အခန်း (၉၄)
Vol. 7 Ch. 94
ရရှိမည့်ဆုလာဘ်နှင့် အနှုတ်ခံရမည့် ကံကြမ္မာအမှတ်များကို ကြားလိုက်ရသည့် အချိန်တွင် မုန့်ချီတို့အားလုံးက သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဆုလာဘ်တိုင်းနှင့် ပြန်အနှုတ်ခံရသည့် အရာတိုင်းက လူတစ်ယောက်၏ အသက်ကို ပြောင်းလဲပေးနိုင်သည်ဟု ဆိုလိုနေသည်။ အဖွဲ့ချင်း တိုက်ခိုက်ရမည့်တာဝန်က အတော်လေးကို အန္တရာယ်များလွန်းလှ၏။
အမှောင်ထုကြီး ပျောက်ကွယ်သွားသည့် အချိန်တွင် မုန့်ချီ၏နားထဲ၌ တဝီဝီ မြည်သံများကို ကြားနေရသည်။ မုန့်ချီက မျက်လုံးဖွင့်ကြည့်လိုက်ရာ တည်းခိုဆောင် တစ်ခု၏ ခန်းမထောင့်တွင် ရှိနေကြောင်း တွေ့လိုက်ရ၏။
သူ့ရှေ့တွင်တော့ လူများပြည့်နေသော လေးထောင့်စားပွဲဝိုင်းများစွာ ရှိနေသည်။ ထိုလူများအားလုံးက ခါးတွင် လက်နက်များ ချိတ်ထားသည့်အတွက် သိုင်းလောကသားများ ဖြစ်သည်မှာ သေချာ၏။ သို့သော် ထောင့်နေရာတွင် ရုတ်တရက်ပေါ်လာသော လူ (၈) ယောက်ကို သူတို့လည်း လုံးဝသတိမထားမိခဲ့ကြပေ။
မုန့်ချီက ကျန်းကျိဝေ ၊ ကျန်းယွင်ရှန်နှင့် တခြားလူများကို လှည့်ကြည့်လိုက်၏။ သူတို့၏ မျက်လုံးထဲတွင်လည်း သံသရာအရှင်သခင်၏ နည်းလမ်းများကို အမှန်တကယ် အံ့သြနေကြပုံ ပေါ်သည်။
ပထမတွင်တော့ သံသရာအရှင်သခင်က သူတို့ကို မည်သူမှ အလေးမထားသော နေရာတစ်ခုသို့ ပို့ဆောင်ပေးလိုက်မည်ဟု မုန့်ချီက တွေးခဲ့မိသည်။ အကယ်၍ သူတို့ကို ဆူညံနေသော ဈေးတစ်ခု၏အလယ် သို့မဟုတ် တည်းခိုဆောင်တစ်ခုထဲ၌ ပို့လိုက်မည်ဆိုလျှင်ပင် ထူးခြားနေမည်ဟု မည်သူမျှတွေးမိမည် မဟုတ်ချေ။
ယခုတော့ သူတို့၏အခြေအနေက သာမန်မဟုတ်တော့သည့်အတွက် သူတို့အားလုံးက အချင်းချင်း ကြည့်နေမိကြသည်။
"သံသရာအရှင်သခင်က တော်တော်လေးကို အစွမ်းထက်တယ်... ။ သူ့ရဲ့နည်းလမ်းတွေကို ငါတို့လည်း လိုက်မမီဘူး..။ အနည်းဆုံးတော့ ငါတို့က ဓမ္မကာရအဆင့်ကို မရောက်ခင် မလိုအပ်တဲ့ အပြုအမူတွေကို ဖြတ်တောက်ပစ်ဖို့ လိုတယ်... "
လော်ရှန်းကျိက အပြုံးနှင့် ပြောလိုက်သည်။
သူက မုန့်ချီနှင့် တခြားလူများ၏အတွေးကို နားလည်နေပုံရ၏။ သူကတော့ သံသရာသခင်ကို သေချာမသိသည့်အတွက် အင်မော်တယ် တစ်ယောက်ဟုသာ သတ်မှတ်ထားခဲ့သည်။
"အစ်ကိုလော်ရဲ့သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်... "
ကျန်းယွင်ရှန်က တလေးတစား ပြောလိုက်သည်။
လော်ရှန်းကျိက လက်မြှောက်ပြီး ရှတန်တန်နှင့် သူမ၏အစ်ကို ကို လက်ညှိုးထိုးပြလိုက်၏။
"ရှတန်တန်ကတံခါး (၄) ပေါက်ပွင့်နေပြီး ဓား (၂) လက် သုံးတဲ့နေရာမှာ ကျွမ်းကျင်တယ်..။ သူက ကိုယ်ဖော့ပညာ ၊ လက်နက်ပုံးနဲ့ ဆက်သွယ်ရေးမှာ အထူးကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ပဲ ။ မင်းတို့ကရော... "
ရှတန်တန်နှင့် ရှချူးလင်တို့က လော်ရှန်းကျိကို အလွန်လေးစားနေပုံရသည်။ သူစကားပြောသည့်အချိန်တွင် သူတို့က မည်သည့်လှုပ်ရှားမှုမျှ မရှိကြပေ။
လော်ရှန်းကျိ၏ အမူအရာကို မြင်သည့်အခါ ကျန်းယွင်ရှန်က ခဏကြာ စဉ်းစားပြီး ပြောလိုက်၏။
"ကျွန်တော်က တံခါး (၄) ပေါက်ပွင့်နေပြီး ဓားပညာကို ကျွမ်းကျင်တယ်... "
သူက ကျန်းကျိဝေကို လက်ညှိုးထိုးပြလိုက်သည်။
"ညီမလေးကျန်းကတော့ တံခါး (၄) ပေါက် ပွင့်နေတာ တော်တော်လေးကြာပြီ ။ သူလည်း ဓားပညာကို ကျွမ်းကျင်တာပဲ ။ ပြီးတော့ သူက တိုက်ခိုက်ရာမှာ ပိုပြီးကျွမ်းကျင်တယ်... "
ကျန်းကျိဝေက ဒုတိယသံသရာတာဝန်မစခင် သူမ၏နားတံခါးကို ဖွင့်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဒိုအာချာ၏ သံသရာတာဝန်နှင့် တစ်ဦးချင်းတာဝန် ပြီးဆုံးသွားသည့် အချိန်တွင် ကြားထဲ၌ တစ်နှစ်ခွဲခန့် အချိန်ရခဲ့သည်။ ထို့ကြောင့် သူမက နှာခေါင်းတံခါးနှင့် ပတ်သက်သော သွေးကြောမှတ်များ အားလုံးကို စုစည်းပြီးသွားနိုင်သည်။
သူမက ကောင်းကင်မျက်လုံး မြေပြင်နားဆေးလုံးကို လဲလှယ်ခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် လေ့ကျင့်ရာမှတဆင့် အဆင့်တက်နိုင်သည်ဟု ယုံကြည်ထားခြင်းကြောင့် ဖြစ်သည်။ ယခု သူမက တံခါး (၆) ပေါက် ပွင့်နေခြင်း ဖြစ်နိုင်သလို ပွင့်ရန် အလွန်နီးစပ်နေပြီဟုလည်း သတ်မှတ်နိုင်သည်။ သူကတော့ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး သူမကို မမေးရသေးသည့်အတွက် သေချာမှုမရှိချေ။
"တံခါး (၄) ပေါက် ပွင့်နေတဲ့ ကျန်းကျိဝေ ..၊ တိုက်ခိုက်ရေးဓားပညာကျွမ်းကျင်တယ်.."
ကျန်းယွင်ရှန်၏ မိတ်ဆက်ပေးမှုကို ကြားသည့်အခါ လော်ရှန်းကျိက ချက်ချင်း နားလည်သွားခဲ့၏။
"ဒါက ကျိကျန်းဓားစံအိမ်က မိန်းကလေးကျန်းလား... "
သိုင်းလောကထဲသို့ တရားဝင် ခြေမချရသေးသော မိန်းကလေးတစ်ယောက်က လူငယ်မှတ်တမ်းတွင် ပါဝင်နေသည်။ ထို့ကြောင့် လော်ရှန်းကျိက သူမကို ပို၍အလေးထားနေခဲ့၏။ သူမ၏နာမည်ကို မိတ်ဆက်ပေးလိုက်သည့်အချိန်တွင် သူ့ဆီ၌ အတွေးတချို့ ရှိသည်။ သူမ၏စွမ်းအားနှင့် အဆင့်ကို ကြားလိုက်ရပြီးနောက် သူက ပို၍ သေချာသွားခဲ့၏။
ကျန်းကျိဝေက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
"အဲဒါကျွန်မပါပဲ…"
သူမကတော့ မာနကြီးနေခြင်း မရှိသလို နှိမ့်ချနေခြင်းလည်း မရှိချေ။
"မိန်းကလေးကျန်းပါနေမှတော့ ဒီတာဝန်က တော်တော်လေးကို ရိုးရှင်းသွားမှာပါ... "
လော်ရှန်းကျိက သူတို့၏ပတ်သက်မှုကို တိုးတက်စေရန်အတွက် အခေါ်အဝေါ် ပြောင်းလဲလိုက်သည်။
ကျန်းကျိဝေကတော့ ပြန်မဖြေဘဲ ကျန်းယွင်ရှန်က ဆက်လက် မိတ်ဆက်ပေးလိုက်သည်။
"ညီလေးချီက တံခါး (၂) ပေါက် ပွင့်နေပြီး သူက ထူးခြားတဲ့သိုင်းပညာတွေ ပိုင်ဆိုင်ထားတယ်... ။ သူရဲ့လက်သီးပညာနဲ့ ကန်ချက် ၊ ကိုယ်ဖော့ပညာနဲ့ ဓားသိုင်းကလည်း အရမ်းထူးခြားတယ်... "
လက်သီးပညာနှင့်ကန်ချက် ၊ ကိုယ်ဖော့ပညာနှင့်ဓားသိုင်း အစရှိသည့် ပညာများအားလုံးက ပရမ်းပတာကျင့်စဉ်ထဲတွင် ပါဝင်နေသည်။ ကျန်းယွင်ရှန်က ချီကျန်းရန်နှင့် သေချာရင်းနှီးနေခြင်း မရှိသည့်အတွက် လော်ရှန်းကျိ ၊ ရှတန်တန်နှင့် ရှချူးလင်တို့ကတော့ သူတို့ကို ခေါင်းညိတ်ပြရုံသာ ရှိသည်။
"ညီလေးကျန်းတင်ကတော့ တံခါး (၂) ပေါက် ပွင့်နေပြီ ။ သူက မာကျောတဲ့ဓားပညာကို ကျွမ်းကျင်တယ်... "
ကျန်းယွင်ရှန်က တမင်တကာ အနည်းငယ်လွဲ၍ မိတ်ဆက်ပေးနေခြင်း ဖြစ်သည်။ တစ်ဖက်တွင်တော့ မုန့်ချီ၏ တိုက်ခိုက်စွမ်းရည်ကို ရှင်းပြနေပြီး သူ့အတွက် စီစဉ်ပေးရန် လွယ်ကူသွားအောင် လုပ်ဆောင်ခြင်း ဖြစ်၏။ တစ်ဖက်တွင်တော့ သူက လမ်းလွဲသွားအောင် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ မာကျောသော ဓားပညာက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နှင့် အတော်လေးကို ကွဲပြား၏။
လော်ရှန်းကျိနှင့် ရှချူးလင်တို့က မုန့်ချီကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ရှတန်တန်ကသာ သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်နေခဲ့၏။ သူမ၏မျက်လုံးက နေမင်းနီမကောင်းဆိုးဝါးဓားပေါ်တွင် ခဏကြာ ရပ်နေခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူမကိုယ်တိုင်လည်း ဓားသမားတစ်ယောက် ဖြစ်၏။
"ညီမလေးဖူကတော့ မျက်လုံးတံခါးပဲ ပွင့်သေးတယ်...။ သူက လက်ဝါးသိုင်းပညာ၊ ကိုယ်ဖော့ပညာနဲ့ ဆေးပညာတွေ ကျွမ်းကျင်တယ်... "
ထိုအပိုင်းကို မိတ်ဆက်ပေးသည့်အချိန်တွင် ကျန်းယွင်ရှန်က ခဏရပ်လိုက်သည်။
"ငါတို့ထဲမှာ ချီစုဆောင်းရေးအဆင့် အဖွဲ့သားတွေမပါဘူး...၊ ဒါဆိုရင် ရန်သူအဖွဲ့မှာ အဲဒီလို လူတွေပါတယ်လို့ ပြောချင်တာလား... "
လော်ရှန်းကျိကတော့ သံသရာတာဝန်တွင် အတော်လေး အတွေ့အကြုံ ရင့်ကျက်နေပုံရသည်။ ထို့ကြောင့် ကျန်းယွင်ရှန်က သူ့ကိုမေးလိုက်၏။
"ဟုတ်တယ်..။ ဒါပေမဲ့ နည်းနည်းပဲ ပါလိမ့်မယ်..။ ပုံမှန်အားဖြင့် ပြောရရင် အဖွဲ့လိုက် တိုက်ပွဲတွေမှာ နှစ်ဖက်စလုံးရဲ့စွမ်းအားတွေက သံသရာအရှင်သခင်ရဲ့ အစီအစဉ်ကြောင့် တူညီသလောက်ရှိတယ်... ။ တကယ်လို့ တစ်ဖက်ဖက်က ပိုပြီးအစွမ်းထက်နေမယ်ဆိုရင် တခြားတစ်ဖက်ကို သံသရာကမ္ဘာကြီးထဲမှာရှိတဲ့ နယ်မြေခံအင်အားစုတွေနဲ့ ပေါင်းထားပေးတတ်တယ်... "
လော်ရှန်းကျိက ကျန်းယွင်ရှန်၏စကားကို ထောက်ခံလိုက်သည်။ မုန့်ချီက သက်ပြင်းချလိုက်မိ၏။ သူတို့ပြောနေသည့်စကားက သူတွေးနေသည့်အရာနှင့် အတူတူသာ ဖြစ်သည်။
"ကြည့်ရတာ တစ်ဖက်အဖွဲ့ရဲ့အစွမ်းက ငါတို့ထက်ပိုပြီးတော့ ကောင်းမယ်ထင်တယ်..။ ဒါကြောင့် ငါတို့က လေတိမ်တိုက်တောင်တန်းကို မြန်မြန်သွားမှဖြစ်မယ်... "
"ဟုတ်တယ်..။ ကိုရင်လေးပြောတာမှန်တယ်..။ ငါလည်း အဲဒီလိုပဲ တွေးမိတယ်..။ ချူးလင် … အရင်ဆုံးအခြေအနေတွေကို သွားပြီးတော့ စုံစမ်းကြည့်လိုက်... ၊ ပြီးရင် ငါတို့သွားကြမယ်... "
လော်ရှန်းကျိက ရှချူးလင်ကို ပြောလိုက်သည်။
ရှချူးလင်က အပြုံးနှင့် မတ်တပ်ရပ်လိုက်ပြီး အဝေးတွင် ရှိနေသော စားပွဲဝိုင်းဆီသို့ လျှောက်သွားခဲ့၏။ သူက စားပွဲဝိုင်းတွင် ရှိနေသော လူ (၅) ယောက် ၊ (၆)ယောက်ခန့်နှင့် လျင်မြန်စွာ ပေါင်းစည်းသွားပြီး သူတို့နှင့် တရင်းတနှီး စကားပြောနေခဲ့သည်။ သူတို့ကတော့ တခဏအတွင်း ငယ်ပေါင်းကြီးဖော်များပမာ ဖြစ်သွားခဲ့၏။
မုန့်ချီနှင့် တခြားလူများက ရှချူးလင်၏ အချက်အလက်များကို စောင့်နေသည့် အချိန်တွင် လော်ရှန်းကျိက ဆက်ပြောလိုက်သည်။
"အစစ်အမှန် တိုက်ခိုက်စွမ်းရည်ဆိုတာက မတူညီတဲ့အရာတွေပဲ ။ တစ်ခါတလေ နယ်မြေအခြေအနေတွေလည်း ရှိနေသေးတယ်... "
ထိုအချက်ကို ပြောသည့်အချိန်တွင် အချိန်တော်တော်ကြာ တည်ငြိမ်နေခဲ့သော လော်ရှန်းကျိ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ဝေခွဲမရ ဖြစ်နေပုံရသည်။
သူတို့က အချင်းချင်း စကားပြောနေသည့်အချိန်တွင် လော်ရှန်းကျိက ခိုးနားထောင်မှာကို စိုးရိမ်နေသည့်အတွက် မုန့်ချီက ကျန်းကျိဝေ၏ နားတံခါးပွင့်နေခြင်း ရှိမရှိ မမေးခဲ့ပေ။
ခဏကြာပြီးနောက် အနည်းငယ် ရီဝေဝေ ဖြစ်နေပုံရသော ရှချူးလင်က နီရဲနေသော မျက်နှာအမူအရာနှင့် ပြန်ရောက်လာခဲ့သည်။
"လေတိမ်တိုက်တောင်တန်းက ဒီမြို့ရဲ့အပြင်ဘက်မှာပဲရှိတယ်... "
ရှချူးလင်ဆီမှ ကြားလိုက်ရသော စကားကြောင့် လူတိုင်းက စိတ်အေးသွားကြသည်။
"ဒီမှာရှိနေတဲ့ သိုင်းလောကသားတွေအားလုံးက နာမည်ကျော်ကြားပြီး အကျိုးအမြတ်ရဖို့အတွက် မကောင်းဆိုးဝါး ကိုးကွယ်သူတွေကို ဝိုင်းရံတိုက်ခိုက်ဖို့ ဂိုဏ်းကြီး (၄) ဂိုဏ်းနဲ့ ပူးပေါင်းချင်နေကြတာ...။ သူတို့တွေထဲမှာ အဖွဲ့ငယ်လေးတွေ အဖွဲ့ကြီးတွေ အများကြီးရှိတယ်... ။ ဒါကြောင့် ငါတို့ကို ဘယ်သူမှ အာရုံစိုက်နေမှာ မဟုတ်ဘူး... "
ရှချူးလင်၏ ဒုတိယစကားလုံးကြောင့် သူတို့က ပို၍ပင် စိတ်အေးသွားကြသည်။
"ဒါပေမယ့် ငါတို့က လူအများကြီးဖြစ်နေတယ်... ။ ဒီတော့ တစ်ကွဲတစ်ပြားဆီ မဖြစ်ဖို့အတွက် အဖွဲ့တစ်ခုအဖြစ် ဟန်ဆောင်လိုက်တာ ပိုပြီးကောင်းမယ်... "
ထိုစကားကို ပြောလိုက်ပြီးနောက် ရှချူးလင်က အရက်ခွက်ကိုယူပြီး သောက်လိုက်သည်။
လော်ရှန်းကျိက ရယ်လိုက်၏။
"ဒါဆိုလည်း ငါတို့က ယာယီအဖွဲ့တစ်ခု သတ်မှတ်လိုက်ကြတာပေါ့... ။ မင်းတို့မှာ နာမည်ကောင်းတစ်ခုခုများ ရှိလား... "
ထိုအရာကတော့ သူ၏စကားလုံးကို ဖော်ပြလိုက်ပြီး တခြားလူများ၏ ထင်မြင်ချက်ကို မေးလိုက်ခြင်းဖြစ်သည်။
" နာမည်ပေးမလို့လား... ။ ဒါဆိုရင်တော့ အဆင်ပြေတယ်... "
မုန့်ချီက အရင်ဆုံး ပြောလိုက်၏။
"ဒါဆိုလည်း စွမ်းအားအဖွဲ့လို့ပဲ ခေါ်ကြတာပေါ့..။ လက်ရှိအချိန်မှာ ငါတို့ရဲ့အစွမ်းက သိပ်ပြီးအစွမ်းမထက်ဘူး... ။ ဒါကြောင့် ငါတို့က ကောင်းကင်ခုံရုံးလို လွှမ်းမိုးနိုင်တဲ့ နာမည်မျိုးကို မပေးသင့်ဘူး... ။ စိမ်းပြာကျောင်းဆောင်တို့ ရွှေလေလှိုင်း ကျောင်းဆောင်တို့လို နာမည်မျိုးကလည်း စာတွေ့ဆန်တယ်... ။ ငါတို့နဲ့မလိုက်ဖက်ဘူး... "
"စွမ်းအားအဖွဲ့ ဟုတ်လား... ။ ဒါဆိုရင် ငါတို့က စွမ်းအားတွေကို ရယူမယ်လို့ ဆိုလိုချင်တာပဲ ။ တကယ့်ကို နာမည်ကောင်းတစ်ခုပဲ…"
လော်ရှန်းကျိက ရယ်လိုက်သည်။
"ကိုရင်လေးကျန်းတင် ဒီနာမည်မှာ အဓိပ္ပါယ်ရော ရှိသေးလား... "
"ငါက ဒါနဲ့ပတ်သက်ပြီး ပုံပြင်တစ်ပုဒ် ကြားခဲ့ဖူးတယ်.။ တစ်ချိန်တုန်းက ကမ္ဘာကြီးကို စိုးမိုးချင်တဲ့လူငယ် (၇) ယောက် ရှိခဲ့တယ်..။ ဒါကြောင့် သူတို့တွေက အချင်းချင်း သွေးသောက်ညီအစ်ကို ဖွဲ့လိုက်ပြီး သူတို့အဖွဲ့ရဲ့နာမည်ကိုလည်း စွမ်းအားအဖွဲ့လို့ နာမည်ပေးခဲ့ကြတယ်..။ သူတို့က ရည်မှန်းချက်မပြည့်မချင်း သူတို့ရဲ့နာမည်အစစ်ကို မသုံးဘူးလို့ သစ္စာဆိုထားကြတယ်... ။ ဒါကြောင့် သူတို့ရဲ့အသက်ပေါ်မူတည်ပြီး အချင်းချင်း အစ်ကိုကြီးလီ ၊ နံပါတ် (၅) လျှူတို့လို့ပဲ ခေါ်ကြတယ်... "
မုန့်ချီက ရယ်ကာမောကာနှင့် ပြောလိုက်၏။
လော်ရှန်းကျိ၏ မျက်လုံးများက ဝင်းလက်တောက်ပလာခဲ့သည်။
"တကယ့်ကို ကောင်းမွန်တဲ့ အတွေးအခေါ် ၊ ကောင်းမွန်တဲ့ရည်မှန်းချက်နဲ့ ကောင်းမွန်တဲ့ အပြုအမူတွေပဲ ။ အစ်ကိုကြီးလီ ၊ နံပါတ် (၅) လျှူ ၊ ငါက အဲဒီလိုအခေါ်အဝေါ်မျိုးကို တကယ်သဘောကျတယ်... "
သူက ပြောလိုက်ပြီးနောက် ကျန်းကျိဝေနှင့် တခြားလူများကို ကြည့်လိုက်သည်။
"တကယ်လို့ ငါတို့ကသာ အချင်းချင်း အသက်ပေးနိုင်တဲ့ မိတ်ဆွေကောင်းတွေ ဖြစ်လာမယ်ဆိုရင် ငါတို့ကလည်း သိုင်းပညာလမ်းကြောင်းမှာ ကြီးကြီးမားမား တစ်ခုခု ဖန်တီးနိုင်ဖို့..လိုတယ်. "
သူ၏ဖိတ်ခေါ်လိုက်သော ပုံစံကြောင့် မုန့်ချီနှင့် တခြားလူများက ရယ်လိုက်ကြသည်။ လော်ရှန်းကျိကတော့ ဒေါသထွက်နေခြင်း မရှိဘဲ မုန့်ချီကို မေးလိုက်၏။
"အဲဒီညီအစ်ကို (၇) ယောက်က သူတို့ရဲ့ရည်မှန်းချက်ကို အောင်မြင်သွားခဲ့လား... "
"သူတို့က အောင်မြင်သွားခဲ့တယ်... "
မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်၏။
လော်ရှန်းကျိက ဆက်မေးလိုက်သည်။
"သူတို့ရဲ့နောက်ဆုံးရလဒ်က ဘယ်လိုဖြစ်သွားလဲ... "
"သူတို့အောင်မြင်သွားတဲ့အချိန်မှာ နံပါတ် (၅) လျှူတစ်ယောက်တည်းပဲ အသက်ရှင်နေတော့တယ်... "
မုန့်ချီက သူတို့ကို နောက်ဆုံးရလဒ် မပြောချင်ခဲ့ပေ။
လော်ရှန်းကျိက တိတ်ဆိတ်သွားပြီး အရက်ခွက်ကို ညာလက်နှင့် ဆော့ကစားနေခဲ့၏။ ခဏကြာပြီးနောက် သူက ပြောလိုက်သည်။
"လေတိမ်တိုက်တောင်တန်းကို သွားကြစို့ ။ ချူးလင် …မင်းက အချက်အလက်တွေ စုံစမ်းဖို့အတွက် တာဝန်ယူလိုက်... "
မြို့အပြင်ဘက် (၁၀) မိုင်ခန့်အကွာတွင် အလွန်ကြီးမားသော လေတိမ်တိုက် တောင်တန်းကြီး ရှိသည်။ လမ်းတလျှောက်တွင် မုန့်ချီတို့အားလုံးက ရှချူးလင်ဆီမှ သတင်းအချက်အလက်များကို ရခဲ့၏။
ဥပမာအနေနှင့် ပြောရလျှင် ပင်မဂိုဏ်းကြီး (၄) ဂိုဏ်းဟူသည်မှာ လေတိမ်တိုက်တောင်တန်း ၊ ဝူကျန်းဂိုဏ်း ၊ ကြယ်ခူးကျောင်းဆောင်နှင့် ရှောင်ယွဲ့ကျောင်းတို့ကို ညွှန်ပြနေခြင်း ဖြစ်သည်။ ထိုဂိုဏ်းကြီး တစ်ခုချင်းဆီက အထွဋ်အမြတ်လက်နက် ပိုင်ဆိုင်ထားသော ဂိုဏ်းများဖြစ်ကြ၏။ ထို့ကြောင့်လည်း သူတို့က ပင်မဂိုဏ်းကြီး (၄) ဂိုဏ်းဖြစ်နေရခြင်း ဖြစ်သည်။
ထိပ်တန်းသိုင်းပညာရှင်များအားလုံးက ဂိုဏ်းကြီး (၄) ဂိုဏ်းမှဖြစ်စေ ၊ မကောင်းဆိုးဝါး ကိုးကွယ်သူများဆီမှဖြစ်စေ ထွက်လာကြခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာအတွင်း အမည်မသိ ဂိုဏ်းများက ထိပ်တန်းအဆင့်ကို ရောက်မလာကြပေ။
ထို့ကြောင့် မုန့်ချီက အတော်လေး ထူးဆန်းနေသလို ခံစားနေရ၏။ အထွဋ်အမြတ် လက်နက်ဟူသည့် အရာကိုလည်း သူက အကြိမ်ကြိမ် ခန့်မှန်းကြည့်နေခဲ့၏။ သူတို့က အစစ်အမှန် မှော်လက်နက်များ မဟုတ်ဘဲ ဝေ့ကျင်းအဆင့် အဖိုးတန်လက်နက်များ ဖြစ်နိုင်သည်။
လေတိမ်တိုက်တောင်တန်း၏ အပြင်ဘက်တွင် သိုင်းလောက သူရဲကောင်းများ အားလုံးကို ကြိုဆိုနေသော အစေခံများစွာ ရှိသည်။ မုန့်ချီတို့ ရောက်လာသည်ကို မြင်သည့်အခါ အစေခံများက သူတို့ကို တလေးတစား နှုတ်ဆက်လိုက်၏။
"စွမ်းအားအဖွဲ့ ဟုတ်လား... "
လော်ရှန်းကျိ၏အဖြေကို ကြားသည့်အခါ အစေခံက မျက်မှောင်ကြုတ်လိုက်သည်။ သူက ခဏကြာစဉ်းစားပြီး တလေးတစား ပြောလိုက်၏။
"သူရဲကောင်းတို့ …
ကျွန်တော်တို့ တည်းခိုဆောင်က လူပြည့်နေပါပြီ ။ ကျေးဇူးပြုပြီး တခြားတစ်နေရာကို သွားလိုက်ပါတော့... ။ မဟာမိတ်ဖွဲ့တဲ့အချိန်ကျမှပဲ ပြန်လာခဲ့ပါ... "
လော်ရှန်းကျိကတော့ စကားတစ်ခွန်းမျှမပြောဘဲ ညာလက်ကို မြှောက်လိုက်ပြီး တံခါးဝတွင် ရှိနေသော ကျောက်တုံးခြင်္သေ့ကြီးကို လက်သီးနှင့် ထိုးလိုက်သည်။
"ဗုန်း... "
ကျောက်တုံးခြင်္သေ့ကြီးက ကျောက်စများအဖြစ် ပြောင်းလဲသွားသည့်အတွက် လူတိုင်းက မျက်လုံးပြူးသွားကြ၏။
အစေခံများကလည်း စိုးရိမ်ထိတ်လန့်သွားကြပြီး မုန့်ချီတို့အဖွဲ့ကို ခြေဆုံးခေါင်းဆုံး ကြည့်နေကြသည်။ ခဏကြာပြီးနောက် သူကပြောလိုက်၏။
"သူ သူရဲကောင်းတို့ ကျေးဇူးပြုပြီး အထဲမှာ ရေနွေးကြမ်းသောက်ပါဦး... ။ ကျွန် ကျွန်တော်က တောင်တန်းသခင်ကို သတင်းပို့လိုက်ပါ့မယ်... "
တောင်တန်းထဲသို့ ရောက်လာပြီးနောက် လော်ရှန်းကျိက မုန့်ချီနှင့် တခြားလူများကို ပြောလိုက်သည်။
"တကယ်လို့ ငါတို့ကသာ ငါတို့ရဲ့အစွမ်းကို မပြသဘူးဆိုရင် ငါတို့ကို အလေးထားကြမှာ မဟုတ်ဘူး...။ ငါတို့အဖွဲ့ရဲ့အစွမ်းက တော်တော်လေးနည်းနေတယ်... ။ ဒီတော့ ငါတို့က ဂိုဏ်းကြီး (၄) ဂိုဏ်းမှာရှိတဲ့ အကြီးအကဲတွေနဲ့ မြန်မြန်တွေ့ဖို့လိုတယ်... "
"ငါလည်း အဲဒီလိုမျိုး စဉ်းစားမိတယ်... "
ကျန်းယွင်ရှန်က တလေးတစား ပြန်ဖြေလိုက်သည်။
မုန့်ချီ ၊ ကျန်းကျိဝေနှင့် ချီကျန်းရန်တို့ကလည်း အချင်းချင်း ကြည့်လိုက်မိကြပြီး သူတို့ဆီတွင်လည်း အလားတူ အတွေးများရှိနေကြောင်း သိနေကြ၏။ လော်ရှန်းကျိ၏ ဆုံးဖြတ်ချက်များ ၊ ဖြေရှင်းသည့် နည်းလမ်းများက မှန်ကန်နေသော်လည်း သူတို့နှင့် မဆွေးနွေးသည့်အတွက် သူတို့က အနည်းငယ် စိတ်ပျက်နေကြသည်။
ပန်းပွင့်ခန်းမထဲတွင် လူပေါင်းများစွာက ရေနွေးကြမ်းသောက်ပြီး သူတို့ကို တောင်တန်းသခင် ဖိတ်ခေါ်မည့်အချိန်ထိ စောင့်နေကြသည်။
"သခင်လေး …
ကျွန်တော်က အနားကို လျှောက်ပတ်ကြည့်ပြီး အချက်အလက်တွေ စုံစမ်းကြည့်လို့ရမလား... "
ရှချူးလင်က သတိထား၍ မေးလိုက်သည်။
လော်ရှန်းကျိ၏ခွင့်ပြုချက်ကို ရသွားပြီးနောက် သူလည်း အကြာကြီး ထိုင်မနေချင်သည့်အတွက် အပြုံးနှင့် ထွက်သွားခဲ့သည်။
ခဏကြာပြီးနောက် အစေခံလေးတစ်ယောက်က တလေးတစား လာပြောလိုက်၏။
"ဧည့်သည်တို့ …
တောင်တန်းသခင်က သူ့ရဲ့စာကြည့်ခန်းထဲကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်... "
"ကောင်းပြီ…"
လော်ရှန်းကျိက မတ်တပ်ရပ်ပြီး ပြောလိုက်၏။ သူက အနည်းငယ် တီးတိုးရေရွတ်လိုက်သည်။
"ချူးလင်က ဘာလို့အခုထိ ပြန်မလာရသေးတာလဲ... "
သူပြောပြီးသွားသည့်အချိန်တွင် သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရ၏။
"ရှချူးလင်ကို မကောင်းဆိုးဝါးကိုးကွယ်သူ အဖွဲ့မှာရှိတဲ့ သံသရာခရီးသွားက သတ်သွားပြီ ။ လူတိုင်းက ကံကြမ္မာအမှတ် (၁၀၀) ဆီအနှုတ်ခံရမယ်... "
"ဘယ်လို... "
မုန့်ချီတို့အားလုံးက အလွန်ထိတ်လန့်အံ့သြသွားကြသည်။ ရန်သူက ထိုမျှလျင်မြန်နေလိမ့်မည်ဟု သူတို့လည်း မထင်ထားခဲ့ကြပေ။ ထို့ပြင် သူတို့က လေတိမ်တိုက်တောင်တန်းထဲတွင် တိုက်ရိုက်သတ်ပစ်ခဲ့၏။
အန္တရာယ်က ရောက်လာပြီ ဖြစ်သည်။ ရှတန်တန်၏ မျက်နှာလေးက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး အတော်လေးကို လေးနက်သွားသည်။ ကျန်းကျိဝေ ၊ မုန့်ချီနှင့် တခြားလူများကလည်း ထိုအခြေအနေကို လျစ်လျူမရှုရဲသည့်အတွက် သူမ၏နောက်မှ လျင်မြန်စွာ လိုက်သွားခဲ့၏။
အစေခံလေးကလည်း ဇဝေဇဝါဖြစ်သွားပြီး သူတို့၏နောက်သို့ လိုက်သွားရန် အစောင့်များကို တောင်းဆိုခဲ့သည်။
သူမအစ်ကို၏ အဖြစ်အပျက်ကို ကြားလိုက်ရပြီးနောက် ရှတန်တန်က ရှချူးလင်၏ နေရာကို ရှာဖွေတွေ့ရှိခဲ့၏။ သူက ဧည့်သည်အခန်းတစ်ခုထဲတွင် သေဆုံးနေခြင်း ဖြစ်သည်။
သူမက တံခါးကိုဖွင့်ပြီး အထဲကို ဝင်လိုက်သည့်အချိန်တွင် အော်ဟစ်လိုက်မိပြီး နောက်ကို သတိလက်လွတ် ပြန်ဆုတ်လိုက်မိ၏။
မုန့်ချီက ခြေဖျားထောက်၍ ကြည့်လိုက်ရာ ရှချူးလင်နှင့် အဘိုးအိုတစ်ယောက်က အခန်းထဲတွင် ကျေနပ်ပျော်ရွှင်နေသော အမူအရာနှင့် လဲကျသေဆုံးနေကြောင်း မြင်လိုက်ရသည်။ သူတို့၏ခေါင်းအောက်တွင်ရှိနေသော အရေပြားကလည်း ကျုံ့နေသည်မှာ သွေးစုပ်ဖုတ်ကောင် တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
"အဂတိလက်ညှိုး... "
မုန့်ချီက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်မိသည်။
Translated by Hein Htet