← Chapters

စေ့စပ်ကြောင်းလမ်းခြင်း

Vol. 012 Ch. 1146

စေ့စပ်ကြောင်းလမ်းခြင်း

Vol. 012 Ch. 1146

ရီဖူရှင်း၏ မျက်လုံးများက ဖေးရွှီထံသို့ ရောက်လာသည်။ ဖေးရွှီကလည်း သူ့ကို ကြည့်နေကြောင်း ရီဖူရှင်း သတိပြုမိ၏။

"ငါ အဖေ့ကို ဘာမှ မပြောပြထားဘူး" ဖေးရွှီက စိတ်ဖြင့် ရီဖူရှင်းကို ပြောသည်။ သူမ၏အသံတွင် အပျော်များ စွက်နေကြောင်း ရီဖူရှင်း ပြောနိုင်၏။ နောက်ဆုံးတွင် သူမသည် တခြားသူများကဲ့သို့ သာမန်ဘဝဖြင့် နေထိုင်နိုင်ပြီ ဖြစ်သည်။

ယခုအချိန်မှစ၍ သူမက သူမအဖေကို အမြဲတမ်း အဖော်ပြုနိုင်ပြီ ဖြစ်ကာ အချိန်အကြာကြီး အိပ်စက်နေရန် မလိုအပ်တော့ပေ။

ရီဖူရှင်းလည်း ပြုံးသည်။ ဖေးရွှီက သူမ၏ အဖေကို ဘာမှမပြောပြသလို နန်းတွင်း အကြံပေးကလည်း ဘာမှမမေးပေ။ မနေ့က ဘာမှ မဖြစ်ခဲ့သည့်အတိုင်းပင် ဖြစ်၏။ စီနီယာအစ်ကိုများပင် ဘာဖြစ်ခဲ့သည်ကို သိဟန်မရကြ။

သို့သော်လည်း သူမက မပြောပြလျှင်ပင် နန်းတွင်းအကြံပေးသည် တစ်ခုခုကို ရိပ်မိပေလိမ့်မည်။ အနည်းဆုံးတော့ သတ္တမဓားသည် ဓားပညာ သီးသန့်လေ့ကျင့်သူ မဟုတ်ဟု သိရှိပေလိမ့်မည်။

သို့တိုင်အောင် နန်းတွင်း အကြံပေးက ဘာမှ မပြော။

“ကျေးဇူးပါ” ရီဖူရှင်းက ပြန်ပြောလိုက်သည်… “မင်း မျက်လုံးတွေက ကုလို့ရနိုင်လား”

“ငါ နင့်ကို ကျေးဇူးတင်သင့်တယ်" ဖေးရွှီက ပြောသည်… “ငါ့ခန္ဓာကိုယ်ထဲကို အဲဒီရတနာ ဝင်လာခဲ့ပြီး ကတည်းက သူ့ရဲ့ စွမ်းအားတွေကြောင့် ငါ့မျက်လုံးက ထိခိုက်ခဲ့ရတယ်။ အဲဒီကတည်းက ငါ့ မျက်လုံးဟာ ကွယ်သွားခဲ့ပြီးတော့ ကုသလို့လည်း မရနိုင်ဘူး။ ဒါပေမဲ့ အခု ပုံမှန်အတိုင်း နေနိုင်ပြီမို့လို့ တော်တော်လေး ပျော်စရာ ကောင်းနေပြီ။ ဒီထက်ပိုပြီး မမျှော်လင့်တော့ဘူး”

ကျင့်ကြံသူတစ်ယောက် အနေဖြင့် သူမသည် မမြင်နိုင်သော်လည်း လောကကြီးကိုတော့ သိရှိခံစားနိုင်သေးသည်။ သူမအတွက် လောကကြီးသည် အရောင်အဆင်း ကင်းမဲ့နေမည် ဖြစ်သော်လည်း သူမ၏ ဘဝကိုတော့ သက်ရောက်မှုများစွာ ရှိမည်မဟုတ်ပေ။

သူမ ရောင့်ရဲကျေနပ်နေပြီ ဖြစ်သည်။

နှမြောစရာကောင်းသည် တစ်ခုကား သူမ၏ မျက်လုံးများဖြင့် သတ္တမဓား၏ မျက်နှာကို မမြင်နိုင်ခြင်းပင်။

ရီဖူရှင်းက ဘာမှ မပြောတော့သော်လည်း စိတ်မကောင်းတော့ ဖြစ်မိပေသည်။

“အဲဒီရတနာကို ထုတ်ပြီးပြီလား” ရီဖူရှင်းက မေးသည်။

“မထုတ်ရသေးဘူး” ဖေးရွှီက ပြန်ဖြေသည် ... “ဒါပေမဲ့ အဲဒါက ငါ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်တော့ဘဲ သီးခြား တည်ရှိနေနိုင်ပြီ။ အဖေကလည်း အဲဒါကို ချိပ်ပိတ်ထားတယ်။ ပြီးပြည့်စုံတဲ့ ချိတ်စည်း မဟုတ်ပေမဲ့လည်း ငါ့ရဲ့ သွေးကြောတွေနဲ့ နှလုံးကို ဆက်စပ်မနေတော့လို့ ငါ့ကို ခံနိုင်ရည် မရှိစေလောက်တဲ့ အထိတော့ ဖြစ်မှာ မဟုတ်တော့ဘူး”

သူမက ဆက်ပြောသည် … “ငါ့ရဲ့ လက်ရှိအခြေအနေမှာ ကျင့်ကြံဖို့အတွက် ရတနာရဲ့စွမ်းရည်ကို နည်းနည်းချင်း အသုံးချလို့ရတယ်။ ပြီးတော့ ငါက ကျင့်ကြံနေရင်းနဲ့ အဲဒီချိတ်စည်းစွမ်းရည်တွေကို ဖြည်းဖြည်းချင်း ဖြည်ချပြီး အဲဒါနဲ့အတူ ကျင့်ကြံခြင်း အဆင့်ကလည်း ဖွံ့ဖြိုးတိုးတက် လာလိမ့်မယ်”

သည်ရလဒ်မျိုးကား သူမအတွက် အကောင်းဆုံးပင် ဖြစ်တော့၏။

ယခင်က ထိုရတနာသည် ဖေးရွှီ၏ သွေးကြောများနှင့် နှလုံးတွင် အကြွင်းမဲ့ ဆက်စပ်နေသဖြင့် သူမ၏ အသက်အတွက် ထိုအရာကို ချိတ်စည်းပြုလုပ်ကာ သူမကို အိပ်စက်နေစေသည်။ ရီဖူရှင်းက သူ၏ ကမ္ဘာ့သစ်ပင်စွမ်းအားနှင့် ရတနာကို ဖေးရွှီ၏ကိုယ်မှ ဖယ်ရှားရန် ကြိုးစားခဲ့ပြီးနောက် ရတနာသည် တသီးတခြား ဖြစ်သွားခဲ့ပြီဖြစ်သည်။

အမှန်တကယ်အားဖြင့် ရတနာသည် ဖေးရွှီ၏ခန္ဓာကိုယ်ထက် ရီဖူရှင်း၏ ကမ္ဘာသစ်ပင်ကို ပိုမိုခုံမင် တပ်မက်သော်ကြောင့်သာ အပြင်သို့ ထုတ်၍ ရခဲ့ခြင်းဖြစ်သည်။ ရီဖူရှင်းသည် ရတနာကို ယူသွား၍ ရ၏။

သို့သော်လည်း ရတနာသည် ဖေးရွှီ၏ပိုင်ဆိုင်မှုဖြစ်၏။ ထို့ကြောင့်ပင် ရီဖူရှင်းသည် ဖေးရွှီကိုယ်နှင့် ရတနာကို ခွဲထုတ်အပြီး နောက်ပိုင်း ကိစ္စရပ်များအား နန်းတွင်းအကြံပေး စီမံနိုင်ရန် ချန်ထားခဲ့ခြင်းဖြစ်သည်။

နန်းတွင်း အကြံပေးကလည်း ကောင်းကောင်း စီမံနိုင်ခဲ့ဟန်ရှိသည်။

“ဒီနေ့ကတော့ နှစ်ထပ်ကွမ်း ပျော်စရာပါပဲ” နန်ကျိုင်းက ရယ်မောရင်း ပြောသည်။

ဆရာက ဖေးရွှီကို ကုသပေးလိုက်နိုင်ပြီဖြစ်ကာ သူမ၏အခြေအနေကို နေ့စဉ်နေ့တိုင်း စိတ်ပူနေစရာ မလိုတော့ပေ။

ထို့အပြင် ဂျူနီယာညီလေး သတ္တမဓားကလည်း ဆရာ၏ပညာရှိကျမ်းကို သင်ယူရန် အခွင့်အရေး ရရှိခဲ့သည်။ ထိုကျင့်စဉ်မှာ ဆန်းကြယ်သည့် အသိပညာများ ပါဝင်၍ သဘာဝ၏ကံတရားကိုပင် ပြောင်းလဲနိုင်သည်။ နန်ကျိုင်းသည်တောင် အခန်းစဉ်တစ်ခုကိုသာ ကောင်းကောင်းမွန်မွန် ကျင့်ကြံနိုင်ပြီး အပြည့်အဝ နားလည် သဘောပေါက်ရန်ကား များစွာ လိုသေး၏။

“နှစ်သစ်ရဲ့ ပထမဆုံးနေ့က တကယ့်ကို ကံအကောင်းဆုံးပဲ” ရန်ယွင်က ပြုံးရင်းနှင့် ပြောလိုက်သည်။

အားလုံးက ဆရာနှင့် ဖေးရွှီအတွက် ဝမ်းသာနေကြသည်။

လုချွန်က ရီဖူရှင်းထံ တစ်ချက် လှမ်းကြည့်ကာ မနေ့က အဖြစ်အပျက်နှင့် ပတ်သက်၍ တစ်ခုခုကို တွေးတောနေသည်။

သို့သော်လည်း ခေါင်းယမ်းကာ အတွေးများကို ရှင်းလိုက်သည်။ မည်သို့ဖြစ်စေ သူ့ဆရာ၏ မျက်နှာထက်တွင် အပြုံးတို့ ဝေဆာ နေပေသည်။ သူ့ဆရာကား ဤသို့တစ်ခါမှ မပျော်ရွှင်ဖူးပေ။

သူ၏ အာဏာစက်က တာလီပြည်ထောင် တစ်ခုလုံးကို ပျံ့နှံ့နေသော်လည်း နန်းတွင်း အကြံပေး အတွက်တော့ အာဏာသည် တဒင်္ဂ တိမ်တိုက်သဖွယ် ဖြစ်သည်။ သူသည် မည်သည့်အခါကမှ ရာထူး၊ အာဏာ၊ စည်းစိမ်တို့နှင့် ပတ်သက်၍ လောဘမကြီးပေ။

“ဒီနေ့က နှစ်သစ်ရဲ့ ပထမဆုံးနေ့ဆိုတော့ တာလီပြည်ထောင် ညီလာခံ ရှိလိမ့်မယ်။ သတ္တမဓား … ငါနဲ့ လိုက်ချင်သလား” နန်းတွင်းအကြံပေးက ရီဖူရှင်းကို မေးသည်။ ရီဖူရှင်းသည် နန်းတွင်းအကြံပေး၏ တိုက်ရိုက်တပည့် ဖြစ်လာကတည်းက တာလီပြည်ထောင်တွင် သူသည်လည်း ရာထူး အဆင့်အတန်းတစ်ခု ရထားပြီး ဖြစ်ကာ အင်ပါယာလီကို သွားရောက် တွေ့ဆုံသင့်လေသည်။

“ဟုတ်ကဲ့… ဆရာ” ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။

“ဒါဆို သွားကြစို့” နန်းတွင်းအကြံပေးက ပြောလိုက်သည်။ သူက ဖေးရွှီအား လှည့်ကြည့်ကာ ပြုံးလျက်ပြောသည် ... “သမီးကတော့ အိမ်မှာပဲနေပြီး အနားယူလိုက်ဦး”

“ဟုတ်ကဲ့” ဖေးရွှီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

နန်းတွင်းအကြံပေးက ချစ်မြတ်နိုးစွာနှင့် သူမ၏ခေါင်းကို ဖွဖွလေး ပွတ်သပ်လိုက်သည်။ ထို့နောက် သူ့ဓားကို တာလီနန်းမြို့တော်သို့ ဦးတည်လိုက်ကာ တပည့်များနှင့်အတူ ထွက်သွားခဲ့၏။

အင်ပါယာလီရိပ်သာလမ်းတွင် နန်းတွင်းအကြံပေးတို့ သာမက တခြားသော နန်းတွင်းအမတ်များနှင့် အရာရှိ အရာခံများသည်လည်း အိမ်တော်ဝင်းအတွင်းမှ ထွက်လာကြကာ နန်းတော်သို့ ဦးတည်ပျံသန်း သွားခဲ့ကြသည်။

နှစ်သစ်တိုင်း၏ ပထမဆုံးနေ့တွင် တာလီပြည်ထောင်၏ အားလုံးသော မှူးမတ်အပေါင်းတို့သည် ညီလာခံသို့ လာရောက်ပြီး ဂါရဝပြုကြသည်။

ယနေ့တွင် ခမ်းနား ထည်ဝါလှသည့် တာလီတော်ဝင် နန်းတော်သို့ ကောင်းကင်မှနေ၍ တန်ခိုးရှင်များသည် သူတို့၏ ဓားများကို စီးနင်းကာ သွားနေကြ၏။ တာလီပြည်ထောင်၏ ထိပ်သီးပုဂ္ဂိုလ်များ အားလုံး ယနေ့တွင် အင်ပါယာလီကို သွားရောက် ဂါရဝပြုကြရပေသည်။

နန်းတွင်းအကြံပေးနှင့် သူ၏ တပည့်များမှာ ရောက်ရောက် လာသည်မှာ အနည်းငယ် နောက်ကျ၏။ သူတို့ ရောက်သွားသောအခါ နန်းတော်၌ လူများ စည်ကားနေပြီဖြစ်သည်။

သူတို့က နန်းတော်သို့ ရောက်သွားပြီး ဓားများကို သိမ်းလိုက်သည်နှင့် နန်းတော်အပြင်ရှိ လူအများအပြားတို့က နန်းတွင်းအကြံပေးထံသို့ လှည့်ကာ ဦးညွှတ်၍ နှုတ်ဆက် လိုက်ကြသည်။ "နန်းတွင်းအကြံပေးကို ကြိုဆိုပါတယ်"

နန်းတွင်းအကြံပေးက ခေါင်းညိတ်လိုက်ပြီး သူတို့က အရှေ့သို့ ဆက်လျှောက် လာကြသည်။ လမ်းတစ်လျှောက်တွင် လူများအားလုံးသည် နန်းတွင်းအကြံပေးကို မြင်သည်နှင့် ရပ်တန့်လိုက်ကြပြီး ဘေးသို့ဖယ်ကာ နန်းတွင်းအကြံပေးအား အရင်သွားစေ၍ သူတို့၏ လေးစားမှုကို ပြသကြသည်။

နန်းတွင်း အကြံပေး အပါအဝင် သူ၏တပည့်များသည် လူအများ၏အာရုံကို ဖမ်းစားထား၏။

ရန်ယွင်သည် နန်းတွင်းအကြံပေး၏ တပည့် ခေါင်းဆောင်ဖြစ်ကာ တာလီတွင် သူ၏ နာမည် ဂုဏ်သတင်းသည် အလွန်ကြီးမား၏။

မကြာသေးမီက သူသည် သူ၏ဂျူနီယာ နှစ်ယောက်ကို ခေါ်ဆောင်၍ မင်းသားကြီး အိမ်တော်သို့ ချိုးဖောက် ဝင်ရောက်ခဲ့သေးသည်။ ဘယ်လောက်တောင်မှ ရဲတင်းလိုက်သလဲ။

ထို့အတူပင် ရီဖူရှင်းသည်လည်း လူငယ်မျိုးဆက်များ အကြားတွင် လျှမ်းလျှမ်းတောက် ကျော်ကြားပေသည်။

အနောက်တောင်ကုန်းတွင် သူသည် လီကျွမ်းကို ဓားစာခံအဖြစ်ဖမ်းကာ သတ်ဖြတ်ခဲ့၏။ သူ၏ရဲတင်းသော စိတ်ဓာတ်နှင့် မောက်မာမှုမှာ ပြိုင်စံရှားသည်။

ရီဖူရှင်းအတွက် တာလီတော်ဝင် နန်းတော်သို့ လာရောက်ခြင်းမှာ သည်တစ်ခေါက်ဖြင့် ဆိုပါက ဒုတိယအကြိမ် ဖြစ်သည်။ ယခင် တစ်ကြိမ် ရီဖူရှင်းသည် လီယောင်နှင့် တွေ့ဆုံစဉ်က လွတ်လပ် ပေါ့ပါးသယောင်ရှိကာ ယနေ့တွင် အခြေအနေသည် သိသိသာသာပင် ငြိမ်သက်ကာ တင်းမာနေ၏။

ထိုနေ့က လူငယ်မျိုးဆက်များကြား တွေ့ဆုံပွဲ ဖြစ်သော်လည်း ဒီတစ်ကြိမ်ကတော့ တာလီနန်းတွင်းအရာရှိများ အားလုံး တက်ရောက်ကာ ဂါရဝပြုရသည့် ပွဲ ဖြစ်လေသည်။

ထက်မြက်သည့် အစွယ်နှင့် လက်သည်းများကို လှစ်ဟပြထားသည့် ရွှေရောင်အဆင်းဖြင့် နဂါးသဏ္ဌာန်ရုပ်တုများမှာ လျှောက်လမ်း တစ်ဖက်တစ်ချက်စီတွင် တာလီပြည်ထောင်၏ အမှတ်သညာများသဖွယ် ရှိနေပြီး သူတို့၏နောက်တွင်ကား ရွှေရောင်နတ်နဂါး တစ်ကောင်စီ ရစ်ခွေထားသည့် တိုင်လုံးများ ရှိနေသည်။

အရှေ့တွင် ရှိနေသော မြင့်မားသည့် လှေကားထစ်များမှာ တိမ်စိုင်ပေါ်တွင် ခမ်းနားသော နန်းတော် တည်ဆောက်ထားသည့်အလား ထောက်ကန် ထားကြ၏။

များပြားလှသည့် တော်ဝင် မိသားစုဝင်များမှာ တစ်ဖက်တစ်ချက်စီတွင် ရပ်ကာ သူတို့သည် နန်းတွင်းအကြံပေးကို အေးစက်သော မျက်လုံးများဖြင့် ကြည့်နေလေသည်။

သည်မတိုင်ခင် ဖြစ်ခဲ့သည့် ကိစ္စ၌ သူတို့သည် နန်းတွင်းအကြံပေး အိမ်တော်၏ အင်အားကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ကြရသည်။

မင်းသားကြီး၏ မျိုးဆက်သွေးသားကို ရီဖူရှင်းက သတ်ဖြတ်ခဲ့ပြီး နောက်တွင်ပင် ရန်ယွင်သည် လီစုအား ရိုက်နှက်ကာ သူ့ကို ခေါ်ထုတ်သွားခဲ့၏။ သူတို့က ဒေါသထွက်လျှင်ပင် မည်သို့မှ မတတ်နိုင်ခဲ့။

မည်သို့ဆိုစေ နန်းတွင်းအကြံပေးက သူတို့အနီးမှ ဖြတ်လျှောက် သွားသောအခါ သူတို့သည် ခေါင်းများကိုသာ ငုံ့ထားကြပြီး ဘယ်သူမှ မျက်လုံးချင်းဆုံအောင် မကြည့်ရဲကြပေ။

နန်းတွင်းအကြံပေးကို ထားဦး၊ သူ၏ အနောက်တွင် ရပ်နေသည့် တပည့်ရန်ယွင်နှင့်ပင် လက်ရှိအချိန်၌ နှိုင်းယှဉ်နိုင်သူ လက်ချိုးရေ၍ ရနေသည်။

“နန်းတွင်းအကြံပေး” လူအများက သူ့ကို အရိုအသေပေး၍ နှုတ်ဆက်လိုက်သည်။

လူအများက ရှေ့ဆုံးတွင် ရပ်နေသည့် မင်းသားကြီးထံသို့ လှမ်းကြည့် လိုက်ကြသည်။ လီစုအပါအဝင် မင်းသားကြီး အိမ်တော်မှ လူများသည်  မင်းသားကြီး၏ အနောက်၌ ရပ်နေကြ၏။

နန်းတွင်းအကြံပေး ရောက်ရှိလာသည်ကို သတိပြုမိသည်နှင့် မင်းသားကြီးသည် သူ့ဘက်ကို လှည့်ကာ ကြည့်လိုက်သည်။ သူက ပြုံးလိုက်ပြီး အာဃာတ တစ်စွန်းတစ်စမျှ မပါသော မျက်နှာထားဖြင့် [လက်သီးဆုပ်ပေါ်၌ လက်ဝါးထပ်အုပ်ရင်း] နှုတ်ဆက်လိုက်သည်… “နန်းတွင်းအကြံပေး”

နန်းတွင်းအကြံပေးက ရပ်လိုက်ကာ အပြန်အလှန်ပင် နှုတ်ဆက်လိုက်သည် … “အရှင်မင်းသား”

ထို့နောက် သူတို့သည် လူအုပ်ကြီး၏ရှေ့ဆုံး၌ပင် ပခုံးချင်းယှဉ်၍ ရပ်နေကြသည်။

ရန်ယွင်နှင့် အခြားသူများက နန်းတွင်းအကြံပေးနှင် သိပ်မဝေးသော လူအုပ်တစ်နေရာတွင် ရပ်လိုက်ကြသည်။

အရှေ့တွင် ဘေးတစ်ဖက် တစ်ချက်ဆီမှ မင်းသားများ ရောက်လာကာ မင်းသားကြီးနှင့် နန်းတွင်းအကြံပေးကို ဂါရဝပြုလိုက်ကြသည်။ လီယောင်လည်း သူတို့အထဲ၌ ပါဝင်၏။ သူက လူအုပ်ထဲသို့ ကြည့်လိုက်ပြီး ရီဖူရှင်းကို မြင်သောအခါ ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်။

ရီဖူရှင်းကလည်း အပြန်အလှန်အနေနှင့် ခေါင်းညိတ်ပြ၏။

ထိုအချိန်တွင် နောက်ထပ် လူတစ်စု ရောက်လာသည်။

ထိုလူစုတွင် ခေါင်းဆောင်လာသည့် နှစ်ယောက်အနက်မှ တစ်ယောက်မှာ တတိယမင်းသား ဖြစ်သည်။ အခြား တစ်ယောက်မှာလည်း အထက်စီးဆန်သော အပြုအမူနှင့် ဟိတ်ဟန်ကြီးမားသည့် သွင်ပြင်ကို ပိုင်ဆိုင်ထားသည်။ သူက လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ အများစုမှာ သူ့ကို မျက်နှာချင်းဆိုင်ရန် မဝံ့ရဲစွာ ခေါင်းများကို ငုံ့ထားလိုက်ကြသည်။

သူက မင်းသားကြီးထံသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ လက်သီးဆုပ်လျက် အရိုအသေပေးလိုက်သည် …“ဦးရီးတော်”

မင်းသားကြီးက ပြုံးလျက် မေးလိုက်သည် ... “အနောက်ဘက်ဒေသကနေ ဒီကို လာဖို့ အချိန်ရှိတာပဲလား”

၎င်းပုဂ္ဂိုလ်မှာ ဘုရင်လေးပါးထဲမှ ဘုရင်ထန်တောက် ဖြစ်ပေသည်။

“ကျွန်တော်မျိုးမှာ အရှင်မင်းကြီးဆီ အစီရင်ခံရမယ့် အရေးကြီးကိစ္စရှိလို့ပါ” ထန်တောက်က ရယ်ရင်းမောရင်း ပြောလိုက်သည်။

သူ့မျက်လုံးများက အခြားလူတွေအပေါ် ဝေ့ဝဲသွားပြီးနောက် နန်းတွင်းအကြံပေးထံ၌ ရပ်တန့်သွားကာ ပြောလိုက်သည်… “နန်းတွင်း အကြံပေးလည်း ဒီရောက်နေတာပဲ”

“အင်း” နန်းတွင်းအကြံပေး ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်၏။

ဘုရင်ထန်တောက်ကလည်း အရှေ့ဆုံးတွင်ပင် သူတို့၏ဘေး၌ ဝင်ရပ်သည်။ အတန်ကြာလျှင် ဘုရင်ခံပိုင်လည်း ရောက်ရှိလာသည်။

တာလီပြည်ထောင်၏ အကြံပေး တစ်ယောက်နှင့် ဘုရင်လေးပါးထဲတွင် ဘုရင်ခံလီမှ လွဲ၍ အကုန်ရောက်ရှိနေပြီ ဖြစ်၏။ ဘုရင်ခံလီမှာ အောက်ဘုံမှ အရေးကိစ္စများနှင့် ရှုပ်နေတတ်ပြီး တော်ရုံနှင့် ထွက်မလာတတ်ပေ။

ရုတ်တရက် လူအုပ်ကြီးသည် ငြိမ်သက်သွား၏။ လှေကားပေါ်၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်နှင့် လူတိုင်းက သူ့အား အရိုအသေပြုရန် အသင့်အနေအထား ပြင်လိုက်ကြသည်။

ဤခမ်းနားထည်ဝါသည့် နန်းတော်အတွင်းတွင် သူတစ်ဦးတည်းသာ အနန္တဘုန်းတန်ခိုးနှင့် ပြည့်စုံသော နတ်ဘုရားတစ်ပါးအလား ထည်ဝါခန့်ညားစွာ ရပ်နေသည်။

“အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်” လူတိုင်းက ဦးညွှတ် အရိုအသေပြုရင်း ပြောလိုက်သည်။ နန်းတော်၏ အထွက်အမြတ် ရင်ပြင်ထက်တွင် ရပ်နေသည့်သူမှာ တာလီပြည်ထောင်၏ အရှင်သခင် အင်ပါယာလီပင် ဖြစ်တော့၏။

“လွတ်လွတ်လပ်လပ် နေကြပါ” အင်ပါယာလီက ပြောလိုက်သည် … “တစ်နှစ်ကုန်သွားပြီးတော့ မင်းတို့ အားလုံးကို ကောင်းကောင်းမွန်မွန်နဲ့ တွေ့ခွင့်ရတာ ကျုပ် ဝမ်းသာတယ်”

“နန်းတွင်းအကြံပေးက တရားရေးရာ အုပ်ချုပ်တယ်။ ဘုရင်ထန်တောက်က နယ်စပ်ကို ကာကွယ်တယ်။ မင်းသားကြီးနဲ့ ဘုရင်ခံပိုင်ကလည်း အလားတူပဲ အားဖြည့်ပေးတယ်။ ကျုပ်တို့ တာလီပြည်ကြီး အောင်မြင် တိုးတက်နေတာ အံ့သြစရာ မဟုတ်တော့ပါဘူး” မှူးမတ်များက ပြုံးရင်း ပြောလိုက်ကြသည်။

“နန်းတွင်းအကြံပေး၊ မင်းသားကြီး၊ ဘုရင်ထန်တောက်နဲ့ ဘုရင်ခံပိုင် ... မင်းတို့အားလုံးရဲ့ ကြိုးစား အားထုတ်ပေးမှုကို ကျုပ် ကျေးဇူးတင်တယ်” အင်ပါယာလီက ပြောလိုက်သည်။

နန်းတွင်းအကြံပေးနှင့် ဘုရင်သုံးပါးမှာ သူတို့၏ ကျေးဇူးတင်ရှိမှုကို ဦးညွှတ် အရိုအသေပေးရင်း ဖော်ပြလိုက်ကြသည်။

“နန်းတွင်းအကြံပေး ... ကျုပ်ကြားတာတော့ ဘုရင်ထန်တောက်ရဲ့ မွေးစားသား တိဟောက်ကိုတောင် ရှုံးနိမ့်စေခဲ့တဲ့ ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ကို မင်းက တပည့်အဖြစ် လက်ခံထားတယ်ဆို။ သူရော မင်းနဲ့ အတူပါလာတာလား” အင်ပါယာလီက နန်းတွင်းအကြံပေးကို ကြည့်ကာ မေးလိုက်သည်။

နန်းတွင်းအကြံပေးက ခေါင်းညိတ်လိုက်ကာ သူ့နောက်မှ လူအုပ်ထံသို့ လှည့်လျက် ခေါ်လိုက်သည်… “သတ္တမဓား”

ရီဖူရှင်းက ရှေ့သို့ လျှောက်သွားကာ အင်ပါယာလီကို အရိုအသေပြုရင်း ပြောလိုက်သည်… “သတ္တမဓားက အရှင်မင်းကြီးကို တွေ့ဆုံ နှုတ်ဆက်ပါတယ်”

“ခေါင်းမော့လိုက်ပါ” အင်ပါယာလီက  ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်၏။

“သူ့ရဲ့ စရိုက်သဘာဝကတော့ တကယ့်ကို ထူးခြား ကောင်းမွန်လှတယ်” အင်ပါယာလီက ရီဖူရှင်းကို ကြည့်ကာ ခေါင်းညိတ် ရယ်မောလျက် ပြောသည်။

“အရင်တုန်းက နန်းတွင်းအကြံပေးရဲ့ တပည့် (ယွမ်ကျင်း)က စစ်မြေပြင်မှာ ကျဆုံးသွားခဲ့တယ်။ အခုတော့ တပည့်အသစ် ထပ်ရလိုက်တာကို ကျုပ် ဝမ်းမြောက်မိပါတယ်။ ကျုပ်ရဲ့သမီးတော်လေး လီရှောင်က ကလေးဆန်ပေမဲ့ လက်ထပ်ရမယ့် အသက်အရွယ် ရောက်နေပြီ။ နန်းတွင်းအကြံပေး ... ကျုပ် သူမကို သတ္တမဓားနဲ့ လက်ဆက်ပေးမယ်ဆိုရင် ဘယ်လိုထင်လဲ”

မရေမတွက်နိုင်သော လူများမှာ အင်ပါယာလီ၏ စကားကြောင့် ထိတ်လန့် ကုန်ကြသည်။

သတ္တမဓားက မင်းသားကြီးကို ဆန့်ကျင်ပြီး လီကျွမ်းကို သတ်ပစ်ခဲ့သည်။

ယခု အင်ပါယာက သူ့သမီးကို ရီဖူရှင်းနှင့် စေ့စပ်ကြောင်းလမ်းရန် ပြုလုပ်နေသည်။

ဒါက…

***

All Chapters