← Chapters

အခန်း (၁၀၀)

Vol. 7 Ch. 100

အခန်း (၁၀၀)

Vol. 7 Ch. 100

ကြယ်ပွင့်ကဲ့သို့သော အလင်းရောင်တစ်ခုက မုန့်ချီကို တိုက်ခိုက်လိုက်သည်။ သို့သော် ထိုအရာက ပုံရိပ်ယောင်တစ်ခုကဲ့သို့ ထင်မှတ်ရ၏။ အလင်းတန်းက သူ့ကို ထိုးဖောက်သွားပြီး ပျက်စီးနေသော ကျောင်းဆောင်၏နံရံကို ထိခိုက်မိသွားသည်။

ထိုပန်းပွင့်လေးဆီမှ အရွက်(၅)ရွက် ပွင့်လန်းလာပြီး အလွန်ဆွဲဆောင်မှုရှိသော သစ်ခွပန်းပွင့်တစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။ နံရံ၏ ပတ်ပတ်လည် (၃) မီတာအတွင်း ရှိနေသော ခြင်များ ၊ ပုရွက်ဆိတ်များ အားလုံးကတော့ လျင်မြန်စွာ သေဆုံးသွားကြ၏။ ကန္တာရသတ္တဝါများစွာကလည်း နံရံပေါ်မှ ပြုတ်ကျပြီး သေဆုံးသွားကြသည်။

ထိုအရာက မျက်စိရှေ့တွင် မြင်နေရသော မြင်ကွင်းမျိုး ဖြစ်၏။ ထိုတိရိစ္ဆာန်များ ၊ ပိုးကောင်များက ထန်ပန်းပွင့်ကို လုံးဝမထိခဲ့ကြသော်လည်း ပန်းပွင့် ပွင့်လာသည့် အချိန်တွင် သေဆုံးသွားကြသေးသည်။

ချန်းရှောင်နှင့် လော်ယုတို့ကတော့ လည်ချောင်းထဲတွင် အလွန်အမင်း ခြောက်ကပ်လာသည့်အတွက် တံထွေးမျိုချရန်ပင် ခက်ခဲနေခဲ့သည်။ အကယ်၍ သူတို့ကသာ နံရံအနားကို ကပ်သွားမည်ဆိုလျှင် သေချာပေါက် သေဆုံးသွားနိုင်သည်။ ထိုအရာက အလွန်ကြောက်စရာကောင်းသော လျှို့ဝှက်ချက် လက်နက်တစ်ခု ဖြစ်၏။

အထူးဆန်းဆုံးအရာကတော့ အဆိပ်ပညာရှင်က သူမ၏လျှို့ဝှက်လက်နက်ကို သုံးလိုက်သည့် အချိန်တွင် ကိုရင်လေးကျန်းတင်ကတော့ ပန်းပွင့်နှင့် (၃)မီတာခန့်အကွာတွင် ရှိနေခဲ့သည်။ သူမ၏မျက်လုံးက တစ်စုံတစ်ခု လွဲမှားနေခြင်းပေလော။

ထန်ပန်းပွင့်က ပစ်မှတ်ဆီကို အမှန်တကယ် ဦးတည်သွားခဲ့သော်လည်း ပုံရိပ်ယောင် တစ်ခုကိုသာ တိုက်ခိုက်မိခဲ့သည်။ ဟုန်ချိုးက တစ်စုံတစ်ခု လွဲမှားနေကြောင်း နားလည်သွားခဲ့၏။

ထိုအချိန်တွင် မုန့်ချီကတော့ အတားအဆီးများ အားလုံးကို ဖျက်ဆီးလာသော ရထားလုံးကြီးတစ်စင်းအလား သူမ၏အနားသို့ ကပ်လာခဲ့၏။ သူ့စိတ်ထဲတွင်တော့ အလွန်ငြိမ်းချမ်းနေပြီး အနီရင့်ရောင်ဓားသွားက လည်ပတ်နေခဲ့သည်။

သူမကတော့ နေရောင်အောက်တွင် နွေးထွေးမှုကို ခံစားလိုက်ရပြီး သူမ၏စိတ်ထဲတွင်လည်း အဆိပ်ပညာကိုသင်ယူပြီး အဆိပ်ပိုးကောင်များကို လေ့ကျင့်ပေးခဲ့မိသည့်အတွက် ဝမ်းနည်းမှုများ ပြည့်နှက်လာခဲ့၏။

အလွန်နာကျင်စရာကောင်းသော သူမ၏အတိတ်ဘဝက ခေါင်းထဲတွင် တရေးရေး ပြန်ပေါ်လာပြီး သူမ၏ခန္ဓာကိုယ်ထဲတွင် အားနည်းချက်များစွာ ဖြစ်ပေါ်စေခဲ့သည်။ သူမက ဝမ်းနည်းမှုကို ထိန်းမထားနိုင်ခြင်းကြောင့် တခြားသူများကိုလည်း တူညီသော နာကျင်မှုများ ပြန်ပေးချင်နေခဲ့သည်။

အဆိပ်ပညာ သင်ကြားရာမှ ရခဲ့သော နာကျင်မှုက သူမကို သတ်နိုင်၏။ သူမကတော့ ထိုနာကျင်မှုများကို အကြိမ်ပေါင်းများစွာ တွေးနေခဲ့သည်။ အကယ်၍ သူမကသာ ထိုနာကျင်မှုကို လျစ်လျူရှုလိုက်မည်ဆိုလျှင် အလွန်ထူးခြားသော တည်ငြိမ်အေးချမ်းမှုတစ်ခုကို ခံစားမိခဲ့၏။

ထိုအရာကတော့ သူ့ရှေ့ကို လူတစ်ယောက် ရောက်လာခဲ့သည့်အချိန် ဖြစ်သည်။ ထိုအချိန်ကတည်းကစပြီး သူမက တည်ငြိမ်အေးချမ်းမှုကို လုံးဝလျစ်လျူရှုလိုက်မိပြီး ထိုလူကို ချစ်မြတ်နိုးသွားခဲ့၏။

"တွေ့ရတာဝမ်းသာပါတယ် မိန်းကလေး... ။ ငါက ယွင်ထင်ဖုန်းပါ... "

ထိုလူက သူမကို ပြောလိုက်သည်။

"ကျွန်မက ထန်ဟုန်ချိုး... "

' ချိုး ' ဟူသောနာမည်က လှပမှုဟူသောချိုးကို ကိုယ်စားပြုခြင်း မဟုတ်ချေ။ ထိုအရာကတော့ အကူအညီ လက်တစ်စုံဟူသော အရာကိုသာ ပို၍အဓိပ္ပါယ်ရှိသည်။

နာကျင်မှုက ဟုန်ချိုးကို လွှမ်းခြုံသွားသည့်အချိန်တွင် အလွန်နောက်ကျသွားခဲ့ပြီ ဖြစ်၏။ သူမ၏ရင်ထဲမှနေ၍ လောင်ကျွမ်းနေသော ခံစားမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူမ၏ပါးစပ်မှနေ၍ သွေးများ စီးကျလာနေပြီး မျက်လုံးထဲတွင် အမှောင်ဖုံးသွားခဲ့၏။ သူမက လက်မခံချင်သော်လည်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

သူမ၏လက်ထဲတွင် လျှို့ဝှက်လက်နက်များ ၊ အဆိပ်များစွာ ရှိနေသေး၏။ ဘာကြောင့် သူမက ထိုအရာများကို သုံးခွင့်မရခဲ့သနည်း။ ဘာကြောင့် ယခုချိန်အထိ သူက အကောင်းအတိုင်း ရှိနေရသေးသနည်း။

မုန့်ချီ၏တိုက်ခိုက်မှုက ပစ်မှတ်ကို တည့်တည့် တိုက်ခိုက်မိခဲ့သည်။ သူက တိုက်ခိုက်လိုက်ပြီးနောက် ချက်ချင်းနောက်ကို ပြန်ဆုတ်ခဲ့၏။

"နင်က ဘာလို့အလုပ်မဖြစ်လဲဆိုတာ သိချင်နေမယ် ထင်တယ်... "

မုန့်ချီက အလွန်စိတ်ဓာတ်ကျပြီး ဇဝေဇဝါဖြစ်နေသော သူမကို လှမ်းကြည့်လိုက်သည်။

ထန်ဟုန်ချိုးက ကျယ်လောင်စွာ ပြောလိုက်၏။

"ဟုတ်တယ်...။ အဲဒါက ရွှေခေါင်းလောင်းအကာအကွယ် အဆင့် (၅)ကိုတောင် ချိုးဖောက်ပြီး တိုက်ခိုက်နိုင်တဲ့ လက်နက်မျိုးပဲ…"

မုန့်ချီ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူက တိတ်တဆိတ် ပြောလိုက်၏။

"အဲဒါက လှည့်ကွက်ပဲလေ... "

ထန်ဟုန်ချိုးက မျက်လုံးပွင့်၍ သေဆုံးသွားခဲ့ပြီး သူမ၏မကျေနပ်မှုများကို လုံးဝဖြေရှင်းခဲ့နိုင်ခြင်း မရှိချေ။

မုန့်ချီက ရွှေခေါင်းလောင်းအကာအကွယ်ကိုသုံး၍ ထန်ဟုန်ချိုး၏ အဆိပ်ပိုးကောင်များကို မစဉ်းစား မဆင်ခြင်ဘဲ စမ်းသပ်မည့် အရူးတစ်ယောက် မဟုတ်ချေ။ သူက ထိုသို့ပြေးဝင်သွားရဲသည်မှာ ပြောင်းလဲမှုကျင့်စဉ်ကို လေ့ကျင့်ထားခြင်းကြောင့် ဖြစ်သည်။

ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်လာပြီးနောက် ပြောင်းလဲမှုကျင့်စဉ်၏ အာရုံ (၆)ပါးကလည်း တိုးတက်လာခဲ့၏။ ထို့ကြောင့် သူ့ကိုအန္တရာယ်ပေးနိုင်မည့် အဆိပ်ပိုးကောင်များ ရှိနေကြောင်း မုန့်ချီက ခံစားမိနေခဲ့ပြီး သူတို့ကို သာမန်နည်းလမ်းနှင့် ရှုပ်ထွေးအောင် လုပ်၍မရကြောင်း သိနေခဲ့သည်။

ထန်ဟုန်ချိုးက အဆိပ်ပိုးကောင် အလုံအလောက် မလွှတ်ခဲ့သည်မှာ သူမ၏အမှားတစ်ခု ဖြစ်သွားခဲ့၏။ အကယ်၍ သူက ထိုသတ္တဝါများကို စစ်ဆေးနိုင်မည်ဆိုလျှင်ပင် ပမာဏများနေလျှင်တော့ ရှုံးနိမ့်ရဦးမည်သာ ဖြစ်သည်။ ထိုသို့ဆိုလျှင် သူက အရင်ဆုံး ပိုးကောင်များကို ရှောင်တိမ်းရမည်ဖြစ်၏။

"မကောင်းဆိုးဝါးကိုးကွယ်သူအဖွဲ့က သံသရာခရီးသွား ထန်ဟုန်ချိုးကို သတ်လိုက်တဲ့အတွက် အဖွဲ့ထဲမှာရှိတဲ့ လူတိုင်းက ကံကြမ္မာအမှတ် (၁၀၀)ဆီရမယ်.."

ထိုတာဝန် ပြီးဆုံးသွားသည့်အတွက် သံသရာအရှင်သခင်၏ စကားသံက သူတို့၏ခေါင်းထဲတွင် တိတ်တဆိတ် ပေါ်လာခဲ့သည်။

ချန်းရှောင်နှင့် လော်ယုတို့ကလည်း မုန့်ချီကို ပါးစပ်အဟောင်းသား ကြည့်နေမိကြ၏။ သူက အဆိပ်ပညာရှင်တစ်ယောက်ကိုပင် ထိုမျှလွယ်လွယ်ကူကူ သတ်ပစ်နိုင်ခဲ့သည်။ အစောပိုင်းတွင်တော့ ကိုရင်လေးကျန်းတင်က ထိန်းချုပ်၍ မရနိုင်သော ဆင်တစ်ကောင်ကဲ့သို့ ပြေးဝင်သွားခဲ့သည်။ သူ၏တိုက်ခိုက်မှုကလည်း ချွင်းချက်မရှိချေ။ ထိုအရာက အလွန်အံ့ဩစရာကောင်းပြီး အလွန်ထူးခြားလွန်းလှ၏။

မုန့်ချီက ထန်ဟုန်ချိုး၏ ခန္ဓာကိုယ်ပေါ်တွင် လျှို့ဝှက်အဆိပ်များ ၊ လျှို့ဝှက်လက်နက်များ ရှိမရှိ စစ်ဆေးကြည့်တော့မည့်အချိန်တွင် သူမ၏ခါးပတ် ၊ အင်္ကျီအိတ် ၊ နောက်ကျော ၊ ခြေအိတ်နှင့် ဂါဝန်ထဲတွင် ရှိနေသော အဆိပ်ပိုးကောင်များ ထွက်လာကြသည်။

မြွေငယ်လေးနှင့် ပိုးကောင်လေးများက သူမ၏ခန္ဓာကိုယ်ပေါ်တွင် စတင်လှုပ်ရှားနေကြ၏။ ထိုသတ္တဝါများ ပေါ်လာသည့်အချိန်တွင် သူတို့က ခဏကြာ စဉ်းစားနေကြပြီး ထန်ဟုန်ချိုး၏အလောင်းကို စတင်ကိုက်ဖြတ်နေကြသည်။

သူမ၏ပတ်ပတ်လည်တွင် ရှိနေသော ပိုးကောင်များကလည်း တဖြည်းဖြည်း ပူးပေါင်းလာကြ၏။ သိပ်မကြာခင် ပိုးကောင်များအားလုံးက သူမကို လွှမ်းခြုံသွားခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်ပြီး မုန့်ချီက တစ်ကိုယ်လုံး ထုံကျင်သွားသလို ခံစားလိုက်ရသည်။ သူတို့က တစ်ကောင်ပြီးတစ်ကောင် သေဆုံးသွားသည့် အချိန်မှသာ ထိုပိုးကောင်များကို မောင်းထုတ်လိုက်၏။ သိပ်မကြာခင် အဆိပ်ပိုးကောင်များကြားထဲ၌ ထန်ဟုန်ချိုး၏ အရိုးစုသာ ရှိနေတော့ကြောင်း တွေ့လိုက်ရ၏။ သူမ၏အဝတ်အစားများ လျှို့ဝှက်လက်နက်များ အားလုံးကလည်း ပျက်စီးသွားခဲ့သည်။

"အဆိပ်ပိုးကောင်တွေကို သုံးတဲ့သူတွေက တော်တော်လေး ကြောက်စရာကောင်းတာပဲ…"

ထိုအချိန်တွင် မုန့်ချီကတော့ ထန်ဟုန်ချိုး၏ အဝတ်အိတ်တစ်ခုကို တွေ့လိုက်ရပြီး အသုံးဝင်သည့်အရာ ရှိမရှိ စစ်ဆေးကြည့်လိုက်သည်။

ထိုအချိန်တွင် သူ့ခေါင်းထဲ၌ သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရ၏။

"ရှတန်တန်ကို မကောင်းဆိုးဝါး ကိုးကွယ်သူအဖွဲ့မှာရှိတဲ့ သံသရာခရီးသွားက သတ်လိုက်ပြီ ။ မင်းတို့တစ်ယောက်ချင်းဆီက ကံကြမ္မာအမှတ် (၁၀၀)ဆီ အနှုတ်ခံရမယ်... "

မုန့်ချီက လေပူများကို မှုတ်ထုတ်လိုက်မိ၏။

…………..

သူတို့၏ရန်သူက ချီကျန်းရန်ကို ပတ်ပတ်လည်မှနေ၍ အစွမ်းကုန် တိုက်ခိုက်နေကြသည်။ ချီကျန်းရန်ကတော့ ပတ်ပတ်လည်တွင် ရှိနေသော မြူခိုးထဲကို စိုက်ကြည့်နေကြပြီး သူတို့၏တိုက်ခိုက်မှုကို တန်ပြန် တိုက်ခိုက်နေသည်။ မကောင်းဆိုးဝါးကိုးကွယ်သူ အဖွဲ့သားနှစ်ယောက်ကတော့ အကြောက်တရားများ ပြည့်နှက်နေပြီး ထွက်ပြေးရန် စိတ်ဆန္ဒများ တဖွားဖွား ပေါ်လာကြသည်။

ရုတ်တရက်ဆိုသလို ပတ်ပတ်လည်၌ ရှိနေသော မြေသားများ ၊ ကျောက်တုံးများက ကောင်းကင်ပေါ်သို့ မြောက်တက်လာပြီး သူတို့နှစ်ယောက်ဆီကို ပြေးဝင်လာကြသည်။ တိုက်ခိုက်မှုက အလွန်ပြင်းထန်လွန်းသည့်အတွက် သူတို့နှစ်ယောက်က ရှောင်တိမ်းနိုင်ခြင်း မရှိချေ။

အထူးသဖြင့် မြေကြီးနှင့်ပေါင်းစပ်နိုင်သော ပညာရှင် ဖြစ်သည်။ သူက လက်တစ်ဖက်နှင့် တိုက်ခိုက်မှုတချို့ကို ရိုက်ချလိုက်သော်လည်း ကျန်ရှိနေသော တိုက်ခိုက်မှုများက သူ့ဆီကို ရောက်လာခဲ့၏။ သူ၏ခန္ဓာကိုယ်ကလည်း ထိုကျောက်တုံးများ၏ တိုက်ခိုက်မှုကြောင့် ပျားအုံကြီး တစ်ခုကဲ့သို့ဖြစ်လာပြီး တစ်ကိုယ်လုံးသွေးများ စီးကျလာခဲ့သည်။

ထိုအရာကို မြင်သည့်အခါ တခြားတစ်ယောက်ကတော့ နေအလင်းတန်းတစ်ခုကဲ့သို့ ထွက်ပြေးသွားခဲ့သည်။ သူက တိုက်ခိုက်မှု အများစုကို ရှောင်တိမ်းနိုင်ခဲ့ပြီး ဒဏ်ရာအနည်းငယ်သာ ရခဲ့၏။

ထိုအချိန်တွင် အလွန်ထူးခြားသော ပုံစံကွက်တစ်ခု ရှိနေသည့် ရွှေရောင်ဓားတစ်လက်က ထိုလူထွက်ပြေးမည့် လမ်းကြောင်းကို တားဆီးထားသည်။ ထိုတမန်တော်က ဓား၏ဖိအားများကြောင့် စိုးရိမ်ထိတ်လန့်နေသည့်အချိန်တွင် ဓားက သူ့နှလုံးသားကို ထိုးဖောက်သွားခဲ့သည်။

ချီကျန်းရန်က သူ၏ရွှေနဂါးဓားပေါ်တွင် ရှိနေသော သွေးများကို သုတ်လိုက်၏။ လုပ်ကြံသတ်ဖြတ်ရေးသမား နှစ်ယောက်ကို အေးအေးဆေးဆေး သတ်ပစ်နိုင်သည့် အတွက် သူ၏မျက်နှာသေပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ဖရိုဖရဲကျင့်စဉ်ထဲတွင် ရှိနေသော သိုင်းကွက်များက အမှန်တကယ်ကို ထူးခြားဆန်းကြယ်လွန်းလှ၏။ ထိုလုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်ဆီတွင် အလွန်ထူးခြားသော သိုင်းပညာများ ရှိကြသည်။ သူတို့က ယခုမှ ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်နေကြသော်လည်း သဘာဝတရားကြီးကို အသုံးချနိုင်ကြ၏။

တခြားလူများဆိုလျှင်တော့ စိုးရိမ်ထိတ်လန့်မှုကြောင့် သူတို့၏ အရိပ်ကိုပင် ရှာတွေ့နိုင်မည် မဟုတ်ချေ။ သို့သော် ချီကျန်းရန်ကတော့ ဖရိုဖရဲကျင့်စဉ်ကို လေ့ကျင့်ထားပြီး ကောင်းကင်စွမ်းရည်နှင့် ဆက်သွယ်မှုဟူသော အရာကို အလေးထား လေ့ကျင့်ထားခဲ့သည်။ သူကိုယ်တိုင်က စကြဝဠာထဲတွင်ရှိနေသော စွမ်းအင်မျိုးစုံ၏ အကူအညီနှင့် လေ့ကျင့်နိုင်ခဲ့၏။

ထိုအရာက စကြဝဠာကြီး ၊ သဘာဝတရားနှင့် အရာအားလုံးကို အခြေခံသော သိုင်းပညာတစ်ခု ဖြစ်သည်။ ထိုလုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်က သူ့ကိုမည်သို့ ရင်ဆိုင်ရမည်နည်း။ ဖရိုဖရဲကျင့်စဉ်၏ ပထမအဆင့်ဖြစ်သော တိမ်မီးခိုးဖြူကျင့်စဉ်က အရာအားလုံးကို အလွန်သိပ်သီးသော မြူခိုးထဲတွင် လွှမ်းခြုံထားနိုင်စွမ်း ရှိသည်။

ဒုတိယတစ်ခုဖြစ်သော နှင်းဆီရောင်အလင်းတန်းကတော့ အနီရောင်တိမ်တိုက်များနှင့် လွှမ်းခြုံပြီး ရန်သူ၏စွမ်းအားကို ဖယ်ရှားနိုင်စွမ်းရှိသည်။ တတိယတစ်ခုဖြစ်သော ခွန်းလွန်ဖျက်ဆီးခြင်းကတော့ ကမ္ဘာမြေကြီးကို ထက်ခြမ်းခွဲလိုက်ပြီး အက်ကွဲလာသော ကျောက်တုံးများနှင့် ရန်သူကို ပြင်းထန်စွာ တိုက်ခိုက်နိုင်သည်။

"ဒါကြောင့်လည်း ကံကြမ္မာအမှတ်တွေအများကြီး တန်ကြေးရှိတာပဲ... "

ချီကျန်းရန်က တစ်ကိုယ်တော် တာဝန်လုပ်ဆောင်ခဲ့သည့်အချိန်တွင် ခွန်းလွန်ဖျက်ဆီးခြင်းအဆင့်ကို မအောင်မြင်သေးပေ။ ပထမအဆင့် နှစ်ခုကိုသာ အောင်မြင်ထားသေး၏။ ထို့ကြောင့် ဤတိုက်ပွဲတွင် တတိယအဆင့်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူက စာကြောင်းတစ်ခုကို အမှတ်ရသွားခဲ့၏။

"အစမှာလွယ်ပေမယ့် ဆက်ပြီး တိုးတက်ဖို့ခက်ခဲတယ်..။ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၊ နားလည်မှု ၊ ချစ်ခင်စွဲလမ်းမှုနှင့် အလေးထားမှုတွေ လိုအပ်တယ်... "

သူက ထိုစကားလုံးများကို မှတ်မိနေသော်လည်း ပြောင်းလဲမှုကျင့်စဉ်ကို လေ့ကျင့်ရာတွင် မည်သည့်အရာကိုမျှ မမှတ်မိသလို ခံစားမိခဲ၏။ သူက သူ၏ခန္ဓာကိုယ်နှင့် ပတ်သက်ပြီး သံသရာအရှင်သခင်ကို တိုက်ရိုက်မေးနိုင်သည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သည်။ သူက အကူအညီ အမျိုးအစား သိုင်းပညာမျိုးကို လဲလှယ်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် နားလည်မှုကို တိုးတက်အောင်လုပ်၍ ရနိုင်သည်။

"ထန်ဟုန်ချိုးကို သတ်ပစ်နိုင်ခဲ့တဲ့အတွက် ကံကြမ္မာအမှတ် (၁၀၀) ဆီရမယ်..”

“ရှတန်တန်ကို မကောင်းဆိုးဝါး ကိုးကွယ်သူအဖွဲ့မှာရှိတဲ့ သံသရာအရှင်သခင်က သတ်လိုက်တယ်... ။ လူတိုင်းဆီကနေ ကံကြမ္မာအမှတ် (၁၀၀) ဆီ အနှုတ်ခံရမယ်... "

ထိုသတင်းနှစ်ခုကို ကြားလိုက်ရသည့်အချိန်တွင် ချီကျန်းရန်က သဲမုန်တိုင်းများ တိုက်ခတ်နေသောနေရာသို့ မော့ကြည့်လိုက်မိသည်။ သူ၏မျက်နှာအမူအရာကလည်း ထူးထူးခြားခြားကို ပျက်နေခဲ့၏။

တံတားလေးထဲတွင် ….

ဖယောင်းတိုင်ဆီမှ ထွက်ပေါ်လာသော အလင်းရောင်ကြောင့် ပတ်ပတ်လည်တွင် အနည်းငယ် လင်းလက်နေခဲ့၏။ ကျန်းယွင်ရှန်နှင့် ပုန်းနေသော အရိပ်သတ်ဖြတ်သူတို့ကတော့ ကစားပွဲတစ်ခု ကစားနေသလို ထင်မှတ်ကြရသည်။ အရင်ဆုံး လှုပ်ရှားမည့်သူက အသတ်ခံရမည် ဖြစ်၏။

ဤကဲ့သို့ ကစားပွဲမျိုးတွင် စိတ်ရှည်သည်းခံမှုက အဓိကဖြစ်ပြီး လုပ်ကြံသတ်ဖြတ်မှု သို့မဟုတ် တန်ပြန်လုပ်ကြံသတ်ဖြတ်မှုကို ခံရနိုင်သည်။ ထိုအချိန်တွင် သူတို့၏စိတ်ထဲ၌ သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရ၏။ ထန်ဟုန်ချိုးနှင့် ရှတန်တန်တို့၏ သေဆုံးမှုက ရှေ့ဆင့်နောက်ဆင့် ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထိုသတင်းကို ကြားလိုက်ရသည့်အချိန်တွင် ကျန်းယွင်ရှန်နှင့် အရိပ်သတ်ဖြတ်သူ နှစ်ယောက်လုံးက အံ့သြသွားကြသော်လည်း အရိပ်သတ်ဖြတ်သူကတော့ ပို၍လျင်မြန်စွာ သတိဝင်လာခဲ့၏။ သူက ဓားပျံကို ပြင်ဆင်လိုက်ပြီး အရေးကြီးသည့် တိုက်ခိုက်မှုကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် ရုတ်တရက်ဆိုသလို သူ့ဆီ၌ စွမ်းအားများ ပျောက်ကွယ်သွားသလို ခံစားလိုက်ရပြီး အသက်ရှူရန်ပင် ခက်ခဲလာခဲ့သည်။ သူက မြေပေါ်သို့ လဲကျသွားခဲ့၏။

"ဒါက ဘယ်လိုဖြစ်ရတာလဲ... ။ ငါက ဘယ်လိုဖြစ်ပြီး အဆိပ်မိရတာလဲ... "

အရိပ်သတ်ဖြတ်သူက ထိုမေးခွန်းကို မေးလိုက်သည့်အချိန်တွင် ဖူကျန်းကျန်းက ပြန်လှည့်လာကြောင်း တွေ့လိုက်ရသည်။ သူမ၏နောက်တွင်တော့ ဖယောင်းတိုင်လေးတစ်ခုက ဖြည်းညင်းစွာ လောင်ကျွမ်းနေခဲ့၏။

သူ၏မျက်လုံးထဲတွင်လည်း အမှောင်ထုကြီးသာ ပေါ်လာပြီး မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။ သူက ဖယောင်းတိုင်မီးကြောင့် သူ၏အမြင်အာရုံ ဆုံးရှုံးသွားခြင်းကို မသိခဲ့ပေ။ သူက အရာအားလုံးကို မမြင်ရတော့ခြင်း ဖြစ်သည်။ သို့သော် ထိုအရာက ကိစ္စမရှိတော့ချ။ သူက အသက်ရှူနေရင်း လုံးဝကို သတိလစ်သွားခဲ့၏။

"ရင်ရှကို သတ်လိုက်တဲ့အတွက် လူတိုင်းက ကံကြမ္မာအမှတ် (၁၀၀) ဆီရမယ်... "

ဖြေဆေးကို သောက်လိုက်ပြီးနောက် ကျန်းယွင်ရှန်က ပြုံးနေသော ရင်ရှ၏မျက်နှာကို ကြည့်နေခဲ့သည်။ သူက သက်ပြင်းချပြီး ပြောလိုက်၏။

"နှလုံးသား (၇) မျိုးအဆိပ်က တကယ့်ကို အရောင်မရှိ အနံ့မရှိတာပါလား... "

ဖူကျန်းကျန်းက ရှေ့ကို လျှောက်လာရာ တံတားအပြင်ဘက်တွင် သဲမုန်တိုင်းက တိုက်ခိုက်နေသေးကြောင်း မြင်လိုက်ရ၏။ သူမက စိုးရိမ်တကြီး ပြောလိုက်သည်။

"သူတို့က တိုက်ခိုက်ခံနေရသေးတယ်... ။ ငါတို့က သွားပြီး အကူအညီပေးသင့်လား.."

"နင်က ဒီနေရာမှာပဲနေခဲ့။ ငါ သွားလိုက်မယ်... ။ ညီမလေးကျန်း ၊ ညီလေးကျန်းတင်နဲ့ လော်ရှန်းကျိတို့ ဘယ်နေရာမှာရှိတယ်ဆိုတာ ငါမှတ်မိတယ်... "

ကျန်းယွင်ရှန်ကတော့ အလွန်အားနည်းသော ဖူကျန်းကျန်းကို သဲမုန်တိုင်းထဲ စေလွှတ်လိုခြင်း မရှိချေ။ ဖူကျန်းကျန်းက သူနှင့်အတူ လိုက်ချင်နေသော်လည်း အဆုံးတွင်တော့ ခေါင်းညိတ်၍ ပြောလိုက်၏။

"ယွင်ရှန် …ဒါဆိုလည်းသတိထားပါ... "

အကယ်၍ သူမသာ သူနှင့် လိုက်သွားမည်ဆိုလျှင် ကြိုမမြင်နိုင်သော အခြေအနေကြောင့် သူမ၏အဆိပ်စွမ်းရည်များကို ပြသနိုင်မည် မဟုတ်ချေ။ သူမက ကျန်းယွင်ရှန်ကို အခက်တွေ့အောင် လုပ်မိမည်ဖြစ်၏။ ထို့ကြောင့် သူမ၏ဆန္ဒကို ထိန်းချုပ်ပြီး အဖော်များဆီသို့ သွားခွင့်ပေးလိုက်သည်။

……………

ထန်ဟုန်ချိုးနှင့် ရှတန်တန်တို့ သေဆုံးမှုက လော်ရှန်းကျိနှင့် ယွင်ထင်ဖုန်းတို့၏ ရင်ထဲတွင် တစ်ပြိုင်နက်တည်း လှုပ်ရှားသွားစေခဲ့သည်။ ထန်ဟုန်ချိုးက ပထမဆုံး သေဆုံးသွားခြင်း ဖြစ်သည့်အတွက် သူတို့နှစ်ယောက်၏ ကြားထဲတွင် ယွင်ထင်ဖုန်း၏ တုံ့ပြန်မှုက ပထမဆုံး တွေဝေနေခြင်း ဖြစ်သည်။ သူက စိတ်ရှုပ်ထွေးမှု ၊ ဝမ်းနည်းမှုနှင့် အံ့ဩမှုများကို တစ်ပြိုင်နက်တည်း ခံစားနေရ၏။

ပြိုင်ဘက်၏ အမူအရာကို သတိထားမိသော လော်ရှန်းကျိကလည်း သူ၏ ချီစွမ်းအင်များနှင့် အတွင်းအားကိုသုံးပြီး အခွင့်အရေးတစ်ခုကို ရှာတွေ့ခဲ့သည်။ သူက ဘယ်လက်သီးနှင့် တားဆီးပြီး ညာလက်သီးနှင့် ပင့်ထိုးလိုက်၏။

ထိုအခြေအနေကို အခွင့်ကောင်းယူပြီး သူက တိုက်ခိုက်မှုနှင့် ခုခံမှုကို ပြောင်းလဲလိုက်နိုင်ခဲ့သည်။ သူ၏အတွင်းအားများကို ဆုံးရှုံးလိုက်ရသည့်အတွက် စိုးရိမ်ထိတ်လန့်သွားခဲ့သော ယွင်ထင်ဖုန်းကတော့ နောက်သို့ ခြေတစ်လှမ်းချင်းဆီ ပြန်ဆုတ်သွားနေရသည်။

သူက လက်သီးကို တင်းတင်းဆုပ်ထားပြီး လော်ရှန်းကျိ၏ တိုက်ခိုက်မှုများကို ခက်ခက်ခဲခဲ ခုခံနေရ၏။ အကယ်၍ နောက်ထပ် နာရီဝက်ခန့် အချိန်ရှိမည်ဆိုလျှင်တော့ သူက အတွင်းအားများကို ပြန်ရနိုင်ပြီး လော်ရှန်းကျိကို အနိုင်ရနိုင်ချေ ရှိသည်။

တစ်ချိန်တည်းတွင် လော်ရှန်းကျိကလည်း ရှတန်တန်၏ သေဆုံးမှုကို သိလိုက်ရသည့် အတွက် သူ၏မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့၏။ သူ၏အရှိန်အဝါကလည်း လျော့ကျသွားခဲ့ပြီး ဝမ်းနည်းမှုများ လွှမ်းခြုံလာခဲ့သည်။ ထို့ကြောင့် သူက ပြိုင်ဘက်နှင့် ခွာနေရန် ဆုံးဖြတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်သာ ကာကွယ်ထားခဲ့သည်။ သူက အတွင်းအားများစွာ ဆုံးရှုံးထားခဲ့သည့်အတွက် ယွင်ထင်ဖုန်းကို အနိုင်ရနိုင်ချေ မရှိချေ။

ယွင်ထင်ဖုန်းက နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်စဉ် သံသရာအရှင်သခင်က ရင်ရှ၏သေဆုံးမှုကို ကြေညာခဲ့၏။ သူက ခဏကြာစဉ်းစားနေပြီးနောက် လော်ရှန်းကျိ၏ မျက်လုံးထဲကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် ဖြည်းညင်းစွာ နောက်ပြန်ဆုတ်သွားပြီး မုန်တိုင်းထဲတွင် ပျောက်ကွယ်သွားခဲ့၏။

အချက်အလက် မတိကျမှုကြောင့် သူတို့အားလုံးက ယခုလို သေခြင်းတရားများနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်လေသည်။

Translated by Hein Htet

All Chapters