လိုက်ပါစောင့်ရှောက်ခြင်း
Vol. 012 Ch. 1150
ရီဖူရှင်း တော်ဝင်အကြံပေး အိမ်တော်မှ လမ်းလျှောက် ထွက်လာခဲ့သည်။ ဖေးရွှီက မမြင်နိုင်သော်လည်း သူမ၏မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခုကို ဆင်မြန်းထားကာ ရီဖူရှင်းကို ကြည့်နေခဲ့၏။
အရာအားလုံးက အဆင်ပြေ သွားပေလိမ့်မည်။
ရီဖူရှင်း အပြင်ထွက်သည်နှင့် တစ်ပြိုင်နက် တော်ဝင်အကြံပေး အိမ်တော်သို့ လာနေသည့် လီယောင်တို့အုပ်စုအား တွေ့လိုက်ရ၏။
လီယောင်က ရီဖူရှင်းကို မြင်သည်နှင့် ရပ်တန့်ကာ နှုတ်ဆက်သည်… “သတ္တမဓား”
“အရှင်မင်းသား” ရီဖူရှင်းကလည်း ရပ်တန့်ကာ နှုတ်ဆက်၏။
“ဘယ်သွားမလို့လဲ” လီယောင်က မေးလိုက်၏။
“ကျုပ်ရဲ့ ကျင့်ကြံမှုက အဆင့်တက်လုနီးပါး ဖြစ်နေပြီလေ။ အဲဒါကြောင့် အပြင်လောကကို သွားပြီး ဓားစွမ်းရည် တိုးတက်လာအောင် အတွေ့အကြုံ ယူမလားလို့ တွေးနေတာ။ မကြာခင် ကျုပ်က ရှန့်ထိုအဆင့်သို့ ဝင်ရောက်နိုင်ဖို့ မျှော်လင့်တယ်” ရီဖူရှင်းက ပြန်ဖြေလိုက်၏။
လီယောင်က ပြုံးကာ ခေါင်းညိတ်ပြီး ပြောသည်… “မင်း ပြန်လာတဲ့ အချိန်ကျရင် ပြိုင်ဘက်ကင်း ဓားစွမ်းရည်နဲ့ ကျုပ်တို့ တာလီကို ပိုပြီးတော့ ထွန်းတောက် လာမှာပဲ”
ရီဖူရှင်းက ဘာတုံ့ပြန်မှုမှ မပေးပေ။ ထို့နောက် သူက ပြောလိုက်သည်… “အရှင်မင်းသား ... ကျုပ် သွားသင့်ပြီ”
“ကောင်းပြီ” လီယောင်က ခေါင်းညိတ်ကာ ပြောသည် … “ကျုပ်မှာ ဆရာနဲ့ ပြောစရာ ကိစ္စလေးရှိနေလို့ လိုက်မပို့ပေး နိုင်တော့တာ အားနာပါတယ်”
ရီဖူရှင်းနှင့် လီယောင်က ဆန့်ကျင်ဘက် လမ်းကြောင်းများသို့ အသီးသီး လျှောက်သွားကြသည်။ လီယောင်က တော်ဝင်အကြံပေး အိမ်တော်သို့ ဦးတည်နေသလို ရီဖူရှင်းကလည်း ဘုရင်ခံလီ၏ အိမ်တော်သို့ သွားခဲ့သည်။
တော်ဝင်အကြံပေး အိမ်တော်၏ အပြင်ဘက်တွင်တော့ လီယောင်တို့အဖွဲ့က လာရောက် တွေ့ခွင့် တောင်းခံကြသည်။ မကြာမီ သူတို့အား အထဲသို့ ဖိတ်ခေါ်ခံရ၏။ လီယောင်က တော်ဝင်အကြံပေး၏ အရှေ့၌ ဦးညွှတ် နှုတ်ဆက်သည်… “ဆရာ…”
“အရှင်မင်းသား…” တော်ဝင်အကြံပေးက ခေါင်းညိတ်ကာ ထိုင်နေရာမှ ပြန်နှုတ်ဆက်သည်။
“သတ္တမဓားက ရှန့်ထိုအဆင့်ကို ဝင်ရောက်တော့မှာလား” လီယောင်က အပြုံးဖြင့် မေးလိုက်၏။
“ဟုတ်တယ် ... သူ ရောက်တော့မယ်” တော်ဝင်အကြံပေးက ခေါင်းညိတ်ရင်း ပြောသည်။
“သတ္တမဓားရဲ့ ပါရမီက တာလီသမိုင်းမှာ နှစ်တစ်ရာနေမှ တစ်ခါ ပေါ်ပေါက်နိုင်တဲ့ ပါရမီရှင်ပါပဲ။ သူသာ ရှန့်ထိုအဆင့် ရောက်သွားပြီးရင် ဘယ်လောက်တောင် ထူးချွန်လာမလဲ တွေးတောင် မကြည့်နိုင်ဘူး” လီယောင်က ရယ်မောရင်း ပြောလိုက်၏။
တော်ဝင်အကြံပေးက ခေါင်းညိတ်ပြီး မေးသည်… “ဒီနေ့ အရှင့်သားအတွက် တစ်ခုခု လုပ်ပေးစရာများ ရှိနေလို့လား”
“ဟုတ်ပါတယ်…” လီယောင်ဟာ တော်ဝင်အကြံပေး၏ အမေးစကားကို ကြားပြီးနောက်တွင် လေးနက်သည့် အမူအရာဖြင့် ပြောသည်… “ကျွန်တော် ရထားတဲ့ သတင်းအရ နတ္ထိဘုံတိုက်ပွဲမှာတုန်းက အစ်ကိုတော်ယွင်ကျင်းကို သတ်လိုက်တဲ့လူဟာ အခု အင်ပါယာလီဘုံကို ရောက်နေတယ်တဲ့။ ဒီတိုင်းပြည်အတွင်းမှာ လူတစ်ယောက်ကို ရှာရမှာ ခက်ခဲမယ်ဆိုတာ သေချာသလောက်ပဲ။ ဒါပေမဲ့ သတင်းတစ်ခု ထပ်ရတယ်။ သူက အောက်ဘုံကနေ ပြန်လိမ့်မယ်။ ဒါကြောင့် စီနီယာအစ်ကိုတွေ ကျွန်တော်နဲ့အတူ အောက်ဘုံကို လိုက်ပေးနိုင်မလားလို့ ဆရာ့ဆီ လာမေးတာပါ”
တော်ဝင်အကြံပေးက လီယောင်ကို ကြည့်ကာ ပြောသည်… “စစ်ပွဲအတွင်းမှာ လူတွေ သေတယ်ဆိုတာ ထုံးစံပဲ။ ယွင်ကျင်းရဲ့ ကံကြမ္မာက စစ်မြေပြင်မှာ အဆုံးသတ်ဖို့ ပါလာခဲ့တယ်။ အဲဒါကို စိတ်ထဲ အရမ်းကြီး မထားပါနဲ့ အရှင်မင်းသား”
လီယောင်က ခေါင်းညိတ်လိုက် သော်လည်း တကယ်တမ်းတော့ လွှတ်ပေးရန် ဆန္ဒမရှိပေ။
ရီဖူရှင်းသည် အနာဂတ်တွင် ကြီးမားသော ဘေးအန္တရာယ် အားပေးနိုင်လိမ့်မည်။
ထိုနှစ်က ပြည်နယ်ကိုးခုတွင် လီယောင်သည် တစ်ဖက်လူများအား အထင်သေးကာ သူတို့အား ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ သူ အသာအယာ နင်းချေနိုင်မည်ဟု ထင်ထားခဲ့၏။ သို့သော် ရီဖူရှင်းသည် သူ့အား အပြတ်အသတ် ရှုံးနိမ့်စေခဲ့သည့်အပြင် မိမိမှာလည်း အသက်ပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရ၏။
ယွင်ကျင်းသည် ရှန့်ထိုအဆင့်သို့ ဝင်ရောက်ပြီး ဖြစ်ကာ သူတို့ဘက်တွင် ပါရမီအမြင့်ဆုံး ဖြစ်၏။ သို့သော် သူသည်လည်း ရှုံးနိမ့်ကာ အသတ်ခံခဲ့ရ၏။ ရီဖူရှင်းသာ ပို၍ စွမ်းအား ကြီးလာပါက သူသည် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မည်။ ပြိုင်ဘက်တစ်ယောက် အနေဖြင့် ဆိုလျှင် ရီဖူရှင်းသည် သတ္တမဓားကဲ့သို့ပင် အလွန် ပါရမီရှိသူတစ်ဦး ဖြစ်ကြောင်း ဝန်ခံရလိမ့်မည်။
စိတ်ထဲမှ ထိုအတွေးများနှင့်ပင် လီယောင် တော်ဝင်အကြံပေးကို ဦးညွှတ်ကာ ပြန်ရန် ခွင့်တောင်းသည်။
သူက လှည့်ထွက်ကာ ပြန်မည် ပြုသည်။ လမ်းအနည်းငယ် လျှောက်ပြီးသည့် နောက်တွင် အတွေးတစ်ခုက လျှပ်စီးလက်သကဲ့သို့ သူ့စိတ်ထဲသို့ ရိုက်ခတ်လာ၏။ သူက စက္ကန့် အနည်းငယ်မျှ ကျောက်ရုပ်သဖွယ် တောင့်တင်း သွားခဲ့သည်။ သူ့မျက်နှာက ဖြူဖျော့လာပြီး သူ့နှလုံးခုန်သံက မြန်သထက် မြန်လာခဲ့၏။
“မဟုတ်ဘူး ... မဖြစ်နိုင်ပါဘူး ...” လီယောင်၏ နှလုံးသားက တင်းကျပ်ကာ ဆုပ်ဆွဲခံထားရသလို ခံစားလာရ၏။ သူက ဖြစ်ပေါ်လာသည့် အတွေးများကို ငြင်းပယ်ရန် ကြိုးစားသော်လည်း သူ့စိတ်ထဲမှ ဖျောက်ဖျက်ပစ်၍ မရချေ။
ရီဖူရှင်း နှင့် သတ္တမဓား…
သူတို့ နှစ်ယောက်လုံးသည် မြင်တွေ့ရခဲသည့် ပါရမီရှင်များ ဖြစ်သည်။ နှစ်ယောက်လုံးသည် ရှန့်ထိုအဆင့်၏ တိုက်ခိုက်မှုကို ပြန်လည် ခုခံနိုင်စွမ်း ရှိကြ၏။ ရီဖူရှင်းက တာလီသို့ ရောက်လာ ကတည်းက အကြောင်း တစ်ခုခုကြောင့် မပြန်နိုင်ဖြစ်နေခဲ့ပြီး တစ်ချိန်တည်းတွင် အောက်ဘုံမှ ရောက်လာသည့် သတ္တမဓားသည် တာလီတွင် လျင်မြန်စွာ ကျော်ကြား လာခဲ့သည်။
ရီဖူရှင်းက တာလီမှ ထွက်ခွာတော့မည် ဖြစ်ကြောင်း သူသတင်းရခဲ့ပြီး တစ်ချိန်တည်းတွင် သတ္တမဓားက အပြင်လောကသို့ ထွက်ပြီး ကျင့်ကြံမည် ဆိုခြင်းက ...။
ဘာလို့ သည်အချိန်တွင်မှ အပြင်ထွက်ရန် ရွေးချယ်ခဲ့ရသနည်း။
လီယောင်က သူတို့နှစ်ယောက်ကို တစ်ကြိမ်တစ်ခါကမှ တစ်ယောက်တည်းဟု မတွေးဖူးသော်လည်း ရုတ်တရက် သတ္တမဓားက အပြင်ထွက် ကျင့်ကြံမည့် အကြောင်းကို ပြောသွားပြီးနောက်တွင် သူသည် တော်ဝင်အကြံပေးနှင့် စကားပြောဆိုပြီးသည့် အချိန်၌ ရီဖူရှင်းနှင့် သတ္တမဓားတို့၏ ဆက်စပ်မှုက ရုတ်တရက်ကြီး သူ့စိတ်ထဲသို့ ဝင်ရောက်လာသည်။
သူ့နှလုံးသားက လေးလံ တုန်ယင်နေခဲ့သည်။
“ဆရာ ... သတ္တမဓားက ဘယ်ကို ဦးတည် သွားတာလဲ” လီယောင်က ရုတ်တရက် ပြန်လှည့်ကာ မေးသည်။ သူက ဇဝေဇဝါဖြစ်မှုကြောင့် တော်ဝင် အကြံပေးထံမှ အတည်ပြုချက် လိုအပ်နေ၏။
“မသိဘူး ... သူက ဘယ်နေရာဖြစ်ဖြစ် သွားမယ် ပြောတယ်” တော်ဝင်အကြံပေးက ပြောသည်။
“ကျွန်တော်က သတ္တမဓား ကျင့်ကြံဖို့အတွက် စစ်တပ်သို့ ခေါ်သွားချင်တယ်။ ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ ဆရာ” လီယောင် ဦးညွှတ်ကာ ပြောသည်။ ဖေးရွှီက တစ်ခုခုကို ခံစားမိလိုက်ကာ သူမမျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ သူမက သူမအဖေထံ လှမ်းကြည့်လိုက်၏။ တော်ဝင်အကြံပေးက ပြောသည်… “အရှင်မင်းသား ... ကျင့်ကြံခြင်းဆိုတာက ကိုယ့်နှလုံးသား ဆန္ဒနောက်ကိုပဲ လိုက်သင့်တယ်။ သတ္တမဓားက အပြင်လောကတွင် ကျင့်ကြံချင်တယ် ဆိုကတည်းက သူ့ဆန္ဒအတိုင်း သွားပါစေလေ”
လီယောင်က တော်ဝင်အကြံပေးကို ကြည့်ကာ ဦးညွှတ်လျက် ပြောသည်… “ဟုတ်ကဲ့ပါ ... ဆရာ”
သူက တော်ဝင်အကြံပေး အိမ်တော်မှ ခေါင်းငိုက်စိုက်ဖြင့် ထွက်လာခဲ့၏။
သူက သိပ်မသေချာသေးရာ မည်သူ့ကိုမှ ထုတ်ဖော်ပြောဆိုခြင်း မပြုရဲသေးပေ။ သူသာ မှားယွင်း စွပ်စွဲမိခဲ့ပါကလည်း အကျိုးဆက်မှာ ကောင်းမွန်မည် မဟုတ်ပေ။
သို့သော် သူ၏ခန့်မှန်းချက်မှန်လျင် သတ္တမဓားသည် အောက်ဘုံသို့ ကျိန်းသေ သွားလိမ့်မည်။ တာလီနန်းမြို့တော်တွင် အောက်ဘုံသို့ သွားနိုင်မည့် အကောင်းဆုံးလမ်းမှာ ဘုရင်ခံလီ၏ နန်းတော်ပင် ဖြစ်သည်။
“သွားစို့” လီယောင်က သူ၏လူများနှင့်အတူ ဘုရင်ခံလီ၏ နန်းတော်သို့ ဦးတည်လိုက်သည်။
“အဖေ ... အရှင်မင်းသားဆီက လူသတ်လိုတဲ့ စိတ်ဆန္ဒ ရှိနေတာကို သမီး ခံစားမိလိုက်တယ်” ဖေးရွှီက သူမ၏ အဖေကို ပြောသည်။ သူမ၏ မျက်နှာက ဖြူရော်နေ၏။
တော်ဝင်အကြံပေးက အဝေးကို ကြည့်ရင်း သက်ပြင်းရှည်တစ်ချက် ချလိုက်တော့သည်။ သတ္တမဓား အဘယ်ကြောင့် ထွက်သွားလိုသည်ကို နောက်ဆုံးတွင် သူ နားလည်သွားပြီဖြစ်၏။
သူသာ ထွက်မသွားခဲ့လျင် လီယောင်က သတိပြုမိမည် မဟုတ်ပေ။
သို့သော် သူ ထွက်မသွားခဲ့ပါကလည်း မည်သို့သော အဆုံးသတ်မျိုးက သူ့အား စောင့်ကြိုနေမည်နည်း။ သတ္တမဓားသည် သူ၏ ပါရမီနှင် စရိုက် သဘာဝဖြင့်ဆိုပါက တာလီမှာ ဆက်ပြီး ကျင့်ကြံနေလျှင် မည်သို့ ဖြစ်လာမည်နည်း။
သတ္တမဓား မရောက်မှီက ဝမ်ကျုံးသည်လည်း တော်ဝင်အကြံပေး၏ အနီးတွင် ကျင့်ကြံခဲ့သော်လည်း ခေါင်းမာသည့် စရိုက်ရှိသော ဝမ်ကျုံးသည် သူ့ကို မုန်းတီးခြင်းအား မစွန့်လွှတ်နိုင်ခဲ့ပေ။
သို့သော် တစ်ခုခုကို မလွှတ်တမ်း ဆုပ်ကိုင်ထားသည်နှင့် နှိုင်းယှဉ်ရသော် စွန့်လွှတ်လိုက်ရန်က ပို၍ ခက်ခဲပေသည်။
သတ္တမဓားက စွန့်လွှတ်ရန် ရွေးချယ်ခဲ့သည်။
တော်ဝင်အကြံပေးသည် ရှန့်ထို အထွတ်အထိပ် အဆင့်တွင် သူ၏ တပည့်ငယ်လေးဆီမှ များစွာ သင်ယူ ရရှိနိုင်ခဲ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သတ္တမဓား၏ စရိုက်သဘာဝအရ သူသည် အနာဂတ်၌ အောင်မြင်မှု ရရှိမည်ဟု တော်ဝင်အကြံပေးက ယုံကြည်ပေသည်။
ထိုသို့ အတွေးဝင်လာသည်နှင့် တော်ဝင် အကြံပေးသည် သူ၏ရှန့်ထို အထွတ်အထိပ်အဆင့် စိတ်အသိကို အဝေးသို့ ထုတ်လွှတ်သည်။ ထိုစိတ်အသိသည် တာလီကျောင်းတော်သို့ ရောက်ရှိသွားခဲ့သည်။
ကျောင်းတော်မှ ရန်ယွင်သည် ထိုအရာကို ခံစားမိသည်။ သူက ခေါင်းကို မော့ကာ နှုတ်ဆက်သည်… “ဆရာ”
“ရန်ယွင်” တော်ဝင်အကြံပေး၏ အသံက ရန်ယွင်၏စိတ်ထဲသို့ ရောက်ရှိလာသည်… “ဘုရင်လီ နန်းတော်ကနေ ထွက်သွားတော့မယ့် မင်းရဲ့ ညီငယ်လေး သတ္တမဓားကို လိုက်ပို့လိုက်ပါ”
“သူက ဘယ်ကို သွားမှာလဲ” ရန်ယွင်က မေးသည်။
“ပြည်နယ်ကိုးခု၊ အင်ပါယာရှားဘုံ” တော်ဝင်အကြံပေးက ပြောသည်။ ရန်ယွင်၏ မျက်လုံးများက ဟင်းလင်းပြင် ကောင်းကင်သို့ မော့ကြည့်နေခဲ့၏။ သူက မတ်တတ်ရပ်နေဆဲ ဖြစ်သော်လည်း ဘာစကားမှ မပြောပေ။
“ဘာလို့လဲ” ရန်ယွင်က ခေတ္တမျှ တွေဝေသွားပြီးနောက် မေးသည်။
သူက ဆရာ့ကို မေးခွန်း ပြန်ထုတ်ခြင်းမျိုး လုပ်ခဲသော်လည်း အခု တစ်ကြိမ်တွင်တော့ သူ ပြန်မေးခဲ့သည်။
“အင်ပါယာလီဘုံမှာတော့ မင်းရဲ့ ညီငယ်လေးက သတ္တမဓားပဲ။ ဒါပေမဲ့ သူ အင်ပါယာလီဘုံ နယ်စပ်စည်းကို ဖြတ်ပြီးသွားတာနဲ့ သတ္တမဓားဆိုတာ တာလီမှာ ထပ်ပြီး မတည်ရှိတော့ဘူး” တော်ဝင်အကြံပေး၏ အသံက သူ့စိတ်အတွင်းသို့ တစ်ဖန် ဝင်ရောက်လာသည်။ ရန်ယွင် သူ့ မျက်လုံးများကို ပိတ်လိုက်ပြီး ခဏမျှ စဉ်းစား တွေးတောနေသည်။ ခဏအကြာတွင် သူ၏ တောက်ပသော မျက်ဝန်းများ ပြန်ပွင့်လာကာ သူ့စိတ်ထဲတွင် ရှင်းလင်းသွားပုံ ရသည်။ ထို့နောက် သူက ပြောသည်… “ကျွန်တော် သိပြီ”
ရန်ယွင် တစ်ခဏအတွင်း တာလီကျောင်းတော်မှ ပျောက်ကွယ် သွားသည်။
ဘုရင်ခံလီနန်းတော်၊ တော်ဝင် အကြံပေးအိမ်တော်နှင့် တာလီ ကျောင်းတော်တို့မှာ အင်ပါယာလီ ရိပ်သာလမ်းတွင်သာ တည်ရှိရာ သူ့အတွက် အချိန် သိပ်မယူရပေ။
ရီဖူရှင်းသည်လည်း ဘုရင်ခံလီနန်းတော်သို့ မြန်ဆန်စွာပင် ရောက်လာခဲ့သည်။ လီရန်နှင့် လီယူတို့သည် ရီဖူရှင်း ရောက်လာသည်ကို မြင်လျှင် အံ့အားတသင့် ဖြစ်သွားကာ မေးလိုက်ကြသည် … “သတ္တမဓား ... ဒီကို ဘာလာလုပ်တာလဲ”
“ကျုပ်က အောက်ဘုံတစ်ဝိုက်ကို သွားပြီး ရှန့်ထိုအဆင့် ဝင်ရောက်နိုင်မယ့် လမ်းစဉ်ကို ရှာဖွေမလို့။ ကျေးဇူးပြုပြီးတော့ အောက်ဘုံကို ဝင်ရောက်မယ့် ဝင်္ကပါကို အသုံးပြုခွင့်ပေးပါ” ရီဖူရှင်းက ပြောသည်။ သူက အောက်ဘုံမှနေ၍ အထက်ဘုံသို့ လာရာတွင်လည်း ဘုရင်ခံလီနန်းတော်မှ ဝင်္ကပါအစီအရင်ကို အသုံးပြုခဲ့သည်။
ဘုရင်ခံလီက အောက်ဘုံတွင် အစိုးရပြီး သူက အောက်ဘုံနှင့် အထက်ဘုံကို ဆက်သွယ်နိုင်မည့် ဝင်္ကပါကို ပြုလုပ်ထားသည်။
“ကောင်းပြီ” လီရန်နှင့် လီယူက ချက်ချင်း ခွင့်ပြုလိုက်၏။ ရီဖူရှင်း၏ တောင်းဆိုချက်ကို ခွင့်မပြုရမည့် အကြောင်းပြချက် သူတို့တွင် မရှိပေ။
သူတို့သည် အစကတည်းက ရီဖူရှင်းနှင့် ရင်းနှီးလေသည်။ တစ်ဖက်တွင်လည်း တော်ဝင်အကြံပေး၏ တပည့်များသည် ဝင်္ကပါကို အချိန်မရွေး အသုံးပြုခွင့် ရှိလေ၏။
“အခု သွားတော့မှာလား” လီယူက မေးသည်။
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်၏။
“ငါတို့ အတူသွားမယ်” လီယူက ပြုံးရင်း ပြောသည်… “ငါလည်း အောက်ဘုံကို သွားပြီး အဖေနဲ့ တွေ့ချင်တယ်”
ထို့နောက် သူတို့က ဘုရင်ခံလီ၏ အိမ်တော်အတွင်း၌ ရှိသော ဝင်္ကပါရှိရာသို့ ဦးတည်လိုက်ကြသည်။
ထိုအခိုက်တွင် ရီဖူရှင်းက သူတို့အနောက်မှ လေခွင်းသံတစ်သံအား ကြားလိုက်ရသည်။ သူက တစ်စုံတစ်ခု ထူးခြားမှုကို ခံစားမိလိုက်ကာ မျက်မှောင်ကျုံ့လိုက်မိ၏။
“သတ္တမဓား ... နေပါဦး” လီယောင်၏အသံ ဖြစ်သည်။ လီယောင် သံသယဝင်လိမ့်မည်ဟု ရီဖူရှင်း မထင်ခဲ့ပေ။ ဝင်္ကပါအနီးကို ရောက်နေပြီဖြစ်သော လီရန်၊ လီယူနှင့် ရီဖူရှင်းတို့က သူ့ကို လှည့်ကြည့် လိုက်ကြသည်။
“ဘာများ အလိုရှိပါသလဲ အရှင်မင်းသား” ရီဖူရှင်းက မေးသည်။
“ကျုပ်မှာ အရေးကြီးတဲ့ ကိစ္စတစ်ခုရှိတယ် ... အဲဒါကြောင့် မင်းက ကျုပ်နဲ့အတူ တော်ဝင်နန်းတော်ကို လိုက်လာပြီး မရေရာဖြစ်နေတဲ့ ကိစ္စလေးတစ်ခုကို ဖြေရှင်းပေးဖို့ လိုအပ်နေတယ်” လီယောင်က ပြောသည်။ သူက သံသယဝင်နေလျှင်ပင် အရာအားလုံးကို အတည်မပြုရသေးမီ သူ၏ဒေါသများကို ထုတ်ပြ၍ စွပ်စွဲရန် မဖြစ်နိုင်ပေ။
ရီဖူရှင်းသည် တော်ဝင်အကြံပေး၏ လက်ရင်းတပည့် ဖြစ်သည်။ သည်ကိစ္စဖြင့်သာ တော်ဝင်အကြံပေးက သူ့ကို စိတ်ခုသွားခဲ့လျှင် လီယောင်အတွက် အကျိုးရှိမည် မဟုတ်ပေ။
ရီဖူရှင်းထံမှ ထူးဆန်းသည့် အကြည့်တချို့ ဖြစ်ပေါ်လာပြီး မကြာခင် ပုံမှန် ပြန်ဖြစ်သွားသည်။ သူက ပြောလိုက်သည် … “အရှင်မင်းသား ဒီမှာ ပြောနိုင်ပါတယ်။ အရှင်မင်းသားရဲ့ မရေမရာဖြစ်နေတဲ့ ဘယ်အရာမဆို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် ကျွန်တော် ကူညီနိုင်သလောက် ကူညီပါ့မယ်”
“ဒီကိစ္စက အရမ်း အရေးကြီးတယ်။ အဲဒါကြောင့် တော်ဝင်နန်းတော်ကို ရောက်မှပဲ ပြောပြလို့ရမယ်။ အချိန်က အရမ်းမကြာပါဘူး။ နာရီ နည်းနည်းလောက်ပဲ အချိန်ပေးရင် ရပြီ။ နောက်မှ ကျင့်ကြံဖို့ သွားနိုင်တယ်” လီယောင်က ယှဉ်ကျေးပျူငှာစွာ ပြောနေသော်လည်း အခြေအနေမှာ ပုံမှန်မဟုတ်သည်ကို ရီဖူရှင်း ခံစားမိနေ၏။
ရီဖူရှင်းက သတ္တမဓားအဖြစ် ပြောင်းလဲခဲ့ကတည်းက သတ္တမဓား၏ ပင်ကိုအမူအကျင့် စရိုက် လက္ခဏာတို့ကို အထူး သတိထားခဲ့သည်။ လူတိုင်းသည် ကိုယ့်ပင်ကို စရိုက်ကို တစ်နည်းနည်းအားဖြင့်တော့ ပေါ်လွင်စေသည်ဟု ပြောကြသည်။ သည်အချိန်တွင် လီယောင်သည် ထူးထူးဆန်းဆန်း ပြုမူနေ၏။
သူက သံသယဝင်ခံ နေရပြီလား။
ရီဖူရှင်းနှင့် သတ္တမဓားတို့သည် လုံးဝကို မတူညီသည့် လူတစ်ယောက် ဖြစ်သည်မို့ သံသယ ဝင်ခံရခြင်းမှာ မဖြစ်သင့်ပေ။
သူ အောက်ဘုံသို့ ကျင့်ကြံရန်သွားမည့် ဖြစ်စဉ်၌ လီယောင်က အဘယ်ကြောင့် သူ့အား သံသယဝင်ရသလဲ ဟူသော အကြောင်းပြချက်ကို ရီဖူရှင်း မသိပေ။
သို့သော် လီယောင်ကား ရီဖူရှင်းသည် အောက်ဘုံမှတစ်ဆင့် အင်ပါယာရှားဘုံသို့ ပြန်မည်ကို သတင်း ရထားပေသည်။
“အရှင်မင်းသား ကျုပ်က ထွက်သွားဖို့အတွက် ဆရာ့ဆီက ခွင့်တောင်းခဲ့ပြီးတော့ ဆရာကလည်း ခွင့်ပြုခဲ့ပြီးပြီ။ အဲဒါကြောင့် ကျုပ်ပြန်လာတဲ့အထိ စောင့်ပေးပါ” ရီဖူရှင်းကလည်း ငြင်းဆန်သည်။ လက်ရှိတွင် သူ ထွက်သွားရန် လိုနေလေပြီ။
သူ ပြန်ဖြေသည်ကို ကြားရသည့်အခါ လီယောင်၏ စိတ်တစ်ခုလုံး နစ်မြုပ်သွားသလိုပင် ဖြစ်၏။ လီယောင်၏ ထင်မြင်ချက်က အမှန်တရားနှင့် တဖြည်းဖြည်း နီးစပ်လာနေသည်။ ထိုအဖြစ်က သူ့နှလုံးသားကို ခက်ထန်လာစေသည်။ ဤတွင် သည်ကာလ အတွင်း၌ သူ တလေးတစား ဆက်ဆံနေခဲ့သည့် လူက သူ အသတ်ချင်ဆုံးလူ ဖြစ်နေခဲ့သည်လား။
အခြေအနေက ရုတ်တရက် အေးစက် တင်းမာလာသည်။ ထိုအချိန်၌ လူတစ်ယောက် ကောင်းကင်မှ ရောက်ရှိလာသည်။ ရီဖူရှင်းက ရန်ယွင်ကို မြင်လိုက်သည့်အခါ မိမိမှာ အဆုံးသတ်ပြီဟု စိတ်ထဲ ညည်းတွားမိသည်။ ရန်ယွင်ကရော သူ့ကို ဖမ်းမလို့လား။
“ငါ အောက်ဘုံမှာ သွားပြီး လုပ်စရာလေးရှိလို့ ဆရာက မင်းကို လာတွေ့ဖို့ မှာလိုက်တာ” ရန်ယွင်က ရီဖူရှင်းရှေ့ကို ရောက်လာပြီး သူ့ကို ပြောသည်။
***