အခန်း (၈၆)
Vol. 6 Ch. 86
သဲမြန်မြို့၏မြောက်ဘက်ပိုင်းတွင် တောင်ကုန်းငယ်လေးတစ်ခုရှိသည်။ သေမင်းပင်လယ်သဲကန္တာရနှင့် မျက်နှာချင်းဆိုင်နေသည့်အတွက် ရာသီဥတုအခြေအနေကလည်း အတူတူသာဖြစ်၏။
တစ်ချို့နေရာများတွင် အညိုရင့်ရောင်များ လွှမ်းခြုံနေပြီး ဖြတ်သန်းသွားသည့် လူတိုင်းကို ဆန်းကြယ်သည့် ခံစားမှုတစ်ခု ပေးစွမ်းနိုင်သည်။ ထိုတောင်ကုန်းလေး၏ တစ်ဖက်တွင်တော့ စမ်းချောင်းလေးတစ်ခု စီးဆင်းနေပြီး တောအုပ်ငယ်လေးတစ်ခုရှိသည်။
တောင်ခြေတွင်တော့ နယ်မြေခံ နွားကျောင်းသားများ နေထိုင်သော အိုအေစစ်တစ်ခု ရှိနေပြီး ထိုနေရာတွင် မွေးမြူရေးများ လုပ်ဆောင်ကြ၏။ ညနေစောင်းသည့်အချိန်မှသာ သူတို့က နွားများ၊ သိုးများကို အိမ်သို့ပြန်လည်မောင်းနှင်လာတတ်ကြသည်။
မုန့်ချီနှင့် ကျန်းဟွေတို့ကတော့ သူ့ဆရာ၏နောက်မှနေ၍ တောင်ထိပ်ပေါ်သို့ ဖြည်းညင်းစွာ တက်လှမ်းလာခဲ့ကြသည်။ မုန့်ချီကတော့ တစ်ယောက်တည်း စဉ်းစားနေရင်း သူ့ဆရာကို ပြန်မေးလိုက်၏။
"ဆရာ ...
ဆရာက ငိုကြွေးခြင်းအကြီးအကဲနဲ့ သူ့တပည့်ကို သတိထားဖို့ ကျွန်တော်တို့ကို ပြောတယ်...။ သူတို့တွေရဲ့ပုံစံကို ပြောပြလို့ ရနိုင်မလား..။ ဒါဆိုရင် ကျွန်တော်တို့က သူတို့ကိုမှတ်မိပြီး ကျွန်တော်တို့ဆီကို ရောက်မလာခင် ထွက်ပြေးလို့ ရတာပေါ့ ..."
ရွှမ်ပိုင်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
"ဒါကြောင့် ဆရာက မင်းတို့ကို ခေါ်လာတာလေ...။ ငိုကြွေးခြင်းအကြီးအကဲကို
ဟိုက်ရှောင် အကြီးအကဲလို့လည်း ခေါ်တယ်....။ သူက အနက်ရောင်ခေါင်းစီး ပုဝါနဲ့ အဖြူရောင်ဝတ်စုံကို အမြဲတမ်းဝတ်တတ်တယ်...။ သူ့ရဲ့ထူးခြားချက်ကတော့ မျက်လုံးတွေပဲ..။ သူက ထူးခြားတဲ့ မျက်လုံး(၂)လုံးနဲ့ မွေးဖွားလာခဲ့တာ..။ သူ့ကို ကြည့်လိုက်မယ်ဆိုရင် အမြဲတမ်း ငိုနေသလိုပဲ..။ ပျော်တာပဲဖြစ်ဖြစ် ဒေါသထွက်တာပဲဖြစ်ဖြစ် သူ့ပုံစံက ငိုနေတယ်လို့ပဲ ထင်ရတယ်..။ သူက တော်တော်လေးကို အစွမ်းထက်တယ်...။ သူရဲ့ ခံစားချက်ကလည်း တခဏအတွင်း ပြောင်းလဲနိုင်တယ်....။ တိုက်ခိုက်တဲ့အချိန်မျိုးမှာလည်း ရက်စက်ကြမ်းကြုတ်တယ်..။ မင်းတို့က သူနဲ့ဝေးဝေးနေမယ်ဆိုရင် အကောင်းဆုံးပဲ....."
ကျန်းဟွေက သူ့ဆရာ၏စကားကို သေချာနားထောင်နေခဲ့သည်။
မုန့်ချီလည်း အတူတူသာ ဖြစ်၏။ သူကတော့ သူ့ဆရာ၏ရန်သူတစ်ယောက်နှင့် ပြဿနာ မတက်ချင်သေးပေ။ သူက သူကိုယ်တိုင်၏ လက်ရှိစွမ်းရည်နှင့် အင်အားအရ ငိုကြွေးခြင်းအကြီးအကဲကို မယှဉ်နိုင်သေးကြောင်း သိနေခဲ့၏။ သူတို့သာ တိုက်ခိုက်ရမည်ဆိုလျှင် ငိုကြွေးခြင်းအကြီးအကဲ၏ အငွေ့အသက်လေးတစ်ခုနှင့်ပင် သူ့ကို သတ်ပစ်နိုင်စွမ်းရှိသည်။
"ငိုကြွေးခြင်းအကြီးအကဲမှာ ဝေ့ကျင်းအဆင့်ကိုရောက်နေတဲ့တပည့် (၃)ယောက်ရှိတယ်။ ဆရာက သူတို့(၃)ယောက်ထဲမှာ အစွမ်းထက်ဆုံးဖြစ်တဲ့ ကောင်းကင်နယ်မြေသခင်ကို သတ်ခဲ့တာ....."
ရွှမ်ပိုင်က ကောင်းကင်နယ်မြေသခင်ဟူသော နာမည်ကို ပြောသည့်အချိန်တွင် ခံစားချက်များ လွှမ်းခြုံလာခဲ့သည်။
မုန့်ချီက အံ့အားသင့်စွာ ပြန်မေးလိုက်၏။
"ဆရာ ....
ငိုကြွေးခြင်းအကြီးအကဲမှာတောင် ဝေ့ကျင်းအဆင့်ကို ရောက်နေတဲ့ တပည့်(၃)ယောက်ပဲ ရှိတာလား ....."
ထိုပမာဏက အလွန်နည်းနေပုံရသည်။ သူ့အစွမ်းနှင့် လွှမ်းမိုးမှုအရ ထိုထက်ပင် ပို၍ကြီးကျယ်နိုင်၏။
"အရမ်းနည်းတယ်လို့ ထင်လို့လား....."
ရွှမ်ပိုင်က ခေါင်းခါပြလိုက်သည်။
"ရှောင်လင်က နှစ်ပေါင်းတစ်ထောင်ကျော်အတွင်း အကြီးကျယ်ဆုံး သိုင်းကျောင်းတော်တစ်ခုလို့ ပြောလို့ရတယ် ....။ ဒါပေမယ့် ဝေ့ကျင်း အဆင့်ကို ရောက်တဲ့ ပညာရှင် တစ်ဒါဇင်ကျော်လေးပဲ ရှိတယ်....”
“ငိုကြွေးခြင်း အကြီးအကဲဆီမှာ ဝေ့ကျင်းအဆင့် တပည့်(၃)ယောက် ရှိနေတာက တော်တော်လေးကို ထူးချွန်တာလေ...။ ပြောရမယ်ဆိုရင် သူက မကောင်းဆိုးဝါး အင်အားစုတွေ ၊ လမ်းလွဲလျှောက်နေတဲ့ အစွမ်းထက်ပညာရှင်တွေကလည်း သူ့အနားမှာ ရှိနေသေးတယ်...."
ရှောင်လင်တွင်တော့ သီးခြားနေထိုင်ပြီး လေ့ကျင့်ကြသော ဘုန်းတော်ကြီးများ ရှိကြသည်။ ထို့ကြောင့် ဝေ့ကျင်းအဆင့်ကို ရောက်နေသော အရေအတွက် အတိအကျကို ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။ ရွှမ်ပိုင်ကတော့ ဉာဏ်အလင်းပွင့်မှု အဆင့်ကိုပင် မရောက်သေးသော မုန့်ချီတို့နှင့် ထိုကိစ္စကို ဆွေးနွေးလိုခြင်း မရှိချေ။
မုန့်ချီက တိုးတိုးလေး ရယ်လိုက်၏။ သူကတော့ သူ၏အတွေးနည်းမှုအတွက် အနည်းငယ် ရှက်ရွံသွားခဲ့သည်။
"ဆရာ …
ကျွန်တော် ပြောတာက အဲဒီအဓိပ္ပာယ်မဟုတ်ပါဘူး....။ ငိုကြွေးခြင်းအကြီးအကဲဆီမှာ တပည့်(၃)ယောက်ပဲ ရှိတာလား ..။ သူတို့အားလုံးက ဝေ့ကျင်းအဆင့်ကို ရောက်သွားတာလား...."
သူကတော့ သူ၏မသိနားမလည်မှုကို ဖုံးကွယ်ရန် ကြိုးစားနေခဲ့သည်။
ရွှမ်ပိုင်ကတော့ အရူးမဟုတ်ပေ။
"ငိုကြွေးခြင်း အကြီးအကဲက တော်တော်လေးကို ထူးခြားပေမယ့် အရမ်းရက်စက်တယ်..။ သူက မကျေနပ်တဲ့တပည့်တိုင်းကိုလည်း သတ်ပစ်တတ်တယ်..။ ဒါကြောင့် သူ့ဆီမှာ တပည့်နည်းနည်းပဲရှိတယ်.။ ကျန်နေတဲ့ သူတွေကလည်း သူ့ဆီမှာ ထူးချွန်ထက်မြက်တဲ့သူတွေပဲ....."
"ကျွန်တော် နားလည်ပါပြီ...."
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး အနည်းငယ် စိတ်အေးသွားခဲ့သည်။
သူက ရှောင်လင်သို့ ရောက်လာခဲ့သည်မှာ ကောင်းမွန်သော အရာတစ်ခုဖြစ်၏။ အကယ်၍ သူကသာ ငိုကြွေးခြင်းအကြီးအကဲ၏ တပည့်တစ်ယောက် ဖြစ်သွားမည်ဆိုလျှင် ယခုထက် အဆပေါင်းများစွာ ပို၍ဆိုးရွားနိုင်သည်။
"ဆရာ....
ငိုကြွေးခြင်းအကြီးအကဲက တော်တော်လေး ကြောက်စရာကောင်းတာပဲ....."
အမြဲလိုလို မည်သည့်အရာကိုမျှဂရုမစိုက်တတ်သော ကျန်းဟွေကပင် ထိတ်လန့်သွားခဲ့၏။ သူကတော့ တပည့်(၂)ယောက်သာရှိသော သူ့ဆရာအကြောင်းကို စဉ်းစားနေခဲ့သည်။ ဆရာတူ အစ်ကိုကြီးကလည်း သူ့အပေါ် ကောင်းခဲ့၏။
"အခုကြည့်ရတာတော့ ဒီလောက် ရိုးရှင်းတဲ့ပုံမပေါ်ဘူး...."
မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေမိသည်။
ရွှမ်ပိုင်က ပြန်ဖြေလိုက်၏။
"ငိုကြွေးခြင်းအကြီးအကဲက လမ်းမှားကိုသွားပြီး မကောင်းဆိုးဝါးလမ်းစဉ်ကို လျှောက်နေတယ်....။ ရှောင်လင်ကတော့ လမ်းမှန်ကိုပဲသွားတယ်...။ ဒီတော့ သူ့ရဲ့လမ်းကြောင်းက ဆရာတို့နဲ့မတူဘူး...."
သူက ဆက်ပြောလိုက်သည်။
"ငိုကြွေးခြင်းအကြီးအကဲမှာ တပည့်(၂)ယောက် ကျန်သေးတယ်။ တစ်ယောက်ကတော့ ဟယ်လာမင်းသား ရန်ရှိချီလို့ခေါ်တယ်...။ တစ်ခြားတစ်ယောက်ကတော့ သေဆုံးခြင်းပင်လယ်ရဲ့ နေရာတိုင်းကို လျှောက်သွားနေတဲ့ မြင်းဓားပြ ကျိလော်ကျူးလို့ခေါ်တယ်...။ သူတို့(၂)ယောက်လုံးက ထိပ်တန်းအဆင့် ပညာရှင်တွေပဲ.. "
သူကတော့ ရန်ရှိချီနှင့် ကျိလော်ကျူးတို့၏ပုံစံကို သူ့တပည့်များသိအောင် အသေးစိတ် ပြောပြနေခဲ့သည်။ ထိုသို့ဆိုလျှင် သူ့တပည့်များက သူတို့ကို မြင်ရုံနှင့် မှတ်မိနိုင်၏။
ရန်ရှိချီဆီတွင် ရွှေရောင်မျက်လုံးများ ရှိနေပြီး မျက်ခုံးကြားထဲတွင် အနီရောင် အမှတ်အသားတစ်ခုရှိသည်။ သူ့ဆီတွင် နတ်ဘုရားတစ်ပါး၏ အငွေ့အသက်မျိုး ရှိ၏။ သူက အသက်(၄၀)ခန့်သာ ရှိသေးသော်လည်း လူငယ်တစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။ အတော်လေးလည်း ချောမောခန့်ညား၏။
ကျိလော်ကျူးကတော့ မြင်းဓားကောက်ကြီးတစ်ချောင်းကို ကိုင်ထားသည်။ သူ့ဆီတွင် မုတ်ဆိတ်မွှေးများ ပြည့်နှက်နေပြီး ဘယ်ဘက်မျက်လုံးကတော့ ဟောင်းလောင်း ဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့မျက်လုံးကို ငိုကြွေးခြင်းအကြီးအကဲက ဖောက်ထုတ်ထားခြင်းကြောင့်ဖြစ်၏။
"သူ့ကိုတော့ သေမင်းပင်လယ် မကောင်းဆိုးဝါးဓားလို့ လူသိများတယ်....."
ထိပ်တန်းအဆင့် ပညာရှင်ဟူသည်မှာ ကျင်းအင်ပါယာထဲရှိ အဆင့်အတန်း တစ်ခုဖြစ်သည်။ သူတို့က မှတ်တမ်းထဲတွင်လည်း စာရင်းဝင်ကြ၏။သူတို့က ပုံမှန်လုပ်ရိုး လုပ်စဉ်များကို လုပ်ဆောင်နေသည့်အတွက်ကြောင့်သာ လူအများစုက သိနေခဲ့ခြင်းဖြစ်သည်။
ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီးနောက် ကောင်းကင်လှေကား (၃)သွယ် ရှိသည်။ ထိုကောင်းကင်လှေကား (၃)သွယ်ကို ဖြတ်ကျော်ပြီးသွားလျှင် သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်လာ၏။ အဆင့်တက်သွားမည်ဆိုလျှင် စွမ်းအားက သိသိသာသာ တိုးမြင့်လာနိုင်ပြီး ချီစွမ်းအင်များကို ရလာနိုင်သည်။
ဝေ့ကျင်းအဆင့်တွင်တော့ ကောင်းကင် (၈)သွယ်နှင့် ကောင်းကင် (၉)သွယ် ပညာရှင်များကို သိုင်းသခင်များဟု ခေါ်ကြသည်။ ထိုကဲ့သို့သော သိုင်းသခင်များက သွမ့်ရှန်ဖေးနှင့် ကွေရှုတို့ကဲ့သို့ တခြားကမ္ဘာမှ သိုင်းသခင်များနှင့် လုံးဝကို ကွဲပြားသည်။
ကောင်းကင် (၄)သွယ်၊ ကောင်းကင် (၅)သွယ်နှင့် ကောင်းကင် (၆)သွယ် အဆင့်ပညာရှင်များကိုတော့ ပြိုင်ဘက်ကင်း ပညာရှင်များဟု သတ်မှတ်ကြသည်။ ပထမကောင်းကင်၊ ဒုတိယကောင်းကင်နှင့် တတိယကောင်းကင် ပညာရှင်များကိုတော့ ထိပ်တန်းပညာရှင်များဟု ခေါ်ကြ၏။
ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ကို ရောက်သွားပြီဆိုလျှင်တော့ ဓမ္မကာရအဆင့်ကို ခြေတစ်လှမ်းရောက်နေပြီဟု ဆိုနိုင်သည်။ ထိုနေရာသို့ ရောက်သွားသူများကိုတော့ မဟာပညာရှင်များဟု ခေါ်ကြသည်။
ဝေ့ကျင်းတစ်ဝက်အဆင့်မှနေ၍ ဝေ့ကျင်းအဆင့်ထိကို ဒုတိယတန်းစား ပညာရှင်များဟု သတ်မှတ်နိုင်ပြီး တံခါး (၉)ပေါက်ပွင့်နေသူများကိုတော့ တတိယတန်းစား ပညာရှင်များဟု သတ်မှတ်နိုင်သည်။ တံခါး(၆)ပေါက်၊(၇)ပေါက်နှင့် (၈)ပေါက် ပွင့်နေသော ပညာရှင်များကိုတော့ စတုထ္ထတန်းစားဟုခေါ်ပြီး တံခါး(၂)ပေါက်နှင့် သွေးကြောလေးများ စုစည်းနေသူများကိုတော့ သာမန်ပညာရှင်ဟုသာခေါ်ကြသည်။
ဉာဏ်အလင်းပွင့်မှုအဆင့်ကို မရောက်ခင် ချီလေ့ကျင့်မှုနှင့် သိုင်းပညာများကို အားကိုးပြီး သင်ယူဆဲအဆင့်ကိုတော့ သင်ယူဆဲ အဆင့်သာ သတ်မှတ်ကြသည်။ ထို့ကြောင့် မုန့်ချီက သံချပ်ဝတ်အင်္ကျီကျင့်စဉ်ကို လဲလှယ်ခဲ့သည့်အချိန်တွင် သူက သင်ယူဆဲပညာရှင် တစ်ယောက်ဟုကျန်းကျိဝေက စနောက်ခဲ့ခြင်းဖြစ်၏။
မုန့်ချီက ရန်ရှိချီနှင့် ကျိလော်ကျူးတို့၏ ပုံပန်းသဏ္ဌာန်ကို သေချာမှတ်သားထားခဲ့သည်။ သို့မှသာ အနာဂတ်တွင် သေချာရှောင်တိမ်းနိုင်လိမ့်မည်ဖြစ်၏။ ရန်ရှိချီနှင့် ကျိလော်ကျူးတို့၏ ပုံစံကို ပြောပြလိုက်ပြီးနောက် ရွှမ်ပိုင်က ရပ်တန့်နေခဲ့ခြင်း မရှိချေ။
" ငိုကြွေးခြင်းအကြီးအကဲက သူ့ရဲ့မြေးတပည့်ပေါင်းများစွာကိုလည်း သတ်ပစ်ခဲ့တယ်။ သူ့ဆီမှာ မြေးတပည့် အနည်းစုလောက်ပဲကျန်တယ်..။ သူ့ရဲ့မြေးတပည့်တွေထဲမှာ အစွမ်းထက်ဆုံး(၂) ယောက်ကတော့ တံခါး(၉)ပေါက် ပွင့်နေပြီ.....။ တစ်ယောက်ကတော့ ဟယ်လန်တောင် လူဆိုး(၇၂)ယောက်ရဲ့ခေါင်းဆောင်ပဲ...။ သူ့နာမည်က ယုဟွမ်တောင်လို့ခေါ်တယ်...။ သူ့ကိုတော့ လေလွင့်ရာမ လို့ လူသိများတယ်....။ တစ်ခြားတစ်ယောက်ကတော့ တစ်ကိုယ်တော်ဓားပြ အန်ကုံရှဲ့ လို့ခေါ်တယ်။ သူ့ကိုတော့ ခေါင်းဖြူလင်းတလို့လူသိများတယ်.... "
သူက ငိုကြွေးခြင်းအကြီးအကဲ၏ လက်အောက်ခံမြေးတပည့်များ အကြောင်းကို ပြောပြနေခဲ့သည်။ သူတို့၏ပုံပန်းသဏ္ဌာန်များကိုလည်း အသေးစိတ် ပြောပြနေခဲ့၏။ ဥပမာအနေနှင့် ပြောရလျှင် လေလွင့်ရာမ က အလွန်ရိုးရှင်းပြီး ရိုးသားသော လယ်သမားတစ်ယောက်၏ ပုံစံရှိသော်လည်း သူ၏မျက်ခုံးပေါ်တွင် လက်မအရွယ် အနက်ရောင်အမှတ်အသားကြီးတစ်ခုရှိသည်။
ခေါင်းဖြူလင်းတ အန်ကုံရှဲ့ကတော့ အသက်(၃၀)ပင် မရှိသေးသော်လည်း ခေါင်းတစ်ခုလုံး အဖြူရောင်ဖြစ်နေ၏။ သူကတော့ အလွန်ရက်စက်ကြမ်းကြုတ်ပြီး တစ်ခြားသူများကို နှိပ်စက်ရန် ဝါသနာပါသည်။
ရွှမ်ပိုင်၏ပြောပြချက်များက ပြန်မေးစရာပင် မလိုတော့ပေ။ သူတို့က တောင်ထိပ်ပေါ်သို့ ရောက်လာခဲ့၏။ ထိုနေရာတွင် သစ်ရွက်ခြောက်များ ၊ ညိုှးခြောက်နေသော သစ်ပင်ကြီးများ ရှိနေသည်။
သူက သက်ပြင်းချလိုက်မိပြီး နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသော သစ်ပင်ကြီးရှေ့တွင် ရပ်လိုက်၏။ ထို့နောက် တိတ်တဆိတ် ပြောလိုက်သည်။
"ဆရာရဲ့ သား(၂)ယောက်ကို ဒီနေရာမှာမြှုပ်ထားတာ...။ တကယ်လို့ သူတို့သာ မသေသေးဘူးဆိုရင် မင်းတို့(၂)ယောက်နဲ့ အသက်အတူတူလောက်ပဲ ဖြစ်မယ် ..."
ရုတ်တရက်ဆိုသလို သူ၏ခံစားချက်များက ပြောင်းလဲသွားခဲ့၏။
မုန့်ချီနှင့်ကျန်းဟွေတို့က ပြောစရာ စကားလုံး မရှိတော့ပေ။ သူတို့ကတော့ သူ့ဆရာ၏ ဝမ်းနည်းမှုကို ခံစားမိသည့်အတွက် တိတ်တဆိတ်ရပ်နေမိကြ၏။
ခဏကြာ ဝမ်းနည်းနေပြီးနောက် ရွှမ်ပိုင်က ပြောလိုက်သည်။ သူက သူ့ကိုယ်သူပင် လှောင်ပြောင်မိလိုက်၏။
"ဒီနေ့တော့ ဆရာရဲ့စိတ်တွေ သိပ်မကြည်ဘူး..။ ဆရာက အမွှေးတိုင်ဝယ်ဖို့ မေ့ခဲ့သလို ဒီနေရာမှာ မီးရှို့ဖို့ ရွှေစက္ကူ ငွေစက္ကူတွေလည်း ကျန်ခဲ့တယ်.။ ကျန်းတင်၊ ကျန်းဟွေ မင်းတို့က တည်းခိုဆောင်ကို ပြန်ပြီး ပရာဏသိုင်းကျမ်းကို သွားယူလိုက် ..။ ပြန်လာရင် အမွှေးတိုင်ပါယူခဲ့ပါ ...."
"ကောင်းပါပြီ ဆရာ ...."
သူ့ဆရာက ဤနေရာတွင် ဆုတောင်းပေးရန် မဟုတ်နိုင်ဟု မုန့်ချီက တွေးခဲ့မိသည်။ သို့သော် ဤနေရာက သူ့သားနှစ်ယောက်၏ အုတ်ဂူဖြစ်နေသည့်အတွက် ထူးခြားသော အခြေအနေတစ်ရပ်ဖြစ်နေသည်။ ထို့ကြောင့် သူ၏သံသယများကို ချိုးနှိမ်ပြီး သူ့ဆရာ၏ စကားကို လက်ခံလိုက်သည်။
တောင်ပေါ်မှ ဆင်းသွားပြီးနောက် သူတို့က သဲမြန်မြို့ဆီသို့ ပြန်လာသည့်အချိန်တွင် မုန့်ချီ၏ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။
"ဒါက ထွက်ပြေးဖို့အတွက် အခွင့်ကောင်းတစ်ခုပဲ ...."
သူ့ဆရာကတော့ ဝမ်းနည်းနေသည့် အမူအရာနှင့် အဝေး တောင်ထိပ်ပေါ်တွင် ကျန်နေခဲ့သည်။
"ငါက ညီလေးကို ထားခဲ့ပြီး ဒီကနေ ထွက်ပြေးမယ်ဆိုရင် လွတ်နိုင်တယ် ..။ ညီလေး… ငါတို့က လူခွဲပြီး သွားကြစို့ ...။ မင်းက တည်းခိုဆောင်ကို ပြန်ပြီး ပရာဏသိုင်းကျမ်းကို သွားယူခဲ့ ..။ ငါက အမွှေးတိုင် သွားဝယ်လိုက်မယ် ...."
မုန့်ချီက ချက်ချင်း လှုပ်ရှားလိုက်သည်။ သူက ယခုလို အချိန်မျိုးတွင် သူ့ဆရာကို စွန့်ပစ်ခဲ့ရသည့်အတွက် ဝမ်းနည်းသလို ခံစားမိနေသော်လည်း အခွင့်ကောင်းကို လက်လွတ်ခံလိုခြင်း မရှိချေ။
ကျန်းဟွေကတော့ မည်သည့်အရာမျှ စဉ်းစားမနေခဲ့ပေ။ သူက အပြုံးနှင့် လက်ခံလိုက်ပြီး တည်းခိုဆောင်ဆီသို့ ပြန်သွားခဲ့၏။
မုန့်ချီက ထွက်သွားသော သူ့ကို ကြည့်ပြီး သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ ထို့နောက် ရွာအလယ် ရှိရာကို အပြေးနှင်လာခဲ့၏။
………….
တောင်ထိပ်ပေါ်တွင် အေးစက်သော လေပြင်းများ တိုက်ခတ်နေသည်။ ရွှမ်ပိုင်ကတော့ သူ့ရှေ့တွင် ရှိနေသော သစ်ပင်ခြောက်ကြီးကို စိုက်ကြည့်နေခဲ့၏။ သူ၏ လက်ထဲတွင်လည်း ပုတီးတစ်ကုံး ပေါ်လာခဲ့သည်။ ထိုပုတီးက ရွှေရောင်ပုတီးတစ်ကုံးဖြစ်ပြီး ထိုပုတီးထဲတွင် အနက်ရောင်ပုတီးစေ့ (၃)စေ့ ပါဝင်နေသည်။
"မင်းက ငါ့ကို သတ်ဖို့ ဒီနေရာထိ ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ....."
သူက အေးစက်စွာ ပြောလိုက်၏။
"ငါက မင်းနဲ့ ရန်ညှိုးတွေကို ရှင်းရဦးမယ်လေ..။ မင်းက ကျင်းကန်ကျောင်းတော်ကို သွားတယ်ဆိုတာကို သိခဲ့ရတဲ့အချိန်မှာ ငါ့ရဲ့ရန်ကြွေးတွေကိုယူဖို့ ပြန်လာခဲ့တာ။ မင်းက ဒီနေရာကို လာမယ်ဆိုတာ သိလို့ ငါက ဒီနေရာမှာ ကြိုစောင့်နေတာလေ ....."
သစ်ပင်နောက်မှနေ၍ အသားမည်းမည်း အဘိုးအိုတစ်ယောက် ထွက်လာခဲ့သည်။
သူကတော့ ထိုနေရာတွင် ရပ်နေသည်မှာ အတော်လေး ကြာနေပြီဟု ထင်မှတ်ရ၏။ သူက အနက်ရောင်ခေါင်းစည်းနှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ မျက်လုံးတစ်လုံးချင်းဆီထဲတွင်လည်း မျက်ဆံနှစ်ခုဆီ ရှိနေ၏။ သူ့ပုံစံက အမြဲလိုလို ငိုကြွေးနေသလို ထင်မှတ်ရသည်။
ရွှမ်ပိုင်က ခံစားချက် ကင်းမဲ့စွာပြောလိုက်၏။
"ငိုကြွေးခြင်း အကြီးအကဲ ...
ခင်ဗျားက တိတိကျကျကို ခန့်မှန်းနိုင်ခဲ့တာပဲ ....."
"မင်းက တပည့်တွေကို အဝေးပို့လိုက်တာနဲ့ သူတို့က အသက်ရှင်နိုင်မယ်လို့ ထင်နေတာလား..။ ငါက သူတို့ကို လိုက်ဖို့ စိတ်ကူးမရှိဘူး..။ ဒါပေမယ့် ငါ့ရဲ့ မြေးတပည့်တွေက သူတို့ကို စောင့်နေတယ် ...."
ငိုကြွေးခြင်းအကြီးအကဲက အားနည်းသော အဘိုးအိုတစ်ယောက်ကဲ့သို့ ချောင်းဟန့်လိုက်သည်။ သူ့တပည့်များက ဟယ်လာတွင် ရှိနေသော ကိစ္စများအတွက် အလုပ်များနေသည်။ သူတို့က သေဆုံးခြင်းပင်လယ်သဲကန္တာရကို ရောက်မလာနိုင်သည့်အတွက် သူနှင့်အတူ မြေးတပည့်အနည်းငယ်ကို ခေါ်ဆောင်လာခဲ့သည်။
ရွှမ်ပိုင်ကတော့ ခံစားချက် ကင်းမဲ့နေသေး၏။
"တကယ်လို့ ငါက သူတို့ကို အဝေး မပို့လိုက်ဘူးဆိုရင် ငါတို့တိုက်ပွဲရဲ့ အငွေ့အသက်နဲ့တင် သူတို့က သေသွားလိမ့်မယ်..။ တောင်အောက်ကို ဆင်းသွားမယ်ဆိုရင်တော့ အနည်းဆုံးတော့ အသက်ရှင်နိုင်မဲ့ အခွင့်အရေး ရှိသေးတာပေါ့ ...."
သူက ငိုကြွေးခြင်း အကြီးအကဲကို မမီကြောင်း သိနေသည်။ သို့သော် တစ်ယောက်တည်း ရင်ဆိုင်ရန် ကြောက်နေခြင်း မရှိချေ။ မည်သို့ဖြစ်စေကာမူ သူကတော့ အစွမ်းရှိသမျှ သူ့တပည့်များကို ကာကွယ်ချင်နေသေး၏။
"မင်းက ချမ်းနင်ကို ပြောချင်တာလား..။ သူလည်း ငါ့ကို မတိုက်ရဲပါဘူး ...."
ငိုကြွေးခြင်းအကြီးအကဲက ညာလက်ကို မြှောက်လိုက်ရာ သူ၏ပတ်ပတ်လည်တွင် အနက်ရောင်ဝိညာဉ်စက်ဝိုင်းတစ်ခု ထွက်လာခဲ့သည်။ ထိုဝိညာဉ်များက ကျယ်လောင်စွာ အော်ဟစ်နေ၏။ အားနည်းသူတစ်ယောက်သာ ဆိုလျှင် ချက်ချင်း ဝိညာဉ်လွင့်သွားနိုင်သည်။
………………
မုန့်ချီက ရွာလယ်သို့ လျှောက်သွားနေသည့်အချိန်တွင် သေဆုံးခြင်း ပင်လယ် သဲကန္တာရ၏ အနား၌ လွင့်ပျံနေသော သဲမှုန့်များကို သတိထားမိခဲ့သည်။ သူ၏ ပတ်ပတ်လည်နယ်မြေ တစ်ခွင်လုံးကိုလည်း သဲမုန်တိုင်းများ ပြည့်နှက်နေခဲ့၏။
တောင်ခြေတွင် ရှိနေသော အိုအေစစ်များက ချက်ချင်း ခမ်းခြောက်သွားပြီး မွေးမြူရေးခြံများ၊ သိုးများအားလုံးကလည်း ကျယ်လောင်စွာ အော်ဟစ်နေကြသည်။ မုန့်ချီက အဝေးမှ လှမ်းကြည့်လိုက်သည့်အချိန်တွင် မြေကြီးများက နည်းနည်းချင်းဆီ အက်ကွဲလာသည်မှာ သဘာဝကပ်ဘေးကြီးတစ်ခုကဲ့သို့ ထင်မှတ်ရ၏။
Translated by Hein Htet