အခန်း (၉၈)
Vol. 7 Ch. 98
စုယွမ်ရင်ဆီတွင် အလွန်ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက မောက်မာစွာ ပြောလိုက်၏။
"မင်းတို့က နောက်ကို တစ်လှမ်းပြန်ဆုတ်ပေးဖို့ ငါက တောင်းဆိုချင်တယ်…"
ထိုတောင်ကုန်းလေးပေါ်၌ သံသရာခရီးသွားများအပြင် အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် လူထူးဆန်း (၃)ယောက် ရှိနေသည်။ သူတို့၏ ခေါင်းဆောင်းအောက်တွင် ရှိနေသော အနက်ရောင်ဆံပင်များကလည်း လေထဲတွင် လွင့်နေခဲ့၏။
ယွင်ထင်ဖုန်းက စုယွမ်ရင်ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်ပြီး ဟုန်ချိုးနှင့် ရင်ရှတို့ကို နောက်ပြန်ဆုတ်ရန် အချက်ပြလိုက်သည်။ မိန်းကလေးကျိကတော့ ပြုံးနေပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
စုယွမ်ရင်က ညာလက်ကို မြှောက်လိုက်သည့်အချိန်တွင် သူ၏ အသက်ရှူသံက ရုတ်တရက် ပြောင်းလဲလာပြီး အားနည်းရာမှနေ၍ ထူးဆန်းပြီး မကောင်းဆိုးဝါးဆန်သည့် ပုံစံမျိုး ပေါ်လာခဲ့သည်။ ထို့ကြောင့် လူတိုင်းက သူ့ကို ကိုးကွယ်ယုံကြည်ချင်လာပြီး သူ့အတွက် စွန့်စားပေးလိုစိတ်များ ပေါ်လာကြ၏။ သူက သီးခြားလူတစ်ယောက်အဖြစ် အလွန်လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
ပထမတွင် ယွင်ထင်ဖုန်းက မှင်တက်သွားခဲ့ပြီး ထို့နောက် သတိပြန်ဝင်လာခဲ့၏။ သူကတော့ ကျေနပ်စွာ ပြုံးလိုက်မိသည်။သူက မိန်းကလေးကျိကို ကြည့်ပြီး စိတ်ထဲတွင် ရေရွတ်လိုက်၏။
“သူက အဲဒါတွေကို တကယ် ကြိုမြင်နေခဲ့တာပဲ…”
ထိုအချိန်တွင် စုယွမ်ရင်၏ အသက်ရှုသံက အမြင့်ဆုံးကို ရောက်လာခဲ့သည်။ သူ၏ မျက်ခုံးကြားထဲတွင်လည်း အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့ပြီး ထိုနေရာမှနေ၍ အစိမ်းရောင် ဒေါင်လိုက်မျက်လုံးတစ်ခု ပေါ်လာခဲ့သည်။
ထိုမျက်လုံးနှင့် စိုက်ကြည့်ခံရမည်ဆိုလျှင် စိတ်ဝိညာဉ်ကို ဖမ်းချုပ်ခံရသလို ခံစားရနိုင်၏။ မျက်လုံးထဲ၌ အစိမ်းရောင်အလင်းတန်းများ တဖြည်းဖြည်း ပြင်းထန်လာသည့်အချိန်တွင် ကန္တာရထဲ၌ ရှိနေသော သဲမုန်တိုင်းများက ရုတ်တရက် ပြင်းထန်လာပြီး သဲများ၊ လေလှိုင်းများက ကမ္ဘာပျက်နေသကဲ့သို့ တိုက်ခတ်လာကြသည်။
သဲမုန်တိုင်းဟူသည်မှာ မူလကတည်းက ကန္တာရထဲတွင် တိုက်ခတ်နေကြခြင်း ဖြစ်၏။ ထိုအရာက ကြောက်စရာကောင်းသော်လည်း သဘာဝတရားသာ ဖြစ်သည့်အတွက် အန္တရာယ်များနေခြင်း မရှိချေ။ သို့သော် ထိုနေရာက သဲမုန်တိုင်း၏ ဗဟိုချက်အဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရ၏။
သဲမုန်တိုင်းများက ဆက်လက်ပျံ့နှံ့လာပြီး ကျောင်းဆောင်ပျက်ကြီးနှင့် အနီးအနား နယ်မြေများကို လွှမ်းခြုံသွားခဲ့သည်။ ထို့ကြောင့် လေတိမ်တိုက်တောင်တန်းမှ ပင်မအင်အားစုများနှင့် မုန့်ချီတို့အဖွဲ့ကို ဆက်သွယ်မှု လုံးဝဖြတ်တောက်ပစ်လိုက်သလို ဖြစ်သွားသည်။
ထိုကဲ့သို့ အခြေအနေမျိုးတွင် သဲမုန်တိုင်းထဲ၌ သွားနေသော လူတိုင်းက လမ်းပျောက်သွားနိုင်၏။ သူတို့က ရှေ့တွင် ရှိနေသော မြင်ကွင်းကို မမြင်နိုင်တော့သလို အနီးအနားတွင် ရှိနေသော လှုပ်ရှားမှုများကိုလည်း မကြားနိုင်တော့ပေ။
ထိုအခြေအနေမျိုးတွင် ကယ်ဆယ်ခြင်း၊ ဝိုင်းရံတိုက်ခိုက်ခြင်း၊ အလစ်ချောင်းတိုက်ခိုက်ခြင်းမျိုးက လုံးဝအသုံးမဝင်နိုင်တော့ပေ။
"ဟုတ်ပြီ။ အခု သူတို့တွေကို လုံးဝခွဲခြားပြီးသွားပြီ။ ငါတို့က သူတို့ကို တစ်ယောက်ချင်းဆီ သတ်ပစ်လိုက်လို့ရပြီ။ ကူကုံရှန်က သူတို့ကို လာကယ်မှာ စိုးရိမ်စရာ မလိုတော့ဘူး..."
စုယွမ်ရင်၏ နှုတ်ခမ်းများက နီရဲနေ၏။
သူက တခြားလူတစ်ယောက်၏ သွေးများကို စုပ်ယူထားသကဲ့သို့ ထင်မှတ်ရသည်။ သူ၏မျက်နှာကလည်း နီရဲနေပြီး ချောင်းဆိုးခြင်း မရှိတော့ချေ။ သဲမုန်တိုင်းများ ဟူသည်မှာ သဘာဝတရားကြီး၏ ပုံမှန်ပြောင်းလဲမှုသာ ဖြစ်သည်။
သူကတော့ သဲမုန်တိုင်း ပို၍အစွမ်းထက်လာစေရန် သူ၏ အစွမ်းကို အသုံးပြုလိုက်ခြင်းသာ ဖြစ်သည်။ ကူကုံရှန်က ထူးခြားသည့်အရာ တစ်စုံတစ်ခုကို သတိထားမိမည်ဟု သူက မတွေးမိခဲ့ပေ။
ယွင်ထင်ဖုန်းက လက်ခုပ်တီးပြီး ရယ်လိုက်၏။
"ညီလေးစုရဲ့အစွမ်းက တကယ့်ကို ပြိုင်ဘက်ကင်းပါလား။ တကယ်ကို ထူးခြားလွန်းပါတယ်။ သဘာဝတရားကိုတောင် ပြောင်းလဲနိုင်စွမ်းရှိတယ်..။ ဒီထောင်ချောက်က သူတို့အတွက် စိတ်ညစ်စရာဖြစ်သွားလိမ့်မယ်လို့ ကျေန်းကျိဝေတို့အဖွဲ့က လုံးဝထင်ထားကြမှာ မဟုတ်ဘူး။ ညီလေးစု...ငါတို့တွေ ပူးပေါင်းပြီး လော်ရှန်းကျိကို သတ်ကြစို့။ သူက လူငယ်မှတ်တမ်းမှာ ကျန်းကျိဝေထက် အဆင့်ပိုမြင့်တယ်။ သူက အန္တရာယ်အကြီးဆုံးပဲ…"
ယခင်တုန်းကတော့ သူတို့က လူသတ်ရသည့် အမိန့်မျိုးကို မရခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က အချင်းချင်း ဝေးကွာနေကြ၏။
ယခုတော့ လော်ရှန်းကျိ၊ ကျန်းကျိဝေနှင့် တခြားသူများက အချင်းချင်း နီးကပ်နေမည်ဆိုလျှင်ပင် သူတို့၏လှုပ်ရှားမှုများကို ဖုံးကွယ်ရန်အတွက် ရုတ်တရက် အလစ်ချောင်း တိုက်ခိုက်၍ ရနိုင်သည်။ အကယ်၍ သူတို့ကသာ ပူးပေါင်းလိုက်မည်ဆိုလျှင် သူတို့က ပစ်မှတ်ကြီးတစ်ခုကို တိုက်ခိုက်ရန်အတွက် စုစည်းရပါလိမ့်မည်။
စုယွမ်ရင်က မောက်မာစွာ ခေါင်းခါလိုက်၏။
"ကျန်းကျိဝေကို အရင်ဆုံး ရင်ဆိုင်လိုက်ပါ။ သဘာဝတရားကြီးကို ပြောင်းလဲလိုက်တဲ့အတွက် ငါ့ရဲ့စွမ်းအားတွေက ပိုပြီးတော့ ကုန်တယ်။ ငါက ဆူပွက်နေတဲ့ သွေးတွေကို တည်ငြိမ်အောင်လုပ်ဖို့အတွက် မိန်းကလေးတစ်ယောက် လိုအပ်တယ်…"
သူက သူ၏ ရည်မှန်းချက်နှင့် လက်ရှိအခြေအနေကို ဖုံးကွယ်ထားခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် တစ်ချိန်ချိန်တွင် သူ့ကိုသတ်ရန် အခွင့်အရေးယူသူများ ရှိလာနိုင်ပြီး သူကတော့ မထင်မှတ်ထားသော အရာများကို လုပ်ဆောင်ရန် လိုအပ်သည်။
ထိုစကားကို ပြောလိုက်ပြီးနောက် သူက သဲမုန်တိုင်းထဲတွင် ရှိနေသော နေရာပေါင်းများစွာကို လက်ညှိုးထိုးပြလိုက်သည်။
“အဲဒီနေရာက လော်ရှန်းကျိ၊ အဲ့ဒီမှာ ကျန်းကျိဝေ…"
သဘာဝပြောင်းလဲမှုများ ထွက်ပေါ်လာသည့်အချိန်တွင် သူကတော့ သဘာဝတရားကြီးနှင့် ဝိုးတဝါး ပေါင်းစပ်နိုင်ခဲ့သည်။ ထို့ကြောင့် သူက ကျန်းကျိဝေတို့ ပုန်းအောင်းနေသော နေရာများကို ခန့်မှန်းနိုင်စွမ်းရှိ၏။
ယွင်ထင်ဖုန်းက စဉ်းစားပြီး ပြောလိုက်သည်။
"လော်ရှန်းကျိနဲ့ ကျန်းကျိဝေတို့က သိပ်မဝေးဘူး။ သူတို့က အချင်းချင်း ပူးပေါင်းသွားမှာ စိုးရတယ်။ ဒါဆိုရင် ရင်ဆိုင်ဖို့ မလွယ်တော့ဘူး။ ငါက လော်ရှန်းကျိကို တားထားတာ ပိုပြီးတော့ ကောင်းလိမ့်မယ်။ ဒီတော့ ကျန်းကျိဝေကို သတ်ဖို့အတွက် ညီလေးစုနဲ့ ပူးပေါင်းဖို့ မြေပြင်သခင်ကို တောင်းဆိုလိုက်မယ်…"
ယွင်ထင်ဖုန်း၊မိန်းကလေးကျိနှင့် တခြားသူများကို မကောင်းဆိုးဝါးကိုးကွယ်သူများက အလွန်လေးစားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က အလွန်ကြောက်စရာ ကောင်းသော စွမ်းအားများကို ပြသထားနိုင်ခဲ့ပြီး ဂိုဏ်းကြီး(၄)ဂိုဏ်း၏ မဟာမိတ်အဖွဲ့ကို နှောင့်ယှက်နိုင်ခဲ့သည်။ သူတို့က မြေပြင်သခင်နှင့်လည်း တွေ့ဖူးထားသည်။
မကောင်းဆိုးဝါးကိုးကွယ်သူများအဖွဲ့တွင် ကောင်းကင်သခင်၊ မြေပြင်သခင်နှင့် လူသားသခင်ဟူ၍ အဆင့်အလိုက် ခွဲခြားထား၏။ အနက်ရောင်ဝတ်ဆင်ထားသော လူထူးဆန်း (၃)ယောက်ထဲတွင် အမြင့်ဆုံးအဆင့်အတန်းရှိသူက ပွယောင်းယောင်း ဖြစ်နေသော သူ၏ဝတ်စုံကို တင်းအောင်ချည်ပြီး ပြောလိုက်သည်။
"ငါက တစ်ယောက်တည်း တိုက်ခိုက်နိုင်ပါတယ်….”
“မြေပြင်သခင်ရဲ့အစွမ်းက ခန့်မှန်းလို့ မရနိုင်ဘူးဆိုတာ ငါတို့အားလုံးက သိပါတယ်။ ဒါပေမယ့် တိုက်ပွဲက အရမ်းကြာသွားမယ်ဆိုရင် အဘိုးကြီးကူက သံသယဝင်လာမှာကိုပဲ စိုးရိမ်နေတာ။ အခု ငါတို့က အလစ်ချောင်း တိုက်ခိုက်ရမှာလေ။ ဒီတော့ မိုးကြိုးတစ်ခုလို မြန်မြန်ဆန်ဆန် သတ်ပစ်နိုင်ဖို့ လိုအပ်တယ်…"
ယွင်ထင်ဖုန်းက ပြုံးလိုက်သည်။
သူက မကောင်းဆိုးဝါး ကိုးကွယ်သူများဆီမှ တပည့်အနည်းငယ်နှင့် စမ်းသပ်တိုက်ခိုက်ခဲ့သည်။ သူတို့၏အစွမ်းက လျှို့ဝှက်ခြင်းအဆင့်ကို ရောက်နေသော်လည်း မျိုးစုံပြောင်းလဲနေပြီး ကိုယ်ပိုင်ထူးခြားမှုများ ရှိနေကြ၏။
တချို့က အရိပ်ထဲတွင် ပုန်းအောင်းမှုကို ကျွမ်းကျင်ပြီး လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးဝင်လှသည်။ တချို့က မီးတောက်ထဲတွင် ပုန်းအောင်းနေပြီး စွမ်းအားများကို ငှားယူနိုင်သည်။ တချို့ကတော့ တဏှာရမ္မက်နှင့် တိုက်ခိုက်မှုတွင် ကျွမ်းကျင်ကြ၏။
ထို့ကြောင့် ဤနယ်ပယ်ထဲတွင် ရှိနေသော လျှို့ဝှက်ခြင်းအဆင့်ဟူသည်မှာ အမှန်တကယ် ထူးခြားသည်ဟု သတ်မှတ်နိုင်သည်။ သူတို့ထဲတွင်တော့ သူက မြေပြင်သခင်ကို စမ်းသပ်ကြည့်လိုက်ရာ သူက အတော်လေးကို ကြောက်စရာကောင်းကြောင်း တွေ့လိုက်ရ၏။ အကယ်၍ သူသာ အစွမ်းကုန် တိုက်ခိုက်ခဲ့ခြင်းမရှိလျှင် အနိုင်ရနိုင်မည် မဟုတ်ချေ။ အကယ်၍ စုယွမ်ရင်ကသာ မြေပြင်သခင်နှင့် ပူးပေါင်းတိုက်ခိုက်လိုက်မည် ဆိုလျှင် လော်ရှန်းကျိကိုပင် သတ်နိုင်သည်။
ယွမ်ထင်ဖုန်း၏ စကားကို ကြားသည့်အခါ မြေပြင်သခင်က ခေါင်းညိတ်ပြလိုက်၏။ သူကတော့ ထောက်ခံကြောင်း စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ မကောင်းဆိုးဝါး ကိုးကွယ်သူများထဲတွင် စွမ်းအားက အဓိကဖြစ်သည်။
ယွင်ထင်ဖုန်းနှင့် စုယွမ်ရင်တို့က သဘာဝတရားကြီးနှင့်ပင် ပေါင်းစပ်နိုင်သည့်အတွက် သူတို့၏အစွမ်းက အလွန်ကြောက်စရာကောင်းလွန်းလှ၏။ မိန်းကလေးကျိကတော့ မသေမချာ ခေါင်းညိတ်ပြလိုက်သည်။
ယွင်ထင်ဖုန်းက သူ့နောက်လိုက်နှစ်ယောက်ကို လှည့်ပြောလိုက်၏။
"ဟုန်ချိုး...
ငါက ခေါင်းတုံးလေးကိုတော့ နင့်အတွက်ထားလိုက်မယ်။ သူနဲ့အချိန်အကြာကြီး တိုက်ခိုက်မနေနဲ့...”
“ရင်ရှ....
အဆိပ်ကျွမ်းကျင်တဲ့ မိန်းကလေးကို တာဝန်ယူလိုက်...။ အချိန်ဆွဲနေမယ်ဆိုရင် အန္တရာယ်များတယ်။ အခွင့်အရေးကို အရယူပြီး သူ့ကိုဖယ်ရှားလိုက်။ သူက ကျန်းဝူဂိုဏ်းက လူနဲ့ အတူတူ ရှိနိုင်တယ်။ သူနဲ့အချိန်အကြာကြီး တိုက်ခိုက်မနေနဲ့ မဟုတ်ရင် နင်က ထိုက်ကျိအကာအကွယ်ထဲမှာ ပိတ်မိသွားလိမ့်မယ်။ ငါတို့ကတော့ ကျန်းကျိဝေကို ရင်ဆိုင်ဖို့ အာရုံစိုက်သင့်တယ်…"
“စုယွမ်ရင်ရဲ့ အစေခံနှစ်ယောက်က ချီစုဆောင်းရေးအဆင့်ကို ရောက်နေပေမယ့် စွမ်းအား မလုံလောက်ဘူး။ ဒါပေမယ့် ရင်ရှကတော့ တော်တော်လေး ထူးချွန်တဲ့ လုပ်ကြံရေးသမားတစ်ယောက်ပဲ။ ဒီတော့ အဲဒီမိန်းကလေးက ကျန်းဝူဂိုဏ်းက လူနဲ့ အတူတူရှိနေမယ်ဆိုရင်တောင် သတ်ဖို့မခက်နိုင်ဘူး…"
ဟုန်ချိုးက ဝမ်းမြောက်ဝမ်းသာ ပြောလိုက်၏။
"ငါက သူ့ရဲ့အရေပြားကို တစ်လက်မချင်းဆီ ပဲ့ကျသွားအောင် လုပ်ပစ်မယ်။ပြီးတော့ သူ့ကို သတ်ပေးဖို့အတွက် သူကိုယ်တိုင် ငါ့ကို တောင်းပန်စေရမယ်…"
သူ့လက်မောင်းတွင် ရှိနေသော ဒဏ်ရာက နေမင်းနီမကောင်းဆိုးဝါးဓားကြောင့် ထိခိုက်သွားရခြင်းဖြစ်ပြီး အမဲရောင်အမာရွတ်တွင် အနီရင့်ရောင် အလင်းတန်းများ လွှမ်းခြုံနေသည်။ ထိုအရာကို ဖယ်ရှားပစ်၍ မရနိုင်ပေ။ ထိုအရာက ကင်းခြေများကြီး တစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့၏။ သူ့လို အလှကြိုက်သော မိန်းမပျိုတစ်ယောက်က ထိုအရာကို မည်သို့ခံနိုင်ရည်ရှိမည်နည်း။
သူမ၏ စကားကို ကြားသည့်အခါ မိန်းကလေးကျိက အပြုံးလိုက်၏။
"ဒီက မိတ်ဆွေနှစ်ယောက်ကတော့ ကျေးဇူးပြုပြီး ကျန်တဲ့သူတွေကို ရင်ဆိုင်ပေးပါ…"
ယွင်ထင်ဖုန်းက မြေပြင်သခင်၏ အနားတွင် ရှိနေသော တမန်တော်(၂)ကို အမိန့်ပေးလိုက်သည်။
……………
ကျန်းကျိဝေက ပျက်စီးနေသော ကျောက်တုံးတစ်တုံး၏ နောက်တွင် ပုန်းနေပြီး အလွန်လျင်မြန်စွာ တိုက်ခတ်လာသော သဲမုန်တိုင်းကို မြင်သည့်အချိန်တွင် အနည်းငယ်ထူးဆန်းသလို ခံစားနေရ၏။
သဲမုန်တိုင်းက ဘာကြောင့် အလွန်ကြမ်းတမ်းလာရသနည်း။ အကယ်၍ ထိုသို့ ဆက်သွားမည်ဆိုလျှင် အနားတွင် ရှိနေသော အဖော်များနှင့် ဆက်သွယ်ရန် ခက်ခဲနိုင်သည်။ ထို့ပြင် တစ်ဖက်အဖွဲ့မှ သံသရာခရီးသွားများကို အလစ်ချောင်း တိုက်ခိုက်ရန်ကတော့ ပို၍ပင် မဖြစ်နိုင်တော့ပေ။
“တကယ်လို့ ဒီလိုအချိန်မှာ ရန်သူကသာ ကျောင်းဆောင်အပျက်ကို တိုက်ခိုက်မယ်ဆိုရင် ကိုရင်လေးက သေချာပေါက် ရှုံးနိမ့်ရတော့မှာပဲ..”
သူမ၏ မျက်ခုံးကြားထဲတွင် အနည်းငယ် ဖောင်းလာသလို ခံစားလာရ၏။ သူမက စိတ်ဝိညာဉ်ကို ထုတ်လွှတ်ကြည့်ရန် ကြိုးစားလိုက်သည်။ ထို့နောက် သူမက မှတ်ဉာဏ်ထဲတွင ်ရှိနေသော နေရာအတိုင်း ဓားကို ကိုင်၍ လျင်မြန်စွာ လျှောက်သွားခဲ့၏။
ရုတ်တရက်ဆိုသလို သူမ၏ အာရုံများအားလုံး လှုပ်ရှားလာပြီး နောက်ကို ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်မိသည်။ တစ်ချိန်တည်းတွင် သူမက နေဖောက်သက်တန့်ဓားကို ဝှေ့ယမ်းလိုက်ပြီး အနားတွင် ရှိနေသော လေလှိုင်းများ သဲများကြားထဲကို တိုက်ခိုက်လိုက်၏။
ထိုအချိန်တွင် သူမရှိနေခဲ့သော နေရာ၌ သံဘီးတစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက အနားတွင် ရှိနေသော သဲမုန်တိုင်းထဲမှ ထွက်လာခဲ့ခြင်းဖြစ်ပြီး ဝက်ဝံတစ်ကောင်ကဲ့သို့သော ဧရာမလက်ကြီးတစ်ဖက်က ကိုင်ထားသည်။ ပို၍ထူးဆန်းနေသည်မှာ ထိုလက်၏ ပတ်ပတ်လည်တွင် အနက်ရောင်လေလှိုင်းများ ရှိနေပြီး သဲမုန်တိုင်းနှင့် ပေါင်းစပ်နေသလို ထင်မှတ်ရ၏။
သူမ၏ဓားနှင့် တိုက်ခိုက်လိုက်သော နေရာတွင်တော့ မိန်းကလေးဆန်သည့် မျက်နှာနှင့် လူတစ်ယောက် ရှိနေသည်။
သူက ဓားချက်ကို ရှောင်တိမ်းလိုက်၏။ စုယွမ်ရင်က ညာလက်ကိုမြှောက်လိုက်ရာ သူ၏ လက်ဖဝါးပေါ်မှနေ၍ မိုးကြိုးအလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။ ထိုအရာကတော့ မိုးကြိုးစပါးအုံးမြွေဖြစ်၏။
သူမ၏ဆရာဆီမှ အတွေ့အကြုံများစွာ သင်ကြားထားခဲ့သော ကျန်းကျိဝေကတော့ တစ်စုံတစ်ခုလွဲမှားနေကြောင်း ခံစားမိခဲ့သည်။ ထိုလူက လက်ကို မြှောက်လိုက်သည့်အချိန်တွင် သူမက ချက်ချင်းဘေးသို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်၏။
ထို့ကြောင့် ငွေရောင်မိုးကြိုးစပါးအုံးမြွေက သူမကိုကျော်ပြီး အနက်ရောင်သံဘီး ရှိနေသောနေရာသို့ ဦးတည်သွားခဲ့သည်။
“ချွမ်...”
အနက်ရောင် သံဘီးက အနက်ဝတ်လူသန်ကြီး၏ လက်ထဲမှနေ၍ လွတ်ထွက်သွားခဲ့သည်။ သူက ဝေ့ကျင့်အဆင့် ပညာရှင်တစ်ယောက် မဟုတ်ပေ။
တဖန် သူမက ဓားပညာကို သုံးပြီး မုန်တိုင်းသဖွယ် တိုက်ခိုက်မှုများနှင့် စုယွမ်ရင်ကို လွမ်းခြုံလိုက်၏။ သူမ၏ တိုက်ခိုက်မှုက လျင်မြန်ပြီး ဆက်တိုက်ဆိုသလို ရောက်လာနေခြင်း ဖြစ်သည်။
သူမက သူ၏ အားနည်းချက်ကို တွေ့သွားသည်နှင့် ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်ကို သုံးရန် စီစဉ်လိုက်သည်။ သူမက သူ့ကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် အခွင့်အရေး မပေးခဲ့ပေ။
စုယွမ်ရင်၏ နဖူးပေါ်မှနေ၍ ချွေးသီးချွေးပေါက်များ ကျလာခဲ့၏။ သူကတော့ ထူးဆန်းသော ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် မုန်တိုင်းထဲတွင် ပေါင်းစပ်နိုင်မှုကို အားကိုးပြီး ကျန်းကျိဝေ၏ တိုက်ခိုက်မှုများကို တားဆီးနေရ၏။
သို့သော် သူမ၏ ဓားပညာက အလွန်ကြောက်စရာကောင်းသော လှိုင်းလုံးများကဲ့သို့ ကြမ်းတမ်းနေသည်ဟု တွေးမိနေသေးသည်။ထို့ကြောင့် သူလည်း အသက်ရှူရန် ခက်ခဲနေခဲ့၏။ သူမက အမှန်တကယ်လည်း လူငယ်မှတ်တမ်းထဲ၌ ရှိသင့်သည့် အရည်အချင်းမျိုး ရှိသည်။
ယခုတစ်ကြိမ် မြေပြင်သခင်က သူ့ကို လာကူပေးသည်မှာ ကံကောင်းသွား၏။ မြေပြင်သခင်က သူ၏အနက်ရောင်သံဘီးကို ပြန်ကောက်လိုက်ပြီး နောက်တစ်ကြိမ် ပစ်လွှတ်ရန် ပြင်ဆင်လိုက်သည်။
တစ်ချိန်တည်းတွင် သဲများ၊လေလှိုင်းများက ကျန်းကျိဝေ၏ ဓားရှည်ဆီသို့ ရောက်သွားကြသည့်အတွက် စုယွမ်ရင်က အသက်ရှူရန် အခွင့်အရေးရသွားသည်။ ထိုအချိန်တွင် စုယွမ်ရင်၏ မျက်ခုံးကြားထဲတွင် ရှိနေသော အစိမ်းရောင် ဒေါင်လိုက်မျက်လုံးက ဝင်းလက်တောက်ပလာခဲ့သည်။ သူကတော့ သူ၏ ဝှက်ဖဲကို သုံးပြီး တိုက်ပွဲကို လျင်မြန်စွာ အဆုံးသတ်ချင်နေပုံရ၏။
…………
လော်ရှန်းကျိက ပေါ့ပလာသစ်ပင်ကြီး တစ်ပင်ပေါ်တွင် ပုန်းနေခဲ့သည်။ ထို့ပြင် သူ၏ အာရုံများကလည်း သဲမုန်တိုင်း၏ သက်ရောက်မှုကို ခံထားရ၏။ ထိုအချိန်တွင် သဲမုန်တိုင်းထဲမှ နေ၍ အဆိပ်နဂါးတစ်ကောင်ကဲ့သို့ လက်သီးတစ်ဖက်ထွက်လာပြီး သူ့ကိုတိုက်ခိုက်လိုက်၏။
သူ၏အင်္ကျီက အနည်းငယ်လှုပ်ရှားသွားပြီးနောက် လော်ရှန်းကျိက သက်ပြင်းချလိုက်မိသည်။ ပထမဆုံး လက်သီးချက်က ချော်ထွက်သွားပြီး သူ့အင်္ကျီက စွမ်းအားများကို ဖယ်ရှားပေးလိုက်သည်။
တိုက်ခိုက်မှုကို ရှောင်တိမ်းနေရင်း လော်ရှန်းကျိက ယွင်ထင်ဖုန်း၏ ဘယ်လက်သီးကို လက်သီးနှင့် တုံ့ပြန်တိုက်ခိုက်လိုက်သည်။ ယွင်ထင်ဖုန်းကတော့ လက်သီးထဲတွင် (၇)ချက် ပေါက်ကွဲသွားသလို ခံစားလိုက်ရ၏။ ထိုအရာကတော့ ကြွက်သားနှင့်အရိုး၊ အမာနှင့်အပျော့ ရောနှောနေသယောင် ထင်မှတ်ရသည်။
ပေါက်ကွဲမှုက တစ်စတစ်စပို၍ အစွမ်းထက်လာသည့် အပြင် အချင်းချင်း ပေါင်းစပ်နေပြီး ယွင်ထင်ဖုန်း၏ကိုယ်တွင်းအင်္ဂါများထဲသို့ တိုက်ရိုက်ထိုးဖောက်သွားခဲ့သည်။ သူက ထိုအရာကို ခုခံရန် အမှန်တကယ်ကို ခက်ခဲနေခဲ့၏။ သူက လေထဲတွင် လှုပ်ရှားနေရာမှ နောက်သို့လွင့်သွားပြီး မြေပေါ်သို့ လဲကျသွားခဲ့သည်။
သူက ရယ်လိုက်၏။
"တကယ့်ကို ပြိုင်ဘက်ကင်း သံလက်သီးပါလား..။ ငါလည်းအရင်တုန်းက ဒဏ်ရာ(၇)ချက် လက်သီးသိုင်းကို မြင်ခဲ့ဖူးတယ်။ ဒါပေမယ့် မင်းရဲ့ လက်သီးသိုင်းကတော့ ပိုပြီးအဆင့်မြင့်နေတာပဲ…"
လော်ရှန်းကျိက ကြောက်စရာကောင်းစွာ ရယ်လိုက်သည်။
"ဒါဆိုလည်း ငါ့လက်သီးကို ယူလိုက်..."
ထိုလက်သီးကို ထိုးလိုက်သည့်အချိန်တွင် အလွန်ယောကျ်ားဆန်ပြီး ကြောက်စရာကောင်းသည်။ စွမ်းအားကလည်း ပြင်ထန်လှ၏။
“တကယ်ကောင်းတဲ့ လက်သီးပဲ…”
ထိုအရာက ဒဏ်ရာ(၇)ချက် လက်သီးမဟုတ်ကြောင်း ယွင်ထင်ဖုန်းက သိနေသည်။ သူက လက်နှစ်ဖက်ကို အနည်းငယ်ကွေးလိုက်ပြီး လော်ရှန်းကျိ၏ လက်ကောက်ဝတ်ကို ချိုးရန် ကြိုးစားလိုက်သည်။ အမုန်တကယ် တိုက်ခိုက်ပြီးနောက် လော်ရှန်းကျိက ထိုအရာကို ရှောင်တိမ်းနိုင်ခဲ့၏။
"ကောင်းတယ်....။နောက်ထပ် လက်သီးတစ်ချက်..."
လော်ရှန်းကျိက လက်သီးတစ်ချက် ထိုးလိုက်ပြန်သည်။ သူ၏ အဝတ်အစားများ ဆံပင်များကလည်း သဲမုန်တိုင်းထဲတွင် လှုပ်ရှားနေခဲ့၏။
ထိုလက်သီးချက်က မည်သည့်သိုင်းကွက်မျှမပါဘဲ သာမန်ဟုသာ ထင်မှတ်ရသည်။ သို့သော် အလွန်ကြောက်စရာကောင်းပြီး မာကျောသည်ဟု ယွင်ထင်ဖုန်းက ခံစားမိခဲ့၏။ ထိုလက်သီးချက်ထဲတွင် အလှတရားတစ်ခု ပါဝင်နေပြီး သဘာဝ လက်သီးချက်တစ်ခုပမာ ထင်မှတ်ရ၏။
သူက ညာဘက်လက်ဖဝါးနှင့် ရင်ဆိုင်ရန် ကြိုးစားလိုက်သည်။ ထိုအရာက ပြောင်းလဲရာတွင် အတော်လေးခက်ထန်နေသော်လည်း ကြောက်စရာကောင်းသော အစွမ်းမျိုးတော့ ရှိနေသေး၏။
ယွင်ထင်ဖုန်းက လက်နှစ်ဖက်ကို ကန့်လန့်ဖြတ်ခံလိုက်မိရာ အားသက်ရောက်မှုကြောင့် ခြေထောက်နှစ်ဖက်က သဲထဲသို့ နစ်မြုပ်သွားခဲ့သည်။ သူ၏နှုတ်ခမ်းမှနေ၍ သွေးများလည်း စီးကျလာခဲ့သည်။ သို့သော် သူက ချက်ချင်းပင် လက်ဝါးကို လက်သည်းအဖြစ်ပြောင်းလဲ၍ လော်ရှန်းကျိ၏ လက်သီးကို ကုတ်လိုက်သည်။
ထိုအချိန်တွင် လော်ရှန်းကျိ၏ ကိုယ်တွင်းအင်္ဂါများက ထိန်းချုပ်၍ မရတော့သလို ခံစားလိုက်ရ၏။ ထိုစွမ်းအားများက ယွင်ထင်ဖုန်းဆီသို့ မြစ်တစ်စင်းပမာ စီးဆင်းသွားခဲ့သည်။
အလွန်ထိတ်လန့်သွားသည့်အတွက် သူလည်း လက်ကို အမြန်ရုတ်သိမ်းလိုက်ရသည်။ နှစ်ဖက်စလုံးက သူမသာ ကိုယ်မသာ အခြေအနေမျိုးဖြစ်ပြီး တိုက်ခိုက်မှုနှင့်ခုခံမှုကို ဆက်တိုက်ပြောင်းလဲနေရသည်။ ထို့ကြောင့် ရလဒ်တစ်ခု ထွက်ပေါ်လာရန် ခက်ခဲနိုင်သည်။
လော်ရှန်းကျိကတော့ တစ်ကိုယ်လုံး ထုံကျင်နေသလို ခံစားနေရပြီး သူ၏ ချီစွမ်းအင် ကုန်ဆုံးမှုက မြန်ဆန်လာသလို ခံစားနေရသည်။ လော်ရှန်းကျိက အလွန် မျက်လုံးပြူးနေသော်လည်း စိုးရိမ်ထိတ်လန့်နေခြင်း မရှိချေ။
……………..
ဖူကျန်းကျန်းက ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်သည်မှာ မကြာသေးသည့်အတွက် တချို့သောသိုင်းပညာများတွင် အဆင့်တက်လာမှုမရှိချေ။ ထို့ကြောင့် သဲမုန်တိုင်းများ ကြမ်းတမ်းလာသည့် အချိန်တွင် ကျန်းယွင်ရှန်က သူမကို မြောင်းတံတားတစ်ခုထဲတွင် ပုန်းအောင်းနေရန် ခေါ်သွားခဲ့သည်။
ရင်ရှကတော့ အရိပ်များနှင့်အတူ ပေါင်းစည်းပြီး ထိုတံတားဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာနေခဲ့၏။
Translated by Hein Htet