အခန်း (၈၇)
Vol. 6 Ch. 87
ကြောက်စရာအကောင်းဆုံး သဲမုန်တိုင်းတစ်ခု ကျရောက်လာသည့်အလား ကျောက်တုံးများက ကောင်းကင်ပေါ်သို့ လွင့်ပျံလာနေသည်မှာ နဂါးကြီးတစ်ကောင်ကဲ့သို့ ထင်မှတ်ရသည်။
ထိုသဲမုန်တိုင်းထဲတွင် အနက်ရောင်အရိပ်တစ်ခုကို ဝိုးတဝါး မြင်နေရ၏။ ထိုအရိပ်ကြီးက အတော်လေးကို ကြောက်စရာကောင်းပြီး အရိပ်ဆီမှ အော်သံကလည်း ကောင်းကင်ယံထိအောင် ပြန့်နှံ့နေခဲ့၏။ ထိုအရာကတော့ လေလွင့်လက်ဝါး(၁၈)ချက်ထဲမှ မကောင်းဆိုးဝါးတစ္ဆေဖြစ်သည်။
ထိုအရာကို ကြမ်းတမ်းသဲမုန်တိုင်းအစွမ်းကိုသုံးပြီး ငိုကြွေးခြင်းအကြီးအကဲက ဖန်တီးထားခဲ့ခြင်းဖြစ်၏။ တောင်ခြေတွင် ရှိနေသော အိုအေစစ်က သဲမုန်တိုင်းနှင့်အတူ လျင်မြန်စွာ ခြောက်ကပ်သွားခဲ့သည်။ ကြည့်ရသည်မှာ နေရာတိုင်းတွင် ရှိနေသော ရေများအားလုံး ခြောက်ခမ်းသွားသလို ထင်မှတ်ရ၏။
နွားများ၊ သိုးများနှင့် နွားကျောင်းသားများအားလုံးက အရေပြားနှင့်ကြွက်သားများ နည်းနည်းချင်းဆီ ခြောက်လာနေခဲ့ကြ၏။ သူတို့၏ခန္ဓာကိုယ်ထဲမှနေ၍ အနက်ရောင်အရိပ်များ ထွက်လာပြီး တောင်ထိပ်ပေါ်တွင် ရှိနေသော မကောင်းဆိုးဝါးဝိညာဉ်များဆီသို့ ဦးတည်သွားနေခဲ့သည်။
ပတ်ပတ်လည်ကီလို(၁၀၀)အတွင်း ရှိနေသော အရာဝတ္တုတိုင်းက ထိုကဲ့သို့ဖြစ်နေပြီး သက်ရှိများ၏ စိတ်ဝိညာဉ်က အငွေ့ပျံ၍ ကုန်းမြေကြီးက ခြောက်ခမ်းသွားသည်။ သဲမြန်မြို့၏ အပြင်ဘက်နှင့် အတွင်းဘက်တွင် ရှိနေသော နယ်မြေကလည်း သဲမုန်တိုင်း၏ သက်ရောက်မှုကို ခံလိုက်ရသည်။ မြေပြင်က အလွန်ခြောက်ကပ်လွန်းလှသည့်အတွက် အက်ကွဲသံများကိုပင် ကြားနေရသည်။
လမ်းသွားလမ်းလာများကတော့ မလှုပ်မယှက် ဖြစ်သွားကြပြီး သူတို့၏အရေပြားက ခမ်းခြောက်၍ သူတို့၏ခန္ဓာကိုယ်ထဲမှ အနက်ရောင်အရိပ်တစ်ခု ရုန်းကန်ထွက်လာနေသည်။
သဲမုန်တိုင်းက သဲပင်လယ်တည်းခိုဆောင်နှင့် တိုက်ခိုက်မိသည့်အချိန်တွင် အသံမျိုးစုံ ထွက်လာခဲ့သည်။ တည်းခိုဆောင်ကြီးတစ်ခုလုံးက လှုပ်ရှားလာပြီး အက်ကွဲသံများကိုလည်း ကြားနေရ၏။ သိပ်မကြာခင် တည်းခိုဆောင်တစ်ခုလုံး ပျက်စီးသွားတော့မလို ခံစားလိုက်ရသည်။
တည်းခိုဆောင်ထဲတွင် ဧည့်သည်များကလည်း နွားကျောင်းသားများကဲ့သို့ မလှုပ်မယှက် ရပ်နေကြပြီး သူတို့၏ဝိညာဉ်ကို ဆုံးရှုံးလုမတတ် ဖြစ်သွားခဲ့သည်။
"သေစမ်း…."
ချူချမ်းနင်က မတ်တပ်ရပ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
"ငါက ဒီလိုဆက်ဆံမှုမျိုးနဲ့ မထိုက်တန်ဘူးလေ…"
သူမက ပြောပြီးသွားသည့်အချိန်တွင် တည်းခိုဆောင်တစ်ခုလုံး အေးစက်သော လေလှိုင်းတစ်ခု တိုက်ခတ်သွားသလို ခံစားရ၏။
ဧည့်သည်များက တစ်ကိုယ်လုံး တုန်ယင်လာပြီး သတိပြန်ရလာကြသည်။ သူတို့က အချင်းချင်းကြည့်ပြီး ကြောက်လန့်လာကြ၏။ တချိန်တည်းတွင် အက်ကွဲလာသော နံရံများကလည်း ဆက်လက် အက်ကွဲလာခြင်း မရှိတော့ချေ။ သို့သော် သဲမုန်တိုင်း၏ အောက်တွင် အနည်းငယ် လှုပ်ရှားနေသေး၏။
"သိုင်းသခင်တွေရဲ့တိုက်ပွဲက တော်တော်လေးကို ကြောက်စရာကောင်းတာပဲ…"
အပြာရောင်မျက်လုံးနှင့် ကန္တာရတေလေက တီးတိုးပြောလိုက်သည်။
သူတို့က သိုင်းသခင်များ တိုက်ခိုက်သည့်နေရာနှင့် ဝေးကွာနေသော်လည်း စိတ်ဝိညာဉ် ဆုံးရှုံးလုမတတ် ဖြစ်သွားခဲ့သည်။ အလွန်လျှို့ဝှက်ဆန်းကြယ်သော ချူချမ်းနင်၏ ကျေးဇူးကြောင့်သာ သူတို့က အန္တရာယ်မှ လွတ်မြောက်ခဲ့ရခြင်းဖြစ်၏။
ခါးတွင် ဓားကောက်ကြီး ချိတ်ထားသော ကန္တာရတေလေခေါင်းဆောင်က ပြောလိုက်သည်။ သူကတော့ အလွန်ကြောက်လန့်နေပုံရ၏။
"ပုံမှန်အားဖြင့် သိုင်းသခင်တွေက သူတို့၏အစွမ်းကို နယ်မြေတစ်ခုထဲမှာပဲ ထိန်းချုပ်ထားကြတယ်။ ဒါက သူတို့ရဲ့အစွမ်းကို ပိုပြီး မြင့်တက်စေနိုင်တယ်။ ဒါပေမယ့် ငိုကြွေးခြင်းအကြီးအကဲကတော့ ချွင်းချက်ပဲ။ သူက စိတ်ဝိညာဉ်တွေ ပိုပြီးတော့ များများရလာလေလေ သူရဲ့လေလွင့်လက်ဝါး(၁၈)ချက်က ပိုပြီးအစွမ်းထက်လာလေလေပဲ။ ငါတို့ကကို ကံဆိုးတာပါ…"
သူတို့က ကျိလောကျူး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော သဲပင်လယ်ထဲမှ မြင်းဓားပြများ ဖြစ်ကြသည်။ ထိုကြောင့် သူတို့ကလည်း လေလွင့်လက်ဝါး(၁၈)ချက် အကြောင်းကို သိထားကြ၏။
"အစ်ကိုကြီး…
ကျွန်တော်တို့က ဗုဒ္ဓလမ်းစဉ်ကို ယုံကြည်သေးလား။ ကျွန်တော်တို့က ဒီလိုကံဆိုးတဲ့အရာတွေ မကြုံရဖို့အတွက် ဆုတောင်းကြရင် မကောင်းဘူးလား…"
"အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့…"
……………
မုန့်ချီကတော့ သဲမြန်မြို့၏အလယ်တွင် ရှိနေသည် ။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေသော်လည်း လေထဲတွင် ရှိနေသော ဖယောင်းတိုင်ကဲ့သို့ အချိန်မရွေး ပျောက်ကွယ်သွားမလို မှေးမှိန်နေခဲ့သည်။
သူက အံကြိတ်ပြီး သူ့ကိုယ်သူ အကောင်းဆုံး ထိန်းချုပ်နေရ၏။ ယနေ့ထိ သိုင်းသခင်များ၏အစွမ်းက အလွန်ကြောက်စရာကောင်းကြောင်း သူမသိခဲ့ပေ။ ဤအရာက သဘာဝကပ်ဘေးကြီးများကိုပင် ဖြစ်ပေါ်လာစေခဲ့၏။
တောင်ထိပ်ပေါ်တွင် …
ရွှမ်ပိုင်က သူ၏ရွှေရောင်ပုတီးကိုကိုင်ထားပြီး ကျမ်းစာကို တီးတိုးရေရွတ်နေခဲ့သည်။ သူ့လက်ထဲမှ ထွက်ပေါ်လာသော အလင်းရောင်က တောင်ထိပ် တစ်ဝက်ကျော်ကို လွှမ်းခြုံနေပြီး အလွန်သန့်စင်သော ဗုဒ္ဓနယ်မြေတစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။
ငိုကြွေးခြင်းအကြီးအကဲက လက်ဝါးနှင့် ရိုက်လိုက်သည့်အချိန်တွင် မကောင်းဆိုးဝါး ဝိညာဉ်များကတော့ ကြောက်စရာကောင်းသော အနက်ရောင်လေလှိုင်းများကဲ့သို့ ရောက်လာခဲ့ကြသည်။ တစ်ခါတရံ သူတို့က အော်ဟစ်နေပြီး အလင်းတန်းကြောင့် အငွေ့ပျံသွားခဲ့သည်။ တချို့ကတော့ အလင်းတန်းဆီကို ပျံသန်းလာပြီး တိုက်ခိုက်နေကြသည်။
ရွှမ်ပိုင်က ဝမ်းသာနေခြင်း မရှိသလို ဒေါသထွက်နေခြင်းလည်း မရှိချေ။ သူက ငိုကြွေးခြင်းအကြီးအကဲကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့၏။ သူ၏အသံကလည်း နှလုံးသားထဲမှ ထွက်ပေါ်လာနေသယောင် ထင်မှတ်ရသည်။
"ဘာလို့ ငါက ပြီးပြည့်စုံတဲ့ နတ်ဘုရားအမွေအနှစ်တွေကို လက်လွှတ်ပြီး မိုကီမိစ္ဆာခွင်းလက်သီးကိုပဲ လေ့ကျင့်ခဲ့တာလဲ ဆိုတာသိလား…"
ငိုကြွေးခြင်းအကြီးအကဲက သူ့ကို အာရုံစိုက်နေပြီး ညာဘက်လက်ဖဝါးမြှောက်၍ ဘယ်ဘက်လက်ဖဝါးနှင့်တွန်းထုတ်နေသည်။ လေလှိုင်းနှင့်သဲများက ရုတ်တရက် ကျဆင်းလာခဲ့၏။ စိတ်ဝိညာဉ်များကလည်း ယင်နှင့်ယန်ကြားထဲတွင် လျှောက်လှမ်းနေသလို ထင်မှတ်ရပြီး မည်သူမျှရင်ဆိုင်နိုင်ပုံမရချေ။
ရွှမ်ပိုင်၏ စကားဆုံးသွားသည့်အချိန်တွင် ပုတီးစေ့တစ်လုံးက အနက်ရောင် ပြောင်းသွားခဲ့၏။ သူ၏လက်သီးချက်က ကမ္ဘာကြီးတစ်ခုလုံး ပြည့်နှက်သွားသလို ထင်မှတ်ရသည်။ ထိုလက်သီးက ကြည်လင်ပြီး သန့်စင်လွန်းလှ၏။ ခန္ဓာကိုယ်ကိုလည်း ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေခဲ့သည်။ လေထဲတွင် ကြာပန်းများ ပွင့်လာနေခဲ့၏။
လေထဲတွင် ရှိနေသော မကောင်းဆိုးဝါးဝိညာဉ်များအားလုံးက ရွှေရောင်ကြာပန်း၏ ပတ်ပတ်လည်တွင် ဝိုင်းရံလာကြသည်။ ထိုကြာပန်း၏အပေါ်တွင်တော့ ဗောဓိတဗ္ပတစ်ပါး ထိုင်နေပြီး ကမ္ဘာကြီးကို သနားညှာတာသည့်အပြုံးမျိုးနှင့် ကြည့်နေခဲ့၏။ သူ၏လက်ဖဝါးပေါ်တွင်တော့ သေခြင်းရှင်ခြင်း အငွေ့အသက်များ လွှမ်းခြုံနေပြီး သေခြင်းရှင်ခြင်း သဘောတရားများအားလုံး ပါဝင်နေခဲ့သည်။
ရွှမ်ပိုင်၏လက်သီးက အထွဋ်အထိပ်သို့ ရောက်သွားသည့်အချိန်တွင် ဗောဓိတဗ္ပ၏ မျက်နှာတော်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရ၏။ ထိုအရာကတော့ ရွှမ်ပိုင်၏မျက်နှာနှင့်တထပ်တည်းဖြစ်နေသည်။ သို့သော် ဗောဓိတဗ္ပဆီတွင် ကရုဏာများ ပြည့်နှက်နေပြီး ရွှမ်ပိုင်၏ပုံစံကတော့ စိတ်ဓာတ်ကျနေပုံပေါ်သည်။
လေထဲတွင် ဗောဓိတဗ္ပ၏အသံကို ကြားလိုက်ရ၏။
"မကောင်းဆိုးဝါးဝိညာဉ်တွေအားလုံး ငရဲကိုသွားဖို့ ငါ ကြေညာတယ်…"
ဗောဓိတဗ္ပ၏ အလင်းရောင်များ ကျရောက်လာသည့်အချိန်တွင် ဝိညာဉ်များဆီမှ မကျေနပ်သည့် အငွေ့အသက်များ ပျောက်ကွယ်သွားသည်။ သူတို့ကတော့ လေထဲတွင် ကျေနပ်စွာ ပျောက်ကွယ်သွားခဲ့၏။
သဲမုန်တိုင်းက ရပ်တန့်သွားခဲ့သည်။ တောင်ခြေတွင်လည်း ဗောဓိတဗ္ပ၏အသံကို ကြားနေရ၏။ ညှိုးခြောက်သွားသော မြက်ပင်များက တဖြည်းဖြည်း စိမ်းလန်းလာပြီး မြေအောက်ရေများကလည်း ပြန်လည်စီးဆင်းလာသည်။ နွားများ၊ သိုးများနှင့် နွားကျောင်းသားများကလည်း ပုံမှန်ပြန်ဖြစ်လာပြီး ပျောက်ကွယ်သွားသော စိတ်ဝိညာဉ်များကလည်း မူလပိုင်ရှင်ဆီသို့ ပြန်ရောက်လာခဲ့ကြသည်။
ခြောက်ကပ်သွားသော ကုန်းမြေကြီးကလည်း ယခင်တုန်းကကဲ့သို့ ပြန်လည်အသက်ဝင်လာခဲ့၏။ သဲမြန်မြို့ထဲတွင် ရှိနေသော လူများကလည်း ငရဲမှလွတ်မြောက်လာသည့်အတွက် အတော်လေးမှင်တက်ကြောက်ရွံ့နေကြသည်။
တည်းခိုဆောင်ထဲတွင် ရှိနေသော ချူချမ်းနင်က အံ့အားသင့်စွာ ရေရွတ်လိုက်၏။
"တစ်ယောက်ယောက်က မိုကီမိစ္ဆာခွင်းလက်သီးကို ဒီလောက်တောင် ကျွမ်းကျင်နေပြီလား…"
မုန့်ချီကလည်း ထိုအကျိုးအမြတ်ကို ခံစားခဲ့ရသည်။ သူ၏ခန္ဓာကိုယ်ကလည်း နောက်တစ်ကြိမ် ရွှေရောင်တောက်ပလာခဲ့၏။ ကမ္ဘာကြီးတစ်ခုလုံး သေဆုံးပျောက်ကွယ်လုနီးပါးဖြစ်သွားပြီး နောက်ဆုံးတွင်တော့ ပုံမှန်အခြေအနေကို ပြန်ရောက်သွားခဲ့သည်ကိုကြည့်ပြီး မုန့်ချီကတော့ အတော်လေး အံ့ဩသွားသလို ခံစားလိုက်ရ၏။ ထိုအရာကိုအစွမ်းထက်သည်ဟုပင် မဆိုနိုင်တော့ပေ။
မိုကီမိစ္ဆာခွင်းလက်သီးက သေခြင်းနှင့်ရှင်ခြင်းကို ပြောင်းလဲပေးနိုင်စွမ်းရှိသည်။ ငိုကြွေးခြင်းအကြီးအကဲက သူလိုချင်သောအရာများကို မရခဲ့ချေ။ သူက ကောင်းကင်ပေါ်ကို ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ထိုအသံက စိတ်ဝိညာဉ်များကို ထိုးဖောက်နိုင်သည့်အသံမျိုးဖြစ်ပြီး ကောင်းကင်များပင် အက်ကွဲသွားသည်။ တစ္ဆေဘုရင်က ကမ္ဘာမြေပေါ်သို့ ကျရောက်လာသလို ထင်မှတ်ရသည်။ အနက်ရောင်လေလှိုင်းများကလည်း သူ၏ပတ်ပတ်လည်ကို လွှမ်းခြုံနေ၏။
ကြည့်ရသည်မှာ ငရဲတံခါးပေါက်ပွင့်လာပြီး မကောင်းဆိုးဝါးတစ္ဆေများအားလုံးက ထိန်းချုပ်၍ မရသလို ခံစားလိုက်ရသည်။ ထို့နောက် သူက အပေါ်မှနေ၍ လက်ခုပ်တီးလိုက်၏။
"လေလွင့်တံခါး(၁၈)ချက်နဲ့ ငရဲတံခါးကို ဖွင့်မယ်…"
ရွှမ်ပိုင်နှင့် သူ့နောက်တွင် ရှိနေသော ဗောဓိတဗ္ပတို့ကတော့ ယခင်တုန်းက အမူအရာတိုင်းသာ ဖြစ်သည်။ တစ်ယောက်က စိတ်ဓာတ်ကျနေပြီး တစ်ယောက်က ကရုဏာပြည့်နှက်နေသည်။ သူတို့က မိုကီမိစ္ဆာခွင်း လက်သီးသိုင်းကျမ်းထဲမှ ‘စိတ်ဝိညာဉ်အားလုံး ဌာနေပြန်ပြေး’ ဟူသောကျင့်စဉ်ကို သုံးနေခဲ့သည်။
…………………
မုန့်ချီက ပြန်လှည့်ကြည့်လိုက်ရာ တောင်ကုန်းလေးကို သဲများ လွှမ်းခြုံနေကြောင်း တွေ့လိုက်ရသည်။ အနက်ရောင်နှင့်အလင်းတန်းများကလည်း အချင်းချင်း မဆုံးနိုင်အောင် တိုက်ခိုက်နေကြပုံပေါ်သည်။ သူက ထိုတောင်ကုန်း၏အနားသို့ ကပ်သွား၍ မရနိုင်ကြောင်းသိနေ၏။
သူ့ဆရာကို သွားကယ်ရန်တော့ မဖြစ်နိုင်ပေ။ အကယ်၍ သူသာ ထိုနေရာသို့ သွားလိုက်မည်ဆိုလျှင် သူ့ဆရာအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်လာပါလိမ့်မည်။
သို့သော် သူ၏ဆရာတူညီလေးကတော့ တည်းခိုဆောင်ထဲတွင် တစ်ယောက်တည်း ရှိနေသည်။ သူက အတွေ့အကြုံမရှိသလို ဉာဏ်ကောင်းနေခြင်းလည်း မရှိချေ။ တစ်စုံတစ်ယောက်က သူ့ကို သတ်ပစ်နိုင်၏။ ထို့ကြောင့် မုန့်ချီက ရှောင်လင်မှ ထွက်ပြေးရန် အစီအစဉ်ကို ယာယီမေ့ပစ်လိုက်ပြီး သူ၏ဆရာတူညီလေးကို သွားရှာရန် တည်းခိုဆောင်ဆီသို့ လှည့်ပြန်သွားခဲ့၏။
ပုံမှန်အခြေအနေမျိုးဆိုလျှင်တော့ သူက စဉ်းစားမနေဘဲ ထွက်သွားမည်ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် သူ့ကို အလွန်အားကိုးနေသော သူ၏ဆရာတူညီလေးကို စွန့်ပစ်ရန် မဖြစ်နိုင်ပေ။
ထို့ပြင် လက်ရှိအချိန်၌ အလုံခြုံဆုံးနေရာမှာ မိန်းကလေးချူရှိနေသော တည်းခိုဆောင်ဖြစ်ကြောင်း သိနေခဲ့၏။ အကယ်၍ ရေဓာတ်ဆုံးရှုံးမှုနှင့် စိတ်ဝိညာဉ်အနှုတ်ခံရမှုများက ငိုကြွေးခြင်းအကြီးအကဲကြောင့် နောက်တစ်ကြိမ် ဖြစ်လာနိုင်သေးသည်။
မုန့်ချီကတော့ အကြောင်းအရင်းမျိုးစုံကြောင့် တည်းခိုဆောင်သို့ ပြန်သွားခဲ့သည်။ ထိုအရာက ခိုလှုံရန်ဖြစ်သလို သူ၏ဆရာတူညီလေးကို ရှာဖွေရန်လည်းဖြစ်သည်။
သူက ပြန်လှည့်လာသည့်အချိန်တွင် ထူးဆန်းသော မျက်နှာရှိနေသည့် လူတစ်ယောက်က သူ့ရှေ့တွင် ရပ်နေကြောင်း တွေ့လိုက်ရ၏။ ထိုလူက ကန္တာရတေလေ တစ်ယောက်ကဲ့သို့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ခေါင်းတစ်ခုလုံး စွတ်စွတ်ဖြူနေပြီး အသက်က (၂၀) (၃၀)အတွင်းသာ ရှိနေသေး၏။
"အန်ကုံရှဲ့…"
မုန့်ချီက သူ့နာမည်ကို တီးတိုးရေရွတ်လိုက်ပြီး လှည့်ထွက်ပြေးခဲ့ခြင်း မရှိချေ။ အကယ်၍ သူသာ လှည့်ထွက်ပြေးလိုက်မည်ဆိုလျှင် သူ့ရန်သူကို ကျောပေးသွားရမည် ဖြစ်သည့်အတွက် တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုကို အလွယ်တကူ ပေးရပါလိမ့်မည်။ ထိုအရာက သူနောက်ဆုံးလုပ်မည့်အရာတစ်ခုဖြစ်၏။
ခေါင်းဖြူလင်းတအန်ကုံရှဲ့က ငိုကြွေးခြင်းအကြီးအကဲ၏ မြေးတပည့်များထဲမှ တစ်ယောက်ဖြစ်ပြီး လူငယ်မှတ်တမ်းတွင် အဆင့်(၃၆)ဖြစ်သည်။ သူက တံခါး(၉)ပေါက် ပွင့်နေသောပညာရှင်တစ်ယောက်ဖြစ်ပြီး မုန့်ချီတိုက်ခိုက်ခဲ့ဖူးသော ပြိုင်ဘက်များထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်သည်။
မျက်နှာလေးထောင့်ကျသော အန်ကုံရှဲ့က မိစ္တာတစ်ယောက်ကဲ့သို့ ချောမောလှပသည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"ငါက သားကောင်ကို စောစောတွေ့ရတာကံကောင်းတာပေါ့။ ဒါဆိုရင်တော့ ငါက ဘိုးဘေးရဲ့ချီးကျူးမှုကို ရတော့မယ်…"
ထိုအရာက အန်ကုံချဲ့အတွက်တော့ ကြောင်နှင့်ကြွက်ကစားပွဲကဲ့သို့ ဖြစ်သည်။ သူ၏ပြိုင်ဘက်က ယခုချိန်ထိ ဉာဏ်အလင်းပွင့်မှုအဆင့်ကိုပင် မရောက်သေးပေ။ သူက ပြောလိုက်သည့်အချိန်တွင် လင်းတ တစ်ကောင်ကဲ့သို့ လှုပ်ရှားလိုက်ပြီး လက်ဝါးချက်များက လေထဲကို ကျရောက်လာခဲ့သည်။
မုန့်ချီက ကန္တရထဲတွင် ပိတ်မိနေခဲ့ပြီး အသက်ရှုရန်ပင် ခက်ခဲနေခဲ့၏။ သူ၏စွမ်းရည်များက အားနည်းနေပြီး ခန္ဓာကိုယ်က ခမ်းခြောက်၍ အားနည်းသလို ခံစားနေရ၏။ အန်ကုံရှဲ့က လေလွင့်လက်ဝါး(၁၈)ချက်ကို မသင်ရသေးသော်လည်း သူကတော့ ကြမ်းတမ်းသဲမုန်တိုင်းစွမ်းအားကို ကောင်းမွန်စွာ သိနေခဲ့လေသည်။
Translated by Hein Htet.