အခန်း (၉၀)
Vol. 6 Ch. 90
မုန့်ချီက သူသေကိုယ်သေ တိုက်ခိုက်ရန် ချီစွမ်းအင်များကို ပြင်ဆင်ထားလိုက်သည်။ သူက အားနည်းနေသော်လည်း အန်ကုံရှဲ့က သူ့ထက် ပိုသာနေခြင်း မဟုတ်ချေ။ သူက နောက်မှ မရပ်မနား လိုက်လာခဲ့ရပြီး ဒဏ်ရာများကို ကုသရန်လည်း ကျန်ရှိနေသေးသည်။
သို့သော် သူက ချီစွမ်းအင်များကို လှည့်ပတ်ရန် ကြိုးစားလိုက်သည့်အချိန်တိုင်း သူ၏ဒန်တျန်ထဲမှနေ၍ ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူက အားနည်းနေပြီး စွမ်းအားလည်း လုံးဝမရှိခဲ့ပေ။
အန်ကုံရှဲ့က ချဉ်းကပ်လာပြီး ဘယ်လက်ကို မြှောက်၍ သူ၏သွေးကြောများအားလုံးကို ပိတ်လိုက်၏။ စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံးလိုက်ပြီး အေးစက်သော ရေခဲရေထဲတွင် စိမ်နေခဲ့ရသည့်အတွက် သူ့အတွက် နောက်ဆက်တွဲဆိုးကျိုးက ထင်ထားသည်ထက် အဆပေါင်းများစွာ ပို၍ဆိုးရွားနေသေးသည်။
မုန့်ချီကတော့ မျှော်လင့်ချက် ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် အန်ကုံရှဲ့က ချက်ချင်းသတ်မည် မဟုတ်ကြောင်း နားလည်နေခဲ့၏။ ပြောရမည်ဆိုလျှင် သူက အန်ကုံရှဲ့အတွက် အသုံးဝင်သေးသည်ကို ဆိုလိုနေသည်။ သူသာ အသက်ရှင်နေသေးသရွေ့ မျှော်လင့်ချက် ရှိနေသေး၏။
"အဟမ်း ..အဟွတ်.. အဟွတ်... "
အန်ကုံရှဲ့က ချောင်းဆိုးလိုက်ပြီး ကျယ်လောင်စွာ ရယ်လိုက်သည်။
"မင်းက လွန်ခဲ့တဲ့ (၅) နှစ်အတွင်း ငါ ရင်ဆိုင်ခဲ့ဖူးတဲ့ ပြိုင်ဘက်တွေထဲမှာ အဆင့်အနိမ့်ဆုံးဖြစ်နိုင်တယ်... ။ ဒါပေမဲ့ မင်းက ငါ့ကို ဒုက္ခအပေးနိုင်ဆုံးပဲ ။ မင်းကိုဖမ်းဖို့အတွက် ငါက ဒဏ်ရာတွေကိုတောင် လျစ်လျူရှုပြီး လိုက်လာရတယ်... ။ အခုတော့ မင်းက ဘယ်ကိုမှမပြေးနိုင်တော့ဘူး..။ ဟား ဟား ဟား ဟား …"
အလွယ်တကူ အသတ်ခံခဲ့ရသော ပြိုင်ဘက်များက သူ့အတွက် စိန်ခေါ်မှု မရှိနိုင်ပေ။ သူက သူ၏စွမ်းအား (၆၀) (၇၀) ရာခိုင်နှုန်းခန့်သာ ကျန်နေသေးသော်လည်း အတော်လေးကို ဆိုးဆိုးရွားရွား ဒဏ်ရာရထားခဲ့သည်။ သူ၏ချီစွမ်းအင်များကို ခဏကြာ လှည့်ပတ်နေပြီးနောက် ထိုနေရာသို့ပြေးလာပြီး ပုန်းအောင်းစောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။
သို့သော် သူ၏စွမ်းအင်အရင်းအမြစ်သာ နောက်တစ်ကြိမ် ထိခိုက်ခြင်းမရှိသရွေ့ သူက ဆေးရည်များ ၊ ဆေးလုံးများ ၊ အကူအညီနှင့် ပြည့်စုံစွာ ပြန်လည်ကောင်းမွန်လာနိုင်သေးသည်။ ထို့ကြောင့်လည်း သူက မျက်ခုံးကြား လျှို့ဝှက်တံခါး ချိုးဖျက်နိုင်သည့် အခွင့်အရေးကို လက်လွှတ်မခံလိုခြင်း ဖြစ်၏။
"မင်းက မျက်ခုံးကြားလျှို့ဝှက်တံခါးကို ဖွင့်နိုင်တဲ့နည်းလမ်း ပြောပြမယ်ဆိုရင်တော့ ငါက မင်းကို အသက်ရှင်ခွင့်ပေးမယ်... "
အန်ကုံရှဲ့က ပင့်သက်ရှိုက်လိုက်မိပြီး တိုက်ရိုက်တောင်းဆိုလိုက်သည်။
ထို့ကြောင့် မုန့်ချီ၏ မျက်လုံးထဲတွင် ဝင်းလက်သွားခဲ့၏။
"ဒါကြောင့်လည်း သူက ငါ့နောက်ကို အသည်းအသန် လိုက်နေတာပဲ ။ တကယ်လို့ ငါသာ စောစောသိခဲ့မယ်ဆိုရင် ဒီလိုရွေးချယ်မိခဲ့မှာ မဟုတ်ဘူး... "
ယခုတစ်ကြိမ် သူလုပ်ဆောင်မိခဲ့သော အကြီးဆုံးအမှားကတော့ သူ့နောက်ကို လိုက်လာစေနိုင်သည့် အရာတစ်ခုကို လုပ်ဆောင်မိခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ပြောရလျှင် သူက ငိုကြွေးခြင်းအကြီးအကဲ၏ ငါးစာတစ်ခုသာ ဖြစ်၏။
အကယ်၍ အန်ကုံရှဲ့က ကျရှုံးသွားမည်ဆိုလျှင်ပင် သူ၏စွမ်းအင်အရင်းအမြစ်ကို ထိခိုက်စေနိုင်ခြင်း မရှိချေ။ သို့သော် မျက်ခုံးကြား ပင်မတံခါးကို ဖွင့်နိုင်သော နည်းလမ်းကတော့ သူ့ကို ဝေကျင်းတစ်ဝက်အဆင့်ထိ ရောက်အောင် ကူညီပေးနိုင်၏။ ထိုအရာကတော့ စွန့်စားရသည်မှာ တန်ကြေးရှိ၏။
မုန့်ချီက မှားယွင်းတွက်ချက်မိခဲ့ခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူကတော့ ပြောင်းလဲမှုကျင့်စဉ်၏ အနှစ်သာရကို သိထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း တခြားလူများက သူ၏တန်ဖိုးကို လျော့တွက်ထားမည်ဟု တွေးထားခဲ့၏။ မဟုတ်လျှင် အန်ကုံရှဲ့က ယခုအချိန်ထိ သူ့ကိုယ်သူ ကုသနေဦးမည် ဖြစ်သည်။ သူက ချီစွမ်းအင်များကို ခဏကြာလှည့်ပတ်ပြီးမှသာ သူသွားလိုသည့်နေရာကို သွားမည်ဖြစ်၏။
ခေါင်းထဲတွင် နောင်တများ ၊ စိတ်ရှုပ်ထွေးမှုများ ပေါ်လာခဲ့သော်လည်း လျင်မြန်စွာ ဖိနှိပ်ထားခဲ့သည်။
"အခုချိန်မှာ ငါလုပ်နိုင်တဲ့အရာ ဘာမှမရှိဘူး..။ ငါက ဘာလုပ်နိုင်လဲဆိုတာကို စဉ်းစားလို့မရသေးဘူး.. ။ ငါက ခေါင်းကို ရှင်းရှင်းထားပြီး ထွက်ပြေးဖို့ကို စဉ်းစားတာ ပိုကောင်းမယ်... "
"ကျုပ်က ဘာလို့ ခင်ဗျားကိုယုံရမှာလဲ... "
မုန့်ချီက တည်ငြိမ်စွာ မေးလိုက်သည်။
ရိုးရိုးသားသား ပြောရမည်ဆိုလျှင် သူက အန်ကုံရှဲ့ကို ပြောင်းလဲမှုကျင့်စဉ်ပေး၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူက သံသရာအရှင်သခင်ဆီသို့ ပေးထားခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ တခြားတစ်ယောက်ယောက်ကိုသာ ပေးလိုက်မည်ဆိုလျှင် သူက သတ်ပစ်ခံရနိုင်သည်။ အန်ကုံရှဲ့က ရယ်လိုက်၏။
"ခေါင်းတုံးလေး …
မင်းက ငါ့လက်ထဲကိုတောင် ရောက်နေပြီလေ...။ ဒီတော့ မင်းက ငါ့ရဲ့သွားရာနေ စေရာထားပဲ ။ မင်းက ငါ့လက်ထဲမှာ အသတ်ခံရတော့မယ့် ဝက်တစ်ကောင်လိုပဲလေ.။ ငါက စိတ်ဝိညာဉ်နဲ့လည်း မကျိန်နိုင်ဘူး..။ ဒီတော့ မင်းက ယုံတာမယုံတာကို ဂရုမစိုက်ဘူး..။ ဒါပေမယ့် မင်းမှာရွေးချယ်ခွင့်မှ မရှိတာ..။ တကယ်လို့ မင်းက လိုအပ်နေတယ်ဆိုရင်တော့ မင်းမှာ အားနည်းချက် ရှိသွားတာပဲလေ... ။ တကယ်လို့ မင်းက ငါစကားကို လက်မခံချင်ဘူးဆိုရင်တောင် မသေခင်တော့ ပြောပြရမှာပဲ…"
မုန့်ချီက အန်ကုံရှဲ့၏ နောက်ဆုံးသည်းခံနိုင်စွမ်းကို စမ်းသပ်နေခဲ့သည်။ သူက ကျမ်းသစ္စာကျိန်ဆိုမည် မဟုတ်ကြောင်းလည်း သေချာပေါက် သိနေခဲ့၏။
အန်ကုံရှဲ့က ပြုံးနေရာမှ ရပ်တန့်သွားပြီး မုန့်ချီကို အေးစက်စွာ ကြည့်လိုက်သည်။
"ငါက မင်းကို အလွယ်တကူမသေခိုင်းပါဘူး...။ ဆက်တိုက်နှိပ်စက်နေဦးမှာ..။ ဒါကြောင့် မင်းကိုသတ်ပေးဖို့အထိ မင်းက ငါ့ကို တောင်းပန်ရလိမ့်မယ်...။ ဒါပေမဲ့ ငါနဲ့အတူ နှိပ်စက်ဖို့ပစ္စည်းတွေတော့ ပါမလာခဲ့ဘူး..။ တကယ်လို့ မင်းကို ဟယ်လာဆီ ခေါ်သွားနိုင်မယ်ဆိုရင်တော့ ပိုပြီးကောင်းလိမ့်မယ်...။ အဲဒီအချိန်ကျမှ နည်းလမ်းပြောပြမယ်ဆိုရင်လည်း အဆင်ပြေတာပဲလေ... ။ မင်းက မြန်မြန်သေဖို့အတွက် တောင်းဆိုလို့ရတာပေါ့... "
သူက နေလုံးကြီးကိုကြည့်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်နေမိသည်။
"ငါက မင်းနောက်ကို နှစ်ရက်လုံးလုံး လိုက်လာရတာ...။ ဘိုးဘေးက ဘာဖြစ်နေပြီလဲ ဆိုတာ မသိဘူး...။ ဒါပေမဲ့ ငါကတော့ အပြစ်ပေးမခံရအောင်လို့ ဒီခေါင်းတုံးလေးကို ဖမ်းခေါ်သွားဖို့ စဉ်းစားထားရမယ်... "
သူက မုန့်ချီ၏အင်္ကျီကိုဆွဲပြီး သဲမြန်မြို့ဆီသို့ ပြန်ခေါ်လာခဲ့သည်။ သဲမြန်မြို့၏ လမ်းမကြီးပေါ်တွင် လူအနည်းငယ်သာ ရှိ၏။ သစ်ပင်ကြီးများကလည်း မတူညီသော ပုံစံမျိုးစုံနှင့် ရှိနေကြပြီး ထိုသစ်ပင်ကြီးများတွင် သဲများ လွှမ်းခြုံနေသည်။ ထို့ကြောင့် ကြည့်ရသည်မှာ အတော်လေးကို ဆိုးရွားလွန်းလှ၏။
အဝေးတွင် ရှိနေသော တောင်ကုန်းငယ်လေးက ပြိုကျသွားပြီး ကျောက်တုံးပေါင်းများစွာအဖြစ် ပြောင်းလဲ၍ ပတ်ပတ်လည်နယ်မြေများကို လွှမ်းခြုံနေခဲ့သည်။
သိုင်းသခင်အဆင့်တိုက်ပွဲက အမှန်တကယ်ကို ကြောက်စရာကောင်း၏။ အန်ကုံရှဲ့က မုန့်ချီ၏သွေးကြောနှင့် ခန္ဓာကိုယ်အပေါ်ပိုင်း သွေးကြောများအားလုံးကို ပိတ်ထားခဲ့သည်။ သူက မုန့်ချီကို ကြိုးတစ်ချောင်းနှင့် ချည်ပြီး သဲပင်လယ် တည်းခိုဆောင်ဆီသို့ ဦးတည်လာခဲ့၏။
သူက ဘိုးဘေးအပေါ် ယုံကြည်ချက်ရှိသည်။ အကယ်၍ ရွှမ်ပိုင်က တိုက်ပွဲထဲမှ အသက်ရှင်လျက် ထွက်လာမည်ဆိုလျှင်ပင် သူကတော့ အနိုင်ရလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူက တည်းခိုဆောင်ထဲတွင် စောင့်ဆိုင်းနေခဲ့၏။
"ဒီလိုဆိုရင်တော့ ငါက ဆရာအဘိုးရဲ့ အာရုံတွေကိုအခြေခံပြီး စစ်ဆေးကြည့်နိုင်လိမ့်မယ်... "
တည်းခိုဆောင်ထဲသို့ ဝင်လာခဲ့သည့်အချိန်တွင် အခန်းထဲ၌ စားသောက်နေကြသူများ အားလုံးက သူတို့ကို လှည့်ကြည့်လိုက်ကြသည်။ သို့သော် အန်ကုံရှဲ့၏ ထူးခြားသော လက္ခဏာကို သတိထားမိသည့်အတွက် သူတို့၏စားစရာကိုသာ ဆက်လက် စားသုံးနေကြ၏။
“ဆံပင်ဖြူနှင့် လူငယ်မျက်နှာ...”
သို့သော် ဆူညံသံများ ၊ စကားပြောသံများအားလုံးက ရပ်တန့်သွားခဲ့သည်။
ထိုလူအုပ်ကြီးထဲတွင် မြင်းဓားပြ (၃) ယောက်လည်း ရှိ၏။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင် တိုက်ပွဲကို မြင်ခဲ့ရပြီးနောက် သူတို့က ရွှမ်ပိုင်နှင့် သူ့တပည့်များကို ပြဿနာမရှာမိသည့်အတွက် ကံကောင်းသွားသည်ဟု ခံစားနေကြရသည်။
အကယ်၍ သူတို့ကသာ ရွှမ်ပိုင်တို့အဖွဲ့ကို လုရန်ကြိုးစားလိုက်မည်ဆိုလျှင် သူတို့က သေရင်သေ မသေရင်လည်း ရှောင်လင်ကိုယ်တော်များ ဖြစ်သွားနိုင်သည်။ ထိုအရာက သူတို့အတွက်တော့ သေပြီးထက်ပင် ဆိုးရွားသွားနိုင်သေး၏။
မုန့်ချီကို ဖမ်းလာကြောင်း မြင်သည့်အချိန်တွင် ထိုလူက ငိုကြွေးခြင်းအကြီးအကဲ၏ မျိုးဆက်များဖြစ်ကြောင်း သိနေကြသည်။ ထိုအရာကတော့ ကောင်းကင်ပေါ်မှ ကျဆင်းလာသော ပန်းသီးတစ်လုံး မဟုတ်ချေ။
"ဒေါ်လေးချူ ..
ကျွန်တော်တို့ဘိုးဘေးက အဲဒီဘုန်းတော်ကြီးကို ရှင်းပြီးသွားပြီလား... "
အန်ကုံရှဲ့က ချူချမ်းနင်ကို မေးလိုက်သည်။
ချူချမ်းနင်က ခေါင်းမော့ကြည့်လိုက်ပြီး စားပွဲကို လက်နှင့်ရိုက်လိုက်၏။
"နင့်ကို ဘယ်သူက ဒေါ်လေးချူလို့ ခေါ်ခွင့်ပေးထားလို့လဲ... "
အန်ကုံရှဲ့က နှာခေါင်းရှုံ့လိုက်မိသည်။
"ဘယ်သူပဲဖြစ်ဖြစ် ကျုပ် ဂရုမစိုက်ဘူး..။ ဒါကြောင့် ကျုပ်မေးခွန်းကိုပဲ ကောင်းကောင်းဖြေပါ... "
ချူချမ်းနင်၏ မျက်လုံးထဲတွင် သဲမုန်တိုင်းများ တိုက်ခတ်သကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။
"ဒီနေရာကနေ ထွက်သွားစမ်း... ။ ငါပြောတဲ့စကားကိုကြားလား... "
အလွန်အေးစက်နေသော ချူချမ်းနင်၏ အကြည့်ကို မြင်သည့်အချိန်တွင် အန်ကုံရှဲ့က ချက်ချင်းပင် ငြိမ်သက်သွားခဲ့သည်။ ဒေါ်လေးချူ၏ဒေါသကို ရင်ဆိုင်နိုင်သည်မှာ ဘိုးဘေးတစ်ယောက်တည်းသာ ရှိ၏။
အကယ်၍ သူကသာ သူမကို ဒေါသထွက်အောင် လုပ်လိုက်မည်ဆိုလျှင် သူသေကိုယ်သေ အခြေအနေမျိုး မဟုတ်သရွေ့ ဘိုးဘေးက ဝင်ပါလိမ့်မည် မဟုတ်ချေ။ မည်သို့ဖြစ်စေကာမူ သူ့အတွက်တော့ စိုးရိမ်စရာကိစ္စများစွာ ရှိနေသေး၏။
ချူချမ်းနင်၏နောက်ကြောင်းက အလွန်ဆန်းကြယ်လွန်းလှသည်။ အကယ်၍ သူမသာ ပြဿနာရှာမည်ဆိုလျှင် မည်သူက လာရောက် ကူညီမည်ဖြစ်ကြောင်း မသိနိုင်ပေ။ ဉာဏ်ကောင်းသော လူတစ်ယောက်က အခြေအနေကိုကြည့်ပြီး နောက်ဆုတ်လိုက်ခြင်းက ပိုကောင်းသည်။
အန်ကုံရှဲ့က ခေါင်းငုံ့ပြီး ရိုးရိုးကျိုးကျိုး ထပ်မေးလိုက်၏။
"ဆိုင်ရှင်ကြီး…
တိုက်ပွဲအသေးစိတ်ကို ပြောပြလို့ရနိုင်မလား... "
ချူချမ်းနင်၏ ပန်းရောင်နှုတ်ခမ်းလေးများက လှုပ်ရှားသွားပြီး သူမ၏မျက်နှာပေါ်တွင် အထင်သေးမှုများ ပြည့်နှက်လာသည်။
"ထွက်သွားစမ်း... "
သူမက ထိုစကားတစ်ခွန်းကိုသာ ပြောခဲ့၏။
အန်ကုံရှဲ့က သက်ပြင်းရှည်ကြီးချလိုက်ပြီး မုန့်ချီကို ခန်းမထဲသို့ ဆွဲခေါ်လာ၍ ကျယ်လောင်စွာ ပြောလိုက်သည်။
"ဘယ်သူက ငါ့ကို ဘိုးဘေးနဲ့ဘုန်းတော်ကြီးတို့ရဲ့ တိုက်ပွဲရလဒ် ပြောပြနိုင်မလဲ... "
မြင်းဓားပြ (၃) ယောက်၏ ခေါင်းဆောင်ဖြစ်သော ကန္တာရတေလေက တလေးတစား ပြန်ဖြေလိုက်သည်။
"ဆရာကြီးအန်ကုံ …
ဘိုးဘေးက အဲဒီဘုန်းတော်ကြီးနဲ့ သေမင်းပင်လယ်ထဲမှာ ဆက်တိုက် တိုက်ခိုက်နေတာ...။ အဲဒီနောက်မှာ ဘာတွေဖြစ်နေပြီလဲဆိုတာ ကျွန်တော်တို့လည်း မသိဘူး... "
အန်ကုံရှဲ့၏ မျက်လုံးများက လှုပ်ရှားသွားသည်။ ထိုဘုန်းတော်ကြီးက ဘာကြောင့် ထိုမျှ အစွမ်းထက်နေရသနည်း။
ထိုအချိန်တွင် စားပွဲထိုးကောင်လေးက သူ့ကို စားသောက်စရာ ယူလာပေးသည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"သူတို့ရဲ့တိုက်ပွဲမှာ ဘယ်သူက အသာစီးရမလဲဆိုတာတောင် ပြောဖို့ခက်တယ်လို့ ကြားတယ်..။ သူတို့က သေမင်းပင်လယ်ကြီးထဲမှာ တောက်လျှောက်တိုက်ခိုက်နေတာ အခုချိန်ထိ လုံးဝပြန်မလာခဲ့ကြဘူး...
အန်ကုံရှဲ့က ခဏကြာစဉ်းစားပြီးနောက် အကျဉ်းသားကိုခေါ်၍ သဲမြန်မြို့ထဲမှ လျင်မြန်စွာ ထွက်သွားပြီး ဟယ်လာကိုပြန်ရန် ဆုံးဖြတ်လိုက်သည်။ ဘုန်းတော်ကြီးက ဘိုးဘေးကို ရှုံးနိမ့်သွားမည်ဆိုလျှင် သူ့ဆီကို ရောက်လာနိုင်၏။
သူကတော့ လမ်းတလျှောက်တွင် မုန့်ချီ၏ ကျင့်ကြံရေးနည်းလမ်းကို စစ်ဆေးမေးမြန်းရန် စီစဉ်ထားခဲ့သည်။ သူက ထိုအရာကို သိပြီးသွားလျှင် ထိုကိုရင်လေးကို သတ်ပစ်နိုင်၏။
သူက ခဏရပ်ပြီး နောက်တစ်ကြိမ် မေးလိုက်သည်။
"တခြားကိုရင်လေးတစ်ပါးကရော ဘယ်ရောက်သွားပြီလဲ... "
ထိုဓားပြ (၃) ယောက်က သူ့ညီလေးကို သတ်လိုက်ပြီလော။
စားပွဲထိုးက ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"ဆရာကြီးနှစ်ယောက် တိုက်ပွဲစတဲ့အချိန်မှာ ကိုရင်လေးက တည်းခိုဆောင်ထဲကနေ ချက်ချင်း ထွက်သွားခဲ့တယ်...။ သူက သူ့ရဲ့ဆရာနဲ့ ဆရာတူအစ်ကို ကို သွားရှာမယ်လို့ ပြောသွားတာပဲ ။ အဲဒီနောက်မှာတော့ သူလည်း သေမင်းပင်လယ် ကန္တာရထဲမှာ ပျောက်ကွယ်သွားတယ်... "
"ကျန်းဟွေက ငါ့ကို သွားရှာတာလား... "
မုန့်ချီ၏ရင်ထဲတွင် ရုတ်တရက် နွေးထွေးသွားသလို ခံစားလိုက်ရသည်။
သို့သော် ကျန်းဟွေက ယခုအချိန်ထိ ချီစွမ်းအင်များကို အောင်အောင်မြင်မြင် မလေ့ကျင့်ရသေးပေ။ ထို့ကြောင့် သေဆုံးခြင်းပင်လယ် ကန္တာရက သူ့အတွက် အလွန်အန္တရာယ်များ၏။ သူက လမ်းပျောက်သွားနိုင်မည်လော။
ကျန်းဟွေ၏ စိုးရိမ်မှုက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မုန့်ချီက သူ့အတွက် သူ စဉ်းစားရဦးမည်ဖြစ်ခြင်းကြောင့် ဖြစ်သည်။ သူ၏အခြေအနေက ပို၍ဆိုးရွားနေ၏။ သူကတော့ ခေါင်းဖြူလင်းတ၏ လက်ထဲမှာနေ၍ လွတ်မြောက်ရန် နည်းလမ်းတစ်ခုကို ပို၍စဉ်းစားသင့်သည်။
အန်ကုံရှဲ့က ကျိန်ဆဲလိုက်၏။
"အသုံးမကျတဲ့အရူး (၃) ကောင်..
ချီစုဆောင်းရေးအဆင့်တောင် မရောက်သေးတဲ့ကိုရင်လေးကို မဖမ်းနိုင်ကြဘူး... ။ မင်းတို့တွေက ဘိုးဘေးအပြစ်ပေးတာနဲ့ပဲ တန်တယ်... "
သူက မိုကီမိစ္ဆာခွင်းလက်သီးအကြောင်းကို ကြားခဲ့ဖူးသည်။ ထိုအရာက သေခြင်းရှင်ခြင်း လျှို့ဝှက်ချက်များ ရှိနေပြီး ထိုအရူး (၃) ကောင်ကို ခြောက်လှန့်ခဲ့သည့်အတွက် သူတို့က အဝေးတွင် ပုန်းနေခဲ့ခြင်း ဖြစ်နိုင်သည်။
တိုက်ပွဲအကြောင်းကို မေးခဲ့ပြီးနောက် အန်ကုံရှဲ့က မုန့်ချီ၏အင်္ကျီကိုဆွဲပြီး သေမင်းပင်လယ် ကန္တာရထဲကို ဦးတည်ထွက်ခွာလာခဲ့သည်။
ချူချမ်းနင်ကတော့ သူတို့ပျောက်ကွယ်သွားသောနေရာကို မော့ကြည့်လိုက်၏။ သူ မည်သည့်အရာများ စဉ်းစားနေကြောင်း မည်သူမှ မသိခဲ့ပေ။ ထို့နောက် သူမက အနက်ရောင် စာရွက်တစ်ရွက်ကိုယူပြီး စတင်ရေးသားလိုက်သည်။
"ငိုကြွေးခြင်းအကြီးအကဲက ရှောင်လင်က ရွှမ်ပိုင်နဲ့ တိုက်ခိုက်နေတာ အခုချိန်ထိ အဖြေမပေါ်သေးဘူး...။ သူတို့က သေမင်းပင်လယ်ထဲကို ဝင်သွားကြတယ်... ။ ရွှမ်ပိုင် ထိခိုက်ဒဏ်ရာရနိုင်ချေလည်း အရမ်းများတယ်...။ ရှုံးနိမ့်သွားမယ်ဆိုရင်လည်း ငိုကြွေးခြင်းအကြီးအကဲက ထွက်ပြေးသွားလိမ့်မယ်... ။ သူရှုံးရတဲ့ အကြောင်းပြချက်ကတော့ ပြိုင်ဘက်ရဲ့စွမ်းရည်ကို လျှော့တွက်မိလို့ပဲ ဖြစ်လိမ့်မယ်... ။ ဒါပေမယ့် ရွှမ်ပိုင်ရဲ့အမုန်းတရားတွေကတော့ သူ့အရိုးထဲမှာ စိမ့်နေခဲ့တာ...။ ရွှမ်ပိုင်ရဲ့ တပည့်နှစ်ယောက်ထဲမှာ တစ်ယောက်က ပျောက်နေပြီး တစ်ယောက်ကိုတော့ အန်ကုံရှဲ့က ဖမ်းထားတယ်...။ သူက ရွှမ်ပိုင်ကို ထောင်ချောက်ဆင်ဖို့ စဉ်းစားနေတာဖြစ်နိုင်တယ်... "
ထို့နောက် သူမက တံထွေးဆွတ်ပြီး စာအိတ်ကို ပိတ်လိုက်သည်။ သူမက သက်ပြင်းချလိုက်မိ၏။
"ကောင်းကင်ကြီးရဲ့အလိုဆန္ဒကို ထုတ်ဖော်ဖို့က တော်တော်လေးခက်တာပဲ…"
သူမကတော့ စာအိတ်၏အောက်ခြေတွင် နာမည်ပင် မရေးခဲ့ပေ။ ထို့နောက် စာကို သူမ၏အိတ်ကပ်ထဲတွင် သိမ်းလိုက်၏။
အန်ကုံရှဲ့က သေမင်းပင်လယ် ကန္တာရထဲတွင် ဆက်မနေချင်ခဲ့ပေ။ သူက ဟယ်လာကို မြန်မြန်ရောက်ချင်နေခဲ့၏။ ထို့ကြောင့် မုန့်ချီကို ဆွဲခေါ်ပြီး သွားနေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ၏စွမ်းအင်အရင်းအမြစ်က ထိခိုက်နေပြီး (၅၀) (၆၀) ရှာခိုင်နှုန်းခန့်သာ ပြန်ကောင်းနေသေးသည်။ သူကတော့ ဆက်တိုက်သွားလာ၍ မရနိုင်ပေ။
ညအချိန်ရောက်လာလျှင် အနားယူရန် လိုအပ်၏။ ထို့ကြောင့် သူက လေဒဏ်ခံနိုင်သော ကျောက်တုံးအနည်းငယ်ကိုရှာပြီး မီးမွှေး၍ အစားအသောက်တချို့ကို ချက်ပြုတ်လိုက်သည်။ ထို့နောက် ချီစွမ်းအင်များကို စတင်လှည့်ပတ်နေခဲ့၏။
ကန္တာရပိုးကောင်အသားကို စား၍ ရေသောက်လိုက်ပြီးနောက် မုန့်ချီ၏ စွမ်းအင်ကုန်ခမ်းမှုက အတော်လေး သက်သာသွားခဲ့သည်။ သို့သော် သူ့ခေါင်းထဲတွင်တော့ ပူလောင်နေသေးပြီး အလွန်အမင်း နေမကောင်း ဖြစ်နေသည့်အလား မူးဝေနေခဲ့သည်။
သို့သော် ယိကျင်းအရိုးအကြောပြောင်းကျမ်းကို လေ့ကျင့်ခဲ့ပြီးနောက် သူ၏ကုသမှုအရှိန်က အတော်လေးကို လျင်မြန်နေခဲ့သည်။ သူ၏ခန္ဓာကိုယ် ၊ အရိုးများနှင့် သွေးကြောများ အားလုံးကလည်း တိုးတက်လာခဲ့သည်။
ထို့ပြင် ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်လာပြီးနောက် အသည်း၏ လုပ်ဆောင်ချက်က ပို၍ကောင်းမွန်နေခဲ့၏။ ပိတ်ဆို့ခံရသော သွေးကြောမှတ်များကလည်း စတင်ပွင့်လာပြီး သူ၏ခန္ဓာကိုယ်ထဲတွင် ချီစွမ်းအင်များ စတင်စီးဆင်းနေသလို ခံစားနေရသည်။
သူက ချီစွမ်းအင်များကို ဖြည်းညင်းစွာ လှည့်ပတ်နေပြီး ပိတ်ဆို့ခံထားရသော သွေးကြောမှတ်များကိုဖွင့်ရန် ကြိုးစားနေခဲ့ပြီး သူက သွေးကြောပိတ်သည့်နည်းလမ်းကို သိနေခဲ့သည်။ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို လေ့ကျင့်ခဲ့သည့်အချိန်တွင် ထိုအရာကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေခဲ့၏။ သို့သော် အနည်းငယ်သာ ဖြစ်သည်။
ဤဖြစ်စဉ်အတောအတွင်း မုန့်ချီက အန်ကုံရှဲ့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့၏။ သူက ဆေးလုံးကို သောက်လိုက်ပြီးနောက် ပြန်လည်ကုသမှုကိုသာ အာရုံစိုက်နေခဲ့သည်။
မုန့်ချီ၏သွေးကြောများကလည်း ပိတ်နေသည်မှာ နေ့ဝက်ခန့် ရှိနေပြီ ဖြစ်၏။ ထို့ကြောင့် အလိုလို လျော့နေခဲ့သည်။ မုန့်ချီက တွန်းအားပေးလိုက်သည့်အချိန်တွင် သူတို့က တဖြည်းဖြည်း ပွင့်လာကြရလေ၏။
Translated by Hein Htet