အခန်း (၁၀၁)
Vol. 7 Ch. 101
မြေပြင်သခင်က အလွန်ထူးခြားသော လူတစ်ယောက်ဖြစ်ပြီး သူ၏လှုပ်ရှားမှုများက အရိပ်သဖွယ် ထင်မှတ်ရသည်။ တစ်ခါတစ်ရံ လေလှိုင်းများ၊ သဲများနှင့် ပေါင်းစပ်သွားပြီး တစ်ခါတစ်ရံ လေလှိုင်းကို ဖြတ်တောက်သွားသော သံဘီးတစ်ခုကို ကိုင်ထားသည်။
အလွန်လျင်မြန်လွန်းလှသည့်အတွက် သူ၏နောက်ထပ်လှုပ်ရှားမှုကို မည်သူကမျှ ခန့်မှန်းနိုင်မည် မဟုတ်ချေ။ ထိုကဲ့သို့ အလွန်ထူးခြားသည့် စွမ်းရည်မျိုးကြောင့် သူတို့က သာမန် သိုင်းပညာရှင်များ အားလုံးကိုပင် တဖြည်းဖြည်း သတ်ပစ်နိုင်ပါလိမ့်မည်။
မြေပြင်သခင်က ထိုအရာနှင့် ပတ်သက်ပြီး အတော်လေးကို သေချာနေခဲ့၏။ ယခုတော့ သူ၏ယုံကြည်ချက်များအားလုံးက လှုပ်ရှားလာရ၏။ ထိုမိန်းကလေးက သူ့ကို တိုက်ခိုက်နေချိန်တွင် သူကတော့ ပတ်ဝန်းကျင်မှ စွမ်းအားများကို ရယူတိုက်ခိုက်ခြင်းဖြစ်စေ၊ လျှို့ဝှက်ခြင်းအဆင့် စွမ်းအင်များကို အသုံးပြုနေခြင်းဖြစ်စေ၊ မည်မျှတိုက်ခိုက်နေစေကာမူ ရင်မဆိုင်နိုင်သည့်အတွက် သူမ၏ ဓားပညာက အတော်လေးကို ကြောက်စရာကောင်းလွန်းလှသည်။
သူမက သူ၏ တိုက်ခိုက်မှုများကို ကြိုတင်ခန့်မှန်းနိုင်သလို ထင်မှတ်ရ၏။ သူက သဲမုန်တိုင်းထဲတွင် ပျောက်ကွယ်နေသော်လည်း တစ်ကြိမ် တိုက်ခိုက်လိုက်သည့် အချိန်တိုင်း အလွန်ထက်မြက်သော ဓားအလင်းတန်းတစ်ခုက သူ၏မျက်နှာဆီကို ဦးတည်လာနေခဲ့သည်။ သူက အကြိမ်တိုင်းနီးပါး အသတ်ခံရလုမတတ် ကြုံခဲ့ရ၏။
သူမကို လျှပ်စီးကြောင်းများ၊ အနက်ရောင်အငွေ့များနှင့် နှောင့်ယှက်နေသော စုယွမ်ရင်၏ ကျေးဇူးကြောင့်သာ သူက ကျန်းကျိဝေ၏ လက်ထဲမှ လွတ်မြောက်ခဲ့ရခြင်းဖြစ်သည်။
စုယွမ်ရင်၏နဖူးပေါ်တွင် အနက်ရောင်အငွေ့များ လွှမ်းခြုံနေပြီး တစ်ကိုယ်လုံး ချွေးသီး ချွေပေါက်များ ကျဆင်းလာနေခဲ့၏။ ကမ္ဘာမြေကြီး၏အစွမ်းကိုပင် ရရှိထားခြင်း မရှိသော သာမန်လူတစ်ယောက်က ထိုမျှကြောက်စရာကောင်းသော အဆင့်ကို ရနိုင်မည်ဟု သူကတော့ မယုံကြည်နိုင်ခဲ့ပေ။
ကျန်းကျိဝေက ဉာဏ်အလင်းပွင့်မှုအဆင့်တွင် ရှိနေသော ထိပ်သီးဓားသိုင်းကျမ်းများကို တစ်ခုပြီးတစ်ခု အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့သည်။ ထို့ကြောင့် သူမ၏ဓားစွမ်းရည်များက အလွန်အမင်းကို ကြောက်စရာကောင်း၏။ သူမက လူနှင့်ဓား တစ်သားတည်း ပေါင်းစပ်နေသည့် အဆင့်ကို ရောက်နေသည်ဟုပင် ဆိုနိုင်သည်။
အမှန်အတိုင်း ပြောရလျှင် ထိုအရာက စုယွမ်ရင်၏ မှားယွင်း တွက်ချက်မှုကြောင့်လည်း ဖြစ်သည်။ သူကတော့ တံခါး (၈)ပေါက်ပွင့်နေပြီး ပြင်ပစွမ်းအားများကို အားကိုး၍ တိုက်ခိုက်နိုင်သည့် အစွမ်းမျိုးကို ပို၍ အသားကျသည်။
ထို့ပြင် သဲမုန်တိုင်းကို ဖန်တီးရန်အတွက် သူ၏ စွမ်းအားအများစုကလည်း ကုန်ဆုံးသွားခဲ့ရ၏။ ထို့ကြောင့် သူက စွမ်းအားကို ပြည့်ပြည့်ဝဝ သုံးနိုင်ခြင်း မရှိဘဲ သတ်ဖြတ်ရေးသိုင်းကွက် သို့မဟုတ် နောက်ဆုံးသိုင်းကွက်ကို တိုက်ခိုက်နိုင်ခြင်း မရှိပေ။နဖူးပေါ်တွင် ရှိနေသော အစိမ်းရောင်အလင်းတန်းများကလည်း ပို၍ ကြောက်စရာကောင်းစွာ ဝင်းလက်လာခဲ့၏။
ထိုအရာကို မြင်သည့်အခါ ကျန်းကျိဝေက သူမ၏ တိုက်ခိုက်မှုကို အရှိန်မြင့်လာခဲ့သည်။ သူမက အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေသည့်အတွက် မြေပြင်သခင်က သဲမုန်တိုင်းထဲသို့ ဝင်သွားနေရ၏။
ထို့နောက် သူမက ဓားကို လေထဲသို့ မြှောက်လိုက်ရာ စုယွမ်ရင်ကို ဖိတ်ခေါ်နေသလို ထင်မှတ်ရသည်။ အစိမ်းရောင် အလင်းတန်းများကလည်း ရေလှိုင်းများကဲ့သို့ လွင့်မျောလာခဲ့၏။ ဓားအလင်းတန်းများက အလွန်သန့်စင်ေတာက်ပစွာ ထွက်ပေါ်လာနေသည်မှာ အမှန်တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။ သူတို့က ဝှက်ဖဲသိုင်းကွက်များကို တရဆက် တိုက်ခိုက်လိုက်ကြ၏။
အစိမ်းရောင်အလင်းတန်းများကလည်း ကျန်းကျိဝေ၏ဓားပေါ်တွင် လွှမ်းခြုံလာခဲ့၏။ ထိုအချိန်တွင် သူမက ဓားကို လွှတ်ချပြီး သတိမေ့သွားမည်ဟု စုယွမ်ရင်က မျှော်လင့်ထားခဲ့သည်။ ထိုအရာက နတ်ဘုရားတစ်ပါး၏ စွမ်းအားများဖြစ်၏။
ထိုအရာက စိတ်ဝိညာဉ်နှင့် အသက်သွေးကြောကို တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်းလည်း ဖြစ်သည်။ ထိုဓားချက်ကို တန်ပြန်တိုက်ခိုက်၍ မရသလို ခုခံ၍လည်း မရချေ။
သူမ၏ဓားထဲတွင် ရှိနေသော စွမ်းအင်များကတော့ အစိမ်းရောင်အလင်းတန်းကို ထိုးဖောက်လာပြီး ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့၏။ ထို့နောက် စုယွမ်ရင်၏ နဖူးကြားတည့်တည့်ကို ရောက်လာခဲ့သည်။ ထိုအရာက ငရဲကြီး (၆)ထပ်အောက်တွင် ရှိနေသော ယမမင်းကို ဖိတ်ခေါ်နေသယောင် ထင်မှတ်ရ၏။
"ဒါက ဘယ်လိုဖြစ်ရတာလဲ ..."
စုယွမ်ရင်၏ခန္ဓာကိုယ်က ဆက်တိုက်ဆိုသလို ပြောင်းလဲလာပြီး တစ်ကိုယ်လုံး လှုပ်ရှားလာခဲ့သည်။ သို့သော် ဓားအလင်းတန်းကတော့ တစ္ဆေတစ်ကောင်ကဲ့သို့ သူ့နောက်ကို လိုက်လာနေသေး၏။
"ထန်ဟုန်ချိုးက ဂိုဏ်းကြီး (၄)ဂိုဏ်းမှာ ရှိတဲ့ သံသရာခရီးသွားရဲ့ သတ်ပစ်ခြင်းကို ခံလိုက်ရတယ် ....။ တစ်ယောက်ကို ကံကြမ္မာအမှတ်(၁၀၀)ဆီ အနုတ်ခံရမယ် ....”
“ဘယ်လို..."
ရုန်းကန်နေစဉ် အတောအတွင်း စုယွမ်ရင်က တစ်ကိုယ်လုံး ပင်ပန်းလာသလို ခံစားနေရသည်။ သံသရာ အရှင်သခင်၏စကားသံက သူ့ကို ပို၍ပင် စိတ်ဓာတ်ကျသွားစေခဲ့၏။ ထို့နောက် စုယွမ်ရင်က သေဆုံးသွားခဲ့၏။
"သေဆုံးသူ - စုယွမ်ရင် ....
သေဆုံးသည့်အကြောင်းအရင်း - မျက်ခုံးကြား ဓားနှင့် ထိုးဖောက်ခံရမှု ..
သေဆုံးသူ၏ မြင်ကွင်း - မျက်ခုံးကြား လျှို့ဝှက်တံခါး ပျက်စီးသွားတယ် .။ အရမ်းကို ကြောက်ရွံ့ထိတ်လန့်နေတဲ့ အမူအရာမျိုးရှိတယ် ....။တခြားဒဏ်ရာတော့ မရှိဘူး။
သတ်ဖြတ်သူ - ကျန်းကျိဝေ ...."
တဖန် ကျန်းကျိဝေက ဓားချက်ကို နောက်ပြန် လှုပ်ရှားလိုက်ရာ မြေပြင်သခင်၏ အနက်ရောင်သံဘီးကို တားဆီးနိုင်ခဲ့သည်။ သို့သော် သူမ၏ မျက်ခုံး ၊နား ၊နှာခေါင်းနှင့် ပါးစပ်ထဲမှနေ၍ သွေးများ စီးကျလာနေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် စုယွမ်ရင်က သူမ၏ အသက်သွေးကြောကို တိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်သည်။
အကယ်၍ သူမကသာ ပြောင်းလဲမှုကျင့်စဉ်ကိုသုံးပြီး မျက်ခုံးခြား ပင်မတံခါးကို လှုံဆော်ခဲ့ခြင်း မရှိလျှင် သူမဆီ၌ မည်သည့် အဖြေမျိုး ရှိနေစေကာမူ ထိုတိုက်ခိုက်မှုမှ အသက်ရှင်နိုင်မည် မဟုတ်ချေ။ ထိုသို့ဆိုရာတွင် အသက်သွေးကြောကို ထိခိုက်ဒဏ်ရာ ရသွားသည့်အတွက် အခြေအနေက ဆိုးရွားနေသေး၏။
သူမက နာကျင်မှုကို သည်းခံလိုက်ပြီး ဓားချက်များကို ဆက်လက် တိုက်ခိုက်နေသေးသည်။ တံခါး (၉)ပေါက်ပွင့်နေသော သိုင်းပညာရှင်အများစုကပင် ထိုကဲ့သို့ ဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိကြပေ။
စုယွမ်ရင်က လဲကျသွားပြီး သူ၏ခန္ဓာကိုယ်ထဲမှ အနက်ရောင် အငွေ့များ ထွက်လာသည်ကို မြင်လိုက်ရသည့်အပြင် ကျန်းကျိဝေ၏ ရာမ ဖိတ်ခေါ်ခြင်း ဓားသိုင်းကွက်ကို မြင်လိုက်ရသည့်အတွက် မြေပြင်သခင်က အတော်လေးကို ထိတ်လန့်သွားခဲ့သည်။
အနက်ရောင်အငွေ့တစ်ချို့ အငွေ့ပျံသွားသည့်အချိန်တွင် သူလည်း ကျန်းကျိဝေကို တိုက်ခိုက်လိုက်ပြီး သဲမုန်တိုင်းနှင့် ပေါင်းစပ်၍ ပျောက်ကွယ်သွားခဲ့၏။
ထိုအချိန်တွင် ကျန်းကျိဝေ၏ ဓားချက်က လင်းလက်တောက်ပနေပြီး ကောင်းကင်(၉)သွယ်မှ ထိုးဖောက်လာသည့်အလား သဲမုန်တိုင်းထဲကို ဝင်ရောက်သွားခဲ့သည်။
"အား ....."
မြေပြင်သခင်က ကြောက်စရာကောင်းစွာ အော်ဟစ်လိုက်ရပြီး သူ့ဆီမှ ထွက်ပေါ်လာသော သွေးများကြောင့် အနားတွင် ရှိနေသော သဲမုန်တိုင်းကပင် နီရဲသွားခဲ့သည်။
ဓားချက်က သူ့နောက်ကျောကို ဒဏ်ရာရသွားစေခဲ့၏။ သို့သော် ကျန်းကျိဝေ၏ အသက်သွေးကြောက ထိခိုက်ဒဏ်ရာ ရနေသည့်အတွက် သူမက ခေါင်းထဲတွင် မူးဝေနေသလို ခံစားနေခဲ့ရသည်။ အနက်ရောင် အငွေ့များကြောင့် သူမ၏ ဓားချက်ကလည်း အားနည်းသွားပြီး အနည်းငယ် နောက်ကျသွားခဲ့၏။
ထို့ကြောင့် သူက လွတ်မြောက်သွားခဲ့ပြီး လမ်းတစ်လျှောက်တွင် နောက်ကျောမှနေ၍ သွေးများ စီးကျလာနေခဲ့သည်။ သဲမုန်တိုင်းက အစွမ်းထက်နေသေးသည့်အတွက် ကျန်းကျိဝေက လိုက်မသွားခဲ့ပေ။
သူမက ရိုးရှင်းစွာ ရပ်တန့်လိုက်၏။ ထို့နောက် ဆေးပင်တစ်ရာ ဆေးလုံး (၁)လုံးကို ထုတ်လိုက်ပြီး ဆေးလုံးကို သောက်လိုက်သည်။ သူမ၏ အသက်သွေးကြောတွင် ရှိနေသော ဒဏ်ရာကို အချိန်မီကုသရန် လိုအပ်သည်။ မဟုတ်လျှင် အနာဂတ်၌ ပြဿနာကြီး ဖြစ်နိုင်၏။
“ရှတန်တန်ကို မကောင်းဆိုးဝါးကိုးကွယ်သူအဖွဲ့မှာ ရှိတဲ့ သံသရာခရီးသွားက သတ်လိုက်ပြီ ...။ မင်းတို့တစ်ယောက်ချင်းဆီက ကံကြမ္မာအမှတ် (၁၀၀)ဆီ အနှုတ်ခံရမယ် ...”
“မကောင်းဆိုးဝါး ကိုးကွယ်သူအဖွဲ့မှာ ရှိတဲ့ အရိပ်သတ်ဖြတ်သူကို သတ်လိုက်ပြီ မင်းတို့တစ်ယောက်ချင်းဆီက ကံကြမ္မာအမှတ်(၁၀၀)ဆီရမယ် ...."
သံသရာ အရှင်သခင်၏စကားသံကို ကြားသည့်အချိန်တွင် ကျန်းကျိဝေက သေချာနေခဲ့သည်။
သူမကတော့ အတော်လေးကို ဇဝေဇဝါဖြစ်နေ၏။မျက်ခုံးကြားထဲတွင် အစိမ်းရောင် ဒေါင်းလိုက် မျက်လုံးရှိနေသောလူကို သူမက သေချာပေါက် သတ်ပစ်ခဲ့သည်။ သူက တံခါး (၆)ပေါက်နှင့်အထက် ဖြစ်နိုင်သည့်အတွက် ကံကြမ္မာအမှတ် (၂၀၀)ရမည်မှာ သေချာ၏။
သူမက စုယွမ်ရင်၏ အလောင်းကို သေချာစိုက်ကြည့်နေမိသည်။ ထိုအလောင်းက လျင်မြန်စွာ ပုတ်သိုးသွားသည်မှာ အတော်လေး ကြာနေသလို ထင်မှတ်ရ၏။ ခဏကြာပြီးနောက် မြေပေါ်တွင် မည်သည့်အရာမျှ မရှိတော့ပဲ အဖြူရောင် အရိုးစုတစ်ခုသာ ကျန်နေတော့သည်။
"အခုထိမသေသေးတာလား ...."
ကျန်းကျိဝေက စဉ်းစားမိသွားပြီး သူ့ရန်သူ၏ အစွမ်းများ ရောက်လာသည့်နေရာကို နားလည်သွားပုံရသည်။
…………….
မုန့်ချီကတော့ အချိန်တော်တော်ကြာ ရှာဖွေနေခဲ့ပြီး နောက်ဆုံးတွင်တော့ အသုံးဝင်မည်ဟု ထင်ရသော အရာ (၂)ခုကို တွေ့ခဲ့၏။ တစ်ခုကတော့ သာမန် ထင်မှတ်ရသော အနက်ရောင်ဓားပျံတစ်ခု ဖြစ်သည်။
ထိုဓားပျံပေါ်တွင် စကားလုံးတစ်ခု ရေးသားထား၏။
"သေမင်းမျက်လုံး...."
နောက်ထပ်တစ်ခုကေတာ့ သတ္တုရောင်အလင်းတန်းများ တောက်ပနေသော ဇကာကွက်တစ်ခုဖြစ်သည်။ ထိုအရာ၏ ကြိုးမျှင်လေးများက ပျော့ပျောင်းပြီး လက်သီးစုပ်အရွယ်အစားခန့်သာ ရှိသည်။ လက်နက် (၂)ခုကို ကိုင်ထားချိန်တွင် ထိုအနက်ရောင်ဓားပျံလေးက ထိုဇကာကွက်လေးဆီသို့ ဆွဲငင်ခံနေရသလို ခံစားနေရ၏။
"ဒါက ကောင်းကင်ဓားပျံနဲ့ မြေပြင် သံဇကာ ဖြစ်နိုင်တယ် .။ ဒါက သတ္တုလက်နက်တွေကို ရင်ဆိုင်နိုင်တဲ့ အထူးလက်နက်တစ်ခုများလား ...."
မုန့်ချီက အလွန်ဝမ်းသာသွားခဲ့သည်။
သူကတော့ အလွန်ကြောက်စရာကောင်းသော လက်နက်နှင့် အဆိပ်များကို မြင်လိုက်ရသည့်အတွက် စိတ်ထဲတွင် ကြောက်လန့်သွားခဲ့သေးသည်။ သို့သော် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို ပြည့်စုံအောင် ကျင့်ကြံပြီးသွားလျှင်တော့ မုန့်ချီက ထိုအရာများ အားလုံးကို ခုခံနိုင်စွမ်း ရှိ၏။
သေမင်းမျက်လုံးဓားပျံ၏ အသုံးပြုမှုကိုတော့ မုန့်ချီက မသိသေးပေ။သူက ထိုအရာကို ယူသွားပြီး ကျန်းကျိဝေ၊ ဖူကျန်းကျန်းနှင့် တခြားလူများကို စစ်ဆေးခိုင်း၍ ရနိုင်၏။ ထိုကဲ့သို့ လျှို့ဝှက်လက်နက်တစ်ခုက ထူးခြားသောနည်းလမ်းတစ်ခုကို သုံးမှသာ အကျိုးသက်ရောက်မှုရှိပါလိမ့်မည်။
စုယွမ်ရင် သေဆုံးသွားပြီးနောက် သဲမုန်တိုင်းကြီးက တဖြည်းဖြည်း အားနည်းလာပြီး ဓားသွားကဲ့သို့ ဖြစ်နေသော လေလှိုင်းများ ၊ သဲပွင့်များကလည်း ထက်မြက်မှု မရှိတော့ချေ။
မုန့်ချီကတော့ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကြောင့် ထိုအရာကို ကြောက်စရာ မလိုအပ်ချေ။ သို့သော် ရုတ်တရက်ဆိုသလို ခေါင်းထဲ၌အတွေးတစ်ခု ပေါ်လာခဲ့၏။
“ကူရှောင်စန်းက သူ့ဆီကို ရောက်လာပြီလား..”
ထိုအရူးမဆီတွင် ရူးသွပ်သော အကြောင်းပြချက်မျိုးစုံ ရှိနေသည်။ မူလတုန်းကတော့ မုန့်ချီက သဲမုန်တိုင်း၏ ရှေ့တွင် ထိုင်စောင့်နေပြီး ကူရှောင်စန်းက သူ၏ထောင်ချောက်ထဲသို့ ကျရောက်နေမည့်အချိန်ကို စောင့်နေခဲ့သည်။
သို့သော် ယခုတော့ ကျန်းကျိဝေနှင့် တစ်ခြားလူများက တိုက်ခိုက်နေသည့်အတွက် သူ့ကို အကူအညီပေးနိုင်လိမ့်မည် မဟုတ်ချေ။ ကူရှောင်စန်းက သူတို့နှင့် တိုက်ခိုက် နေခြင်းလည်း ဖြစ်နိုင်၏။ သို့မဟုတ် သူမက ဤနေရာသို့ လာနေသောလမ်းတွင်လည်း ဖြစ်နိုင်သည်။
ခဏကြာပြီးနောက် သူက ချန်းရှောင်နှင့်လော်ယုကို လှည့်ပြောလိုက်၏။
“မင်းတို့တွေ သွားပုန်းနေကြ…”
ထို့နောက်သူက ချီစွမ်းအင်များကို လှည့်ပတ်လိုက်ပြီး လေနတ်ဘုရားခြေလှမ်းသိုင်းကိုသုံး၍ မုန်တိုင်းဆီသို့ ပြေးဝင်သွားခဲ့၏။ ထို့နောက် ပေါ့ပလာသစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရပြီး ထိုနေရာတွင် သူ၏ စိတ်ဝိညာဉ် နှင့်ခန္ဓာကိုယ်ကိုလွှမ်းခြုံပြီး ပုန်းနေလိုက်သည်။
လေလှိုင်းနှင့်သဲများက အားပျော့သွားသည့်အချိန်တွင် မုန့်ချီ၏ နားထဲ၌ သက်ပြင်းချသံတိုးတိုးကို ကြားလိုက်ရသည်။
“နင်က ငါနဲ့တွေ့ရမှာကို အဲဒီလောက်တောင် ကြောက်နေတာလား…”
ထိုအသံက အလွန်နူးညံ့ပြီး သိမ်မွေ့လွန်းလှသည်။ ထိုအရာက ရှောင်ဖယ်နေသည့် ချစ်သူတစ်ယောက်ကို အပြစ်တင်နေသော မိန်းကလေးတစ်ယောက်၏ အသံမျိုးဖြစ်၏။ ထိုစကားကို ကြားရသူတိုင်းက ရင်ထဲတွင် ဝမ်းနည်းသွားနိုင်သည်။
သို့သော်မုန့်ချီ၏ နားထဲတွင်တော့ ထိုအရာက ငရဲမင်း၏ခေါ်သံကဲ့သို့ ထင်မှတ်ရ၏။ ထိုအသံကိုကြားသည့်အချိန်တွင် မုန့်ချီက အတော်လေးထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
"ငါတို့က ဘယ်အချိန်မှာများ ဒီလောက်တောင်ရင်းနှီးသွားလို့လဲ......."
သူကတော့ လှုပ်ပင်မလှုပ်ရဲပေ။ သူ၏ခေါင်းထဲတွင်သာ တုံ့ပြန်ရန် နည်းလမ်းကို စဉ်းစားနေခဲ့၏။ သဲပွင့်များက လေထဲ၌ လှုပ်ရှားနေသည့်အချိန်တွင် နောက်တစ်ကြိမ် အသံကို ကြားလိုက်ရသည်။
"ဟုန်ချိုးက နင့်ကို ခေါင်းတုံးစုတ်လို့ပြောပြီး နင့်ကိုသတ်ချင်တယ်လို့ ငါ့ရှေ့မှာ ကျိန်ဆဲနေတာ....။ ဒါကြောင့် ငါက သူ့ကို သတိမပေးတော့ပဲ နင်သတ်ပြီးသွားတဲ့အချိန်ထိ စောင့်နေခဲ့တာ။ ကြည့်လိုက်လေ..။ ငါက အရမ်းကို ကြင်နာတတ်ပါတယ်....။ မိန်းကလေးကျိ သဘောကျနေတဲ့ သူကို တစ်ခြားသူတွေက ထိခိုက်နာကျင်အောင်လုပ်လို့မရဘူး.....။ ငါကိုယ်တိုင်ပဲ လုပ်မယ်....."
ထိုစကားကို ပြောနေစဉ်အတောအတွင်း သူမ၏လေသံက ပို၍ပေါ့ပါးပြီး ပျော်ရွှင်လာပုံရသည်။
"နင့်ကို တခြားဘယ်သူမှ သတ်လို့မရဘူး..။ ငါတစ်ယောက်တည်းပဲ သတ်လို့ရတယ်...။ ဒါပေမယ့် မစိုးရိမ်ပါနဲ့....။ ငါကနင့်ကို လေဟာနယ်မြို့တော်ဆီ မပို့သေးပါဘူး..။ မဟုတ်ရင် မိန်းကလေးကျိက ငါ့ကို အပြစ်တင်နေလိမ့်မယ်.. ။ ငါက နင့်ကိုသတ်ပြီး လေဟာနယ်မြို့ဆီမပို့ခင် သေချာပေါက် ကောင်းကောင်းမွန်မွန် နေခွင့်ပေးဦးမှာပါ..….”
“နင်က တကယ့်ကို အရူးမပဲ...... "
မုန့်ချီက စိတ်ထဲတွင် ကျိန်ဆဲလိုက်မိသည်။
"ငါက နင့်ကိုဘာများလုပ်မိလို့လဲ...”
မုန့်ချီက သူတို့(၂)ယောက်၏ ကြားထဲတွင ရှိနေသော အဆင့်ကွာဟမှုကို သိနေသည်။ သူမက လူငယ်မှတ်တမ်းတွင် အတော်ဆုံးများထဲမှ တစ်ယောက်ဖြစ်သည့်အတွက် သူကတော့ ပုန်းနေခြင်းသာ ပိုကောင်းသည်။
ကူရှောင်စန်းက သက်ပြင်းရှည်ကြီး ချလိုက်၏။ သူမဆီမှ နောက်ထပ်မည်သည့်အသံမျှထွက်မလာတော့ပေ။
"ကိုရင်လေး......"
ထိုအချိန်တွင် ကျန်းကျိဝေ၏အသံကို ကြားလိုက်ရ၏။ ပထမတော့ မုန့်ချီက ဝမ်းသာသွားသော်လည်း ချက်ချင်းပင် သတိထားခဲ့မိသည်။ ထိုအရာက နတ်ဆိုးမ၏ အတုအယောင်ဖန်တီးမှု ဖြစ်နေမှာကို ကြောက်လန့်နေခဲ့၏။
"ညီလေးကျန်းတင် …..."
တစ်ချိန်တည်းတွင် ကျန်းယွန်ရှန်၏ အသံကိုလည်း အဝေးမှကြားလိုက်ရ၏။ နောက်ဆုံးတွင်တော့ မုန့်ချီက စိတ်အေးသွားခဲ့၏။ သူတို့၏ ခေါ်သံကြောင့် ကူရှောင်စန်းက အဝေးကိုထွက်သွားပုံရသည်။
ထို့နောက် သူလည်း ပေါ့ပလာသစ်ပင်ကြီးပေါ်မှ ခုန်ချလိုက်ပြီး ကျောင်းဆောင်ပျက်ဆီကို ပြန်လျှောက်လာခဲ့၏။ ထိုအချိန်တွင် သူက လော်ရှန်းကျိ ၊ကျန်းကျိဝေ ၊ ကျန်းယွင်ရှန်နှင့် ချီကျန်းရန်တို့ကို တွေ့လိုက်ရသည်။
အကယ်၍ သူတို့သာ အတူတကွ ရောက်လာခဲ့ကြခြင်း မဟုတ်လျှင် ကူရှောင်စန်းက တစ်ယောက်ချင်းဆီကို သတ်ပစ်နိုင်သည်။ သူမက ထိုအရာကို လုပ်နိုင်သည့် အစွမ်းမျိုးလည်း ရှိနေ၏။
…………
အဝေးတွင် ရှိနေသော တောင်ကုန်းငယ်လေးတစ်ခုပေါ်တွင် စုယွမ်ရင် ၏ အစေခံမိန်းကလေး(၂)ယောက်ထဲမှ (၁) ယောက်၏မျက်နှာပေါ်တွင် နာကျင်မှုများ ပေါ်လာခဲ့၏။ ထို့နောက် သူမကို အနက်ရောင်အငွေ့များ လွှမ်းခြုံလာပြီး သူမ၏ ဗိုက်ကလည်း ကိုယ်ဝန်ဆောင်မိန်းမပျိုတစ်ယောက်ကဲ့သို့ လျင်မြန်စွာ ဖောင်းကားလာခဲ့သည်။
"ဖျောက် …ဗောင်း...."
ဗိုက်ထဲမှနေ၍ လက်ဝါးတစ်ဖက် ဖောက်ထွက်လာပြီး ထိုမိန်းကလေးကိုတော့ အနက်ရောင်အငွေ့များက ဝါးမြိုသွားခဲ့သည်။ သူမ၏ အသားအရေများ သွေးများအားလုံးက ပျော်ကျသွားပြီး ဗိုက်ထဲမှ ထွက်လာသောလူဆီသို့ ဖြည်းညင်းစွာစီးဆင်းသွားခဲ့၏ ။
အနက်ရောင်အငွေ့များက တဖြည်းဖြည်းပို၍ သိပ်သည်းလာပြီး ပိန်ပိန်သွယ်သွယ် လူသားတစ်ယောက်၏အရိပ်ပုံစံ ပေါ်လာခဲ့သည်။ သူက ချောင်းဆိုးလိုက်ပြီး အငွေ့ထဲမှ ဖြည်းညင်းစွာ ထွက်လာခဲ့၏။
ထိုလူက အဝတ်ဗလာ ဖြစ်နေပြီး သူ၏ အသားအရည်ကတော့ အနက်ရောင်အငွေ့များ၏ ဖန်တီးမှုကို ဆက်လက်ခံယူနေရသေးသည်။ တစ်ခြားမိန်းကလေးတစ်ယောက်ကတော့ ထိုမြင်ကွင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။သေဆုံးသွားသူမှာ သူမနှင့် မသက်ဆိုင်သလို ထင်မှတ်ရသည်။
ထို့နောက် သူမက လှပစွာ ပြုံးလိုက်ပြီး သူမ၏သခင်လေးအတွက် အဝတ်အစားတစ်ချို့ကို ယူပေးလိုက်သည်။
"မင်မျက်လုံး သေဆုံးသွားပြီ..။ မင်းတို့တစ်ယောက်ချင်းဆီက ကံကြမ္မာအမှတ်(၅၀)ဆီ
အနှုတ်ခံရမယ်...."
သံသရာအရှင်သခင်၏ စကားကိုကြားသည့်အချိန်တွင် စုယွမ်ရင်က လက်သီးကို ဆုပ်လိုက်မိ၏။
"မင်းက မသေခဲ့ဘူးလား......"
မြေပြင်သခင်က လေလှိုင်းနှင့် သဲများကြားထဲတွင် ပေါင်းစပ်ပြီး ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။ သူက တောင်ထိပ်ပေါ်သို့ ပြန်ရောက်လာသည့်အချိန်တွင် စုယွမ်ရင်ကို မြင်လိုက်ရ၏။ ထို့ကြောင့်သူက အလွန်ထိတ်လန့်သွားပြီးတောင်ပေါ်မှ ပြုတ်ကျတော့မလိုပင် ဖြစ်သွားခဲ့၏။
ထိုလူငယ်က မိန်းမပျို၏ လက်ထဲတွင် အမှန်တကယ်သေဆုံးသွားခဲ့ကြောင့် သူ့မျက်စိနှင့် တပ်အပ်မြင်ခဲ့ရသည်။ဘာကြောင့် ယခုထိအသက်ရှင်နေရသေးသနည်း။
အနက်ရောင်အငွေ့များက သူ၏နောက်ကျောတွင် ရှိနေသော ဒဏ်ရာများပေါ်တွင် လွှမ်းခြုံနေပြီး အသားလွှာများက တဖြည်းဖြည်း ပြန်ကောင်းလာနေခဲ့သည်။ စုယွမ်ရင်က ဖြူဖပ်ဖြူရော် မျက်နှာအမူအရာနှင့် ပြောလိုက်၏။
“ကျုပ်က သေချင်ယောင်ဆောင်လိုက်တာ…”
သူက ချောင်ဆိုးလိုက်ပြီးနောက် တောင်နောက်တွင် ရှိနေသော ယွင်ထင်ဖုန်းကို လှည့်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။
"မင်းတို့တွေ စုဆောင်းထားတဲ့ အချက်အလက်တွေ တိကျတယ်ဆိုတာ ဒါလား....."
စုယွမ်ရင်၏ နောက်တွင် မိန်းကလေးတစ်ယောက်သာ ကျန်တော့ကြောင်း မြင်သည့်အခါ ယွင်ထင်ဖုန်းက သက်ပြင်းချလိုက်သသည်။
"သူတို့က အဲဒီအတွက် သေဆုံးသွားကြပြီလေ...”
“ကောင်းသော သေခြင်းပါပဲ...."
စုယွမ်ယင်က အေးစက်စွာ ပြောလိုက်၏။
ယွင်ထင်ဖုန်းကတော့ နောက်ကျောတွင် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။
“ရှင်တို့က တိုက်ခိုက်ချင်နေတာလား ။ ဒါဆိုရင်လဲ ဘာမှသည်းခံမနေပါနဲ့..။ ဘာလို့နောက်ကွယ်မှာ လက်သီးဆုပ်နေရတာလဲ.... "
ထိုအချိန်တွင် အလွန်ပျော့ပြောင်းနူးညံ့သော အသံလေးတစ်ခုကို ကြားလိုက်ရသည်။
"သခင်လေးယွင် ....
ကျွန်မက ရှင့်ဘက်ကနေ လောင်းမယ်....."
Translated by Hein Htet.