အခန်း (၉၃)
Vol. 7 Ch. 93
"ငါက ဓားပညာအကြောင်းကိုပဲ ပြောနေတာပါ…"
ကျန်းကျိဝေက သေချာအာမခံနေပုံရသည်။
သူမ၏စနောက်နေသည်ဟုသာ မုန့်ချီက တွေးနေမိခဲ့၏။ ထို့ကြောင့် သူက အပြုံးနှင့် ပြောလိုက်သည်။
"ငါက ဓားပညာကို မကျွမ်းကျင်သေးဘူးလေ။ အခုမှစပြီး သင်ကြားတတ်မြောက်ဖို့ကလည်း တော်တော်လေးခက်တယ်…"
"ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ နင်က ဓားမောက်အသေခံသိုင်းကွက်တစ်ခုကို လဲလှယ်ဖို့ မဖြစ်နိုင်သေးဘူးလေ။ ဒီတော့ သံသရာတာဝန်အတောအတွင်း ငါ့ဆီကနေ ဓားပညာကို သင်ကြားမယ်ဆိုရင်လည်း အချိန်ဖြုန်းသလို မဖြစ်တော့ဘူးလေ…"
ကျန်းကျိဝေက နှုတ်ခမ်းကိုကိုက်ပြီး အလွန်လှပစွာ ပြုံးလိုက်၏။
"အရေးကြီးဆုံးကတော့ ဒီဓားသိုင်းပညာကို လူသစ်တစ်ယောက်က သုံးလိုက်မယ်ဆိုရင် ဘယ်လိုအားနည်းချက်တွေရှိမလဲဆိုတာ ငါက သိချင်နေတာ။ အဲဒါဆိုရင် ငါက အဲဒီဓားသိုင်းကို ပြင်ဆင်လို့ရပြီလေ။ ပြီးတော့ နင့်ဆီမှာဓားနဲ့ပတ်သက်ပြီး အခြေခံကောင်းတွေ ရှိနေတာပဲ။ ဒီတော့ ဓားပညာကို အလွယ်တကူ နားလည်နိုင်မှာပါ…"
သူမပြောသည့်နောက်ဆုံးစကားကြောင့် သူ၏ရှက်ရွံ့မှုများက ပျောက်ကွယ်သွားခဲ့သည်။ သို့သော် သူက မနေနိုင်ဘဲ မေးလိုက်မိသေး၏။
“ပြင်ဆင်ဖို့ ဟုတ်လား ။ အဲဒီဓားပညာက နင်ကိုယ်တိုင် ဖန်တီးထားခဲ့တာလား…"
ချီကျန်းရန်နှင့် ဖူကျန်းကျန်းတို့အားလုံးကလည်း ကျန်းကျိဝေကို အံ့ဩထိတ်လန့်စွာ ကြည့်လိုက်မိသည်။ သူမက ကိုယ်ပိုင်ဓားပညာတစ်ခုကို ဖန်တီးခဲ့ခြင်းပေလော။ ထိုသို့ဆိုလျှင် သူမကို ဓားပညာတစ်ယောက်ဟု ခေါ်ခြင်းကပင် လျော့တွက်ရာ ကျပါလိမ့်မည်။
မုန့်ချီကလည်း ကိုယ်တိုင် ဖန်တီးထားသည့် သိုင်းပညာကို သုံးခဲ့ဖူးသည်။ သို့သော် ထိုသိုင်းကွက်များအားလုံးက သီးသန့်ဖန်တီးထားခြင်းမဟုတ်ဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်မှ ပြောင်းလဲဆင်းသက်လာခြင်းဖြစ်၏။ ကျန်းကျိဝေကတော့ သူမသင်ယူထားသောအရာများကို ပေါင်းစပ်၍ ဓားသိုင်းအသစ်တစ်ခု ဖန်တီးနိုင်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
"ဟုတ်တယ် ။ ငါက အနန္တဓားသိုင်းကို အမြဲတမ်းသုံးဖို့ခက်တယ်လေ ။ ဒီတော့ ငါက အဲဒီဓားသိုင်းကို ရိုးရှင်းအောင် ပြောင်းလဲလိုက်ပြီး ဉာဏ်အလင်းပွင့်မှုအဆင့်မှာ နေ့စဉ်အသုံးပြုနိုင်တဲ့ အသေခံသိုင်းကွက် သဘောမျိုး ပြောင်းလဲလိုက်တယ်။ နဂိုတုန်းကတော့ ငါလည်း ဘာမှမသိခဲ့ဘူး။ ငါက အထွဋ်အမြတ်ဝိညာဉ်ဓားပညာထဲက ဂရုဏာဓားနဲ့ ဂရုဏာမဲ့ဓားသိုင်းတို့ကို ပေါင်းစပ်ပြီးမှပဲ အကြံသစ်တစ်ခုကို ချက်ချင်းရလာခဲ့တာ။ အဲဒီ(၂)ခုကို ပေါင်းစပ်လိုက်တဲ့အချိန်မှာ ငါက ဓားသိုင်းပညာအသစ်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်…."
ကျန်းကျိဝေက ထူးဆန်းစွာ ပြောလိုက်သည်။ သူမ၏မျက်နှာလေးကတော့ ရှားရှားပါးပါးကို နီရဲနေပြီး နေဝင်ဆည်းဆာချိန်ကဲ့သို့ အတော်လေးကို လှပလွန်းလှ၏။
"ဒီဓားသိုင်းကွက်က ဉာဏ်အလင်းပွင့်မှု အတောအတွင်း ထိပ်တန်းဓားပညာတစ်ခု ဖြစ်မယ်လို့ သတ်မှတ်နိုင်တယ်။ ဒါကြောင့် ငါက ရာမဖိတ်ခေါ်ခြင်း ဓားသိုင်းလို့ နာမည်ပေးထားတယ်…"
ထိုနာမည်ကြောင့် သူမက အနည်းငယ်ပို၍ရှက်ရွံ့သွားခဲ့သည်။
"ဒါပေမယ့် အဲဒါက ကိုယ့်ဂိုဏ်းမှာရှိတဲ့ သိုင်းကျမ်းကို လျှို့ဝှက်ပြီး ပေးလိုက်တဲ့ သဘောမျိုး မသက်ရောက်ဘူးလား…။ ပြီးတော့ နင်ကသာ အထွဋ်အမြတ်ဝိညာဉ် ဓားပညာကို လက်ဆင့်ကမ်းပေးလိုက်မယ်ဆိုရင် သံသရာအရှင်သခင်ကလည်း ရှင်းပစ်ခံရနိုင်တယ်…"
မုန့်ချီကတော့ ဓားပညာကို စိတ်ဝင်စားနေသော်လည်း သူမကို အကြံပေးနေသေးသည်။ ထို့ပြင် ကျန်းကျိဝေပြောသည့်စကားက အကြွင်းမဲ့ မှန်ကန်နေခဲ့၏။ လက်ရှိအချိန်တွင် သူက မည်သည့်သိုင်းပညာကိုမျှလဲလှယ်၍ မရနိုင်သေးပေ။ သူပြန်လာသည့် အချိန်ကျလျှင်လည်း တိုက်ရိုက်ပေါင်းစပ်ခြင်း သို့မဟုတ် လေ့ကျင့်ရန် အချိန်အတွက် ကံကြမ္မာအမှတ်များ သုံးရပါလိမ့်မည်။
ထို့ကြောင့် သံသရာတာဝန် လုပ်ဆောင်နေစဉ် အတောအတွင်း သူ့အတွက် ဓားသိုင်းပညာတစ်ခု လေ့ကျင့်ရန် အခွင့်အရေးရသည်မှာ အချည်းနှီးတော့ မဖြစ်နိုင်ပေ။
သူ၏မျက်နှာအမူအရာက ပုံမှန်ပြန်ဖြစ်သွားသည့်အချိန်တွင် ကျန်းကျိဝေက အပြုံးနှင့် ပြောလိုက်၏။
"ဒါက ငါကိုယ်တိုင်ဖန်တီးထားတဲ့ ဓားသိုင်းပညာအသစ်လေ။ ဒါက ဓားပညာနှစ်ခုလုံးရဲ့ အနှစ်သာရတွေနဲ့ နည်းနည်းချင်းဆီတော့ ဆက်သွယ်နေတယ်။ ဒါပေမယ့် အဲဒါက ကျောင်းတစ်ကျောင်းရဲ့ ထိပ်သီးသိုင်းပညာလို့လည်း သတ်မှတ်လို့ မရနိုင်သေးတဲ့အတွက် သံသရာအရှင်သခင်က ရှင်းပစ်ခံရမှာ မဟုတ်ဘူး။ ငါက သူ့ကို တိတ်တဆိတ်မေးပြီးသွားပြီ…"
"ငါနားလည်ပြီ ။ ဒါဆိုရင် ဒီဓားသိုင်းက အနန္တဓားသိုင်းနဲ့ တူညီနေတာပဲ ဖြစ်နိုင်မယ်…"
မုန့်ချီကတော့ အတော်လေး စိတ်ဝင်စားလာပြီး မေးလိုက်သည်။
"တကယ်လို့ ကျိကျန်းစံအိမ်က လူတွေက နားလည်မှုလွဲသွားရင် ဘယ်လိုလုပ်မလဲ…"
"တကယ်လို့ နင်က ကျိကျန်းဓားစံအိမ်က တပည့်တွေရှေ့မှာ အဲဒီဓားသိုင်းကွက်ကို သုံးလိုက်လို့ သူတို့က အထင်လွဲသွားမယ်ဆိုရင် ငါကိုယ်တိုင်ပဲ နင့်ကို ဖြေရှင်းမယ်။ ငါက နင့်ကိုသတ်ဖို့အတွက် မိုးဆုံးမြေဆုံးလိုက်မှာပဲ။ ပြီးတော့ ကျိကျန်းဓားစံအိမ်ရဲ့ အထွဋ်အမြတ်ဓားသိုင်းကို ခိုးယူတဲ့ သူခိုးကိုရင်လေးဆိုပြီးတော့ လိုက်ပြောမှာ…"
မုန့်ချီကတော့ အနည်းငယ် ရှက်ရွံ့သွားခဲ့သော်လည်း ကျန်းကျိဝေ၏ စကားကြောင့် ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ တိတိကျကျ ပြောရမည်ဆိုလျှင် အနန္တဓားသိုင်းနှင့် အထွဋ်အမြတ်ဝိညာဉ်ဓားသိုင်းကို လေ့ကျင့်ရသည့် အတွေ့အကြုံများအားလုံးက ကျိကျန်းဓားစံအိမ်၏ ဓားပညာဟုသာ သတ်မှတ်နိုင်သည်။
သို့သော် သံသရာအရှင်သခင်ကတော့ အထွဋ်အမြတ်ဝိညာဉ်ဓားသိုင်းမှ ဆင်းသက်လာသော သိုင်းပညာကို အလေးမထားပေ။ ကျန်းကျိဝေ၏ သဘောအတိုင်းသာဖြစ်၏။
စဉ်းစားကြည့်လိုက်ပြီးနောက် မုန့်ချီက လက်အုပ်ချီ၍ ဦးညွှတ်လိုက်သည်။ မည်သို့ဖြစ်စေကာမူသူက သံသရာတာဝန် လုပ်ဆောင်နေစဉ် အတောအတွင်း ရာမဖိတ်ခေါ်ခြင်းဓားသိုင်းကို နားလည်ရန် လိုအပ်သည်။ အနည်းဆုံးတော့ သူမ၏ရည်ရွယ်ချက်က လေးစားစရာကောင်းသည်။
ကျန်းကျိဝေကတော့ သူ၏အပြုအမူကြောင့် သက်ရောက်သွားခြင်း မရှိခဲ့ပေ။ မုန့်ချီက ဦးညွှတ်လိုက်သည်ကို မြင်သည့်အခါ သူမက အပြုံးနှင့် ပြောလိုက်၏။
"တစ်ခုတော့ရှိတယ် ။ နင်က မျက်လုံးတံခါးပွင့်နေပြီဆိုမှတော့ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ရဲ့အဆင့်(၅)ကို လေ့ကျင့်သင့်တယ်။ ဒါက နင့်ရဲ့ကြံ့ခိုင်မှုကို ပိုပြီးခိုင်မာစေလိမ့်မယ်…"
"ဟုတ်တယ်…”
မုန့်ချီက ခေါင်းကို ညင်သာစွာပွတ်၍ ပြောလိုက်သည်။ သူက ထိုမျှအရေးကြီးသောအရာတစ်ခုကို မေ့လျော့နေခဲ့၏။ သူက ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်နေခဲ့သော်လည်း ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်အဆင့်(၅)ကို လေ့ကျင့်ရန် မတွေးမိခဲ့ပေ။
အကြောင်းအရင်းကို ပြန်လိုက်ရမည်ဆိုလျှင် သူက ရှောင်လင်ကျောင်းသို့ ပြန်ရောက်သည်နှင့် ကံကြမ္မာအမှတ်မလိုဘဲ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို ရနိုင်မည်ဟု တွေးနေသေးခြင်းကြောင့်ဖြစ်သည်။ ထိုအရာကို သံသရာအရှင်သခင်ဆီမှ လဲလှယ်၍ ရနိုင်ကြောင်း မေ့လျော့နေခဲ့၏။
ယခု သူက ရှောင်လင်ကျောင်းတော်နှင့်အဝေးကိုရောက်နေပြီး အနားတွင်လည်း အန္တရာယ်များသော ရန်သူတစ်ယောက် ရှိနေသည်။ သူက ရှောင်လင်ကျောင်းတော်သို့ ပြန်ရောက်သွားပြီး လေ့ကျင့်ရန် အချိန်မလုံလောက်တော့ပေ။
အကယ်၍ သူသာ ယခုလဲလှယ်လိုက်မည်ဆိုလျှင် အဆင့်(၅)၏ အနှစ်သာရများကို ရရှိသွားနိုင်သည်။ ထိုသို့ဆိုလျှင် သာမန်သန့်စင်လက်နက်များနှင့် ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များ၏ တိုက်ခိုက်မှုကို သိသိသာသာ လျော့ကျသွားစေနိုင်သည့်အတွက် သူက အခွင့်အရေး ပိုရလာနိုင်သည်။ ထိုသို့ဆိုလျှင်တော့ သူ လေ့ကျင့်ရသည်မှာ ထိုက်တန်၏။
ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ အဆင့်(၅)မှစ၍ အဆင့်တိုင်းတွင် အတားအဆီးများ ရှိသည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၊ ကြိုးစားအားထုတ်မှုနှင့် နားလည်မှုကို အခြေခံပြီးစွမ်းအားက (၂)ဆနီးပါးခန့် တိုးမြင့်လာနိုင်သည်။
ထို့ကြောင့် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို လေ့ကျင့်သော လူတိုင်းက အဆင့်တစ်ဆင့်ကို ရောက်သည့်အချိန်တိုင်း တူညီသောစွမ်းအားများ ရှိနေကြခြင်း မဟုတ်ချေ။ အနည်းဆုံးတော့ အဆင့်တိုင်းတွင် ထိပ်ဆုံးသတ်မှတ်ချက်ကို ပြည့်မီသူများသာ မိုးကြိုးဓမ္မကာရအဆင့်ကို တက်လှမ်းနိုင်စွမ်းရှိသည်။
ထိုအရာက သိုင်းပညာ၏ဆန်းကြယ်မှုလည်းဖြစ်သည်။ တူညီသောသိုင်းပညာတစ်ခုကို တူညီစွာလေ့ကျင့်ပြီး အဆင့်တစ်ခုတည်းကို ရောက်နေသော်လည်း စွမ်းအားကွာဟမှုက အလွန်အမင်းကို ကြီးမားလွန်းလှသည်။
ကျန်းကျိဝေ၏ သတိပေးချက်ကြောင့် မုန့်ချီက ကျောက်စိမ်းစာရွက်လေးကို သွားလှန်ကြည့်လိုက်သည်။ သံသရာတာဝန်မစခင် သူတို့အနားရသည့်အချိန်က ကြာမြင့်နေခြင်း မရှိချေ။ ခဏအကြာတွင် သူတို့က တာဝန်စတော့မည်ဖြစ်သည်။
တိကျသည့် ပစ်မှတ်ရှိသည့်အတွက် မုန့်ချီက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ အဆင့်(၅)မှ အဆင့်(၈)ထိ စာရင်းကို တွေ့လိုက်ရသည်။ သူတို့ကတော့ ကံကြမ္မာအမှတ် (၂၀၀)၊ (၄၀၀)၊ (၆၀၀)နှင့် (၈၀၀) အသီးသီးရှိသည်။
မုန့်ချီဆီတွင်တော့ နေမင်းနီမကောင်းဆိုးဝါးဓားနှင့် တိမ်မုန်တိုင်းအပ်တို့ကလွဲလျှင် လဲစရာ တခြားမည်သည့်အရာမျှမရှိချေ။ ထို့ကြောင့် သူက ကျန်းကျိဝေနှင့် တခြားလူများကို ရှက်ရွံ့စွာ လှည့်ကြည့်လိုက်ရသည်။
"မိတ်ဆွေတို့…
ကြည့်ရတာတော့ မိတ်ဆွေတို့ဆီကနေ ဒီလောက်မြန်မြန် အကူအညီ တောင်းရတော့မယ် ထင်တယ်။ ငါက နင်တို့ဆီကနေ ကံကြမ္မာအမှတ်(၅၀) ချေးချင်တယ်။ ဟူး...ငါက တော်တော်လေးကို ဆင်းရဲသွားပြီပဲ…."
ကျန်းကျိဝေကတော့ ရယ်စရာကောင်းသော ကိုရင်လေးကြောင့် မပြုံးဘဲ မနေနိုင်ခဲ့ပေ။
"နင့်ဆီမှာကံကြမ္မာအမှတ်(၁၅၀)ရှိနေမှတော့ ငါရဲ့ဆေးပင်တစ်ရာဆေးလုံးကို လဲလိုက်မယ်ဆိုရင် လုံလောက်နိုင်တယ်။ ဒါဆိုရင်တော့ နင်က ငါ့ဆီမှာ ကံကြမ္မာအမှတ်(၆၀) အကြွေးတင်သွားမယ်…"
ဆေးပင်တစ်ရာဆေးလုံးက ဉာဏ်အလင်းပွင့်မှုအတောအတွင်း အလွန်အရေးပါသော ဆေးလုံးဖြစ်သည်။ ထိုဆေးလုံးတစ်လုံးလျှင် ကံကြမ္မာအမှတ်(၁၀၀) တန်ကြေးရှိ၏။ သံသရာအရှင်သခင်ဆီ၌ လဲလိုက်မည်ဆိုလျှင် ကံကြမ္မာအမှတ်(၆၀) (၇၀)ခန့် ရနိုင်သည်။
ချီကျန်းရန်က ရုတ်တရက ဝင်ပြောလိုက်၏။
"မိန်းကလေးကျန်းရဲ့ဆေးပင်တစ်ရာဆေးလုံးကို လဲဖို့ မလိုပါဘူး။ ငါတို့တွေ ပေါင်းလိုက်မယ်ဆိုရင် ကံကြမ္မာအမှတ် လုံလောက်တယ်။ ငါ့ဆီမှာ ကံကြမ္မာအမှတ်(၃၀) ပိုနေသေးတယ်…"
ဆေးပင်တစ်ရာဆေးလုံးက လက်ရှိတွင် လူတိုင်း၏အသက်ကို ကယ်တင်ပေးနိုင်သော ဆေးလုံးတစ်လုံး ဖြစ်သည်။ ထိုအရာမျိုးကို ဖြုန်းတီးပစ်ရန် မလိုအပ်ချေ။ ထို့ပြင် ဆေးပုလင်းထဲ၌ ဆေးလုံး (၃)လုံး(၄)လုံးခန့် ရှိနေသည်လည်း မဟုတ်ချေ။
ကျန်းယွင်ရှန်ကလည်း ပြောလိုက်သည်။
"ဒါဆိုရင်တော့ လုံလောက်သွားပြီ။ ငါ့ဆီမှာ ကံကြမ္မာအမှတ်(၁၀)ရှိတယ်။ ညီမလေးကျန်းဆီမှာလည်း ကံကြမ္မာအမှတ်(၁၀)ကျန်သေးတယ်…"
ကံကြမ္မာအမှတ်များ ပေါင်းစည်းလိုက်သည့်အချိန်တွင် မုန့်ချီက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်အဆင့်(၅)ကို ချောမွေ့စွာ လဲလှယ်နိုင်ခဲ့သည်။
ထို့နောက် သူက ချီကျန်းရန်၊ ကျန်းယွင်ရှန်နှင့်တခြားလူများကို စိုက်ကြည့်လိုက်သည်။
"မိတ်ဆွေတို့ အခုကစပြီး ငါ့ကို ကာကွယ်ပေးဖို့ ကြိုးစားသင့်တယ်။ ဘာလို့လဲဆိုတော့ ငါသေသွားမယ်ဆိုရင် မင်းတို့ရဲ့ ကံကြမ္မာအမှတ်တွေ ပြန်ရမှာ မဟုတ်တော့ဘူး။ ဟား…ဟား…ဟား...အကြွေးယူထားတဲ့ လူကမှ ဆရာကြီးပဲ…"
သူ့အတွေးက အလွန်ပွင့်လင်းလွန်းလှသည်။
ကျန်းကျိဝေက အဖြူရောင်မြူခိုးများ လွှမ်းခြုံနေခဲ့သော ကောင်းကင်ကြီးပေါ်ကို လှမ်းကြည့်နေခဲ့သည်။ ထို့နောက် သူတို့က နှစ်ဝက်အတွင်း တွေ့ကြုံခဲ့ရသော အတွေ့အကြုံများအကြောင်းကို ပြောနေကြသည်။
ခဏကြာပြီးနောက် အဖြူရောင်အလင်းတန်း(၃)ခုပေါ်လာခဲ့၏။
"လူသစ်တွေလား…"
ဖူကျန်းကျန်း မစိုးရိမ်စေရန် ကျန်းယွင်ရှန်က သူမ၏လက်ကို ကိုင်ထားပေးခဲ့၏။ အလင်းတိုင်လုံးများ ပျောက်ကွယ်သွားသည့်အချိန်တွင် လူစိမ်း(၃)ယောက် ပေါ်လာခဲ့သည်။
ယောကျာ်းလေး(၂)ယောက်နှင့် မိန်းမပျို တစ်ယောက် ဖြစ်၏။ မိန်းမပျိုက အရပ်ရှည်ရှည်နှင့် မျက်လုံးဆွေသည်။ နှာခေါင်းချွန်ချွန်နှင့်ထူထဲသောနှုတ်ခမ်းများ ရှိနေပြီး တစ်ခုချင်း ခွဲကြည့်လိုက်မည်ဆိုလျှင် ကြည့်မကောင်းသော်လည်း မျက်နှာတစ်ခုလုံး ခြုံငုံကြည့်လိုက်မည်ဆိုလျှင် အတော်လေး ကြည့်ပျော်ရှုပျော်ရှိသည်။
သူမက အသက်(၂၀)အရွယ်တွင် ကိုယ်ပိုင်အလှတရားရှိနေသော မိန်းမလှလေး တစ်ယောက်ဟုပင် သတ်မှတ်နိုင်သည်။ သူမက ခရမ်းရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖိနပ်အနက်ကိုစီး၍ ခါးတွင် ဓားနှစ်လက်ကို ချိတ်ထားသည်။
လူငယ်နှစ်ယောက်ကတော့ အသက်(၂၀)ဝန်းကျင်သာ ရှိနိုင်သေးသည်။ တစ်ယောက်က မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးနှင့် ကြွက်သားများ ပြည့်နှက်နေသော လူသန်ကြီးတစ်ယောက်ဖြစ်သည်။ သူ့ပုံစံကတော့ သူရဲကောင်းတစ်ယောက်၏ ပုံစံမျိုးဖြစ်၏။ သူ၏လက်မောင်းကို ဖော်ထားသည့်အတွက် လူရိုင်းတစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။
တခြားတစ်ယောက်ကတော့ ကောက်ကျစ်သော မျက်လုံးနှင့် မုန့်ချီတို့ကို စိုက်ကြည့်နေခဲ့သည်။ သူတို့အားလုံးက သံသရာကမ္ဘာကြီးထဲကို ပထမဆုံး ရောက်လာသူများကဲ့သို့ စိုးရိမ်ထိတ်လန့်နေခြင်း မရှိချေ။
"ဒီတစ်ကြိမ် မင်းတို့က ငါတို့ရဲ့အဖွဲ့သားတွေ မဟုတ်လား။ ငါ့ကိုယ်ငါပဲ မိတ်ဆက်ပါရစေ။ ငါ့နာမည်က လော်ရှန်းကျိ…."
လူသန်ကြီးက ရင်ဘတ်ကို လက်နှင့်ပုတ်၍ ရယ်လိုက်သည်။
"သူတို့တွေကတော့ ငါ့ရဲ့အဖွဲ့သား ရှချူးလင်နဲ့ ရှတန်တန်တို့ပဲ ။ သူတို့က မောင်နှမတွေ…"
“မောင်နှမတွေလား။ ဘာလို့ရုပ်က ဒီလောက်တောင် ကွာနေရတာလဲ။ တစ်ယောက်က ကိုယ်ပိုင်အလှရှိနေတဲ့ မိန်းမလှလေး တစ်ယောက်။ တခြားတစ်ယောက်ကတော့ ကောက်ကျစ်တဲ့ မျက်လုံးတွေ ရှိတယ်…”
ထိုအရာက မုန့်ချီ၏ခေါင်းထဲတွင် ပထမဆုံးတွေးခဲ့မိသော အတွေးတစ်ခုဖြစ်သည်။
တချိန်တည်းတွင် သူက ထပ်မံစဉ်းစားမိခဲ့၏။
"အဖွဲ့သားတွေလား..."
ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့ကလည်း အချင်းချင်း နားမလည်နိုင်စွာ လှည့်ကြည့်လိုက်မိသည်။
လော်ရှန်းကျိက ရယ်၍ပြောလိုက်၏။
"သံသရာကမ္ဘာကြီးထဲမှာ တာဝန်တွေလုပ်ဆောင်ဖို့အတွက် မတူညီတဲ့အဖွဲ့တွေကို တာဝန်ပေးခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့တွေက အဖွဲ့တစ်ခု ဖြစ်လာကြတော့တာပဲ။ ဒီတာဝန်က ငါတို့အဖွဲ့တွေကို ပူးပေါင်းပေးနေမှတော့ ခက်ခဲတဲ့ တာဝန်တစ်ခု ဖြစ်နိုင်သလို ပြိုင်ဘက်အဖွဲ့ကို ရင်ဆိုင်ရမှာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီတော့ အန္တရာယ်များပြီး အသက်အန္တရာယ် စိုးရိမ်စရာရှိတယ်…”
သံသရာကမ္ဘာကြီးထဲတွင် အဖွဲ့များစွာ ရှိနေပုံရသည်။ မုန့်ချီ၊ ကျန်းကျိဝေ၊ ကျန်းယွင်ရှန်နှင့်တခြားလူများဆီတွင်လည်း တူညီသောအတွေးများ ပေါ်လာခဲ့ကြ၏။
ထို့နောက် ကျန်းယွင်ရှန်က ရှေ့ထွက်လာပြီး သူတို့(၅)ယောက်နှင့် မိတ်ဆက်ပေးခဲ့၏။ သူကတော့ သူတို့၏ဂိုဏ်းများကိုပင် ပြောပြခဲ့ခြင်းမရှိချေ။ ထို(၃)ယောက်က အနာဂတ်တွင် ရန်သူဟုတ်မဟုတ် မည်သူကရော သိနိုင်မည်နည်း။
"ငါတို့ကနည်းနည်းလေး စိမ်းနေဦးမယ်လို့ထင်တယ်။ အနည်းဆုံးတော့ ငါတို့က ကျွမ်းကျင်ထားတဲ့ သိုင်းပညာတွေကို ပြောပြသင့်တယ်။ ဒါဆိုရင် တာဝန်ခွဲဝေဖို့ ပိုပြီးလွယ်တာပေါ့။ ငါက တံခါး(၇)ပေါက်ပွင့်နေပြီ။ ပြီးတော့ နည်းနည်းနာမည်ကျော်တဲ့ လက်သီးသိုင်းရှိတယ်…"
လော်ရှန်းကျိကတော့ သူ၏သိုင်းပညာများ၊ ဝှက်ဖဲများကို ပြောမပြခဲ့ပေ။ သူက အကြမ်းဖျင်းသာ မိတ်ဆက်ပေးခဲ့၏။
"နာမည်နည်းနည်းရှိတာလား ။ မင်းက ပြိုင်ဖက်ကင်းသံလက်သီး လော်ရှန်းကျိလား…"
ကျန်းယွင်ရှန်က ချက်ချင်း မှတ်မိသွားခဲ့သည်။
"အတိအကျပဲ…"
လော်ရှန်းကျိက ပြန်ဖြေလိုက်သည်။
မုန့်ချီ၏အမူအရာကို မြင်သည့်အခါ ကျန်းကျိဝေက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။
"သူက လက်ရှိ သူ့အဆင့်မှာ မဖြစ်နိုင်တဲ့ကိစ္စတွေကိုလုပ်ပြီး နာမည်ကြီးလာခဲ့တာ။ သူက အခုလူငယ်မှတ်တမ်းမှာ အဆင့်(၃၀)လေ…”
သူက ခေါင်းဖြူလင်းတ အန်ကုန်ရှဲ့ထက်ပင် ပို၍အဆင့်မြင့်နေသေးသည်။ ထို့ကြောင့် လျော့တွက်၍ မရနိုင်ပေ။ မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး အနာဂတ်တွင်တော့ လူငယ်မှတ်တမ်းကို စစ်ဆေးကြည့်သင့်သည်ဟု တွေးမိသွားသည်။
ကျန်းယွင်ရှန်က စကားပြောရန် ပြင်လိုက်စဉ် လူတိုင်း၏မျက်လုံးထဲ၌ မည်းမှောင်သွားခဲ့ပြီး လူတိုင်း၏ နားထဲ၌ သံသရာအရှင်သခင်၏အသံကို ကြားလိုက်ရသည်။
"မကောင်းဆိုးဝါးအုတ်ဂူက ပွင့်လာတော့မယ်။ ဂိုဏ်းကြီး(၄)ဂိုဏ်းက မကောင်းဆိုးဝါး ကိုးကွယ်သူတွေရဲ့ ဌာနချုပ်ဖြစ်တဲ့ အထွဋ်အမြတ်မီးတောက်တောင်တန်းကို ပူးပေါင်းဝိုင်းရံတိုက်ခိုက်ဖို့ ကြိုးစားနေကြတယ်။ သူတို့က ရန်သူရဲ့ပင်မအင်အားစုကို နှိမ်နင်းပြီး မကောင်းဆိုးဝါးအုတ်ဂူကို ပိတ်လှောင်ချင်နေတာ…”
“ပင်မတာဝန် (၁) …
လေတိမ်တိုက်တောင်တန်းကိုသွားပြီး ဂိုဏ်း(၄)ဂိုဏ်း မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းရမယ်။ မကောင်းဆိုးဝါးကိုးကွယ်သူတွေကို တိုက်ခိုက်ပြီး သူတို့ရဲ့ဌာနချုပ်ကို ဖျက်ဆီးရမယ်။ မကောင်းဆိုးဝါးအုတ်ဂူကိုလည်း ပိတ်လှောင်ရမယ်။ တာဝန်ပြီးဆုံးရင် ကံကြမ္မာအမှတ်(၃၀၀)ဆီရမယ်။ ကျရှုံးမယ်ဆိုရင်တော့ မင်းတို့ဆီက တူညီတဲ့ကံကြမ္မာအမှတ်တွေ ပြန်နှုတ်မယ်…”
“ပင်မတာဝန် (၂) - အဖွဲ့လိုက် ယှဉ်ပြိုင်ခြင်းတာဝန် …
မကောင်းဆိုးဝါးကိုးကွယ်သူအဖွဲ့ထဲမှာရှိနေတဲ့ သံသရာခရီးသွားတွေကို သတ်ရမယ်။ ချီစုဆောင်းရေးအဆင့်ရှိတဲ့ ရန်သူတစ်ယောက်ကို သတ်နိုင်မယ်ဆိုရင် အဖွဲ့သားတိုင်းက ကံကြမ္မာအမှတ်(၅၀)ဆီရမယ်။ ကျရှုံးမယ်ဆိုရင် လူတိုင်းဆီကနေ ကံကြမ္မာအမှတ်(၅၀)ဆီ ပြန်နှုတ်မယ်။ တံခါး(၆)ပေါက်အောက် ရန်သူကို သတ်နိုင်မယ်ဆိုရင် ကံကြမ္မာအမှတ်(၁၀၀)ဆီရမယ်။ ကျရှုံးမယ်ဆိုရင် တူညီတဲ့ကံကြမ္မာ အမှတ်အနှုတ်ခံရမယ်။ တံခါး(၆)ပေါက်နဲ့အထက် ပွင့်နေတဲ့ ရန်သူတစ်ယောက်ကို သတ်နိုင်မယ်ဆိုရင် ကံကြမ္မာအမှတ်(၂၀၀)ဆီရမယ်။ ကျရှုံးမယ်ဆိုရင် တူညီတဲ့ကံကြမ္မာအမှတ် အနှုတ်ခံရမယ်။ နောက်ဆုံးမှာ ကံကြမ္မာအမှတ်မလုံလောက်တဲ့လူက အသတ်ခံရမယ်…"
Translated by Hein Htet.