← Chapters

အခန်း (၈၉)

Vol. 6 Ch. 89

အခန်း (၈၉)

Vol. 6 Ch. 89

ဤကဲ့သို့ ကြမ်းတမ်းခက်ထန်သော နေရာမျိုးတွင် အစိမ်းရောင်သစ်ပင် အနည်းငယ်လေးသာ ပေါက်ရောက်နိုင်သည်။ သို့သော် ဆာလောင်မွတ်သိပ်နေသော ကန္တာရပိုးကောင်ကြီးက ထွက်ပေါ်လာသော အပင်တိုင်းကို လျင်မြန်စွာ ဝါးမြိုသွားခဲ့၏။

ကန္တာရထဲတွင် သစ်ပင်များက ရှားပါးလှသည်။ ဤနေရာတွင် နေထိုင်သော တိရစ္ဆာန်များဆီတွင် သန်မာ‌သော ခြေထောက်များ ရှိနေသည်။ ထိုအရာက အစာရှာရန်အတွက် ခရီးဝေးသွားလာရန် လုပ်ဆောင်ပေးထားခြင်းဖြစ်သည်။

ထိုကဲ့သို့ ပြောင်းလဲမှုသာ မရှိလျှင် သူတို့က ယခုလို ပတ်ဝန်းကျင်မျိုး၌ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။ သဲကန္တာရပိုးကောင်ကတော့ ထိုသတ္တဝါများထဲတွင် အစွမ်းထက်ဆုံး ဖြစ်ကြ၏။

မုန့်ချီက ကျောက်တုံးတစ်တုံး၏ရှေ့တွင် ရပ်လိုက်ပြီး သူ၏ ချီစွမ်းအင်ကို လှည့်ပတ်ကြည့်လိုက်သည်။ သို့သော် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားမိလိုက်၏ ။ သူက မျက်မှောင်ကြုတ်လိုက်မိပြီး လေနတ်ဘုရားခြေလှမ်းသိုင်းကိုသုံး၍ ကန္တာရ၏အလယ်သို့ ဆက်လက် ထွက်ခွာလာခဲ့သည်။

သူက ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်သွားပြီး မျက်ခုံးကြားပင်မတံခါးကလည်း ပို၍ စုစည်းလာနိုင်ခဲ့သည်။ သူ၏စိတ်ဝိညာဉ် စွမ်းအားကလည်း ပို၍အစွမ်းထက်လာပြီး ပို၍ အဆင်ပြေစွာ အသုံးပြုနိုင်သည်။

သူက စိတ်ဝိညာဉ်လျှို့ဝှက်အခန်း ပွင့်နေခဲ့သော ကွေရှုနှင့် သွမ့်ရှန်ဖေးတို့ကဲ့သို့ သိုင်းသခင်အဆင့်ကို မရောက်သေးသော်လည်း ဟန်ရှီထက် ပို၍အစွမ်းထက်နေသည်မှာ‌ သေချာသည်။ သို့သော် လက်ရှိအခြေအနေတွင်တော့ သူ၏အာရုံ‌(၆)ပါး တိကျမှု ရှိမရှိ မစမ်းသပ်ချင်သေးပေ။ ထိုကဲ့သို့ အခြေအနေမျိုးတွင် မုန့်ချီက မရပ်ရဲချေ။

သူကတော့ လမ်းကြောင်းကို ဆက်တိုက်ပြောင်းလဲ၍ ခေါင်းဖြူလင်းတ အန်ကုံရှဲ့၏ လက်ထဲမှ ထွက်ပြေးနေရသည်။ သေမင်းပင်လယ် သဲကန္တာရ၏ ကျယ်ပြန့်မှုကြောင့်သာ မုန့်ချီက ဉာဏ်အလင်းပွင့်မှု အစွမ်းကိုသုံးပြီး အန်ကုံရှဲ့၏ လက်ထဲမှနေ၍ ထွက်ပြေးနိုင်ခြင်း ဖြစ်သည်။

သို့သော် အန်ကုံရှဲ့ကတော့ သူ့နာမည်အတိုင်း လင်းတတစ်ကောင်၏ အမြင်မျိုးနှင့် ကန္တာရ၏အပေါ်တည့်တည့်မှနေ၍ ကြည့်နေနိုင်ပုံရသည်။ ထို့ကြောင့် သူက သဲလွန်စဖျောက်ရန် ခက်ခဲနေခဲ့၏။

"နာမည်ဆိုတာက လူတစ်ယောက်အတွက် အရေးကြီးတယ်...။ ဒီတော့ သူ့ရဲ့နာမည်က သူ့ရဲ့အရည်အချင်းကို သေချာပေါက် ပြောပြနိုင်မှာပဲ...."

မုန့်ချီက သက်ပြင်းချ၍ ရေရွတ်လိုက်မိသည်။

သူနှင့် အန်ကုံရှဲ့တို့၏ အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာနေကြောင်း သူက ခံစားမိနေသည်။ ထို့ကြောင့် အနားယူရန် အချိန်မရှိခဲ့ပေ။

သူက သဲကန္တာရထဲတွင် လမ်းပျောက်လုနီးပါး ဖြစ်နေပြီး မည်သည့်နေရာကို ရောက်နေကြောင်း မသိချေ။ အကယ်၍ သူသာ သဲကန္တာရထဲရှိ သတ္တဝါများ၏ အသိုက်ထဲကို မှားယွင်းရောက်ရှိသွားမည်ဆိုလျှင် အဆုံးသတ်ကို‌ကျရောက်သွားနိုင်၏။

သို့သော် မုန့်ချီဆီတွင်တော့ သူ့ဆရာဆီမှ သင်ကြားခဲ့ရသော အချက်အလက်များ ရှိနေခဲ့သည်။ သူက ညအချိန်တွင် ကြယ်များကို အသုံးချပြီး သဲမြန်မြို့သို့ ပြန်သွား၍ ရနိုင်၏။ ယခုအချိန်တွင်တော့ သူက အန်ကုန်ရှဲ့နှင့် ဝေးဝေးရောက်ချင်ရုံသာ ရှိသည်။

အကယ်၍ သူသာ သဲမြန်မြို့၏ အရှေ့ဘက်သို့ ပြန်သွားခဲ့မည်ဆိုလျှင် သေမင်းပင်လယ် သဲကန္တာရ၏ နယ်မြေခံ မဟုတ်သော ခေါင်းဖြူလင်းတက သူ့နောက်ကို လိုက်လာနိုင် တော့မည် မဟုတ်ချေ။ သူကတော့ လေနတ်ဘုရားခြေလှမ်းသိုင်းနှင့် ပြောင်းလဲမှုကျင့်စဉ်တို့ကိုသုံး၍ လွတ်မြောက်နိုင်ရန် အခွင့်အရေးများ ရှိသည်။

အကယ်၍ သူက သဲမြန်မြို့သို့ ပြန်မရောက်နိုင်ပင်လျှင် မုန့်ချီဆီ၌ တစ်ခြားသော အတွေးတစ်ခု ရှိနေသေးသည်။ သူက အန်ကုံရှဲ့နှင့် ဝေးသွားရန် ကြိုးစားလိုက်ပြီး သဲမုန်တိုင်း တိုက်ခတ်သည့်အချိန်ကို စောင့်နေရန် လိုအပ်၏ ။ ထိုအချိန်ကျလျှင် သဲများဖုန်များက သူ၏ခြေရာလက်ရာများအားလုံးကို ဖုံးကွယ်လိုက်သည့်အတွက် အန်ကုံရှဲ့က သူ့နောက်ကိုလိုက်ရန် မဖြစ်နိုင်တော့ပေ။

ထိုအချိန်ကျလျှင် သူက ကျိလော်ကျူး၏ မြင်းဓားပြများကို စေလွှတ်ပြီး သူ့ကိုရှာဖွေရမည် ဖြစ်သည်။ မုန့်ချီအတွက်တော့ သာမာန်မြင်းဓားပြများက အန္တရာယ်မပေးနိုင်ပေ။

"ငါတို့(၂)ယောက်ရဲ့ကြားထဲမှာ တဖြည်းဖြည်းပိုပြီး ဝေးသွားနိုင်အောင် ငါက ဘယ်လိုလုပ်ရမလဲ..."

မုန့်ချီက ပြေးနေရင်းတစ်ယောက်တည်း စဉ်းစားနေခဲ့သည်။

သူ့ဆီတွင် နောက်ထပ်စိုးရိမ်မှုတစ်ခုလည်း ရှိနေ၏။ သူ၏ အကြောက်တရားများ အားလုံးကို ဖယ်ရှားလိုက်ပြီး သူ့နေရာပေါ်သွားနိုင်သည့် မီးတောက်တစ်ခု ဖန်တီးခဲ့သည်။ လက်ရှိအချိန်တွင် သူ့အတွက် တစ်ခုတည်းသောအရာကတော့ အသားစိမ်းများကို မစားလိုခြင်းဖြစ်၏ ။

မုန့်ချီက အရာရာကို သေချာစဉ်းစားတတ်သည့် အလေ့အကျင့်ရှိသည်။ ယင်ဟွမ်ရဲတိုက်ထဲ၌ဖြစ် စေ ၊ ကွေရှုကို ရင်ဆိုင်ရာ၌ဖြစ်စေ သူက သေခြင်းတရားကို ကျော်လွှားပြီး အဆုံးသတ်တိုက်ခိုက်မှုကို တိုက်ခိုက်နိုင်ခဲ့၏။

သေချာစဉ်းစားလိုက်ပြီးနောက် သူ၏ လက်ရှိပြဿနာအတွက် နောက်ထပ်အဖြေ တစ်ခုကို စဉ်းစားမိခဲ့သည်။

"ငါက ဝေးဝေးထွက်ပြေးခွင့်ရဖို့အတွက် အန်ကုံရှဲ့ကိုပြန်ပြီး တိုက်ခိုက်ရမယ်....။ ငါက သူ့ကို ဆိုးဆိုးရွားရွားဒဏ်ရာရအောင် လုပ်နိုင်မယ်ဆိုရင် သူက ငါ့နောက်ကိုလိုက်ဖို့ပြန်ပြီး စဉ်းစားမှာပဲ...."

နောက်မှ လိုက်လံတိုက်ခိုက်နေသည်ကို ပြန်လှည့်၍ တန်ပြန်တိုက်ခိုက်ခြင်းက အကျိုးရှိသော လုပ်ရပ်တစ်ခုဖြစ်သည်။ ထို့ပြင် မုန့်ချီက သူ၏အစွမ်းအပေါ် ကောင်းမွန်စွာ နားလည်ထားခဲ့၏။

သူက အန်ကုံရှဲ့ကို မသတ်နိုင်ကြောင်း သိနေသည်။ တံခါး(၉)ပေါက်နှင့် တံခါးနှစ်ပေါက်၏ကွာဟချက်က အလွန်ကြီးမားလွန်းလှ၏။ အကယ်၍ ကျန်းကျိဝေသာ ဤနေရာ၌ ရှိနေမည်ဆိုလျှင် သူမက အန်ကုံရှဲ့ကို တိုက်ခိုက်ရန် အနန္တဓားကို အသုံးပြုပါလိမ့်မည်။ ထိုသို့ဆိုလျှင် သူမက အသာစီးပင် ရနိုင်သေး၏။

သူက ဆုံးဖြတ်လိုက်သည်။

"ငါက ဉာဏ်အလင်းပွင့်မှု အဆင့်ကို ရောက်သွားပြီဆိုတာ သူမသိနိုင်သေးဘူး....။ ဒီတော့ငါက သူ့ကို ရုတ်တရက် တိုက်ခိုက်လိုက်ဖို့ ဖြစ်နိုင်တယ်....။ တကယ်လို့ ငါ့ဆီမှာသာ တိမ်မုန်တိုင်းအပ်ရှိနေမယ်ဆိုရင် ငါက သူ့ကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင် လုပ်နိုင်တယ်....."

မုန့်ချီက လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။

သူက သူ့ကိုယ်သူရယ်ပြီး ပြောလိုက်၏။

"ငါကတော့ လူကြီးလူကောင်းတစ်ယောက်လိုပဲ အမြဲတမ်း စဉ်းစားနေခဲ့တာ...။ အခုတော့ ငါက အန်ကုန်ရှဲ့ကို သူတို့ရဲ့ နည်းလမ်းအတိုင်း ပြန်ပြီးထောင်ချောက်ဆင်မှ ရတော့မယ်.....ဟူးးးးးးး....၊ အဆုံးမှာတော့ ဓားနဲ့ဖြေရှင်းတာအကောင်းဆုံးပါပဲ....။ငါက လူဆိုးတစ်ယောက်များ ဖြစ်လာမှာလား..."

မုန့်ချီက သူ့ကိုယ်သူရယ်လိုက်ပြီးနောက် တန်ပြန်တိုက်ခိုက်ရန် နေရာကောင်းနှင့် ထွက်ပြေးရန် လမ်းကြောင်းကို စတင်ရှာဖွေလိုက်သည်။

သဲများနှင့် အက်ကွဲကြောင်းများက နေရာ‌တိုင်းတွင် ရှိနေသည်။ ထိုနေရာများတွင် သဲကန္တာရ၏ မြေအောက်စမ်းချောင်းများက အပေါ်သို့ တက်လာပြီး ကုန်းမြေများ ဖြစ်ပေါ်နေခဲ့သည်။ ထို့နောက် သူတို့က မြေအောက်ထဲသို့ ပြန်စီးဆင်းသွားပြီး အဝေးသို့ ရောက်သွားခဲ့၏။

ထိုမြေအောက်စမ်းချောင်းများ၏ စီးဆင်းမှုကြောင့် ချိုင့်ကြီးများ အလယ်တွင် အလွန်ကြီးမားသောကျောက်တုံးကြီးများ ဖြစ်ပေါ်နေခဲ့သည်။

ကန္တာရသားကောင်များကလည်း ဤနေရာသို့ ရောက်လာပြီး သူတို့၏ရေဆာမှုကို ဖြေဖျောက်ရန် အနားတွင် ပေါက်ရောက်နေသော သစ်ပင်များကို စားသုံးတတ်သည်။ တစ်ချိန်တည်းတွင် သားကောင်းများစွာကလည်းဤနေရာ၌ အမဲလိုက်ရန် ရောက်လာကြ၏။

ထိုမြင်ကွင်းကိုမြင်သည့်အခါ ခေါင်းဖြူလင်းတ အန်ကုံရှဲ့က ရပ်တန့်လိုက်ရသည်။ သူက မျက်မှောင်ကြုတ်လိုက်မိပြီး နယ်မြေတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်ရာ မည်သည့်အရာကိုမျှသတိမထားမိခဲ့ပေ။

မုန့်ချီက ဤနေရာတွင် ရပ်ပြီး အနားယူနေခဲ့ကြောင်း ခြေရာလက်ရာများကို တွေ့ခဲ့သည်။ သို့သော် မုန့်ချီကိုတော့ ရှာမတွေ့ခဲ့ပေ။ သူက နားကို လှုပ်ရှားကြည့်လိုက်၏။

သူ့နားထဲတွင်တော့ ရေသံလေသံများနှင့် တိရစ္ဆာန်များ လှုပ်ရှားသည့် အသံကိုပင် ကြားနေရသည်။ သို့သော် ကန္တာရ ပိုးကောင်များ၏ အော်သံများ ၊ တစ်ခြားသော သတ္တဝါများ အစာစားနေ ရေသောက်နေသည့်အသံများကြောင့် သူက အသံတိုင်းကို စစ်ဆေးရန် ခက်ခဲနေခဲ့သည်။

သူက နှာခေါင်းကို ရှုံ့လိုက်မိသည်။ လေထဲတွင် ရှိနေသော အစိုဓာတ်များကို ခံစားမိပြီး သစ်ပင်များ ၊ ပိုးကောင်များ၏ ရနံ့ကိုလည်း ခံစားမိသည်။ ရနံ့တိုင်းက သူ့ခေါင်းထဲတွင် ပုံရိပ်တစ်ခုအဖြစ် ပေါ်လာခဲ့၏။ ထိုရနံ့များထဲတွင် မုန့်ချီ၏ရနံ့လည်း ပါဝင်နေခဲ့သည်။

သူက ဤနေရာ၌ အချိန်ကြာမြင့်စွာ ရပ်တန့်နေခဲ့ပုံ ပေါ်သည်။ သူက‌မုန့်ချီ၏ ခြေရာလက်ရာများ ရှိနေသော နေရာသို့ ခြေရာလက်ရာများကို စစ်ဆေးရန် လျင်မြန်စွာ လျှောက်သွားခဲ့သည်။

အနားသို့ သူ ကပ်လာသည့်အတွက် ကန္တာရပိုးကောင်များအားလုံးက အဝေးသို့ ထွက်ပြေးနေကြသည်။

"တကယ်လို့ ငါကသာ မျက်ခုံးကြားပင်မတံခါးပွင့်သွားပြီဆိုရင် ငါ့ရဲ့စိတ်ဝိညာဉ်ကို စိတ်ကြိုက်သုံးလို့ရပြီ။ ငါက အဲဒီတိရစ္ဆာန်တွေရဲ့အနှောင့်အယှက်ကို ခံခဲ့ရမှာ မဟုတ်ဘူး ..."

အန်ကုံရှဲ့ကတော့ ကိုရင်လေး၏ လျှို့ဝှက်ကျင့်စဉ်ကို ရယူရန် ပို၍ဆန္ဒပြင်းပြလာခဲ့၏။

"တောက် တောက် တောက်....."

ကန္တာရပိုးကောင်တစ်ကောင်က အန်ကုံရှဲ့၏အနားမှ ဖြတ်ပြေး သွားသည်။

ရုတ်တရက်ဆိုသလို ပိုးကောင်၏ ဗိုက်အောက်မှနေ၍ ဓားသွားတစ်ခု ထွက်ပေါ်လာပြီး အန်ကုံရှဲ့ကို တိုက်ခိုက်လိုက်၏။ ထိုအချိန်တွင် အန်ကုံရှဲ့က အလွန်ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်တစ်ခုကို ခံစားမိခဲ့သည်။

သူက တိုက်ခိုက်သူ၏မျက်လုံးကိုလည်း မြင်လိုက်ရ၏။ သူ့စိတ်ထဲတွင်တော့ မိသားစုအချစ်နှင့် ညီအစ်ကိုအချစ်များက အဆုံးသတ်သွားပြီး လောဘ၊ အကြောက်တရားနှင့် ဒေါသ မောဟ မုန်းတီးမှုများသာ ပြည့်နှက်လာသလို ခံစားလိုက်ရ၏။ သို့သော် သူတို့က ထိုအရာများကို ဆက်လက်လှုံဆော်ပေးနေခဲ့သည်။

မုန့်ချီက တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်ကို သုံးလိုက်သည့်အချိန်တွင် ပုံမှန်ထက် ထူးခြားနေခဲ့သည်။ မုန့်ချီက မည်သည့်အရာကိုမျှ ထိန်းချန်မထားဘဲ အစွမ်းထက်ဆုံး တိုက်ခိုက်မှုနှင့် အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့၏။

ယခုအန်ကုံရှဲ့က သူ၏ဓားပညာကို သိနေသည့်အတွက် မုန့်ချီက ရွေးချယ်စရာ မရှိတော့ပဲ အစွမ်းကုန် တိုက်ခိုက်လိုက်ရခြင်းဖြစ်သည်။ မဟုတ်လျှင် သူက အန်ကုံရှဲ့ကို ထိခိုက်အောင် လုပ်နိုင်မိမည် မဟုတ်ချေ။

မုန့်ချီက ဉာဏ်အလင်းပွင့်မှု အဆင့်ကို ရောက်နေသော်လည်း အန်ကုံရှဲ့ကတော့ သူထက်ပို၍ အဆပေါင်းများစွာ အစွမ်းထွက်နေသေး၏။ သူက ပြောင်းလဲမှုကျင့်စဉ်ကိုသုံးပြီး သူ့အတွက် အချိန်အနည်းငယ် ဖန်တီးနိုင်ရုံသာ ရှိသည်။

အန်ကုံရှဲ့ကသာ သူ့ကို ချက်ချင်း နားလည်သွားမည်ဆိုလျှင် ခုခံရန် အချိန်ရသွားပါလိမ့်မည်။ သာမန်တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်က အန်ကုံရှဲ့ကို ထိခိုက်စေနိုင်ခြင်း မရှိချေ။ စွန့်လွှတ်ခြင်းကျင့်စဉ်နဲ့ တွဲသုံးလိုက်မည်ဆိုလျှင်ပင် မလုံလောက်သေးကြောင်း သူသိနေ၏။

ထို့ကြောင့် မုန့်ချီက အရာအားလုံးကို စွန့်လွှတ်ပြီး တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ သူ၏ မျက်လုံးက အန်ကုံရှဲ့ကို စိုက်ကြည့်နေပြီး ဤနေရာတွင် နောက်ပြန်လှည့်စရာ မရှိတော့ပေ။ သူက ဒေါသတကြီး တိုက်ခိုက်လိုက်သည့်အတွက် သူဆီမှ ထွက်ပေါ်လာသော သတ်ဖြတ်ချင်စိတ်များက အလွန်ပြင်းထန်လွန်းလှ၏။

"အသက်(၂၀)အရွယ်မှာတောင် ခင်‌ဗျားက ဉာဏ်အလင်းပွင့်မှု အဆင့်ကို မရောက်သေးတာလား ...သွားသေလိုက်စမ်း ...။ တကယ်လို့ ခင်ဗျားသာ ရှုံးသွားမယ်ဆိုရင် ခင်ဗျားက လက်ပြတ်သွားလိမ့်မယ် ....။ တကယ်လို့ ခင်ဗျားသာ ခင်ဗျား ဆွေမျိုးတွေကို မသတ်နိုင်ခဲ့ဘူးဆိုရင် ကျုပ်က ခင်ဗျားကို သတ်မယ် .."

"မင်းက ငါ့ကို သံသယဝင်နေတာလား ..။ မင်းက အဆိပ်မြွေတွင်းထဲကိုသာ သွားလိုက်တော့ ..။ မင်းက အဆိပ်မြွေ(၁)သောင်းလောက် ကိုက်တာကို ခံလိုက်စမ်း ...."

အလွန်ဆိုးရွားသောမြင်ကွင်းများက အန်ကုံရှဲ့၏ မှတ်ဉာဏ်ထဲတွင် လွှမ်းမိုးလာပြီး သူ၏ စိတ်ထဲတွင် အကြောက်တရားများ ပြည့်နှက်လာခဲ့သည်။ သူ့ကို မြားပေါင်း (၁၀၀၀)ခန့်နှင့် တိုက်ခိုက်လိုက်သလို ခံစားလိုက်ရ၏။ သူကတော့ ဘိုးဘေးများ ကျေနပ်စေရန် အရာအားလုံးကို လုပ်ဆောင်ပေးနေပုံပေါ်သည်။

ထိုကဲ့သို့ ကြောက်လန့်နေသည့်ချိန်တွင် အန်ကုံရှဲ့က သူ့ညီလေး၏ အသက်မဲ့နေသော မျက်လုံးပြာပြာလေးကို မြင်လိုက်ရသည်။ သူတို့က သူ့ကို စကားပြောနေသလို ထင်မှတ်ရ၏။

"အစ်ကိုကြီး ....

ကျွန်တော်က ဒီအိမ်မက်ဆိုးကြီးကို ဆက်ပြီးတော့ မသွားချင်တော့ဘူး ...။ အစ်ကိုကြီးက ကျွန်တော်ရဲ့ကိုယ်စားဆက်ပြီးတော့ အသက်ရှင်နေပါ ...."

" အား ....."

အန်ကုံရှဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့ညီလေးနှင့် ဘိုးဘေးများ၏ ဆိုးရွားသော ဖြစ်ရပ်များကြောင့် လည်ချောင်းထဲတွင် နာကျင်မှုကိုပင် ခံစားလိုက်ရသည်။

ထိုအချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး၌ ရှိနေသော အရိုးများအားလုံးက အက်ကွဲလာပြီး စတင်လှုပ်ရှားလာခဲ့သည်။ သူက သဲတိုင်လုံးကြီး တစ်ခုကဲ့သို့ဖြစ်လာပြီး လေလှိုင်းနှင့်အတူ အဝေးသို့ လွင့်ပါသွားခဲ့၏။ ထိုအရာက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော ကြမ်းတမ်းသဲမုန်တိုင်းအစွမ်း၏ အကျိုးသက်ရောက်မှုများဖြစ်သည်။

ဓားက သူ၏ ရင်ဘတ်ဆီသို့ နောက်တစ်ကြိမ် ခုတ်လိုက်သည့်အချိန်တွင် ထိုစွမ်းအားများက ချေဖျက်ခြင်းနှင့် ကြုံလိုက်ရ၏။ အန်ကုံရှဲ့က သေစေနိုင်လိုက်သော တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။ သူက ညာလက်ကိုမြှောက်ပြီး မုန့်ချီ၏ ဓားကို တားဆီးရန် ကြိုးစားလိုက်၏။

“ချွပ် ....."

မီး(၁၀၀)သံဓားက နှစ်ပိုင်းကျိုးသွားခဲ့သည်။ ထို့နောက် မုန့်ချီက တွင်းကြီးထဲသို့ ခုန်ဝင်သွားပြီး သူ့လက်ထဲတွင် ဓားကျိုးတစ်ဝက်ကို ကိုင်ထားခဲ့၏။

"ငါက မင်းရဲ့တိုက်ခိုက်မှုကို မတုန့်ပြန်ဘူးဆိုရင် မလေးစားရာ ကျမှာပေါ့ ...."

မုန့်ချီက ပြုံးလိုက်ပြီး အံ့ဩနေသော အန်ကုံရှဲ့၏ ရှေ့တွင် မြောင်းထဲသို့ ဆင်းသွားခဲ့၏။

အန်ကုံရှဲ့က အသက်ကို ဝဝရှုလိုက်ပြီး ဒဏ်ရာကို လက်နှင့် အုပ်ထားမိခဲ့သည်။ ထို့နောက် ချောက်ကြီး၏အစွန်သို့ ငုံ့ကြည့်လိုက်ရာ အောက်ဘက်တွင် ကြည်လင်နေသော မြေအောက်စမ်းချောင်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုကိုရင်ကတော့ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

"သူက ဉာဏ်အလင်းပွင့်မှု အဆင့်ကို ရောက်သွားပြီ...."

အန်ကုံရှဲ့က အံ့ကြိတ်ပြီး ရေရွတ်လိုက်၏။ ထိုတိုက်ခိုက်မှုက သူ့အသက်ကို မယူနိုင်သော်လည်း ဆိုးဆိုးဝါးဝါး ဒဏ်ရာ ရစေခဲ့သည်။

ချီစုဆောင်းရေး အဆင့်သာ ရှိသေးသော လူတစ်ယောက်က ထိုကဲ့သို့ တိုက်ခိုက်မှုမျိုး လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုကိုရင်လေးကတော့ ထွက်ပြေးနေရင်းဉာဏ်အလင်းပွင့်မှု အဆင့်ကို ရောက်သွားသည်မှာ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။ ထို့ပြင် သူက စွန့်လွှတ်ခြင်း ကျင့်စဉ်ကဲ့သို့ အလားတူ ကျင့်စဉ်တစ်ခုကိုပင် သင်ယူနိုင်ခဲ့သည်။

အန်ကုံရှဲ့က အောက်ဘက်တွင် ရှိနေသော မြေအောက်စမ်းချောင်းကို စစ်ဆေးကြည့်နေပြီး မုန့်ချီ၏ နောက်သို့ ဆင်းလိုက်မသွားရန် ဆုံးဖြတ်လိုက်သည်။ သူက မြေအောက်စမ်းချောင်းထဲတွင် ပုန်းအောင်းပြီး သူ့ကို အလစ်ချောင်း၍ တိုက်ခိုက်နိုင်သေး၏။

ထို့ပြင် သူက ဒဏ်ရာရနေပြီး ထိုကိုရင်လေးဆီတွင် စွမ်းအားမည်မျှ ရှိနေမှန်းမသိခဲ့ပေ။ အကယ်၍ သူသာ ဤနေရာ၌ ဆက်လိုက်သွားမည်ဆိုလျှင် မြေအောက်ထဲတွင် သေသွားနိုင်၏။

တံခါး(၉)ပေါက် ပွင့်နေသော တိုက်ခိုက်ရေးသမားတစ်ယောက်က ယခုမှ ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်သော လူတစ်ယောက်ကို ရှုံးနိမ့်သွားမည်ဆိုလျှင် ရယ်စရာကောင်းပါလိမ့်မည်။ လူငယ်မှတ်တမ်းတွင် အဆင့် (၃၆)ဖြစ်သော လူတစ်ယောက်က ထိုကဲ့သို့ သေဆုံးသွားရန် မသင့်တော်လှပေ။

"မင်းက တစ်ယောက်တည်း ထွက်ပြေးနိုင်မယ်လို့ မထင်နဲ့ ...."

အန်ကုံရှဲ့က ဒေါသတကြီး ပြောလိုက်သည်။

"ငါက ဒီမြေမျက်နှာသွင်ပြင် အခြေအနေကို မင်းထက်ပိုပြီးတော့ သိတယ် ....."

သူက ပင်မသွေးကြောအနည်းငယ်ကို ဖိအားပေးလိုက်ပြီး ဆေးပုလင်းတစ်ခုကို သောက်လိုက်သည်။ ထို့နောက် ချီစွမ်းအင်များကို လှည့်ပတ်ကြည့်လိုက်၏။ တဖန်သူက ထိုမြေအောက်စမ်းချောင်း မြေပေါ်သို့ ပြန်ပေါ်လာမည့်နေရာကိုဦးတည်၍ ပြေးသွားခဲ့သည်။

"ငါက မင်းကိုသေချာပေါက် လိုက်သတ်မှာပါ ...။ တကယ်လို့ မင်းက အဲဒီနေရာကနေ ထွက်မလာခဲ့ဘူးဆိုရင်လည်း မြေအောက်ထဲမှာ သေရမှာပဲ ....။ နောက်ထပ်ထွက်ပေါက်က တော်တော်လေးကို ဝေးသေးတယ် ...."

မြေအောက်စမ်းချောင်းများက မြေပေါ်သို့ပေါ်လိုက် ၊ အောက်ကို ပြန်ကျသွားလိုက် ဖြစ်သည်။ ထိုခေါင်းတုံးလေးကတော့ မြေအောက်ထဲတွင် ထာဝရ နေနိုင်လိမ့်မည် မဟုတ်ချေ။

"တကယ်လို့ ငါသာ မြေပေါ်ကနေ အတည့်အတိုင်း လိုက်သွားမယ်ဆိုရင် သူ့ကို ဖမ်းနိုင်တယ် ...."

ထိုအရာက သူ့အတွက် နယ်မြေ အသားစီးရမှုလည်းဖြစ်၏။

…………………

မုန့်ချီကတော့ ရေစီးကြောင်းထဲတွင် မျှောလိုက်လာပြီး ထိုးထွက်နေသော ကျောက်တုံးများကို ရှောင်ထွက်နေခဲ့သည်။ သူ့ဆီတွင် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်သာ မရှိလျှင် တစ်ကိုယ်လုံးဒဏ်ရာများ ပြည့်နှက်နေပါလိမ့်မည်။

စွန့်လွှတ်ခြင်း ကျင့်စဉ်ကို သုံးလိုက်ပြီးနောက် သူက အလွန်အမင်း အေးစက်နေသလို စတင် ခံစားလိုက်ရ၏။ သူက တစ်ကိုယ်လုံး အေးခဲသွားတော့မတတ် ဖြစ်နေခဲ့သည်။ အမှောင်ထဲတွင် အလင်းရောင်များ မှေးမှိန်နေပြီး မုန့်ချီကတော့ နောက်ထပ်ထွက်ပေါက်ဆီသို့ ရောက်လာမည်အချိန်ကို စောင့်နေခဲ့၏။

သူကတော့ မြေအောက်စမ်းချောင်း၏ ထွက်ပေါက်ဆီကို ဖြည်းညင်းစွာ ကူးခတ်လာခဲ့သည်။ သူက မြေအောက်စမ်းချောင်းအတိုင်းဆက်၍ လိုက်သွားရဲခြင်း မရှိချေ။ လက်ရှိအခြေအနေတွင် သူက ရေထဲ၌ အချိန်ကြာမြင့်စွာ နေနိုင်ခြင်း မရှိချေ။ မဟုတ်လျှင် ရေအောက်ထဲ၌ သေဆုံးသွားမည်ဖြစ်၏။

မုန့်ချီက ရေအောက်စမ်းချောင်း၏ အပေါက်မှ ခုန်ထွက်လိုက်ပြီး ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ရေများကို ခါထုတ်လိုက်သည်။ ထို့နောက် ဧရာမကျောက်တုံးကြီး တစ်တုံးဆီသို့ ပြေးသွားလိုက်၏။ သူက ထိုနေရာတွင် ချီစွမ်းအင်များ လှည့်ပတ်ပြီး သဲမြန်မြို့ဆီသို့ ပြန်သွားရန် စဉ်းစားထားခဲ့သည်။

သို့သော် နေရာ၌ ထိုင်လိုက်ပြီးနောက် သူ့ဘေးမှနေ၍ လက်ခုပ်သံတစ်ခုကို ကြားလိုက်ရ၏။

"မင်းက တကယ်ပဲ အစွမ်းထက်ပါတယ်။ ငါ ရင်ဆိုင်ခဲ့ဖူးတဲ့ ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တွေအားလုံးထဲမှာ မင်းက အစွမ်းထက်ဆုံးပဲ .။ မင်းက ငါ့ကို သတ်နိုင်လုနီးပါး ဖြစ်ခဲ့တယ်လေ ...."

အန်ကုံရှဲ့ကပြုံးလိုက်၏။ သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ဒဏ်ရာများက ယခုချိန်ထိ ပြန်မကောင်းသေးပေ။

"ပြီးတော့ မင်းက တော်တော်လေး ဉာဏ်ကောင်းတယ်..။ တစ်ခုတည်းသော ပြဿနာကတော့ မင်းက သေမင်းပင်လယ် သဲကန္တာရထဲကို ရောက်နေတာပဲ..။ ဒါက ငါ့ရဲ့ပိုင်နက်လေ...."

Translated by Hein Htet.

All Chapters