← Chapters

အခန်း (၈၈)

Vol. 6 Ch. 88

အခန်း (၈၈)

Vol. 6 Ch. 88

အန်ကုံရှဲ့၏ လက်ဝါးချက်များက တစ်ခုပြီးတစ်ခု ကျရောက်လာနေပြီး မုန့်ချီ နောက်ပြန်ဆုတ်မည့် လမ်းကြောင်းကို တားဆီးထားခဲ့သည်။ သို့သော် မုန့်ချီကတော့ အရာအားလုံးကို စဉ်းစားနိုင်ခြင်း မရှိပေ။ သူက ဘယ်ဘက်သို့ လှည့်လိုက်ပြီး ရုတ်တရက် ရှေ့ကို တက်လိုက်သည်။

သူ၏ ခန္ဓာကိုယ်လှုပ်ရှားမှုက ခန့်မှန်း၍ မရနိုင်သော အဆင့်ထိတောင် ရောက်နေခဲ့၏။ မုန့်ချီက အဆင့်(၄) ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ အစွမ်းကိုလည်း ကောင်းကောင်းကြီး သိနေခဲ့သည်။ ထိုအရာက ယိကျင်းအရိုးအကြောပြောင်းကျမ်းနှင့် ပေါင်းစပ်လိုက်သည့်အချိန်တွင် (၃၀)ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။

သို့သော် တံခါး(၉)ပေါက် ပွင့်နေသည့် လူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူက လက်ဝါးတစ်ချက်တည်းနှင့် ရှုံးနိမ့်သွားနိုင်သည်။ ထို့ကြောင့် သူက တိုက်ပွဲကို ရှောင်တိမ်းခြင်းဖြစ်စေ သို့မဟုတ် အသက်ကိုရင်း၍ ထွက်ပြေးရန် အခွင့်အရေးတစ်ခုကို ဖြစ်စေ ရှာဖွေရန် ကြိုးစားရမည် ဖြစ်သည်။

တံခါး(၉)ပေါက် ပွင့်နေသော အန်ကုံရှဲ့၏ အာရုံခံနိုင်စွမ်းက မြင့်မားလွန်းလှသည်။ မုန့်ချီ၏ ကြွက်သားများနှင့် အရေးပြားများ ပြောင်းလဲမှုကိုကြည့်၍ မုန့်ချီ ရှောင်တိမ်းမည့်လမ်းကြောင်းကို သူက ကြိုတင်မြင်နေရသည်။ ထို့ကြောင့် သူက လက်ဝါးချက်ကို ကန့်လန့်ဖြတ် ရိုက်လိုက်ပြီး မုန့်ချီ၏ ဦးခေါင်းရှေ့တည့်တည့်ကို တားဆီးထားလိုက်သည်။

အကယ်၍ မုန့်ချီ၏ မျက်နှာဘယ်ဘက်ခြမ်းကိုသာ လက်ဝါးနှင့် ရိုက်လိုက်မည်ဆိုလျှင် ခေါင်းပြုတ်ထွက်သွားနိုင်သည်။

သို့သော် အန်ကုံရှဲ့၏လက်ဝါးချက်ကတော့ မည့်သည့်အရာကိုမျှ မထိမိဘဲ လေကိုသာ ရိုက်လိုက်မိခဲ့သည်။ သူက တစ်စုံတစ်ခု လွဲမှားနေကြောင်း သိသွားခဲ့သည့်အတွက် သူ၏ခန္ဓာကိုယ်ကို ကာကွယ်ရန် လက်နှစ်ဖက်စလုံးကို ရုတ်သိမ်းလိုက်သည်။

မုန့်ချီ၏ မျက်ခုံးကြား အလယ်တည့်တည့်က ဖောင်းကြွလာပြီး သူ၏ဦးခေါင်းခွံထဲတွင် နာကျင်မှုတစ်ခု ပေါ်လာခဲ့သည်။ သူကတော့ ပြောင်းလဲမှုကျင့်စဉ်ကို သုံးပြီး ပုံရိပ်ယောင်တစ်ခု ဖန်တီး၍ ထွက်ပြေးရန် အခွင့်အရေးတစ်ခု ရှာဖွေခဲ့ခြင်းဖြစ်သည်။ သူက ထိုအခွင့်အရေးကို မည်သို့ လက်လွှတ်ခံရမည်နည်း။

ထို့ကြောင့် သူက ဓားကို ကိုင်ပြီး တည်ငြိမ်အေးချမ်းသော ကမ္ဘာကြီးကို ဖန်တီးလိုက်သည်။ ထိုအချိန်တွင် ဆူညံသံများ၊ ခံစားချက်များ အားလုံးက ပြန်ရောက်လာပြီး သူ၏တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ဖျက်ဆီးလိုက်၏။ အနက်ရောင် အလင်းတန်းတစ်ခုကလည်း လေလှိုင်းထဲတွင် ရှိနေသော ဖယောင်းတိုင်တစ်ခုကဲ့သို့ လင်းလက်လာခဲ့သည်။

မှင်တက်နေသည့် အခြေအနေတွင် အလွန်ခေါင်းမာသော လူငယ်လေးက သူ့ကို ဓားနှင့် တိုက်ခိုက်လိုက်ကြောင်း အန်ကုံရှဲ့က တွေ့လိုက်ရသည်။ ထို့ကြောင့် သူလည်း ရွေးချယ်စရာ မရှိဘဲ ရင်ဆိုင်လိုက်ရ၏။

သူ၏ဆရာအဘိုးက ပြောခဲ့ဖူးသည်။ တိုက်ပွဲတွင် ရှုံးနိမ့်သူက အသတ်ခံရမည်ဖြစ်၏။ အကယ်၍ သူက သူ၏ညီအစ်ကိုများနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် သနားငဲ့ညှာနေလိမ့်မည် မဟုတ်‌ချေ။

သူ့လက်ဝါးက ပြိုင်ဘက်ကို တိုက်ခိုက်လိုက်သည့်အချိန်တွင် မုန့်ချီကတော့ သူထင်ထားသည့်အတိုင်း ခုခံခဲ့ခြင်း မရှိချေ။ သူ၏ မျက်လုံးထဲတွင် ကျေနပ်သွားသလို အပြုံးတစ်ခု ပေါ်နေခဲ့၏။

ထိုအချိန်တွင် သူ၏ရင်ထဲ၌ ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သတိပြန်ဝင်လာခဲ့သည်။ ထိုဓားက လည်ပင်းတွင် ရှိနေသော အရေပြားကို ဖောက်ဝင်လာကြောင်း နားလည်သွားခဲ့၏။

“ဒီခေါင်းတုံးကောင်ကတော့ ...”

သူ၏ကျောရိုးမကြီးက စတင်လှုပ်ရှားလာပြီး မြွေတစ်ကောင်ကဲ့သို့ သွေးကြောများကို ပြောင်းလိုက်သည်။ ထိုသို့ လုပ်ဆောင်လိုက်သည့်အတွက် ဓားက သူ၏ အရေပြားပေါ်မှ ချော်ကျသွားခဲ့၏။

တစ်ချိန်တည်းတွင် သူက ညာလက်နှင့် ဓားသွားကို ဆုပ်ကိုင်လိုက်၏။ ဓားသွားက သူ၏အရေပြားကို ဖောက်ဝင်လာသည့်အတွက် သွေးများ စီးကျလာနေသော်လည်း သူကတော့ ကြောက်လန့်နေခြင်း မရှိပေ။

ဉာဏ်အလင်းပွင့်မှုကို မရောက်သေးသော ကိုရင်လေးတစ်ပါးက ဘာကြောင့် ထိုမျှ ကြောက်စရာကောင်းသော ဓားသိုင်းပညာကို တတ်မြောက်နေရသနည်း။ အကယ်၍ သူကသာ အရိုးအားလုံးကို ပြောင်းလဲနိုင်သော ကြမ်းတမ်းသဲမုန်တိုင်းစွမ်းအားကို ကျွမ်းကျင်ထားခြင်း မရှိလျှင် ထိုဓားချက်ကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားနိုင်သည်။

အကာအကွယ်ချီစွမ်းအင်ကို ပိုင်ဆိုင်ထားသော ပညာရှင်တစ်ယောက်ဖြစ်သည့်အတွက် ဓားသွားက သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်လာမည်ဆိုလျှင်ပင် သူ့လည်ပင်းကို ကာကွယ်နိုင်သေးသည်။ အများဆုံးတော့ ထိုဓားသွားက သူ့လည်ပင်းကို ဖြတ်လိုက်မည်ဆိုလျှင်ပင် ဆိုးဆိုးရွားရွား ဒဏ်ရာရလိမ့်မည် မဟုတ်ချေ။

မုန့်ချီကတော့ တစ်ကြိမ် တိုက်ခိုက်လိုက်ပြီးနောက် သူ၏ဓားသွားကို ဆွဲထုတ်လိုက်ပြီး လေအရိပ်ဖမ်းဆီးခြင်းကျင့်စဉ်ကို သုံးပြီး အဝေးသို့ ထွက်ပြေးသွားခဲ့သည်။ သူက အလွန်လျင်မြန်လွန်းလှသည့်အတွက် လေလှိုင်းထဲတွင် စီးနင်းလှုပ်ရှားနေသလို ထင်မှတ်ရ၏။

တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်က တံခါး(၉)ပေါက် ပွင့်နေသော ပညာရှင် တစ်ယောက်ကို သတ်ရန် မဖြစ်နိုင်ကြောင်း မုန့်ချီက သိနေခဲ့သည်။ ထို့ကြောင့် သူက တိုက်ခိုက်ပြီး ခုခံရသည့် နည်းလမ်းကို သုံးလိုက်ခြင်းဖြစ်၏။

အကယ်၍ သူ၏လှုပ်ရှားမှုကသာ လျင်မြန်နေမည်ဆိုလျှင် အန်ကုံရှဲ့က ခုခံပြီး နောက်ဆုတ်သွားရပါလိမ့်မည်။ ထိုအချိန်ကျလျှင် သူ့အတွက် ထွက်ပြေးရန် အခွင့်အရေးရှိ၏။ သူက ချိန်သားကိုက် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

သို့သော် သူက ယခင်နေခဲ့သော တည်းခိုဆောင်ဆီသို့ ထွက်ပြေး၍ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် အန်ကုံရှဲ့က လမ်းကြောင်းကို ပိတ်ဆို့ထားခြင်းကြောင့်ဖြစ်၏။ ထို့ကြောင့် သူက သေမင်းပင်လယ် ကန္တာရထဲကိုသာ ထွက်ပြေးခဲ့ရ၏။

အရိုးအကြောပြောင်းကျမ်းကို လေ့ကျင့်ခဲ့ပြီးနောက် မုန့်ချီက တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကို အသုံးပြုခဲ့သော်လည်း စွမ်းအားများ ကုန်ဆုံးသွားသလို မခံစားရတော့ပေ။ သူက ထိုကဲ့သို့ တိုက်ခိုက်မှုကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် အစွမ်းမရှိတော့သော်လည်း ထွက်ပြေးရန်အတွက် လေအရိပ်ဖမ်းဆီးမှုကျင့်စဉ်ကို သုံးရန် လုံလောက်သေး၏။

ပြောင်းလဲမှုကျင့်စဉ်၏ အကျိုးသက်ရောက်မှုကြောင့် တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်က အန်ကုံရှဲ့၏လည်ပင်းတွင် ဒဏ်ရာရသွားစေခဲ့၏။ အန်ကုံရှဲ့ကတော့ အတော်လေး အရေးနိမ့်သွားခဲ့ပြီး သူ့ကို လိုက်ဖမ်းရန် အခွင့်အရေး မရှိခဲ့ပေ။

သူကတော့ အလွန်ထူးခြားသော ခန္ဓာကိုယ်အခြေအနေကို အားကိုးပြီး မုန့်ချီ၏ ဓားသွားကို ခုခံခဲ့ခြင်းဖြစ်သည်။ မုန့်ချီက သူ့ဓားကို ရုတ်သိမ်းလိုက်ပြီးနောက် အန်ကုံရှဲ့က အသက်ဝဝရှူရန် အနောက်ကို ခြေတစ်လှမ်း ပြန်ဆုတ်သွားခဲ့ရသည်။ ထိုသို့ဆိုလျှင် သူက ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးရှိနိုင်၏။ သူက ထိုခေါင်းတုံးလေးကို လက်ဝါးနှင့် ရှင်းပစ်ရန် ပြင်ဆင်ထားခဲ့သည်။

သူက လက်မြှောက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်စဉ် မုန့်ချီကတော့ လေလှိုင်းတစ်ခုအလား လမ်း၏တစ်ဖက်တွင် ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။ မုန့်ချီ၏လှုပ်ရှားမှုက အလွန်အံ့ဩစရာကောင်းလှပြီး သူကတော့ နောက်မှလိုက်သွားရန် အခွင့်အရေးမရှိခဲ့ပေ။

“ငါမင်းကို သတ်မယ်...ခွေးခေါင်းတုံး…”

အန်ကုံရှဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူကတော့ အရူးလုပ်ခံလိုက်ရသည့်အတွက် မကျေမချမ်းဖြစ်နေသည်။

လေ၏အကူအညီနှင့် မုန့်ချီက မြို့အပြင်ဘက်သို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့ပြီး သဲကန္တာရထဲကို ရောက်လာခဲ့သည်။ ထိုနေရာတွင် သဲများက လေထဲတွင်ပင် လွင့်မျောနေခဲ့သည့်အတွက် သူ၏ ခြေရာလက်ရာများကို ဖုံးကွယ်ပေးထားခဲ့သည်။

ယခင်တစ်ခေါက် သံသရာတာဝန်ထဲတွင် ရခဲ့သော သင်ခန်းစာများကြောင့် သူက အရပ်မျက်နှာနှင့် လမ်းကြောင်းကို ဆက်တိုက်ဆိုသလို ပြောင်းလဲနေပြီး ခြေရာလက်ရာများကို ရှင်းပစ်ခဲ့သည်။ သူက အလွန်ရှုပ်ထွေးသော ခြေရာလက်ရာများကို ဖန်တီးထားခဲ့၏။ သူကတော့ တစ်စက္ကန့်လေးပင် သတိလွတ်နေခြင်း မရှိချေ။

အန်ကုံရှဲ့ကတော့ သွေးများ စီးကျလာနေသော လည်ပင်းကို လက်နှင့် အုပ်ကိုင်လိုက်သည်။ ဒဏ်ရာက အလွန်နက်ရှိုင်းလှသည့်အတွက် အရိုးများပင် ပေါ်နေခဲ့၏။

“သူက သူ့ရဲ့စိတ်ဝိညာဉ်ကို သုံးပြီး ပုံရိပ်ယောင်တစ်ခု တကယ်ပဲ ဖန်တီးနိုင်ခဲ့တာလား...။ ဒါက မျက်ခုံးကြားလျှို့ဝှက်တံခါးကို ဖြတ်ကျော်နိုင်တဲ့ နည်းလမ်းတစ်ခုများလား...”

ခေါင်းဖြူလင်းတ အန်ကုံရှဲ့က ချက်ချင်း လိုက်မသွားသေးဘဲ တိုက်ပွဲ အခြေအနေအသေးစိတ်ကို ပြန်စဉ်းစားကြည့်နေခဲ့သည်။ သူတို့၏ တိုက်ပွဲတွင် ထူးခြားသည့်အရာတစ်ခု ရှိနေခဲ့၏။

သူက မျက်လုံးတံခါး၊ နားတံခါး၊ နှာခေါင်းတံခါးနှင့် တခြားသော တံခါးပေါက်(၆)ခု ပွင့်နေပြီးသား ဖြစ်သည်။ ထို့ကြောင့် သူက ပုံရိပ်ယောင်များကို ဖြတ်ကျော်နိုင်သော စွမ်းရည်ရှိနေသည်ဟု ဆိုလို၏။ ဉာဏ်အလင်းပွင့်မှု အဆင့်ကိုပင် မရောက်သေးသော ကိုရင်လေးတစ်ပါးက သူ၏စိတ်ဝိညာဉ်ကို အသုံးချပြီး ပုံရိပ်ယောင်များ ဖန်တီး၍ သူ၏ အာရုံခံနိုင်စွမ်းကို နှောင့်ယှက်ခဲ့သည်မှာ စဉ်းစား၍ပင် မရနိုင်ပေ။

သူက အလေးမဲ့ နေခဲ့မှုကြောင့် သတိလစ်ဟင်းသွားခြင်းလည်းဖြစ်သည်။ သူက တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ရသလို အသက်ဆုံးရှုံးလုနီးပါးကြုံခဲ့ရ၏။ ထိုအရာကြောင့် သူက အလွန်ထိတ်လန့်အံ့ဩနေခဲ့သည်။

“ငါက တံခါး(၉)ပေါက် ပွင့်နေပေမယ့် မျက်ခုံးကြားလျှို့ဝှက်တံခါးကို အခုအချိန်ထိ မဖြတ်ကျော်နိုင်သေးဘူး..။ တကယ်လို့ ငါကသာ ကောင်းကင်နှင့် မြေကြီး ကြားထဲမှာရှိတဲ့ တံခါးကို ချိတ်ဆက်နိုင်မယ်ဆိုရင် ဝေ့ကျင်းတစ်ဝက်အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်...”

“ဒီကိုရင်‌လေးကတော့ ဉာဏ်အလင်းပွင့်မှု အဆင့်ကို မရောက်သေးဘဲ ဒါကို ဘယ်လိုလုပ်နိုင်ခဲ့တာလဲ...။ ဒါက ဘယ်လိုများဖြစ်ရတာလဲ...။ သူ့ဆီမှာ အထူးလေ့ကျင့်မှုတစ်ခု ရှိနေတာလား...။ သို့မဟုတ် လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေတာလား..။ သူ့ရဲ့ ဓားပညာကလည်း တော်တော်လေး ကြောက်စရာကောင်းတယ်...။ ဒါက သိုင်းသခင်တစ်ယောက်ရဲ့ လေလွင့်လက်ဝါး(၁၈)ချက်လိုတောင် ခံစားရတယ်...”

အန်ကုံရှဲ့ကတော့ လက်ရှိအတားအဆီးကို ဖြတ်ကျော်ရန် စဉ်းစားမိသည့်အချိန်တွင် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ သူ့ဆီတွင်တော့ မျက်ခုံးကြား လျှို့ဝှက်တံခါးကို ဖြတ်ကျော်နိုင်သည့် အရည်အချင်းမျိုး မရှိသေးပေ။

ပထမတော့ သူက မုန့်ချီ ပျောက်ကွယ်သွားသော နေရာကို ကြည့်ပြီး ဒေါသများကို ခံစားနေရသည်။ ယခုတော့ သူ့ဆီတွင် မျှော်လင့်ချက်များ ပြည့်နှက်လာခဲ့၏။ သူက အေးစက်စွာ ရယ်ပြီး ပြောလိုက်သည်။

“မင်းက ဘယ်ကိုမှ မသွားနိုင်ပါဘူး...။ ဒါတောင် မင်းက သေမင်းပင်လယ် ကန္တာရထဲကို ပြေးသွားဖို့ ရွေးချယ်ထားသေးတယ်။ မင်းက ဒီလို အကြံမျိုးကို ဘယ်တုန်းကများ ရသွားတာလဲ..."

သူက သေမင်းပင်လယ်နှင့် ပတ်ပတ်လည် အိုအေစစ်များထဲတွင် ကျင်လည်ကျက်စားနေသော ဓားပြတစ်ယောက်ဖြစ်သည်။ သူက သေမင်းပင်လယ်ထဲမှ မြင်းဓားပြခေါင်းဆောင် တစ်ယောက်ဖြစ်သော ကျိလော်ကျူးနှင့်လည်း ရင်းနှီး၏။

ထို့ကြောင့် သူက မြေမျက်နှာသွင်ပြင် ရာသီဥတုပြောင်းလဲမှုများကို အလွန်ရင်းနှီးနေသည်ဟု ဆိုနိုင်သည်။ လူသစ်တစ်ယောက်က ထိုအရာနှင့် ပတ်သက်ပြီး သူ့ကို မည်သို့ ယှဉ်နိုင်မည်နည်း။ အကယ်၍ မုန့်ချီက သေမင်းပင်လယ်ထဲသို့ ဝင်သွားသည်မှာ ကြာသွားလျှင်ပင် အန်ကုံရှဲ့က သူ့ကိုယ်သူ ယုံကြည်ချက်ရှိသည်။

သူက ခြေရာလက်ရာများကို ဖုံးကွယ်လိုက်လျှင်ပင် လိုက်ဖမ်း၍ ရနိုင်သေးပြီး သူ၏ သိုင်းကျမ်းကို ရရှိရန် နှိပ်စက်၍ ရနိုင်သည်။ ထို့နောက် သူလည်း စတင်လှုပ်ရှားလိုက်ပြီး သေမင်းပင်လယ်ထဲသို့ ထွက်ခွာလာခဲ့၏။ သူကတော့ သဲထဲတွင် သွားလာနေသော မြွေတစ်ကောင်ကဲ့သို့ သဲမုန်တိုင်းထဲသို့ သွားလာနေခဲ့ပြီး စက္ကန့်ပိုင်းလေးအတွင်း ပျောက်ကွယ်သွားခဲ့သည်။

ထိုသေမင်းပင်လယ် သဲကန္တာရကြီးက သာမန်ကန္တာရနှင့် ကွဲပြားပြီး သဲပွင့်လေးများက ပို၍ကြီးမားသည်။ ထိုအရာက ကျောက်တုံးငယ်လေးများကဲ့သို့ ထင်မှတ်ရသည်။ ထိုအရာများက အဝါရောင်သဲမှုန့်လေးများကဲ့သို့ ဆွဲဆောင်မှု မရှိသော်လည်း သဲကန်ကြီးများထဲမှနေ၍ လျှို့ဝှက်လမ်းကြောင်းများ ထွက်လာနိုင်ခြင်းမရှိချေ။

သေမင်းပင်လယ် သဲကန္တာရကတော့ ရေကန်ငယ်လေးနှင့် အစိမ်းရောင်သစ်တောများ ရှားပါးမှုကြောင့် ပို၍ပင် ခြောက်ကပ်နေခဲ့သည်။ ထိုအရာက အထီးကျန်ဆန်သော ခံစားမှုတစ်ခုလည်း ပေးနိုင်၏။ အမှန်အတိုင်း ပြောရမည်ဆိုလျှင် ထိုအရာများက လူတိုင်းကို ခံစားချက် ဆိုးရွားစေနိုင်သည်။

လေလှိုင်းများ၏ တိုက်စားမှုကို ခံထားရသော ကျောက်တုံးကြီးများကလည်း သဲကန္တာရထဲတွင် ရှိနေသေးသည်။ ထိုကျောက်တုံးကြီးများ၏ ပုံသဏ္ဍာန်က လှုပ်ရှားနေပြီး ကျောက်တုံးမကောင်းဆိုးဝါးများကဲ့သို့ ကြောက်စရာကောင်းနေ၏။

မုန့်ချီကတော့ ထိုကျောက်တုံးကြီးများကြားထဲတွင် ပုန်းအောင်းနေခဲ့ပြီး သူ၏ ချီစွမ်းအင်များကို လှည့်ပတ်နေခဲ့သည်။ သူက အသက်ကို ဝဝရှူလိုက်ပြီး ဆေးပုလင်းလေး တစ်လုံးကို ထုတ်လိုက်၏။ သူက ဖယောင်းသားကို လက်မနှင့် ဖယ်ထုတ်လိုက်သည့်အချိန်တွင် အလွန်မွှေးပျံ့သော ဆေးရနံ့တစ်ခုက နှာခေါင်းထဲသို့ ရောက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းတက်ကြွသွားသလို ခံစားလိုက်ရသည်။

“ဒါကြောင့်လည်း ကောင်းကင်တံခါး ဆေးလုံးလို့ ခေါ်တာကိုး..။ သူ့ရဲ့နာမည်နဲ့ လိုက်ဖက်ပါပေတယ်...”

မုန့်ချီက လေးလေးစားစား ပြောလိုက်သည်။

မုန့်ချီက ဤနေရာသို့ ထွက်ပြေးလာခဲ့သည်။ သူက မျက်ခုံးကြားပင်မတံခါး လေ့ကျင့်မှုတွင် အောင်မြင်မှု တချို့ရခဲ့သည်။ ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်ကို စိတ်ကြိုက်ထိန်းချုပ်နိုင်ပြီး အနည်းငယ်လျှို့ဝှက်ဆန်းကြယိစွာ အသုံးပြုနိုင်သည်။

အန်ကုံရှဲ့က သူ့နောက်မှ လိုက်လာနေကြောင်း ဆက်တိုက်ခံစားမိနေခဲ့၏။ သူ့ကိုလည်း အချိန်မရွေး မီသွားနိုင်သည်။ ထို့ကြောင့်လည်း သူက လမ်းကြောင်းမျိုးစုံ ပြောင်းလဲသွားခဲ့သည်မှာ ကံကောင်းသွား၏။

သို့သော် စိတ်ဝိညာဉ်တစ်ခုက မုန့်ချီ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားနေရသည်။ သူ၏ ဦးခေါင်းက ကြီးလာသလို ခံ‌စားနေရပြီး ထိုအစွမ်းကို သုံးရန် အလွန်အမင်းကို ပင်ပန်းနေခဲ့၏။ ထို့ကြောင့် သူက ဤနေရာကို တွေ့သည့်အချိန်တွင် ခဏအနားယူပြီး သူ၏ ချီစွမ်းအင်များကို လှည့်ပတ်၍ မျက်လုံးတံခါးကို ဖွင့်ရန်ဆုံးဖြတ်လိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက မုန့်ချီက ထိုအရာကို လုပ်ဆောင်ရန် စဉ်းစားထားခဲ့၏။ တစ်ခု ကွဲပြားသွားသည်မှာ သူကတော့ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ခြင်း မရှိချေ။ မဟုတ်လျှင် အရာအားလုံးက ကွဲပြားသွားနိုင်၏။

“တကယ်လို့ ငါသာ ဉာဏ်အလင်းပွင့်မှုအဆင့်ကိုရောက်ရင် ငါနဲ့ အန်ကုံရှဲ့ရဲ့ ကွာဟမှုက အရမ်းကြီးမှာ မဟုတ်တော့ဘူး။ စွမ်းအားချင်း ကွာဟမှု ရှိနေသေးပေမဲ့ အနည်းဆုံးတော့ ငါက သူ့ကို တိုက်ခိုက်ပြီး မြန်မြန်ဆန်ဆန် ထွက်ပြေးနိုင်သေးတယ်။ အန်ကုံရှဲ့က ငါ့ရဲ့ အစွမ်းကို မှားယွင်းတွက်ချက်မိပြီး ငါ့နောက်ကို ကပ်လိုက်လာနိုင်မှာ မဟုတ်ဘူး…”

ဖယောင်းကို ဖယ်ထုတ်လိုက်ပြီးနောက် မုန့်ချီ၏ရှေ့တွင် ရောင်စုံဆေးလုံးလေး တစ်လုံးပေါ်လာခဲ့သည်။ ဆေးရနံ့များကလည်း သူ့ကို လွှမ်းခြုံနေခဲ့၏။ ထိုဆေးအာနိသင်များ ပျောက်ကွယ်သွားမှာကို စိုးသည့်အတွက် မုန့်ချီက စဉ်းစားမနေဘဲ ကောင်းကင်တံခါးဆေးလုံးကို မြိုချလိုက်သည်။ ထိုဆေးလုံးက ပါးစပ်ထဲတွင် အရည်ပျော်ကျသွား၏။

စွမ်းအင်စမ်းချောင်းတစ်ခုက သူ၏ရင်ဘတ်ထဲသို့ ဝင်ရောက်လာသလို ခံစားနေရသည်။ မုန့်ချီက မျက်လုံးမှိတ်လိုက်ပြီး ဆေးစွမ်းအားများကို ဖြည်းညင်းစွာ လှည့်ပတ်လိုက်၏။ ပထမတွင် သူက တည်ငြိမ်မှုကို ခံစားခဲ့ရသည်။

ထို့နောက် တဖြည်းဖြည်းနှင့် သူ၏မျက်လုံးများက ကြီးထွားလာသလို ခံစားရလိုက်ပြီး မျက်လုံးထဲတွင် မှောင်မဲနေသော အရာများကလည်း အလင်းရောင် ပြောင်းလဲလာခဲ့သည်။ တစ်စုံတစ်ယောက်က သူ့မျက်လုံးထဲတွင် မီးဖိုနေသလို ခံစားချက်မျိုးဖြစ်၏။

သူက အရေးကြီးသော အခြေအနေကို ရောက်နေကြောင်းသိနေသည်။ ထို့ကြောင့် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၏ အဆင့်(၄)ကို အသက်သွင်းထားခဲ့သည်။ သူ၏ အရေပြားကလည်း ရွှေရောင်ပြောင်းလဲလာပြီး မျက်လုံးပတ်ပတ်လည်တွင် အလင်းရောင်များ စုစည်းလာနေခဲ့သည်။

မျက်လုံးမှိတ်ထားသည့်အတွက် မှောင်မည်းနေသော အမြင်အာရုံကလည်း ယခုတော့ မီးထိန်ထိန် လင်းလာသလို ဖြစ်လာပြီး တံခါး(၉)ပေါက်တွင် ရှိနေသော သွေးကြောမှတ်များ အားလုံးက ကြယ်များကဲ့သို့ လင်းလတ်လာခဲ့သည်။

ထိုအလင်းရောင်များက အလွန်သန့်စင်လွန်းလှသည့်အတွက် နှလုံးသားအထိပင် ထိုးဖောက်နိုင်ပုံရ၏။ သူက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို ဆက်လက်အသက်သွင်းထားခဲ့သည်။ ထိုအချိန်တွင် ကြယ်(၉)လုံး၏ ကြားထဲ၌ အနက်ရောင် အစက်ကလေး တစ်စက်ကို မြင်လိုက်ရ၏။

ထိုအရာက အလင်းရောင်များအားလုံးကို ဝါးမြိုလိုက်ပြီး မမြင်ရတော့သလို ဖြစ်သွားခဲ့၏။ ထိုအရာက ခန္ဓာကိုယ်ထဲတွင် ရှိနေသော လျှို့ဝှက်ချက်ကြီးတစ်ခုဖြစ်ပြီး မွေးရာပါတံခါး(၉)ပေါက်ကို ဖုံးကွယ်ပေးထားသည်။ သူနှင့် သက်ဆိုင်သော သွေးကြောမှတ်များကို စုစည်းခြင်းမရှိသရွေ့ ထိုအရာကို တွေ့ရလိမ့်မည် မဟုတ်ချေ။

အလင်းရောင်များက မုန့်ချီ၏ မျက်လုံးပတ်ပတ်လည်တွင် ပေါင်းစပ်လာပြီး ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်မှ ထွက်ပေါ်လာသော ချီစွမ်းအင်များကလည်း ထူးခြားသော လမ်းကြောင်းများအတိုင်း စီးဆင်းလာ၍ ကောင်းကင်တံခါးဆေးလုံး၏ အစွမ်းနှင့် ပေါင်းစပ်သွားခဲ့သည်။ ထို့နောက် ကြယ်(၉)လုံးဆီသို့ ဦးတည်သွားခဲ့၏။

“ဗုန်း...”

မုန့်ချီ၏ ခေါင်းထဲတွင် ထုံကျင်သွားသလို ခံစားလိုက်ရပြီး သူ၏ စိတ်ဝိညာဉ်ဆီမှ နာကျင်မှုကို ခံစားလိုက်ရ၏။ သူ၏ ကိုယ်တွင်းအင်္ဂါများကလည်း လှုပ်ရှားလာသလို ခံစားလိုက်ရပြီး မျက်လုံးက ပေါက်ကွဲထွက်တော့မတတ် ဖြစ်လာခဲ့၏။

အကယ်၍ ကောင်းကင်တံခါး ဆေးလုံး၏ အစွမ်းကြောင့်သာ မဟုတ်လျှင် မုန့်ချီကတော့ ပုံရိပ်ယောင်ထဲသို့ ကျရောက်သွားနိုင်ပြီး ချီစွမ်းအင်သွေဖယ်မှုဖြစ်သွားပါလိမ့်မည်။

“ဗုန်း...”

ပေါင်းစပ်လာသော အလင်းရောင်များကို ဖိနှိပ်ထားလိုက်သည့်အချိန်တွင် မျက်လုံးတံခါးက ခံနိုင်ရည်ရှိနေသည်။ အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး အမှောင်ထုကြီးက ပျောက်ကွယ်သွားခဲ့၏။ ထိုအရာက မီးတိမ်တိုက်ကြီး တစ်ခုသဖွယ် ပြောင်းလဲသွားခဲ့သည်။

မုန့်ချီက မနေနိုင်တော့ဘဲ မျက်လုံးကို ဖွင့်ကြည့်လိုက်မိ၏။ ထိုအချိန်တွင် အလင်းရောင်များက အပြင်သို့ ထွက်လာခဲ့သည်။ သူ၏ မျက်နှာကလည်း ပြာနှမ်းနှမ်း ဖြစ်လာပြီး တစ်ကိုယ်လုံး ချွေးစေးများ ပြန်နေခဲ့၏။

သို့သော် သိပ်မကြာခင် အရာအားလုံး ပျောက်ကွယ်သွားပြီး နတ်မှောင်တောက်ပနေသော မျက်လုံးတစ်စုံသာ ကျန်တော့သည်။ ထိုအချိန်တွင် ကျောက်တုံးများ၏ ပုံစံခွက်များ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များနှင့် သဘာဝတရားကြီး၏ လျှို့ဝှက်ချက်များ အားလုံးက မုန့်ချီ၏ မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။

ကောင်းကင်ကြီးက ပုံမှန်အတိုင်း အပြာရောင်ဖြစ်နေပြီး လေလှိုင်းများက ခြောက်ကပ်နေသည်။ သဲမှုန်လေးမျကလည်း ပုံမှန်အတိုင်းသာ ရှိနေခဲ့၏။ အရာအားလုံးက ပုံမှန်ဖြစ်သွားသော်လည်း မုန့်ချီ၏ မျက်လုံးထဲတွင်တော့ ကွဲပြားသည့် ခံစားမှုတစ်ခု ပေါ်လာခဲ့သည်။

သူက ပို၍ ရှင်းရှင်းလင်းလင်းမြင်လာရပြီး ပို၍ အသေးစိတ်မြင်လာရသည်။ ဥပမာအနေဖြင့် ပြောရလျှင် သဲမှုန်ထဲ၌ သဲမှုန်အကြီးများနှင့် ကျောက်တုံးလေးများ ရှိနေပြီး သဲမှုန်တစ်ခုချင်းဆီတိုင်းတွင် ထူးခြားသော ပုံစံများရှိနေသည်။

သေမင်းပင်လယ် သဲကန္တာရက သေဆုံးခြင်း၊ အထီးကျန်ခြင်း စသည့်ခံစားချက်များကို ပေးနေသည်မှာ အတော်လေးကို ထူးခြားလွန်းလှသည်။ ယခုတော့ ထိုအရာများ အားလုံးကို ကြည့်ရသည်မှာ ပို၍နှေးကွေးလာသလို ပို၍ ထင်ရှားလာသည်။

ထို့ပြင် အတိတ်တုန်းက မြင်ခဲ့ရသော အရာအားလုံးကိုလည်း ရှင်းရှင်းလင်းလင်းမြင်လာရ၏။ ထိုအရာက ပြောပြ၍ မရနိုင်သော ခံစားမှုတစ်မျိုးဖြစ်သည်။

တောင်တန်းများက တောင်တန်းများ မဟုတ်တော့သလို၊ရေများကလည်း ရေများမဟုတ်တော့ပေ။ ထိုအရာက မျက်လုံးတံခါးပွင့်လာပြီးနောက် မုန့်ချီ၏ ခံစားချက်များ ဖြစ်၏။

သူ၏ မျက်လုံးတံခါးကို ကောင်းကင်တံခါးဆေးလုံးနှင့် ဖွင့်နိုင်ချေ ရှိနေခဲ့သည်။ သို့သော် အရိုးအကြောပြောင်းကျမ်းကို နှစ်ဝက်ခန့် လေ့ကျင့်ခဲ့ပြီးနောက် ထိုအရာက သဘာဝဆန်ဆန် တိုးတက်ပြောင်းလဲလာခြင်းဖြစ်ပုံရသည်။

“ဒါကြောင့်လည်း ဉာဏ်အလင်းပွင့်မှုအဆင့်မှာ သိမ်းဆည်းထားတဲ့ ချီစွမ်းအင်တွေက ဖိနှိပ်ခံထားရတာပဲ။ မျက်လုံးတံခါးပွင့်သွားပြီဆိုရင် ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုတွေကို အနှေးပြကွက်အနေနဲ့ မြင်နိုင်သလို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်…”

မုန့်ချီက သူ၏အမြင်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး အတော်လေးကျေနပ်သွားခဲ့သည်။ ထိုအရာက ပြိုင်ဘက်၏ လှုပ်ရှားမှုက နှေးကွေးသွားခြင်း မဟုတ်ဘဲ မျက်လုံးတံခါးပွင့်လာပြီးနောက် မုန့်ချီက ပြိုင်ဘက်၏ လှုပ်ရှားမှုများကို ပို၍ နှေးကွေးရှင်းလင်းစွာ မြင်လာနိုင်ခြင်းဖြစ်သည်။

ပြိုင်ဘက်၏ လှုပ်ရှားမှုကို အနှေးပြကွက်အနေဖြင့် မြင်တွေ့ရသည်မှာ တိုက်ပွဲအတွင်း အလွန်ကြီးမားသော အကျိုးကျေးဇူးတစ်ခု ရှိနိုင်သည်။ အကျိုးကျေးဇူးက ထိုနေရာတွင် ရပ်တန့်နေခဲ့ခြင်း မရှိချေ။

မျက်လုံး ဟူသည်မှာ အသည်း၏ တံခါးပေါက်ဟု ဆိုနိုင်သည်။ မျက်လုံးတံခါးက အသည်းသွေးကြောဖြစ်သည့်အတွက် သူ၏အသည်းတွင် ရှိနေသော စွမ်းအားများကို လေ့ကျင့်နိုင်မည်ဟု ဆိုလိုသည်။ ရလဒ်အနေနှင့် သူ၏ ကုသနိုင်စွမ်းနှင့် ချီစွမ်းအင်ပြန်ဖြည့်နှုန်းက တိုးတက်လာနိုင်၏။ ထို့ပြင် သူ့အစွမ်းကလည်း သိသိသာသာတိုးမြင့်လာနိုင်သည်။

သူက ကိုယ်တွင်းအင်္ဂါများအားလုံးတွင် ရှိနေသော စွမ်းအားများကို လေ့ကျင့်ပြီးသွားမည်ဆိုလျှင် အသက်လျှို့ဝှက်အခန်းနှင့် စွမ်းအင်လျှို့ဝှက်အခန်းကို ပွင့်သွားသည်နှင့် တူညီပါလိမ့်မည်။

သူ၏ ချီစွမ်းအင်များကို လှည့်ပတ်လိုက်ပြီး ချီစွမ်းအင်အသစ်များ အထိုင်ကျသွားပြီးနောက် မုန့်ချီက လျင်မြန်စွာ မတ်တပ်လိုက်ပြီး ရှေ့ဆက်သွားခဲ့၏။ ထိုအချိန်တွင် သူ၏လေနတ်ဘုရားခြေလှမ်းသိုင်းလည်း ပို၍ပင် အနှောင်အဖွဲ့ကင်း လာခဲ့သည်။

ခဏကြာပြီးနောက် အန်ကုံရှဲ့က မုန့်ချီ ရှိနေခဲ့သော နေရာတွင် ပေါ်လာခဲ့၏။ သူက မုန့်ချီ လေ့ကျင့်နေခဲ့သောနေရာကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ ထိုနေရာတွင် ခြေရာလက်ရာအများစုကို ဖုံးကွယ်ထားသော်လည်း သူက သေမင်းပင်လယ်ထဲတွင် ကျင်လည်ကျက်စားဖူးသော လူတစ်ယောက်ဖြစ်သည့်အတွက် ထိုခြေရာလက်ရာများက သူ့အတွက် အလွန် ထင်ရှားနေခဲ့လေသည်။

Translated by Hein Htet

All Chapters