← Chapters

အခန်း (၈၀)

Vol. 6 Ch. 80

အခန်း (၈၀)

Vol. 6 Ch. 80

"ဘာလို့နှစ်ခုစလုံးကို မရွေးရတာလဲ.."

ချီကျန်းရန်က အလွန်ရှုပ်ထွေးစွာ မေးလိုက်သည်။ မုန့်ချီဆီတွင် ကံကြမ္မာအမှတ်(၆၉၀)ရှိနေပြီး နှစ်ခုလုံးကို လဲရန် လုံလောက်၏။

"ကျွန်တော်က မျက်လုံးတံခါးအပါအဝင် တံခါး(၆)ပေါက်ကို စုစည်းနေရတယ်။ ပြီးတော့ နောက်ထပ်တာဝန်က ဘယ်အချိန် ပြန်စမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး…"

မုန့်ချီက အလေးအနက် ပြောလိုက်သည်။

"ဒါကြောင့် ကျွန်တော်က ကောင်းကင်တံခါးဆေးလုံးတစ်လုံးကို လဲဖို့လိုတယ်။ ဒါမှလည်း နောက်တာဝန်မစခင် ဉာဏ်အလင်းပွင့်မှု အဆင့်ကို တက်နိုင်မှာ။ အဲဒီအပြင် ကျွန်တော်က တိမ်မုန်တိုင်းအပ်ကိုလည်း ပြန်ဖြည့်ဖို့ လိုသေးတယ်။ ပြီးတော့ ကျွန်တော်ရဲ့အရှိန်ကို မြှင့်တင်ပေးနိုင်တဲ့ ကိုယ်ဖော့ပညာတစ်ခုနှင့် သန့်စင်လက်နက်အဆင့် ဓားတစ်ချောင်းကိုလည်း လို‌သေးတယ်…"

သူက အပြုံး‌နှင့် ပြောလိုက်ပြီး ပျက်စီးနေသော သူ၏ ဓားကို ဝှေ့ယမ်းပြလိုက်သည်။

ထိုအရာကတော့ အကြိမ်(၁၀၀)မီးပေးထားသော သံဓားသက်သက်သာဖြစ်၏။ ကွေရှုက စိတ်ဝိညာဉ်လျှို့ဝှက်တံခါး ပွင့်နေပြီး သူ၏ဓားကို အတော်လေး အားစိုက်၍ ဖန်တီးထားခဲ့သည်။ ထို့ကြောင့် မုန့်ချီ၏ ဓားက ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့ရ၏။ အကယ်၍ ကွေရှုဆီတွင်သာ သန့်စင်လက်နက်အဆင့် ဓားရှည်တစ်ချောင်း ရှိနေမည်ဆိုလျှင် မုန့်ချီ၏ ဓားကနှစ်ပိုင်းပြတ်သွားနိုင်သည်။

တာဝန်တစ်ခု ပြီးဆုံးသွားသည့်အချိန်တိုင်း သံသရာတာဝန်ထဲ‌တွင် တွေ့ခဲ့ရသော ရန်သူများက တဖြည်းဖြည်းပို၍ အစွမ်းထက်လာသည်။ ထို့ကြောင့် နောက်ထပ် တာဝန်တွင် မုန့်ချီက သန့်စင်လက်နက်များ ရှိနေသော ရန်သူများကို တွေ့ရမှာ စိုးရိမ်နေခဲ့၏။

ထိုသို့ဆိုလျှင် သူက သူ၏ချီစွမ်းအင်များကို အသုံးချပြီး ရန်သူများနှင့် ရင်ဆိုင်ရန် ဓားကို ကာကွယ်ရပါလိမ့်မည်။ ထိုအခါ သူ၏ တိုက်ခိုက်စွမ်းရည်ကလည်း လျော့ကျသွားနိုင်၏။

ထို့ပြင် သူက ဉာဏ်အလင်းပွင့်မှုအဆင့်ကို မရောက်သေးသော ကိုရင်လေး တစ်ပါးသာ ဖြစ်သည့်အတွက် ရှောင်လင်မှနေ၍ သန့်စင်လက်နက်တစ်ခုကို မရနိုင်ပေ။ ရှောင်လင်တွင် လက်နက်တစ်ခု ရွေးချယ်ခွင့်ရရန်အတွက် ကြေးနီလူသားလမ်းကြောင်းကို ချိုးဖောက်ပြီး တောင်အောက်ကို ဆင်းခွင့်ရရန် လိုအပ်သည်။

ကျန်းကျိဝေ၏ စကားအရ မုန့်ချီက သူ့ကမ္ဘာထဲတွင် ရှိနေသော လက်နက်များ၏ အဆင့်ခွဲခြားမှုကို သိနေသည်။ ထိုအရာက သံသရာအရှင်သခင်ဆီတွင်လည်း အတူတူသာ ဖြစ်၏။

အနိမ့်ဆုံးလက်နက်က သာမန်သိုင်းသမားများ အသုံးပြုသော သာမန်လက်နက်များ ဖြစ်သည်။ လမ်းဓားပြများနှင့် အနိမ့်ဆုံးအဆင့် သိုင်းလောကသားများသာ သုံးကြ၏။

မီး(၁၀၀)လက်နက်ကတော့ သူ့ထက် အနည်းငယ်ပို၍ ကောင်းမွန်သည်။ သူတို့ကိုတော့ သာမန်သိုင်းပညာရှင်များက အသုံးပြုကြပြီး သာမန်ဂိုဏ်းများတွင် ရှိနေသော တပည့်များ၊ ရုံးတော်မှ လက်ရွေးစဉ်များက အသုံးပြုကြသည်။ သူတို့ကတော့ ပုံမှန်အားဖြင့် ငွေစ(၁၀၀)ခန့် တန်ကြေးရှိသည်။

သန့်စင်လက်နက်ကတော့ အတော်လေးကို နည်းပါး၏။ သူတို့ကို သတ္တု၊ သစ်သားနှင့် အလွန်ရှားပါးသော တခြားပစ္စည်းများ သုံး၍ ထုလုပ်ကြရသည်။ ပန်းပဲဆရာများ ကိုယ်တိုင်ကလည်း ထိုလက်နက်ကို ဖန်တီးရန်အတွက် အတွင်းအားကောင်းရန် လိုအပ်ပြီး မြေမီးတောက်နှင့် တခြားသော မီးတောက်မျိုးစုံကို ထိန်းချုပ်ရန် ကျွမ်းကျင်နေရမည်ဖြစ်သည်။

ထို့ကြောင့် နာမည်ကျော်ကြားသော သိုင်းလောက သူရဲကောင်းများ၊ ခေါင်းဆောင်များနှင့် သာမန်ဂိုဏ်းများမှ လက်ရွေးစင်တပည့်များ၊ ထိပ်သီးဂိုဏ်းကြီးများ၏ အမွေဆက်ခံသူများ၊ အထက်တန်းလွှာမိသားစုများနှင့် ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့များကသာ ထိုအရာများကို ပိုင်ဆိုင်ကြသည်။

သန့်စင်လက်နက်တိုင်းတွင် ထက်မြက်မှုအပြင် ထူးခြားသော စွမ်းရည်များ ပိုင်ဆိုင်ထားကြသည်။ သူတို့ထဲတွင် မတူညီသော ပစ္စည်းများလည်း ပါဝင်နေကြ၏။

ဥပမာအနေနှင့် ပြောရလျှင် ကျန်းကျိဝေ၏ နေဖောက်သက်တန့်ဓားက သာမန်သံပြားကို ဖြတ်ရန် အသုံးပြုနိုင်သည်။ ထိုအရာက သံတုံးသံခဲလေးများကို ရွံ့တုံးလေးပမာ အလွယ်တကူ ဖြတ်ပစ်နိုင်သည်။ သန့်စင်လက်နက်အဆင့်ကတော့ မီးတောက်ပတ်သက်နိုင်သော လက်စွပ်တစ်ကွင်း၊ ရန်သူကို အေးခဲသွားစေသော လက်စွပ်တစ်ကွင်းကဲ့သို့ အထူးစွမ်းရည်များ ပါဝင်နေကြ၏။ မုန့်ချီကတော့ ထိုအရာကို မှော်ရတနာများဟုသာ တွေးထားသည်။

သန့်စင်လက်နက် အဆင့်ထက် ပို၍ တန်ဖိုးရှိသည်မှာ အဖိုးတန်လက်နက်များဖြစ်ကြပြီး သူတို့က ကောင်းကင်နှင့်မြေကြီး၏ ပြောင်းလဲမှုများကို ဆန့်ကျင်နိုင်ကြ၏။ သူတို့ကို သာမန်လူသားများက ဖန်တီးနိုင်ခြင်းမရှိချေ။

ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်များကိုတော့ မုန့်ချီက သံသရာအရှင်သခင်၏ စာရင်းထဲတွင်သာ ဖတ်ခဲ့ဖူးသည်။ ထိုလက်နက်များထဲတွင်တော့ ဓမ္မအနှစ်သာရနှင့် အခြားသော တာအိုဝါဒများ ပေါင်းစပ်နေပြီး အတော်လေးကို အံ့ဩစရာကောင်းလှ၏။

"ဟုတ်တယ်...သန့်စင်လက်နက်က အရေးအကြီးဆုံးပဲ…"

ကျန်းယွင်ရှန်ကလည်း သူ့ခါးကို ပုတ်လိုက်သည်။ သူ၏ ဓားရှည်ကိုလည်း ဓားအိမ်ထဲမှနေ၍ ဆွဲထုတ်လိုက်၏။ ဓား၏ ပတ်ပတ်လည်တွင်လည်း မြူခိုးများ လွှမ်းခြုံနေပြီး ဓားပေါ်တွင်တော့ နဂါးတစ်ကောင်ကဲ့သို့ တိမ်တိုက်အနည်းငယ်ကို မြင်လိုက်ရသည်။

"ငါက အခြေခံကျင့်စဉ်တွေကို စုစည်းပြီးသွားတဲ့ အချိန်မှာ ကျန်းဝူဓားသိုင်းရဲ့ ပထမအဆင့်ကို ကျွမ်းကျင်ခဲ့တယ်။ ငါ့အဖေက အရမ်းဝမ်းသာသွားတဲ့အတွက် သူ့ဓားကို ပေးလိုက်တာ။ ဒါကတော့ တောင်ပံမြွေဓားလို့ခေါ်တယ်။ ဒီဓားက သူ့ကို နာမည်ကြီးအောင် လုပ်ပေးခဲ့တဲ့ ဓားပဲ။ ဒီဓားသာ မရှိခဲ့ရင် ဒီတာဝန်က ငါ့အတွက် ပိုပြီးတော့ ခက်ခဲနိုင်တယ်…"

"နင်က ဘာလို့ ကိုယ်ဖော့ပညာကို လိုချင်ရတာလဲ..။ နင့်ဆီမှာ လျှပ်စီးပြောင်းလဲမှု ရှိနေပြီလေ…”

သေချာစဉ်းစားပြီးနောက် ကျန်းကျိဝေက မုန့်ချီကို မေးလိုက်သည်။

မုန့်ချီက သေချာစဉ်းစား၍ ပြန်ပြောလိုက်၏။

"လျှပ်စီးပြောင်းလဲမှုက ရှောင်တိမ်းတာတွေ နေရာပြောင်းတာတွေတော့ တကယ့်ကို ကောင်းပါတယ်။ အဲဒါက ကိုယ့်ဖော့ပညာတွေထဲမှာတော့ တော်တော်လေး ကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်သွားရင်တော့ သူ့ရဲ့အရှိန်နဲ့ ပြောင်းလဲမှုက တခြားကျင့်စဉ်တွေထက် ပိုပြီးတော့ အားနည်းတယ်။ တကယ်လို့ တိုက်ပွဲတိုက်ခိုက်နေတဲ့ အချိန်မဟုတ်ရင် ငါက ထွက်ပြေးဖို့လိုသေးတယ်…"

ကျန်းကျိဝေက မုန့်ချီ၏ အနားသို့ကပ်လာပြီး သူမ၏စိတ်ကူးကို တည့်တည့်သာ ပြောလိုက်သည်။

“အမှန်အတိုင်းပြောရရင်တော့ နင်က ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်နိုင်တဲ့ သိုင်းကျမ်းတစ်ခုခုကို ရွေးချယ်သင့်တယ်။ အဲဒါတွေက သာမန်တော့ မဟုတ်ဘူး။ အထူးသဖြင့် နင့်ရဲ့ခန္ဓာကိုယ်က စောစောမြှင့်တင်ထားဖို့ လိုအပ်တယ်လေ။ နင်ရဲ့အခြေခံက ပိုပြီးတော့ ခိုင်မာလေလေ အောင်မြင်မှုကို ရနိုင်လေလေပဲ။ နင်က အသက်ကြီးတဲ့အချိန်ကျမှ မြှင့်တင်ချင်တယ်ဆိုရင်တော့ အကျိုးသက်ရောက်မှု မရှိနိုင်တော့ဘူး။ ကိုယ်ဖော့ပညာက အရှိန်ကို အလေးထားတာ။ ဒါမှမဟုတ် နင်က ကောင်းကင်နတ်ဆိုးသိုင်းကျမ်းလို အရာမျိုးကို ရွေးချယ်သင့်တယ်။ အဲဒါက အနာဂတ်မှာ နင့်ရဲ့အသက်ကို ကယ်တင်ပေးနိုင်တဲ့ စွမ်းရည်တစ်ခုလည်း ဖြစ်သွားနိုင်တယ်…”

“သိုင်းကျမ်းတွေ ထပ်နေမယ်ဆိုရင် အချည်းနှီးပဲ ဖြစ်သွားလိမ့်မယ်။ တကယ်လို့ နင်ကသာ ဒီတစ်ကြိမ် ဉာဏ်အလင်းပွင့်မှု အဆင့်ကို အောင်အောင်မြင်မြင် ရောက်သွားမယ်ဆိုရင် အနတ္တကျိန်စာဖျက်ဓားပညာကို သုံးပြီးသွားရင် အရင်တုန်းကလို စွမ်းအားကုန်သွားတော့မှာ မဟုတ်ဘူး။ ပြီးတော့ တိမ်မုန်တိုင်းအပ်ရှိနေတယ်ဆိုမှတော့ တကယ့် အစစ်အမှန် တိုက်ပွဲထဲမှာ နင်က အားနည်းသွားမှာ မဟုတ်ဘူး။ ကောင်းကင်နတ်ဆိုး ကျင့်စဉ်လို စွမ်းရည်မျိုးက နောက်တစ်ကြိမ်မှလည်း လဲလို့ရတယ်…"

ထိပ်သီးသိုင်းပညာဟု သတ်မှတ်ထားသော သိုင်းကျမ်းအများစုက လေ့ကျင့်လိုက်သည့် အချိန်တွင် ခန္ဓာကိုယ်၏စွမ်းရည်ကို မြှင့်တင်ပေးနိုင်သည်။ အလားအလာရှိသော စွမ်းရည်ဟူသည်မှု အမှန်တကယ် ရရှိနိုင်သော အရာတော့ မဟုတ်ချေ။

သို့သော် တချို့သော ထိပ်သီးသိုင်းပညာများက အဆင့်များစွာရှိနေပြီး ခန္ဓာကိုယ်၏ကြံံ့ခိုင်မှုကို မြှင့်တင်ပေးရန် လိုအပ်သည်။ ထို့ကြောင့် တစ်ခါတစ်ရံ အစောပိုင်းကတည်းက ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကို မြှင့်တင်ရန်အတွက် အချိန်ပေးပြီး လေ့ကျင့်ထားရန် လိုအပ်သည်။

ထို့ကြောင့်လည်း ဂိုဏ်းများနှင့် ကျောင်းတော်များက ခန္ဓာကိုယ်ကြံ့ခိုင်မှု ပြည့်စုံသော လူငယ်များကို သူတို့၏တပည့်များအဖြစ် ရွေးချယ်လိုကြခြင်းဖြစ်ပြီး သူတို့၏ အခြေခံသိုင်းပညာများကို အမွေဆက်ခံလိုကြသည်။ သူတို့၏ တပည့်များက အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရသွားလျှင်တော့ သူတို့ကို ပြင်ပသို့ ပြန်လည်စေလွှတ်တတ်သည်။

အကူအညီသိုင်းကျမ်းများတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သည်မှာ အတော်လေးကို ရှားပါသည်။ မဟုတ်လျှင်လည်း အလွန်ဈေးကြီး၏။

"ငါလည်း မင်းရဲ့စကားကို ထောက်ခံတယ်။ ခန္ဓာကိုယ်ကြံခိုင်မှုကို မြှင့်တင်ပေးနိုင်တဲ့ သိုင်းပညာတွေက ဒဏ္ဍာရီဆန်တယ်။ လူတော်တော်များများလည်း လိုချင်နေကြတာ.."

ကျန်းယွင်ရှန်က ထိုအရာကို အနည်းငယ် အလေးထား၍ ပြောလိုက်သည်။

"အဲဒီသိုင်းပညာတွေထဲမှာ အကောင်းဆုံးနဲ့ နာမည်အကျော်ကြားဆုံးကတော့ မင်းတို့ ရှောင်လင်ရဲ့ အရိုးကြွက်သားအားဖြည့်သိုင်းကျမ်းပဲ။ အဲဒါက ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်တဲ့အပြင် မင်း လေ့ကျင့်နေတဲ့ တခြားသိုင်းပညာတွေရဲ့ အရည်အသွေးကိုလည်း မြှင့်တင်ပေးနိုင်တယ်။ အခက်အခဲလည်း လျော့ကျသွားစေနိုင်တယ်။ အဲဒါက တော်တော်လေးကို ထူးခြားဆန်းကြယ်တဲ့ အကျိုးအာနိသင်မျိုး ရှိတာပဲ။ ဒါပေမယ့် ပထမအတွဲကိုတောင် ကံကြမ္မာအမှတ်(၁)သောင်းလောက် ပေးရလိမ့်မယ်…"

"ညီလေးကျန်းတင် ...

မင်းက ဘယ်သိုင်းကျမ်းကို လဲမှာလဲ။ အဲဒီလို သိုင်းကျမ်းမျိုးကတော့ ရှားလည်း ရှားသလို အတော်လေးလည်း ဈေးကြီးတယ်…"

သူက ထိုကဲ့သို့ သိုင်းကျမ်းမျိုးကို လိုချင်နေခဲ့သည်မှာ အတော်လေးကို ကြာခဲ့ပါပြီ။

မုန့်ချီကတော့ စာရင်းထဲတွင် ရှိနေသော ထူးဆန်းသည့် သိုင်းပညာများစွာကို သိနေခဲ့သည်။ သူကတော့ အရာအားလုံးကို လိုက်ဖတ်ကြည့်ရန် မလိုအပ်ပေ။ ဝေ့ကျင်းအဆင့် သိုင်းပညာများစွာကသာ သူတို့အပေါ် အလွန်ကြီးမားသော အကျိုးသက်ရောက်မှုတစ်ခု ရှိသည်။

သံသရာကမ္ဘာကြီးထဲ၌ ရွေးချယ်ရာတွင်လည်း အချိန်မလုံလောက်နိုင်သည့်အတွက် သူတို့၏ရွေးချယ်မှုက အလျင်စလို ဖြစ်သွားနိုင်ပြီး မှားယွင်းသွားနိုင်သည်။

ကျန်းယွင်ရှန်က မေးလိုက်သည့်အချိန်တွင် မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

"ကျွန်တော်က ကောင်းကင်နတ်ဆိုးကျင့်စဉ်ကို အချိန်တစ်ခုထိ မရွေးသေးဘဲ ထားဖို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော်က နိုင်းယင်နတ်ဘုရားကျင့်စဉ်ထဲကယိကျင်းအရိုးအကြောပြောင်းကျမ်းကို လဲလှယ်ဖို့ စဉ်းစားထားတယ်…"

မူလတုန်းကတော့ သူကတော့ အတွင်းအား စုပ်ယူခြင်း သိုင်းပညာ သို့မဟုတ် အတွင်းအားချေဖျက်ခြင်း သိုင်းပညာများကို ရွေးချယ်ရန် စဉ်းစားထားခဲ့သည်။ သို့သော် နတ်ဆိုးလမ်းစဉ်သိုင်းပညာများကသာ တခြားလူများ၏ သွေးနှင့် စွမ်းအားကို စုပ်ယူပြီး ကိုယ့်ကိုယ်ကိုယ် လျင်မြန်စွာ တိုးတက်လာစေနိုင်သည်။ ထိုအရာများက အတော်လေးကို စွန့်စားရနိုင်၏။

အများစုကတော့ လေ့ကျင့်နေစဉ် အတောအတွင်း ဆိုးကျိုးများကို ခံစားရတတ်ပြီး တခြားသူများကို ထိခိုက်စေနိုင်သလို ကိုယ့်ကိုယ်ကိုယ်လည်း ထိခိုက်စေနိုင်သည်။ သူတို့က အတော်လေးလည်း ဈေးကြီး၏။

မုန့်ချီကတော့ ရှောင်လင်ကျောင်းတော်တွင် ရှိနေသည့်အတွက် ထိုကဲ့သို့ သိုင်းပညာမျိုးကို လေ့ကျင့်ရန် မသင့်တော်လှပေ။ ထို့ကြောင့် သူက လက်လျော့လိုက်၏။

"နိုင်းယင်နတ်ဘုရားကျင့်စဉ်လား...ယိကျင်းအရိုးအကြောပြောင်းကျမ်းလား..."

သူတို့အားလုံးက အလွန်အံ့ဩနေကြပြီး ထိုစာရင်းကို ကြည့်လိုက်မိကြသည်။

“ဒါက တကယ်ပဲ ကြွက်သားတွေကို သန်မာစေပြီး အရိုးကို မာကျောစေနိုင်တယ်။ ကံကြမ္မာအမှတ်(၃၀၀)ပဲကုန်တယ်…"

ကျန်းယွင်ရှန်က အလွန်အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။

ထိုအရာက သူတို့လို တာအိုပညာရှင်တစ်ယောက်အတွက်ပင် အတော်လေး ရှားပါးလှ၏။ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သော အရာတစ်ခုက ကံကြမ္မာအမှတ်(၃၀၀)သာ ကျသင့်ခြင်းပေလော။

သူတို့က မုန့်ချီကို အလွန်ထိတ်လန့်အံ့ဩစွာ စိုက်ကြည့်နေမိကြသည်။ သူက မည်သည့်စွမ်းရည်မျိုးရှိနေသည့်အတွက် ဈေးနည်းပြီး ကောင်းမွန်သော သိုင်းပညာများကို ရှာတွေ့နေရသနည်။

"ကျွန်တော်က မထင်မှတ်ပဲ တွေ့ခဲ့ရတာပါ...။ ကျွန်တော်က ကံကောင်းသွားတာ.."

မုန့်ချီက ထိုသို့ပြန်ဖြေလိုက်သည်။

နိုင်းယင်နတ်ဘုရားကျင့်စဉ်တွင် အတွဲနှစ်ခု ရှိနေသည်။ ထိုကျင့်စဉ်တစ်ခုလုံးကို ကံကြမ္မာအမှတ်(၉၀၀) တန်ကြေးရှိ၏။ သို့သော် ယိကျင်း အရိုးအကြောပြောင်းကျမ်းကတော့ (၃)ပုံ (၁)ပုံသာ တန်ကြေးရှိသည်။ ထိုအရာက အမှန်တကယ်ကို အဖိုးတန်လှ၏။

“အကျိုးသက်ရောက်မှုက ကန့်သတ်ချက်ရှိပေမယ့် တကယ့်ကို ကောင်းတဲ့ ရွေးချယ်မှုပဲ။ ကိုရင်လေး..နင်ကတော့ တော်တော်လေးကို ကံကောင်းတယ်.."

ကျန်းကျိဝေက စနောက်လိုက်သည်။

ကျန်းယွင်ရှန်က ခဏကြာစဉ်းစားပြီး ပြောလိုက်၏။

"ညီ‌လေးကျန်းတင်...

ရိုးရိုးသားသားပြောရရင် ငါလည်း အဲဒါကို လဲချင်တယ်…"

သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက မဆိုးလှပေ။ သို့သော် မိသားစု၏ အရေးပါမှုနှင့် မျှော်လင့်ချက်များကို ယှဉ်ကြည့်လိုက်ရမည်ဆိုလျှင်တော့ သူက သာမန်သာ ဖြစ်နေသေးသည်။ အထူးသဖြင့် ရန်တိုင်၊ ရန်ဟယ်၊ ယောင်ညီအစ်ကိုတို့နှင့် ယှဉ်လိုက်မည်ဆိုလျှင် အတော်လေးသိသာလှ၏။ သူက ထိုကဲ့သို့ သိုင်းပညာမျိုးကို ရှာဖွေနေမှတော့ သံသရာအရှင်သခင်ဆီတွင် ခန္ဓာကိုယ်တိုက်ရိုက် တိုးတက်မှုကို ရှာ၍မရနိုင်ခြင်းပေလော။

"ပရမ်းပတာကျင့်စဉ်က ခန္ဓာကိုယ်ကြံခိုင်မှုကို မြှင့်တင်ပေးဖို့အတွက် အဆင်မပြေဘူး။ ငါ့ရဲ့အမှတ်တွေလည်း လုံလောက်နေတယ်ဆိုတော့ ငါလည်း ဒီတစ်ခုကို လဲချင်တယ်.."

ချီကျန်းရန်ကလည်း ရိုးရိုးသားသား ပြောလိုက်သည်။

မုန့်ချီက ပြုံးလိုက်မိ၏။

"ကြည့်ရတာ ကျွန်တော်ရဲ့ ရွေးချယ်မှုက ကောင်းတယ်ထင်တယ်။ ကျွန်တော်က အဲဒါကိုပဲ ယူလိုက်တော့မယ်…"

"ဒါဆိုရင် နင်က ဘယ်ကိုယ်ဖော့ပညာကိုလဲဖို့ စဉ်းစားထားလဲ…"

ကျန်းကျိဝေက စိတ်ဝင်တစား မေးလိုက်၏။ ထိုကိုရင်လေးက မကြားဖူးသော အရာတစ်ခုကို အမြဲလိုလို ရှာတွေ့တတ်ပြီး သူရှာတွေ့သောအရာများကလည်း အမှန်တကယ်ကို ကောင်းမွန်လှသည်။

မုန့်ချီက ကျောက်စိမ်းစာရွက်ကို လက်ညှိုးထိုးပြလိုက်၏။

"လေနတ်ဘုရားခြေလှမ်းသိုင်းရဲ့ ပထမသိုင်းကွက်...လေအရိပ်ဖမ်းဆီးခြင်း.။ အဲဒါက ကိုယ်ဖော့ပညာမှာ အစမ်းပြကွက်ရော အပါမှ စုစုပေါင်းအမှတ်(၉၀)ပဲ ရှိတယ်။ တကယ်လို့ ငါက သူ့ရဲ့အစွမ်းကို ပြည့်ပြည့်ဝဝ သုံးချင်တယ်ဆိုရင်တော့ ဝေ့ကျင်းအဆင့်ကို ရောက်တဲ့အထိ စောင့်နေဖို့ လိုလိမ့်မယ်…"

(၉၀)ဟူသော စကားလုံးကိုတော့ မုန့်ချီက ကြော်ငြာစကားလုံးတစ်ခုကဲ့သို့ ပြောလိုက်သည်။

“ကံကြမ္မာအမှတ်(၉ဝ)ပေးလိုက်တာနဲ့ လေအရိပ်ဖမ်းဆီးခြင်းကျင့်စဉ်က မင်းအပိုင်ဖြစ်သွားပါပြီ.."

လေနတ်ဘုရားခြေလှမ်းသိုင်းက ဝူရှစာအုပ်တစ်အုပ်ထဲတွင် ဖတ်မိခဲ့သော ဆန်းကြယ်ရေလှုှိင်းသိုင်းဟူသည့် သိုင်းကျမ်းတစ်ခု ဖြစ်သည်။ ထိုကိုယ်ဖော့ပညာက လေကို အသုံးချပြီး ဥက္ကာခဲတစ်ခု၏အရှိန်မျိုးနှင့် သွားလာနိုင်သည်။

မုန့်ချီက တခြားအရာများကို မစဉ်းစားတော့ပေ။ သူကတော့ ဓားပညာကို အာရုံစိုက်ရန် လိုအပ်နေသေးပြီး ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်လည်း ရှိနေသည်။ ထို့ပြင် အကူအညီသိုင်းပညာနှစ်မျိုး ဖြစ်သော အရိုးအကြောပြောင်းကျမ်းနှင့် ပြောင်းလဲမှုကျင့်စဉ်တို့လည်း ရှိနေ၏။ ထို့ကြောင့် ထွက်ပြေးသည့် နည်းလမ်းကလွဲလျှင် တခြားသော လက်ဝါးသိုင်း၊ ခြေထောက်သိုင်းများကို စဉ်းစားနေရန် မလိုအပ်ချေ။

ကျန်းကျိဝေက ဖော်ပြချက်ကို ဖတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"မဆိုးပါဘူး...။ ဈေးလည်း မကြီးဘူး။ နင်က အမြဲတမ်း ကောင်းတာတွေကို ရှာနိုင်တာပဲ…”

ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကို မြှင့်တင်နိုင်သော နည်းလမ်းနှင့် ယှဉ်လိုက်မည်ဆိုလျှင် ခြေလှမ်းသိုင်းများ၊ ကိုယ့်ဖော့ပညာများကို ကျန်းကျိဝေက ပို၍ ရင်းနှီးသလို ခံစားရသည်။ ထို့ကြောင့် သူတို့က အံ့ဩနေသလို မခံစားရပေ။

“ယိကျင်းအရိုးအကြောပြောင်းကျမ်းက ကံကြမ္မာအမှတ်(၃၀၀)…

ကောင်းကင်တံခါးဆေးလုံးက (၁၁၀)…

တိမ်မုန်တိုင်းအပ်က (၅၀)…

လေနတ်ဘုရားခြေလှမ်းသိုင်းက (၉၀)…

ဒါဆိုရင် နင်က သန့်စင်လက်နက်အဆင့်ရှိတဲ့ ဓားမောက်တစ်ခုကို ရွေးချယ်ဖို့အတွက် အမှတ်(၁၄၀)ကျန်သေးတယ်…"

"တကယ်လို့ မင်းက အမှတ်မလောက်ဘူးဆိုရင် ငါ မင်းကို ချေးပေးမယ်…"

ကျန်းယွင်ရှန်က မုန့်ချီကို ပြောလိုက်သည်။

"လက်ရှိ ငါက ဆေးလုံးအလုံအလောက်ရှိတယ်ဆိုတော့ ယိကျင်းအရိုးအကြောပြောင်းကျမ်းကိုပဲ လိုအပ်တယ်။ ဒါကြောင့် ငါ့ဆီမှာ(၃၀)ကျန်သေးတယ်…"

ကျန်းကျိဝေက ပြောလိုက်၏။

"ငါက နောက်ထပ် တာဝန်ပြီးသွားရင် နှာခေါင်းတံခါးပွင့်ဖို့ မျှော်လင့်ထားတယ်။ အဲဒီအချိန်ထိ ငါက ကောင်းကင်မျက်လုံး မြေပြင်နားဆေးလုံးကို မလိုအပ်သေးဘူး။ ဒီတစ်ကြိမ်တော့ ငါက အထွဋ်အမြတ်ဝိညာဉ် ဓားသိုင်းကျမ်းထဲမှာ ရှိတဲ့ ရက်စက်မှုသိုင်းကွက်ကိုပဲ လဲလိုက်တော့မယ်။ ဒီတော့ ငါ့ဆီကနေ ကံကြမ္မာအမှတ်(၂၀) ချေးလို့ရမယ်…”

“ငါ့ရဲ့ခွန်းလွန်လက်သီးသိုင်းက အခုအချိန်ထိ မပြီးသေးဘူး။ ဒါကြောင့် ငါက စတုတ္ထသိုင်းကွက်ကို လဲဖို့မလိုသေးဘူး။ ဒါပေမယ့် ငါကလည်း နတ်ဆိုးတွေကို ဖိနှိပ်နိုင်တဲ့ ဓားရှည်တစ်ချောင်းကို လဲချင်နေတာ။ ငါက လူသစ်စောင့်ရှောက်ရေး တာဝန်ကျရှုံးခဲ့ပေမယ့် တော်တော်လေး ရခဲ့ပါတယ်…"

ချီကျန်းရန်က အပြုံးနှင့် ပြောလိုက်၏။

"ပြီးတော့ ငါက ဉာဏ်အလင်းပွင့်မှုကို ကူညီပေးဖို့ ဆေးရည်လည်း လိုအပ်သေးတယ်.."

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

"ဒါဆိုလည်း လဲလို့ရတာ အားလုံးကို သွားပြီး လဲကြစို့..။ ပြီးမှ အစ်ကိုချီအတွက် သန့်စဉ်လက်နက်ကို ကူရွေးပေးကြမယ်…"

Translated by Hein Htet

All Chapters