အခန်း (၉၆)
Vol. 7 Ch. 96
ညက တိတ်ဆိတ်နေပြီး မည်သည့်အသံကိုမျှ မကြားရပေ။ ကျန်းကျိဝေက သူ့ကို ပြောလိုက်သည့်အချိန်တွင် သူလည်း အကြားအာရုံကို အနည်းငယ် အားစိုက်လိုက်သည်။ ယခုတော့ သူလည်း ကြားနိုင်ပြီဖြစ်၏။
ထိုအချိန်တွင် ပြတင်းပေါက်မှနေ၍ ထူးဆန်းသော အသံအနည်းငယ်ကို ကြားလိုက်ရသည်။ ထိုအသံများကို ရှင်းရှင်းလင်းလင်း မကြားရဘဲ အိမ်ပတ်ပတ်လည်တွင် လှုပ်ရှားနေသလို ထင်မှတ်ရ၏။ တစ်ခါတစ်ရံ ပြတင်းပေါက်နှင့် တံခါးမကြီးကို တိုက်နေပြီး တခြားထူးဆန်းသည့်အရာများ မရှိချေ။
မုန့်ချီက ချက်ချင်းနားလည်သွားပြီး တီးတိုးပြောလိုက်၏။
"အဲဒါက အဆိပ်ပိုးကောင်တွေပဲ ...."
ကျန်းကျိဝေက ဖူကျန်းကျန်း စီစဉ်ထားခဲ့သော အဆိပ်ဖယ်ရှားရေးအမုန့်များကို သိနေပုံရသည်။ ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်ပြီး လျှို့ဝှက် အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။
"ငါတို့က အပြင်ထွက်ပြီး အဆိပ်ပိုးကောင်တွေ ထိန်းချုပ်နေတဲ့သူကို ရှာရမှာ။ အဲဒီလူကလည်း အနားမှာပဲ ရှိနေနိုင်သေးတယ် ..။ သူက ဉာဏ်အလင်းပွင့်မှုအဆင့်ကို အခုမှရောက်နေတာ ဖြစ်နိုင်တယ်.။ ပြီးတော့ သူ့ဆီမှာ ဆရာမရှိလောက်ဘူး ။ နင်ကတော့ အဲဒီဂိုဏ်းနဲ့ ပတ်သက်ပြီး သေချာသိထားတဲ့ ပုံမပေါ်ဘူး..။ ပြီးတော့ နင်က လျှို့ဝှက်အသံပို့ဆောင်မှုကို ဘယ်လိုသုံးရမလဲဆိုတာ မသိသေးဘူး ....။ နောက်ပိုင်းကျရင်တော့ ငါက နင့်ကို သင်ပေးနိုင်ပါတယ်...။ ဒါက လူတစ်ယောက်အတွက် ေတာ်တော်လေး အသုံးဝင်တယ်လေ..”
ထိုကဲ့သို့ တင်းမာနေသော အခြေအနေမျိုးတွင်ပင် သူမက စိုးရိမ်နေခဲ့ခြင်း မရှိဘဲ မုန့်ချီကို ရယ်ကာမောကာနှင့် ပြောနေသေး၏။
သူမ၏ ပုံစံက စိတ်အေးနေပုံ ထင်မှတ်ရသော်လည်း လက်ရှိအခြေအနေကို သေချာသိနေသည့်အတွက် အလွန်သတိထားနေခဲ့၏။ လူတစ်ယောက်၏ လုပ်ဆောင်မှုနှင့် ပတ်သက်သော အရာများကိုတော့ သူမက မုန့်ချီနှင့် စကားပြောနေရင်း သင်ကြားပေးရန် ဆန္ဒရှိသည်။
မုန့်ချီကတော့ စကားတစ်ခွန်းမှျမပြောဘဲ နှာခေါင်းရှုံ့လိုက်၏။
ကျန်းကျိဝေက တံခါးနားသို့ ချည်းကပ်သွားပြီး နေဖောက်သက်တန့်ဓားကို ဝှေ့ယမ်း၍ တံခါးကို ဖွင့်လိုက်သည်။
လရောင်အောက်တွင် ပင့်ကူများ၊ ကင်းခြေများ များ၊ မြွေနှင့် တခြား ထူးဆန်းသည့် တိရစ္ဆာန်များစွာ ရှိနေသည်။ တစ်ချို့က အဖြူရောင်ဖြစ်ပြီး တစ်ချို့က ညိုညစ်ညစ် အရောင်များဖြစ်သည်။ တစ်ချို့ကတော့ အတော်လေးကို ရွံ့စရာကောင်း၏။ တစ်ချို့က အစိမ်းရင့်ရောင်ဖြစ်ပြီး တစ်ချို့က အနက်ရောင်ဖြစ်သည်။တစ်ချို့က အစိမ်းဖျော့ရောင်ဖြစ်ပြီး တစ်ချို့က ရောင်စုံရှိနေသည်။
သူတို့က အလွန်အမင်း ကြီးမားနေခြင်း မရှိသည့်အတွက် မှောင်မည်းနေသော ညအချိန်တွင် မြင်တွေ့ရရန် ခက်ခဲလှ၏။ သွေးညစ်များ လွှမ်းခြုံနေသော ခြင်များကလည်း ကောင်းကင်ပေါ်တွင် ပျံသန်းနေကြသည်။ သူတို့က အထူးဖန်တီးထားသော အဆိပ်ပိုးကောင်များ ဖြစ်ပုံရ၏။
ထိုအဆိပ်ပိုးကောင်များက တံခါး၏ ပတ်ပတ်လည်တွင် လှုပ်ရှားနေပြီး ဖူကျန်းကျန်း ဖြူးထားခဲ့သော အမှုန့်များကို ကြောက်နေပုံရ၏။ သူတို့က ထိုအမှုန့်များကို ဖြတ်မလာရဲကြပေ။
ကျန်းကျိဝေက သူမ၏ဓားကိုဝှေ့ယမ်းပြီး ထိုပိုးကောင်များကို တိုက်ခိုက်လိုက်သည်။ ရုတ်တရက်ဆိုသလို သူမ၏ အမူအရာက အလွန်တည်ငြိမ်လာပြီး ဓားအလင်းရောင်ကလည်း ကြောက်စရာကောင်းစွာ ပျံ့နှံ့လာခဲ့သည်။ သူမကို မြင်လိုက်ရသည့်အချိန်တွင် ကြည့်နေသူများ၏ မျက်လုံးထဲတွင်တော့ စပ်ဖျင်းဖျင်း ခံစားမှုများကို ခံစားမိနိုင်၏။
သူမက ပိုးကောင်များ၊ မြွေများကို ကြောက်လန့်ရမည့်အစား အနည်းငယ် သက်ပြင်းချလိုက်မိပြီး ပိုးကောင်များ၊ မြွေများကို မကြောက်သွားစေရန် ကိုယ့်ကိုယ်ကိုယ် ထိန်းလိုက်မိ၏။
ထို့နောက် သူမက အိမ်ထဲမှ ထွက်လာခဲ့သည်။ ထူးဆန်းစွာပင် ကျန်းကျိဝေ ဖြတ်ကျော်လာခဲ့သော ပိုးကောင်များ၊ မြွေများအားလုံးက သူမ၏ ဓားဆန္ဒကြောင့် ထိတ်လန့်သွားကြသည်။ သူတို့က ကြောက်လန့်တကြား နောက်ပြန်ဆုတ်သွားကြပြီး ကျန်းကျိဝေအတွက် အလိုလို လမ်းဖယ်ပေးလိုက်ကြသည်။
မုန့်ချီကတော့ သူမကို တိတ်တဆိတ် ချီကျူးနေမိပြီး သူ၏ နေမင်းနီမကောင်းဆိုးဝါးဓားကို သုံး၍ သူမ၏ နောက်မှလိုက်လာခဲ့သည်။ သူကတော့ ကျန်းကျိဝေကဲ့သို့ လုပ်ဆောင်နေခဲ့ခြင်း မရှိချေ။
ဓားကို ထုတ်လိုက်သည်နှင့် ထိုသတ္တဝါများကို တိုက်ခိုက်ရန် လိုအပ်သည်။ ထို့ကြောင့် သူက ပျံသန်းနေသော ခြင်များနှင့် မြွေများ၏ ပတ်ပတ်လည်တွင် လျင်မြန်စွာ လျှောက်လှမ်းနေပြီး ခြေလှမ်းကွက်များကို ပြောင်းလဲနေသည်။
ထိုအဆိပ်ပိုးကောင်များကတော့ ဖြူးထားသော အမှုန့်များကြောင့် ရှုပ်ထွေးနေပြီး ဖြည်းညင်းစွာ လှုပ်ရှားနေကြ၏။
နောက်ဆုံးတွင်တော့ မုန့်ချီက ခြံဝန်းတစ်ခုထဲကို ရောက်လာခဲ့သည်။ ရိုးရိုးသားသား ပြောရမည်ဆိုလျှင် သူက သာမန်အဆိပ်ပိုးကောင်များကို မကြောက်ပေ။ အကယ်၍ ထိုအဆိပ်ပိုးကောင်များက သူ့ကို ကိုက်မည်ဆိုလျှင်ပင် သူ၏ရွှေခေါင်းလောင်း အကာအကွယ်ကို မချိုးဖျက်နိုင်သည့်အတွက် အဆင်ပြေနိုင်သည်။
သူက လျှပ်စီးပြောင်းလဲမှုကိုသုံးပြီး လျင်မြန်စွာ လျှောက်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူက ရွံစရာကောင်းသော သတ္တဝါများကို မထိလိုခြင်းကြောင့် ဖြစ်သည်။
လရောင်က ကြည်လင်အေးမြနေပြီး ခြံဝန်းကြီးက ရှင်းလင်းနေသည်။ သာမန် သတ္တဝါများကလည်း အဆိပ်ပိုးကောင်များကြောင့် ရှင်းလင်းနေခဲ့၏။ မုန့်ချီက ကျန်းကျိဝေ၏ အဝေးကို လျှောက်မသွားခဲ့ပေ။ သူတို့က ခြံဝန်း၏ မတူညီသော နေရာနှစ်ခုတွင် ရှာဖွေနေကြ၏။
"အား....."
တိတ်ဆိတ်နေသော ညအချိန်တွင် ကျယ်လောင်သော အော်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ ထိုအော်သံက အလွန်ကျယ်လောင်လွန်းသည့်အတွက် လူတိုင်းက နိုးလာခဲ့ကြ၏။
"အဆိပ်ပိုးကောင်တွေက တခြားနေရာတွေမှာရော တိုက်ခိုက်နေတာလား ...."
မုန့်ချီက ပြန်လှည့်လာပြီး ကျန်းကျိဝေကို လှည့်ကြည့်လိုက်သည်။သူတို့၏ မျက်လုံးထဲတွင်လည်း ရှုပ်ထွေးမှုများ ပေါ်လာကြ၏။
"မကောင်းဆိုးဝါးကိုးကွယ်သူတွေက အခြေအနေကို ပြောင်းလဲပြီး နာမည် ဂုဏ်သတင်းကို လိုချင်နေတာလား ..။ သူတို့က လေတိမ်တိုက်တောင်တန်းကို တိုက်ခိုက်နေတာလား ...."
အော်သံများက တစ်နေရာတွင် ရပ်သွားသော်လည်း တခြားလူများက ဆက်လက်အော်ဟစ်နေသေးသည်။ ထိုအော်သံများက ဆက်လက်ထွက်ပေါ်လာနေပြီး မတူညီသော နေရာအသီးသီးမှ ထွက်ပေါ်လာနေခြင်း ဖြစ်၏။
"မကောင်းဆိုးဝါးတွေ... မကောင်းဆိုးဝါးတွေ ...."
လေတိမ်တိုက်တောင်တန်း၏ အလယ်တွင် ရှိနေသော လူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထိုအော်သံကြီးက ကောင်းကင်ထိအောင် ပျံ့နှံ့လာပြီး တိမ်တိုက်များကိုပင် ဖြတ်ကျော်သွားခဲ့၏။
မုန့်ချီနှင့် ကျန်းကျိဝေတို့က ထိုနေရာတွင် မရှိသော်လည်း ထိုအသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ထိုအချိန်တွင် အလယ်မှနေ၍ အလွန် ပြင်းထန်သော မုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာပြီး ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့၏။
ထိုမုန်တိုင်းနှင့် ယှဉ်လိုက်လျှင် မြွေများ ၊ ပိုးကောင်များ အားလုံးက အလွန်အားနည်းနေသည်။ သူတို့က ကောင်းကင်ပေါ်သို့ လွင့်ပျံသွားပြီး ခြံဝန်း အပြင်ဘက်သို့ ရောက်သွားခဲ့၏။
မုန့်ချီနှင့် ကျန်းကျိဝေတို့၏ အင်္ကျီစများကလည်း တဖျတ်ဖျတ် လွင့်နေပြီး သူတို့ကတော့ စွမ်းအားကိုသုံး၍ တည်ငြိမ်အောင် ကြိုးစားနိုင်ခဲ့သည်။
"တောင်တန်းသခင်က ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်လား ...."
မုန့်ချီက အံ့ဩသွားခဲ့သည်။
"တကယ်လို့ ငါတို့ကသာ မကောင်းဆိုးဝါး ကိုးကွယ်သူတွေနဲ့ တွေ့ရမယ်ဆိုရင် ဘယ်လိုလုပ်ရမှာလဲ ..."
ကျန်းကျိဝေက မျက်မှောင်ကြုတ်၍ ခေါင်းခါပြလိုက်သည်။
"ငါက ကောင်းကင်နဲ့ မြေကြီး ပေါင်းစပ်သွားတဲ့ ထူးထူးဆန်ဆန်မြင်ကွင်းကို မြင်လိုက်ရတယ် ..။ ဒါပေမယ့် ဝေ့ကျင်းအဆင့် အစွမ်းတော့ မဟုတ်ဘူး..။ ဒါက တော်တော်လေး ထူးဆန်းနေတယ်..။ ပြီးတော့ ဒီအစွမ်းက ဝေ့ကျင်းအဆင့် ပညာရှင်တွေထက်လည်း တော်တော်လေး အားနည်းတယ် .။ ဒါက သဘာဝကို ထိန်းချုပ်နိုင်တဲ့ အစွမ်းမျိုးပဲ .။ အဲဒီလိုအစွမ်းမျိုးက ဝေ့ကျင်းတစ်ဝက်ကိုရောက်မှ ရနိုင်မှာ။ ဒါက တော်တော်လေး ထူးဆန်းနေတယ် ...."
သူမက ကျိကျန်းစံအိမ်တွင် အတော်ဆုံး မျိုးဆက်တစ်ယောက်ဖြစ်ပြီး မုန့်ချီထက်စာလျှင် ဝေ့ကျင်းအဆင့် ပညာရှင်များအကြောင်းကို ပို၍သိထားသည်။
ထိုမုန်တိုင်းက ခြံဝန်းအလယ်နှင့် ဧည့်သည်များ ရှိနေသော ခြံဝန်းထဲတွင်သာ တိုက်ခတ်နေပြီး အလွန်ကြီးမားသော နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားခြင်းမရှိချေ။ ကျန်းကျိဝေက ထိုမုန်တိုင်းတစ်ခုတည်းကိုသာ ခံစားမိခဲ့၏။
ရုတ်တရက်ဆိုသလို သူ၏ပတ်ပတ်လည်မှ ပျံသန်းလာသော ပန်းပွင့်အသံများကို မုန့်ချီက ကြားလိုက်ရသည်။ သူက ချက်ချင်း ပြန်လှည့်ပြီး ဓားနှင့် ခုတ်ချလိုက်၏။
နေမင်းနီ မကောင်းဆိုးဝါးဓားက လောင်ကျွမ်းနေသော မီးတောက်တစ်ခုကဲ့သို့ ဖြစ်လာသည်။ ထိုအရာက ပန်းပွင့်များကို ဖြတ်တောက်ပစ်လိုက်ပြီး ၊သစ်ကိုင်းများကို လောင်ကျွမ်းပစ်စေခဲ့၏။သူ၏ အင်္ကျီစကိုပင် ဖြတ်မိသွားခဲ့သည်။
ပုန်းနေသော လူကတော့ တစ်စုံတစ်ခုကို သတိထားမိသွားသည့်အတွက် ချက်ချင်း နောက်ပြန်ဆုတ်သွားခဲ့၏။သူ၏အဝတ်အစားက ပျက်စီးသွားပြီး အရေပြားက လောင်ကျွမ်းသွားသည်။ သူက အနည်းငယ် ပင့်သက်ရှိုက်လိုက်မိ၏။
မုန့်ချီက သူ့ဓားကိုဝှေ့ယမ်းပြီး ဆက်လက်တိုက်ခိုက်တော့မည့်အချိန်တွင် ပန်းပွင့်များဆီမှ အဖြူရောင်မီးခိုးငွေ့များ ထွက်လာသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူလည်း အသက်အောင့်ပြီး နောက်ဆုတ်လိုက်ရသည်။
ပန်းပွင့်များနှင့် သစ်ပင်များ သေဆုံးသွားသည့်အချိန်တွင် ထွက်ပေါ်လာသော အဖြူရောင်မြူခိုးများထဲ၌ အစိမ်းရောင်အလွှာတစ်ခု လွှမ်းခြုံနေသည်။ ကျန်းကျိဝေကလည်း သူမ၏ ဓားနှင့်အတူ အနားသို့ လျှောက်လာခဲ့၏။ သူမကလည်း သတိထားနေသည့်အတွက် ထိုလူ၏ နောက်သို့လိုက်မသွားခဲ့ပေ။
ထို့ကြောင့် ထိုလူက နံရံကိုကျော်ပြီး လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။
"ခစ်…ခစ်….ခစ်…”
ထိုလူက ကျေနပ်စွာ ရယ်လိုက်ပြီး အမှောင်ထဲတွင် လျင်မြန်စွာပျောက်ကွယ်သွားသည်။
"အဲဒါ ကူရှောင်စန်း မဟုတ်ဘူး....."
အဖြူရောင်မီးခိုးများ ပျောက်ကွယ်သွားသည့်အချိန်တွင် မုန့်ချီက သက်ပြင်းချလိုက်သည်။ ထိုအရာက မိန်းကလေးတစ်ယောက်ဖြစ်မည်ဟု အစောပိုင်းကတည်းက သူလည်း တွေးခဲ့မိ၏။ သို့သော် တိုက်ခိုက်မှုနှင့် အသံအရ ကူရှောင်စန်း မဖြစ်နိုင်ပေ။ ထိုအရာက ကူရှောင်စန်း၏ အဖွဲ့ဝင်တစ်ယောက်သာ ဖြစ်နိုင်၏။
ရဲတိုက်ကြီးက နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြီး၊ ရန်သူမရှိတော့သယောင် ထင်မှတ်ရ၏။ သို့သော် အစောပိုင်းလေးကမှ သူတို့အားလုံးလည်း အဆိပ်ပိုးကောင်များ၏ တိုက်ခိုက်မှုကို ခံစားခဲ့ရခြင်းဖြစ်သည်။
ကျန်းကျိဝေက ခေါင်းခါပြလိုက်၏။
"သူက ဉာဏ်အလင်းပွင့်မှုအဆင့်ပဲ ရှိသေးတယ်...။ အဆိပ်သတ္တဝါတွေနဲ့ ဆေးပညာကတော့ တော်တော်လေးကြောက်စရာကောင်းတယ်...။ သူ့ရဲ့ သိုင်းပညာကလည်း တော်တော်ထူးခြားတယ်....။ တကယ်လို့ နောက်ပိုင်း သူနဲ့တွေ့ရမယ်ဆိုရင်တော့ သူ့ကို ထွက်ပြေးခွင့်ပေးမှာ မဟုတ်တော့ဘူး....။ သူ့ကို အရင်ဆုံးသတ်မှရမယ်...."
ထိုမိန်းကလေးက သိုင်းပညာမကောင်းသော်လည်း အလွန်အန္တရာယ်များသည်။ ဖူကျန်းကျန်းနှင့် ကျန်းယွင်ရှန်တို့ကလည်း အလျင်အမြန် ရောက်လာကြ၏။ တစ်ယောက်ကတော့ ပျံသန်းနေသောအရာများကို စုဆောင်းရန် အလုပ်များနေပြီး တစ်ခြားတစ်ယောက်က အလေးအနက် ပြောလိုက်သည်။
"ဒီရဲတိုက်ကြီးကို အဆိပ်သတ္တဝါတွေက တိုက်ခိုက်ကြတယ်...။ ကြည့်ရတာ လူတွေအများကြီး သေသွားမယ် ထင်တယ် ..."
သူ့အခန်းက ရဲတိုက်၏အလယ်ကို မျက်နှာမူနေသည့်အတွက် သူက အတော်လေးကို သတိထားမိခဲ့သည်။
"ဒီလိုကိစ္စမျိုးကသာ နေ့တိုင်းပေါ်လာမယ်ဆိုရင် ဘယ်သူမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး...။ မကောင်းဆိုးဝါး ကိုးကွယ်သူတွေရဲ့ စုပေါင်းတိုက်ခိုက်မှုကြောင့် လူတိုင်းက သွေးပျက်သွားနိုင်တယ်...”
လော်ရှန်းကျိက ဘေးခြံဝန်းထဲမှ ထွက်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
မုန့်ချီက ရယ်လိုက်၏။
"ငါတို့အပေါ် သံသယဝင်တာ ပိုပြီးတော့ များလာနိုင်တယ်...."
မြို့ထဲရှိ ခြံဝန်းတစ်ခုထဲတွင် …
“မိန်းကလေးကျိ၊ ဟုန်ချိုး …
မင်းတို့လုပ်တာကောင်းတယ်...။ မင်းက ရန်သူတစ်ယောက်ကို သတ်နိုင်ပြီး လေတိမ်တိုက်တောင်ကုန်းကို ကြောက်လန့်အောင် လုပ်နိုင်ခဲ့တယ်...။ ဒါက သူတို့ရဲ့ တိုက်ခိုက်ချင်စိတ်ကို တော်တော်လေး ထိခိုက်သွားစေနိုင်တာပဲ....."
လူငယ်တစ်ယောက်က လက်ခုပ်တီးလိုက်သည်။
သူ၏ဆံပင်ရှည်များကို စည်းနှောင်ထားခြင်းမရှိသလို ၊ဆံထိုးထိုးထားခြင်းလည်း မရှိချေ။ သူ၏ဆံနွယ်များက ပုခုံးပေါ်သို့ ကျဆင်းလာနေ၏။ သူ၏မျက်ခုံးများက ထူပြီး မင်နှင့်ဆေးခြယ်ထားသလို ထင်မှတ်ရသည်။ မျက်လုံးများက ဝင်းလက်တောက်ပနေပြီး အတော်လေးကို ချောမောခန့်ညားကြောင်းသိသာ၏။
ရောင်စုံဂါဝန် ဝတ်ဆင်ထားသော မိန်းမပျိုက ရယ်လိုက်သည်။
"အစ်ကိုယွင်…
ဒါက အစ်ကိုယွင်ရဲ့အစီအစဉ်ကြောင့် အောင်မြင်သွားခဲ့တာပဲလေ...."
အစ်ကိုယွင်ဟုခေါ်သော လူငယ်က ရယ်လိုက်၏။
"ဟုန်ချိုး…
နင်က တကယ်ကို ချီးကျူးဖို့ ထိုက်တန်ပါတယ်...”
“ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဒီကိစ္စတွေက ဌာနချုပ်ဆီ မရောက်သေးလို့ တော်တော်လေးထူးဆန်းနေတာ....။ အခုတော့ သူတို့ရဲ့တိုက်ခိုက်စွမ်းရည်က ဒီလောက်ကြောက်စရာကောင်းမယ်လို့ ငါလည်း မထင်ထားခဲ့ဘူး....။ မိန်းကလေးကျိ… နင်က ဉာဏ်အလင်းပွင့်မှု ရန်သူတစ်ယောက်ကိုတောင် အလွယ်တကူ သတ်ပစ်နိုင်တယ်....."
"ဒါက မတော်တဆပါ...."
မျက်ခုံးထူထူနှင့် တောက်ပသော မျက်လုံးများ ရှိနေသည့် မိန်းမပျိုကရယ်နေရင်း ပြောလိုက်သည်။ သူမကတော့ အဖြူရောင်ဂါဝန်ပါးလေးကို ဝတ်ဆင်ထား၏။ သူမက အလွန်လှပပြီး ကျက်သရေရှိသည်။ ကောင်းကင်ပေါ်မှ နတ်သမီးလေးပမာ ထင်မှတ်ရ၏။
"မထင်မှတ်ပဲ တွေ့ရတာလား။ ဒါဆိုရင် နင်တို့က ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ...."
တစ်ဖက်တွင်တော့ စာသင်သားပုံသဏ္ဌာန် ဝတ်ဆင်ထားသော လူငယ်က မေးလိုက်သည်။
သူကတော့ ပိန်ပိန်ပါးပါးနှင့် အားနည်းသယောင် ထင်မှတ်ရပြီး မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ သူ့ပုံစံက မိန်းကလေးတစ်ယောက်၏ ပုံစံမျိုးဖြစ်၏ ။သူက မကြာခဏ ချောင်းဆိုးနေရသည်။
မိန်းမလှလေး(၂) ယောက်က သူ့အနားတွင် ရပ်နေပြီး သူ့လက်ကို ကိုင်ထားကြ၏။ ထိုမိန်းကလေးနှစ်ယောက်ကတော့ အသားဖြူဖြူ ပိန်ပိန်ပါးပါးနှင့် ဖြစ်ကြသည်။ သူတို့က အလွန် သန့်စင်လှ၏။
သူတို့၏ခန္ဓာကိုယ်ထဲမှနေ၍ ထူးခြားသောစွမ်းအင်များ ထွက်ပေါ်လာနေသည်။ နီရဲပြီး ရေဓာတ်ပြည့်ဝနေသော နှုတ်ခမ်းများ၊ ကြည်လင်တောက်ပနေသော မျက်လုံးများနှင့် သူတို့၏ခန္ဓာကိုယ်က ဆွဲဆောင်မှုအပြည့် ရှိနေသည်။ လူငယ်က ထိုမိန်းမပျို(၂)ယောက်ကို ကြည့်ပြီး တံတွေးမျိုချလိုက်၏။ ထို့နောက် သူက ဟုန်ချိုးကို လှည့်ကြည့်လိုက်သည်။
မိန်းကလေးကျိ၏မျက်လုံးများကတော့ ရီဝေဝေ ဖြစ်နေခဲ့သည်။
"အဲဒီအဖွဲ့ထဲမှာ ငါ့ချစ်သူလေးပါလားဆိုတာကိုပဲ ငါက သိချင်တာ...။ တကယ်လို့ ငါက သူ့ကို မသတ်ရဘူးဆိုရင် စိတ်ထိန်းနိုင်မှာ မဟုတ်ဘူး...."
"ချစ်သူလေးဟုတ်လား။ သူက ဘယ်သူလဲ ...."
ယွင်မျိုးရိုးလူငယ်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
မိန်းကလေးကျိက မျက်မှောင်ကြုတ်၍ ပြုံးလိုက်၏။
"သူက အဲဒီအဖွဲ့ထဲမှာ သေချာပေါက်ပါတယ်လေ...။ သူက အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ တော်တော်လေးချောတယ်..."
ယွင်မျိုးရိုးလူငယ်က တစ်စုံတစ်ခုလွဲမှားနေသလို ခံစားလိုက်ရသည်။ သူက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
"မိန်းကလေးကျိ …
နင်က သိုင်းပညာကျွမ်းကျင်တဲ့အပြင် ထူးခြားတဲ့နာမည်လည်း ရှိတယ်...။ ဒါပေမဲ့ ငါတို့က နင့်ရဲ့နာမည်ကို ဘာလို့မကြားဖူးရတာလဲ....”
"ယုလုံကျိ ဆိုတဲ့နာမည်က ရှားလို့လား..."
မိန်းကလေးကျိက ရယ်လိုက်သည်။
"ဒါဆိုရင် နင်တို့ကရော..။ နင်တို့က တံခါး(၈)ပေါက်ပွင့်နေတဲ့ ပညာရှင်(၂)ယောက်လေ....။ လူငယ်မှတ်တမ်းမှာလဲ ပါနိုင်တာပဲ...။ ဒါပေမဲ့ ငါက ယွင်ထင်ဖုန်းနဲ့ စုယွမ်ရင်ဆိုတဲ့နာမည်ကို ဘာလို့ မကြားဖူးရတာလဲ...."
အခန်းထဲတွင် လူ(၇)ယောက်ရှိနေသည်။ သူတို့ကတော့ မိန်းကလေးကျိ၊ စုယွမ်ရင် စုယွမ်ရင်၏အနားတွင်ရှိနေသော မိန်းမလှလေး (၂)ယောက် ၊ ယွင်ထင်ဖုန်း၊ ဟုန်ချိုးနှင့် အနက်ဝတ်လူတစ်ယောက်တို့ဖြစ်သည်။
"နင်ပြောတာ ဟုတ်ပါတယ်...."
ယွင်ထင်ဖုန်းက မျက်မှောင်ကြုတ်၍ ပြေလည်စွာ ပြောလိုက်သည်။
“ငါတို့က နာမည်ဂုဏ်သတင်းကျော်ကြားချင်တဲ့ လူတွေမဟုတ်ဘူး...။ ဒီတော့ ငါတို့ရဲ့နာမည်ကို ကြားဖူးမှာ မဟုတ်လောက်ဘူးလေ ။ ဒါပေမယ့် ယုလုံကျိဆိုတာက နင့်ရဲ့ နာမည်အမှန်ဖြစ်မယ်လို့ ငါတော့မယုံနိုင်ဘူး...."
သူက မိန်းမလေးကျိကို အပြုံးနှင့် ကြည့်လိုက်သည်။
မိန်းကလေးကျိကတော့ ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
"အဲဒါ ငါ့ရဲ့နာမည်အမှန်ပဲ......"
ယွင်ထင်ဖုန်းက အဝေးကိုလှမ်းကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ဟုန်ချိုး ၊ရင်ရှ …
မင်းတို့က ရန်သူကို ဘယ်လိုထင်လဲ ...."
ဟုန်ချိုးက အပြုံးနှင့် ပြောလိုက်သည်။
"လော်ရှန်းကျိနဲ့ ကျန်းကျိဝေတို့က လူငယ်မှတ်တမ်းမှာ ရှိနေတဲ့ ပညာရှင်တွေပဲ....။ သူတို့မှာ ကြောက်စရာကောင်းတဲ့အစွမ်းမျိုးရှိတယ်..။ သူတို့ကို အထင်သေးလို့မရဘူး။ ပြီးတော့ ငါတို့က တာအိုသခင်နဲ့ သူ့ရည်းစားကိုလည်း အလေးထားဖို့ လိုလိမ့်မယ်..။ တစ်ယောက်က ခုခံရာမှာ ကျွမ်းကျင်ပြီး တစ်ယောက်က ဆေးပညာနဲ့ အဆိပ်ပညာ ကျွမ်းကျင်တယ်...”
“ကျန်တဲ့သူတွေကိုတော့ သိပ်ပြောစရာမလိုပါဘူး..။ ဓားနှစ်လက်သုံးတဲ့ မိန်းကလေးကလည်း မဆိုးဘူး..။ မျက်နှာသေနဲ့ ခေါင်းတုံးကလည်း တစ်ခုခုတော့ ကောင်းနိုင်တယ်...။ ဒါပေမဲ့ သူတို့(၂)ယောက် က အားအနည်းဆုံး ဖြစ်လိမ့်မယ်..."
အနက်ဝတ်ရင်ရှက ထပ်ပြောလိုက်သည်။
စုယွမ်ရင်က ချောင်းဆိုးနေရင်း သူတို့၏စကားကို နားထောင်နေခဲ့၏။
ယွင်ထင်ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။ သူက မိန်းကလေးကျိကိုကြည့်လိုက်၏။
"မိန်းကလေးကျိ…
သူတို့ရဲ့သုံးသပ်ချက်ကို ဘယ်လိုထင်လဲ....."
မိန်းကလေးကျိက ပြုံးလိုက်သည်။
"သူတို့အားလုံးမှာ သိမ်းငှက်မျက်လုံးတွေ ရှိတယ်ဆိုမှတော့ မှန်ကန်တဲ့ သုံးသပ်ချက်တွေ လုပ်နိုင်တယ်လေ။ သူတို့ပြောတာမှန်ပါတယ် ....."
Translated by Hein Htet.