အခန်း (၉၉)
Vol. 7 Ch. 99
တံခါးလေး၏ အောက်တွင် ရှိနေသော စမ်းချောင်းက ခြောက်ကပ်သွားခဲ့သည်မှာ ကြာခဲ့ပါပြီ။ တစ်ချို့သော ကျောက်တုံးများက အဝေးတွင် ပျက်စီးနေပြီး ရေစီးကြောင်းကို တားဆီးထားခဲ့ပုံ ရ၏။ ကျန်ရှိနေသည်မှာ ပုံသဏ္ဍာန်မျိုးစုံ ရှိနေသော ကျောက်တုံးများသာဖြစ်သည်။ ထိုကျောက်တုံးကြီးများကတော့ အမှောင်ထဲတွင် လက်သည်းများ ရှိနေသော မကောင်းဆိုးဝါးကြီး တစ်ကောင်ကဲ့သို့ ထင်မှတ်ရ၏။
သူတို့၏ တည်နေရာ ပေါ်မသွားစေရန်အတွက် ကျန်းယွင်ရှန်က မီးမထွန်းခဲ့ပေ။ သူကတော့ မျက်လုံးတံခါးပွင့်နေပြီသား ဖြစ်သည့်အတွက် သူ၏ မျက်လုံးကိုသာ အားကိုးပြီး ရှေ့ကို တစ်လှမ်းချင်းဆီ လျှောက်သွားနေခဲ့သည်။
ဖူကျန်းကျန်းက သူ၏အင်္ကျီလက်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားပြီးနောက်မှ လိုက်လာခဲ့သည်။ သူမက ကောင်းကောင်း မမြင်ရသော်လည်း ဘေးကင်းလုံခြုံနေသလို ခံစားနေရ၏။ သူမက သူ့ကို အကြွင်းမဲ့ယုံကြည်နေသည်။
ထူးဆန်းသော ပုံသဏ္ဍာန် ရှိသည့် ကျောက်တုံးတစ်တုံးကို ဖြတ်ကျော်သွားသည့် အချိန်တွင် ကျန်ယွင်ရှန်က ရှေ့ကို ဆက်မသွားတော့ပေ။ အကယ်၍ သူက ရှေ့ဆက်သွားမည်ဆိုလျှင်ပင် သဲမုန်တိုင်းထဲရှိ ပြောင်းလဲမှုများကို သတိထားမိတော့မည် မဟုတ်ချေ။ ထို့ကြောင့် ပြိုင်ဘက်ကို တိုက်ခိုက်ရန် အခွင့်အရေးဆုံးရှုံးသွားနိုင်၏။
အရိပ်သတ်ဖြတ်သူက ညအမြင်စွမ်းရည်နှင့် မွေးဖွားလာခြင်းဖြစ်ပြီး သူသင်ကြားထားခဲ့သော စွမ်းရည်များအားလုံးကလည်း ပုန်းကွယ်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ရေး သိုင်းပညာများသာ ဖြစ်သည်။
သူက ရေထဲတွင် ကူးခတ်နေသော ဘဲတစ်ကောင်ကဲ့သို့ တံတားလေးဆီသို့ တိတ်တဆိတ် ခိုးဝင်လာခဲ့သည်။ သူက ကျန်းယွင်ရှန်နှင့် ဖူကျန်းကျန်းတို့၏ အနားကို တိတ်တဆိတ် ချည်းကပ်လာနေခဲ့၏။ သူက အမှောင်နှင့် ပေါင်းစပ်နေခဲ့သည်။
အမှောင်ထဲတွင် ပုန်းအောင်းနေရင်း သူက ရှေ့ကို တစ်လှမ်းချင်းဆီ လျှောက်လာနေခဲ့၏။ သိပ်မကြာခင် သူက ကျန်းယွင်ရှန်၊ ဖူကျန်းကျန်းတို့နှင့် (၃)မီတာ ခန့် အကွာကို ရောက်လာခဲ့သည်။
သူ၏ ညာဘက်လက်က ဓားပျံပေါ်ကို ကိုင်ထားပြီး သူ၏ စွမ်းအင်များအားလုံးကို တစ်နေရာတည်းတွင် စုစည်း၍ တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့၏။ သူ၏ လုပ်ကြံသတ်ဖြတ်မှုက အရောင်မထွက်သော်လည်း အကျိုးသက်ရောက်မှုရှိသည်။
ကျန်းယွင်ရှန်က တောင်ပံမြွေဓားကို ဆုပ်ကိုင်ပြီး ထိုက်ကျိခုခံမှု ပုံစံနှင့် သူရှိရာကို ချိန်ထားခဲ့၏။ သူ၏မျက်ခုံးကြားထဲတွင်လည်း နာကျင်မှုကို ခံစားနေရပြီး အလစ်ငိုက် တိုက်ခိုက်မှုများကို တားဆီးရန်အတွက် သူ၏စိတ်ဝိညာဉ်နှင့် လွှမ်းခြုံထားခဲ့သည်။
ရုတ်တရက်ဆိုသလို သူ့ဆီ၌ အတွေးတစ်ခု ပေါ်လာခဲ့၏။ သူက ဖူကျန်းကျန်း၏ ရှေ့ကို ဓားနှင့်ထိုးလိုက်ပြီး လေထဲတွင် ဓားကို တစ်ပတ်လှည့်လိုက်သည်။
"ချွမ်...."
သံချင်းထိခိုက်သံတစ်ခု ထွက်ပေါ်လာပြီး တံတားလေးအောက်တွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းဆိုသလိုပင် အသံက တိတ်ဆိတ်သွားခဲ့၏။ အရာအားလုံးက ပုံရိပ်ယောင်များပမာ ထင်မှတ်ရသည်။
ကျန်းယွင်ရှန်၏ ခုခံမှုက အားနည်းချက် မရှိသည့်အတွက် ပြိုင်ဘက်က သူ့ကို တိုက်ခိုက်ရန် အခွင့်အရေး မရှိခဲ့ပေ။ သို့သော် ပြိုင်ဘက်က တိုက်ခိုက်မှု မအောင်မြင်သည့်အတွက် အမှောင်ထဲသို့ ပျောက်ကွယ်သွားသည်ကိုအတော်လေး မကျေမနပ် ဖြစ်နေခဲ့သည်။ ထိုလူက တစ်နေရာရာတွင် ပုန်းနေနိုင်ပြီး နောက်တစ်ကြိမ် မည်သည့်နေရာမှ တိုက်ခိုက်မည်ဖြစ်ကြောင်း မသိနိုင်ပေ။
အစောပိုင်း တိုက်ခိုက်မှုကို အခြေခံပြီး သူ့ပြိုင်ဘက်၏ အစွမ်းက သူ့ထက် နိမ့်ကျကြောင်း ကျန်းယွင်ရှန်က နားလည်နေ၏။ သို့သော် ထိုပြိုင်ဘက်က သူတို့ကို အလွယ်တကူ သတ်ပစ်နိုင်စွမ်း ရှိနေသည်။
ပြိုင်ဘက်က တံခါး(၄)ပေါက် ပွင့်နေသော ပညာရှင်တစ်ယောက်ဖြစ်ပြီး လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် ဖြစ်နိုင်၏။ ထိုကဲ့သို့ အခြေအနေမျိုးတွင် အန္တရာယ်က အဆပေါင်းများစွာ မြင့်တက်လာနိုင်သည်။
ကျန်းယွင်ရှန်ဆီတွင်သာ ဟာကွက်တစ်ခုပေါ်လာမည်ဆိုလျှင် ကြောက်စရာကောင်းသော တိုက်ခိုက်မှုကို ကြုံရပါလိမ့်မည်။ ထို့ကြောင့် သူက သတိထားနေရပြီး စိတ်လွတ်မသွားစေရန် ထိန်းသိမ်းထားရသည်။ သူက ပြိုင်ဘက်ကို သတ်ချင်နေသော်လည်း ထိုလူ၏ အရိပ်ကိုပင် ရှာမတွေ့ခဲ့ပေ။
ထိုကဲ့သို့ သတိထားနေခြင်းကြောင့် သူ၏ စွမ်းအင်အမြောက်အများ ကုန်ဆုံးရကြောင်း ကျန်းယွင်ရှန်က ရှင်းရှင်းလင်းလင်း နားလည်နေခဲ့၏။ အထူးသဖြင့် သူ၏ မျက်လုံးတံခါးကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းနိုင်ခြင်း မရှိပေ။ နာကျင်မှုက တဖြည်းဖြည်း ပို၍သိသာလာခဲ့၏။
အချိန်ကြာလာလေလေသူ့အတွက်ပို၍ ဆိုးရွားလာလေလေ ဖြစ်သည်။ အပြင်ဘက်တွင် ရှိနေသော သဲမုန်တိုင်းက ပျောက်ကွယ်မသွားမခြင်း အဆင်မပြေနိုင်ပေ။
လေထဲတွင် တိုက်ခိုက်လိုက်ပြီးနောက် အရိပ်သတ်ဖြတ်သူက တခြားသော ကျောက်တုံး၏ တစ်တုံး၏ နောက်တွင် ပုန်းနေခဲ့သည်။ အမှောင်ထဲတွင် ပျောက်ကွယ်နေသော သူက ရှေ့တွင် ရှိနေသော လူနှစ်ယောက်ကို စောင့်ကြည့်၍ အခွင့်အရေးကို စိတ်ရှည်ရှည် စောင့်နေခဲ့သည်။
လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ယောက်ဖြစ်သော ရင်ရှက အလွန်စိတ်ရှည်သည်။ သူကတော့ သူနှင့် ပြဿနာတက်ခဲ့သော တံခါး (၇)ပေါက်အဆင့် ပညာရှင် တစ်ယောက်ကို တိုက်ခိုက်ရန် နွံအိုင်ကြီး တစ်ခုထဲတွင် ရက်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ပြီး အခွင့်အရေး စောင့်နေခဲ့ဖူးသည်။
အဆုံးတွင်တော့ ထိုပညာရှင်က လည်ပင်းတွင် ဓားပျံ စိုက်သွားပြီး သေဆုံးသွားခဲ့ရ၏။ စိတ်ရှည်မှု မရှိသော လူတစ်ယောက်က လုပ်ကြံသတ်ဖြတ်ရေးသမားကောင်း တစ်ယောက် မဖြစ်နိုင်ချေ။
"ယွင်ရှန်…
အမှောင်ထုကြီးက ငါတို့ရဲ့ အားနည်းချက်ဖြစ်နေတယ် ..။ ငါက အရင်ဆုံး မီးထွန်းလိုက်မယ် ....."
ဖူကျန်းကျန်း၏ အသံက အရိပ်သတ်ဖြတ်သူ၏ နားထဲသို့ ရောက်လာခဲ့သည်။
သို့သော် သူကတော့ စိုးရိမ်မနေဘဲ နေရာတွင် ရပ်နေသေး၏။ အကယ်၍ သူတို့ကသာ မီးထွန်းပြီး သူတို့ကို ရှာချင်သည်ဆိုလျှင်တော့ သူ၏ ပုန်းကွယ်နိုင်စွမ်းကို အထင်သေးနေခြင်းသာ ဖြစ်နိုင်သည်။ သူကတော့ အရိပ်ထဲတွင် ပုန်းအောင်းနေနိုင်သည့် အတွက်သာ အရိပ်သတ်ဖြတ်သူဟု ခေါ်နိုင်ခြင်းဖြစ်သည်။
သူက သက်ရှိအားလုံး၏ အစွမ်းကို အသုံးပြုနိုင်သော ကြောက်စရာကောင်းသည့် ပညာရှင်တစ်ယောက်နှင့် တွေ့ခဲ့ဖူးသည်။ ထိုပညာရှင်၏ လမ်းညွှန်မှုကြောင့် ရင်ရှက အရိပ်ပေါင်းစပ်ခြင်းဟူသော ထိပ်သီးသိုင်းပညာကို ကောင်းမွန်စွာ လေ့ကျင့်နိုင်ခဲ့သည်။
"ကောင်းပြီလေ ...."
ကျန်းယွင်ရှန်၏ အသံက အလွန်တိုးသော်လည်း သူကတော့ မည်သည့်အရာကိုမှ ဂရုမစိုက်သည့်အလား ပြောလိုက်၏။
အလင်းရောင်က အနည်းငယ် လင်းလက်လာပြီး ဘေးပတ်လည်သို့ ပျံ့နှံ့သွားသည့် အတွက် အမှောင်ထုက အနည်းငယ် မှေးမှိန်သွားခဲ့သည်။ အခြေအနေက တိုးတက်လာပုံမရချေ။
………….
ချီကျန်းရန်ကတော့ အလွန်ဝေးကွာသော နေရာတစ်ခုတွင် ပုန်းနေခဲ့၏။ ထိုနေရာတွင် သဲမုန်တိုင်း၏ သက်ရောက်မှုကို မခံရသော နေမင်းကြီး၏ တစ်စိတ်တစ်ပိုင်းကို မြင်နေရသေးသည်။
သူက အလွန်သတိထားနေခဲ့၏။ ဖရိုဖရဲကျင့်စဉ်ကြောင့် သူက ကမ္ဘာမြေကြီး၏ စွမ်းအင်များကို အထောက်အပံ့အနေနှင့် သုံးစွဲနိုင်စွမ်း ရှိသည်။ ထို့ကြောင့် သူက သာမန်ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များထက် သဘာဝကြီး၏ ပြောင်းလဲမှုများကို ပို၍ အာရုံခံနိုင်သေး၏။
အခြေအနေက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူလည်း သတိထားမိခဲ့သည်။ သို့သော် သူ့လမ်းကို ပိတ်ထားသော သဲပုံကြီးများစွာ ရှိနေသည့်အတွက် သူလည်း လမ်းရှာ၍ မရနိုင်ချေ။
ရုတ်တရက်ဆိုသလို နေလုံးကြီးက တဖြည်းဖြည်းပို၍ တောက်ပလာကြောင်း ချီကျန်းရန်က ခံစားလိုက်ရ၏။ သူက မျက်လုံးထဲတွင်လည်း ပြာဝေသွားခဲ့သည်။
တလက်လက်တောက်ပနေသော ရွှေရောင်အလင်းတန်းထဲမှနေ၍ လူသားအရိပ်တစ်ခု ထွက်လာခဲ့၏။ သူ၏ ဓားက ချီကျန်းရန်၏ လည်ပင်းကို ဦးတည်နေခဲ့သည်။ သူက တစ်ချိန်လုံး နေရောင်အောက်တွင် ပုန်းအောင်းနေသည့်အလား ထင်မှတ်ရ၏။
သူ့နောက်တွင် ရှိနေသော မြေပြင်ကြီးကလည်း အုတ်ဂူကြီးတစ်ခုသဖွယ် ကြီးထွားလာခဲ့သည်။ ထို့နောက် နောက်ထပ် လူသားတစ်ယောက်က လက်ထဲတွင် တောက်ပနေသော ချိတ်များကို ကိုင်ပြီး သူ့ဆီကို ခုန်ဝင်လာခဲ့၏။
မကောင်းဆိုးဝါး ကိုးကွယ်သူအဖွဲ့မှ လျှို့ဝှက်ခြင်းအဆင့် ပညာရှင်(၂)ယောက် ရောက်လာသည်မှာ လုံးဝမထင်မှတ်ထားသော အခြေအနေမျိုးဖြစ်သည်။ သူတို့ (၂)ယောက်က သူတို့၏ ပြိုင်ဘက်ကို သတ်နိုင်မည်ဖြစ်ကြောင်း သံသယ ဝင်စရာ မလိုအပ်ချေ။
နေမင်းပေါင်းစပ်သူဖြစ်စေ၊ မြေကြီးပေါင်းစပ်သူဖြစ်စေ သူတို့နှစ်ယောက်က သာမန်လူများ၏ လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်နေသည့်အတွက် သူတို့ (၂)ယောက်၏ တိုက်ခိုက်မှုကို အကျိုးရှိရှိ ခုခံရန် လုံးဝမဖြစ်နိုင်ပေ။ သူတို့၏ မျက်လုံးထဲတွင် တစ်စုံတစ်ခု လင်းလက်တောက်ပလာခဲ့၏။ ထို့နောက် အဖြူရောင် မီးခိုးငွေ့တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအဖြူရောင်မြူခိုးများက သူတို့ကို လွှမ်းခြုံသွားပြီး ပတ်ပတ်လည်တွင် ရှိနေသော မြင်ကွင်းများအားလုံးကို တားဆီးလိုက်သည်။ အနီရောင်တိမ်တိုက်များကလည်း ကြာပန်းများ ပွင့်လန်းလာသလို ဖြစ်လာပြီး သူတို့၏ဓားနှင့် လက်ချောင်းလေးများ ရှိရာကို ဦးတည်လာနေခဲ့၏။
……………
ဓား(၂)လက်ကို ကိုင်ထားသော ရှတန်တန်ကတော့ သဲနှင့်လေလှိုင်းများကို ရှောင်တိမ်းရန်အတွက် ပေါ့ပလာသစ်ပင်ကြီးတစ်ပင်၏နောက်တွင် မီနေခဲ့သည်။ သူမ၏ ရင်ထဲတွင်လည်း လက်တုံ့ပြန်ချင်သည့် ခံစားချက်များ တဖွားဖွား ပေါ်လာနေခဲ့၏။
သို့သော် ထိုကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူမ၏ ခံစားချက်များကို တည်ငြိမ်ရန်သာ ကြိုးစားရပါလိမ့်မည်။ ထိုအခြေအနေတွင် သူမနှင့် သူမ၏အဖွဲ့က ရန်သူကို ဝိုင်းရံနိုင်ခြင်း မရှိသလို တစ်ဖက်အဖွဲ့ကလည်း လှုပ်ရှားနိုင်မည် မဟုတ်ချေ။
ထိုအချိန်တွင် သူမ၏ နားထဲ၌ အသံတိုးတိုးကို ကြားလိုက်ရသည့်အတွက် အံ့အားသင့်စွာ နောက်ပြန်လှည့်ကြည့်လိုက်၏။ ထိုအခါ အဖြူရောင် ဝတ်စုံဝတ်ထားသော မိန်းမပျိုလေးတစ်ယောက်က သဲမုန်တိုင်းကြားထဲမှ ထွက်ပေါ်လာခဲ့သည်။
သူမက သဲမုန်တိုင်းကို ဖြတ်လာခဲ့သည့်အချိန်တွင် သဲမှုန့်လေးတစ်မှုန့်မျှ သူမကို ကပ်နေခြင်း မရှိချေ။ ထိုမိန်းမပျိုကတော့ လူသားကမ္ဘာကို ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ ထင်မှတ်ရ၏။ သူမဆီမှ အလွန်ကြီးကျယ်ခမ်းနားပြီး ထူးခြားသော အငွေ့အသက်များ ထွက်ပေါ်လာနေခဲ့သည်။
ရှတန်တန်ကတော့ စကားပြောရန်ပင် ခက်ခဲနေကြောင်း တွေ့လိုက်ရ၏။ သူမက ထိတ်လန့်နေသော လေသံနှင့် ပြောလိုက်၏။
"ကူ..ကူရှောင်စန်းလား ....."
ကူရှောင်စန်းဟုခေါ်သော မိန်းကလေးကျိက တိုးတိုးလေးရယ်လိုက်၏။
“လူသားအဖွဲ့အစည်းထဲမှာ အသက်ရှင်နေထိုင်ဖို့ ဆိုတာက အခက်အခဲတွေ တော်တော်လေးများတယ်...။ နင်က ဘာလို့ လေဟာနယ်မြို့တော်ကို ပြန်ပြီး အေးအေးဆေးဆေး မနေရတာလဲ ...."
သဲမုန်တိုင်းများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကောင်းကင်ကြီးက အနည်းငယ် တောက်ပလာသလို ထင်မှတ်ရသည်။ အဝေးမှနေ၍ အလွန်ကြည်လင်နေသော အသံတစ်ခုကို ကြားလိုက်ရ၏။
………….
မကောင်းဆိုးဝါးသခင်၏ ပျက်စီးနေသော ကျောင်းဆောင်ကြီးထဲတွင် …
သဲမုန်တိုင်းက ကြောက်စရာကောင်းကြောင်းမုန့်ချီ၊ ချန်းရှောင်နှင့် လော်ယုတို့က နားလည်နေကြ၏။
"ကောင်းတယ်.။ ငါတို့က ကြိုပြီး ပုန်းနေခဲ့တာ ကံကောင်းသွားတယ်..."
ချန်းရှောင်က ဝမ်းသာအားရပြောလိုက်သည်။
လော်ယုကလည်း အလွန်လှပသော ဂိုဏ်းတူညီမလေး၏ စကားကို ထောက်ခံလိုက်၏။
"ဒါတွေအားလုံးက ညီမလေးရဲ့ကျေးဇူးကြောင့်ပါ..။ ဒီလို ပြင်းထန်တဲ့ သဲမုန်တိုင်းကြားထဲမှာ ငါတို့က ရှေ့ဆက်သွားဖို့ မဖြစ်နိုင်ဘူး..။ ငါတို့က ကန္တာရ ထဲမှာတောင် လမ်းပျောက်သွားနိုင်သေးတယ် ...."
ကန္တာရဟူသည်မှာ ရာသီဥတုမျိုးစုံ ရှိနေပြီး သဲမုန်တိုင်းများ ဟူသည်မှာလည်း သာမန်သာ ဖြစ်သည်။ သူတို့ကတော့ ထိုကဲ့သို့ ရာသီဥတု ရုတ်တရက် ပြောင်းလဲမှုများကို တစ်ကြိမ်သာ ကြုံခဲ့ဖူး၏။ သူတို့ကတော့ ကန္တာရအစွန်၌ ရှိနေသေးသော်လည်း ထိုအရာကတော့ သဘာဝတရားကြီး၏ လှည့်ဖျားမှုများ ဖြစ်မည်ဟုသာ တွေးထားခဲ့သေး၏။
နေမင်းနီ မကောင်းဆိုးဝါးဓားကို သယ်ဆောင်ထားရင်း မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက မကောင်းဆိုးဝါး ကိုးကွယ်သူ၏ အလောင်းဘေးတွင် ရပ်နေခဲ့၏။
မထင်မှတ်ထားသော ရာသီဥတု ပြောင်းလဲမှုနှင့် ပုံမှန်မဟုတ်သော သဲမုန်တိုင်းများကြောင့် သူက ငိုကြွေးခြင်းအကြီးအကဲကို အမှတ်ရသွားခဲ့သည်။ မကောင်းဆိုးဝါး ကိုးကွယ်သူ ခေါင်းဆောင် ရောက်လာပြီး သဘာဝတရားကြီးကို ပြောင်းလဲလိုက်ခြင်း ဖြစ်မည်ဟုပင် သူက ေတွးနေခဲ့မိ၏။
ထိုလူက လေတိမ်တိုက်တောင်တန်း၏ တောင်တန်းသခင် ကူကုံရှန်နှင့် အဆင့်တူ ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ပြောင်းလဲနေသော ရာသီဥတုက ငိုကြွေးခြင်း အကြီးအကဲ၏ ကြမ်းတမ်းသဲမုန်တိုင်းစွမ်းအားကို လုံးဝ မယှဉ်နိုင်ခဲ့ပေ။
ငိုကြွေးခြင်း အကြီးအကဲက ကမ္ဘာကြီးတစ်ခုလုံး သက်ရောက်စေနိူင်သည့် အစွမ်းကို ပိုင်ဆိုင်ထားပြီး အကျယ်အဝန်းက အလွန်ကြီးမားလွန်းလှသည့်အပြင်အဖျက် စွမ်းအားကလည်း ပြင်းထန်လွန်းလှသည်။
သူက ပို၍သတိထားလာပြီး မျက်ခုံးကြား ပင်မတံခါးကို အသက်သွင်းလိုက်၏။ ထို့နောက် စိတ်ဝိညာဉ်ကို ဆက်လက်ဖြန့်ကျက်နေပြီး မကောင်းဆိုးဝါး ကိုးကွယ်သူ၏ အလောင်းကို စစ်ဆေးကြည့်နေခဲ့သည်။
သေသူဆီတွင် ဖြူဖပ်ဖြူရော် အသားအရည်ရှိပြီး သွေးကြောများက အနက်ရောင်ဖြစ်သည်။ သူ့ဆီမှနေ၍ အနက်ရောင် အငွေ့များ ဆက်တိုက်ဆိုသလို ထွက်လာနေ၏။ ထိုအငွေ့များက မုန့်ချီ၏အနားသို့ ရောက်လာခဲ့သည့်အချိန်တွင် နေမင်းနီမကောင်းဆိုးဝါး ဓားကြောင့် ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
"အစောပိုင်းမှာ အရိပ်ထဲ ပုန်းနေနိုင်တဲ့ သူရဲ့စွမ်းရည်က ဝေ့ကျင်းအဆင့်ကို ယှဉ်နိုင်တဲ့ စွမ်းရည်မျိုးပဲ .။ ဒါပေမယ့် သူရဲ့အစွမ်းက ေတာ်တော်လေး နိမ့်နေတယ်..။ သူရဲ့ ခန္ဓာကိုယ်ထဲမှာလည်း မကောင်းဆိုးဝါးချီစွမ်းအင်တွေ အများကြီး ရှိတယ် ....။သူက လျှို့ဝှက်ခြင်းအဆင့်ကို ဘယ်လိုများရောက်နေတာလဲ ..."
အစောပိုင်းတွင် လော်ယုနှင့် ချန်းရှောင်တို့ အံ့ဩနေသည်ကို စဉ်းစားပြီး မုန့်ချီက လျှို့ဝှက်ခြင်းအဆင့်ဟူသည့်အရာကို စဉ်းစားနေခဲ့သည်။ သူကတော့ ဤကမ္ဘာကြီးထဲတွင် ရှိနေသော စွမ်းအင်စနစ်များ အကြောင်းကို ပို၍ စိတ်ဝင်စားလာခဲ့၏။
အကယ်၍ သူကသာ မည်သည့်အရာမျှ မလုပ်ရဘဲ ထိုစွမ်းရည်ကို သင်ကြားပြီး သူ၏ ဓားပညာနှင့် ပေါင်းစပ်နိုင်မည်ဆိုလျှင် သူ့အတွက် ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်၏။ အစောပိုင်းတွင်တော့ မုန့်ချီက တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကို သုံးလိုက်သည့်အချိန်တိုင်း လုံးဝမတူညီသော အရာတစ်ခုကို ပြသနိုင်ခဲ့သည်။
ယခုတော့ လော်ယုနှင့် ချန်းရှောင် တို့ကပင် သူ့ကိုအထင်မသေးရဲတော့ပေ။ သူတို့ကတော့ သူတို့အဖွဲ့ထဲတွင် အစွမ်းထက်သော လူငယ်တစ်ယောက် ထည့်ပေးလိုက်သော အကြီးအကဲများကိုပင် ပို၍ လေးစားနေကြ၏။
"ကိုရင်လေးကျန်းတင် ဘာကို ကြည့်နေတာလဲ....."
ချန်းရှောင်က သူ့ကိုမေးလိုက်၏။ သူမ၏လေလှိုင်းပေါင်းစပ်ခြင်းစွမ်းရည် နှင့် ဓားပညာက ထိုကိုရင်လေးကို မယှဉ်နိုင်ကြောင်း သူမက နားလည်နေခဲ့သည်။ ထို့ကြောင့် သူမက အခေါ်အဝေါ်ကို ပြောင်းလဲလိုက်ရ၏။
မုန့်ချီက လျှို့ဝှက်ခြင်းကျင့်စဉ်အဆင့်များ အကြောင်း မသိသေးခြင်းကို ပြောပြလိုခဲ့ခြင်း မရှိချေ။ သူက လက်အုပ်ချီ၍ ပြောလိုက်၏ ။
"အော်မီတော်ဖော်....
သတ်ဖြတ်ခြင်းက မင်းတို့ကို ကာကွယ်ပေးလိုက်တာပဲ..။ မင်းတို့ရဲ့မကောင်းတဲ့စိတ်ကို ဖြတ်တောက်လိုက်တာက မင်းတို့ကို ဖြတ်တောက်ပစ်လိုက်တာ မဟုတ်ဘူး....။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ဘဝပဲလေ..။ အပြစ်ရှိသေးတယ်..။ အပြစ်ရှိနေသေးတယ် ..”
“ကိုရင်လေးရဲ့သနားကြင်နာမှုကို တကယ်ပဲ လေးစားမိတယ်...။ ဒါပေမယ့် ဒီလူက မကောင်းဆိုးဝါးချီစွမ်းအင်တွေရဲ့ အကူအညီနဲ့ သိုင်းပညာကို လေ့ကျင့်ထားတာ..။ သူ့ဆီမှာ လူသားဆန်မှုတွေ တဖြည်းဖြည်း ပျောက်ကွယ်လာနေပြီ။ ရက်စက်ကြမ်းကြုတ်မှုတွေပဲ ရှိတယ်...။ သူက လူတွေအများကြီးကိုလည်း သတ်ခဲ့တဲ့အတွက် သူ့ကို သတ်လိုက်တာက ပိုပြီးများပြားတဲ့အသက်ကို ကယ်လိုက်တာနဲ့ အတူတူပါပဲ..။ ဒါက အလွှာ(၇)ထပ်ရှိတဲ့ စေတီတစ်ဆူ တည်တာထက် ပိုပြီးတော့ အကျိုးများပါတယ်....."
လော်ယုက ပြောလိုက်သည်။
ချန်းရှောင်က ခေါင်းညိတ်ပြီး မုန့်ချီ၏တုန့်ပြန်မှုကို ခေါင်းညိတ်ပြလိုက်၏။ သူမက တစ်ကြိမ်လူသတ်ခဲ့ဖူးသော်လည်း သနားကြင်နာတတ်သော မိန်းကလေး တစ်ယောက်ဖြစ်သည်။ သူမက လူတစ်ယောက်၏ အသက်ကို အဆုံးသတ်လိုက်ချိန်တွင် သေချာပေါက် စိတ်အေးနေမည် မဟုတ်ချေ။
"ကိုရင်လေး ကျန်းတင်...
ကိုရင်လေးက ဒီလောက်တောင် သနားကြင်နာနေမှတော့ တစ်နေ့နေ့မှာ တကယ့်ကို ဝါစဉ်ရဘုန်းတော်ကြီးတစ်ပါး ဖြစ်လာနိုင်တယ်....."
ချန်းရှောင်က ပြုံးလိုက်၏။
“ပြီးတော့ ကိုရင်လေးသုံးခဲ့တဲ့ ဓားပညာက …”
သူမက မေးနေသည့်အချိန်တွင် မုန့်ချီ၏ပြောင်းလဲမှုကျင့်စဉ်က နောက်တစ်ကြိမ် လှုပ်ရှားလာခဲ့သည်။ သူက ပျက်စီးသွားသော ပြတင်းပေါက်ကို လှည့်ကြည့်လိုက်၏။ ထိုနေရာတွင် အတွင်းထဲသို့ ဝင်လာသော ဝါးပြွန်လေးတစ်ချောင်းကို တွေ့လိုက်ရပြီး ထိုနေရာမှနေ၍ မြူခိုးများ ထွက်လာနေခဲ့၏။
"သတိထား..... "
မုန့်ချီက အသက်အောင့်ပြီး ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို သုံး၍ ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။ ထို့နောက် သူက ပြတင်းပေါက်ကို လှည့်ကြည့်လိုက်သည့်အချိန်တွင် ချန်းရှောင်နှင့် လော်ယုတို့ကတော့ နောက်တစ်ကြိမ် မှင်တက်သွားကြပြန်၏။
ထိုအရာက ညအချိန် တိုက်ခိုက်ခဲ့သော အဆိပ်ပညာရှင်ဖြစ်သည်။ ထိုအဆိပ်ပညာရှင်က ပြိုင်ဘက်အဖွဲ့မှ ဖြစ်ကြောင်း မုန့်ချီကလည်း သိနေခဲ့၏။ ထိုတိုက်ခိုက်မှုက သေချာပေါက် ရှောင်လွဲ၍ရမည် မဟုတ်ကြောင်း မုန့်ချီက သိနေခဲ့သည်။
ထို့ကြောင့် သူ၏နေမင်းနီမကောင်းဆိုးဝါးဓားကိုမြှောက်ပြီး လေနတ်ဘုရား ခြေလှမ်းသိုင်းကိုသုံး၍ ပြတင်းပေါက်ဆီကိုခုန်ဝင်သွားခဲ့၏။ သူ့အရှိန်က အလွန်လျင်မြန်လွန်းလှပြီး ရွှေရောင်အလင်းတန်းများကြောင့် သူက ရထားလုံးတစ်စီးကဲ့သို့ ဖြစ်နေခဲ့သည်။
သူက မြူခိုးထဲသို့ တိုးဝင်သွားချိန်တွင် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကိုသုံး၍ အဆိပ်များကို တားဆီးထား၏။ ထို့နောက် ပြတင်းပေါက်ကို ပုခုံးနှင့် တိုက်ချလိုက်ပြီး အပြင်ဘက်ကို ခုန်ထွက်လိုက်သည်။
အပြင်ဘက်တွင်တော့ သဲမုန်တိုင်းများက ဆက်၍ တိုက်ခိုက်နေသေးသော်လည်း မြေပေါ်တွင် အဆိပ်မြွေများ ၊ ပင့်ကူများနှင့် ရောင်စုံပိုးကောင်များက ရှိနေသည်။ ထိုအရာများ၏ အလယ်တွင်တော့ သက်တန့်ရောင်အင်္ကျီဝတ်ထားသော မိန်းကလေး တစ်ယောက် ရပ်နေခဲ့သည်။
မုန့်ချီကတော့ ရပ်တန့်နေခြင်း မရှိသလို လျှပ်စီးပြောင်းလဲမှုကိုလည်း သုံးခဲ့ခြင်း မရှိပေ။ သူက အဆိပ်ပိုးကောင်များ၏ အလယ်သို့ တိုက်ရိုက်ပြေးသွားခဲ့ပြီး မိန်းကလေး၏အနားသို့ ကပ်သွားခဲ့သည်။
အဆိပ်ပိုးကောင်များက ခေါင်းထောင်လာကြ၏။ ပင့်ကူများက ခုန်ထွက်လာပြီး ပိုးကောင်များက ပျံသန်းလာသည်။ ထိုသတ္တဝါများအားလုံးက မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့၏။
သို့သော် သူတို့ကတော့ ရွှေရောင်ကျောက်တုံးကြီးတစ်တုံးကို ကိုက်နေရသည့်အလား တစ်ကောင်ပြီး တစ်ကောင် နောက်ပြန်လွင့်လာကြသည်။ မုန့်ချီကတော့ ရထားလုံးတစ်စီးအလားအတားအဆီးများအားလုံးကို ဖြတ်ကျော်ပြီး တခဏအတွင်း ထိုမိန်းကလေး၏အနားသို့ ရောက်သွားခဲ့၏။
ကိုရင်လေး၏ တိုက်ခိုက်ရေးပုံစံက အလွန်ရိုးရှင်းပြီး ကြမ်းတမ်းနေလိမ့်မည်ဟု ဟုန်ချိုးက မထင်ထားခဲ့ပေ။ သူမက ယာယီမှင်တက်သွားခဲ့သော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာခဲ့၏။ သူမက လက်ဝါးဖြန့်လိုက်ပြီး လျှို့ဝှက်ထန်ပန်းပွင့်ကိုသုံး၍ မုန့်ချီကို ပစ်လိုက်လေသည်။
Translated by Hein Htet.