← Chapters

အခန်း (၈၅)

Vol. 6 Ch. 85

အခန်း (၈၅)

Vol. 6 Ch. 85

မုန့်ချီက ချက်ချင်းပင် သူ၏ခံစားချက်များကို ရုတ်သိမ်းလိုက်ပြီးနောက် ပြန်လှည့်လာပြီး ကျန်းဟွေကို ကြည့်လိုက်သည်။

"အစ်ကိုကြီးက အောက်မှာ စားစရာသွားမှာရုံပါပဲ။ ညီလေးက ချီစုဆောင်းရေးအဆင့်ကို တက်လှမ်းဖို့ အရေးကြီးတဲ့ အခြေအနေကို ရောက်နေပြီလေ။ ဒီတော့ ကစားဖို့ စဉ်းစားမနေပါနဲ့။ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပါ…"

ကျန်းဟွေက ပန်းခူးလက်ညှိုးသိုင်းနဲ့ အမှန်တကယ်ကို သင့်တော်လွန်းလှသည်။ ယခုအချိန်တွင် သူက အဆင့်တက်ရန် ကြိုးစားနေခြင်းဖြစ်၏။ သူ၏အရှိန်က သမိုင်းကြောင်းထဲတွင် ပန်းခူးလက်ညှိုးသိုင်းကို လေ့ကျင့်ခဲ့သော ထိပ်တန်းကိုယ်တော်(၅)ပါးထဲတွင် တစ်ပါးအပါအဝင်ဖြစ်သည်ဟု ဆိုနိုင်၏။

ကျန်းဟွေက ခေါင်းညိတ်ပြလိုက်ပြီး မုန့်ချီကိုကြည့်လိုက်သည်။

"အစ်ကိုကြီး...

ကျွန်တော်က ကြက်ပေါင်တစ်ချောင်း စားချင်တယ်…”

မုန့်ချီက ပြုံးလိုက်၏။

"ဟား.. ဟား..ဟား...

ဒီနေရာမှာတော့ ကုလားအုတ်တွေ သိုးတွေပဲ ရှိတယ်လေကွာ…”

ကျန်းဟွေက ဆက်လက်လေ့ကျင့်လိုက်ပြီးနောက် သူက စြင်္ကံဆီသို့ လျှောက်သွားပြီး တံခါးကို ပိတ်လိုက်သည်။

"ညီလေး...

ဒီတစ်ကြိမ်တော့ မင်းအစ်ကိုကြီးက မင်းအတွက် ကြက်ပေါင်တစ်ချောင်းမှာ မပေးနိုင်တော့ဘူး။ တကယ်လို့ တစ်ချိန်ချိန် ငါတို့က ပြန်တွေ့ခဲ့မယ်ဆိုရင်‌တော့ ငါက မင်းကို ကြက်ပေါင်(၁၀)ချောင်းနဲ့ ပြန်ပြီးတော့ အလျော်ပေးပါ့မယ်…"

သူက သူ့ဆရာဆီမှ ထွက်ပြေးရန် မလွယ်ကူကြောင်း သိနေခဲ့သည်။ သို့သော် လူသားတစ်ယောက်ဖြစ်သည့်အတွက် အနည်းဆုံးတော့ မျှော်လင့်ချက်နှင့် အကောင်းမြင်စိတ် ရှိနေသေး၏။

သူ့ဆရာဆီမှ ထွက်ပြေးရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သည့် အတောအတွင်း သူကတော့ သတ္တိနှင့် သတင်းအချက်အလက်များကို အမြောက်အများရရှိခဲ့သည်ဟု ခံစားမိခဲ့သည်။ သူကတော့ ထွက်ပြေးရန် ပုံမှန်လေ့ကျင့်နေသူ တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။

မုန့်ချီကတော့ ထွက်ပြေးနိုင်ခြင်း မရှိသေးသရွေ့ ကစားပွဲထဲတွင်သာ ရှိနေသေးသည်ဟု သိနေခဲ့သည်။ အခွင့်အရေးရမည်ဆိုလျှင်တော့ မုန့်ချီက အလွတ်ပေးလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူ့ကို စည်းကမ်းထိန်းသိမ်းရေးခြံဝန်းက ပစ်မှတ်ထားနေခြင်းကြောင့်ဖြစ်သည်။

သံသရာအရှင်သခင်၏ ကမ္ဘာကြီးထဲတွင် သူသင်ကြားထားခဲ့သော သိုင်းပညာများကိုလည်း သူတို့က အလွယ်တကူသိသွားနိုင်သည်။ ထိုကဲ့သို့ လျှို့ဝှက်ချက်ကြီးတစ်ခုနှင့်အတူ ရှောင်လင်ကျောင်းတော်၌ ဆက်နေရသည်မှာ သူ့အတွက်အလွန်စွန့်စားနေရသည်။ ထို့ကြောင့် သူက ရှောင်လင်မှ မြန်မြန်ထွက်သွားနိုင်လေ ကောင်းလေဖြစ်၏။

မုန့်ချီက သူ၏စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်ပြီး အောက်သို့ ဆင်းလာခဲ့သည်။ သူက သူ့ဆရာကို အနှောင့်အယှက်ပေးမိမှာ စိုးသည့်အတွက် ခြေတစ်လှမ်းချင်းဆီကို သတိထားနေခဲ့၏။ တစ်ချိန်တည်းတွင် ဤတစ်ကြိမ်တော့ သူက ထွက်ပြေးနိုင်တော့မည်ဟု စိတ်ထဲတွင် တွေးနေမိခဲ့သည်။

“ငါက သဲမြန်မြို့ကနေ ထွက်သွားပြီးတာနဲ့ နောက်ပြန်သွားရမယ်..။ ငါက ကန်းလီမြို့ကို ဝင်နိုင်ပြီဆိုရင် ငါ့ဆရာက ငါ့ကို ရှာတွေ့မှာ မဟုတ်တော့ဘူး..။ ပြီးရင်တော့ ငါက အစ်ကိုကြီးကျန်းကို ရှာဖို့အတွက် ကျန်းဝူဂိုဏ်းကို သွားရမယ်..”

“သူက မိတ်ဆွေတွေအပေါ် သစ္စာရှိတဲ့အတွက် ငါ့ကို သေချာပေါက် လက်ခံမှာပဲ..။ သူ့မိသားစုကလည်း ကျန်းဝူဂိုဏ်းမှာ အဆင့်အတန်းမြင့်တယ်....။ ဒီတော့ ငါသာ သူနဲ့အတူ ရှိမယ်ဆိုရင် ဆေးရည်အတွက်လည်း စိုးရိမ်စရာ မလိုတော့ဘူး။ ငါက တံခါး(၄)ပေါက် ပွင့်သွားပြီဆိုရင် သိုင်းလောကမှာ ခြေချလို့ရပြီ။ ပြီးတော့ ရတနာတွေ ရှာဖွေပြီး ကျင်လည်ကျက်စားလို့ရပြီ…”

သို့သော် ကျန်းဝူဂိုဏ်းက ပင်မသိုင်းဂိုဏ်းကြီးတစ်ခု ဖြစ်သည့်အတွက် မျက်လုံးနှင့် နားပေါင်းများစွာ ရှိနေသည်။ ရှောင်လင်နှင့် ရင်းနှီးသော ဆက်ဆံရေးလည်း ရှိနေ၏။ အမှားတစ်ခု လုပ်ဆောင်မိလိုက်လျှင် သူ၏နာမည်က ပေါ်သွားနိုင်ပြီး ပြဿနာများစွာ ပေါ်လာနိုင်သည်။

အကယ်၍ ကိုယ့်ကိုယ်ကိုယ် လေးစားသူတစ်ယောက်ဆိုရင် တခြားလူတစ်ယောက်အပေါ် အားကိုးနေရခြင်းကလည်း မသင့်တော်နိုင်ပေ။ သူက ကျိကျန်းစံအိမ်ကိုသွား၍ ကျန်းကျိဝေကို သွားရှာမည်ဆိုလျှင်ကော....

သူမက တောင်အောက်ကို ဆင်းခွင့်ရရန်အတွက် သူမ၏ ဓားဆန္ဒများကို လေ့ကျင့်နေနိုင်သေးသည်။ သူမကဲ့သို့ နတ်သမီးပမာ ချောမောလွန်းလှသော မိန်းမပျိုတစ်ယောက်နှင့် ခန့်ညားလွန်းလှသော ယောကျ်ားပျိုတစ်ယောက်က သိုင်းလောကတွင် သတင်းများစွာ ဖြစ်ပေါ်လာနိုင်သည်။ ထိုအရာကတော့ အလွန်သဘောကျစရာကောင်းသော အတွေးတစ်ခုလည်းဖြစ်၏။

“နေဦး….ဒါက တစ်ခုခုတော့ မှားနေပြီ...။ ဒါဆိုရင် ငါက ရှောင်လင်ကို ပြန်ရောက်ဖို့ ပိုဖြစ်နိုင်တယ်။ ငါက နောက်ထပ် (၃)နှစ် (၄)နှစ်လောက် စောင့်နေနိုင်ရင်တော့ ပိုပြီးတော့ ကောင်းမယ် ထင်တယ်။ အဲဒီအချိန်ကျရင် ငါက အရပ်ပိုရှည်လာပြီး ပိုပြီးလည်း ရင့်ကျက်လာနိုင်တယ်။ လူအများစုကတောင် မှတ်မိနိုင်မှာ မဟုတ်ဘူး…”

ထိုအချိန်ကျမှသာ သူက ကျန်းကျိဝေကို သွားရှာပြီး သိုင်းလောကတွင် သူတို့၏ နာမည်ကျော်ကြားအောင် လုပ်ဆောင်၍ ရနိုင်သည်။

“ဟုတ်ပြီ။ အစ်ကိုကြီးချီက ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်သွားရင် ဟွမ်ဟွာဓားဂိုဏ်းကနေ အပြင်ထွက်ပြီး သူ့ဂိုဏ်းရဲ့ စီးပွားရေးကိစ္စတွေကို ဆောင်ရွက်ပေးရမယ်လို့ ပြောတယ်။ သူ့အနားမှာလည်း စောင့်ကြည့်နေတဲ့ လူတစ်ယောက်မှ မရှိနိုင်ဘူး။ ဒါဆိုရင်တော့ အဆင်ပြေတယ်။ ငါက အစ်ကိုကြီးချီနဲ့ သွားတွေ့ပြီး သူနဲ့အတူနေရမယ်...”

မုန့်ချီ၏ ခေါင်းထဲတွင် အနာဂတ်ကို စဉ်းစားနေခဲ့၏။ သူက ခန်းမကြီးကို ဖြတ်ကျော်လာပြီး တည်းခိုဆောင်၏တံခါးဆီသို့ ရောက်လာသည့်အချိန်တွင်တော့ လွတ်မြောက်မှုကို ခံစားလိုက်ရသည်။

သို့သော် ရုတ်တရက်ဆိုသလို အလွန်ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရ၏။

"ကျန်းတင်.....

အရသာမပါတဲ့ ကြက်သားတစ်ပွဲ ဆရာ့ကို မှာပေးပါ…"

"အရသာမပါတဲ့ ကြက်သားတစ်ပွဲ....

အရသာမပါတဲ့ ကြက်သား....

မုန့်ချီက အတော်လေးကို မျက်နှာပျက်သွားခဲ့သည်။

ခဏကြာပြီးနောက် သူက စိတ်ဓာတ်ကျနေသည့် ခံစားချက်များကို ထိန်းချုပ်ပြီး အသံတိုးတိုးနှင့် ပြန်ဖြေလိုက်၏။

"ကောင်းပါပြီ ဆရာ..."

သူ့ဆရာက သူ့ကို နောက်ကွယ်မှ စောင့်ကြည့်နေသည်မှာ သေချာသွားသည်။ သူက လေပူများကို မှုတ်ထုတ်လိုက်ပြီး ခန်းမဆီသို့ ပြန်လာခဲ့၏။ ထိုအချိန်တွင် ဆူညံနေသော ဧည့်သည်များစွာ ထွက်သွားကြသည့်အတွက် စားပွဲဝိုင်းတချို့က လွတ်နေသည်။

"ကိုရင်လေး...ဘာသုံးဆောင်ချင်လို့လဲ…"

ခန်းမထဲတွင် ရှိနေသော စားပွဲထိုးလူငယ်က အတော်လေးကို ငယ်ရွယ်သော်လည်း မျက်လုံးများက တောက်ပနေသည်။ သူကတော့ အမြဲလိုလို မျက်နှာထား တည်နေသော ချူချမ်းနင်နှင့် အတော်လေးကို ကွဲပြား၏။

“အလုပ်သမားနဲ့ အလုပ်ရှင်ရဲ့ ပုံစံက ကွဲပြားနေတာလား...။

မုန့်ချီကတော့ စိတ်ထဲတွင် တွေးနေခဲ့ပြီး အတော်လေးကို ပေါ့ပါးသွားခဲ့သည်။

"ငါက ကြက်ပေါင်တစ်ချောင်းနဲ့ အရသာမထည့်ထားတဲ့ ကြက်သားတစ်ပွဲ လိုချင်တယ်....."

"ကောင်းပါပြီ..."

ထို့နောက် စားပွဲထိုးလူငယ်က ဟင်းလျာနာမည်များကို ရွတ်ဆိုပြီး ထွက်သွားခဲ့သည်။

ထိုအရာများကို မှာလိုက်ပြီးနောက် မုန့်ချီက စားပွဲထိုးလူငယ် လာချပေးသော ရေနွေးကြမ်းကို သောက်နေသည်။ သူကတော့ (၁၀၃)ကြိမ်မြောက် ထွက်ပြေးမှုကိုလည်း ကျရှုံးသွားခဲ့ပြန်ပြီ ဖြစ်၏။

သူက ကျရှုံးမှုကို စဉ်းစားနေသည့်အချိန်တွင် ရွှမ်ပိုင်နှင့် ကျန်းဟွေတို့က အောက်ကို ဆင်းလာကြသည်။

"အစ်ကိုကြီး...ကြက်ပေါင်တစ်ချောင်း မှာပြီးသွားပြီလား..."

ကျန်းဟွေက နှုတ်ခမ်းကို လျှာနှင့်သပ်၍ မေးလိုက်သည်။

မုန့်ချီက ရင်ထဲတွင် ဝမ်းနည်းနေသော်လည်း ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေလိုက်၏။

"အေး…မှာပြီးသွားပြီ…."

ရွှမ်ပိုင်ကတော့ အလွန်တည်ငြိမ်နေသည်။ သူက စားပွဲထိုးလူငယ်ကို သူတို့အတွက်လည်း ရေ‌နွေးခွက်လာချပေးရန် ပြောလိုက်၏။

"ဒကာလေး...

အနောက်ဘက်မှာ သတင်းထူးများ ရှိလား..."

မုန့်ချီကလည်း ထွက်ပြေး၌ မရနိုင်တော့သည့်အတွက် ထိုမေးခွန်းကို စိတ်ဝင်စားနေပြီး စားပွဲထိုးလူငယ်ကို လှမ်းကြည့်လိုက်သည်။

"သတင်းထူးကတော့ ကုန်သည်တွေကို လုယက်နေတဲ့ လမ်းဓားပြတွေက လွဲရင် ကိစ္စကြီးတစ်ခုပဲ ဖြစ်ခဲ့တယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ ငိုကြွေးခြင်းအကြီးအကဲ ပြန်ရောက်လာတာပဲ။ သူက ဟယ်လာရဲ့တော်ဝင်အကြံပေး ဖြစ်နေတယ်။ အခု သူက ဓားသမားတွေကို ခေါ်ပြီး အရှေ့ဘက်မှာရှိတဲ့ သဲပင်လယ်နယ်မြေ၊ အနောက်ဘက်မှာရှိတဲ့ နတ်ဘုရားမြှုပ်နှံကန္တာရတွေကို စုစည်းဖို့ အတွက် လူစုနေတယ်။သူက ကျင်းအင်ပါယာနဲ့ အလယ်ပိုင်းမှာရှိတဲ့ ကျိုးအင်ပါယာလို အင်ပါယာတစ်ခု တည်ထောင်ချင်နေတာလေ…"

စားပွဲထိုးလူငယ်၏ မျက်လုံးများက အဝါရောင်ဖြစ်ပြီး ဆံပင်များက အလိပ်လိုက် အလိပ်လိုက် ခွေနေခဲ့သည်။ သူက အနောက်ပိုင်းနယ်မြေထဲရှိ နယ်မြေခံတစ်ယောက် ဖြစ်မှန်း သိသာ၏။

“ဒီသတင်းက မဆိုးပါဘူး...”

မုန့်ချီက တီးတိုးရေရွတ်လိုက်သည်။

အကယ်၍ ထိုအကြောင်းအရာသာ အမှန်တကယ် ဖြစ်သွားခဲ့မည်ဆိုရင် ငိုကြွေးခြင်းအကြီးအကဲက အလယ်ကုန်းမြေကြီးကို ပထမဆုံး စုစည်းခဲ့သည့် ဧကရာဇ်ချင်ရှီဟွမ်ကဲ့သို့ ဖြစ်လာနိုင်သည်။

သူက စဉ်းစားနေသည့်အချိန်တွင် သူ့ဆရာ၏ အမူအရာက တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားလိုက်ရသည်။ မုန့်ချီနှင့်ကျန်းဟွေတို့ကို ချီးကျူးသည့်အချိန်က လွဲလျှင် သူ့ပုံစံက အမြဲလိုလို တည်ငြိမ်‌အေးချမ်းနေခဲ့၏။ သို့သော် ယခုတော့ သူ့ဆရာ၏ မျက်နှာက မည်းမှောင်နေပြီး တည်ငြိမ်အေးချမ်းမှုကို မမြင်ရပေ။

"ဆရာ...ငိုကြွေးခြင်းအကြီးအကဲကို သိလို့လား..."

မုန့်ချီက ထိုတစ်ခုတည်းကိုသာ ခန့်မှန်းမိခဲ့သည်။

လက်ထဲတွင် ကိုင်ထားသော ရေနွေးခွက်ကို ကြည့်ပြီး ရွှမ်ပိုင်က သက်ပြင်းချလိုက်မိ၏။

"ငိုကြွေးခြင်း အကြီးအကဲဆိုတာက ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ကို ရောက်နေတဲ့ ပညာရှင်တစ်ယောက်ပဲ။ သူက ကျင်းအင်ပါယာရဲ့ အနောက်ပိုင်းမှာရှိတဲ့ သေမင်းပင်လယ်ကန္တာရ၊ နတ်ဘုရားမြှုပ်နှံကန္တာရတို့ကို အုပ်စိုးနိုင်တယ်။ မြေပြင်မှတ်တမ်းမှာလည်း အဆင့်(၃၃)ဝင်တယ်။ သူအကျွမ်းကျင်ဆုံး သိုင်းပညာကတော့ ကြမ်းတမ်းသဲမုန်တိုင်းစွမ်းအားကျင့်စဉ်နဲ့ လေလွင့်လက်ဝါး(၁၈)ချက်ပဲ။ အဲဒီအချိန်တုန်းကတော့ တော်တော်လေးကို ကြောက်စရာကောင်းတယ်…"

"တော်တော်လေး ကြောက်စရာကောင်းတာလား..."

မုန့်ချီက သိုင်းလောက အတွေ့အကြုံနည်းပါးသော ကိုရင်ငယ်လေး မဟုတ်တော့ပေ။ မြေပြင်မှတ်တမ်းတွင် အဆင့်(၃၃)ဟူသည်မှာ အလွန်အံ့ဩစရာကောင်းသော အဆင့်တစ်ခုဖြစ်ကြောင်း သူသိနေသည်။

ကောင်းကင်မှတ်တမ်းတွင်တော့ ဓမ္မကာရအဆင့် ပညာရှင်(၁၀)ယောက်သာ ရှိ၏။ ထိုထဲတွင် တချို့ကတော့ ရသေ့ကြီးများနှင့် တံခါးပိတ် လေ့ကျင့်နေသော ပညာရှင်များ ရှိကြသည် ။ ထို့ကြောင့် ငိုကြွေးခြင်းအကြီးအကဲက လက်ရှိလောကတွင် ထိပ်ဆုံးအယောက်(၆၀)ထဲ၌ ပါဝင်သည်ဟု ဆိုနိုင်သည်။

စားပွဲထိုးလူငယ်က ရပ်နေသည်ကို မြင်သည့်အခါ ရွှမ်ပိုင်က သက်ပြင်းချ၍ ပြောလိုက်၏။

"မင်းတို့ဆရာရဲ့မျက်နှာထားက နည်းနည်းလေး ဆိုးသွားတယ်ဆိုတာ အဲဒါကြောင့်လေ..."

"ဆရာ...

ငိုကြွေးခြင်းအကြီးအကဲနှင့် ရန်ငြိုးတွေ ရှိခဲ့လို့လား..."

ကျန်းဟွေက တည့်တည့်သာ မေးလိုက်သည်။ သူ့အသံက ကျယ်လောင်ခြင်း မရှိသော်လည်း ရင်ထဲတွင်တော့ ကျယ်လောင်သည်ဟု ခံစားရ၏။

မုန့်ချီကလည်း စဉ်းစားနေခဲ့၏။သူ့ဆီတွင် ထိုကဲ့သို့ ညီငယ်လေးတစ်ယောက် ရှိနေသည်မှာ ကောင်းသည်။ မဟုတ်လျှင် သူက မည်သို့မေးရမည် ဖြစ်ကြောင်း မသိချေ။

ရွှမ်ပိုင်က ရေနွေးခွက်လေးထဲတွင် ရှိနေသော လက်ဖက်ခြောက်ရွက်လေးများကို ကြည့်နေပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"ဆရာ့ရဲ့လူနာမည်က ထန်ကျန်းလို့ ခေါ်တယ်။ ဆရာက ကံစုလမ်းကြောင်းမှာ ပြိုင်ဘက်ကင်းပညာရှင် တစ်ယောက်ဖြစ်ခဲ့ပြီး မြေပြင်အဆင့်ကို မီဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ အဲဒီအချိန်တုန်းကတော့ ဆရာက မကောင်းဆိုးဝါးတွေကို မြင်တဲ့အခါ အရမ်းစိတ်လှုပ်ရှားနေခဲ့တယ်…”

“တစ်နေ့မှာတော့ ဆရာက ကျင်းကန်ကျောင်းတော် တည်ရှိနေတဲ့ နတ်ဘုရားမြှုပ်နှံ တောင်တန်းကို မိတ်ဆွေတစ်ယောက်နဲ့ သွားခဲ့ရတယ်။ အဲဒီအချိန် ဆရာက သိုင်းလောကမှာ လူသတ်မုဒိမ်းကျင့်နေတဲ့ လူဆိုးတစ်ယောက်ကို သတ်ပစ်ခဲ့တယ်။ အဲဒီလူဆိုးဆီမှာ အစွမ်းထက်တဲ့ ဆရာတစ်ယောက် ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။ သူ့ဆရာရဲ့ နာမည်ကတော့ ကောင်းကင်နယ်မြေသခင်လို့ ခေါ်တယ်။ အဲဒီလူက ဆရာ့ကို အနိုင်ရလောက်တဲ့အထိတော့ အစွမ်းမထက်ပါဘူး…”

“ဒါပေမယ့် သူ့တပည့်ရဲ့ကိုယ်စား လက်စားချေဖို့အတွက် ဆရာပြန်မလာခင် ဆရာ့ရဲ့ရွာကို တိုက်ခိုက်ခဲ့တယ်။ ဆရာ့ရဲ့သားနှစ်ယောက်နဲ့ အစေခံအိုကြီး တစ်ယောက်ကလွဲရင် လူတိုင်းကို သတ်ပစ်ခဲ့တယ်။ သူတို့က ဆရာ့ကို ရှာဖို့အတွက် အနောက်ဘက်ကို ပြေးလာကြတဲ့အချိန်မှာ သေမင်းပင်လယ်ကန္တာရထဲကို ဝင်မလာခင် အဖမ်းခံလိုက်ရတယ်…"

ရွှမ်ပိုင်၏ လေသံက ခံစားချက်ကင်းမဲ့နေသော်လည်း မုန့်ချီက အထီးကျန်ဆန်မှုများ၊ အမုန်းတရားများကို ခံစားမိနေခဲ့သည်။

"အဲဒီအဖြစ်အပျက်ကို သိသွားခဲ့တဲ့အချိန်မှာ ဆရာကတော့ (၃၅)နှစ်လောက် အိပ်မက်ဆိုးကြီးတစ်ခုလို ခံစားခဲ့ရတယ်။ အဲဒီအမုန်းတရားတွေကလည်း လက်စားချေလိုမှုအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ဒါပေမယ့် ကောင်းကင်နယ်မြေသခင်မှာလည်း ဆရာကောင်းတစ်ယောက်ရှိနေတယ်လေ…"

"အဲဒါက ငိုကြွေးခြင်း အကြီးအကဲလား..."

မုန့်ချီကသာ ထိုအရာကို ဖော်ထုတ်နိုင်ခြင်း မရှိလျှင် သူအချိန်ပေးပြီး ဖတ်ခဲ့သော ဝတ္ထုများစွာက အကျိုးမဲ့ ဖြစ်သွားရပါလိမ့်မည်။

‌ရွှမ်ပိုင်က ခေါင်းညိတ်ပြလိုက်သည်။

"ဆရာက နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တဲ့အချိန်မှာ အခွင့်အရေးတစ်ခု ရလာခဲ့တယ်။ အဲဒါကြောင့် ကောင်းကင်နယ်မြေသခင်ရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ငိုကြွေးခြင်းအကြီးအကဲက ဆရာ့ရဲ့နောက်ကို တောက်လျှောက် လိုက်လာခဲ့တာ။ ကျောင်းထိုင်ဆရာတော်က ဆရာ့ကို ကာကွယ်ပေးခဲ့တာ ကံကောင်းသွားတယ်။ ပြီးတော့ ဆရာ့ကို ဗုဒ္ဓလမ်းစဉ် လိုက်နာစေခဲ့ပြီး လုံခြုံအောင် ဖန်တီးပေးခဲ့တယ်။ ဒါကြောင့် တစ်နေ့နေ့မှာ မင်းတို့က ငိုကြွေးခြင်း အကြီးအကဲပဲ ဖြစ်ဖြစ် သူ့ရဲ့တပည့်တွေကို ဖြစ်ဖြစ် တွေ့မယ်ဆိုရင် သေချာပေါက် သတိထားရမယ်…"

ထိုဇာတ်ကြောင်းတွင် အနိမ့်အမြင့် အတက်အကျများစွာ မရှိသော်လည်း ရက်စက်ကြမ်းကြုတ်သည့် မြင်ကွင်းများစွာ ရှိနေသည်။ ရွှမ်ပိုင်ကတော့ သူနှင့် မသက်ဆိုင်သော ပုံပြင်တစ်ပုဒ်ကို ပြောပြနေသလို ထင်မှတ်ရ၏။ သူက သူ့တပည့်များ ထိခိုက်မှာ စိုးသည့်အတွက် သတိပေးရုံသာ ပြောလိုက်ခြင်း ဖြစ်သည်။

အကယ်၍ ငိုကြွေးခြင်း အကြီးအကဲကသာ သိုင်းလောကသို့ အမှန်တကယ် ပြန်ရောက်လာမည်ဆိုလျှင် သူတို့၏ရန်သူဖြစ်လာနိုင်သူများကို သေချာပေါက် အလွတ်ပေးမည် မဟုတ်ချေ။

သူက အသံကို လျော့၍ ပြောလိုက်ခြင်း ဖြစ်သည့်အတွက် ပတ်ပတ်လည်တွင် ရှိနေသော ဧည့်သည်များ အားလုံးက သတိမထားမိကြပေ။ မည်သူမျှ စကားမပြောသလို ထင်မှတ်ရသည်။

ထိုစွမ်းအားကြောင့် မုန့်ချီက အံ့ဩသွားခဲ့သည်။ ထိုအရာက ပြောင်းလဲမှုကျင့်စဉ်ကို အောင်မြင်ထားသော သွမ့်ရှန်ဖေးထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်သည်။ သို့သော် သာမန်သိုင်းပညာနှင့် ကွဲပြားမှုမရှိချေ။

စကားပြောလိုက်ပြီးနောက် ရွှမ်ပိုင်က တိတ်ဆိတ်သွားပြီး အရသာထည့်မထားသော ကြက်သားကိုသာ အာရုံစိုက်၍ စားလိုက်၏။ ကျန်းကွေကလည်း ကြက်ပေါင်ကို ကိုက်နေပြီး အစားအသောက်ကိုသာ အာရုံစိုက်နေပုံရသည်။

ထိုအခြေအနေက တော်‌တော်လေးကို ထူးဆန်းနေသည့်အတွက် မုန့်ချီကလည်း အာရုံလွှဲရန် ကြိုးစားလိုက်ရသည်။ သူက ပတ်ပတ်လည်ရှိ စားဝိုင်းများဆီမှ ပြောနေသော စကားများကို နားထောင်နေပြီး အသုံးဝင်သော အချက်အလက်ရှိမရှိ ရှာဖွေနေခဲ့၏။

စားပွဲထိုးကောင်လေးက ငိုကြွေးခြင်းအကြီးအကဲအကြောင်းကို ပြောခဲ့သည့်အတွက် အနားတွင် ရှိနေသော စားပွဲဝိုင်းများကလည်း ထိုကိစ္စကို ဆွေးနွေးလာကြသည်။

"ငိုကြွေးခြင်းအကြီးအကဲက အသက်ရှင်နေဦးမယ်လို့ မထင်ထားခဲ့ဘူး…"

ကုန်သည်ပုံစံ ဝတ်ဆင်ထားသော ကန္တာရ‌ တေလေတစ်ယောက်က စိတ်ဝင်တစား ပြောလိုက်သည်။ သူ၏ခါးတွင်တော့ ဓားကောက်တစ်ချောင်းကို ခါးတွင်ချိတ်ထား၏။ ထိုဓားကောက်ကြီးက အလွန်ထက်မြက်ပြီး သွေးရောင်အလင်းတန်းများ တောက်ပနေသည်။

နောက်ထပ် ကန္တာရတေလေကဲ့သို့ ဝတ်ဆင်ထားပြီး မုတ်ဆိတ်မွေး ရှိနေသော လူတစ်ယောက်က ပြောလိုက်သည်။

"ဟုတ်တယ်။ လွန်ခဲ့တဲ့ (၉)နှစ်လောက်မှာ စုဝူမင်က အနောက်ဘက်ကို ခရီးသွားခဲ့တယ်။ အဲဒီအချိန်မှာ ဘာမှနားမလည်တဲ့ ငိုကြွေးခြင်းအကြီးအကဲက သူ့ကို သွားပြီး စိန်ခေါ်ခဲ့တာပဲ။ အဲဒီအချိန်ကတည်းကစပြီး ငိုကြွေးခြင်းအကြီးအကဲက ပျောက်သွားခဲ့တာ။ သူ့ကို စုဝူမင်က သတ်သွားပြီလို့တောင် လူတိုင်းက တွေးနေခဲ့ကြတယ်….”

“စုဝူမင်က နတ်ဘုရားမြှုပ်နှံ ကန္တာရထဲမှာ ရှေးဟောင်းနယ်မြေတစ်ခုကို လာရှာတာလို့ ပြောကြတယ်။ သူက တိုက်ပွဲကို စိတ်မဝင်စားခဲ့ဘူး။ ဒါပေမယ့် ငိုကြွေးခြင်းအကြီးအကဲက စိန်ခေါ်ခဲ့တဲ့အချိန်မှာ သူက ဓားချက်တစ်ချက်ပဲ တိုက်ခိုက်ခဲ့တယ်။ အဲဒီအချိန်ကတည်းကစပြီး ငိုကြွေးခြင်းအကြီးအကဲက (၉)နှစ်တိတိ ပျောက်နေခဲ့တာပဲ…"

အပြာရောင်မျက်လုံးနဲ့ ကန္တာရတေလေတစ်ယောက်ကလည်း ပြောလိုက်သည်။ သူကတော့ စုဝူမင်နှင့် ငိုကြွေးခြင်း အကြီးအကဲတို့ကို မြင်ဖူးသလို ထင်မှတ်ရ၏။

မုန့်ချီက ထိုအရာများကို နားထောင်နေခဲ့သည်။ ကျန်းကျိဝေ၏ ဆရာက အမှန်တကယ်ကို ကြောက်စရာကောင်းလှ၏။ ဓားချက် တစ်ချက်တည်းနှင့် အလွန်ကြောက်စရာကောင်းသော ရန်သူတစ်ယောက်ကို အနိုင်ရခဲ့သည်။ သူလည်း တစ်နေ့နေ့ကျလျှင် စုဝူမင်ကဲ့သို့ ဖြစ်ချင်နေခဲ့သည်။

"ဆရာတော်...ငွေစ (၁၀)စကျပါတယ်…"

ညစာ စားပြီးသွားသည့်အချိန်တွင် စားပွဲထိုးကောင်လေးက အပြုံးနှင့်ပြောလိုက်သည်။

“ဒါက တကယ့်ကို ဓားပြတိုက်နေတာပဲ…”

မုန့်ချီက ထိုတည်းခိုဆောင်၏ သဘောသဘာဝကို တဖြည်းဖြည်း နားလည်လာခဲ့၏။ သို့သော် ချူချမ်းနင် အကြောင်းကို စဉ်းစားမိသည့်အခါ သူ့ဆရာကလည်း ဘာမျှမတတ်နိုင်ကြောင်း နားလည်သွားသည်။ နောက်ဆုံးတွင်တော့ သူလည်း ငွေစ(၁၀)စ ထုတ်ပေးလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီငွေတွေက ငါ့ငွေမှ မဟုတ်တာ...”

"မင်းတို့တွေ ဆရာနှင့်အတူ နေရာတစ်ခုကို လိုက်ခဲ့ဦး.."

ရွှမ်ပိုင်က ပြောလိုက်ပြီး တည်းခိုဆောင်ထဲမှ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။

မုန့်ချီကတော့ ကျန်းဟွေကို စိုက်ကြည့်လိုက်၏။ သို့သော် ကျန်းဟွေကိုယ်တိုင်လည်း မည်သည့်အရာကိုမျှ သိပုံမရချေ။ ထို့ကြောင့် သူတို့နှစ်ယောက်စလုံးက ဇဝေဇဝါဖြစ်နေသည့် အမူအရာနှင့် သူ့ဆရာ၏ နောက်ကို လိုက်လာခဲ့ရသည်။

သူတို့ တည်းခိုဆောင်ထဲမှ ထွက်သွားပြီးနောက် ချူချမ်းနင်က ရွှမ်ပိုင်၏ နောက်ကျောကို ကြည့်ပြီး စားပွဲကို လက်ညှိုးလေးနှင့် ခေါက်၍ ဇဝေဇဝါ ဖြစ်နေခဲ့၏။

ငိုကြွေးခြင်းအကြီးအကဲအကြောင်းကို ပြောနေသော ကန္တာရတေလေ(၃)ယောက်က တီးတိုးပြောလိုက်ကြ၏။

"အစ်ကိုကြီး...

ကျွန်တော်က ဒီနားမှာ ချမ်းသာတဲ့ လူတွေ မတွေ့ရသေးဘူး။ အဲဒီဘုန်းကြီး(၃)ပါးကိုပဲ ဓားပြတိုက်ကြရအောင်...။သူတို့ကို ကြည့်ရတာ ချမ်းသာမယ်ထင်တယ်..."

အပြာရောင် မျက်လုံးနှင့် ကန္တာရတေလေက မေးလိုက်သည်။

ဓားကောက်ကြီး ကိုင်ထားသော လူက ခေါင်းခါပြလိုက်၏။

“အဲဒီကိုယ်တော်တွေကို လွှတ်ပေးထားလိုက်တာ ပိုကောင်းမယ်..”

"ဘာလို့လဲ.။ ဘယ်အချိန်တုန်းကများ အစ်ကိုကြီးက ဗုဒ္ဓကို ယုံကြည်သွားရတာလဲ.."

မုတ်ဆိတ်‌မွေးနှင့် ကန္တာရတေလေက မေးလိုက်သည်။

ခါးတွင် ဓားကောက်ကြီး ချိတ်ထားသော ကန္တာရတေလေက ပြန်ပြောလိုက်၏။

"ငါက ဗုဒ္ဓလမ်းစဉ်ကို ယုံကြည်ရမှာလား။ မင်းရဲ့ မျက်လုံးကို ပွတ်ပြီး သေချာကြည့်လိုက်။ သေဆုံးခြင်းပင်လယ်ကန္တာရကို ဖြတ်လာတဲ့ အဲဒီဘုန်းတော်ကြီးတွေက သေချာပေါက်ကြောက်စရာကောင်းတဲ့လူတွေပဲ။ အဲဒီအစား ကုန်သည်တွေကိုပဲ စောင့်ကြည့်နေစမ်းပါ။ သူတို့တွေမှာ အစောင့်အများကြီး ရှိပေမဲ့ ငါတို့က တခြားမြင်းဓားပြတွေနဲ့ ပူးပေါင်းလို့ရသေးတယ်…"

Translated by Hein Htet

All Chapters