← Chapters

အခန်း (၈၃)

Vol. 6 Ch. 83

အခန်း (၈၃)

Vol. 6 Ch. 83

သူတို့အားလုံးက ရွှမ်ပိုင်ကို စိုက်ကြည့်လိုက်ကြသည်။ တချို့ကတော့ ရုတ်တရက်နားလည်သွားပြီး တချို့ကတော့ ဇဝေဇဝါ ဖြစ်နေကြသည်။ တချို့က မျက်မှောင်ကြုတ်နေမိကြ၏။

“ဘယ်လို...”

မုန့်ချီက သူ့ဆရာကို အလွန်အံ့အားသင့်စွာ စိုက်ကြည့်လိုက်မိပြီး သူ မလုပ်သော အပြစ်အတွက် တာဝန်ခံပေးခြင်းကို နားမလည်နိုင်ခဲ့ပေ။ သူ၏အနတ္တကျိန်စာဖျက် ဓားပညာက မည်သည့်နေရာမှ ရလာခဲ့ကြောင်း သူ့ဆရာက ဖော်ထုတ်ရန် ဆန္ဒမရှိခြင်းပေလော။

"အော်မီတော်ဖော်...အပြစ်ရှိနေတာပဲ..."

ကုံဝမ်၏ အသံက အတော်လေးကို တိုးနေပြီး မျက်လွှာချလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာမှု၊ ပျော်ရွှင်မှုများမရှိဘဲ သနားညှာတာလိုသည့် အမူအရာတစ်ခုသာ ပေါ်လာခဲ့သည်။

စည်းကမ်းထိန်းသိမ်းရေး ခြံဝန်း၏ တိုက်အုပ် ဝူကျင်းက ရွှမ်ပိုင်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်၏။

"ရွှမ်ပိုင်...

မင်းက ဘာလို့ ကျန်းတင်ကို အနတ္တကျိန်စာဖျက်ဓားပညာ သင်ပေးလိုက်ရတာလဲ..."

သူတို့၏ မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းများ တောက်ပလာပုံ‌ရပြီး သူတို့ကို ကြည့်ရသည်မှာ ဗုဒ္ဓ သို့မဟုတ် နတ်ဘုရားတစ်ပါးကို ကြည့်နေရသလိုဖြစ်၏။

ရွှမ်ပိုင်က ခေါင်းမော့ပြီး ဝူကျင်းကို စိုက်ကြည့်လိုက်သည်။

"ကျန်းတင်က ဓားပညာကို အရမ်းသဘောကျတယ်။ ဒါကြောင့် ကျွန်တော်က သူ့ကို သင်ပေးဖို့အတွက် ဓားပညာကို အများကြီးလေ့လာခဲ့ရတယ်။ ကျွန်တော်က အနတ္တကျိန်စာဖျက်ဓားပညာကို လေ့ကျင့်နေတဲ့အချိန် သူက မထင်မှတ်ဘဲမြင်သွားပြီး အဲဒီဓားပညာကို အရမ်းစိတ်ဝင်စားနေခဲ့တာ။ ဓားပညာမှာ သူ့ရဲ့ပါရမီကလည်း တော်တော်လေး ထူးချွန်တယ်။ ကျွန်တော်က သူ့ရဲ့စွမ်းရည်ကို သဘောကျတဲ့အတွက် အချိန်မဆိုင်းတော့ဘဲ ဓားသိုင်း သင်ကြားပေးမိခဲ့တယ်။ သူ့ရဲ့ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် တိုးတက်မှုကို စဉ်းစားပြီး သူက ဉာဏ်အလင်းပွင့်မှုကို မရောက်သေးရင်လည်း အဆင်ပြေနိုင်တယ်လို့ တွေးခဲ့မိတယ်။ ဒါကြောင့် ကျွန်တော်က ဝေခွဲမရ ဖြစ်သွားပြီး အနတ္တကျိန်စာဖျက် ဓားပညာကို သင်ပေးခဲ့မိတာပါ…"

ဝူကျင်းကတော့ သဲလွန်စများကို ရှာတွေ့ခဲ့ပုံ မရချေ။ ထိုအချိန်တွင် ရွှမ်ပိုင် ပြောခဲ့သော အကြောင်းအရာများက အတော်လေးကို သင့်တော်မှု ရှိနေသည်။ ကျန်းတင်က (၃)လအတွင်းရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၏ အဆင့်(၄)ဆင့်ကို အောင်မြင်သွားကြောင်း လူတိုင်းက သိနေသည်။

သူက ဉာဏ်အလင်းပွင့်မှု အဆင့်ကိုရောက်ရန် အနည်းငယ်သာ လိုတော့၏။ အကယ်၍ သူကသာ ကျမ်းစာတိုက်ထဲတွင် ရှိနေသော အနတ္တကျိန်စာဖျက်ဓားပညာကို ငှားယူလိုက်နိုင်မည်ဆိုလျှင် ထိုအကြောင်းအရာများ အားလုံးကို တိတ်တဆိတ် ဖုံးကွယ်နိုင်ပါလိမ့်မည်။

သို့သော် ကျန်းတင်က အနတ္တကျိန်စာဖျက် ဓားပညာကို အသုံးပြုရန် လိုအပ်သည့် အခြေအနေမျိုး ကြုံရလိမ့်မည်ဟု မည်သူကမျှ မတွေးနိုင်ခဲ့ပေ။ ပုံမှန်အခြေအနေမျိုးတွင်တော့ သူက ကျောင်းတော်ထဲ၌ နှစ်ပေါင်း(၁၀၀)ခန့် နေလျှင်ပင် မည်သူ့ကိုမျှ တိုက်ခိုက်ရန် မလိုအပ်ပေ။

"အဲဒါအမှန်ပဲလား..."

ဝူကျင်းက မုန့်ချီက လှည့်ကြည့်ပြီး မေးလိုက်သည်။

ဝူကျင်းကို လိမ်ညာခြင်းက အဆင်မပြေနိုင်ကြောင်း မုန့်ချီကလည်း သိနေ၏။ ထို့ကြောင့် သူကလည်း သူ့ဆရာ၏ စကားအတိုင်း အကြောက်အလန့်မရှိဘဲ ဝူကျင်းကို စိုက်ကြည့်၍ ပြောလိုက်၏။

"တိုက်အုပ်ဆရာတော်...

ဆရာရဲ့ ချစ်ခင်မှုကြောင့် ကျွန်တော်က တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်ကို အတော်အသင့် နားလည်ခဲ့ပါတယ်။ အဲဒါက ကျန်းရုံ၊ ကျန်းချန်တို့နဲ့ ဘာမှမပတ်သက်ပါဘူး…"

သူ၏ စကားလုံးတိုင်းက စစ်မှန်နေသည်။ သို့သော် တခြားသူများကတော့ သူ့စကားကို လုံးဝအထင်လွဲသွားနိုင်၏။ အကယ်၍ မုန့်ချီက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို လေ့ကျင့်နေသည့်အချိန်၌ ရွှမ်ပိုင်ကသာ ဓားပညာကို လေ့လာခဲ့ခြင်း မရှိခဲ့လျှင် တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကို လုံးဝနားလည်နိုင်ခဲ့မည် မဟုတ်ချေ။

ရွှမ်ပိုင်က သူ့ကို တိတ်တဆိတ် သင်ကြားပေးခဲ့ကြောင်း ကြားခဲ့ပြီးနောက် သူက အနတ္တကျိန်စာဖျက်ဓားပညာ၏ ပထမသိုင်းကွက်ကိုသာ တတ်မြောက်ထားမည်ဟု သူတို့က တွေးလိုက်မိခြင်း ဖြစ်သည်။ ကျန်းရုံနှင့် ကျန်းချန်တို့၏ ပြဿနာကိုတော့ မုန့်ချီက ပွင့်ပွင့်လင်းလင်းသာ ပြောခဲ့သည်။

ဝူကျင်းက စကားထပ်မပြောတော့ဘဲ ခေါင်းညိတ်၍ ကုံဝမ်ကို ပြောလိုက်သည်။

"ကျောင်းထိုင်...

ရွှမ်ပိုင်က စည်းကမ်းကို ချိုးဖောက်ပြီး သိုင်းပညာကို တိတ်တဆိတ် သင်ကြားပေးခဲ့တယ်။ ဒါက ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်ပါတယ်။ ကျန်းတင်ကလည်း မသင်သင့်ဘူးဆိုတာ သိပေမယ့် အနတ္တကျိန်စာဖျက်ဓားပညာကို လေ့ကျင့်ခဲ့သေးတယ်။ ဒါကြောင့် သူ့ကိုလည်း အပြစ်ပေးသင့်ပါတယ်…"

"ဝူကျင်း...

မင်းက စည်းကမ်းထိန်းသိမ်းရေးခြံဝန်းရဲ့ တိုက်အုပ်‌ကိုယ်တော်လေ။ မင်းက သူတို့ကို ဘယ်လိုအပြစ်ပေးဖို့ စဉ်းစားထားလဲ…"

ကုံဝမ်က တည်ငြိမ်စွာ မေးလိုက်၏။

ဝူကျင်းက စဉ်းစားပြီး ပြောလိုက်သည်။

"ရွှမ်ပိုင်က တုတ်နဲ့ အချက်(၁၀၀)အရိုက်ခံရမယ်။ ပရာဏသိုင်းကျမ်းကို အကြိမ်(၁၀၀) ကူးရေးရမယ်။ ပြီးတော့ သူက ကျမ်းစာတိုက်ထဲကို (၅)နှစ်တိတိ ဝင်ခွင့် မရှိသလို သိုင်းပညာအသစ်ကိုလည်း သင်ခွင့်မပေးသင့်ဘူး…”

“ကျန်းတင်ကတော့ တုတ်နဲ့ အချက်(၂၀) အရိုက်ခံရပြီး ပရာဏ ကျမ်းစာကို (၁၀)ကြိမ် ကူးရရမယ်။ တံခါး(၄)ပေါက် မပွင့်မချင်း ကျမ်းစာတိုက်ထဲကို ဝင်ခွင့်မပေးသင့်ဘူး။ ကျန်းတင်နဲ့ ကျန်းဟွေတို့က ကျန်းချန်နဲ့ ကျန်းရုံတို့ကို ရှာတွေ့ခဲ့တဲ့အတွက် သူတို့ကို ဆုလာဘ်ပေးရလိမ့်မယ်။ ဒီအတွက် ဂိုဏ်းတူအစ်ကိုကြီး ဝူစစ်ကပဲ ဆုကို ဆုံးဖြတ်ပေးပါ…”

သူလုပ်ဆောင်ရမည့် တာဝန်က အမှားလုပ်ထားမှုကို အပြစ်ပေးရမည်ဖြစ်ပြီး အကျိုးဆောင်ထားမှုအတွက်လည်း ဆုပေးရမည်ဖြစ်သည်။ သို့သော် ဆုပေးခြင်းနှင့် အမှားပြုလုပ်ထားခြင်းဟူသော အရာနှစ်ခုကို ချေဖျက်၍ မရနိုင်ပေ။

ထိုအပြစ်ပေးမှုကို ကြားသည့်အခါ အနတ္တကျိန်စာဖျက်ဓားပညာကို တိတ်တဆိတ် သင်ကြားခဲ့သော မုန့်ချီက သက်ပြင်းချလိုက်မိသည်။ အကယ်၍ သံသရာအရှင်သခင်ကသာ သေသွားမည်ဆိုလျှင် သူက သေဆုံးသွားရမည် ဖြစ်၏။

အကယ်၍ သူကသာ သံသရာအရှင်သခင်၏ ကိစ္စကို ပြောမပြခဲ့လျှင် ကျန်းရုံ၊ ကျန်းချန်တို့နှင့် ပူးပေါင်းနေသည်ဟူ၍ သံသယအဝင်ခံရနိုင်သည်။ ထို့ကြောင့် အကြိမ်(၂၀)အရိုက်ခံရပြီး ကျမ်းစာ (၁၀)ကြိမ်ကူးရခြင်းက သူ့အတွက် ကိစ္စမရှိချေ။ မည်သို့ဖြစ်စေကာမူ သူက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို နားလည်ထားခဲ့၏။

တံခါး(၄)ပေါက်မပွင့်ခင် ကျမ်းစာတိုက်ထဲသို့ ဝင်ခွင့်မပေးခြင်းကတော့ သူ့အတွက် အနည်းငယ်ကြီးလေးသော ပြစ်ဒဏ်တစ်ခုဖြစ်သည်။ မုန့်ချီက ဉာဏ်အလင်းပွင့်မှု အဆင့်ကို ရောက်သည့်အချိန်တွင် အနတ္တကျိန်စာဖျက်ဓားပညာကို လေ့ကျင့်သည့် အတွေ့အကြုံများ ဖတ်ချင်နေခဲ့သည်။

ထို့နောက် သူက သွေးကြောပိတ်ခြင်း၊ လက်သီးထိုးခြင်းနှင့် စိတ်ဝိညာဉ်ဖယ်ရှားခြင်း ကဲ့သို့သော စွမ်းရည် (၂)ခု ၊ (၃)ခုခန့်ကို လိုချင်နေသေးသည်။ ကြည့်ရသည်မှာ ထိုအစီအစဉ်ကိုတော့ ဆိုင်းငံ့ထားရတော့မည် ဖြစ်သည်။သို့သော် သူ၏ လျှို့ဝှက်ချက်ကို ပြောပြရန် မလိုအပ်ခဲ့သည်မှာ အတော်လေး အဆင်ပြေလှ၏။

ကုံဝမ်က တိုက်အုပ်ကိုယ်တော်များနှင့် အကြီးအကဲများကိုကြည့်ပြီး ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။

"အော်မီတော်ဖော်...

ငါလည်း ဒီအပြစ်ပေးမှုက သင့်တော်တယ်လို့ ထင်တယ်။ ဝူစစ်...မင်းက ပေးမယ့်ဆုကို ဆုံးဖြတ်ပါ…."

ဗောဓိခြံဝန်း၏ တိုက်အုပ်ကိုယ်တော်‌ဖြစ်သော ဝူစစ်က ပြောလိုက်သည်။

"ကျန်းဟွေက ပန်းခူးလက်ညှိုးသိုင်းကို လေ့ကျင့်နေတဲ့အတွက် တခြားသိုင်းပညာတွေနဲ့ အာရုံလွဲသွားလို့မရဘူး။ ငါက သူ့ရဲ့နှလုံးနဲ့ဝိညာဉ်ကို သန့်စင်ပြီး သူ့ကို ကာကွယ်ပေးနိုင်တဲ့ သက်ကယ်ဗုဒ္ဓပုတီးကို ဆုပေးမယ်။ ကျန်းတင်က တံခါး(၄)ပေါက် မပွင့်ခင် ကျမ်းစာခြံဝန်းထဲကို ဝင်ခွင့်မရှိဘူးဆိုတော့ သူ့ကို ထိပ်သီးသိုင်းပညာတစ်ခု ရွေးချယ်ခွင့်ပေးမယ်…"

ထိပ်သီးသိုင်းပညာဟူသည်မှာ အပြင်သိုင်း(၅၄)ခုအပါအဝင် သိုင်းကွက်များ၊ စွမ်းရည်များဖြစ်ပြီး တံခါးပေါက်နှင့် ပတ်သက်သော အရာများလည်း ပါဝင်နေသည်။ ထိုသိုင်းကျမ်းတစ်ခုချင်းဆီက အနတ္တကျိန်စာဖျက်ဓားပညာ၏ သိုင်းကွက်(၅)ခုကဲ့သို့ ဝေ့ကျင်း အဆင့်သိုင်းပညာများ ဖြစ်နိုင်သည်။

စွမ်းရည်များကို အလေးထားနေစဉ် အတောအတွင်း သူတို့က လေ့ကျင့်၍လည်း ရနိုင်၏။ သို့သော် အနည်းငယ်လေးသာ သင်ကြားနိုင်ပြီး စွမ်းရည်များကိုတော့ ပြည့်ပြည့်ဝဝ အသုံးချနိုင်ရန် မဖြစ်နိုင်သေးပေ။ မုန့်ချီကဲ့သို့သော လူငယ်လေး တစ်ယောက်က တစ်ကြိမ်တည်းနှင့် စိတ်ဝိညာဉ်လွှဲပြောင်းမှုကို နားလည်သွားသည်မှာ အတော်ကို ရှားပါးလှသည်။

ထို့ပြင် လိုအပ်ချက်အလွန်များပြားသော သိုင်းကျမ်းများ၊ ထိပ်သီးသိုင်းပညာများလည်း ရှိသည်။ တချို့ကိုတော့ တံခါးပေါက်များ ပွင့်ပြီးမှသာ သင်ကြားနိုင်ပြီး တချို့ကိုတော့ ဝေ့ကျင်းအဆင့်ကို ရောက်မှသာ သင်ကြားနိုင်ကြသည်။

ကျန်းဟွေကို ပုတီးတစ်ကုံး ဆုပေးမည်ဖြစ်ကြောင်း ကြားလိုက်ရသည့်အချိန်တွင် မုန့်ချီက အနည်းငယ် အံ့ဩသွားခဲ့သည်။ ထိုအရာက သန့်စင်လက်နက်တစ်ခု ဖြစ်နိုင်၏။ အကယ်၍ တိုက်အုပ်ကိုယ်တော်ဝူစစ်ကသာ သူ့ကို သန့်စင်လက်နက် ဖြစ်သော ဓားမောက်တစ်လက် ဆုပေးမည်ဆိုလျှင် သူက နေမင်းနီမကောင်းဆိုးဝါးဓားကို လဲလှယ်ရန် မလိုအပ်ချေ။

ဝူစစ်၏ စကားကို ကြားလိုက်ရသည့် အချိန်မှ သူလည်း စိတ်သက်သာရာ ရသွားခဲ့၏။ ထိုသို့ဆိုလျှင်တော့ သူက သွေးကြောပိတ်ခြင်း၊ လက်သီးထိုးခြင်းနှင့် ကောင်းကင်နတ်ဆိုးကျင့်စဉ်ကဲ့သို့သော ဓမ္မကာရအဆင့် သိုင်းပညာတစ်ခုခုကို လဲလှယ်ရန် စဉ်းစားရပါဦးမည်။

သူက သိုင်းပညာတစ်ခုတည်းကိုသာ ရွေးချယ်ရမည်ဖြစ်သည့်အတွက် သူ့ဆီတွင် ရှိနေသော အရာများကို လဲလှယ်၍ မရပေ။ ခဏကြာ စဉ်းစားနေပြီးနောက် မုန့်ချီက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သရော်လိုက်သည်။

“ငါကတော့ အပြင်သိုင်း(၅၄)ခုကိုတောင် သေချာမသိသေးတာ အခုအချိန်မှာ ဘာကိုများ စိုးရိမ်နေတာလဲ။ တကယ်လို့ ရှောင်လင်မှာ ကောင်းကင်နတ်ဆိုးကျင့်စဉ်သာ ရှိနေမယ်ဆိုရင် ငါက အဲဒါကို ရွေးမိမှာပဲ ...

"အော်မီတော်ဖော်...ကျွန်တော်က အဲဒါကို ငြင်းစရာမရှိပါဘူး…"

ဝူကျင်းကလည်း ဗောဓိခေါင်းဆောင်ဝူစစ် ပြောသော ဆုလာဘ်ကို သဘောတူလိုက်သည်။ စည်းကမ်းထိန်းသိမ်း‌ရေး ခြံဝန်း၏ တိုက်အုပ်ကိုယ်တော်က ဆုလာဘ်ပေးရန်နှင့် အပြစ်ပေးရန် တာဝန်ရှိသည်။

သူက ငြင်းဆန်နေခြင်း မရှိသည့်အတွက် တခြားသော အကြီးအကဲများ၊ တိုက်အုပ်ကိုယ်တော်များကလည်း တစ်ယောက်ပြီး တစ်ယောက် ခေါင်းညိတ်ပြလိုက်ကြသည်။

ထို့နောက် ဝူကျင်းက ရွှမ်ပိုင်နှင့် မုန့်ချီတို့ကို ပြောလိုက်သည်။

"ရွှမ်ပိုင်နှင့် ကျန်းတင်က ထိပ်သီးသိုင်းပညာကို လျှို့ဝှက်သင်ကြားပေးတဲ့အတွက် ကျောင်းထိုင်ရဲ့‌ရှေ့မှာ အပြစ်ပေးခံရမယ်။ ရွှမ်ကုံနဲ့ ငါက မင်းတို့ကို ညှာတာပေးမှာ မဟုတ်ဘူး…"

ဗုဒ္ဓခန်းမထဲတွင် စည်းကမ်းထိန်းသိမ်းရေးခြံဝန်းမှ ကိုယ်တော်နှစ်ပါးဖြစ်သော သူနှင့် ရွှမ်ကုံသာ ကျန်နေခဲ့သည်။

"ငါက အပြစ်ကို လက်ခံပါ့မယ်…"

ရွှမ်ပိုင်က သူ၏အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး ဒူးထောက်၍ ထိုင်လိုက်သည်။ မုန့်ချီကလည်း သူ့လို လုပ်ဆောင်လိုက်ပြီး ခါးကို မတ်မတ်ထားလိုက်၏။

ဝူကျင်းက လက်ကို ဆုပ်ကိုင်လိုက်ရာ သူ၏မျက်လုံးထဲတွင် အလင်းရောင်များ တောက်ပလာပြီး စွမ်းအားများက တုတ်တစ်ချောင်းအဖြစ် စုစည်းလာခဲ့သည်။ ထို့နောက် သူက ရွှမ်ပိုင်၏ နောက်ကျောကို ပြင်းပြင်းထန်ထန် ရိုက်လိုက်၏။

“ဘုန်း...ဗုန်းးး..”

တုတ်ရိုက်သံက ခေါင်းလောင်းတီးသကဲ့သို့ အလွန်ကျယ်လောင်လှသည်။

ရွှမ်ပိုင်ကတော့ သူ့အစွမ်းနှင့် ခုခံနေခဲ့ခြင်း မရှိချေ။ ထို့ကြောင့် နောက်ကျောတွင် ဒဏ်ရာကြီးတစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။ သူက နာကျင်မှုမရှိဘဲ အလွန်တည်ငြိမ်နေသေးသော်လည်း သူ၏မျက်နှာအမူအရာက ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့၏။ ဝူကျင်းက သနားညှာတာပေးခြင်း မရှိသည်မှာ အမှန်တကယ်ဖြစ်သည်။

ရွှမ်ကုံက မုန့်ချီ၏အနောက်သို့ လျှောက်လာပြီး ခန်းမအပြင်ဘက်မှ ယူလာသော သံတုတ်နှင့် ပြင်းထန်စွာ ရိုက်လိုက်သည်။ မုန့်ချီက အပြစ်ပေးခံရသည့်အချိန်တွင် ရွှေခေါင်းလောင်းအကာအကွယ်ကို သုံး၍ မရနိုင်ပေ။ သူက အံကြိတ်၍ သည်းခံနေရုံသာ ရှိ၏။

နာကျင်မှုကတော့ ခေါင်းထဲထိပင် ရောက်လာခဲ့သည်။ သံတုတ်နှင့် တစ်ချက်ပြီး တစ်ချက် အရိုက်ခံနေရသည့်အတွက် မုန့်ချီ၏နောက်ကျောတွင် သွေးစီးကြောင်းများ ပေါ်လာနေခဲ့၏။ သူ၏အရေပြားက အက်ကွဲပျက်စီးလာသော်လည်း ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်က အလိုလို ကာကွယ်ပေးခြင်းမရှိချေ။

သို့သော် သူကတော့ ခါးကို မတ်မတ်ထားပြီး အားနည်းကြောင်း ပြသခဲ့ခြင်းမရှိချေ။ ထိုနာကျင်မှုက ဘာလုပ်ရမည်နည်း။ သူကတော့ ဖြူကောင်ကြီး တစ်ကောင်ကဲ့သို့ မြားပေါင်းများစွာ၏ ပစ်ခတ်မှုကိုပင် ခံခဲ့ရသည်။ ကွေရှု၏ အကြိမ်ပေါင်းများစွာ ဓားနှင့် ထိုးစိုက်ခြင်းကိုလည်း ခံခဲ့ရ၏။ ဗိုက်နှင့် ရင်ဘတ်ကိုလည်း ဓားတစ်ချောင်းနှင့် ထိုးစိုက်ခံခဲ့ရဖူးသည့်အတွက် ထိုနာကျင်မှုက ဘာလုပ်ရမည်နည်း။

တုတ်ချက်များက တစ်ချက်ပြီး တစ်ချက်ဆိုသလို ကျရောက်လာပြီး အကြိမ်(၂၀) တိတိရိုက်လိုက်၏။ ထို့နောက် မုန့်ချီက အဝတ်အစားပြန်ဝတ်လိုက်ပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ သူက အရိုက်ခံနေရသော သူ့ဆရာကို ကြည့်ပြီး စိတ်ထဲတွင် တောင်းပန်ချင်နေခဲ့၏။

“ဒီတစ်ကြိမ် ငါ့ဆရာက တာဝန်ခံပေးလိုက်လို့ပဲ။ မဟုတ်ရင် အကျိုးဆက်က အရမ်းကြီးနိုင်တယ်...။ ဒါပေမယ့် သူက ဘာလို့ ငါ့အပေါ်ကို ဒီလောက် ကောင်းနေရတာလဲ..။သူက ဘာလို့ ငါ့ကိုယ်စား အပြစ်ကို ဝန်ခံလိုက်ရတာလဲ...”

သူက အနတ္တကျိန်စာဖျက်ဓားပညာကို မည်သည့်နေရာမှ ရခဲ့ကြောင်း မည်သို့ ရှင်းပြရမည်နည်း...။

ရွှမ်ပိုင်ကလည်း အလွန်ရှုပ်ထွေးနေသော အမူအရာနှင့် အပြစ်ပေးမှု ပြီးဆုံးသွားခဲ့သည်။ ထို့နောက် ကုံဝမ်က မုန့်ချီနှင့် ကျန်းဟွေတို့ကို ခြံဝန်းထဲသို့ ခေါ်သွားပြီး အနားယူရန် ပြောလိုက်၏။

ကောင်းကင်ပေါ်တွင် လမင်းကြီးက ထိန်ထိန်သာနေခဲ့သည်။ မုန့်ချီကတော့ ခြံဝန်းဆီသို့ အပြန်လမ်းတွင် သူ့ဆရာကို မည်သို့ရှင်းပြရမည်ဖြစ်ကြောင်း စဉ်းစားနေခဲ့သည်။

ရုတ်တရက် ဆိုသလို ရှေ့မှသွားနေသော ရွှမ်ပိုင်က တိုးတိုးလေး ပြောလိုက်သည်။

"ကျန်းတင်...

ပြီးခဲ့တာတွေ ပြီးပါစေတော့။ အဲဒီကိစ္စကို ထပ်ပြီးတော့ မစဉ်းစားနဲ့တော့…"

"ဆရာ...ကျွန်တော်..."

မုန့်ချီက သူ့ကို လှမ်းကြည့်လိုက်၏။

ရှေ့တွင် ရှိနေသော ရွှမ်ပိုင်ကတော့ ပြန်လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"မင်းက အနတ္တကျိန်စာဖျက်ဓားပညာကို ဘယ်လိုပဲ ရလာပါစေ ရပြီးသွားပြီ။ ဆရာက မင်းကို အဲဒီအကြောင်း ထပ်မမေးတော့ဘူး။ မင်းရဲ့ စိတ်ထဲမှာပဲ ထားလိုက်တော့။ ဒါပေမယ့် ဆရာက မင်းကို တစ်ခုတော့ သတိပေးမယ်။ ကျန်းရုံနှင့်ကျန်းချန်တို့ရဲ့ ပြဿနာက လောဘကြောင့် ဖြစ်သွားတာ။ မင်းကလည်း လောဘနွံထဲကို အလွယ်တကူ ကျမသွားစေနဲ့။ ဆရာက မင်းကို တစ်ကြိမ် ကယ်တင်ပေးနိုင်တယ်။ ဒါပေမယ့် တစ်သက်လုံး ကယ်တင်မပေးနိုင်ဘူး…"

"ဟုတ်ကဲ့ပါ..ဆရာ…"

မုန့်ချီက ပြန်ဖြေလိုက်သည်။ သူ့ဆရာက မည်သို့စဉ်းစားနေစေကာမူ သူကတော့ သံသယဝင်ခဲ့သည်။ အနည်းဆုံးတော့ လက်ရှိအချိန်တွင် ရင်ထဲ၌ လှုပ်ရှားသွားခဲ့၏။

ဗုဒ္ဓခန်းမထဲတွင်....

"ဝူစစ်...

ကျင်းကန်ကျောင်းတော်နဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမှာလဲ..."

ကုံဝမ်က ဗောဓိခြံဝန်း၏ တိုက်အုပ်ကိုယ်တော် ဝူစစ်ကို မေးလိုက်သည်။

ဝူစစ်က ခဏကြာ စဉ်းစားပြီး ပြန်ပြောလိုက်၏။

"ကျောင်းထိုင်...

ကျွန်တော်တို့ ရှောင်လင်ဂိုဏ်းက အမြဲတမ်း လမ်းမှန်ကိုပဲ ကျင့်သုံးခဲ့တယ်။ ဒီကိစ္စမှာလည်း အတူတူပဲ။ ပထမဦးဆုံး ရှောင်လင်ကိုယ်တော်တွေကို ဂိုဏ်းအသီးသီးနဲ့ အထက်တန်းလွှာတွေဆီကို စေလွှတ်ပြီး ဒီကိစ္စကို တရားဝင်ပြောပြဖို့လိုတယ်။ပြီးရင် ကျင်းကန်ကျောင်းတော်မှာရှိတဲ့ အကြီးအကဲတစ်ယောက်ကို ဖိတ်ခေါ်ပြီး သူတို့ဘယ်လိုလုပ်ပေးမလဲဆိုတာ ဆွေးနွေးရမယ် …”

“ကောက်ကျစ်တာပဲဖြစ်ဖြစ် ဆိုးရွားတာပဲ ဖြစ်ဖြစ် စည်းမျဉ်းစည်းကမ်းအရပဲ လုပ်သင့်တယ်လေ။ ဒါပေမယ့် ကျန်းရုံနဲ့ ကျန်းချန်တို့ အသတ်ခံလိုက်ရတဲ့အချိန် ကျွန်တော်တို့က အဲဒီမှာ မရှိတာ ကံဆိုးသွားတယ်။ မဟုတ်ရင် ကျွန်တော်က သဲလွန်စရဖို့အတွက် သူတို့ရဲ့ လက်ကျန်စိတ်ဝိညာဉ်ကို မေးကြည့်လို့ရနိုင်သေးတယ်.."

စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ တိုက်အုပ်ကိုယ်တော် ဝူကျင်းက နောင်တရစွာ ပြောလိုက်သည်။

"ဒါပေမယ့် ကျန်းရုံဆီမှာ ရှိနေတဲ့ ချီလမ်းကြောင်းတွေ သွေးကြောမှတ်တွေက ကျင်းကန်ကျောင်းတော်ရဲ့ သိုင်းပညာဆိုတာ ငြင်းလို့တော့ မရနိုင်ဘူး…"

ကုံဝမ်က ပြောလိုက်သည်။

"ကျွန်တော်တို့က ကျင်းကန်ကျောင်းတော်ရဲ့ တပည့်ကို သတ်ဖို့အတွက် တမင်တကာ လုပ်နေတာလို့လည်း သူတို့က ပြောနိုင်တယ်လေ…”

“ဘယ်လိုပဲဖြစ်ဖြစ် ဝူစစ် ပြောတာမှန်တယ်။သူပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ။ ကျင်းကန်ကျောင်းတော်ကို ဘယ်အကြီးအကဲ လွှတ်မှာလဲ…"

ကျမ်းစာခြံဝန်း၏ တိုက်အုပ်ကိုယ်တော် ဝူတင်က မေးလိုက်သည်။ သူကတော့ ဘုန်းတော်ကြီးများကို နေရာချပေးရန် တာဝန်ရှိသည်။

ကုံဝမ်က သူ့ကို တီးတိုးပြောလိုက်၏။

"သူ့ကိုပဲ လွှတ်လိုက်ပါ...."

………………

"စွန့်လွှတ်ခြင်းကျင့်စဉ်…"

မုန့်ချီက ကျမ်းစာတိုက်ထဲတွင် အချိန်တော်တော်ကြာ ရွေးချယ်နေခဲ့ပြီး အနန္တလက်ညှိုးသိုင်းကဲ့သို့သော သိုင်းပညာများကို လက်လွှတ်၍ ထိုကျင့်စဉ်ကိုသာ ရွေးချယ်ခဲ့သည်။

ထိုအရာက ကောင်းကင်နတ်ဆိုးကျင့်စဉ်နှင့် တူညီနေပြီး ထိပ်သီးသိုင်းပညာ(၇၂)မျိုးထဲမှ တစ်ခုဖြစ်သည်။ ထိုအရာက သွေးအဆီအနှစ်နှင့် စွမ်းအားများကို လောင်ကျွမ်းပြီး စွမ်းအားများကို ပြန်လည်ဖြည့်ဆည်းနိုင်သလို ခန္ဓာကိုယ်၏ အစွမ်းကိုလည်း (၃၀)ရာခိုင်နှုန်းခန့် မြှင့်တင်ပေးနိုင်သည်။

သို့သော် စွမ်းအားများ အားလုံးကို စုစည်းပြီး တစ်ကြိမ်တည်း တိုက်ခိုက်ခွင့် ရနိုင်သည့်အတွက် နတ်ဆိုးများကိုပင် အနိုင်ရနိုင်သော ကြောက်စရာ တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။

သို့သော် အလွန်ပြင်းထန်သော ဆိုးကျိုးတစ်ခုလည်း ရှိနိုင်၏။ သူ၏သိုင်းပညာက လျော့ကျသွားနိုင်ပြီး ထိုသိုင်းကို သုံးပြီးသွားလျှင် ဒုက္ခိတတစ်ယောက်ကဲ့သို့ သွေးကြောပြတ်သွားခြင်းမျိုးပင် ဖြစ်သွားနိုင်၏။ အကယ်၍ သံသရာကမ္ဘာကြီးထဲတွင် ဆေးပညာ ကျွမ်းကျင်သော အဖွဲ့သားတစ်ယောက် ရှိနေမည်ဆိုလျှင်တော့ ကိစ္စမရှိနိုင်ပေ။

စွန့်လွှတ်ခြင်းကျင့်စဉ်ကို ရွေးချယ်လိုက်ပြီးနောက် မုန့်ချီက ရွှမ်ပိုင်၏ ခြံဝန်းငယ်လေးဆီသို့ ပြန်လာခဲ့သည်။ သူ့ဆီတွင်တော့ မည်သည့်ဖိအားမျှ မရှိခဲ့ပေ။

ထိုအချိန်တွင် ရွှမ်ပိုင်က သူ့ကို ခြံဝန်းထဲ၌ ရပ်စောင့်နေကြောင်းတွေ့လိုက်ရ၏။

"ကျန်းတင်...အထုတ်ပြင်တော့…"

ရွှမ်ပိုင်က အမိန့်ပေးလိုက်၏။

“ဟမ်...ဘာဖြစ်လို့လဲ...ဆရာ။

မုန့်ချီက အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

ရွှမ်ပိုင်က ခေါင်းညိတ်ပြလိုက်၏။

"ကျောင်းထိုင်က ဒီကိစ္စကို စုံစမ်းဖို့အတွက် ကျင်းကန်ကျောင်းတော်ကို သွားခိုင်းလိုက်တယ်။ မင်းနဲ့ ကျန်းဟွေက အရေးကြီးမျက်မြင်သက်သေတွေ ဖြစ်နေမှတော့ ဆရာနဲ့အတူ လိုက်ခဲ့ကြ…"

မုန့်ချီက အလွန်အံ့ဩပြီး ဝမ်းသာသွားခဲ့၏။

“အခု ငါက ကျောင်းတော်ထဲကနေ ထွက်သွားလို့ရတော့မှာလား...”

သူ့စိတ်ထဲတွင် တွေးနေမိခဲ့လေသည်။

Translated by Hein Htet

All Chapters