#လျိုကျိယု#
Vol. 41 Ch. 576
"တာအိုမိတ်ဆွေလေး၊ ဒါကကြယ်အနှစ်သာရနဲ့ပတ်သက်တဲ့သဲလွန်စပါ"
အမှောင်သခင်က ရွှေရောင်ကြိုးတစ်ချောင်းဖြင့်ရစ်ပတ်ထားသည့် စာလိပ်တစ်လိပ်ကို ပေးလိုက်သည်။
ထိုရွှေရောင်ကြိုးမျှင်၌ ဝိဉာဉ်အမှတ်အသားတခုဖြင့်ထွင်းထုထားသည့် အခင်းအကျင်း အစီအရင်လေးတခုရှိသည်။
ထိုဝိဉာဉ်အမှတ်အသားက အတော်လေးလျှို့ဝှက်သဖြင့် ကျွမ်းကျင်သူတချို့ပင်လျှင် ရှာတွေ့နိုင်မည်မဟုတ်။ သူတို့တခုခု လုပ်မည်ဆိုလျှင်ပင် ဘယ်ကနေ စရမှန်းသိမည်မဟုတ်ပေ။
အကယ်၍အခိုးခံရလျှင်ပင် အမှောင်နယ်မြေက ရှာတွေ့ပေလိမ့်မည်။
တချိန်တည်းမှာပင် အလျင်အမြန်ဖွင့်လိုက်မည်ဆိုပါက စာလိပ်က အလိုလိုပေါက်ကွဲသွားပေလိမ့်မည်။
အမှောင်သခင်က ဘယ်လိုအသက်သွင်းရမလဲဆိုတာကိုပြောရန်ပြင်နေစဉ် မျက်စိတစ်မှတ်အတွင်းမှာပင် လုချန်ရှန်း တည်ငြိမ်နေသည့်အမူအရာဖြင့် ဝိဉာဉ်အမှတ်အသားကိုပယ်ဖျက်ကာ ရွှေရောင်ကြိုးလေးကို ဖွင့်လိုက်၏။
စာလိပ်က အထိအခိုက်မရှိဘဲပွင့်သွားသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ အမှောင်သခင်၏မျက်ခုံးများက တုန်ယင်သွား၏။
ကြည့်ရသည်မှာ ရွှေရောင်ကြိုးထဲက အခင်းအကျင်းအစီအရင်ကို တိုးတက်အောင်လုပ်ရန် သူတယောက်ယောက်ရှာရတော့မည့်ပုံပင်။
"တာအိုမိတ်ဆွေလေး၊ ငါတို့ကြယ်ဝိဉာဉ်အနှစ်သာရအကြောင်း သိပ်မသိဘူး၊ ဘာပဲဆိုဆို ဒါက ကမ္ဘာကြီးကို ပထမဆုံးဖန်တီးစဉ်ကတည်းက ပေါက်ဖွားလာခဲ့တဲ့ နတ်ပစ္စည်းတခုပဲလေ"
"ဒါကအရမ်းကြာမြင့်ဟောင်းလွန်းနေပြီ၊ အမှောင်နယ်မြေက သဲလွန်စတွေကိုအာရုံစိုက်ပြီး ဆက်လက်ရှာဖွေချင်ပေမယ့် သဲလွန်စက ပျောက်ဆုံးနေသေးတယ်"
ကြယ်ဝိဉာဉ်အနှစ်သာရ၏သက်ရောက်မှုက လူတစ်ယောက်၏ပင်ကိုယ်ပါရမီကို တိုးစေသည်သာမက ရှေးဟောင်းမှတ်တမ်းများအရ ကျင့်ကြံသူတစ်ယောက်ကို ကြယ်ဖွဲ့စည်းပုံကိုပိုင်ဆိုင်စေပြီး ကြယ်စွမ်းအားနှင့် ပြီးပြည့်စုံစွာအံကိုက်ဖြစ်စေသည်။
တချိန်တည်းမှာပင် ဒီစကြာ၀ဠာထဲက ကြယ်စွမ်းအားကို အချိန်မရွေးငှားယမ်းနိုင်မည်ဖြစ်သလို ကျင့်ကြံရန်အတွက် ကြယ်စွမ်းအားကို တိုက်ရိုက်ပင် စုပ်ယူနိုင်ပေသည်။
ဒါကမှတ်တမ်းများထဲတွင်ဖြစ်သည်။
ဒီသက်ရောက်မှုများသာရှိလျှင်ပင် ကြယ်အနှစ်သာရက အမှောင်နယ်မြေအတွက် ရှာရန်ထိုက်တန်သည်။
လုချန်ရှန်းသဲလွန်စများကိုစိုက်ကြည့်ရင်း ခေါင်းညိတ်သည်။
"သဲလွန်စရှိနေသရွေ့ ရပါပြီ"
ထို့နောက်သူစာလိပ်ကိုသိမ်းဆည်းလိုက်၏။
"ကျုပ်ရဲ့ပန်းတိုင်အောင်မြင်ပြီဆိုတော့ အရင်ထွက်သွားလိုက်ပါဦးမယ်"
အမှောင်သခင်ကပြုံးသည်။
"မင်းတကယ်ပဲ ငါ့ရဲ့အမှောင်နယ်မြေမှာ ပါ၀င်ဖို့ မစဉ်းစားချင်တော့ဘူးလား၊ မင်းရဲ့လွတ်လပ်မှုကို ငါကန့်သတ်ထားမှာမဟုတ်ပါဘူး၊ တချိန်တည်းမှာပင် အမှောင်နယ်မြေကအရင်းအမြစ်တွေကလည်း မင်းလက်ထဲမှာ ရှိပေလိမ့်မယ်"
လုချန်ရှန်းခေါင်းခါယမ်းသည်။
"ထပ်ပြောရမှာပေါ့၊ ကျုပ်တခြားအဖွဲ့အစည်းတွေနဲ့ မပတ်သက်ချင်သေးဘူး
"ဒီလိုဆိုမှတော့ တာအိုမိတ်ဆွေလေး၊ မင်းတခုခုလိုအပ်လာရင် ငါတို့ဆီလာပြီး လဲလှယ်လို့ရပါတယ်"
အမှောင်သခင်ကလက်နှစ်ဖက်ဆုပ်သည်။
လုချန်ရှန်းခေါင်းညိတ်ရင်း လျိုကျိယုအား ကြည့်လိုက်၏။
အမှောင်သခင်ကနားလည်သည်။ ထို့နောက် လျိုကျိယုအားကြည့်ကာ ပြောသည်။
"သင်းအုပ်ဆရာလျို၊ တာအိုမိတ်ဆွေလေးလုကို ပို့လိုက်ပါ"
လျိုကျိယုခေါင်းညိတ်ရင်း ဟင်းလင်းပြင်သားရဲကိုဆင့်ခေါ်ပြီးနောက် လူနှစ်ယောက်နှင့်သားရဲတကောင်က အမှောင်နယ်မြေကနေ ထွက်သွားကြတော့သည်။
အမှောင်သခင်က နောက်သို့လှမ်းကြည့်ရင်း လက်နှစ်ဖက်ကိုနောက်တွင်ချလိုက်၏။
"ဒီစကားလုံးတွေကိုလက်ဆင့်ကမ်းလိုက်၊ ငါတို့အမှောင်နယ်မြေက ဒီလူကိုစော်ကားလို့မရဘူး"
"တချိန်တည်းမှာပဲ သူတခုခုလိုအပ်တယ်ဆိုရင် အပြည့်အ၀ကျေနပ်အောင်လုပ်ပေးဖို့လိုတယ်"
ယခုလိုလူကိုသူ့ဘေးသို့မဆွဲထားနိုင်ပါက သူနှင့်မိတ်ဆွေဖွဲ့ရန်အတွက်သာ အကောင်းဆုံးကြိုးစားရပေတော့မည်။
ဒီလူနှင့်ရန်သူဖွဲ့၍မရပေ။
ဒါကအရှင်၏ညွှန်ကြားချက်များလည်းဖြစ်သည်။
အရှင်၏ကိုယ်ပိုင်လက္ခဏာကသာမန်မဟုတ်ပေ။ သူ့ကိုဒီမျှထိ လေးလေးနက်နက်ဆက်ဆံရအောင် လုပ်နိုင်သူကလည်း သေချာပေါက် သာမန်လူတစ်ယောက်မဟုတ်။
သူ့နောက်က အရိပ်နက်ကခေါင်းညိတ်ကာ အမှောင်ထဲပျောက်ကွယ်သွား၏။
လုချန်ရှန်း သူ့အဖော်တို့က အမှောင်နယ်မြေကနေထွက်လာပြီးနောက် လုချန်ရှန်း သူ့ကို စိုက်ကြည့်လိုက်၏။
"မင်းပြန်မသွားဘူးလား"
လျိုကျိယုပြုံးသည်။
"အခုကျွန်တော့်မှာ တခြားတာ၀န်တွေမရှိဘူး၊ ခင်ဗျားနောက်ကလိုက်ချင်သေးတယ်"
"ဘာပဲဆိုဆို ဒီရှုထောင့်မှာ အမှောင်နယ်မြေက အရမ်းလွတ်လပ်တယ်လေ"
အရင်ရက်များက သူကလုချန်ရှန်းဆီကနေ များမြောင်စွာရိုက်နှက်ခံရသော်လည်း သူ့ကျင့်ကြံသူက အလျင်အမြန်တိုးတက်လာခဲ့သည်။
သူ့အတွက် နောက်ထပ်အဆင့်ချိုးဖျက်ရန် သိပ်မကြာတော့ဘူးဟု သူခံစားနေရသည်။
နှစ်ဘယ်လောက်တောင်ကြာမြင့်ခဲ့ပြီလဲ!
သူ့နယ်ပယ်တွင် အဆင့်ချိုးဖျက်လျှင်ပင် နှစ်တစ်ထောင်အတွင်း အဆင့်သေးသေးလေးတခုသာချိုးဖျက်နိုင်သည်။ သူ့ကို ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဟု သတ်မှတ်၍ရသည်။
သို့စေကာမူ လုချန်ရှန်းနောက်က နှစ်အနည်းငယ်မျှလိုက်ပြီးနောက်တွင် ကြာရှည်စွာရပ်တန့်နေခဲ့သည့် သူ့ကျင့်ကြံခြင်းအဆင့်က စတင်လှုပ်ခတ်လာသည်။
လုချန်ရှန်းနှုတ်ခမ်းကွေ့လိုက်မိသည်။
"တော်တော်အရေထူတာပဲ"
လျိုကျိယုမျက်မှောင်ကြုတ်ကာ အကြောင်းအရာကို အမြန်ပြောင်းပစ်သည်။
"စီနီယာ၊ အခုဘယ်ကိုသွားကြမလဲ"
လုချန်ရှန်းတခဏမျှတွေးလိုက်သည်။
"ကြယ်နတ်ဘုရားပိုင်နက်ကိုသွားကြရအောင်"
ကြယ်နတ်ဘုရားပိုင်နက်!
လျိုကျိယုခေါင်းညိတ်သည်။
ကြယ်နတ်ဘုရားပိုင်နက်က အမှောင်နယ်မြေနှင့်အတော်လေးဝေးသော်လည်း ဟင်းလင်းပြင်သားရဲ၏အကူအညီနှင့်အတူ သုံးရက်သာလိုအပ်သည်။
လုချန်ရှန်း သူ့ဘာသာပို၍မြန်မြန်သွားနိုင်သော်လည်း ကြယ်ငါးပွင့်သင်းအုပ်ဆရာ လျိုကျိယု၏အကူအညီဖြင့် အဆင့်မြင့်ကြယ်နယ်မြေတွင် မလိုလားအပ်သည့် ပြဿာနာများစွာကို ရှောင်တိမ်းနိုင်ပါသည်။
ဒါကကံတရားသက်ရောက်မှုများကိုလည်း လျော့နည်းစေနိုင်သည်။
လမ်းတစ်လျှောက်တွင် လျိုကျိယုက ကြယ်နတ်ဘုရားပိုင်နက်၏အခြေအနေကို လုချန်ရှန်းအားရှင်းပြနေသည်။
"ကြယ်နတ်ဘုရားကုန်းမြေက ကျင့်ကြံသူတွေက ကြယ်စွမ်းအားကို ကျင့်ကြံနိုင်တဲ့ သူတွေပဲ"
"အထဲကဂိုဏ်းတွေက ရှုပ်ထွေးနေတယ်ဆိုပေမယ့် အာရုံစိုက်ရမယ့်ဂိုဏ်းနှစ်ဂိုဏ်းပဲရှိတယ်"
"တခုက ရထားကြယ်ဗိမာန်နဲ့ နောက်တခုက တောင်ကြယ်ဗိမာန်ပဲ"
"ဒီဂိုဏ်းနှစ်ဂိုဏ်းက အဆင့်မြင့်ကြယ်နယ်မြေမှာ ပထမတန်းစားဂိုဏ်းတွေပဲ"
လုချန်ရှန်းစိတ်ရှုပ်ထွေးသွားသည်။
နှစ်ခုလုံးက ကြယ်နတ်ဘုရားဗိမာန်တွေလား!
လျိုကျိယုက လုချန်ရှန်း၏စိတ်ရှုပ်ထွေးမှုကို မြင်နိုင်သည့်အလားအပြုံးဖြင့်ပြောသည်။
"ဒီဂိုဏ်းနှစ်ဂိုဏ်းက ရှေးခေတ်ကတည်းက တူညီတဲ့အင်အားစုတခုကနေ ခွဲထွက်သွားခဲ့ကြတာ၊ သူတို့ကိုကြယ်နတ်ဘုရားဗိမာန်လို့ခေါ်ကြတယ်၊ အဲဒီအချိန်က ဒီလိုဗိမာန်မျိုးကို ကောင်းကင်သခင်အဆင့်အင်အားစုလို့တောင် သတ်မှတ်လို့ရတယ်"
အဆင့်မြင့်ကြယ်နယ်မြေကို ပထမ၊ ဒုတိယနှင့်တတိယတန်းစားအင်အားစုများအဖြစ် ခွဲခြားထားပြီး အထက်တွင် ကောင်းကင်သခင်အဆင့်ရှိသည်။
ကောင်းကင်သခင်အဆင့်ဂိုဏ်းက ဒီအဆင့်မြင့်ကြယ်နယ်မြေ၏ အစစ်အမှန်အုပ်ချုပ်သူဟုဆို၍ရသည်။ သူတို့က အခြေခံအုတ်မြစ်ဖြစ်စေ ခွန်အားအရာ၌ဖြစ်စေ အတော်လေးကြီးမားသည်။
"အရင်က ကြယ်နတ်ဘုရားဗိမာန်တော်က ကောင်းကင်သခင်အဆင့်ဂိုဏ်းတခုဖြစ်လာနိုင်ခဲ့တဲ့အကြောင်းရင်းက ဒဏ္ဍာရီလာပုဂ္ဂိုလ်တယောက်တီထွင်ခဲ့တဲ့ ကြယ်စွမ်းအားကျင့်ကြံခြင်းနည်းစနစ်တခုဖြစ်တဲ့ ပရမ်းပတာကြယ်မှတ်တမ်းကြောင့်ပဲ"
"ဒါပေမယ့် အဲဒီဒဏ္ဍာရီလာပုဂ္ဂိုလ်သေဆုံးသွားပြီးနောက်မှာ ကြယ်နတ်ဘုရားဗိမာန်တော်က စတင်ပြိုကွဲသွားခဲ့တယ်၊ အဆုံးမှာတော့ ဒီလိုရှုပ်ထွေးလှတဲ့ အခြေအနေတခုအဖြစ်ကို ပြောင်းလဲသွားခဲ့တယ်"
"တကယ်တော့ နှစ်ဘက်စလုံးက အချင်းချင်းအသိအမှတ်မပြုကြတာမို့ အခုသူတို့ဆက်ဆံရေးက မီးနဲ့ရေလိုပဲ"
လုချန်ရှန်းခေါင်းညိတ်သည်။
"အဲဒီကြယ်နတ်ဘုရားဥက္ကာသံခဲက ကြယ်နတ်ဘုရားဗိမာန်အပျက်အစီးထဲမှာ ရှိတယ်မလား"
ထိုစကားလုံးများကိုကြားသောအခါ လျိုကျိယုတခဏမျှကြက်သေသေသွားပြီးနောက် ဂရုတစိုက်စူးစမ်းကြည့်သည်။
"စီနီယာ၊ အဲဒီကြယ်နတ်ဘုရားဥက္ကာသံခဲကို ယူဖို့စဉ်းစားနေတာလား"
"ဘာမှားလို့လဲ၊ ငါယူလို့မရဘူးလား"
လျိုကျိယု အကူအညီမဲ့စွာပင် နဖူးကို ပွတ်သပ်လိုက်၏။
"ဒီကြယ်နတ်ဘုရားဗိမာန်အပျက်အစီးက ဂိုဏ်းနှစ်ဂိုဏ်းလုံးက တားမြစ်နေရာအဖြစ် မှတ်ယူထားကြတဲ့တည်ရှိမှုတခုပဲ၊ ပြီးတော့ ဂိုဏ်းနှစ်ဂိုဏ်းယှဉ်ပြိုင်ကြတဲ့နေရာလည်းဖြစ်တယ်၊ အပြင်လူတွေ၀င်လာတာနဲ့ သူတို့က ဒီဂိုဏ်းနှစ်ဂိုဏ်းနဲ့ တချိန်တည်းမှာ အမဲလိုက်ခြင်းကိုခံရတယ်"
လုချန်ရှန်းတခဏမျှတွေးလိုက်သည်။
"ဒီလိုဆိုရင် တဘက်လူရဲ့ခွန်အားကို အရင်ရှာဖို့လိုတယ်၊ တကယ်လို့သူတို့က ငါ့ထက် အားမကောင်းဘူးဆိုရင် ငါတိုက်ရိုက်ခိုး၀င်လို့ရပြီ၊ တကယ်လို့ငါနဲ့အဆင့်တူရင်တော့ တခြားနည်းလမ်းတခုကို စဉ်းစားရတော့မယ်"
သဲလွန်စများအရ ဒီကြယ်နတ်ဘုရားဥက္ကာသံခဲတွင် ကြယ်ဝိဉာဉ်အနှစ်သာရ အော်ရာအမျှင်စတခုရှိသည်။
အကယ်၍သူသာရနိုင်မည်ဆိုပါက ဒီအော်ရာအမျှင်စကိုသုံးရင်း ကြယ်ဝိဉာဉ်အနှစ်သာရ၏တည်ရှိမှုကို ရှာဖွေနိုင်ပေလိမ့်မည်။
ထို့ကြောင့်သူဒါကိုရရှိရန်လိုအပ်သည်။
"ဒါပေမယ့်.... "လုချန်ရှန်း လျိုကျိယုအား ကြည့်ပြီး တောက်ပစွာပြုံးသည်။
"ဒီကိစ္စမှာမင်းကိုပဲ ဒုက္ခပေးရတော့မယ် ရှောင်လျို...."
လုချန်ရှန်း၏အမူအရာကိုမြင်ရသောအခါ လျိုကျိယုကြက်သေသေသွားသည်။
သူရုတ်တရက်မကောင်းသည့်ခံစားချက်တခုရလာသည်။
တကယ်တမ်းတွင် ဒီစိတ်ကူးကို ကြယ်နတ်ဘုရားပိုင်နက်ရောက်ပြီးနောက်တွင် အတည်ပြုခဲ့လေသည်။
ကြယ်နတ်ဘုရားအပျက်အစီး၀င်ပေါက်ရှေ့မှာ ပြိုင်ကွင်းကိုဖွင့်ခဲ့ပြီး သူစတင်သည်။
ငါလျိုကျိယုက မဟာကြယ်နတ်ဘုရားဗိမာန်တော်က ကျွမ်းကျင်သူနှစ်ယောက်ကို စိန်ခေါ်တယ်!
ငါ့ကိုအနိုင်ယူနိုင်တဲ့လူကပဲ ကြယ်နတ်ဘုရားဗိမာန်တော်ဆိုတဲ့နာမည်နဲ့ထိုက်တန်မယ်!
ဒီအကြောင်းကိုသူတွေးနေစရာပင်မလို။ လုချန်ရှန်းက ယခုလိုဆိုးယုတ်သည့်ဆောင်ပုဒ်မျိုးကို သေချာပေါက်ဖြန့်ကြက်ပေလိမ့်မည်။
အပိုင်း(577) coming။