အခန်း (၉၂)
Vol. 7 Ch. 92
အဖြူရောင်အလင်းတန်းများက မုန့်ချီ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။ ထိုအရာက မိုးရေထဲတွင် အရာအားလုံး ပြန်ရှင်သန်လာသလိုဖြစ်၏။ နာကျင်မှုက ပျောက်ကွယ်သွားပြီးနောက် သူ၏ ဒန်တျန်က နောက်တစ်ကြိမ် နွေးထွေးလာပြီး မုန့်ချီကလည်း သိပ်မကြာခင် ပြန်ကောင်းလာခဲ့သည်။
သူက သံသရာအရှင်သခင်ကို ပြောလိုက်၏။
"ကုသမှုအတွက် ကံကြမ္မာအမှတ်တွေကိုတော့ ကျွန်တော့်ဆီကနေပဲ နှုတ်လိုက်ပါ။ ကျွန်တော်က ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ရဲ့ ပထမဆုံးအဆင့်(၄)ခုနှင့် စွန့်လွှတ်ခြင်းကျင့်စဉ်တို့ကို ကုသမှုအတွက် လဲလို့ရတယ်…"
ထိုအချိန်တွင် မုန့်ချီကတော့ အများကြီး မစဉ်းစားနိုင်တော့ပေ။ မည်သို့ဖြစ်စေကာမူ သံသရာအရှင်သခင်ဆီတွင် ရွှေခါင်းလောင်းအကာအကွယ်ကျင့်စဉ်နှင့် စွန့်လွှတ်ခြင်းကျင့်စဉ်တို့ ရှိနေသည်။
ထို့ပြင် ကျန်းကျိဝေ၏ ဆေးလုံးကတော့ တာဝန်လုပ်ဆောင်ရာ၌ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်သော သော့ချက်တစ်ခုဖြစ်သည်။ ထို့ကြောင့် ပို၍ များပြားသော စွမ်းအားများကို ပြန်ကောင်းရန်မှာ အလွန်အရေးကြီး၏။
အရေးကြီးသည့်အရာနှင့် အရေးမကြီးသည့်အရာများကို အလွယ်တကူ ခွဲခြားနိုင်ခြင်းကလည်း သူတို့အတွက် အဆင်ပြေနိုင်သော နည်းလမ်းတစ်ခု ဖြစ်သည်။ သို့သော် သူကတော့ နောက်ဆုံးအခြေအနေကို မရောက်သေးသည်မှာကံကောင်းသွား၏။ မုန့်ချီက စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်ပြီး သူ့ဆရာအပေါ် အပြစ်ရှိသည်ဟု အနည်းငယ် ခံစားမိလာခဲ့သည်။
"ကိုရင်လေး...
ဘာမှမစိုးရိမ်ပါနဲ့ ။ ငါက ကျိကျန်းစံအိမ်က သိုင်းကျမ်းတွေ အများကြီး ပြင်ဆင်ထားပါတယ်.."
ကျန်းကျိဝေက အကြံပေးလိုက်သည်။
"ဆေးပင်တစ်ရာဆေးလုံးက ကျိကျန်းဓားစံအိမ်အတွက် အရေးကြီးတဲ့ ဆေးလုံးတစ်ခုပဲ။ ဒဏ်ရာအမျိုးမျိုးအတွက်လည်း အရမ်းကောင်းတယ်။ အဲဒါက ကျန်းဝူဂိုဏ်းမှာရှိတဲ့ အသက်ကယ်ဆေးလုံးနှင့် ရှောင်လင်ဂိုဏ်းမှာရှိတဲ့ ကုသရေးဆေးလုံးထက်တောင် ပိုပြီးတော့ ကောင်းသေးတယ်…"
သူမ၏အစွမ်းက တစ်နေ့ချင်းဆီ ပိုပြီးတော့ အစွမ်းထက်လာပြီး သိပ်မကြာခင် သိုင်းလောကသို့ ခြေချနိုင်တော့မည် ဖြစ်သည်။ ထို့ကြောင့် သူမက ကျိကျန်းစံအိမ်၏ ဆေးပုလင်းမျိုးစုံကို ယူဆောင်သွားရန် အရည်အချင်းရှိ၏။
မုန့်ချီက အလင်းရောင်ထဲတွင်သာ ရှိနေသေး၏။သူက ကျန်းကျိဝေကို လက်ပြလိုက်သည်။
"ဖြစ်နိုင်တယ်ဆိုရင်တော့ ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းတာက ပိုကောင်းပါတယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် ငါကလည်း ရှောင်လင်ဂိုဏ်းက လူတစ်ယောက်လို့ မခံစားမိပါဘူး။ ဒါကြောင့် နင့်ရဲ့ ဆေးလုံးတွေကို ဒီလိုမျိုး မဖြုန်းတီးစေချင်ဘူး…"
သူက သူ့ဆရာအတွက် စိတ်မကောင်းဖြစ်နေရုံသာရှိပြီး တခြားအရာများကိုတော့ လုံးဝဂရုမစိုက်ခဲ့ပေ။
"နင်က ဘာများဖြုန်းတီးသလိုဖြစ်မှာလဲ။ ငါတို့တွေက အချင်းချင်းအသက်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ မိတ်ဆွေကောင်းတွေလေ....”
“ပြီးတော့ ညီလေးကျန်းတင်....မင်းက ပြောင်းလဲမှုကျင့်စဉ်ကို ငါတို့ဆီ ဝေမျှပေးခဲ့ပြီး ကံကြမ္မာအမှတ်တွေကို ဘယ်လိုလဲရမလဲဆိုတာလည်း ငါတို့ကို အကြံပေးနိုင်သေးတယ်…"
ကျန်းယွင်ရှန်က တည်ငြိမ်စွာ ပြောလိုက်၏။
မုန့်ချီက လျင်မြန်စွာ ပြောလိုက်သည်။
"ဒါက ကိစ္စမရှိပါဘူး။ ကျွန်တော်တို့က အကောင်းဆုံးမိတ်ဆွေတွေပဲလေ။ တကယ်လို့ ကျွန်တော်က ပြဿနာကို ကိုယ်တိုင်ဖြေရှင်းနိုင်မယ်ဆိုရင် အစ်ကိုကြီးတို့ကို ဒုက္ခမပေးချင်ဘူး။ ကျွန်တော် တကယ်အကူအညီလိုရင်တော့ စဉ်းစားမနေဘဲ အကူအညီတောင်းမှာပါ။ တွေ့တယ်မဟုတ်လား...။ ကျွန်တော်က အမြဲတမ်း ခေါင်းမာတယ်လေ။ ကျွန်တော် အန္တရာယ်များပြီဆိုရင်တော့ သေချာပေါက် အကူအညီတောင်းမှာပါ။ ဥပမာအနေနှင့် ပြောရရင် ကျွန်တော်သာ နောက်တစ်ကြိမ် ဒဏ်ရာရသွားပြီဆိုရင် သံသရာတာဝန်လုပ်ဆောင်နေစဉ်အတွင်း ကျိဝေက ဆေးပင်တစ်ရာဆေးလုံးကို ရက်ရက်ရောရော ပေးမှာပဲ မဟုတ်လား... "
သူက ထိုအရာများကို ပြောပြနေသည်မှာ ဆေးပင်တစ်ရာဆေးလုံး၏ အရေးပါသော အခန်းကဏ္ဌကို ထောက်ပြလိုခြင်းကြောင့်ဖြစ်သည်။
"ကောင်းပါပြီ ....ကိုရင်လေး။ ဒီလိုဆိုမှတော့ ငါလည်း အတင်းတွန်းအားပေးမနေတော့ပါဘူး…"
ကျန်းကျိဝေက ပြုံးလိုက်ပြီး သူမ၏ ဆေးပင်တစ်ရာဆေးလုံးကို သိမ်းလိုက်သည်။
မုန့်ချီက ဝေယျာဝစ္စခြံဝန်းမှ ရောက်လာခြင်းဖြစ်ကြောင်း ကျန်းယွင်ရှန်၊ချီကျန်းရန်နှင့် သူမတို့အားလုံးက သိထားကြသည်။ သူက သံသရာကမ္ဘာကြီးထဲသို့ စတင်ဝင်ရောက်လာသည့်အချိန်မှသာ သိုင်းပညာကို ထိတွေ့ခွင့်ရခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူက ရှောင်လင်နှင့် ပတ်သက်မှုမရှိဟု တွေးထားသည်မှာ ပုံမှန်သာဖြစ်၏။
သူတို့ကလည်း သိုင်းပညာနှစ်ခုကို သံသရာအရှင်သခင်ဆီသို့ လဲလှယ်ခြင်းကို တားဆီးခဲ့ခြင်း မရှိကြပေ။ သူတို့က ထိုအရာကို ဆွေးနွေးခဲ့ပြီးနောက် သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရသည်။
"ကုသမှုအတွက် ကံကြမ္မာအမှတ် (၁၆၀)ကုန်တယ်။ မင်းက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် အဆင့်(၄)ဆင့်အတွက် ကံကြမ္မာအမှတ်(၁၁၀)ရမယ်။ စွန့်လွှတ်ခြင်းကျင့်စဉ်အတွက် ကံကြမ္မာအမှတ်(၂၀၀)ရမယ်။ မင်းမှာ ကံကြမ္မာအမှတ် (၁၅၀)ကျန်အုံးမယ်…"
အဖြူရောင်အလင်းတန်းက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူ၏ ညာလက်က ပြန်ကောင်းသွားကြောင်း ခံစားလိုက်ရသည်။ စွမ်းအားမျကလည်း ပြန်ရောက်လာခဲ့၏။ ထို့ကြောင့် သူကတော့ ဝမ်းသာပျော်ရွှင်နေခဲ့သည်။
“ငါက နောက်တစ်ကြိမ် အစွမ်းထက်တဲ့ လူတစ်ယောက်ဖြစ်ပြီ...။ အန်ကုံရှဲ့.... ဒီတစ်ကြိမ်တော့ ကျုပ်က တိမ်မုန်တိုင်းအပ်နှင့် နေမင်းနီမကောင်းဆိုးဝါးဓားကို ယူလာပြီး ခင်ဗျားနဲ့ တိုက်ခိုက်မယ်။ ခင်ဗျားက သေမဲ့အချိန်ကိုသာ စောင့်နေလိုက်...”
အလွန်စိတ်လှုပ်ရှားနေသည့် မုန့်ချီ၏အမူအရာကို မြင်သည့်အခါ ကျန်းကျိဝေက ရယ်လိုက်သည်။
"ကိုရင်လေး...
နင်က တော်တော်လေး အခြေအနေ ဆိုးနေတယ်ထင်တယ်။ ဘယ်သူက နင့်ကို ဒီလိုမျိုး ဖြစ်အောင် လုပ်လိုက်တာလဲ…"
မုန့်ချီကတော့ ဒန်တျန်ဖျက်ဆီးခံလိုက်ရပြီး လက်တစ်ဖက် အချိုးခံလိုက်ရသော အိပ်မက်ဆိုးကြီးကို ပြန်လည်သတိရသွားခဲ့သည်။ သူက သက်ပြင်းချလိုက်၏။
"အဲဒါက ခေါင်းဖြူလင်းတ အန်ကုံရှဲ့လေ... "
"နင်က ဘယ်လိုဖြစ်ပြီး အနောက်ပိုင်းနယ်မြေထဲကို ရောက်နေရတာလဲ…"
လူငယ်မှတ်တမ်းတွင် အလွန်နာမည်ကျော်ကြားသူတစ်ယောက် ဖြစ်သည့်အတွက် ကျန်းကျိဝေက အန်ကုံရှဲ့နှင့် ပတ်သက်ပြီး တော်တော်များများကို သိနေခဲ့သည်။ ထို့ကြောင့် သူမက အလွန်အံ့ဩနေခဲ့၏။
ကျန်းယွင်ရှန်ကလည်း မျက်မှောင်ကြုတ်လိုက်သည်။
"အန်ကုံရှဲ့ကတော့ ကျင်းအင်ပါယာထဲကို တစ်ယောက်တည်း သွားမှာမဟုတ်ဘူး.."
ရှောင်လင်က ဤကိစ္စကို ဂိုဏ်းအသီးသီးသို့ သတင်းပို့လိုက်သော်လည်း ကျန်းကျိဝေတို့က သူတို့ဂိုဏ်းတွင် အထူး ကိုယ်စားလှယ်များ မဟုတ်ကြပေ။ အကယ်၍ သူတို့သာ မမေးလျှင် သိကြမည် မဟုတ်ချေ။ မုန့်ချီက ထိုအကြောင်းအရာကို အကြမ်းဖျင်း ပြောပြလိုက်ပြီးနောက် ကျန်းကျိဝေ၊ ချီကျန်းရန်နှင့် တခြားသူများအားလုံးက အလေးအနက် ထားလာကြသည်။
"ကျန်းချန် ကိုယ့်ကိုယ်ကိုယ် သတ်သေတာက တစ်ခုခုမှားနေတယ်လို့ ထင်တယ်..။ တကယ်လို့ သူ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေရဲတဲ့ သတ္တိမျိုးတောင် ရှိနေမယ်ဆိုရင် နင့်လို ကိုရင်လေးကို တိုက်ရိုက်သတ်ပစ်မှာပဲလေ။ အနည်းဆုံးတော့ သူက တောင်ထိပ်ပေါ်ကနေ ခုန်ချလိုက်မယ်ဆိုရင် အသတ်ရှင်ဖို့ အခွင့်အရေးရှိနိုင်သေးတယ်.."
ကျန်းကျိဝေကတော့ ကျန်းချန်၏ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အကြောင်းကို မှတ်ချက်ပေးလိုက်သည်။
ချီကျန်းရန်ကလည်း ခေါင်းညိတ်လိုက်၏။
"ငါ့အနေနဲ့ ပြောရမယ်ဆိုရင်လည်း ကျန်းချန်က အလွန်ဆုံး သိုင်းပညာဖျက်ဆီးခံရပြီး ရှောင်လင်ကနေ ထုတ်ပယ်ခံရတဲ့ အပြစ်မျိုးပဲ ကျမှာပါ။ သူသာ မသေသရွေ့ အခွင့်အရေးတစ်ခု ရှိနေသေးတယ်လေ…"
သံသရာအရှင်သခင်ကတော့ ခက်ခဲသော တာဝန်များကို ပေးနိုင်သည့် ပညာရှင် တစ်ယောက်ဖြစ်သည်။
"ကျန်းချန်က သံသရာခရီးသွား တစ်ယောက် မဟုတ်နိုင်ဘူး…"
ချီကျန်းရန်ပြောသည့် စကားကို ကြားလိုက်ရပြီးနောက် မုန့်ချီက သူပြောချင်သည့် အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားသည်။ ထိုသို့ဆိုလျှင် ဘာကြောင့် သူက သိုင်းကျမ်းများကို ခိုးခဲ့ရသနည်း။ အကယ်၍ သူက ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ခြင်းမဟုတ်လျှင် မည်သူက သူ့ကို သတ်သွားခဲ့သနည်း...။
ကျန်းယွင်ရှန်က တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။
"ဒဏ်ရာကနေ ခုမှ ပြန်ကောင်းလာတဲ့ ငိုကြွေးခြင်းအကြီးအကဲက ဆရာတော်ရွှမ်ပိုင်ကို တိတိကျကျ တားဆီးနိုင်တာကလည်း အတော်လေး ထူးဆန်းနေတယ်။ သူက (၉)နှစ်လောက် ပျောက်နေပြီး ချက်ချင်းပြန်ပေါ်လာတဲ့ အချိန်မှာ ဆရာတော် ရွှမ်ပိုင်က အနောက်ပိုင်း နယ်မြေထဲကိုရောက်လာတဲ့ အချိန်ဖြစ်နေတယ်…"
ငိုကြွေးခြင်းအကြီးအကဲက အလွန်ဝေးလံသော အနောက်ပိုင်းနယ်မြေထဲတွင် ရှိနေသည်။ ရွှမ်ပိုင်၏ခရီးစဉ်က လျင်မြန်ခြင်းမရှိသလို နှေးကွေးခြင်း မရှိပေ။ ထို့ကြောင့် အချိန်ကြာမြင့်စွာ ခြေရာခံလိုက်နေခြင်း သို့မဟုတ် တစ်စုံတစ်ယောက်က ကြိုတင်သတင်းပို့ထားခြင်း မဟုတ်လျှင် မည်သူကရော ရွှမ်ပိုင် ရောက်လာကြောင်း သိနိုင်မည်နည်။
အကယ်၍ ထိုအရာကိုသာ စောစောကြိုသိခဲ့မယ်ဆိုရင် ရှောင်လင်က ရွှမ်ပိုင်ကို အနောက်ပိုင်းနယ်မြေထဲသို့ စေလွှတ်လိုက်မည် မဟုတ်ချေ။ ရွှမ်ပိုင်က သဲမြန်မြို့ဆီသို့ ရောက်မလာသေးခင် သူက သိုင်းလောကတွင် ပေါ်လာကြောင်း မည်သူမျှ သိမထားခဲ့ပေ။
"နောက်ကွယ်မှာ လက်မည်းကြီးတစ်ခု ရှိနေတယ်လို့ ခံစားမိတယ်…"
ဖူကျန်းကျန်းကလည်း အလွန်စိတ်ဓာတ်ကျဖွယ်ရာ အခြေအနေကို ဖြေလျော့ရန်အတွက် သက်ပြင်းချပြီး ပြောလိုက်သည်။
ကျန်းကျိဝေက ခေါင်းညိတ်လိုက်ပြီးနောက် မုန့်ချီကို စိုက်ကြည့်လိုက်၏။
"အခုအချိန်က ဒီကိစ္စကို ဆွေးနွေးရမယ့် အချိန်ကောင်းမဟုတ်ဘူး။ အခုလုပ်ရမဲ့ကိစ္စက ကိုရင်လေး ပြန်သွားတဲ့အချိန်ကျရင် အန်ကုံရှဲ့ကို ဘယ်လိုရင်ဆိုင်မလဲဆိုတာပဲ…”
“သူ့ရဲ့ စွမ်းအင်အရင်းအမြစ်က ထိခိုက်နေတယ်။ သူ့ရဲ့ဒဏ်ရာကလည်း ပြည့်ပြည့်ဝဝ ပြန်မကောင်းသေးဘူး။ ဒီတော့ သူက အများဆုံး စွမ်းအား(၇၀)ရာခိုင်နှုန်းလောက်ပဲ သုံးနိုင်တယ်။ ပြီးတော့ ငါ့ရဲ့သိုင်းပညာက ပျက်ဆီးပြီး လက်တစ်ဖက်လည်း ကျိုးသွားပြီဆိုတော့ ငါက ပြန်ကောင်းလာမယ်လို့ သူက တွေးမိမှာ မဟုတ်ဘူး...။ ပြီးတော့ ငါနဲ့အတူ သန့်စင်လက်နက်အဆင့် ဓားတစ်ချောင်းနှင့် ကြောက်စရာကောင်းတဲ့ လက်နက်တစ်ခုလည်း ယူသွားလို့ရသေးတယ်။ ဒီတော့ သူမထင်ထားတဲ့ အချိန်မှာ ငါက စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံးစရာမလိုဘဲနဲ့တောင် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်ကို သုံးပြီး တိမ်မုန်တိုင်းအပ်ကို ပစ်လိုက်လို့ရတယ်။ ဒါဆိုရင်တော့ ငါက သူ့ကို နေရာမှာတင် သတ်ပစ်လိုက်လို့ရတယ်…"
မုန့်ချီက ထိုစကားများကို ပြောသည့်အချိန်တွင် အနည်းငယ် ရယ်စရာကောင်းကြောင်း ခံစားမိခဲ့သည်။ သူက တိတ်တဆိတ် ရေရွတ်လိုက်မိ၏။
"အန်ကုံရှဲ့က အမှန်တရားကို မသိရသေးခင် သေသွားမယ်ဆိုရင်တော့ အကောင်းဆုံးပဲ..."
ကျန်းယွင်ရှန်က တည်ငြိမ်စွာ ပြောလိုက်၏။
“မင်းက တံခါး(၉)ပေါက် ပွင့်နေတဲ့ ပညာရှင်တစ်ယောက်ကို လျှော့မတွက်သင့်ဘူး။ မင်းရဲ့အစွမ်းက သူ့ကို မယှဉ်နိုင်သေးဘူး။ မင်းက သူ့ကို နောက်တစ်ကြိမ် ထိခိုက်အောင် လုပ်နိုင်ပေမယ့် သူ့ကို သတ်ဖို့ အနိုင်ဖို့ကတော့ မလွယ်ဘူးထင်တယ်.."
“ကြမ်းတမ်းသဲမုန်တိုင်း စွမ်းအားက အဆိပ်မျိုးစုံကို ခုခံတဲ့ နေရာမှာ အရမ်းထူးခြားတယ်။ တိမ်မုန်တိုင်းအပ်က သူ့ကို သေစေနိုင်မှာ မဟုတ်ဘူး.."
ကျန်းကျိဝေကလည်း အလားတူ တွေးမိခဲ့သည်။
မည်သို့ဖြစ်စေကာမူ ကြမ်းတမ်းသဲမုန်တိုင်းအစွမ်းက စာရင်းထဲတွင် ကံကြမ္မာအမှတ် (၈၀၀၀)တန်ကြေး ရှိသည်။ ထိုအရာက အလွန်ကျော်ကြားသော သိုင်းပညာတစ်ခု ဖြစ်၏။ အန်ကုံရှဲ့က တံခါး(၉)ပေါက် ပွင့်နေသော ပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် သူက ထိပ်တန်းပညာရှင်တစ်ယောက်ဟု ဆိုလိုနေသည်။ သူ့ကို လျှော့တွက်၍ မရနိုင်ပေ။
သူမက ခဏကြာ စဉ်းစားပြီး ဆက်ပြောလိုက်သည်။
"ဒီတစ်ကြိမ် သံသရာတာဝန်ကတော့ တော်တော်လေး တိုလိမ့်မယ်။ ဒါကြောင့် နင်က နားတံခါးကို နောက်တစ်ကြိမ် ဖွင့်နိုင်မှာ မဟုတ်ဘူး။ နင်က တာဝန်ပြီးဆုံးသွားတဲ့ အချိန်မှာ လေ့ကျင်ဖို့ အခွင့်အရေးမရှိဘူးဆိုရင်တော့ မလွယ်ဘူး။ ဒါပေမယ့် ဒါကလည်း ကံကြမ္မာအမှတ်တွေ အများကြီး လိုအပ်တယ်။ ငါတို့က အလုံအလောက်ရဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ စွန့်စားမှုက တော်တော်လေး ကြီးနေသေးတာပဲ..”
“ပြီးတော့ သံသရာ တာဝန်အတောအတွင်း မင်းက အသက်ရှင်ဖို့အတွက် တိမ်မုန်တိုင်းအပ်ကို မသုံးရဘူးဆိုတာ သေချာလို့လား…"
ချီကျန်းရန်က ပြန်မေးလိုက်၏။
မုန့်ချီက သက်ပြင်းချလိုက်မိသည်။ သံသရာတာဝန်က အခွင့်အရေးတစ်ခုဖြစ်သလို အန္တရာယ်တစ်ခုလည်းဖြစ်သည်။ သူက ကံကြမ္မာအမှတ်များများ မရနိုင်သလို တိမ်မုန်တိုင်းအပ်ကိုလည်း သုံးရနိုင်သည်။
ထို့ပြင် သူကိုယ်တိုင်က တံခါး(၉)ပေါက် ပွင့်နေသော အန်ကုံရှဲ့ကို အနည်းနှင့်အများ အထင်သေးနေမိသည်မှာ ကနဦးတိုက်ခိုက်မှု နှစ်ခုတွင် အောင်မြင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သေချာစဉ်းစားကြည့်လိုက်သော် ပထမဆုံးတစ်ကြိမ် အန်ကုံရှဲ့ကို တိုက်ခိုက်ပြီး ချောချောမွေ့မွေ့ လွတ်မြောက်သွားခဲ့သည်မှာ သူက ပြောင်းလဲမှုကျင့်စဉ်ကို မသိသလို မုန့်ချီက အနတ္တကျိန်စာဖျက်ဓားပညာကို နားလည်ထားကြောင်း မသိခြင်းကြောင့်ဖြစ်သည်။
ဒုတိယအကြိမ်တွင်တော့ ပတ်ဝန်းကျင်နှင့် ပြောင်းလဲမှုကျင့်စဉ်ကို သုံးပြီး ခြေရာလက်ရာများကို ဖုံးကွယ်ထားသည့်အတွက် အလစ်ချောင်း တိုက်ခိုက်နိုင်ခြင်းဖြစ်၏။ ထိုအချိန်တွင်ပင် သူက စွန့်လွှတ်ခြင်းကျင့်စဉ်နှင့် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်ကို သုံးခဲ့ရသည်။ သူက ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်နေကြောင်းကိုလည်း အန်ကုံရှဲ့က မသိခဲ့ပေ။
သို့သော် ယခုတော့ အန်ကုံရှဲ့က သူ၏အခြေအနေတစ်ရပ်လုံးကို သိသွားပြီဖြစ်သည်။ ထို့ကြောင့် သူက တွေဝေနေလိမ့်မည် မဟုတ်ချေ။
မုန့်ချီ၏ နေမင်းနီမကောင်းဆိုးဝါးဓားက အမှန်တကယ် အရေးကြီးသည့်အရာ ဖြစ်သော်လည်း ဆုံးဖြတ်ချက်ပေးနိုင်သည့် အရာတစ်ခုတော့ မဟုတ်ပေ။ သူ၏ တိမ်မုန်တိုင်းအပ်ကတော့ ပျံသွားသည့်အချိန်ထိ ကျန်နေခြင်း ရှိမရှိ မသေချာသေးပေ။ ထို့ကြောင့် သူတို့က သေစေနိုင်လောက်သော ဒဏ်ရာရစေရန် မဖြစ်နိုင်ပေ။ အကယ်၍ သူကသာ အလစ်အငိုက် တိုက်ခိုက်လိုက်မည်ဆိုလျှင်ပင် သူကိုယ်တိုင်အတွက် အန္တရာယ်များနေသေး၏။
“ဟူး....ပြောင်းလဲမှုတွေ အများကြီးပါလား…”
မုန့်ချီက တိတ်တဆိတ် သက်ပြင်းချလိုက်မိပြီး ကျန်းကျိဝေနှင့် တခြားသူများကို ကြည့်လိုက်၏။
"နင်တို့မှာ အကြံကောင်းများ ရှိကြလား…"
မုန့်ချီနှင့် ရင်းနှီးမှုမရှိသေးသော ဖူကျန်းကျန်းက တွေဝေစွာ ပြောလိုက်၏။
"ငါက ကြယ်ခုနှစ်ပွင့် ကြွေပန်းတစ်ခုကို စိုက်ခဲ့တယ်။ နင်ပြန်လာတဲ့အချိန် နင့်ဆီမှာ တိမ်မုန်တိုင်းအပ် ရှိနေသေးမယ်ဆိုရင်တော့ ငါက အဲဒါကို အဆိပ်အဖြစ် ဖန်တီးပေးလို့ရတယ်။ တကယ်လို့ နင်က တိမ်မုန်တိုင်းအိပ်ကို ဆုံးရှုံးသွားမယ် ဆိုရင်တော့ ကြွေပန်းကနေ ဖန်တီးထားတဲ့ ဖယောင်းတိုင် နည်းနည်း ရှိတယ်။ ဖယောင်းတိုင်းကို ထွန်းတဲ့အချိန် နင်က အသက်အောင့်ထားပြီး ပါးစပ်ထဲမှာ ဖြေဆေးကို သိမ်းထားရမယ်။ အဲဒါက အရောင်မရှိ အနံ့မရှိပေမယ့် အရမ်းပြင်ထန်တဲ့ အဆိပ်တစ်မျိုးပဲ။ အန်ကုံရှဲ့က ခုခံနိုင်မှာမဟုတ်ဘူး။ ပြီးရင်တော့ နင်က သူ့ကို ဓားနှင့် တိုက်ခိုက်နိုင်ပြီ…"
ဖူကျန်းကျန်းက သီလရှင်ကျောင်းထဲတွင် ကြီးပြင်းလာခြင်းဖြစ်သည့်အတွက် သတ်ဖြတ်ခြင်းများနှင့် အသားကျနေခြင်း မရှိပေ။
"အကြံကောင်းပဲ..."
မုန့်ချီ၏ မျက်လုံးများက ဝင်းလက်တောက်ပလာပြီး တစ်ချိန်တည်းတွင် သူမကို စိတ်ထဲမှ ကြိတ်၍ ချီးကျူးလိုက်မိ၏။ ဖူကျန်းကျန်းက အဆိပ်ဖန်တီးရာတွင် အမှန်တကယ် ဘုရားပေးသော လက်ဆောင်ဖြစ်သည်။
ချီကျန်းရန်ကလည်း ထိုအချက်ကို လက်ခံလိုက်၏။
"အရိုးပျော့ဆေးက ကံကြမ္မာအမှတ်(၂၀၀)ရှိတယ်။ အဲဒါကို ပင်မတာဝန်ကနေ ဆုလာဘ်အနေနဲ့ ရမယ်ဆိုရင် အဲဒါကို ပြင်းထန်တဲ့ အဆိပ်တစ်ခုအဖြစ် သုံးနိုင်တယ်။ ဒါဆိုရင် သူက အဆိပ်မမိရင်တောင် အန်ကုံရှဲ့ရဲ့အတွင်းအားက သိသိသာသာ သက်ရောက်ခံရမှာပဲ..”
“ငါ့ရဲ့ အဖော်တွေကတော့ တကယ့်ကို ထူးခြားတာပဲ....”
မုန့်ချီက အံ့ဩမှင်တက်သွားခဲ့ပြီး အတော်လေးလည်း ကျေနပ်သွားခဲ့သည်။
ကျန်းယွင်ရှန်ကလည်း အပြုံးနှင့် ခေါင်းခါလိုက်မိ၏။
"ဒါက ပြင်ဆင်မှုတစ်ခုပဲ ရှိသေးတယ်။ တခြားတစ်ခုကတော့ ညီလေးကျန်းတင်... မင်းက အသေခံတိုက်ကွက်တစ်မျိုးကို လဲလှယ်သင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်က အခုအချိန်မှာ မထင်မှတ်ထားတဲ့ အခြေအနေမျိုး မပေးနိုင်တော့ဘူး။ ဒါကြောင့် မင်းက အပိုကျင့်စဉ်တစ်ခုကို ရွေးချယ်ထားတာ ပိုကောင်းမယ်။ အဲဒါကိုမှ မင်းက မလုံခြုံဘူးလို့ ခံစားမိသေးတယ်ဆိုရင် မင်းရဲ့နားတံခါးကို ဖွင့်ဖို့အတွက် သံသရာ အရှင်သခင်ကို အကူအညီတောင်းလို့ ရတယ်။ အဲဒါက ကံကြမ္မာအမှတ်(၆၀၀)တော့ လိုလိမ့်မယ်။ တကယ်လို့ မင်းက လေ့ကျင့်ဖို့အချိန် လိုချင်တယ်ဆိုရင်တော့ တစ်လတာ အချိန်အတွက် ကံကြမ္မာအမှတ်(၂၀၀)နဲ့ လဲလို့ရမယ်…”
ကောင်းကင်မျက်လုံး မြေပြင်နားဆေးလုံးကို လဲလှယ်ရမည့် တန်ဖိုးက ကံကြမ္မာအမှတ်(၂၆၀)ဖြစ်သည်။ အကယ်၍ သူက တိုက်ရိုက်ဉာဏ်အလင်းပွင့်မှုကို လိုချင်သည်ဆိုလျှင်တော့ နားတံခါးနှင့် ပတ်သက်သော သွေးကြောမှတ်များကို စုစည်းရန်အတွက် (၂)ဆ ပေးရမည်ဖြစ်သည်။ အကယ်၍ ကံကြမ္မာအမှတ် လုံလောက်မည်ဆိုလျှင်တော့ ကံကြမ္မာအရှင်သခင်က လုပ်ဆောင်ပေးနိုင်၏။
“တကယ်လို့ မင်းမှာ ကံကြမ္မာအမှတ်လုံလောက်တယ် ဆိုရင်တော့ မင်းက အကုန်လုံးကို ရွေးချယ်တာ ပိုပြီး ကောင်းမယ်။ မဟုတ်ရင်တော့ မင်းက ကံကြမ္မာအမှတ်အလိုက် ပိုပြီးအရေးကြီးတဲ့အရာကိုပဲ ရွေးချယ်သင့်တယ်…"
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး အတော်လေးလည်း စိတ်အေးသွားသလို ခံစားလိုက်ရသည်။
ထို့နောက် သူ့စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်မိသည်။
“သနားစရာကောင်းလိုက်တဲ့ အန်ကုံရှဲ့...”
"တကယ်လို့ ဉာဏ်အလင်းပွင့်မှုအဆင့် အသေခံတိုက်ကွက်လိုချင်တာလျှင် ငါ့ဆီမှာ တစ်ခုရှိတယ်…"
ကျန်းကျိဝေက ချိုသာစွာ ပြုံး၍ ပြောလိုက်သည်။
အကယ်၍ သူကသာ ဝေ့ကျင်းအဆင့်သိုင်းကွက်မျိုးကို တွေ့ရမည်ဆိုလျှင် လက်ရှိအခြေအနေ၌ သူတို့ဆီမှ တောင်းဆို၍ မရနိုင်ပေ။ မုန့်ချီကတော့ ဉာဏ်အလင်းပွင့်မှုအဆင့် အသေခံတိုက်ကွက်မျိုးကိုသာ လဲလှယ်ချင်ခဲ့သည်။ ထိုအရာက လဲလှယ်ရန်အတွက် အခြေအနေမျိုးစုံလည်း ရှိနေသေးသည်။
အကယ်၍ သူ့ဆီ၌ ပင်မလမ်းညွှန်မှုမရှိလျှင် သိုင်းကွက်အများစုကို သုံး၍ မရနိုင်ပေ။ သူကတော့ ချီစုဆောင်းရေးအဆင့်နှင့် ဉာဏ်အလင်းပွင့်မှုအဆင့် စွမ်းအားများကိုသာ သုံးနိုင်၏။
ကျန်းကျိဝေ၏ စကားကိုကြားသည့်အခါ မုန့်ချီက ရှုပ်ထွေးစွာ မေးလိုက်မိသည်။
"ကျိဝေ…နင်က ဓားကျင့်စဉ်တစ်ခုခုကို သိထားလို့လား..."
Translated by Hein Htet