အခန်း (၉၁)
Vol. 7 Ch. 91
ချီစွမ်းအင်များက စုစည်းလာပြီးနောက် အပေါ်သို့ တိုးထွက်၍ ပိတ်လှောင်ထားသော သွေးကြောများကို ထိုးဖောက်လိုက်သည်။ အလွန်အားနည်းပြီး ပင်ပန်းနေသော မုန့်ချီက သူ၏စိတ်စွမ်းအားကို ထိန်းချုပ်ထားပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်၏။
သူကတော့ ဓမ္မနည်းလမ်းအတိုင်း သူ၏ချီစွမ်းအင်များကို ဆူးချွန်လေးများအဖြစ် ပြောင်းလဲပြီး ပိတ်လှောင်ထားသော သွေးကြောများကို အကြိမ်ကြိမ်အခါခါ ထိုးဖောက်နေခဲ့၏။
“ဖောက်….”
မုန့်ချီက အလွန်တိုးညင်းသော အသံလေးတစ်ခုကို ကြားလိုက်ရပြီး အတွင်းအားများက စတင်ပျံံ့နှံ့လာပြီး သွေးကြောတစ်ခုက ပွင့်သွားခဲ့သည်။ မုန့်ချီက ရပ်တန့်နေခြင်းမရှိဘဲ တခြားသော သွေးကြောများကို ပြန်ဖွင့်ရန် ကြိုးစားနေခဲ့၏။
ခဏကြာပြီးနောက် သူ၏သွေးကြောများအားလုံး ပြန်ပွင့်သွားခဲ့သည်။ ယခု မုန့်ချီက သူ၏ ချီစွမ်းအင်များကို အနှောင့်အယှက်မရှိ လှည့်ပတ်နိုင်ပြီဖြစ်၏။ သူ၏အစွမ်းက (၁၀)ရာခိုင်နှုန်းခန့် ပြန်ကောင်းလာပြီ ဖြစ်သော်လည်း ရွှေခေါင်းလောင်း အကာအကွယ်ကို သုံးရန်ပင် မလုံလောက်သေးသည့်အတွက် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ရန် ပို၍ ခက်ခဲသည်။
သူကတော့ လိုအပ်လျှင် တိုက်ခိုက်ရဦးမည်ဖြစ်၏။ သူက စွမ်းအားအနည်းငယ် သုံးလိုက်ပြီး လက်တွင် ချည်ထားသော ကြိုးများကို ဖြတ်လိုက်သည်။ မုန့်ချီက နောက်ဆုံးအတားအဆီးကို ဖယ်ရှားလိုက်ပြီးနောက် အန်ကုံရှဲ့ကို စိုက်ကြည့်လိုက်၏။
သူကတော့ တင်ပျဉ်ခွေထိုင်နေပြီး မျက်လုံးမှိတ်၍ ချီစွမ်းအင်များကို လှည့်ပတ်နေခဲ့သည်။ သူက အဝတ်အစားများကို ပြောင်းလဲလိုက်သော်လည်း လည်ပင်းအောက်တွင် ရှိနေသော ဒဏ်ရာကတော့ ကြောက်စရာကောင်းသော ကင်းခြေများကြီးတစ်ခုအလား ရှိနေခဲ့၏။
မုန့်ချီက မျက်ခုံးပင့်၍ ကြည့်လိုက်ပြီး လေနတ်ဘုရားခြေလှမ်းကို သုံး၍ ထွက်ပြေးနိုင်ခြင်း ရှိမရှိ စဉ်းစားနေခဲ့သည်။ သူက အန်ကုံရှဲ့၏လက်ထဲမှ ထွက်ပြေးရန် အခွင့်အရေးတစ်ခုသာ ရှိ၏။ အန်ကုံရှဲ့က ဆိုးဆိုးရွားရွား ဒဏ်ရာရနေသည့်အတွက် ကုသရန် အချိန်အတော်လေးပေးရမည်ဖြစ်သည်။
ထို့ပြင် သူက ဆေးလုံးပေါင်း မြောက်များစွာကိုလည်း သောက်နေရ၏။ ယခု သူ၏ဒဏ်ရာက တည်ငြိမ်သွားပြီ ဖြစ်သည့်အတွက် စွမ်းအားတစ်ဝက်ကျော်ကို အသုံးပြုနိုင်သည်။
“ငါက စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံးလိုက်တဲ့ ဆိုးကျိုးတွေကနေတော့ ပြန်ကောင်းလာနေပြီ...”
သူ၏စွမ်းအားများကို စစ်ဆေးကြည့်လိုက်ပြီးနောက် လက်ထဲတွင် ကိုင်ထားသော ဓားကလည်း ကျိုးနေသည့်အတွက် သူက အစွမ်းကုန်တိုက်ခိုက်၍ မရနိုင်ကြောင်း မုန့်ချီက သိနေသည်။ လက်ရှိအချိန်တွင် သူလုပ်နိုင်သည်မှာ အန်ကုံရှဲ့ကို နောက်တစ်ကြိမ် ထိခိုက်သွားအောင် လုပ်နိုင်ခြင်းသာဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူ၏ဒဏ်ရာများ တည်ငြိမ်သွားလျှင် သူ၏အကာအကွယ် ချီစွမ်းအင်များက ပြန်လည်အသက်ဝင်လာပါလိမ့်မည်။ ထို့ကြောင့် သူက နောက်ထပ် အချိန်အနည်းငယ် စောင့်လိုက်မည်ဆိုလျှင် သူ၏စွမ်းအားများက (၄၀)ရာခိုင်နှုန်းအထိ ပြန်ကောင်းလာနိုင်ပြီး ဤနေရာမှ ထွက်ပြေးသွားနိုင်သေးသည်။
မုန့်ချီက သူ့အသက်ကို စွန့်လွှတ်ရဲသည့် သတ္တိရှိနေသော်လည်း မဆင်မခြင် လုပ်တတ်သော လူတစ်ယောက် မဟုတ်ချေ။ သေချာသုံးသပ်ကြည့်လိုက်ပြီးနောက် ဤနေရာတွင် ဆက်နေခြင်းက အကောင်းဆုံးဖြစ်ကြောင်း ဆုံးဖြတ်လိုက်၏။ သူ့လက်ထဲတွင်တော့ တိမ်မုန်တိုင်းအပ် ရှိနေရန် မျှော်လင့်နေခဲ့မိသည်။
အန်ကုံရှဲ့ ထိုင်နေသည်ကိုကြည့်ပြီး မုန့်ချီက သက်ပြင်းချ၍ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် လျှပ်စီးပြောင်းလဲမှုကိုသုံးပြီး နောက်သို့ တိတ်တဆိတ် ပြန်ဆုတ်လာခဲ့၏။ အနည်းငယ် ဝေးကွာသွားပြီးနောက် သူက လေနတ်ဘုရားခြေလှမ်းသိုင်းကို သုံးရန်ပြင်လိုက်သည်။
ရုတ်တရက် ဆိုသလို အရာအားလုံးက ဝေဝါးသွားပြီး သူ၏ခန္ဓာကိုယ်က ထုံကျင်သွားခဲ့၏။ ထို့နောက် သူ့အနားတွင် ရပ်နေသော အန်ကုံရှဲ့ကို မြင်လိုက်ရသည်။
"မင်းက ငါ့ကို နောက်တစ်ကြိမ် ချောင်းပြီး တိုက်ခိုက်မယ်လို့ ထင်ထားတာ...။ နောက်ဆုံးတစ်ကြိမ်မှာ မင်းက ငါ့ကို သတ်ဖို့ကြိုးစားခဲ့တယ်လေ...။ မင်းက သေမှာကို မကြောက်ဘူးပဲ...။ ဒီတစ်ကြိမ်က ဘယ်လိုဖြစ်ရတာလဲ..."
အန်ကုံရှဲ့က အပြုံးနှင့် ပြောလိုက်သည်။
မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့၏။
"ခင်ဗျားက သိနေတာ ဘယ်လောက်ကြာပြီလဲ..."
"ရိုးရိုးသားသား ပြောရမယ်ဆိုရင်တော့ ငါက မင်းကို ဘယ်လိုနှိပ်စက်ရမလဲဆိုတာ အဖြေရှာမရသေးဘူး။ ဒါကြောင့်လည်း ငါက မင်းရဲ့သွေးကြောတွေကိုပဲ ပိတ်ထားပြီး ဘာမှမလုပ်ခဲ့တာလေ..."
အန်ကုံရှဲ့က ပြုံးလိုက်၏။ သူ့အပြုံးက လရောင်အောက်တွင် အလွန်ကြောက်စရာ ကောင်းလွန်းလှသည်။
"ငါက တခြားလူတွေရဲ့ မျှော့်လင့်ချက်ကို ဖျက်ဆီးရတာ အရမ်းသဘောကျတယ်...။ ဒါငေါက မင်းကို ထွက်ပြေးဖို့ မျှော်လင့်ချက်ပေးလိုက်တာ...။ မင်းက အောင်မြင်တော့မယ်လို့ တွေးတဲ့အချိန်ကျမှ ငါက အဲဒီမျှော်လင့်ချက်ကို ဖျက်ဆီးပစ်လိုက်တာလေ..။ အခု မင်းရဲ့အမူအရာကို ကြည့်ပြီး ငါက တော်တော်လေး ကျေနပ်သွားပြီ။ ဒီအချိန်ကို စောင့်နေရတာလည်း တန်သွားပြီလေ…"
“ဒီခွေးအိုကြီးကတော့ကွာ...”
မုန့်ချီက အံကြိတ်ပြီး ကျိန်ဆဲလိုက်မိ၏။ ယခင်တစ်ခေါက်တွင်လည်း ကူရှောင်စန်းကလည်း ထိုသို့လုပ်ဆောင်ခဲ့သည်။
အန်ကုံရှဲ့က ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်၏။
"ငါက မင်းဆီမှာ စိတ်ဓာတ်ကျမှု အလုံအလောက်မတွေ့သေးဘူး...။ ခေါင်းတုံးလေး... မင်းက ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် မင်းကို အပြစ်ပေးရမယ်..."
ထိုစကားများကို ပြောလိုက်ပြီးနောက် သူက မုန့်ချီ၏ ဒန်တျန်ကို ညာလက်နှင့်ဖိ၍ ဖျက်ဆီးလိုက်သည်။ နာကျင်မှုက မုန့်ချီ၏ ခေါင်းပေါ်ထိအောင် ပျံ့နှံ့လာခဲ့၏။ သူ၏ ရွှေခေါင်းလောင်းအကာအကွယ်နှင့် သံချပ်ဝတ်အင်္ကျီအကာအကွယ်က ပျက်စီးသွားသည့်အတွက် သူ၏ကြွက်သားများ အရေပြားများအားလုံးကပင် ပြောင်းလဲလာခဲ့သည်။
သို့သော် ပြင်ပ ဖိအားက အလွန်ပြင်းထန်လွန်းလှသည့်အတွက် သိပ်မကြာခင် ကြွက်သားများအားလုံး လျော့သွားခဲ့သည်။ မုန့်ချီ၏ဒန်တျန်ကိုတော့ ဓားတစ်ချောင်းနှင့် ထိုးစိုက်နေသလို ခံစားနေရ၏။
"ဟုတ်တယ်...ငါက မင်းရဲ့ သိုင်းပညာတွေကို ဖျက်ဆီးပြီး အပြစ်ပေးဖို့ စဉ်းစားထားတယ်…"
အန်ကုံရှဲ့က ပြောလိုက်ပြီး အတော်လေး ကျေနပ်နေပုံရ၏။
"ခေါင်းတုံးလေး...ဘာမှရုန်းကန်မနေနဲ့။ ဆက်ပြီးတော့ မျှော်လင့်နေလိုက်ဦး…။ ဟား...ဟား...ဟား....တကယ်လို့ မင်းကသာ ငါ့ကို လေ့ကျင့်တဲ့နည်းလမ်း ပြောပြမယ်ဆိုရင် ငါက မင်းကို နာကျင်အောင် ထပ်မလုပ်တော့ဘူး။ ငါက မင်းကို ဒီမှာထားခဲ့ပြီး မင်းကို လွတ်မြောက်ခွင့်ပေးမယ်။ ဘယ်လိုသဘောရလဲ…"
မုန့်ချီ၏ဒန်တျန်ထဲတွင် အလွန်ပြင်းထန်သော နာကျင်မှုကို ခံစားနေရသော်လည်း သူကတော့ အန်ကုံရှဲ့ထင်ထားသလို စိုးရိမ်နေခဲ့ခြင်း မရှိပေ။ မည်သို့ဖြစ်စေကာမူ သူက သေရေးရှင်ရေး အခြေအနေများစွာကို ဖြတ်ကျော်လာနိုင်ခဲ့၏။ လက်ရှိအချိန်တွင် သူက အလွန်တည်ငြိမ်နေသေးသည်။
အကယ်၍ သူက ပြောင်းလဲမှုကျင့်စဉ်ကို ပေးလိုက်မည်ဆိုလျှက်ပင် အန်ကုံရှဲ့က သူ့ကို လွှတ်ပေးမည် မဟုတ်ကြောင်း သိနေသည်။ ထို့ကြောင့် ခေါင်းကို တစ်ဖက်သို့ လှည့်သွားပြီး အန်ကုံရှဲ့ကို အဖြေမပေးခဲ့ပေ။
အန်ကုံရှဲ့က နှာခေါင်းရှုံ့လိုက်ပြီး စကားထပ်မပြောတော့ပေ။ သူက မုန့်ချီ၏ သွေးကြောများကို နောက်တစ်ကြိမ် ပိတ်လိုက်ပြီး သူ၏ချီစွမ်းအင်များကို နောက်တစ်ကြိမ် လှည့်ပတ်နေခဲ့သည်။
“ငါ့ရဲ့ဒန်တျန်က ဖျက်ဆီးခံလိုက်ရပြီဆိုတော့ သူက သိပ်သတိထားနေမှာ မဟုတ်တော့ဘူး။ ဒါဆိုရင် ငါက ထွက်ပြေးနိုင်သေးတယ်....”
မုန့်ချီကတော့ သူ၏သိုင်းပညာများကို ဆုံးရှုံးသွားရသည့်အတွက် အလွန်အမင်း စိုးရိမ်နေခဲ့ခြင်း မရှိပေ။ အန်ကုံရှဲ့က စတင်ကုသလိုက်သည့်အချိန်တွင်မုန့်ချီလည်း ချက်ချင်း အိပ်ပျော်သွားခဲ့၏။ သူကတော့ အားအင်တချို့ပြန်ရရန် မျှော်လင့်နေခဲ့သည်။ သိုင်းပညာမရှိတော့သည့် လူတစ်ယောက်က သိုင်းပညာမရှိလျှင်လည်း ထွက်ပြေး၍ ရနိုင်သေး၏။
နောက်ပိုင်းနေ့ရက်များတွင် အန်ကုံရှဲ့က မုန့်ချီကို ခေါ်ပြီး သေမင်းပင်လယ် ကန္တာရ၏ အစွန်အဖျားတွင် လှည့်ပတ်သွားလာနေခဲ့၏။ သဲကန္တာရထဲတွင် တွေ့ရသော မကောင်းဆိုးဝါးများ ၊ သတ္တဝါများက တံခါး(၉)ပေါက်ပွင့်နေသော သိုင်းပညာရှင် တစ်ယောက်အတွက်ပင် အတော်လေးကြောက်စရာ ကောင်းနေသေး၏။
ပုံမှန်အခြေအနေမျိုးတွင်တော့ သူက သဲကန္တာရ၏ အလယ်မှနေ၍ ဖြတ်သွားမည် ဖြစ်သည်။ သို့သော် ယခုတော့ သူက ဆိုးဆိုးရွားရွား ဒဏ်ရာရနေသည့်အတွက် ကွေ့ပတ်သွားခြင်းက အကောင်းဆုံးဖြစ်၏။
မုန့်ချီကလည်း လမ်းတစ်လျှောက် အေးအေးဆေးဆေး လိုက်လာပြီး အခွင့်အရေးကို စိတ်ရှည်ရှည်နှင့် စောင့်နေခဲ့သည်။
ယနေ့တော့ အန်ကုံရှဲ့နှင့် မုန့်ချီတို့က သေမင်းပင်လယ်ကန္တာရထဲတွင် ရှိသော အိုအေစစ်တစ်ခုသို့ ရောက်လာခဲ့၏။ ထိုအိုအေစစ်ထဲတွင် လူပေါင်းများစွာ ပြည့်နှက်နေပြီး သဲမုန်တိုင်းများကတော့ ဤနေရာကို မကြာခဏ ရောက်လာတတ်ပုံ ပေါ်သည်။ ထို့ကြောင့် အိုအေစစ်နယ်မြေက ကျုံ့လာနေပြီး ပတ်ဝန်းကျင်က တဖြည်းဖြည်း ကြမ်းတမ်းလာခဲ့၏။
လူအများစုကတော့ သူတို့၏ နေအိမ်များကို စွန့်ခွာပြီး တခြားအိုအေစစ်များကို သွားရောက်ရှာဖွေနေကြသည်။ ထို့ကြောင့်လည်း အိုအေစစ်၏ အပြင်ပိုင်းပုံသဏ္ဍာန်က ဖုန်မှုန့်များနှင့် လွှမ်းခြုံနေခြင်း ဖြစ်၏။ အဆောက်အဦးအများစုက အိုမင်းပျက်စီးနေပြီး သန့်ရှင်းသော အဆောက်အဦးတစ်ခုတည်းသာ ရှိသည်။
ထိုအရာကတော့ အလယ်တွင် ရှိနေသော တည်းခိုဆောင်နှင့် ပတ်ပတ်လည်ရှိ အိမ်များသာဖြစ်၏။ ရေကန်၏ တခြားတစ်ဖက်တွင်တော့ စွန့်ပစ်ထားသော ကျောင်းဆောင်များ၊ နန်းတော်များ ရှိသည်။
တည်းခိုဆောင်ထဲတွင်တော့ အတော်လေးကို လူရှုပ်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် ကုန်သည်များ၊ စီးပွားရေးသမားများ ရှိနေကြသည်။ စားပွဲဝိုင်းများစွာကလည်း လူပြည့်နေခဲ့၏။ တချို့က ကုန်သည်များဖြစ်ပြီး တချို့ကတော့ ကန္တာရတေလေများကဲ့သို့ ဝတ်ဆင်ထားသည်။
အလယ်တွင်တော့ လူ(၄)ယောက် စားပွဲဝိုင်းတစ်ခု ရှိနေပြီး လူငယ်ဓားသမား မိန်းမပျိုများ ရှိနေကြသည်။ သူတို့၏ မျက်နှာပေါ်တွင်တော့ မာနများ ပြည့်နှက်နေပြီး သိုင်းလောကကြီးတစ်ခုလုံးက သူတို့အုပ်စိုးနိုင်အောင် စောင့်ဆိုင်းနေသလို ထင်မှတ်ရသည်။
မုန့်ချီက တည်းခိုဆောင်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့ကို တွေ့လိုက်ရသည်။ သို့သော် သူကတော့ သူတို့၏ ပုံပန်းသဏ္ဌာန်ကြောင့် သတိထားမိခြင်း မဟုတ်ချေ။ လူငယ်များထဲမှ တစ်ယောက်၏ နောက်ကျောတွင် ရေခဲသလင်းကျောက်တစ်ခု ရှိနေခဲ့၏။
သူ၏ဓားလက်ကိုင်တွင် ရှိနေသော ဓားက ပုံမှန်ဓားတစ်ချောင်းထက်ပို၍ တိုပြီး အတော်လေးလည်း ထူးဆန်းသည်။ ထို့ကြောင့် သူက တောင်ပေါ်မှ ဆင်းခွင့်ရခဲ့သော နှင်းတောင်ဂိုဏ်းမှ တပည့်များဖြစ်ကြောင်း ဆိုလိုနေသည်။
နှင်းတောင်ဂိုဏ်းက ဓားရှည်များကိုသာ အသုံးပြုသော ဂိုဏ်းတစ်ခုဖြစ်သည်။ သူတို့တပည့်များ၏ လက်ပေါ်တွင် ရေခဲသလင်းကျောက်နှင်းပွင့်ပုံစံ တက်တူးတစ်ခု ရှိနေပြီး ထိုအရာက သူတို့၏ တံဆိပ်တစ်ခုလည်း ဖြစ်သည်။
ဓားဂိုဏ်း(၆)ဂိုဏ်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီး အနောက်ဘက်နယ်မြေကြီးကို အုပ်စိုးထားသော ကျင်းကန်ကျောင်းတော်နှင့် တိုက်ခိုက်နေသည့် ပင်မသိုင်းဂိုဏ်းကြီးတစ်ခု ဖြစ်သည့်အတွက် နှင်းတောင်ဂိုဏ်းမှ အပြင်ထွက်ခွင့်ရသော တပည့်များက အနည်းဆုံး တံခါး(၂)ပေါက်ပွင့်နေပြီးသားဖြစ်သည်။
“ဒါက အခွင့်အရေးတစ်ခုပဲ....”
မုန့်ချီက စဉ်းစားမိလိုက်၏။
အန်ကုံရှဲ့၏ ပုံစံကို ကြည့်ပြီး တည်းခိုဆောင်ထဲသို့ သူဝင်လာသည်နှင့် အများစုက သူ့ကို မှတ်မိသွားကြသည်။ နှင်းတောင်ဂိုဏ်းမှ တပည့်များကလည်း ချွင်းချက်မရှိကြပေ။
သို့သော် အန်ကုံရှဲ့ဖြစ်ကြောင်း သိသွားသည့်အချိန်တွင် သူတို့က ချက်ချင်း အကြည့်လွှဲလိုက်ပြီး သူတို့၏အဖွဲ့နှင့်သာ ဆက်လက် စကားပြောနေကြ၏။ ရှောင်လင်နှင့် မတူသည်မှာ နှင်းတောင်ဂိုဏ်းက အနောက်ပိုင်းနယ်မြေတွင် အခြေစိုက်ထားခြင်း ဖြစ်သည်။အကယ်၍ အန်ကုံရှဲ့က ရှောင်တိမ်းသွားမည် ဆိုလျှင်ပင် သူတို့ကိုတော့ ရန်မစရဲပေ။
သူက မုန့်ချီကို ခေါ်ပြီး စားစရာတချို့ မှာလိုက်သည်။ မုန့်ချီကတော့ နှင်းတောင်ဂိုဏ်းမှ တပည့်များကို သေချာစိုက်ကြည့်နေပြီး သူတို့နှင့် ကွဲပြားကြောင်း နားလည်သွားခဲ့သည်။
သူတို့ထဲတွင် လူငယ်နှစ်ယောက်နှင့် မိန်းမပျိုတစ်ယောက် ပါဝင်သည်။ မိန်းမပျိုက အလွန်နူးညံ့ပြီး ချစ်စရာကောင်း၏။ သူမကို လှပသည်ဟု မဆိုနိုင်ဘဲ ခင်မင်ဖွယ်ကောင်းသည်ဟု ဆိုရပါလိမ့်မည်။
လူငယ်တစ်ယောက်ကတော့ အရပ်ရှည်ရှည်နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နှင်းနတ်ဘုရားကလန်မှ တပည့်များ အကြောင်းကို ပြောနေကြ၏။ တခြားလူငယ်ကတော့ စာသင်သားတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားပြီး သူ၏ အစွမ်းကို လျော့တွက်၍ မရနိုင်ပေ။ သူတို့အားလုံးက ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်နေပြီဟု မုန့်ချီက သံသယဝင်နေခဲ့၏။
နှင်းတောင်ဂိုဏ်းမှ တပည့်များက အဖြူရောင်သာ ဝတ်ဆင်ထားပြီး သူတို့၏ အမူအရာက သာမန်သာဖြစ်သည့်အတွက် နှာခေါင်းကြီး၍ အေးစက်သော မျက်နှာပေါက်မျိုး ရှိသည်။
“နှင်းတောင်ဂိုဏ်းက နာမည်ဆိုးနဲ့ ကျော်ကြားတာတော့ မရှိဘူး။ ဒါပေမယ့် သူတို့က ကူညီပေးချင်မလား ဆိုတာတော့ ငါလည်းမသိဘူး....”
မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေခဲ့၏။ သို့သော် သူကတော့ တမင်တကာ အကူအညီတောင်းခဲ့ခြင်း မရှိချေ။ မည်သို့ဖြစ်စေကာမူ ကလန်ကြီးတိုင်းတွင် ရှိနေသော တပည့်တိုင်းက ကျန်းကျိဝေနှင့် သူ့လိုမဟုတ်ပေ။
အကယ်၍ နှင်းတောင်ဂိုဏ်းမှ တပည့်တစ်ယောက်က တံခါး(၄)ပေါက်ပွင့်နေပြီး တခြားလူများက ဉာဏ်အလင်းပွင့်မှုအဆင့်သာဆိုလျှင် သူတို့ပူးပေါင်းတိုက်ခိုက်လျှင်လည်း အန်ကုံရှဲ့ကို ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ငိုကြွေးခြင်းအကြီးအကဲ၏ သင်ပြမှုများက အမှန်တကယ်ကို ထူးခြားလှသည်။ ထိုအရာက ကလန်ကြီးများနှင့် သေချာပေါက် ယှဉ်နိုင်ပြီး အန်ကုံရှဲ့ကတော့ တံခါး(၉)ပေါက်ပွင့်နေသော ထိပ်တန်းပညာရှင် တစ်ယောက်ဖြစ်သည်။ သူက တိတ်တဆိတ် စားသောက်နေပြီး အန်ကုံရှဲ့ကတော့ မည်သူ့ကိုမျှ ဂရုစိုက်နေခြင်း မရှိချေ။
မုန့်ချီက လက်ညှိုးကို ကိုက်လိုက်ပြီး သူ ထိုင်နေသော စားပွဲခြေထောက်တွင် ‘ကူညီပေးပါ’ ဟူသော စကားလုံးကို သွေးနှင့် ရေးလိုက်သည်။ မုန့်ချီက ညစာစားပြီးသွားသည့်အချိန်တွင် ထိုအခွင့်အရေးကို အရယူနိုင်ခဲ့ခြင်းဖြစ်၏။
ထို့နောက် အန်ကုံရှဲ့က တည်းခိုဆောင်၏ အပေါ်ထပ်သို့ တက်သွားခဲ့သည်။ သူက လှည့်ထွက်သွားသည့်အချိန်တွင် လူငယ်ဓားသမားများကို ကြည့်၍ကူညီပေးပါဟူသော စကားလုံးကို တီးတိုးရေရွတ်နေပြီး သူထိုင်နေသည့် စားပွဲဝိုင်းကို လက်ညှိုးထိုးပြနေခဲ့သည်။
သူက ထိုစကားကို (၃)ကြိမ်တိတိ ပြောခဲ့ပြီး အန်ကုံရှဲ့၏ နောက်မှနေ၍ လှေကားပေါ်သို့ လိုက်သွားခဲ့၏။ သူပြောလိုက်သည့်စကားကို ထိုလူများက နားလည်ရန် မမျှော်လင့်သော်လည်း အနည်းဆုံးတော့ သူရေးခဲ့သော ကူညီပေးပါဟူသော စကားလုံးကို အလေးထားရန် မျှော်လင့်နေခဲ့၏။ ထိုသို့ဆိုလျှင် သူတို့က အန်ကုံရှဲ့ကို ရင်ဆိုင်ရန် ပို၍များပြားသော အကူအညီများ တောင်းနိုင်သည်။
လှေကားထစ် အနည်းငယ် တက်သွားပြီးနောက် အန်ကုံရှဲ့က ရပ်လိုက်ပြီး မုန့်ချီကို ကြည့်၍ ရယ်လိုက်သည်။
"ဟူး...ငါက ကျောင်းဆောင်ပျက်ထဲမှာပဲ သွားနေဖို့ ဆန္ဒရှိတယ်…”
ထိုစကားများ ပြောလိုက်ပြီးနောက် သူက မုန့်ချီကို တည်းခိုဆောင်ထဲမှ ခေါ်ထုတ်သွားခဲ့သည်။ ထို့နောက် သစ်တောကြီးနှင့် ရေကန်ကို ဖြတ်ကျော်ပြီး စွန့်ပစ်ထားသော ကျောင်းဆောင်တစ်ခုဆီသို့ ရောက်လာခဲ့၏။
…………
အန်ကုံရှဲ့ ထွက်သွားသည်ကိုကြည့်ပြီး နှင်းတောင်ဂိုဏ်းမှ တပည့်များက မုန့်ချီ ထားခဲ့သော စားပွဲဝိုင်းကို ကြည့်၍ မျက်မှောင်ကြုတ်နေမိကြသည်။
"သူက ငါတို့ကို အကူအညီတောင်းနေတာပဲ…"
စာသင်သားလူငယ်က အသံတိုးတိုးနှင့် ပြောလိုက်သည်။ သူက သွေးနှင့်ရေးထားသော စာများကို လက်နှင့် ဖယ်ရှားလိုက်၏။
"အစ်ကိုပို...
ကျွန်တော်တို့က သူ့ကို ကူညီပေးသင့်လား…"
အစ်ကိုပိုဟူသည်မှာ နှင်းတောင်ဂိုဏ်းမှ တပည့်တစ်ယောက်ဖြစ်သည်။ သူက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
"အဲဒါက ခေါင်းဖြူလင်းတပဲ။ ငါတို့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အဲဒီကိုရင်လေးက ဘယ်သူလဲဆိုတာ ငါတို့မသိဘူး။ ငါတို့က ပဲလှော်ကြား ဆားညပ်သလိုလည်း ဖြစ်သွားနိုင်သေးတယ်…"
သူကတော့ စွန့်စားလိုခြင်း မရှိပေ။ ခေါင်းဖြူလင်းတဟူသော နာမည်ကို ကြားသည့်အခါ အနက်ရောင်ဝတ်ထားသော လူငယ်နှင့် မိန်းမပျိုတို့က ခေါင်းခါပြလိုက်သည်။
"သခင်လေးကူ...
တတ်နိုင်တဲ့အရာထက် ပိုမလုပ်ပါနဲ့။ ငါတို့ရဲ့ ရည်ရွယ်ချက်က တခြားလူတွေကို ကူညီပေးဖို့လေ။ ဒါပေမယ့် ငါတို့မလုပ်နိုင်တဲ့ အရာမျိုးကိုတော့ မလုပ်သင့်ဘူး။ ငါတို့က နောက်ထပ်အိုအေစစ်တစ်ခုကို ရောက်မှ အကြီးအကဲတချို့ကို အကူအညီတောင်းရင် မကောင်းဘူးလား…"
"ငါသိတယ်...ငါလည်း အလျင်စလို မလုပ်ပါဘူး။ဒါပေမယ့် အကြီးအကဲတွေကို လှမ်းမခေါ်ခင် အဲဒီကိုရင်လေးရဲ့နာမည်ကို သိဖို့လိုတယ်…"
သခင်လေးကူက ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။
"ဒီည ငါသွားပြီး စစ်ဆေးလိုက်မယ်။ ငါက တစ်ခုခုရှာတွေ့ဖို့ မျှော်လင့်ရတာပဲ…"
"ကောင်းပြီလေ။ ဒါဆိုလည်း သတိထားပါ…"
နှင်းတောင်ဂိုဏ်းမှ တပည့်များက တည်ငြိမ်စွာ ပြောလိုက်၏။
…………..
ပျက်စီးနေသော ကျောင်းဆောင်ထဲတွင် မုန့်ချီ ထိုင်လိုက်သည့်အချိန်၌ အန်ကုံရှဲ့က လျှောက်လာပြီး ပြောလိုက်၏။
"သူတို့က မင်းကို လာကယ်မယ်လို့ ထင်နေတာလား…"
“သူက ဘယ်လိုတွေ့သွားပြန်တာလဲ....”
မုန့်ချီက အနည်းငယ်အံ့ဩသွားသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်၍ စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
"ဒါက ငါလိုချင်တဲ့ အမူအရာမျိုးပဲ…"
အန်ကုံရှဲ့က ဝမ်းသာအားရပြောလိုက်၏။ ထို့နောက် မုန့်ချီ၏ ညာလက်ကို ကိုင်လိုက်သည်။
"မင်းက ဒီလက်နဲ့ စာရေးခဲ့တာလား…"
"ခင်ဗျားက ဘာလုပ်ချင်တာလဲ…"
မုန့်ချီက အနည်းငယ် ရူးသွပ်သွားသလို ခံစားလိုက်ရသည်။
"ငါ ဘာလုပ်ချင်တာလဲ ဟုတ်လား...။ တကယ်လို့ မင်းသာ ငါ့ကို လေ့ကျင့်တဲ့ နည်းလမ်းပြောပြမယ်ဆိုရင် ဘာမှမလုပ်ချင်ပါဘူး။ ငါက မင်းကို လွှတ်တောင်ပေးဦးမယ်။ မဟုတ်ရင်တော့ ငါက မင်းရဲ့ ညာလက်ကို တစ်လက်မချင်းဆီ ချိုးပစ်မယ်…"
အန်ကုံရှဲ့ကတော့ သူ့ကို စမ်းသပ်တော့မည့်အလား စိုက်ကြည့်နေခဲ့သည်။
မုန့်ချီက အံကြိတ်ပြီး အေးစက်စွာ ပြောလိုက်၏။
"ခင်ဗျား လုပ်ချင်တာသာလုပ်…."
အန်ကုံရှဲ့က ရယ်လိုက်ပြီး လက်ကို အားစိုက်လိုက်ရာ မုန့်ချီ၏ ညာလက်တွင် ရှိနေသော အရိုးများက တစ်လက်မချင်းဆီ ကျိုးလာခဲ့သည်။ နာကျင်မှုက နှလုံးသားအထိပင် ကျရောက်လာပြီး မုန့်ချီက သတိလစ်သွားမတတ် ခံစားလိုက်ရ၏။
သူကတော့ အလွန်ရက်စက်ကြမ်းကြုတ်သော နှိပ်စက်မှုများကို ခံစားလိုက်ရပြီး အလွန်ပြင်းထန်သော အပြစ်ပေးမှုတစ်ခုကို ခံစားနေရသလို ခံစားခဲ့ရသည်။
"နောက်တစ်ကြိမ်တော့ မင်းရဲ့ဘယ်လက်ဖြစ်လိမ့်မယ်။ ပြီးရင်တော့ ဘယ်ခြေထောက်၊ ညာခြေထောက်နှင့် မင်းရဲ့ခန္ဓာကိုယ်လေ။ ဒါဆိုရင်တော့ မင်းက အကြံထွက်လာမှာပါ…"
အန်ကုံရှဲ့က ကျေနပ်စွာရယ်လိုက်ပြီး မုန့်ချီ၏ သွေးကြောများကို နောင်တစ်ကြိမ် ပိတ်၍ ဆက်လက်လေ့ကျင့်နေခဲ့သည်။
မုန့်ချီကတော့ အမွှေးတိုင်ထွန်းသော နေရာ၏ ရှေ့တွင် လဲနေပြီး သူ၏ ညာလက်က ခံစားချက် ပျောက်ဆုံးသွားကြောင်း တွေ့လိုက်ရသည်။ နာကျင်မှုကြောင့် သူက အိပ်၍မပျော်နိုင်ဘဲ နိုးနေခဲ့၏။
“အခွင့်အရေးတွေ ရှိပါသေးတယ်....”
သူက သူ့ကိုယ်သူ ပြန်ပြောနေခဲ့၏။
ထိုအချိန်တွင် အရာအားလုံးက မည်းမှောင်သွားပြီး မုန့်ချီက ထိတ်လန့် တုန်လှုပ်သွားသော မိန်းကလေးတစ်ယောက်၏အသံကို ကြားလိုက်ရသည်။
"ကိုရင်လေး …
ဘာဖြစ်တာလဲ။ နင်က ကုသမှု ခံယူလိုက်။ ငါ့ရဲ့ ကံကြမ္မာအမှတ်တွေကို ပေးလို့ရတယ် ငါ့ဆီမှာ ကံကြမ္မာအမှတ်မလောက်ရင်လည်း ငါ့ရဲ့ဆေးလုံးတွေနဲ့ လဲပေးမယ်…"
မုန့်ချီက ပြုံးလိုက်မိသည်။
“နောက်ဆုံးတော့ အခွင့်အရေးက ရောက်လာပြီ….”
Translated by Hein Htet