← Chapters

အခန်း (၈၂)

Vol. 6 Ch. 82

အခန်း (၈၂)

Vol. 6 Ch. 82

"တိုက်အုပ်ကိုယ်တော် ဝူကျင်းလား....."

ထိုနာမည်ကို ကြားသည့်အခါ မုန့်ချီက တုန်လှုပ်သွားပြီး ရင်ထဲတွင်လည်း ကြောက်လန့်သွားခဲ့သည်။

ဝူကျင်းက စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ တိုက်အုပ်ကိုယ်တော်ဖြစ်၏။ သူက ဝူမျိုးဆက်တွင် အငယ်ဆုံး ဖြစ်သော်လည်း သူ၏ကျင့်ကြံမှုက အလွန်ထူးချွန်လွန်းလှသည်။ သူက ဓမ္မခြံဝန်းနှင့် ဗောဓိခြံဝန်း၏ တိုက်အုပ်ကိုယ်တော်များကို ယှဉ်ပြိုင်နိုင်စွမ်းရှိ၏။

သူက မြေပြင်မှတ်တမ်းတွင် တစ်ယောက် အပါအဝင်ဖြစ်ပြီး တရားမျှတမှုကို လိုလားသည်။ သူက တရားမျှတမှု၊ ထင်ရှားမှုနှင့် နာမည်ကျော်ကြားပြီး အလွန်ခေါင်းမာသည်ဟု လူသိများသည်။ သူက ရှောင်လင်တွင် နာမည်အကျော်ကြားဆုံး ဘုန်းတော်ကြီးတစ်ပါးလည်း ဖြစ်သည်။

စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ တိုက်အုပ်ကိုယ်တော်က မုန့်ချီကို ကိုယ်တိုင် လာတွေ့နေသည်။ သူတို့က သူ့ကို သံသယဝင်နေခြင်း‌ပေလော။ မုန့်ချီက မသေမချာ ဖြစ်နေသည့်အတွက် အခန်းတံခါးကို လျင်မြန်စွာ ဖွင့်လိုက်သည်။

ကျန်းမြောင်က အရင်ဆုံး လျှောက်လာပြီး သူ့နောက်မှနေ၍ ရွှမ်ကုံက ကောက်ကျစ်စဉ်းလဲသော အမူအရာနှင့် လိုက်လာခဲ့သည်။ သူတို့ကတော့ တစ်ယောက်နှင့် တစ်ယောက် အနည်းငယ်ခွာ၍ ရပ်နေပြီး လူတစ်ယောက်အတွက် လမ်းဖွင့်ပေးနေကြောင်း သိသာသည်။

ထိုအချိန်တွင် အဝါဝတ်ကိုယ်တော်တစ်ပါး ဝင်လာပြီး သူ၏ပုခုံးပေါ်တွင် အနီကွက် ခြုံထည်တစ်ခုရှိသည်။ သူကတော့ အသက်(၄၀)ဝန်းကျင်ခန့်ရှိ၏ ။အသားအရည်က ခပ်ညိုညို ဖြစ်သည်။ သူက သာမန်ရုပ်ရည်မျိုးသာရှိပြီး မျက်နှာပေါ်တွင် ထင်ရှားသော အရေးအကြောင်းများရှိသည်။

စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ တိုက်အုပ်ကိုယ်တော်တစ်ပါး ဖြစ်သည့်အတွက် သူက အလွန်စည်းကမ်းရှိပြီး တိကျသည်။ သူ၏လက်အောက်ငယ်သားများကဲ့သို့ ခက်ထန်သော အမူအရာမျိုး မရှိချေ။ သူက ပြုံးနေခြင်းမရှိဘဲ သူ၏မျက်လုံးများက ထိုးထွင်းဉာဏ် ပြည့်စုံမှုကြောင့် ဝင်းလက် တောက်ပနေခဲ့၏။

"ဒါက စည်းကမ်းထိန်းသိမ်းရေးခြံဝန်းရဲ့ တိုက်အုပ်ကိုယ်တော် ဆရာတော်ဝူကျင်း.…."

ကျန်းမြောင်က မုန့်ချီနှင့် ကျန်းဟွေတို့ကို မိတ်ဆက်ပေးလိုက်သည်။

နှုတ်ဆက်လိုက်ကြပြီးနောက် ဝူကျင်းက သူ့ကို သံသယဝင်နေကြောင်း မုန့်ချီက ချက်ချင်း ခံစားမိလိုက်သည်။ ဓားတစ်ချောင်းက သူ့အသားကို ထိုးဖောက်နေသလို ခံစားနေရ၏။ ဝူကျင်းက သူ၏လျှို့ဝှက်ချက်များအားလုံးကို ဖောက်မြင်နိုင်သည်ဟု ခံစားနေခဲ့ရသည်။

ဝူကျင်းက တစ်ကိုယ်လုံး ကြည့်နေရာမှ မုန့်ချီ၏ မျက်လုံးကို တည့်တည့် စိုက်ကြည့်လိုက်သည်။ ထို့နောက် လေးနက်စွာ မေးလိုက်၏။

"ကျန်းတင် …

အနတ္တကျိန်စာဖျက် ဓားပညာကို ဘယ်နေရာကနေ သင်လာတာလဲ...”

“ဟမ်....."

မုန့်ချီက အလွန်ထိတ်လန့်သွားပြီး ရင်ထဲတွင်လည်း ကြောက်လန့်သွားသည်။ သူကတော့ ထိုကဲ့သို့ အခြေအနေမျိုးတွင် သူ၏လျှို့ဝှက်ချက်ကို သစ္စာမဖောက်နိုင်ပေ။

ရွှမ်ကုံက ဝူကျင်းကို ကြည့်လိုက်ရာ သူက ခေါင်းညိတ်ပြလိုက်ကြောင်း မြင်လိုက်သည်။ သူက မုန့်ချီကိုကြည့်၍ လေးလေးနက်နက် ပြောလိုက်၏။

"မင်းက အခြေအနေအမှန်ကို ဖုံးကွယ်ထားလို့ ရမလား.။ ကောင်းကင်မျက်လုံးနဲ့ ကောင်းကင်နားဆိုတာက ဒဏ္ဍာရီပုံပြင်တွေ မဟုတ်ဘူး...။ ဘာမှဖုံးကွယ်မနေနဲ့။ မင်းက ကျန်းချန်ကို ခုတ်လိုက်တဲ့ခုတ်ချက်က အနတ္တကျိန်စာဖျက်ဓားပညာရဲ့ ပထမသိုင်းကွက် တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ဆိုတာကို တိုက်အုပ်ကိုယ်တော်က မမှတ်မိပဲနေမှာလား...”

“ပြောစမ်း...မင်းက အနတ္တကျိန်စာဖျက် ဓားပညာကို ဘယ်နေရာကနေ သင်လာခဲ့တာလဲ...။ မင်းက ကျန်းချန်၊ ကျန်းရုံတို့နဲ့ ပူးပေါင်းပြီး သိုင်းကျမ်းတွေကို ခိုးခဲ့တာလား...။ ပြီးတော့ အချင်းချင်း မျှဝေနေတာလား..။ ပြီးတော့ မင်းကိုယ်တိုင်ပဲ အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို တွန်းချလိုက်တာ မဟုတ်လား..."

ထိုမေးခွန်းများက မုန့်ချီ၏ ရင်ထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသလို ခံစားနေရသည်။ ရှောင်လင်တွင် ဓမ္မကာရအဆင့် ပညာ‌ရှင်ပေါင်းများစွာ စောင့်ကြပ်နေသည်ကို သိနေသော်လည်း သူကတော့ သတိမထားမိခဲ့ပေ။

"ကျွန်တော်....."

မုန့်ချီက ဆင်ခြေပေးရန် စဉ်းစားနေခဲ့သည်။ မဟုတ်လျှင် သံသရာအရှင်သခင်က သူ့ကို ရှင်းပစ်နိုင်သည့် အန္တရာယ်လည်း ရှိနေသေးသည်။ သူက အမှန်အတိုင်း ပြောပြ၍ မဖြစ်နိုင်ပေ။

"သူက ကျွန်တော်တို့ရဲ့ ဆရာလေ့ကျင့်နေတာကိုကြည့်ပြီး အနတ္တကျိန်စာဖျက် ဓားပညာကို မတော်တဆ နားလည်သွားတာပါ...."

ကျန်းဟွေက တည်ငြိမ်စွာ ဝင်ပြောလိုက်သည်။ သူကတော့ ထိုကိစ္စ၏ လေးနက်မှုကို မသိချေ။

“မတော်တဆ ဟုတ်လား…”

ရွှမ်ကုံက ခနဲ့သလို ပြောလိုက်သည်။

"ဝေ့ကျင်းအဆင့် သိုင်းပညာတစ်ခုကို စိတ်ဝိညာဉ်လွှဲပြောင်းမှုမဟုတ်ဘဲ လူတစ်ယောက် လေ့ကျင့်တာကို ကြည့်ရုံနဲ့ နားလည်သွားတာလား...."

ကျန်းတင်က တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို သင်ယူထားခဲ့သည်မှာ သေချာသည်။ အဘယ့်ကြောင့်ဆိုသော် သူက လော်ဟန့်မိစ္ဆာလက်သီးသိုင်းနှင့် ပရာဏလက်ဝါးသိုင်း ကျွမ်းကျင်နေသော ကျန်းချန်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။

ထိုစကားကို ပထမဆုံးကြားသည့်အချိန်တွင် ကျန်းမြောင်က မုန့်ချီကို အံ့အားသင့်စွာ ကြည့်ခဲ့မိသည်။ ထို့ကြောင့်လည်း သူက ကျန်းချန်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ခြင်းဖြစ်၏။

သို့သော် အနတ္တကျိန်စာဖျက် ဓားပညာက သီးသန့်သင်ကြားပေးရခြင်း ဖြစ်သည်။ အကယ်၍ သူသာ အချိန်တိုလေးအတွင်းစိတ်ဝိညာဉ်လွှဲပြောင်းမှုမှတစ်ဆင့် သင်ကြားခွင့်ရနိုင်မည်ဆိုလျှင်ပင် ဓားပညာအပေါ် သူ၏နားလည်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းသောအဆင့်ဟု ဆိုနိုင်သည်။

မည်သို့ဖြစ်စေကာမူ မုန့်ချီက သေရေးရှင်ရေး အခြေအနေမျိုးစုံကို ရင်ဆိုင်ဖူးသည့်အတွက် ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး ပြန်ဖြေလိုက်သည်။

"တိုက်အုပ်ဆရာတော် …ဦးလေးရွှမ်ကုံ အဲဒါက အမှန်ပါပဲ...။ ကျွန်တော်က အနတ္တကျိန်စာဖျက် ဓားပညာနဲ့ ကံစပ်တယ်လို့ ထင်တယ်....။ ကျွန်တော့်ဆရာ လေ့ကျင့်နေတာကို မတော်တဆ ကြည့်မိသွားပြီး အဲဒါကို စဉ်းစားနေမိခဲ့တယ်...။ ကျွန်တော်က စေတီလေးထဲမှာ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို လေ့ကျင့်နေတဲ့အချိန် အဲဒီအရာကို သေချာစဉ်းစားမိခဲ့တယ်..။ အဲဒီအချိန် ကျွန်တော့်ရဲ့ခေါင်းထဲမှာ မီးဖိုကြီးတစ်ခုလို ဖုန်မှုန့်တွေ လွှမ်းခြုံလာတယ်...။ အဲဒါက ဗုဒ္ဓရဲ့အနှစ်သာရတွေနဲ့ ထုဆစ်ထားတဲ့ မီးဖိုကြီးတစ်ခုလိုပဲ......"

အကယ်၍ သူသာ ကျန်းမြောင်ဆိုလျှင် ထိုစကားလုံးများနှင့် လှည့်စားနေလိမ့်မည် မဟုတ်ချေ။ သို့သော် ထိုအရာက သူ့အတွက် တစ်ခုတည်းသော ဆင်ခြေတစ်ခုသာ ဖြစ်သည်။

"ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နဲ့ အနတ္တကျိန်စာဖျက် ဓားပညာက ဆက်စပ်မှု ရှိလို့လား...."

ရွှမ်ကုံက နားမလည်နိုင်သလို ဖြစ်သွားခဲ့သည်။

သို့သော် ဝူကျင်းက သေချာစွာ ပြန်ဖြေလိုက်၏။

"မင်းရဲ့ အတွေ့အကြုံတွေကို ပြောပြစမ်း ....."

မုန့်ချီက သူ၏အတွေ့အကြုံများကို အလျင်အမြန် ပြောပြလိုက်သည်။ သူကြုံတွေ့ခဲ့ရသည့်အရာများက စစ်မှန်နေသည့်အတွက် သူက အသေးစိတ် ရှင်းပြနိုင်ခဲ့သည်။

မုန့်ချီ စကားပြောနေသည့်အချိန်တွင် ဝူကျင်းက သူ့ကို စိုက်ကြည့်နေခဲ့၏။ သူ၏မျက်လုံးထဲတွင်လည်း အလင်းရောင်များ တောက်ပနေပြီး ရွှေရောင် အလင်းတန်းများ စုစည်းနေပုံရသည်။

မုန့်ချီ ပြောပြီးသွားသည့်အချိန်တွင် ဝူကျင်းက ခေါင်းညိတ်ပြလိုက်၏။

"မင်းရဲ့အတွေ့အကြုံတွေက စိတ်ဝိညာဉ်လွှဲပြောင်းမှုကနေ သင်ယူထားခဲ့တယ် ဆိုတာကတော့ အမှန်ပဲ...။ ဒါပေမယ့် မင်းရဲ့ဆရာ လေ့ကျင့်နေတာကို မတော်တဆ မြင်ခဲ့ပြီး နားလည်သွားတယ် ဆိုတာကတော့ မင်း လိမ်နေတာ...။ ဓားပညာကို တစ်ကြိမ်တည်း ကြည့်ရုံနဲ့ ဘယ်သူမှ နားမလည်နိုင်ဘူး ..."

သူက အတော်လေးကို ခေါင်းမာလှသည်။ သူ၏ တွက်ချက်မှုက သာမန်အမြင်နှင့် ကွဲလွဲနေကြောင်း မုန့်ချီက သေချာမသိနိုင်ပေ။

"တိုက်အုပ်ကိုယ်တော် …

ဒါက တကယ့်ကို အမှန်ပါပဲ ...."

မုန့်ချီက ဝူကျင်းကိုပင် စိုက်ကြည့်ရန် ကြောက်လန့်နေခဲ့သည်။

ဝူကျင်းက ခဏကြာတိတ်ဆိတ်သွားခဲ့သည်။ တိုက်အုပ်ကိုယ်တော်က သူ့အပေါ် စိတ်ဝိညာဉ်ဖမ်းဆီးခြင်း လက်(၁၃)သွယ်ကဲ့သို့သော သိုင်းပညာမျိုး အသုံးပြုမှာကိုလည်း မုန့်ချီက စိုးရိမ်နေခဲ့၏။

သူက ရုတ်တရက် ပြောလိုက်သည်။

"အမှားအမှန်ကို ကြိုတင်ဆုံးဖြတ်ထားပြီးသားပဲ ..။ အမှန်တရားကို မပြောဘူးဆိုရင် ဘယ်သူမှ အပြစ်ပေးမှုကနေ လွတ်မြောက်မှာမဟုတ်ဘူး .။ မင်းတို့က ငါနဲ့အတူ ဗုဒ္ဓခန်းမထဲကို လိုက်ခဲ့ကြ ..။ မင်းတို့ကို ကျောင်းထိုင်နဲ့ တခြား အကြီးအကဲတွေက မေးမြန်းလိမ့်မယ်..။ မင်းတို့က လမ်းမှာလည်း အကျိုးဆက်ကို သေချာ စဉ်းစားထား..။ လူသတ်ဓားကိုချလိုက်မယ်ဆိုရင် ဗုဒ္ဓက မင်းကို စောင့်ရှောက်ပေးမှာပါ ...."

ထို့နောက် သူက အပြင်ကို ထွက်သွားခဲ့သည်။

ရွှမ်ကုံ၏ မျက်နှာပေါ်တွင်တော့ ကျေနပ်နေသော အပြုံးတစ်ခု ပေါ်လာပြီး မုန့်ချီက သေချာပေါက် အပြစ်ရှိသည်ဟု သူက သိနေသလိုမျိုး ဖြစ်သည်။ ဝေ့ကျင်းအဆင့် ပညာရှင်များထဲတွင် ထိပ်တန်း ဖြစ်သော ဝူကျင်းနှင့် ရင်ဆိုင်ရသည့်အချိန်တွင် မုန့်ချီက ထွက်ပြေးရဲခြင်း မရှိသလို ငြင်းဆန်ရဲခြင်းလည်း မရှိချေ။

သူက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး နောက်မှ လိုက်သွားခဲ့၏။ သူကတော့ သံသရာအရှင်သခင်၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားရမည် ဖြစ်သည်။ အကယ်၍ ကောင်းကင်မျက်လုံးနှင့် တွေ့သွားမည်ဆိုလျှင်ပင် ကိစ္စမရှိချေ။

ကျန်းရုံနှင့် ကျန်းချန်တို့က သူနှင့် ပူးပေါင်းသည်ဟု စွပ်စွဲခံရမှာကို စိုးရိမ်နေခြင်း မရှိချေ။ သူက အပြစ်ကင်းစင်မှတော့ မည်သည့်အရာကိုမှ ကြောက်မနေတော့ပေ။

ကျန်းဟွေကလည်း နောက်မှလိုက်လာခဲ့သည်။ ဝူကျင်းက မုန့်ချီ တစ်ယောက်တည်းကိုသာ မေးမြန်းလိုခြင်းဖြစ်ကြောင်း သူက နားမလည်ခဲ့ပေ။

ညနေခင်း လေပြေလေအေးလေးက တိုက်ခတ်နေသည့်အတွက် တစ်ကိုယ်လုံး အေးစက်နေသည်။ မုန့်ချီက ဖြည်းညင်းစွာ လမ်းလျှောက်လာနေရင်း စိတ်ကို ထိန်းချုပ်၍ အကြောက်တရားကို ဖယ်ရှားလိုက်သည်။

ထိုအချိန်တွင် ဝူကျင်းက သူ့ကို ပြန်လှည့်ကြည့်လိုက်၏။ သူက မုန့်ချီ၏ ခံစားချက်ပြောင်းလဲသွားမှုကို သတိထားမိခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ဗုဒ္ဓခန်းမထဲတွင် …

မုန့်ချီက ပထမဆုံးအကြိမ် ကျောင်းထိုင်ကုံဝမ်ကို မြင်ခဲ့ရသည်။ ထိုအရာက ဒဏ္ဍာရီထဲမှ နဂါးဖမ်းလော်ဟန်ရွှေခန္ဓာပိုင်ရှင်လည်း ဖြစ်၏။ သူ၏မျက်နှာအရောင်က ‌ရွှေရောင် တောက်ပနေပြီး ရှည်လျားသော မျက်ခုံးဖြူများက အောက်သို့ ကျဆင်းနေသည်။

သူက ပိန်ပိန်ပါးပါးရှိပြီး ရင်ဘတ်ပေါ်တွင် အလွန်ကြီးမားသော ပုတီး တစ်ကုံးကို ဆွဲထား၏။ သူက ကွင်း (၉)ကွင်း ရှိနေသော သံတုတ်ကို ကိုင်ထားပြီး လူသားကမ္ဘာနှင့် သီးခြားဖြစ်တည်နေသော အစစ်အမှန် ပညာရှင်တစ်ယောက်ကဲ့သို့ ရပ်နေခဲ့သည်။

အနားတွင်တော့ အနီဝတ်ရုံခြုံထားသော ဘုန်းတော်ကြီးများ ရှိနေသည်။ မုန့်ချီကတော့ အနည်းငယ်ကိုသာ သိ၏။

ဗောဓိခြံဝန်း၏ ခေါင်းဆောင်ဝူစစ်၊ အကြီးအကဲဝူရှန့်နှင့် ဝူတိ၊ သူ့ဆရာ ရွှမ်ပိုင်တို့ကိုသာ သိသည်။ ကျောင်းထိုင်ကို အရိုအသေ ပေးလိုက်ပြီးနောက် ဝူကျင်းက ကိစ္စတစ်ရပ်လုံးကို သေချာပြောပြလိုက်သည်။ ထို့ပြင် မုန့်ချီပြောခဲ့သော စကားက လိမ်ညာနေခြင်းဖြစ်ကြောင်း သူ၏ ကောင်းကင်နားက ဆုံးဖြတ်ခဲ့ကြောင်းလည်း ပြောပြခဲ့သည်။

"ဝူရှန့် ၊ဝူတိ ..."

အကြီးအကဲများနှင့် တိုက်အုပ်ကိုယ်တော်များအားလုံးက ပြောပြလိုက်ပြီး ဝူကျင်းကို ယုံကြည်ကြောင်း ပြောပြလိုက်သည်။

အကယ်၍ ဘုန်းတော်ကြီး ဓမ္မပြန်လည်ဝင်စားမည်ဆိုလျှင်ပင် ဓမ္မကာရ အဆင့်ကို မရောက်ခင် စိတ်ဝိညာဉ်လွှဲပြောင်းမှုမရှိဘဲ တစ်စုံတစ်ယောက် လေ့ကျင့်နေခြင်းကို ကြည့်နေရုံနှင့် ဓားပညာကို သင်ယူရန် လုံးဝမဖြစ်နိုင်ပေ။

"ဗုဒ္ဓက သနားကြင်နာတတ်ပြီး ဝိညာဉ်တိုင်းကို ကယ်တင်လိုတယ်... ။ တကယ်လို့ မင်းသာ အပြစ်ကို ဝန်ခံမယ်ဆိုရင် မင်းရဲ့အပြစ်ကို သေချာပေါက်လျှော့ပေါ့ပေးမယ် ...."

ဝူကျင်းက မုန့်ချီကို လှည့်ကြည့်လိုက်သည်။

သူ၏ မျက်လုံးများက လျှပ်စီးကြောင်းသဖွယ်ဖြစ်နေခဲ့၏။ မုန့်ချီကတော့ ခံစားချက် ကင်းမဲ့သော သူ့ဆရာရွှမ်ပိုင်ကို လှည့်ကြည့်လိုက်သည်။သူက စကားပြောရန် ပြင်လိုက်စဉ် တခြားသော အကြီးအကဲတစ်ယောက် ဝင်လာခဲ့၏။

"အော်မီတော်ဖော်....ကျောင်းထိုင် ..

ကျွန်တော်တို့က တောင်အောက်ကို ကျသွားတဲ့ အရိုးကြွက်သား အားဖြည့်ကျင့်စဉ် မိတ္တူကို မတွေ့ခဲ့ဘူး ....။ ကြည့်ရတာ အဆိပ်ရေကန်ထဲမှာ အရည်ပျော်ကျသွားတာလည်း ဖြစ်နိုင်တယ် .”

“ချောက်ကမ်းပါးထဲမှာ အဆိပ်သတ္တဝါတွေ အများကြီး ရှိတယ် ..။ အဆိပ်သိုင်းပညာကို လေ့ကျင့်နေတဲ့ ဒကာကြီးတွေလည်း အများကြီး ရှိတယ်..။ ငါတို့က သူတို့ကို တားမြစ်မထားဘူး ....။ သူတို့ကို လူမသတ်နဲ့ မကောင်းတာ မလုပ်နဲ့လို့ပဲ ပြောထားခဲ့တာ ....."

ဗောဓိခြံဝန်းရဲ့ခေါင်းဆောင်ဝူစစ်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့ဆီတွင် မျက်ခုံးနှင့် မုတ်ဆိတ်မွှေးများ မရှိသည့် သစ်ရွက် မရှိတော့သော သစ်ပင်အိုကြီး တစ်ပါးကဲ့သို့ဖြစ်သည်။

သူက အကြံပေးလိုက်ခြင်း သက်သက်သာ ဖြစ်ကြောင်း မုန့်ချီက သိနေ၏။ အကယ်၍ ထိုနေရာ၍ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်သာ ရှိနေမည်ဆိုလျှင် သူတို့အတွက်တော့ ကောင်းကင်ပေါ်မှ ကျဆင်းလာသော လက်ဆောင်တစ်ခု ဖြစ်သွားပါလိမ့်မည်။

"အော်မီတော်ဖော် ....ဝူတင်

အကြီးအကဲတွေများများ ထပ်ခေါ်သွားပြီး တောင်အောက်ကိုသွားလိုက် ..။ အဲဒီဒကာကြီးတွေကို သေချာမေးလိုက် ...."

ထိုကျောင်းထိုင်ကုံဝမ်က ‌တည်ငြိမ်စွာ ပြောလိုက်သည်။

ဝူတင်က ကျမ်းစာခြံဝန်း၏ တိုက်အုပ်ကိုယ်တော်ဖြစ်ပြီး ဧည့်ကြို ခြံဝန်းနှင့် ဝေယျာဝစ္စခြုံဝန်းတို့၏ တိုက်အုပ်ကိုယ်တော်လည်း ဖြစ်သည်။

ရွှမ်ကုံက ရုတ်တရက် ပြောလိုက်၏။

"ကျောင်းထိုင် …အကြီးအကဲတို့ …

အဲဒီအထုပ်က တောင်အောက်ကို လုံးဝကျမသွားတာလည်း ဖြစ်နိုင်တယ် ...."

မုန့်ချီက ထိုအထုပ်ကို သိမ်းထားခြင်းဖြစ်မည်ဟု သူက သံသယဝင်နေခြင်း ဖြစ်သည်။

“ကျန်းတင် …

မင်းက အနတ္တကျိန်စာဖျက်ဓားပညာကို ဘယ်နေရာကနေ သင်လာခဲ့တာလဲ…”

ဝူကျင်းက နောက်တစ်ကြိမ် မေးလိုက်သည်။ သူ၏လေသံက ပို၍ကျယ်လောင်နေခဲ့၏။

"အရိုးကြွက်သားအားဖြည့်ကျင့်စဉ်က တကယ်ပဲ တောင်အောက်ကို ပြုတ်ကျသွားတာလား....."

ထိုကျမ်းစာကို ဆုံးရှုံးသွားခြင်းကြောင့် မုန့်ချီက တစ်ကိုယ်လုံး ချွေး‌စေးပြန်နေခဲ့သည်။ ယခုတစ်ချိန်တော့ သူ၏အပြစ်ကင်းစင်မှုကို သက်သေပြ၍ မရတော့ခြင်းပေလော။

မုန့်ချီက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်၏။ အလွန်တည်ငြိမ်ပြီး ကြောက်စရာကောင်းသော မျက်လုံးများရှေ့တွင် သူက ပြောလိုက်သည်။

"ကျောင်းထိုင် …

အကြီးအကဲတို့ ကျမ်းစာအထုပ်က တကယ်ပဲပြုတ်ကျသွားတာပါ ....."

"ကျန်းတင် …

မင်းက အနတ္တကျိန်စာဖျက်သိုင်းပညာကို ဘယ်ကသင်လာခဲ့တာလဲ....။ ဘုန်းတော်ကြီးတွေက လိမ်လို့မရဘူးနော်..."

ဝူကျင်း၏အသံကပို၍ပင် ကျယ်လောင်လာခဲ့၏။

မုန့်ချီ၏ နှလုံးခုန်သံက ပို၍မြန်လာခဲ့သည်။ သူကတော့ ဆက်၍ခေါင်းမာရမလား တစ်ခြားသော ဆင်ခြေပေးရမလား တွေဝေနေခဲ့၏။ သူ၏လက်ဝါးတွင်လည်း ချွေးစေးများပြန်နေခဲ့သည်။ ထိုကဲ့သို့ ဖိအားမျိုးကြောင့်သူကတော့ တစ်ကိုယ်လုံး တုန်လှုပ်နေခဲ့၏။

သူက အံကြိတ်ပြီး တစ်ခြားအကြောင်းပြချက်ပြောရန် ပြင်လိုက်စဉ် သူ့ဆရာရွှမ်ပိုင်က အကြီးအကဲများထဲမှနေ၍ ထွက်လာပြီး ကျောင်းထိုင် ကုံဝမ်၏ရှေ့တွင် ဒူးထောက်လိုက်သည်။

"ကျောင်းထိုင် …

ကျွန်တော့်မှာ အပြစ်ရှိပါတယ်။ ကျွန်တော်က အခွင့်မရှိဘဲ ကျန်းတင်ကို အနတ္တကျိန်စာဖျက် ဓားပညာ သင်ကြားပေးခဲ့မိတယ်....."

Translated by Hein Htet

All Chapters