← Chapters

အခန်း (၈၁)

Vol. 6 Ch. 81

အခန်း (၈၁)

Vol. 6 Ch. 81

အလယ်တွင် ရှိနေသော အလင်းတိုင်လုံးတွင် ဖူကျန်းကျန်းက အရင်ဆုံး လဲလှယ်လိုက်၏။ သူမက ဆေးဘုရင်မှတ်တမ်း ၊ ကောင်းကင်တံခါး ဆေးလုံးတစ်လုံးနှင့် ဂါနိုဒါးမားစွမ်းအင်ပြန်ဖြည့်ဆေး တစ်ပုလင်းကို ရခဲ့သည်။

ကျန်းယွင်ရှန်က ယိကျင်းအရိုးအကြောပြောင်းကျမ်းနှင့် ကျန်းကျိဝေက အထွဋ်အထိပ်ဝိညာဉ်ဓားပညာ၏ သိုင်းကွက်တစ်ကွက်ကို အသီးသီး လဲလှယ်လိုက်ကြသည်။

ချီကျန်းရန်ကတော့ ခဏကြာစဉ်းစားလိုက်ပြီးနောက် ပုန်းကွယ်ခြင်းနှင့် ကုသခြင်း ဆေးရည်(၂)ပုလင်းကို လဲလှယ်လိုက်၏။ သူက လက်နက်ရွေးချယ်ပြီးမှသာ တခြားအရာများကို ဆက်လက်ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။

ပုန်းကွယ်ခြင်းနှင့် ကုသခြင်းဆေးပုလင်းက တစ်ပုလင်းကို ကံကြမ္မာအမှတ်(၅၀)ဆီ ကုန်ကျသည်။ ထိုအရာက ဉာဏ်အလင်းပွင့်မှုအဆင့်တွင် ပုံမှန်အသုံးပြုရသော ဆေးရည်လည်း ဖြစ်၏။

သူတို့၏လဲလှယ်မှုများ ပြီးဆုံးသွားပြီးနောက် မုန့်ချီက တိမ်မုန်တိုင်းအပ်ကို အလင်းတိုင်လုံးထဲသို့ ထည့်လိုက်သည်။

“တိမ်မုန်တိုင်းအပ်ရဲ့အဆိပ်အပ်တွေအားလုံးကို ပြန်ပြင်ဖို့အတွက် ကံကြမ္မာအမှတ်(၅၀) လိုအပ်တယ်။ အထူးသတိပေးချက် - တိမ်မုန်တိုင်းအပ်က နောက်တစ်ကြိမ်ပဲ သုံးလို့ရတော့မယ်…”

“နိုင်းယင်နတ်ဘုရားကျင့်စဉ်ထဲမှာရှိတဲ့ ယိကျင်းအရိုးအကြောပြောင်းကျမ်းက ကံကြမ္မာအမှတ်(၃၀၀) ကျတယ်။ လေနတ်ဘုရားခြေလှမ်းသိုင်း လေအရိပ်ဖမ်းဆီးခြင်းကျင့်စဉ်အတွက် ကံကြမ္မာအမှတ်(၉၀) ကျတယ်။ ကောင်းကင်တံခါးဆေးလုံး တစ်လုံးအတွက် ကံကြမ္မာအမှတ်(၁၁၀) ကျမယ်…”

မုန့်ချီက အလင်းတိုင်လုံးထဲမှ လက်ကို ပြန်ထုတ်လိုက်သည့်အချိန်တွင် ငွေရောင်အလင်းတန်းများ တောက်ပနေသော အနက်ရောင်ပြွန်လေးကို တွေ့လိုက်ရသည်။ ထို့နောက် သိုင်းကျမ်း(၂)ခုကို တွေ့လိုက်ရပြီး သူ့လက်ထဲတွင် ဖယောင်းပိတ်ထားသော ဆေးပုလင်းတစ်ခု ပေါ်လာခဲ့သည်။

ထိုအရာများကို စစ်ဆေးပြီးနောက် မုန့်ချီက အတော်လေးကျေနပ်သွားပြီး သိမ်ဆည်းလိုက်၏။ သူတို့ထဲတွင် အရေးကြီးဆုံးက ယိကျင်းအရိုးအကြောပြောင်းကျမ်း ဖြစ်သည်။

သူ့ဆီ၌ ကောင်းမွန်သော နားလည်နိုင်စွမ်းရှိနေခြင်းကလွဲလျှင် သူ၏ ခန္ဓာကိုယ်ကြံံ့ခိုင်မှုက ထူးခြားမှုမရှိချေ။ သူက သာမန်လူများထက် အနည်းငယ်ပိုသာပြီး ချီကျန်းရန်နှင့်အတူတူသာ ဖြစ်သည်။ ကောင်းကင်တံခါးဆေးလုံးနှင့်ပင် သူက ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်နိုင်မည်ဟု အာမခံချက်မရှိချေ။

ချီကျန်းရန်က တစ်ကြိမ်တည်းနှင့် အောင်မြင်သွားခြင်းမှာ ကံကောင်းသွားခြင်းကြောင့် ဖြစ်သော်လည်း သူကတော့ ကံကောင်းမှုမရှိနိုင်ပေ။ ထို့ကြောင့် ဉာဏ်အလင်းပွင့်မှုအဆင့်ကို မရောက်ခင် ကောင်းကင်တံခါးဆေးလုံးကို ရယူခဲ့ခြင်း ဖြစ်၏။

သူက သွေးကြောမှတ်များကို အာရုံစိုက်နေရပြီဖြစ်ပြီး ယိကျင်း အရိုးအကြောပြောင်းကျမ်းကိုကျင့်၍ သူ၏ခန္ဓာကိုယ်ကြံခိုင်မှုကို လေ့ကျင့်ရန် ကြိုးစားချင်နေသည်။ ထိုသို့ဆိုလျှင် သူ့အတွက် အောင်မြင်ရန် အခွင့်အရေးက ပို၍များပြားလာနိုင်သည်။

အရိုးအကြောပြောင်းကျမ်းကို လေ့ကျင့်ခြင်းက သူ၏အတွင်းအားနှင့်စွမ်းအားကို သိသိသာသာ တိုးတက်လာစေနိုင်သည်။ သာမန်ဖြစ်သော လော်ဟန့်လက်သီး အသုံးချမှုကလည်း ပို၍ထူးခြားဆန်းကြယ်လာနိုင်သည်။

"အခု ငါက သန့်စင်လက်နက်ကို ရွေးချယ်တော့မယ်…"

မုန့်ချီက ပြုံးလိုက်၏။

"နင်က တော်တော်လေး ဝမ်းသာနေတာပဲ…"

မုန့်ချီက အလွန်ပျော်ရွှင်နေသည်ကို မြင်သည့်အခါ ကျန်းကျိဝေက သူ့ကို စနောက်လိုက်၏။

မုန့်ချီက သူတို့၏အနားကို ကပ်သွားပြီး ကျောက်စိမ်း စာရွက်ကို သေချာစစ်ဆေးကြည့်လိုက်သည်။ သူက မှော်လက်အိပ်များ၊ အဖိုးတန်လက်နက်များနှင့် ဈေးကြီးသော သန့်စင်လက်နက်များကို လျင်မြန်စွာ ကျော်သွားခဲ့၏။ သူ့ဆီ၌ ကံကြမ္မာအမှတ် မလုံလောက်မှာကို စိုးရိမ်နေခဲ့သည်။

ထို့ကြောင့် မုန့်ချီက ကျားဝိညာဉ်၊ ငရဲဘုရင်၊ ငိုကြွေးခြင်းကောင်းကင်၊ နှင်းသောက်ဓား၊ နဂါးသတ်ဓား အစရှိသော လက်နက်များကို လျစ်လျှူရှုခဲ့၏။ ကံကြမ္မာအမှတ်(၃၀၀)အောက် သန့်စင်လက်နက်များ ဟူသောနေရာကိုရောက်မှသာ သူက ရပ်လိုက်သည်။

သူက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ ပထမအဆင့်(၄)ဆင့် သိုင်းကျမ်းများကို သံသရာအရှင်သခင်ဆီသို့ လဲလှယ်ရန် တွေဝေနေခဲ့သည်။ သူ့ဆရာက သူ့အပေါ် အလွန်ကောင်းမွန်၏။

အကယ်၍ သူသာ ထိုသို့လုပ်ဆောင်လိုက်မည်ဆိုလျှင် သူ၏စည်းမျဉ်းများကို ဖောက်ဖျက်မိနိုင်သည်။ ထို့ပြင် သူက ကံကြမ္မာအမှတ်(၈၀) (၉၀)ခန့်သာ ရနိုင်၏။ သူက ကောင်းကင်နတ်ဆိုးကျင့်စဉ်ကဲ့သို့‌ သိုင်းပညာမျိုးကိုပင် လဲလှယ်၍ မရနိုင်ပေ။ သူ့ဆီ၌ ကျန်ရှိနေသော ကံကြမ္မာအမှတ်(၁၄၀)နှင့် ပေါင်းလိုက်မည်ဆိုလျှင် အမှတ်(၃၀၀) မရှိသေးချေ။

ထို့ကြောင့် သူက အမှတ်(၂၀၀)အောက် လက်နက်များကိုသာ တိုက်ရိုက်ကြည့်လိုက်သည်။ အကယ်၍ သူနှင့်သင့်တော်သော လက်နက်ရှိလျှင် သူ၏စည်းမျဉ်းကို ချိုးဖောက်စရာမလိုတော့ပေ။

“သန့်စင်လက်နက် - နီလာကျိန်စာဓား…

အမှတ်(၁၃၀) နှလုံးသားကို သန့်စင်ပေးနိုင်ပြီး ပုံရိပ်ယောင်တွေကို ခုခံပေးနိုင်တယ်…”

မုန့်ချီက သေချာစိုက်ကြည့်လိုက်ရာ ကျောက်စိမ်းစာရွက်ပေါ်တွင် ရှိနေသော အစိမ်းရောင်ဓားက အစစ်အမှန်ဓားကဲ့သို့ ထင်မှတ်ရသည်။

"တော်တော်ကောင်းတာပဲ…"

သူကတော့ တာဝန်လုပ်ဆောင်ရာတွင် ပုံရိပ်ယောင်မျိုးစုံကို ခံစားခဲ့ရသည့်အတွက် မုန့်ချီက ထိုနီလာကျိန်စာဓားကို သဘောကျနေသည်။

ကျန်းကျိဝေက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

"တကယ်လို့ နင်ကသာ နောက်တာဝန်မစခင် မျက်လုံးတံခါးပွင့်သွားမယ်ဆိုရင် ပုံရိပ်ယောင်တွေကို ဖြတ်ကျော်နိုင်လိမ့်မယ်။ ဒါက နီလာကျိန်စာဓားရဲ့ အကျိုးသက်ရောက်မှုနဲ့အတူတူပဲ…"

"နင်ပြောတာ ဟုတ်တယ်…"

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။

ယခုဉာဏ်အလင်းပွင့်မှုအဆင့်ကို ပြောရမည်ဆိုလျှင် သူက လေနတ်ဘုရားခြေလှမ်းသိုင်းကို လဲလှယ်ရန် မလိုအပ်ချေ။ သို့သော် မုန့်ချီကတော့ ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်ရန် တစ်နှစ်ခန့် လိုသေးသည်ဟု တွေးနေမိခြင်းကြောင့်ဖြစ်သည်။

ထို့နောက် သူက ကျမ်းစာတိုက်ထဲတွင် ထိပ်သီးသိုင်းပညာများကို လေ့လာနိုင်သလို ကိုယ်ဖော့သိုင်းပညာများကိုလည်း လေ့လာ၍ ရနိုင်သည်။ အကယ်၍ သူက မည်သည့်အရာကိုမျှသင်ယူနိုင်ခဲ့ခြင်းမရှိလျှင် အချိန်ဖြုန်းသလို ဖြစ်နေပါလိမ့်မည်။

ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်သွားပြီးနောက် ပုံရိပ်ယောင်များကို စစ်ဆေးနိုင်သည့်စွမ်းရည်ကိုလည်း တိုက်ရိုက်လေ့ကျင့်ရန် မလိုအပ်တော့ပေ။ ထို့ကြောင့် သံသရာတာဝန်တစ်ခုနှင့် တစ်ခုကြားထဲတွင် ဉာဏ်အလင်းပွင့်မှုအဆင့်က‌မသေချာသေးသည့်အတွက် လုံခြုံစေရန် ကိုယ်ဖော့ပညာကို လဲလှယ်ရန် လိုအပ်သည်။

သူက ဆက်၍ ဖတ်သွားခဲ့၏။ သိပ်မကြာခင် သင့်တော်သောဈေးနှုန်းနှင့် နောက်ထပ်ဓားတစ်ချောင်းကို တွေ့လိုက်ရပြန်သည်။

“သန့်စင်လက်နက် - ပုဇင်းတောင်ပံရေခဲဓား…

ကံကြမ္မာအမှတ်(၁၈၀) ၊ မြောက်ဝင်ရိုးစွန်းမှာရှိတဲ့ ရေခဲသံနဲ့ ဖန်တီးထားတယ်။ ကြည်လင်နေပြီး ဓားကို မမြင်ရ‌သလောက်ပဲ။ အရမ်းကို အေးစက်တယ်။ ဒဏ်ရာရပြီးသွားရင် ရန်သူရဲ့ဒဏ်ရာက အေးခဲပြီး လှုပ်ရှားမှုကို ကန့်သတ်ပေးနိုင်တယ်။ ဒါက သွေးမထွက်ဘဲ သတ်နိုင်တဲ့ လူသတ်ဓားတစ်ချောင်းပဲ…”

ကျောက်စိမ်းစာရွက်ပေါ်တွင် နောက်ထပ်ဓားတိုတစ်ချောင်း ပေါ်လာခဲ့သည်။ ထိုအရာက ပုဇင်းတောင်ပံကဲ့သို့ ကြည်လင်ပြီး ပါးလွှာလွန်းလှသည်။ မျက်လုံးနှင့် ကြည့်ရုံနှင့် မမြင်နိုင်ပေ။ သေချာဂရုစိုက်ကြည့်မှ အေးစက်မှုကို ခံစားမိနိုင်သည်။

"ဓားကောင်းတစ်လက်ပဲ ။ ဒါပေမယ့်…."

ကျန်းယွင်ရှန်က သူ့စကားကို ဆုံးအောင် မပြောခဲ့ပေ။ မုန့်ချီကိုသာ လှည့်ကြည့်လိုက်၏။

မုန့်ချီက ဆက်ပြောလိုက်သည်။

"ဒါက ဓားတိုတစ်ချောင်း ဖြစ်နေတယ်…"

သူက ဓားမောက်အရှည်နှင့် ကျင့်သားရနေပြီးသား ဖြစ်သည်။ ထို့ကြောင့် ဓားမောက်အတိုကို သုံးရန် အဆင်မပြေလှပေ။ ပုဇင်းတောင်ပံရေခဲဓားက အလွန်အမင်းကို ထူးဆန်းသည့်အတွက် သွေးဓားကျင့်စဉ်နှင့် ကိုက်ညီနိုင်ပြီး ရန်သူအနားတွင် ခြေရာလက်ရာမရှိ လှုပ်ရှားသွားနိုင်သော်လည်း သူ့အစွမ်းကတော့ အနတ္တကျိန်စာဖျက်ဓားပညာဖြစ်သည်။ထို့ကြောင့် သူက ထိုကဲ့သို့ ဓားမျိုးကိုသုံးရန် မသင့်တော်လှပေ။

"အမှန်အတိုင်း ပြောရရင် မင်းက အထူးရန်သူ‌တွေကိုလည်း ထည့်တွက်သင့်တယ်…"

ချီကျန်းရန်က ရုတ်တရက် ပြောလိုက်၏။

မုန့်ချီနှင့် ကျန်းကျိဝေတို့က သူ့ကို လှည့်ကြည့်လိုက်သည်။ သူ၏ရှင်းပြမှုကို စောင့်နေကြပုံပေါ်၏။

ချီကျန်းရန်က တည်ငြိမ်စွာ ပြောလိုက်၏။

"အခုတာဝန်မှာ ငါက ပြင်းထန်တဲ့နတ်ဆိုးရနံ့တွေ၊ ကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေ ရှိနေတဲ့ နတ်ဆိုးတွေ အများကြီးကို ရင်ဆိုင်ခဲ့ရတယ်။ ငါက သူတို့ကို အနိုင်ရဖို့တောင် တော်တော်လေး ခက်တယ်။ ဒါကြောင့် ငါက နတ်ဆိုးတွေကို ဖိနှိပ်နိုင်တဲ့ ဓားရှည်တစ်ချောင်းကို ရွေးချယ်ဖို့ စဉ်းစားထားတာ။ ဒီတစ်ကြိမ် နတ်ဆိုးတွေ ဖြစ်နိုင်ပေမယ့် နောက်တစ်ကြိမ် မကောင်းဆိုးဝါးတွေ‌၊ တစ္ဆေသရဲတွေ လမ်းမှားပညာရှင်တွေ ဖြစ်နိုင်တယ်။ ဒါကြောင့် ထက်မြက်မှုအပြင် သူတို့ရဲ့ ထူးခြားတဲ့စွမ်းရည်ကိုလည်း စဉ်းစားဖို့ လိုလိမ့်မယ်…"

"အဲဒါက အဓိပ္ပါယ်ရှိတယ်…"

မုန့်ချီက ခေါင်းညိတ်လက်ခံလိုက်၏။

ကျန်းကျိဝေကလည်း ခေါင်းညိတ်၍ပြောလိုက်သည်။

"တချို့‌သိုင်းပညာတွေက အစွမ်းထက်ပြီး နတ်ဆိုးတွေကို အနိုင်ရနိုင်ပေမယ့် အလားတူလက်နက်တွေ ရှိနေတာလည်း အဆင်ပြေတယ်။ ထက်မြက်မှုနဲ့ မာကျောမှုကိုပဲ ကြည့်လို့မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က သာမန်အခြေအနေမှာ ပုံမှန်ရန်သူမျိုးကိုပဲ တွေ့ရမှာလေ…"

"ဟုတ်တယ်…."

အထူးလိုအပ်ချက် ရှိနေသည့်အတွက် မုန့်ချီက မလိုချင်သော လက်နက်များကို လျင်မြန်စွာ ဖယ်ထုတ်နိုင်သည်။ ထိုအချိန်တွင် သူက သင့်တော်သော ဓားတစ်ချောင်းကို လျင်မြန်စွာ တွေ့လိုက်ရ၏။

“သန့်စင်လက်နက် - နေမင်းနီမကောင်းဆိုးဝါးဓား။ ကံကြမ္မာအမှတ် (၁၅၀)၊ ချော်ရည်တွေရဲ့အစွန်မှာ နေသံနဲ့ ဖန်တီးထားတယ်။ နောက်ပိုင်းမှာတော့ ဝေ့ကျင်းတစ်ဝက်အဆင့် နာမည်ကျော်ဘုန်းတော်ကြီးတစ်ပါးက ဓားရဲ့ကြမ်းတမ်းခက်ထန်မှုကို ဖိနှိပ်ဖို့အတွက် (၈၁)ရက်တိတိ ကျမ်းစာရွတ်ဆိုခဲ့တယ်။ ဒီဓားက မကောင်းဆိုးဝါးတွေအားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိတယ်။ ဒီဓားက ကိုယ်တိုင်နဲ့ ရန်သူနှစ်ယောက်လုံးကို လောင်ကျွမ်းစေနိုင်တဲ့ ဓားတစ်ချောင်းပဲ…”

နေမင်းနီမကောင်းဆိုးဝါးဓားက သာမန်ပုံစံရှိသော ဓားတစ်ချောင်းဖြစ်သည်။ သို့သော် အနီရောင်အလင်းတန်း အနည်းငယ် ထွက်ပေါ်နေခဲ့ပြီး ဓားပေါ်တွင် ကျမ်းစာပုံစံကွက်များနှင့် တန်ဆာဆင်ထားသည်။

"ငါက ဒါကိုလိုချင်တယ်…"

မုန့်ချီက ချက်ချင်းပင် ထိုဓားကိုရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။

"ငါက ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်အဆင့်(၄)ကို အောင်မြင်ပြီးမှတော့ လောင်ကျွမ်းခံရမှာကို ဂရုစိုက်စရာလိုဦးမလား…"

မုန့်ချီက ဆုံးဖြတ်ပြီးသွားပြီး ဓားကလည်း မဆိုးသည့်အတွက် ကျန်းယွင်ရှန်နှင့်တခြားလူများကလည်း တားဆီးနေခြင်း မရှိကြပေ။ ကျန်းကျိဝေက နေမင်းနီ မကောင်းဆိုးဝါးဓားကို လဲလှယ်ရန်အတွက် ကံကြမ္မာအမှတ်(၁၀)မှတ် ငှားလိုက်သည်။

ထိုဓားကတော့ မီးဖိုထဲမှ ထွက်လာသလို လောင်ကျွမ်းနေခဲ့၏။ ဓားကို ဆုပ်ကိုင်လိုက်သည့်အချိန်တွင် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ် အဆင့်(၄)ကို သုံးထားသော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရုံသာရှိသည်။

"ဒါကြောင့်လည်း ကံကြမ္မာအမှတ်(၁၅၀)ပဲပေးရတာ…"

မုန့်ချီက အလွန်သဘောကျသွားပြီး လက်ထဲမှပင် ပြန်မချချင်ခဲ့ပေ။ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်သာ မရှိလျှင် သူက နေမင်းနီမကောင်းဆိုးဝါးဓား၏ တန်ပြန်သက်ရောက်မှုကြောင့် မထိခိုက်စေရန် ညာလက်ကို စွမ်းအားများလွှမ်းခြုံထားရမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ၏စွမ်းအားက တစ်ဝက်နီးပါးခန့် လျော့ကျသွားနိုင်၏။

“ဒီအားနည်းချက်သာ မရှိရင် နေမင်းနီ မကောင်း‌ဆိုးဝါးဓားက ကံကြမ္မာအမှတ်(၂၀၀)လောက် ပေးရလိမ့်မယ်…”

နောက်ပိုင်းတွင်တော့ မုန့်ချီနှင့် တခြားလူများက ချီကျန်းရန်အတွက် နတ်ဆိုးများကို ဖိနှိပ်နိုင်သည့် ဓားတစ်ချောင်းကို ကူညီရှာဖွေပေးလိုက်သည်။ နောက်ဆုံးတွင်တော့ သူတို့က အနီရင့်ရောင်ဓားတစ်ချောင်းကို တွေ့လိုက်၏။

“သန့်စင်လက်နက် - ရွှေနဂါးဓား ကံကြမ္မာအမှတ်(၂၅၀)၊ နဂါးတစ်ကောင်ဆီက ရွှေနဲ့ ဖန်တီးထားတယ်။ ဒီဓားက နတ်ဆိုးဘုရားရဲ့အစွမ်းရှိပြီး နတ်ဆိုးတွေကို ဖိနှိပ်နိုင်တဲ့အပြင် ရန်သူအများစုကိုလည်း သက်ရောက်စေနိုင်တယ်..၊ ဒါက အာဏာဓားတစ်ချောင်းပဲ…"

ချီကျန်းရန်က အတော်လေး ကျေနပ်သွားခဲ့သည်။ ကံကြမ္မာအမှတ်ကလည်း လုံလောက်နေသည့်အတွက် လဲလိုက်၏။

ဓားရှည်ကို အလင်းတိုင်လုံးထဲမှ ဆွဲယူလိုက်သည့်အချိန်တွင် မုန့်ချီ၊ ကျန်းကျိဝေ၊ ဖူကျန်းကျန်းတို့အားလုံးက အလွန်အဆင့်အတန်းမြင့်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုအစွမ်းက အလွန်ကြောက်စရာကောင်းလွန်းလှသည့်အတွက် သူတို့အားလုံး ထိတ်လန့်သွားခဲ့သည်။

“ချွမ်......”

ကျန်းယွင်ရှန်၏ ခါးတွင်ချိတ်ထားသော တောင်ပံမြွေဓားကလည်း နဂါးတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်ပြီး ဓားအိမ်ထဲမှထွက်၍ ရွှေနဂါးဓား‌ကို စိန်ခေါ်ချင်နေပုံရသည်။

"ဓားကောင်းပဲ ။ တော်တော်လေးကို ကောင်းတယ်…"

ထိုမျှထူးခြားသော ဓားတစ်လက်ကို မြင်သည့်အချိန်တွင် ကျန်းကျိဝေ၏ မျက်လုံးများက ဝင်းလက်တောက်ပနေခဲ့သည်။ သူမကတော့ အကြိမ်ကြိမ်ချီးကျူးနေမိ၏။

ချီကျန်းရန်က ဓားရှည်ကို လက်နှင့်သပ်လိုက်ပြီး အတော်လေး ကျေနပ်နေပုံရသည်။ ဓားသမား တစ်ယောက်ဖြစ်သည့်အတွက် ဓားကောင်းတစ်လက်ရှိနေခြင်းက အသက်အပိုရှိသလို ခံစားရစေနိုင်သည်။

မည်သို့ဖြစ်စေကာမူသူကတော့ ပရမ်းပတာကျင့်စဉ်ကို လေ့ကျင့်ထားသည့်အတွက် သန့်စင်သော ဓားသမားတစ်ယောက် မဟုတ်တော့ပေ။

ရုတ်တရက်ဆိုသလို သံသရာအရှင်သခင်၏အသံကို ကြားလိုက်ရသည်။

"လဲလှယ်မှုပြီးဆုံးသွားပြီ။ မင်းတို့ရဲ့ပစ္စည်းတွေကို သိမ်းပြီး ကိုယ်ပိုင်ကမ္ဘာတွေဆီကို ပြန်သွားကြတော့…"

ထိုစကားကိုကြားသည့်အခါ မုန့်ချီက တံခါးပိတ် အပြစ်ပေးခံထား‌ရကြောင်း အမှတ်ရသွားခဲ့၏။ အကယ်၍ သူ့ဆီ၌သိုင်းကျမ်းများစွာ ရှိနေမည်ဆိုလျှင် သူ့ကို ကြံရာပါအဖြစ် သတ်မှတ်နိုင်သည်။ သူက ဤကမ္ဘာကြီးထဲ၌ ထားခဲ့မည်ဆိုလျှင်လည်း မည်သို့လေကျင့်ရမည်နည်း။

ထို့ကြောင့် သူက ကြားအချိန်တွင် ဤကမ္ဘာကြီးထဲသို့ ကြိုဝင်နိုင်ခြင်းရှိမရှိ သံသရာအရှင်သခင်ကို မေးလိုက်သည်။

သံသရာအရှင်သခင်၏ အသံကတော့ အေးစက်နေသေး၏။

"မင်းက ကံကြမ္မာအမှတ်တွေသုံးပြီး လေ့ကျင့်ဖို့အချိန်ကို လဲလှယ်ထားတာမရှိဘူးဆိုရင် တာဝန်(၂)ခုကြားမှာ ဒီကမ္ဘာကြီးထဲကို ဝင်လာလို့မရဘူး။ ဒါပေမယ့် မင်းရဲ့ကမ္ဘာကြီးထဲကို ပြန်သွားတဲ့ အချိန်ကျရင်တော့ ပစ္စည်းတွေကို ထားချင်တဲ့နေရာမှာ သီးသန့်ထားပေးလို့ရတယ်…"

ထိုစကားကိုကြားသည့်အခါ မုန့်ချီက စိတ်အေးသွား၏။ သူက နေမင်းနီမကောင်းဆိုးဝါးဓား ၊ တိမ်မုန်တိုင်းအပ်နှင့် အဖြူရောင်ဝတ်စုံတို့ကို သူ၏အခန်းထဲတွင် ထားခဲ့ပြီး မီးခိုးရောင်ဝတ်စုံနှင့် နောက်ထပ်ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။

တချိန်တည်းတွင် သူက မူလနေရာသို့ ပြန်သွားခဲ့၏။ သူတို့လို သိုင်းပညာရှင်များဆီတွင် အပိုဝတ်စုံနှင့် ဓားများ ရှိနေခြင်းမှာ သာမန်သာဖြစ်သည်။ ထို့ကြောင့် ကံကြမ္မာအမှတ်နှင့် လဲလှယ်ရန် မလိုအပ်ပေ။

သူက အရိုးအကြောပြောင်းကျမ်းနှင့် ကောင်းကင်ဆေးလုံးကိုတော့ ရွှမ်ပိုင်၏ခြံဝန်းထဲရှိ ဗောဓိသစ်ပင်၏ သစ်ခေါင်းပေါက်ထဲတွင် ထည့်ထားပေးရန် တောင်းဆိုလိုက်သည်။

ထိုအချိန်တွင် အဖြူရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး မုန့်ချီက ခဏကြာ အိပ်ပျော်သွားသလို ခံစားလိုက်ရသည်။ သိပ်မကြာခင် သူက မျက်လုံးဖွင့်လိုက်ပြီး အခန်းထဲသို့ ပြန်ရောက်နေခဲ့၏။

"တိုက်အုပ်ကိုယ်တော်ဝူကျင်း…

ကျန်းတင်နဲ့ ကျန်းဝေတို့ကအထဲမှာရှိပါတယ်…"

ထိုအချိန်တွင် ခြံဝန်းထဲမှနေ၍ ကျန်းမြောင်၏အသံကို ကြားလိုက်ရလေသည်။

Translated by Hein Htet.

All Chapters