← Chapters

အခန်း (၈၄)

Vol. 6 Ch. 84

အခန်း (၈၄)

Vol. 6 Ch. 84

သဲမြန်မြို့က သေမင်းပင်လယ်ကန္တာရ၏ အစွန်တွင် ရှိနေသော နောက်ဆုံး အရှေ့ပိုင်း အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ထိုမြို့ကို ကျော်သွားမည်ဆိုလျှင် အဆုံးမဲ့သဲကန္တာရကြီးများသာ ရှိသည်။

အနောက်ပိုင်းနယ်မြေဟူသည်မှာ ကျင်းအင်ပါယာနှင့် မြောက်ပိုင်းကျိုးအင်ပါယာတို့၏ အနောက်ဘက်တွင် ရှိနေသော နယ်မြေကြီးကို ခေါ်ဆိုကြခြင်းဖြစ်သည်။ ထိုအရာကတော့ နယ်မြေတစ်ခုလုံး၏ နာမည် အတိအကျတော့ မဟုတ်ချေ။

ကျောက်စိမ်းတံခါးတောင်ကြားမှ ထွက်သွားမည်ဆိုလျှင် ပြည်နယ်ပေါင်း (၁၀၀)၊ (၁၀၀၀)ကျော်ရှိနေပြီး အလွန်ကျယ်ပြန့်သော ကန္တာရကြီးများလည်း ရှိနေသည်။ ထိုကန္တာရများထဲတွင်တော့ အဖွဲ့ပေါင်း (၁)သောင်းကျော် ရှိနေကြ၏။ ထိုကန္တာရများထဲတွင်တော့ နာမည်မျိုးစုံ ရှိနေကြသည်။

သေမင်းပင်လယ်ကန္တာရ..၊ နတ်ဘုရားမြုပ်နှံကန္တာရ.၊ အနောက်ပိုင်း ကန္တာရ စသည့်နာမည်များ ရှိကြ၏။ ထိုကန္တာရများထဲတွင် လျှို့ဝှက်မြစ်များ ၊ အိုအေစစ်များလည်း ရှိကြသည်။ ထိုအရာကတော့ ကန္တာရထဲတွင် နေထိုင်သူများအတွက် သုခဘုံများ ဖြစ်ကြ၏။

လွန်ခဲ့သော မင်းဆက်တစ်ဆက်ခန့်တွင် အနောက်ပိုင်းနယ်မြေထဲ၌ ကျင်လည် ကျက်စားခဲ့သော ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်က ပြောခဲ့ဖူးသည်။

"အနောက်တိုင်းနယ်မြေကြီးကို နိုင်ငံတစ်နိုင်ငံလို့ သတ်မှတ်လို့ရတယ်..။ အဲဒါက ကန္တာရတွေထဲမှာ အိုအေစစ်တပ်ပေါင်းစုကြီးတစ်ခုလိုပဲ..။ တစ်ဖက်မှာတော့ ဒီကန္တာရကြီးတွေကို ပြည်နယ်တွေအဖြစ် သတ်မှတ်လို့ရတယ်...”

တစ်ခုတည်းသော ချွင်းချက်ကတော့ ထိုနယ်မြေ၏ မြောက်ဘက်တွင် တည်ရှိနေသော ဧရာမ နှင်းတောင်တန်းကြီး တစ်ခု ဖြစ်သည်။ အဆုံးမဲ့တောင်ကြားပင်လယ်မှနေ၍ ကျောက်စိမ်းတံခါးတောင်ကြားထိအောင် မည်မျှ ရှည်လျားကြောင်း မည်သူမျှ မသိကြပေ။ အနောက်ပိုင်းနယ်မြေကြီးတစ်ခုလုံးကို ထိုအရာက ပိုင်ခြားထားခဲ့သည်။

ကျောက်တုံးများ ၊ သဲများ ရောနှောနေသော လေလှိုင်းများက အရိုး ခိုက်မတတ် အေးစက်နေပြီး သဲမြန်မြို့ကတော့ ဖုန်များ၊ သဲများထဲတွင် လုံးဝနစ်မြုပ်နေခဲ့သည်။ မြင်နိုင်သည့် အကွာအဝေးကလည်း (၃)မီတာခန့်အတွင်းသာ ဖြစ်နိုင်ပြီး ကြားနိုင်သည့် အကွာအဝေးကလည်း (၈)မီတာခန့်အတွင်းသာ ဖြစ်သည်။

"ဒါက သဲမုန်တိုင်းလို့ခေါ်တာလား ..."

မုန့်ချီကတော့ ထိုကဲ့သို့သော ရာသီဥတုမျိုးကို လုံးဝ မမြင်ဖူးချေ။ သူ၏အကျီကို တင်းတင်း ချည်လိုက်သည်။ သူ၏အင်္ကျီပေါ်တွင် ဖုန်များ၊သဲများ ညစ်ပေနေသည့်အတွက် သူလည်း မသက်မသာ ခံစားနေရ၏။ သူ့ပုံစံကလည်း နွားကျောင်းသား တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

သူတို့တွေ ရှောင်လင်မှ ထွက်လာခဲ့သည်မှာ ‌ေ‌ဆာင်းဦးရာသီ ဖြစ်သည်။ ရွှမ်ပိုင်ကတော့ သေတင်းပို့သည့် အချိန်လုံလုံလောက်လောက် ရစေရန်အတွက် ပုံမှန်အရှိန်နှင့်သာ ထွက်ခွာလာခဲ့သည်။

ထို့ကြောင့် နွေဦးရာသီ မရောက်သေးခင် သူတို့ (၃)ယောက်က သဲမြန်မြို့ကို ရောက်လာခဲ့ကြသည်။ ထိုနေရာတွင်တော့ ဆောင်းတွင်းပမာ အေးစက်နေသေး၏။

ကျန်းဟွေကတော့ သူတို့၏ ပတ်ပတ်လည်တွင် လွင့်မျောနေသော ဖုန့်မှုန့်များကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။ အနားတွင် အလွန်ကြီးမားသော သစ်ပင်ကြီးတချို့ရှိနေပြီး ကုလားအုပ်တစ်ချို့လည်း ရှိနေသည်။ သူကတော့ ထိုအရာများကို ကြည့်ပြီး အံ့ဩနေခဲ့၏။

မြို့ထဲလမ်းမပေါ်တွင် လူအနည်းငယ်ရှိနေပြီး အများစုကတော့ လေနှင့် သဲမုန်တိုင်းရန်မှ ကာကွယ်ရန်အတွက် သူတို့၏အိမ်ထဲတွင်သာ နေထိုင်ကြသည်။ ကုန်သည်တစ်ချို့ ၊ သိုင်းပညာရှင်များနှင့် ခရီးသွားများကသာ သဲမုန်တိုင်းကြားထဲတွင် ဆက်လက်သွားလာနေပြီး မြို့ထဲတွင် တစ်ခုတည်း ရှိနေသည့် တည်းခိုဆောင်ဆီသို့ ဦးတည်သွားနေကြ၏။

"အစ်ကိုကြီး…

သူတို့ရဲ့ပုံစံက ကျွန်တော်တို့နဲ့ တော်တော်လေး ကွဲပြားတာပဲ ...."

ကျန်းဟွေက မနေနိုင်ဘဲ ပြောလိုက်မိသည်။

သူတို့၏ အနားတွင် ဖြတ်သွားသော လမ်းသွားလမ်းလာများက နှာခေါင်းချွန်ချွန်နှင့် မျက်တွင်းချိုင့်ပြီး သူတို့၏ နဖူးတွင်လည်း ရောင်စုံခြယ်ထားသည့်အတွက် အလယ်ပိုင်းတွင် ရှိနေသော လူများနှင့် အတော်လေးကို ကွဲပြားသည်။ နဖူးပေါ်တွင် ကြောက်စရာကောင်းသော ဦးချို ရှိနေသည့် လူများလည်း ရှိနေပြီး မျက်ခုံးကြားထဲတွင် မျက်လုံးအပိုတစ်လုံး ရှိနေသူများလည်း ရှိသည်။

မုန့်ချီကတော့ ရှုပ်ထွေးနေပြီး ကျန်းဟွေ၏မေးခွန်းကို မည်သို့ပြန်ဖြေရမှန်း မသိခဲ့ချေ။

"အော်မီတော်ဖော် ....

နေရာတိုင်းမှာ နယ်မြေခံတွေ ရှိတယ်လေ ..။ ဒီတော့ သေချာပေါက် ကွဲပြားကြမှာပေါ့။ အနောက်ပိုင်းနယ်မြေထဲမှာ ရှိတဲ့သူတွေက သူ့ကိုယ်သူ သူတို့ နတ်ဘုရားတွေ၊ မကောင်းဆိုးဝါးတွေရဲ့ မျိုးဆက်လို့ ပြောကြတယ်..။ ဒါက သူတို့ရဲ့ကွဲပြားမှုတွေကို ရှင်းပြလိုက်သလိုပါပဲ....."

ရွှမ်ပိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။

နှာခေါင်းချွန်ချွန်၊ မျက်တွင်းချိုင့်ချိုင့်နှင့် လူများက သာမန်နယ်မြေခံများဖြစ်ကြပြီး ဦးချိုနှင့် မျက်လုံးအပို ရှိနေသူများကတော့ တမူထူးခြားသူများ ဖြစ်ကြသည်။

"နတ်ဘုရားနဲ့ မကောင်းဆိုးဝါးတွေရဲ့ မျိုးဆက်လား..။ သူတို့မှာ ဘယ်လို အထူးစွမ်းအားမျိုးတွေ ရှိနေတာလဲ ...."

မုန့်ချီက အလွန်စိတ်ဝင်စားသွားခဲ့သည်။

သူက‌တော့ သံသယကမ္ဘာကြီးထဲတွင် လျှို့ဝှက်ချက်များကို သိထားပြီး သံသရာကမ္ဘာကြီးထဲရှိ စာရင်းထဲတွင် နတ်ဘုရားနှင့်မကောင်းဆိုးဝါး သွေးမျိုးဆက်ဟူသော အရာကို လဲလှယ်၍ ရနိုင်သည်။

ရွှမ်ပိုင်၏ အဝတ်အစားများကတော့ ဖုန့်များ ၊ သဲများ တင်နေခြင်း မရှိချေ။သူက အပြုံးနှင့် ပြောလိုက်၏။

"သူတို့မှာ တကယ်ပဲ ထူးခြားတဲ့စွမ်းအားတွေ ရှိကြတယ် ...."

လမ်းတလျှောက် စကားပြောနေရင်း သူတို့က စားသောက်ဆိုင်ကို ရောက်လာခဲ့ကြသည်။ ထိုနေရာတွင်တော့ မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်သော (၃)ထပ် အဆောက်အဦးတစ်ခု ရှိပြီး ဆိုင်ရှေ့တွင်တော့ သဲပင်လယ် တည်းခိုဆောင်ဟု ရေးထားခဲ့သည်။

တံခါးနားတွင် ရှိနေသော စားပွဲပေါ်တွင်တော့ စာရွက်ဖြူများ၊ စုတ်တံများ ၊စာရွက်ရှည်ကြီးများနှင့် တခြားပစ္စည်းများ ပြန့်ကျဲနေသည်ကို မုန့်ချီက မြင်လိုက်ရ၏။

ဆိုင်ရှင်က အနက်ဝတ် မိန်းမပျိုတစ်ယောက်ဖြစ်ပြီး အသက် (၂၇) (၂၈)ဝန်းကျင်ခန့် ရှိနိုင်သည်။ သူမက အိမ်ရှင်မတစ်ယောက်ပုံစံ ဝတ်ဆင်ထားပြီး မျက်လုံး၊ မျက်ခုံးနှင့် မျက်နှာပေါက်က လှပသော ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ ထင်မှတ်ရသည်။ သူမဆီမှ ထွက်ပေါ်လာသော မွှေးရနံ့များကြောင့် အနားမှ ဖြတ်သွားသော ဧည့်သည်တိုင်းက သူမကို လှည့်ကြည့်မိကြသည်။

တစ်ချို့ကတော့ ပြောင်ပြောင်တင်းတင်း ကြည့်နေပြီး တစ်ချို့ကတော့ ခိုးကြည့်နေကြ၏။ သူမကတော့ ညာလက်နှင့် မေး‌စေ့ကို ထောက်ထားပြီး စာအုပ်ရှည်ကြီးတစ်ခုကို ပျင်းရိစွာ ကြည့်နေခဲ့သည်။

သူမ၏အနက်ရောင်ဝတ်ရုံက အလွန်အေးစက်သော မျက်နှာအမူအရာနှင့် လိုက်ဖက်ညီလွန်းလှ၏။ စားသောက်ဆိုင်ထဲတွင် ရှိနေသော လူတိုင်းက သူမအပေါ် အကြွေးတင်နေသလို ထင်မှတ်ရသည်။

"အော်မီတော်ဖော် ....ဆိုင်ရှင် ....

ငါတို့က သင့်တော်တဲ့နားခိုစရာ ရှာနေတာပါ ...."

တပည့်ကြီးတစ်ယောက်ဖြစ်သော မုန့်ချီက ရှေ့ထွက်လာပြီး ပြောလိုက်သည်။ အမှန်အတိုင်းပြောရလျှင်တော့ သူက တခြားနာမည် ခေါ်ချင်နေသော်လည်း သူ့ဆရာက နောက်မှကြည့်နေသေး၏။

အနက်ဝတ်မိန်းမပျိုက ခေါင်းမော့မကြည့်ဘဲ တည်ငြိမ်စွာ ပြောလိုက်၏။

"တစ်ညကို ငွေစ (၅)စ..။ စားစရာကတော့ နင်တို့ လိုချင်တဲ့အပေါ် မူတည်မယ် ...."

"ဘယ်လို …. ဒါက ဓားပြတိုက်နေတာလား ...."

စားသုံးသူဟူသည်မှာ အစစ်အမှန် နတ်ဘုရား တစ်ယောက်ကဲ့သို့ ဖြစ်ကြောင်း မုန့်ချီက သူမကို သင်ခန်းစာပေးချင်နေခဲ့သည်။ သို့သော် နောက်တွင် သူ့ဆရာ ရှိနေသည့်အတွက် သူလည်း ထိန်းလိုက်ရ၏။

ထိုအရာက ဤနယ်မြေထဲတွင် တစ်ခုတည်းသော စားသောက်ဆိုင်နှင့် တည်းခိုဆောင်ဖြစ်ပြီး အနီးနားတွင် ကျောင်းဆောင်တစ်ခုမျှ မရှိသည့်အတွက် သူတို့စိတ်ကြိုက်ချယ်လှယ်၍ ရနိုင်သည်။

မုန့်ချီက သူ့ဆရာကို ပြန်လှည့်ကြည့်လိုက်ရာ သူ့ဆရာက ခေါင်းညိတ်ပြလိုက်ကြောင်း မြင်လိုက်ရသည်။ ထို့သေူလည်း အင်္ကျီအိတ်ထဲမှနေ၍ ငွေစများ ထုတ်ပြီး စားပွဲပေါ်သို့ တင်လိုက်၏။

"ဒီမှာငွေစ (၁၅)စ ..၊ ငါတို့က အခန်း (၃)ခန်းလိုချင်တယ် ..."

"အခန်း (၂) ခန်းပဲ ကျန်တော့တယ် ...."

အနက်ဝတ်မိန်းမပျိုက စိတ်မရှည်စွာ ပြောလိုက်၏။

မုန့်ချီက စဉ်းစားကြည့်လိုက်ပြီး သူနှင့် ကျန်းဟွေတို့က အခန်းတစ်ခန်းထဲတွင် နေ၍ ရကြောင်း စဉ်းစားလိုက်သည်။ သူတို့က လမ်းပေါ်တွင် ညအိပ်ရခြင်းထက်တော့ပို၍ ကောင်းနေသေးသည်။

"ကောင်းပြီ.၊ ဒီမှာငွေစ(၁၀)စ...၊ ငါတို့ကို အခန်း(၂)ခန်းပြပါ ....."

သူက ငွေစ (၅)စကို ပြန်ယူရန် လက်လှမ်းလိုက်၏။

မိန်းမပျိုက မုန့်ချီကို ကြည့်ပြီး ပြောလိုက်သည်။

"ခေါင်းအရေအတွက်နဲ့ပဲ သတ်မှတ်တယ်....."

မုန့်ချီက ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူမကို သင်ခန်းစာပေးရန် စဉ်းစားလိုက်၏။ သို့သော် သူ့ဆရာက နောက်တွင် ကြည့်နေသေးသည်။

သူ့ဆရာ၏ ခွင့်ပြုချက်ကို ရသည့်အခါ မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။

"ငွေစ (၁၅)စ...၊ အခန်း (၂)ခန်း ...."

အနက်ဝတ်မိန်းမပျိုက ငွေစများကို ဖြည်းညင်းစွာ ရုတ်သိမ်းလိုက်ပြီး မျက်ခုံးပင် ပင့်မကြည့်ဘဲ ပြောလိုက်သည်။

"ဒုတိယထပ်ရဲ့ အနောက်ဘက်မှာ အခန်း(၂)ခန်းပွင့်နေတယ်။ သွားလို့ရပြီ...."

"မင်းက မိန်းမလှလေး တစ်ယောက်ဖြစ်နေလို့ ငါက သင်ခန်းစာမပေးဘူးလို့ ထင်နေတာလား....။ ဒါပေမယ့် ငါ့ဆရာအနောက်က ကြည့်နေလို့ ကံကောင်းသွားတယ်....."

မုန့်ချီက စိတ်ထဲတွင် ရေရွတ်လိုက်သည်။ ထိုအရာကတော့ သူ၏ ယခင်ဘဝ အတွေ့အကြုံများကြောင့် ပြောလိုက်မိခြင်းလည်း ဖြစ်သည်။

စားသောက်ခန်းမထဲတွင်တော့ စားပွဲဝိုင်းများ ရှိနေပြီး လူများ ပြည့်ကျပ်နေသည်။ တချို့ကတော့ လက်ဖွက်တမ်းကစားနေပြီး တစ်ချို့ကတော့ ကျယ်လောင်စွာ စကားပြောနေကြသည်။ တစ်ချို့ကတော့ အသံတိုးတိုးနှင့် စကားပြောနေကြသည့်အတွက် ခန်းမတစ်ခုလုံး သက်ဝင်လှုပ်ရှားနေခဲ့၏။

တစ်ချို့သော ဧည့်သည်များက သိုင်းပညာရှင်များဖြစ်ကြပြီး သူတို့၏မျက်နှာပေါ်တွင် သဲများပေပွနေသည်။ သို့သော် သူတို့ဆီမှ ထက်မြက်သော အငွေ့အသက်များ ထွက်ပေါ်လာနေသေး၏။ တစ်ချို့ကတော့ တာအိုဝတ်စုံများကို ဝတ်ဆင်ထားပြီး တစ်ချို့ကတော့ စာသင်သားဝတ်စုံများကို ဝတ်ဆင်ထားသည်။

တစ်ချို့ကတော့ သူတို့၏ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို တစ်ကိုယ်လုံး ဖုံးကွယ်ထားသည်မှာ ကန္တာရထဲရှိ ပုစွန်ထုပ်များကဲ့သို့ ဖြစ်နေသည်။ ကျင်းအင်ပါယာထဲတွင် နေထိုင်သူများကတော့ ကန္တာရထဲ၌ စီးပွားရှာသူများကို ကန္တာရတေလေများဟု ခေါ်ကြသည်။ သူတို့ထဲတွင် ဓားပြများ၊ မြင်းစီးဓားပြများလည်း ပါဝင်နေကြသည်။

ရွှမ်ပိုင်က သူ့တပည့်(၂)ယောက်နှင့်အတူ ခန်းမထဲသို့ ဖြတ်သွားသည့်အချိန်တွင် ဧည့်သည်များက သူတို့ကို လှမ်းကြည့်လိုက်သည်။ သူတို့က ထူးခြားမှုမရှိသည့်အတွက် ချက်ချင်းအကြည့်လွှဲသွားပြီး ပုံမှန်အတိုင်း ဆက်၍ စကားပြောနေကြ၏။

"ငါးး .. ငါးး… ငါးးး

ဟားး ဟားး ဟားးဟားးး (၆) သုံးလုံးကွ။ မင်းက အရက်တစ်ခွက် သောက်ရမယ်...။ ငါက နောက်တစ်ကြိမ် ရှုံးပြန်ပြီကွာ....."

ထိုအခြေအနေတွင် အတော်လေး ငယ်ရွယ်သော လူငယ်တစ်ယောက်က အရက်ခွက်ကိုကိုင်၍ မျက်မှောင်ကြုတ်နေမိသည်။

သူက စားပွဲပေါ်တွင် ရှိနေသော ပန်းကန်ပြားကို ရိုက်ခွဲပြီး မတ်တပ်ရပ်၍ အော်ပြောလိုက်၏။

"ဆိုင်ရှင် …

အရက်က ဘာလို့မပြင်းရတာလဲ။ ရေရောထားတာလား..…"

ရုတ်တရက်ဆိုသလို ခန်းမထဲရှိ အသံများက ရပ်သွားသည်။ လက်ဖွက်တမ်းကစားနေသူများ၊ စကားပြောနေသူများ၊ အရက်သောက်နေသူများ အားလုံးက အချိန်ရပ်သွားသကဲ့သို့ ငြိမ်သက်သွားကြခြင်းဖြစ်၏။

ဆိုင်ရှင်ဖြစ်‌သော အနက်ဝတ်မိန်းမပျိုက ပြန်လှည့်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးထဲတွင် အလင်းရောင်များ တောက်ပလာသည်။

"သောက်မှာလား ၊ ထွက်သွားမှာလား..."

"ဘုရားရေ...."

မုန့်ချီကတော့ တံတွေးသီးလုမတတ် ဖြစ်သွားခဲ့သည်။ ထိုမိန်းမပျိုက အတော်လေးကို ကြောက်စရာကောင်း၏။

ပြဿနာရှာသူက ထိုကဲ့သို့ တုန့်ပြန်ခံရမည်ဟု မထင်ထားသည့်အတွက် နေရာတွင် ငြိမ်သက်စွာ ရပ်နေမိခဲ့သည်။ ခန်းမထဲတွင် ရှိနေသော လူတိုင်းကတော့ ထိုအရာကို‌ကြိုတင်မျှော်လင့်ထားမိသား ဖြစ်ပုံရသည်။

"ဟားး .. ဟားး .. ဟားး ဟားး…

ငါကတော့ ရယ်ရလွန်းလို့ သေတော့မှာပဲ။ တစ်ယောက်ယောက်ကများ ချူချမ်းနင်ကို အော်ရဲသေးတယ်..”

“ငါ့ကို လာမပြောနဲ့။ ငါကတော့ ရယ်ရလွန်းရင် ငိုရတတ်တယ်လို့ ကြားဖူးတယ်.....။ ဒီကောင်လေးက ဘယ်ချောင်ကနေ ရောက်လာတာလဲ။ ချူချမ်းနင်က အရက်ကို ရေရောမထားဘူး။ သူက ရေကို လက်နဲ့ခပ်ပြီး မင်းပန်းကန်ထဲ ထည့်ပေးလိမ့်မယ်..”

“တကယ်လို့ ငါသာ မင်းကို စကားပြောခွင့်ပေးလိုက်မယ်ဆိုရင် သူက ဆိုင်ထဲကနေ ကန်ထုတ်မလား ခြေဆေးရေသောက်ခိုင်းမလား မပြောတတ်တော့ဘူး....."

လူငယ်လေးကတော့ သိုင်းလောကတွင် ပထမဆုံးအကြိမ် ကျင်လည်သူ တစ်ယောက်ဖြစ်ပုံရသည်။ သူက ထိုအခြေအနေကို နားမလည်သည့်အတွက် မျက်နှာက နီရဲနေခဲ့၏။ သူက ဒေါသဆက်ထွက်ရမလား သည်းခံရမလား‌မပြောတတ်တော့ပေ။

သူ့အဖော်တစ်ယောက်က သိုင်းလောကတွင် အတွေ့အကြုံရှိနေသည်မှာ ကံကောင်းသွား၏။ အဖော်က သူ့ကိုတိုးတိုးပြောလိုက်ပြီး ပြန်ထိုင်ရန် တိုက်တွန်းလိုက်သည်။

လူငယ်က အံကြိတ်နေပြီး ဒေါသမထွက်ရဲခဲ့ပေ။ ထိုမြင်ကွင်းကြောင့် မုန့်ချီက အံ့ဩသွားခဲ့၏။

လှေကားပေါ်တွင် ရှိနေသော ရွှမ်ပိုင်က စိတ်ဝင်စားသည့်အမူအရာမျိုးနှင့် ပြောလိုက်သည်။

"ချူချမ်းနင်ရဲ့နောက်ကြောင်းက မရှင်းဘူး။ သူက ဒီနေရာကို ရောက်လာပြီး သဲပင်လယ်တည်းခိုဆောင်ကို ဖွင့်ခဲ့တယ်..။ သူကတစ်ယောက်တည်းပဲလေ..။ ဒါပေမဲ့ သူ့ရဲ့အလှက ပြဿနာတွေ အများကြီး သယ်ဆောင်လာတယ်....။ သူ့ကို သဘောကျနေတဲ့လူတွေ ပြဿနာရှာတဲ့သူတွေက အသတ်ခံကြရတယ်.....။ တစ်ချို့သူတွေရဲ့ ခန္ဓာကိုယ်ကိုတော့ မြို့အပြင်ဘက်မှာ ပြထားတယ် တစ်ချို့ကိုတော့ တည်းခိုဆောင်ရဲ့အပြင်ဘက်မှာ အဝတ်ဗလာနဲ့ ချိတ်ဆွဲထားတယ်..…။ ဘယ်သူမှ အပြစ်ပေးမှုကနေ မလွတ်ကြဘူး....။ အဲဒီနောက်မှာတော့ ပြဿနာရှာတာ တဖြည်းဖြည်းနည်းသွားပြီး သူက တော်တော်လေး ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ဆိုတာ လူတိုင်းက သိသွားတယ်....။ သူက ဝေ့ကျင်း အဆင့်ပညာရှင် တစ်ယောက်ဖြစ်မယ်လို့တောင် သူတို့က သံသယဝင်နေကြတယ်..."

"ဝေ့ကျင်းအဆင့်..

သူက အသက်ဘယ်လောက်ရှိပြီလဲ..."

မုန့်ချီက မှင်တက်သွားမိပြီး ပြန်မေးလိုက်သည်။

သူ့ဆရာက အဝတ်ဗလာခန္ဓာကိုယ်များ အကြောင်း ပြောချိန်တွင် ဘာကြောင့် သနားညှာတာသော လေသံမျိုး မရှိရသနည်း။သူ့စိတ်ထဲတွင်လည်း သာမာန်လူသားတစ်ယောက်၏ စိတ်ထားမျိုးသာ ရှိနေသေးခြင်းပေလော။

ရွှမ်ပိုင်က နောက်ဆုံးလှေကားထစ်ကို နင်း၍ပြောလိုက်သည်။

"အသက်(၃၅) ၊ (၃၆)လောက်ဖြစ်နိုင်တယ်..။ ဆရာက ကောင်းကင်မျက်လုံးကို မသုံးနိုင်သေးတော့ သူ့ကိုကြည့်လို့မရဘူး. ။ ဒီတော့ မသိဘူး.....”

“တော်တော်လေးကို ထိန်းသိမ်းထားတာပဲ....။ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ဖြစ်ပြီး အခုအချိန်ထိ သူရဲ့မျက်နှာကို ထိန်းသိမ်းထားနိုင်သေးတယ်....”

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။

အခန်းအပြင်ဘက်တွင်…

ရွှမ်ပိုင်က မုန့်ချီနှင့်ကျန်းဟွေတို့ကို ပြန်လှည့်ကြည့်လိုက်သည်။

"ဆရာက ဒီနေ့ည လေ့လာစရာရှိတယ်။ မင်းတို့လည်း အေးအေးမနေကြနဲ့...”

“ကောင်းပါပြီဆရာ ....."

ကျန်းဟွေနှင့် မုန့်ချီတို့က ပြန်ဖြေလိုက်ကြပြီး သူတို့၏အခန်းထဲကို ဝင်သွားကြသည်။

အခန်းထဲတွင်တော့ အိပ်ယာတစ်ခု ၊ စားပွဲတစ်လုံးနှင့် ထိုင်ခုံနှစ်ခုသာ ရှိသည်။ ထိုအရာက အိုဟောင်းနေသော်လည်း ညစ်ပတ်နေခြင်း မရှိချေ။

မုန့်ချီနှင့်ကျန်းဟွေတို့က စကားတစ်ခွန်းမျှမပြောကြဘဲ ထိုင်ခုံနှင့်အိပ်ယာကို အသီးသီးနေရာယူလိုက်ပြီး စတင်လေ့ကျင့်နေကြသည်။

မုန့်ချီကတော့ မည်သည့်သိုင်းပညာကိုမျှလေ့ကျင့်ခဲ့ခြင်းမရှိဘဲ သူ၏တံခါးများကိုသာ အာရုံစိုက်နေခဲ့သည်။ သူက လျှို့ဝှက်တံခါး လှုံ့ဆော်ရန် အတွက် ချီစွမ်းအင်များကို အပေါ်သို့ တွန်းပို့နေခဲ့၏။

လွန်ခဲ့သော နှစ်ဝက်အတွင်းမုန့်ချီက မျက်လုံးတံခါးအတွက် ကျန်ရှိနေသေးသော တံခါးသွေးကြောမှတ်(၃)ခုကို အာရုံစိုက်နေခဲ့သည်။ သူက အဆင့်တက်ရန်အတွက် ခန္ဓာကိုယ်နှင့် စိတ်က တစ်သားတည်းကျမည့်အချိန်ကို စောင့်နေခဲ့ခြင်းဖြစ်၏ ။ ထို့နောက်တွင်တော့ သူက အခွင့်ကောင်းကို ရှာဖွေပြီး ကောင်းကင်တံခါးဆေးလုံးကိုသုံး၍ အဆင့်တက်ရန် ကြိုးစားနိုင်သည်။

သူ၏လေအရိပ် ဖမ်းဆီးခြင်းကျင့်စဉ်ကလည်း ကနဦးအဆင့် အောင်မြင်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သူက ယိကျင်းအရိုးအကြောပြောင်းကျမ်းကို စတင်လေ့ကျင့်နေခဲ့၏။ သူက ယခုအချိန်ထိ အဆင့်မတက်သေးသော်လည်း ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်နှင့် လော်ဟန့်လက်သီးသိုင်းတို့ကတော့ (၃၀)ရာခိုင်နှုန်းခန့် ပို၍အစွမ်းထက်လာခဲ့၏။

ထို့ပြင် အရိုးအကြောပြောင်းကျမ်းကို လေ့ကျင့်ခဲ့ပြီးနောက် သွေးကြောမှတ်များ စုစည်းရာတွင် ပို၍လွယ်ကူလာသလို ခံစားနေခဲ့ရသည်။ ယခုတော့ သူက မျက်လုံးတံခါးကိုသုံး၍ ရှောင်တိမ်းရသော အရာအနည်းငယ်ကိုပင် နားလည်လာခဲ့သည်။

ထို့ကြောင့် မုန့်ချီက သွေးကြောမှတ်များကို စုစည်းပြီးသွားသော်လည်း ဉာဏ်အလင်းပွင့်မှုအဆင့်ကို အလျင်စလို မသွားသေးပေ။ သူကတော့ စိတ်ရှည်လက်ရှည်နှင့် အရိုးအကြောပြောင်းကျမ်းကို ဆက်လက်လေ့ကျင့်နေပြီး မျက်လုံးတံခါးပွင့်ရန် သေချာသည်ထိ စောင့်နေခဲ့သည်။

ယခုတစ်ကြိမ်တော့ မုန့်ချီက ပို၍ပင်ယုံကြည်ချက်ရှိလာခဲ့၏။ ပြောင်းလဲမှုကျင့်စဉ်က ပထမတွင် အကျိုးသက်ရောက်မှု အနည်းငယ်လေးသာရှိသည်။ အချိန်အတော်ကြာ လေ့ကျင့်လိုက်ပြီးနောက် မုန့်ချီက အလွန်ပင်ပန်းသွားသလို ခံစားလိုက်ရ၏။

ရက်ပေါင်းများစွာ ကြိုးစားခဲ့ရပြီး အရိုးအကြောပြောင်းကျမ်း၏ အကျိုးသက်ရောက်မှုကြောင့် သူ၏မျက်ခုံးကြားထဲတွင် တစ်စုံတစ်ခု လှုပ်ရှားနေသလို ခံစားနေရသည်။ ထိုအရာက ကောင်းသည်လည်း ရှိသလို ဆိုးသည်လည်း ရှိသည်။

ယခုကတော့ သူ၏မျက်ခုံးကြားထဲတွင် ရှိနေသော ပင်မတံခါးကို လှုံ့‌ဆော်နိုင်သည်။ ထိုခံစားချက်ကတော့ ပုံရိပ်ယောင်တစ်ခုလို ဖြစ်နေ၏။ အကယ်၍ သူကသာ ထိုအရာကို အလွန်သဘောကျနေမည်ဆိုလျှင် စွမ်းအင်သွေဖယ်ခြင်း ဖြစ်သွားနိုင်သည်။ သို့သော် ထိုပုံရိပ်ယောင်ကတော့ ပြောင်းလဲမှုကျင့်စဉ် လေ့ကျင့်နေကြောင်း ဆိုလိုနေခြင်းဖြစ်၏။

ထို့ကြောင့် မုန်ချီက ထိုပုံရိပ်ယောင်ကို လျစ်လျူရှုလိုက်ပြီး နည်းလမ်းတကျ လေ့ကျင့်ရန်သာ အာရုံစိုက်နေခဲ့သည်။ သူက မျက်လုံးမှိတ်လိုက်သည့်အချိန်တွင် အမှောင်ထုကြီး ကျရောက်လာခဲ့ပြီး အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေကို ကျရောက်သွားခဲ့၏။

ရုတ်တရက်ဆိုသ‌လို ချီစွမ်းအင်များက ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာပြီး ဗရမ်းဗတာ ပေါက်ကွဲလာခဲ့သည်။ တစ်ချို့က ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး တစ်ချို့က တောက်ပနေခဲ့သည်။ ထိုအလင်းရောင်ကြောင့် မုန့်ချီ၏မျက်ခုံးက ပေါက်ကွဲလုမတတ် ခံစားလိုက်ရ၏။

ထိုအချိန်တွင် သူ၏စိတ်မျက်လုံးက ပတ်ပတ်လည်၌ ရှိနေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ စားပွဲ(၁)လုံး ၊ အိပ်ယာတစ်ခု ၊ ကုလားထိုင်(၂)လုံး၊ အိပ်ယာပေါ်‌တွင် ထိုင်နေသော ဆရာတူညီလေး ရေနွေးအိုးနှင့်ရေနွေးခွက်များကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် မုန့်ချီ၏မျက်ခုံးက လှုပ်ရှားပြီး နာကျင်လာသည့်အတွက် သူက ရပ်လိုက်ရသည်။ သူက မျက်လုံးဖွင့်ကြည့်လိုက်ပြီး အစစ်အမှန်မြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် တစ်စုံတစ်ခုကွဲလွဲနေကြောင်း ခံစားခဲ့ရသည်။ ယခုသူမြင်ခဲ့ရသောအရာများက စိတ်မျက်လုံးထဲတွင် မြင်ခဲ့ရသောအရာများ မဟုတ်ပေ။

“ပြောင်းလဲမှုကျင့်စဉ်ရဲ့ အခြေခံ အောင်မြင်သွားပြီပဲ…”

မုန့်ချီက အတော်လေး ကျေနပ်သွားခဲ့၏။ ထိုအရာက ရေခဲတမန်၏အဆင့်မျိုးဖြစ်ပြီး မျက်ခုံးကြားပင်မတံခါးတွင် ရှိနေသော စွမ်းအားကို အခြေခံ၍ ပတ်ပတ်လည်တွင် ရှိနေသော အရာများကို စစ်ဆေးနိုင်သည်။ တစ်ဖက်လူ၏ အာရုံခံနိုင်စွမ်းကို နှောင့်ယှက်နိုင်စွမ်းရှိသည်။

ရေခဲတမန်က ထူးချွန်ထက်မြက်ခြင်း မရှိချေ။ သူက ထိုအဆင့်ကို ရောက်ရန် (၇)နှစ်ကျော် အချိန်ပေးခဲ့ရ၏။ မုန့်ချီကတော့ နှစ်ဝက်အတွင်း နားလည်သွားခဲ့သည်မှာ အတော်လေး အံ့ဩစရာကောင်းသည်။

ထိုအရှိန်အရ ပြောရမည်ဆိုလျှင် သူ၏ ပြောင်းလဲမှုကျင့်စဉ်က တစ်နှစ်အတွင်း တိုးတက်မှု ရှိနိူင်ကြောင်း မုန့်ချီက ယုံကြည်ချက်ရှိသည်။ အကယ်၍ သူကသာ အကူအညီဆေးရည်တစ်ချို့ကို သုံးလိုက်မည်ဆိုလျှင် ပို၍လျင်မြန်နိုင်သော်လည်း (၃)လ (၄)လခန့်အား အသုံးဝင်ပါလိမ့်မည်။

"ပင်မကမ္ဘာကြီးထဲမှာ လေ့ကျင့်ရတာက အဘိုးကြီးသွမ့်၏ ကမ္ဘာကြီးထဲမှာ လေ့ကျင့်ရတာထက် ပိုပြီးတော့ မြန်တာပဲ ..”

မုန့်ချီက မတ်တပ်ရပ်လိုက်ပြီး ပတ်ပတ်လည်သို့ ကြည့်လိုက်သည်။ သူကတော့ (၁၀၃)ကြိမ်မြောက် ထွက်ပြေးရန် ကြိုးစားချင်နေခဲ့သည်။ ပြောင်းလဲမှုကျင့်စဉ်၏ ကန္တဦးအဆင့်ကို အောင်မြင်သွားပြီးနောက် သူက သူ့ဆရာ၏ အာရုံခံနိုင်ခြင်းကို ရှောင်ကွင်းသွားနိုင်ပါလိမ့်မည်။

သူက ပြောင်းလဲမှုကျင့်စဉ်ကို သုံးကြည့်လိုက်၏။ သူ၏ မျက်ခုံးကြားပင်မတံခါးက လှုပ်ရှာလာသည့်အချိန်တွင် သူ၏ စိတ်ဝိညာဉ်ကို သုံးလိုက်ပြီး သူ့ကိုယ်သူ လွှမ်းခြုံလိုက်သည်။ ထို့နောက် တံခါးဆီကို တိတ်တဆိတ် လျှောက်လှမ်းသွားခဲ့၏။

"အစ်ကိုကြီး ....

တကယ်လို့ အပြင်သွားပြီး ကစားချင်တယ်ဆိုရင် ဘာလို့ ကျွန်တော်ကို မခေါ်ရတာလဲ...."

သူ့နောက်မှနေ၍ ကျန်းဟွေ၏ အသံကို ကြားလိုက်ရသည်။

ထိုအချိန်တွင် ပြုံးနေသော မုန့်ချီ၏မျက်နှာက ရုတ်ခြည်း အေးစက်သွားခဲ့လေသည်။

Translated by Hein Htet

All Chapters