အခန်း (၉၅)
Vol. 7 Ch. 95
“ကူရှောင်စန်း…”
ချီကျန်းရန်နှင့် ကျန်းယွင်ရှန်တို့ကလည်း တပြိုင်တည်းလိုလို ပြောလိုက်မိကြသည်။ အလွန်ထူးဆန်းသော သေဆုံးမှုအပြင် ရှချူးလင်ကို အလွယ်တကူ သတ်ပစ်နိုင်သော အစွမ်းမျိုး ရှိနေသည့်အတွက် မုန့်ချီတို့အားလုံးက ယခင်အဖြစ်အပျက်များကို ပြန်လည်စဉ်းစားနေခဲ့သည်။ သူတို့၏ အတွေးထဲတွင်တော့ လူတစ်ယောက်တည်းသာ ပေါ်လာခဲ့၏။
“ကူရှောင်စန်း....
လော်အဖွဲ့အစည်း၏ နတ်ဘုရားမ....”
အဂတိလက်ညှိုးက အဂတိသခင်မ၏ လျှို့ဝှက်ချက်ဖြစ်ပြီး လူတိုင်းကို လက်ဆင့်ကမ်းမပေးသော အရာတစ်ခုဖြစ်သည်။ ထိုသိုင်းပညာထဲတွင် လေဟာနယ်မြို့တော်ကို ပြန်သွားခြင်းနှင့် သက်ဆိုင်သည့် လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်နေသည်။
ယခင်မျိုးဆက်တွင်တော့ ဂိုဏ်းတည်ထောင်သူများ၊ နတ်ဘုရားမနှင့် အဖွဲ့အစည်းအပေါ် အကျိုးပြုထားသော စောင့်ရှောက်သူ အနည်းငယ်ကသာ ထိုကျင့်စဉ်ကို သင်ကြားခွင့်ရကြသည်။ ထို့ကြောင့် ကူရှောင်စန်းက ဤနေရာတွင် ရောက်နေကြောင်း မုန့်ချီတို့အားလုံးက အတော်လေး သေချာနေကြသည်။
စောင့်ရှောက်သူဆရာကြီးများက ထိပ်တန်းပညာရှင်များဖြစ်ကြပြီး အနည်းဆုံး ဝေ့ကျင်းအဆင့် ပညာရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က အဖွဲ့လိုက် ယှဉ်ပြိုင်တိုက်ခိုက်မှုတွင် သံသရာခရီးသွားများ မဖြစ်နိုင်ကြပေ။ မဟုတ်လျှင် သူတို့က ဤနေရာတွင် လူတစ်ယောက်တည်းကိုသာ သတ်ပစ်ပြီး မလိုလားအပ်သော ပြဿနာဖန်တီးလိမ့်မည် မဟုတ်ပေ။
ထို့ပြင် ထိုအရာက လော်အဖွဲ့အစည်း၏ ခေါင်းဆောင်က မကောင်းဆိုးဝါးကိုးကွယ်သူ ပို၍ပင် မဖြစ်နိုင်ပေ။ သူကတော့ လေဟာနယ် မကောင်းဆိုးဝါး သူတော်စဉ် ဓမ္မကာရအဆင့်ကို ရောက်နေပြီး ကောင်းကင်မှတ်တမ်းတွင် အဆင့်(၆) ဖြစ်သည်။ သူ့အတွက်က ဤကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးရန်ပင် ခက်ခဲသော တာဝန်တစ်ခု မဟုတ်ပေ။
အဂတိလက်ညှိုးနှင့် ကူရှောင်စန်းဟူသော စကားလုံးကို ကြားသည့်အခါ အလွန်တည်ငြိမ်နေသော လော်ရှန်းကျိက မျက်နှာပျက်သွားခဲ့၏။ သူက အသံတိုးတိုးနှင့် ပြောလိုက်သည်။
"ကူရှောင်စန်း ဆိုတာက လူငယ်မှတ်တမ်းမှာ အဆင့်(၄)ရှိနေတဲ့ အဂတိသခင်မ လူဝင်စားလား...."
"ဟုတ်တယ်...သူပဲ…."
မုန့်ချီက ပြန်ဖြေလိုက်သည်။
လော်ရှန်းကျိက သူတို့၏အဖွဲ့သားတစ်ယောက်ဖြစ်၏။ သူက တံခါး(၇)ပေါက် ပွင့်နေပြီး အစွမ်းထက်သော တိုက်ခိုက်ရေးသမားတစ်ယောက်လည်း ဖြစ်သည်။ အကယ်၍ မုန့်ချီကသာ ထိုအရာကို ဖုံးကွယ်ထားသည့်အတွက် ကူရှောင်စန်းက လော်ရှန်းကျိကို အလစ်ချောင်း တိုက်ခိုက်၍ သတ်ပစ်လိုက်မည်ဆိုလျှင် ကံကြမ္မာအမှတ်(၂၀၀) အနုတ်ခံရခြင်းက အဓိကပြဿနာမဟုတ်ချေ။ သူသာ အသတ်ခံလိုက်ရမည်ဆိုလျှင် တစ်ဖွဲ့လုံး၏ အစွမ်းက အနည်းဆုံး (၄၀) ရာခိုင်နှုန်းခန့် လျော့ကျသွားနိုင်၏။ ထိုအချိန်ရောက်လျှင် အနိုင်ရရန်အခွင့်အရေး အနည်းငယ်သာ ရှိတော့သည်။
လော်ရှန်းကျိက သူ၏ အံ့ဩထိတ်လန့်မှုများကို ထိန်းချုပ်ပြီး ခေါင်းညိတ်ပြလိုက်၏။
"အဂတိလက်ညှိုးက တကယ်ပဲ နာမည်ကျော်ကြားထိုက်ပါပေတယ်…"
သက်ပြင်းချလိုက်ပြီးနောက် သူက အလွန်ထိတ်လန့်ပြီး ဝမ်းနည်းနေသော ရှတန်တန်ကို ကြည့်၍ ပြောလိုက်၏။
"ကံကြမ္မာအမှတ်(၃)သိန်းရှိရင် ချူးလင်ကို ပြန်ရှင်လာအောင် လုပ်ပေးနိုင်တဲ့ အဆောင်ကို လဲလို့ရတယ်။ မျှော်လင့်ချက်မဲ့တာတော့ မဟုတ်သေးဘူး..”
“ကံကြမ္မာအမှတ်(၃)သိန်း....”
မုန့်ချီက အံ့ဩသွားခဲ့၏။ ထိုအရာက သံသရာကမ္ဘာကြီးထဲမှ ထွက်သွားနိုင်သော တိကျသည့် ပမာဏတစ်ခုလည်းဖြစ်သည်။ ပြောရမည်ဆိုလျှင် လူတစ်ယောက်၏ အသက်ကို ကယ်တင်ပေးမည့်အစား သံသရာအိပ်မက်ဆိုးကြီးထဲမှ ထွက်သွားခြင်းက ပို၍ကောင်းမွန်၏။သို့သော် ထိုအရာက ရွေးချယ်ရန် ခက်ခဲသည်။
မည်သို့ဖြစ်စေကာမူ မျှော်လင့်ချက်တစ်ခုတော့ ရှိနေသေးသည်။ တစ်ခါတရံ လူသားများဟူသည်မှာ မျှော်လင့်ချက် အနည်းငယ်ဖြင့် ဆက်လက် အသက်ရှင်နေကြခြင်းဖြစ်၏။
ရှတန်တန်က ဝမ်းနည်းစွာ ပြောလိုက်သည်။
"အစ်ကိုလော်...
အမှတ်(၃)သိန်းဆိုတာက ရေထဲမှာ ပန်းချီဆွဲသလိုပဲ။ အဲဒါက ဘယ်လိုမှ မလွယ်ကူနိုင်ဘူး။ ကျွန်မက အဲဒါကို မမျှော်လင့်ပါဘူး။ ကျွန်မက ချူးလင်အတွက် ကူရှောင်စန်းကို သတ်ပြီး လက်တုန့်ပြန်ပေးနိုင်ဖို့ပဲ မျှော်လင့်တယ်..."
လော်ရှန်းကျိက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစွာ ပြောလိုက်၏။
"တကယ်လို့ ချူးလင်ကို တခြားလူတစ်ယောက်က သတ်သွားတယ်ဆိုရင်တောင် ငါ လော်ရှန်းကျိကတော့ ကူရှောင်စန်းကို သတ်ပြီး လက်တုန့်ပြန်ပေးမှာပဲ..."
ထိုစကားကိုကြားသည့်အခါ မုန့်ချီက အနည်းငယ်မဲ့ လိုက်မိသည်။ ကူရှောင်စန်းက အလွန်ရက်စက်ကြမ်းကြုတ်ပြီး အစွမ်းထက်သည့် သိုင်းပညာရှိသည်။ အရင်းအမြစ်များစွာလည်း ရှိနေ၏။ သူမကို သတ်ရန် အလွန်ခက်ခဲနိုင်သည်။ ထို့ပြင် မထင်မှတ်သည့်အချိန်၌ သူမက မိန်းကလေးကျိအဖြစ်လည်း ပြောင်းလဲသွားနိုင်သေး၏။
ထိုအချိန်တွင် လေတိမ်တိုက်တောင်တန်းမှ အစေခံနှင့် အစောင့်များအားလုံးက အလောင်းကို ဂရုတစိုက် စစ်ဆေးနေကြသည်။ ထူးဆန်းသော သေဆုံးမှုကို မြင်သည့်အခါ သူတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာကြ၏။
သူတို့ထဲမှ တချို့တစ်ဝက်ကတော့ သူတို့၏ ခေါင်းဆောင်ကို သွားရောက် သတင်းပေးလိုက်ပြီး တခြားသူများကတော့ မုန့်ချီတို့ကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။ သူတို့ထဲတွင် အဘိုးအိုတစ်ယောက်နှင့် ပညာရှင် တစ်ယောက်က ပြောလိုက်၏။
"မိတ်ဆွေတို့....……
မင်းတို့ရဲ့ စကားအရ လူသတ်သမားကို သိနေတယ်ထင်တယ်…"
လော်ရှန်းကျိက သူတို့၏ ခေါင်းဆောင်အဖြစ် အမြဲလိုလို ပြုမူနေခဲ့သည်။ သို့သော် သူက ကူရှောင်စန်းနှင့် ပတ်သက်ပြီး မည်သည့အရာမျှ သိမထားခဲ့ပေ။ ထို့ကြောင့် သူက မုန့်ချီကို လှည့်ကြည့်လိုက်၏။
မုန့်ချီက ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။
"အော်မီတော်ဖော်....
လူသတ်သမားကို အရင်တုန်းကငါတို့တွေ့ခဲ့ဖူးတယ်။ သူက တော်တော်လေးကို ရက်စက်ကြမ်းကြုတ်ပြီး မကောင်းဆိုးဝါးကိုးကွယ်သူတွေရဲ့ သခင်အသစ် ဖြစ်နိုင်တယ်။ သူ့ရဲ့အစွမ်းက မကောင်းဆိုးဝါးကိုးကွယ်သူတွေရဲ့ ခေါင်းဆောင်ထက် နည်းနည်းလေးပဲ နိမ့်နိုင်မယ်…"
သူက ဤကမ္ဘာကြီးထဲတွင် ရှိနေသော လူတိုင်း၏ အစွမ်းကို သေချာမသိသေးပေ။ ထို့ကြောင့် တစ်စုံတစ်ခု တိတိကျကျပြောနိုင်ရန် ခက်ခဲနိုင်၏။ သို့သော် ကူရှောင်စန်းကို အလွန်အစွမ်းထက်သော လူတစ်ယောက်အဖြစ် ပုံဖော်လိုက်သည်မှာ ပို၍ ကောင်းမွန်သည်။
"မကောင်းဆိုးဝါးဟူထက် နည်းနည်းလေးပဲ နိမ့်တာလား...။ ဒါဆိုရင် သူက လျှို့ဝှက်ခြင်းအဆင့် အထွဋ်အထိပ်ကို ရောက်နေပြီး မျောလွင့်ခြင်းအဆင့်ကိုတောင် ရောက်တော့မှာလား…"
ထိုလူ၏ မျက်နှာအမူအရာက ထိတ်လန့်မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မကောင်းဆိုးဝါးကိုးကွယ်သူခေါင်းဆောင်နှင့် သူတို့၏ တောင်တန်းသခင်တို့က အဆင့်တူသည်ဟူ ယုံကြည်ထားခြင်းကြောင့်ဖြစ်သည်။
သူတို့က အမှန်တရားဂိုဏ်းနှင့် မကောင်းဆိုးဝါးဂိုဏ်း ပင်မ အင်အားစုနှစ်ခု ဖြစ်ကြ၏။ သူတို့က တခြားသောဂိုဏ်းများထက် ပို၍ အစွမ်းထက်ကြသည်။ အကယ်၍ လူသတ်သမားက မကောင်းဆိုးဝါးဟူထက် အနည်းငယ်သာ ပို၍နိမ့်ကျနေမည်ဆိုလျှင် သူမက ဝူကျန်းဂိုဏ်းခေါင်းဆောင်၊ ကြယ်ခူးကျောင်းဆောင်မှ ထိုင်ရှန့်အကြီးအကဲများ၊ ရှောင်ယွဲ့ကျောင်းမှ ပေါ်တယ်စောင့် အကြီးအကဲများ နီးနီး အစွမ်းထက်သည်ဟု ဆိုလိုနေသည်။
သို့သော် ထိုကဲ့သို့ အစွမ်းထက်သော လူတစ်ယောက်ကသာ တောင်တန်းထဲတွင် လျှို့ဝှက်ခြင်းအဆင့်ကို ရောက်နေသော လူတစ်ယောက်ကို သုတ်သင်နိုင်စွမ်းရှိသည်။
"အော်မီတော်ဖော်....
ဘုန်းတော်ကြီးတွေက မလိမ်တတ်ဘူး…"
မုန့်ချီက တလေးတစားပြောလိုက်၏။
ထိုလူက အံဩမှင်တက်သွားပြီး မေးလိုက်သည်။
“မကောင်းဆိုးဝါးကိုးကွယ်သူတွေထဲမှာ ဘယ်အချိန်တုန်းကများ အဲဒီလိုပညာရှင်တစ်ယောက် ရောက်လာရတာလဲ..။ ကိုရင်လေး...သူ့ရဲ့ နာမည်နှင့် သူရဲ့ပုံစံကို ပြောပြလို့ရမလား။ ကျေးဇူးပြုပြီး အသေးစိတ်ပြောပြပေးပါ။ ဒါဆိုရင် သူ့ကို ရှာဖို့အတွက် ငါ့တပည့်တွေကို ခိုင်းရတာ ပိုပြီးလွယ်ကူနိုင်တယ်…"
"သူ့နာမည်က...ကူရှောင်စန်း...။ သူက တစ်ခါတရံ သူ့ကိုယ်သူ မိန်းကလေးကျိလို့ ခေါ်တယ်။ သူက အသက်(၁၈) (၁၉)ဝန်းကျင်ပဲ ရှိတဲ့ မိန်းကလေးတစ်ယောက်ပဲ...။ သူ့ရဲ့မျက်နှာက တော်တော်လေး ကြည့်လို့ကောင်းတယ်…"
မုန့်ချီက ကူရှောင်စန်းနှင့် ပတ်သက်သော မှတ်ဉာဏ်များကို စဉ်းစားပြီး ပြောပြလိုက်သည်။ ထိုလူက ခေါင်းညိတ်ပြလိုက်ပြီး အနားတွင် ရှိနေသော အစောင့်များကို အမိန့်ပေးလိုက်၏။
"ဒီလိုမိန်းကလေးမျိုးက အရမ်းကို ထူးချွန်ထက်မြက်နိုင်တယ်။ မင်းတို့က သူ့ကို ရှာဖို့ ငါတို့ရဲ့တပည့်တွေကို တာဝန်ပေးလိုက်။ ပြီးတော့ သူ့ကို တိုက်ခိုက်ဖို့ မစဉ်းစားကြနဲ့။ သူ့ကို ရှာတွေ့ပြီ ဆိုတာနဲ့ အော်ပြီး နောက်ပြန်ဆုတ်လာခဲ့..."
သူက မုန့်ချီနှင့် တခြားလူများကို ကြည့်ပြီး ပြောလိုက်သည်။
"ဧည့်သည်တို့ …
ကျေးဇူးပြုပြီး ပန်းပွင့်ခန်းမထဲမှာပဲ နေကြပါဦး...။ အပြင်ကို လျှောက်မသွားကြပါနဲ့။ မင်းတို့က တောင်တန်းသခင်ခေါ်တဲ့အချိန်ကို စောင့်နေပေးပါ…"
အရာအားလုံးဖြစ်ပျက်သွားပြီးနောက် တောင်တန်းသခင်၏ ခေါ်ဆိုမှုက ပျက်ဆီးသွားခဲ့ပြီး သူ၏ဆုံးဖြတ်ချက်ကို ထပ်မံစောင့်ဆိုင်းရတော့မည်ဖြစ်သည်။ ထို့ပြင် အလွန်အစွမ်းထက်သော သူတို့အဖွဲ့၏ နောက်ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း မသိရပေ။ သူတို့က ပို၍ သံသယဝင်စရာကောင်းနေသည့်အတွက် သူတို့ကို လျှောက်သွားခွင့် မပေးနိုင်ပေ။
"ငါတို့က မင်းတို့ရဲ့ အစီအစဉ်အတိုင်းလိုက်နာပါ့မယ်…"
လော်ရှန်းကျိက အပြုံးနှင့် ပြန်ဖြေလိုက်၏။
ရှတန်တန်က နှုတ်ခမ်းကို ကိုက်လိုက်သည်။
"ကျွန်မက ချူးလင်ရဲ့ ခန္ဓာကိုယ်ကို ပန်းပွင့်ခန်းမထဲ သယ်သွားလို့ရမလား…"
"တကယ်လို့ သူ့ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးဖို့ လိုအပ်တယ်ဆိုရင် ခန်းမထဲကို လာလို့ရတယ်…"
ခေါင်းဆောင်ဖြစ်သူက သူမကို ယူသွားခွင့်ပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အနားတွင် သူဖြေရှင်းရမည့် နောက်ထပ် အလောင်းတစ်ခု ရှိနေသေး၏။
"ခဏနေဦး..."
ဖူကျန်းကျန်းက ရုတ်တရက် ပြောလိုက်သည်။ သူမက ထိုလူများထဲတွင် အတော်လေးကို ချိုသာပြီး လှပသည်။ သို့သော် လူစိမ်းများကို ကြောက်လန့်တတ်ခြင်းကြောင့် သူမက တခြားသူများနှင့် စကားပြောသည်မှာ နည်းပါးသည်။
သူမ၏ စကားလုံးများကြောင့် သူတို့က ငြိမ်သက်သွားပြီး သူမကို အံ့အားသင့်စွာ ကြည့်နေမိကြသည်။ သူမက နီရဲနေသော မျက်နှာအမူအရာနှင့် ခြေဖျားထောက်၍ ပြောလိုက်၏။
"အလောင်းတွေပေါ်မှာပဲ သုံးလို့ရတဲ့ အဆိပ်တွေ ရှိတယ်။ အဲဒီအဆိပ်တွေက သူတို့ရဲ့ အင်္ကျီကို ထိလိုက်တဲ့ လူတိုင်းကို တိုက်ခိုက်တတ်တာ…"
ရှတန်တန်က အနောက်ကို ခုန်ဆုတ်သွားမိခဲ့သည်။
"ချူးလင် သေသွားတဲ့အတွက် ငါ့ရဲ့ခံစားချက်တွေကို မထိန်းချုပ်နိုင်ခဲ့ဘူး။ ငါက အဲဒီလို ထောင်ချောက်တစ်ခုကိုတောင် အလွယ်တကူ မေ့သွားခဲ့တယ်…"
လော်ရှန်းကျိက သက်ပြင်းချပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအချိန်တွင် လေလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ရှချူးလင်၏ အဝတ်အစားများကို တိုက်ခတ်သွားခဲ့၏။
ကျန်ကျိဝေနှင့် မျက်လုံးတံခါးပွင့်နေသူများက သူ၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ သူ၏အင်္ကျီပေါ်တွင် အပြာရောင်အလင်းတန်းလေးတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။
ခေါင်းဆောင်ဖြစ်သူကလည်း အလွန်ကြောက်လန့်သွားခဲ့ပြီး အလောင်းကို မကိုင်မိခဲ့သည့်အတွက် ကျေးဇူးတင်သွားခဲ့၏။ သူကတော့ ချူးလင်၏ သေဆုံးမှုပုံစံနှင့် ပတ်ဝန်းကျင်ကိုသာ စစ်ဆေးမိခဲ့သည်မှာ ကံကောင်းသွားသည်။ မဟုတ်လျှင် သူက သေနေခဲ့ပြီဖြစ်၏။
"ကျန်းကျန်း...အဲဒီအဆိပ်တွေကို ဖယ်နိုင်လား..."
ကျန်းယွင်ရှန်က ထိုအလောင်းများနှင့် ရင်ဆိုင်ရန် ဖူကျန်းကျန်းကို အချက်ပြလိုက်၏။
ဖူကျန်းကျန်းက ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
"ငါက ဒီအဆိပ်ကို မှတ်မိတယ်။ အသားနဲ့ တိုက်ရိုက်မထိဘူးဆိုရင် ဒါက အဆင်ပြေပါတယ်…"
"ကူရှောင်စန်းက အဆိပ်သုံးတဲ့ နေရာမျာ ကျွမ်းကျင်လို့လား…"
မုန့်ချီက ကျန်းကျိဝေကို တီးတိုးပြောလိုက်သည်။
ကျန်းကျိဝေကတော့ အမြဲလိုလိုသတိထားနေခဲ့၏။သူမက ခေါင်းခါပြီး ပြောလိုက်သည်။
"သူ့ရဲ့အဖွဲ့ထဲမှာ အဆိပ်ကျွမ်းကျင်တဲ့ အဖွဲ့သားတစ်ယောက်ရှိမယ် ထင်တယ်.."
နောက်ပိုင်းတွင်တော့ ရှတန်တန်က မို့အစ်နေသော မျက်နှာကြီးနှင့် အဝတ်စတစ်ခုကို ဆုတ်ဖြဲပြီး သူမ၏လက်ကို ပတ်လိုက်သည်။ ထို့နောက် ရှချူးလင်ကို ပန်းပွင့်ခန်းမဆီသို့ ပြန်သယ်လာခဲ့၏။ သူမက လေတိမ်တိုက်တောင်တန်းမှ ထွက်သွားပြီးမှသာ သူ့ကို မြှုပ်ရန်စဉ်းစားထားသည်။
နှစ်နာရီကြာပြီးနောက် မုန့်ချီတို့အားလုံးက လေတိမ်တိုက်တောင်တန်း၏ တောင်တန်းသခင် ကူကုံရှန်နှင့် တွေ့ခွင့်ရခဲ့သည်။ သူက အသက်(၅၀) ဝန်းကျင်ခန့်ရှိသော အဘိုးအိုတစ်ယောက်ဖြစ်၏။ သူက လေးစားအားထားရသော လူတစ်ယောက်ဖြစ်ပြီး ဆံပင်များက နက်မှောင်နေသေးသည်။ သူ့ဆီမှနေ၍ အလွန်ထူးခြားသော အငွေ့အသက်တစ်ခု ထွက်လာနေခဲ့၏။
သူ့နောက်တွင် ယောကျ်ား(၃)ယောက်နှင့် မိန်းမပျိုနှစ်ယောက် လိုက်လာခဲ့သည်။ သူတို့ထဲတွင် လူငယ်လူကြီး ရောနေခဲ့သည်။ သူတို့ကတော့ သူ၏ တပည့်များဖြစ်နိုင်သလို အကြီးအကဲများလည်း ဖြစ်နိုင်သည်။
"မင်းတို့ ဘယ်နေရာကနေ လာခဲ့ကြတာလဲ..."
ကူကုံရှန်က သူတို့ကို တည့်တည့်သာ မေးလိုက်သည်။
လော်ရှန်းကျိကတော့ ရှချူးလင်ဆီမှနေ၍ ဤနေရာတွင် ရှိသော အဖွဲ့များ၏ ဖြန့်ဝေမှုနှင့် မြေမျက်နှာသွင်ပြင် အခြေအနေကို အကြမ်းဖျင်းသိထားခဲ့သည်။ ထို့ကြောင့် သူတို့က အလွန်ဝေးလံသော နေရာတစ်ခုမှ ရောက်လာသည်ဟု လိမ်ညာပြောခဲ့၏။
ကူကုံရှန်က ခေါင်းညိတ်ပြလိုက်သည်။သူက အလွန်တည်ငြိမ်စွာ ပြောလိုက်၏။
"ငါတို့က ကူရှောင်စန်းကို ရှာမတွေ့ခဲ့ဘူး။ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန်မှာ သူက တောင်တန်းထဲကနေ ထွက်သွားတာ ဖြစ်လိမ့်မယ် ။ မင်းတို့က သတိထားရလိမ့်မယ်။ မင်းတို့နေတဲ့ နေရာကနေ ဘယ်ကိုမှ ထွက်မသွားကြနဲ့…."
သူက တခြားမည်သည့်စကားကိုမျှ မပြောသလို သူတို့၏ အစွမ်းကိုလည်း မေးမြန်းခဲ့ခြင်းမရှိချေ။ လူတိုင်းကို နှုတ်ဆက်လိုက်ပြီးနောက် သူတို့၏ အခန်းကို ပြန်သွားရန်သာ ပြောခဲ့သည်။
သူတို့ စီစဉ်ပေးထားသော အနောက်ဘက်ခြံဝန်းထဲတွင်……
ကျန်းယွင်ရှန်က အသံတိုးတိုးဖြင့် ပြောလိုက်၏။
"ကူကုံရှန်က ငါတို့ကို သံသယဝင်နေတယ်ထင်တယ်။"
လော်ရှန်းကျိက အပြုံးနှင့် ပြန်ပြောလိုက်သည်။
“ငါတို့ ဘယ်နေရာက လာလဲဆိုတာ သူမသိဘူးလေ။ တကယ်လို့ ငါသာ အဲဒီအခြေအနေမျိုး ကြုံရမယ်ဆိုရင် ငါကိုယ်တိုင်လည်း သံသယဝင်မိမှာပဲ။ ဒါပေမယ့် သိပ်မကြာခင် ငါတို့ကို ပြန်ခေါ်ပါလိမ့်မယ်။ ငါတို့ရဲ့ စွမ်းအားတွေကို ပူးပေါင်းလိုက်မယ်ဆိုရင် ငါတို့က တော်တော်လေးကို အစွမ်းထက်တယ်။ ငါတို့အားလုံးမှာ တူညီတဲ့ ပစ်မှတ်ရှိနေမှတော့ အခက်အခဲတွေကို ဖြတ်ကျော်ရမှာပေါ့။ ငါတို့က သူ့ရဲ့ဓားစာခံတွေတောင် ဖြစ်နိုင်တယ်လေ။ တကယ်လို့ ငါတို့ကသာ မကောင်းဆိုးဝါး ကိုးကွယ်သူ သူလျှိုတွေဖြစ်နေမယ်ဆိုရင် သူက မကောင်းဆိုးဝါးကိုးကွယ်သူတွေရဲ့အစွမ်းကို တန်ပြန်တိုက်ခိုက်ဖို့ စဉ်းစားထားမှာပဲ။ သူလျှိုတွေက ကြောက်စရာမကောင်းပါဘူး။ ဘာမှမသိရတာကမှ ကြောက်စရာကောင်းတာ…."
ကျန်းကျိဝေနှင့် ချီကျန်းရန်တို့ကတော့ လော်ရှန်းကျိ၏ အပြုအမူများကို မကြိုက်ကြပေ။ သူတို့က အစီအစဉ်များ ဆွေးနွေးလိုက်ပြီးနောက် အခန်းအသီးသီးကို ပြန်သွားပြီး လေ့ကျင်နေကြသည်။
မုန့်ချီကလည်း အလျင်အမြန် ပြန်သွားပြီး ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၏ အဆင့်(၅)ကို လေ့ကျင့်နေခဲ့သည်။ သူကတော့ နှောင့်နှေးနေခြင်း မရှိဘဲ သူ၏ အခန်းထဲတွင် အနည်းငယ်ကြာ အနားယူလိုက်သည်။ သူလေ့ကျင့်နေပြီး သိပ်မကြာခင် ဖူးကျန်းကျန်းနှင့် ကျန်းယွင်ရှန်တို့က သူ့အခန်းတံခါးကို ခေါက်လိုက်ကြ၏။
"ဘာဖြစ်လို့လဲ..."
မုန့်ချီက သူတို့ကို ကြည့်ပြီး အံ့ဩသွားခဲ့သည်။
ကျန်းယွင်ရှန်က ဖူးကျန်းကျန်းကို လက်ညှိုးထိုးပြီး အပြုံးနှင့် ပြောလိုက်၏။
"ကျန်းကျန်းက အဆိပ်ပိုးကောင်တွေ ဖယ်ရှားနိုင်တဲ့ ဆေးမှုန့်တစ်မျိုး ဖော်စပ်ထားတယ်။ ဒါကြောင့် ငါတို့တွေက မင်းရဲ့အခန်းထဲမှာ ဖျန်းပေးဖို့လာတာ…"
"ဒီလိုအရာမျိုးလည်း ရှိတာပဲလား..."
မုန့်ချီက ဝမ်းသာအားရ ပြောလိုက်၏။ ယခု ဖူကျန်းကျန်းနှင့် မုန့်ချီတို့က တစ်ယောက်နှင့်တစ်ယာက်ရင်းနှီးနေပြီဖြစ်သည်။
သူမက နောက်မှနေ၍ ရယ်ရင်း ပြောလိုက်၏။၏
"ငါတို့ရဲ့ ရန်သူတွေက ညအချိန်အဆိပ်ပိုးကောင်တွေသုံးပြီး တိုက်ခိုက်မှာကို စိုးရိမ်နေတာ..။ ဒါကြောင့် ငါက မျိုးစေ့(၅)မျိုး၊ အဆိပ်သစ်မြစ်နဲ့ တခြားဆေးလုံးတွေကို ရောပြီး အဆိပ်ပိုးကောင်အများစုကို ဖယ်ရှားနိုင်တဲ့ ဆေးမှုန့်တစ်မျိုး ဖန်တီးထားတယ်.."
"ဒါက အဆိပ်ပိုးကောင်တွေကို ဖယ်ရုံ သက်သက်ပဲလား…"
ဖူကျန်းကျန်းက တံခါးနှင့် ပြတင်းပေါက်များတွင် အမှုန့်များ လိုက်ဖျန်းနေသည်ကို ကြည့်ရင်း မုန့်ချီက တစ်ယောက်တည်း ရယ်လိုက်မိသည်။ သူတို့အဖွဲ့ထဲတွင် ဆေးပညာနှင့် အဆိပ်ပညာကျွမ်းကျင်သော အဖွဲ့သားတစ်ယောက်ရှိနေသည့်အတွက် သူလည်း အတော်လေး ဝမ်းသာနေခဲ့၏။
ညအချိန်က အတော်လေး တိတ်ဆိတ်နေသည်...။ မုန့်ချီက အိပ်ရာပေါ်တွင် ထိုင်နေသော်လည်း ရွှေရောင်အလင်းတန်းများက သူ၏သွေးကြောထဲသို့ စီးဆင်းလာနေသည့်အတွက် သူ့ပုံစံက ကြေးနီရုပ်ထုကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။
“ဒေါက်…”
တံခါးပေါ်ရှိ အသံတစ်သံကြောင့် မုန့်ချီက နိုးလာခဲ့သည်။
"ဘယ်သူလဲ...."
မုန့်ချီက စွမ်းအားများကို စုစည်းပြီး သတိထား၍ မေးလိုက်သည်။ အကယ်၍ တံခါးအပြင်ဘက်၌ ရှိနေသည်မှာ ကူရှောင်စန်းသာ ဆိုလျှင် သူက အရှက်မဲ့သော်လည်း အော်ဟစ်အကူအညီတောင်းရမည်သာ ဖြစ်၏။
"ငါပါ....။ ငါက နင့်ကို ရာမဖိတ်ခေါ်ခြင်းသိုင်းပညာသင်ပေးဖို့ ရောက်လာတာ...."
ထိုအရာက ကျန်းကျိဝေ၏ အသံဖြစ်သည်။
ရာမဖိတ်ခေါ်ခြင်းဟူသော စကားကိုကြားသည့်အချိန်မှသာ မုန့်ချီက အတော်လေးစိတ်အေးသွားခဲ့သည်။ ထိုအရာက ကျန်းကျိဝေအတု မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက တံခါးဖွင့်လိုက်ပြီး သူမကို အထဲသို့ ဝင်ခိုင်းလိုက်၏။
ကျန်းကျိဝေက သူမ၏ အဝတ်အစားများကို လဲလှယ်ထားပြီး မုန့်ချီနှင့် ပထမဆုံးတွေ့ခဲ့ရသည့် ပုံစံမျိုးဖြစ်နေသည်။ ရေစိုနေသော သူမ၏ဆံပင်များကလည်း ပုခုံးပေါ်သို့ ကျရောက်နေ၏။ ထိုအချိန်တွင် သူမကတော့ အလွန်လှပပြီး ဆွဲဆောင်မှုရှိနေခဲ့၏။
မုန့်ချီက အံ့ဩနေသည်ကို မြင်သည့်အခါ သူမက ရယ်ကာမောကာနှင့် ပြောလိုက်သည်။
"ရေချိုးပြီးတဲ့အချိန်ကမှ ငါက နင့်ကို ရာမဖိတ်ခေါ်ခြင်းသိုင်းပညာ မသင်ပေးရသေးတာ သတိရသွားတယ်လေ။ ဒါကြောင့် ငါက ဒီမှာ နင့်ကို လာရှာရတာပဲ။ ကိုရင်လေး..ငါ့ကို မကြိုဆိုဘူးလား..."
သူမက တောင်တန်းဆီမှ ငှားထားသော ဓားရှည်တစ်ချောင်းကို ပစ်ပေးရင်း ပြောလိုက်သည်။
"ငါက သေချာပေါက်ကြိုဆိုပါတယ်..။ ငါကသာ ကျေးဇူးတင်ရမှာပါ…"
မုန့်ချီက ဓားရှည်ကို ဖမ်းလိုက်ပြီး မလိုအပ်သည့် စကားများ ပြောမနေဘဲ သူမ၏ ဓားပညာအကြောင်းသာ တည့်တည့်မေးလိုက်သည်။
ကျန်းကျိဝေကလည်း အိုက်တင်ခံမနေခဲ့ပေ။ သူမက စားပွဲဘေးတွင် ထိုင်လိုက်ပြီး သိုင်းကျမ်းကို ပြောပြနေခဲ့၏။ ရံဖန်ရံခါကိုယ်တိုင် လှုပ်ရှားပြခဲ့သည်။
သူမက ပါရမီရှင် ဓားသမားတစ်ယောက်ဖြစ်ပြီး သူမ၏လုပ်ရပ်များအားလုံးကို အာရုံစိုက်ထားခဲ့၏။ ထို့ကြောင့် သူမက ဓားရှည်တစ်ချောင်း အသုံးပြုရမည့် နည်းလမ်းကို သိနေသည့်အပြင် သင်ကြားပေးသည့်အချိန်တွင်လည်း ရိုးရှင်းသော စကားလုံးများကို သုံး၍ ထူးခြားဆန်းကြယ်သော အရာများကို ရှင်းပြနိုင်သည်။
ထို့ကြောင့် မုန့်ချီက အလွယ်တကူနားလည်သွားခဲ့၏။ မုန့်ချီက ဓားမောက်ကျင့်စဉ်ကို ကျွမ်းကျင်သည့်အတွက် တစ်ခါတရံ ဓားမောက်နှင့် ပတ်သက်သော မေးခွန်းများကိုလည်း မေးခဲ့သည်။ သူမကတော့ သူနားလည်ထားသည့် အရာများကို ပြောပြခဲ့၏။
ကျန်းကျိဝေက ဂရုတစိုက် သင်ကြားပေးနေပြီး မုန့်ချီက ဂရုတစိုက် သင်ယူနေခဲ့သည်။ ထို့ကြောင့် သူတို့ကိုယ်တိုင်မသိသေးခင် ညက တဖြည်းဖြည်း မှောင်မိုက်လာခဲ့၏။
"ဒီညတော့ ငါတို့က ရပ်သင့်ပြီ။ ငါတို့က အလစ်ချောင်းတိုက်ခိုက်မှုတွေအတွက် စွမ်းအားချန်ထားဖို့လည်း လိုသေးတယ်…"
ကျန်းကျိဝေက သမ်း၍ပြောလိုက်သည်။
မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူက တစ်စုံတစ်ခုကို အမှတ်ရသွားပြီး မေးလိုက်သည်။
"ကျိဝေ.…နင်က နှာခေါင်းတံခါး ပွင့်သွားပြီလား.."
ကျန်းကျိဝေက အပြုံးနှင့် ပြန်ဖြေလိုက်၏။
"ကျိကျန်းဓားစံအိမ်ထဲမှာ ဓားပညာတိုးတက်မှုတွေက ကျင့်စဉ်အဆင့် တိုးတက်မှုတွေနဲ့ ပတ်သက်နေတယ်လေ။ ငါက ရာမဖိတ်ခေါ်ခြင်းကို ကိုယ်တိုင်တီထွင်နိုင်မှတော့ နှာခေါင်းတံခါးပွင့်နေပြီပေါ့…"
သူမက စကားကို ဆုံးအောင်မပြောတော့ဘဲ နှုတ်ခမ်းပေါ်သို့ လက်ညှိုးလေးတင်ပြီး မုန့်ချီကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ ထို့နောက် သူမက ဘယ်လက်ကို ဝှေ့ယမ်းပြီး ဖယောင်းတိုင်မီးကို ငြိမ်းလိုက်၏။
မုန့်ချီကလည်း စကားမပြောတော့ဘဲ တိတ်တဆိတ်စောင့်နေခဲ့သည်။ ခဏကြာပြီးနောက် တံခါးအပြင်ဘက်မှနေ၍ ဆူညံသံတစ်ခုကို ကြားလိုက်ရလေ၏။
Translated by Hein Htet