် (၁၀)မှတ်သာ တန်တော့သည်။
နောက်ဆုံးတွင်တော့ မုန့်ချီက ပြောင်းလဲမှုကျင့်စဉ်ကို သံသရာအရှင်သခင်ဆီသို့ ပေးလိုက်ပြီး ကံကြမ္မာအမှတ်ကို ယူခဲ့၏။ သူ့ဆီတွင် ကံကြမ္မာအမှတ် စုစုပေါင်း(၆၉၀)ရှိနေပြီ ဖြစ်သည်။
ကျန်းကျိဝေကတော့ သာမန်သိုင်းကျမ်းများကို သံသရာအရှင်သခင်ဆီသို့ လဲလိုက်သည့်အတွက် ကံကြမ္မာအမှတ်(၈၀)ရခဲ့သည်။ ယခု သူမဆီတွင် ကံကြမ္မာအမှတ်(၆၂၀)ရှိ၏။ ကျန်းယွင်ရှန်ဆီတွင် (၃၃၀)ရှိနေသေးပြီး ချီကျန်းရန်ဆီ၌ (၃၆၀)ရှိ၍ ဖူကျန်းကျန်းဆီတွင် (၃၇၀) ရှိသည်။
"ငါတို့က ဘာလဲရမလဲဆိုတာ ဆုံးဖြတ်ကြစို့....."
မုန့်ချီဆီတွင် ရုတ်တရက် ကံကြမ္မာအမှတ်များ ပိုများနေသည့်အတွက် ရည်မှန်းချက်က ပိုကြီးလာသည်။
ကျန်းကျိဝေက ဖူကျန်းကျန်းကိုကြည့်ပြီး ပြောလိုက်၏။
"ကျန်းကျန်းကို အရင်ဆုံးရွေးခိုင်းလိုက် ။ သူက ဘာတွေထူးချွန်လဲ ဘာတွေလဲချင်လဲဆိုတာ ငါတို့မသိဘူးလေ..။ ငါက ချီစုဆောင်းရေးအဆင့်ကို အောင်မြင်သွားပြီ..။ ငါက မျက်လုံးတံခါးကို စုစည်းဖို့လိုအပ်တယ်...။ ဒီတော့ ငါက ကောင်းကင်တံခါး ဆေးလုံးကို လဲချင်တယ်..."
ဖူကျန်းကျန်းက သိမ်မွေ့စွာ ပြောလိုက်သည်။
သူမက ရှက်နေခြင်းမရှိတော့ချေ ။ ကျန်းယွင်ရှန်ကပြောလိုက်၏။
“ကျန်းကျန်းက ဆေးပညာကိုစိတ်ဝင်စားတယ် ယင်ဟွာကျောင်းဆောင်က ကုသမှုမှာ ထူးချွန်တယ်လေ..။ ဒါပေမယ့် သူက ဂိုဏ်းမှာမရှိတဲ့အတွက် အဲဒါတွေကို မလေ့ကျင့်နိုင်ဘူး..။ အဲဒီသိုင်းကျမ်းက အပိုင်း(၃)ပိုင်းရှိပြီး ပထမအပိုင်းကို ကံကြမ္မာအမှတ်(၉၀၀)လိုတယ်..။ အဲဒါကြောင့် နောက်တစ်ကြိမ်မှပဲ ဖြစ်နိုင်တော့မယ်...။ မင်းတို့က သိုင်းကျမ်းတစ်ခုခုများ သိထားသေးလား...."
သူက သိထားသည့်အရာများကို စဉ်းစားနေခဲ့သည်။
"လူ့အသက်ကို ကယ်ချင်ပြီး အဆိပ်ကျင့်စဉ်ကို လိုချင်နေတယ်ဆိုရင်တော့ ကံကြမ္မာအမှတ်အများကြီး မကုန်တဲ့ ကျင့်စဉ်တစ်ခုကို သိတယ်..."
“ဟုတ်လား......"
မုန့်ချီက စာရင်းထဲတွင် ရှိနေသော အရာအားလုံးကို လေ့လာထားကြောင်း ကျန်းယွင်ရှန်က သိနေသည်။ သူက တစ်ခြားသူများထက် ပို၍သိနေ၏။ စာရင်းထဲတွင် ပစ္စည်းအမြောက်အများ ရှိနေသည်။ ထို့ကြောင့် ထိပ်ဆုံးစာရင်းထဲတွင် ရှိနေသော အနည်းငယ်ကလွဲရင် အရာအားလုံးကို မှတ်မိရန် ခက်ခဲသည်။
“ဆေးဘုရင်မှတ်တမ်း …”
မုန့်ချီက တည့်တည့်သာ ပြောလိုက်၏။ သူတို့ထဲတွင် ကုသမှု ကျွမ်းကျင်သော အဖွဲ့သားတစ်ယောက်ရှိသည်မှာ အတော်လေး ကောင်းမွန်လှသည်။ ဆေးဘုရင်မှတ်တမ်းက မြေခွေးပျံသခင်လေး ပိုင်ဆိုင်ထားသော အရာဖြစ်သည်။ ထိုသိုင်းကျမ်း၏(၉၀)ရာခိုင်နှုန်းက ကုသရန်ဖြစ်ပြီး ကျန်ရှိနေသည့်အရာထဲတွင် အဆိပ်မျိုးစုံ ပါဝင်နေသည်။
ကျန်းယွင်ရှန်က ကျောက်စိမ်းစာအုပ်ထဲ၌ ရှာဖွေကြည့်လိုက်ပြီး မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့သည်။ သူက လက်ခုပ်တီးလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏ ။
"ကျန်းကျန်း ဒါကိုဘယ်လိုသဘောရလဲ....”
ဆေးဘုရင်မှတ်တမ်းက ကံကြမ္မာအမှတ်(၁၅၀)သာရှိ၏။ ဖူကျန်းကျန်းက တတ်နိုင်သည်။ အကယ်၍ သူမက မတတ်နိုင်လျှင်လည်း ကျန်းယွင်ရှန်က ကူညီပေးနိုင်၏။
ဖူကျန်းကျန်းက သံသရာအရှင်သခင်၏ ရှင်းပြမှုများကို ဂရုတစိုက် ဖတ်ကြည့်နေပြီး ဝမ်းသာအားရ ပြောလိုက်သည်။
"ဒါက အဆင်ပြေတယ်....။ ဒီထဲမှာ ဆေးကျမ်းနဲ့ အဆိပ်ကျမ်း(၂)မျိုးလုံးကို အသေးစိတ် ရေးထားတယ်...."
ဆေးဘုရင်မှတ်တမ်းထဲတွင် ရှိနေသော ဆေးများက ထူးခြားသော ပန်းပွင့်များ ရှားပါးသောဆေးပင်များနှင့် ယှဉ်လိုက်လျှင် သာမာန်သာဖြစ်၏။ ဆေးမှတ်တမ်းများနှင့် အဆိပ်မှတ်တမ်းများကတော့ ကျယ်ပြန့်စွာ အသုံးပြုနိုင်၏။
ထို့နောက် ဖူကျန်းကျန်းက ကောင်းကင်တံခါးဆေးလုံးတစ်လုံး၊ ဆေးဘုရင်မှတ်တမ်းနှင့် ဂါနိုဒါးမား စွမ်းအင်ပြန်ဖြည့်ဆေးတို့ကို လဲလှယ်လိုက်သည်။ ထို့ကြောင့် သူမ၏ကံကြမ္မာအမှတ်အားလုံး ကုန်သွားခဲ့သည်။
"ကိုရင်လေး…နင်ကကော..."
ကျန်းကျိဝေက မုန့်ချီကိုမေးလိုက်၏။ သူမက ရိုးရှင်းသည့်အရာတစ်ခုကို စဉ်းစားထားသော်လည်း အလျင်မလိုသေးပေ။
မုန့်ချီက ရပ်၍ ပြောလိုက်သည်။
"အခုချိန်မှာ ငါ့အတွက် ဘာကပိုပြီးသင့်တော်တာလဲ....။ ကောင်းကင်နတ်ဆိုး ဖျက်ဆီးခြင်းလို သိုင်းကျမ်းမျိုးလား...။ ဒါမှမဟုတ် ကိုယ့်ဘဝကို တိုးတက်စေနိုင်မယ့် အကူအညီမျိုးလား ...."
Translated by Hein Htet