← Chapters

အခန်း (၁၀၂)

Vol. 7 Ch. 102

အခန်း (၁၀၂)

Vol. 7 Ch. 102

ယွင်ထင်ဖုန်းက ဒေါသထွက်နေသော အမူအရာနှင့် ပြန်လှည့်ကြည့်လိုက်သည်။ သူက အလွန်လှပစွာ လျှောက်လှမ်းလာသော မိန်းကလေးကျိကို တိုးတိုးလေး မေးလိုက်၏။

"ရထားတဲ့ အချက်အလက်တွေက ဘာလို့ဒီလောက်တောင် မတိကျရတာလဲ... "

မိန်းကလေးကျိက လက်ခုပ်တီး၍ ပြောလိုက်၏။

"ငါ့ရဲ့တာဝန်ကတော့ ငါ့ချစ်သူလေးကို တွေ့ပြီး လူသတ်ဖို့ပဲလေ...။ အချက်အလက် စုံစမ်းရတာက ဟုန်ချိုးနဲ့ အရိပ်သတ်ဖြတ်သူတို့ရဲ့အလုပ်ပဲ ။ ပြီးတော့ လော်ရှန်းကျိနဲ့ ကျန်းကျိဝေတို့က လူငယ်မှတ်တမ်းမှာ ရှိနေတဲ့ နာမည်ကျော် ပညာရှင်တွေလေ... ။ သူတို့က ဘယ်လောက်အစွမ်းထက်လဲဆိုတာ ငါပြောပြဖို့ လိုသေးလို့လား... ။ နင်တို့က ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးနေကြတာကိုး... ။ နင်က ကျန်းကျိဝေကို တိုက်ခိုက်ဖို့ လူ (၂) ယောက်ပဲ စီစဉ်ပေးတယ်... ။ ဒါက ငါ့ရဲ့အမှားလား... "

ယွင်ထင်ဖုန်း၏ မျက်နှာက အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားခဲ့သည်။ အလွန်ဖြူစင်သော မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသည့် မိန်းကလေးကျိ၏ အမူအရာကို မြင်သည့်အခါ သူက ဒေါသကို ရုတ်သိမ်းပြီး ပြောလိုက်သည်။

"ငါက နင့်ကို ဘာလို့အပြစ်တင်ရမှာလဲ..။ နင်မရှိရင် ငါတို့ရဲ့ရန်သူတွေ တစ်ယောက်မှတောင် အသတ်ခံရမှာ မဟုတ်ဘူး..။ ငါတို့က နင့်ကို ကျေးဇူးတင်ရမှာပါ... "

တိုက်ပွဲနှစ်ပွဲတွင် ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်နှစ်ယောက် သေဆုံးသွားပြီးနောက် သူတို့၏အရည်အချင်းက ပိတ်ကားပေါ်တွင် ရှိနေသော စုတ်ချက်နှစ်ခုအလား ထင်ရှားလာခဲ့သည်။ သူက ထိုမိန်းမလှလေးကို မည်သို့ လျစ်လျူရှုရမည်နည်း။

သူ၏သားကောင်များထဲမှ တစ်ယောက်ကတော့ ဉာဏ်အလင်းပွင့်မှုအဆင့် လူသစ်တစ်ယောက်ဟု သတ်မှတ်နိုင်ပြီး အတော်လေးကို အားနည်းလှသည်။ သို့သော် တခြားတစ်ယောက်ကတော့ ဓားပညာကို အလွန်ကျွမ်းကျင်သော ထိပ်တန်းပညာရှင် တစ်ယောက် ဖြစ်၏။

အကယ်၍ သူ့ကို အလစ်ချောင်း၍ တိုက်ခိုက်လိုက်မည်ဆိုလျှင်ပင် သူက ရင်ဆိုင်နိုင်ခြင်းရှိမရှိ မသေချာပေ။ ထို့ကြောင့် မိန်းကလေးကျိက အမှန်တကယ်ကို အံ့သြစရာ ကောင်းနေသည်။

"သခင်လေးယွင်က တကယ့်ကို ဉာဏ်ကောင်းတာပဲ..၊ အာ... ငါမှားသွားတယ်..။ ငါက ဗဟုသုတကို ပြောတာနော်... ။ ဟာ... နောက်တစ်ကြိမ် မှားသွားပြန်ပြီ ။ ငါက စိတ်ပိုင်းဆိုင်ရာကိုပြောချင်တာ... ။ ဒါကြောင့် ငါက တော်တော်လေး စိတ်အေးသွားပြီ.."

မိန်းကလေးကျိကတော့ သူ့ကို စိတ်ရှုပ်အောင် လုပ်ဆောင်နေပုံရ၏။

စုယွမ်ရင်က မျက်နှာပျက်သွားသည်။ သူက အလွန်အေးစက်သော လေသံနှင့် ပြောလိုက်၏။

"နင်က ဘယ်သူလဲ... "

သူက မျက်ခုံးကြားထဲရှိ မကောင်းဆိုးဝါးမျက်လုံးကို လေ့ကျင့်ခဲ့သည့် အချိန်ကတည်းကစပြီး သူ၏အမြင်အာရုံက အတော်လေးကို ထင်ရှားသည်။ အလွန်ထူးခြားသော သူမ၏စွမ်းဆောင်ရည်များ အားလုံးကို မြင်ခဲ့ရသည့်အချိန်တွင် သူမက အရည်အချင်းမရှိသော လူတစ်ယောက်မဟုတ်ကြောင်း သူလည်း ဝိုးတဝါး ခံစားမိနေခဲ့၏။ ယုလုံကျိ ဟူသည်မှာလည်း သူမ၏နာမည် အစစ်အမှန် မဖြစ်နိုင်ချေ။

"ငါက မိန်းကလေးကျိ... ။ သခင်လေးစုက ဦးနှောက်ဒဏ်ရာရသွားတာလား...။ သခင်လေးရဲ့မှတ်ဉာဏ်တွေက အရင်တုန်းကလောက် မကောင်းတော့တာလား... "

မိန်းကလေးကျိက ရယ်လိုက်သည်။

"ပြီးတော့ သခင်လေးစုကို တစ်ခု သတိပေးရဦးမယ်..။ ငရဲဝိညာဉ် (၁)သောင်းမှာ တစ်ယောက်တောင် ကောင်းကင်ပေါ်ကို တက်လှမ်းဖို့ မဖြစ်နိုင်ဘူး... ။ ပြီးတော့ သခင်လေးက တခြားစိတ်ဝိညာဉ်တွေကို အသုံးပြုနေတဲ့ ငရဲဝိညာဉ် ဖြစ်နေတယ်... "

ထိုအချိန်တွင် ဖြူဖပ်ဖြူရော်ဖြစ်နေသော စုယွမ်ရင်၏မျက်နှာက နီရဲလာခဲ့သည်။ သူက မိန်းကလေးကျိကို အံ့အားသင့်စွာ ကြည့်နေမိခဲ့၏။

"နင် .. နင် .. နင်က ဘာတွေပြောနေတာလဲ... ။ သူက ဘယ်လိုများ သိသွားခဲ့တာလဲ..."

"ဒီမှာ မကောင်းတဲ့ချီစွမ်းအင်တွေက အရမ်းများနေတယ်..။ ငါက အဲဒီအရာကို အနံ့မခံချင်ပါဘူး... ။ ဒါပေမဲ့ ငါ့ရဲ့နှာခေါင်းက အလိုလို သိနေတယ်... ။ ငါက အဲဒီလိုအရာမျိုးကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူးတယ်... "

မိန်းကလေးကျိက အပြုံးနှင့် ပြောလိုက်၏။

ယွင်ထင်ဖုန်းက မိန်းကလေးကျိကို သေချာစိုက်ကြည့်လိုက်သည်။ ထို့နောက် သူကိုယ်တိုင်လည်း သူမ၏လျှို့ဝှက်ဆန်းကြယ်မှုများကို ခံစားမိနေခဲ့၏။ သူမက ဘာကြောင့် ထိုမျှများပြားသော အရာများကို သိနေရသနည်း။ သူမက မည်သည့်နေရာမှ ရောက်လာခဲ့သနည်း။

သူတို့၏အနားတွင် ရပ်နေသော မြေပြင်သခင်ကလည်း လုံးဝကို ရှုပ်ထွေးနေခဲ့သည်။ လူငယ်မှတ်တမ်းနှင့် ငရဲဝိညာဉ်ဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်း သူလည်း သိချင်နေခဲ့၏။

သို့သော် ယခုတစ်ကြိမ် တိုက်ခိုက်မှု ကျရှုံးသွားသည့်အချိန်တွင် သူ၏အစွမ်းက ထိုလူများထက် အဆပေါင်းများစွာ ပို၍အားနည်းကြောင်း သိသာနေသည်။ သူကတော့ ထိုလူများကို သေချာအလေးထားရန် အကြိမ်ပေါင်းများစွာ သတိထားနေခဲ့သည်။ သူတို့နှင့် မဟာမိတ်လည်း ဖွဲ့ထားခဲ့၏။ ထို့ကြောင့်လည်း သူကမသင့်တော်သော မေးခွန်းများကို မမေးခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် လေထဲမှနေ၍ ငှက်တစ်ကောင်၏ အော်သံကို ကြားလိုက်ရ၏။ ထူးဆန်းသောငှက်ဆီတွင် ပုပ်ပွနေသောအသားနှင့် ရှုပ်ထွေးနေသော အနက်ရောင် ငှက်မွှေးများရှိနေပြီး သူက မြေပြင်သခင်၏ ပုခုံးပေါ်သို့ ရောက်လာခဲ့သည်။

အလွန်သိပ်သည်းသော မကောင်းဆိုးဝါး ချီစွမ်းအင်များက ထူးဆန်းသောငှက်ကို ဝိုင်းရံနေပြီး သူ၏ခြေထောက်ထဲတွင်တော့ စာလိပ်တစ်ခု ရှိနေသည်။ မြေပြင်သခင်က ထိုစာရွက်လိပ်ကိုယူပြီး ဖတ်ကြည့်လိုက်၏။ ထို့နောက် သူကတခြားလူများကြားစေရန် ကျယ်လောင်စွာ ဖတ်ပြလိုက်သည်။

"ခေါင်းဆောင်က အမိန့်ပေးလိုက်တယ်... ။ သူက ငါတို့နဲ့တွေ့ချင်နေတယ်... "

…………..

"မင်မျက်လုံး သေဆုံးသွားပြီ ။ မင်းတို့က တစ်ယောက်ကို ကံကြမ္မာအမှတ် (၅၀) ဆီရမယ်... "

လူတိုင်း၏ နားထဲတွင် သံသရာသခင်၏ စကားသံကို ကြားလိုက်ရသည်။

ကျန်းယွင်ရှန်က ဖူကျန်းကျန်းကို ကျောင်းဆောင်အပျက်ထဲသို့ ပြန်ခေါ်လာပြီးသွားပြီ ဖြစ်သည်။ မင်မျက်လုံး သေဆုံးသွားခြင်းကို သူတို့၏လုပ်ဆောင်မှုအဖြစ် သတ်မှတ်လိုက်သည့်အတွက် လူတိုင်းက အံ့ဩနေကြ၏။

ကျန်းကျိဝေက ခဏရပ်ပြီး ပြောလိုက်သည်။

"ငါက အကြောင်းအရင်းကို သိပြီထင်တယ်... ။ မင်မျက်လုံးက မျက်ခုံးကြားထဲမှာ ထောင်လိုက်မျက်လုံးရှိနေတဲ့ လူရဲ့ကိုယ်စား သေသွားခဲ့တာ...”

“ကိုယ်စားသေဆုံးခြင်း ဒါမှမဟုတ် ခန္ဓာကိုယ်လုယူခြင်းက ရှားပါးတဲ့အရာတစ်ခုတော့ မဟုတ်ဘူး..။ ဒါပေမဲ့ ဝေ့ကျင်းအဆင့်နဲ့အထက် ပညာရှင်တွေပဲ ကျွမ်းကျင်နိုင်တာလေ..။ မျက်ခုံးကြား ထောင်လိုက်မျက်လုံးရှိနေတဲ့လူရဲ့အစွမ်းက တကယ့်ကို ထူးဆန်းတယ်... "

လော်ရှန်းကျိကလည်း သူ့ရှေ့တွင် သေဆုံးနေသော ရှတန်တန်၏ မျက်နှာလေးကိုကြည့်ပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။

"သူတို့တွေက ရာသီဥတုပြောင်းလဲမှုတွေကို လှုံ့ဆော်ပြီး ငါတို့ကို သဲမုန်တိုင်းထဲမှာ တိုက်ခိုက်လိမ့်မယ်လို့ ငါလည်းမထင်ထားဘူး... "

သူကတော့ တာဝန်မှ ရှောင်ပြေးတတ်သော လူတစ်ယောက် မဟုတ်ချေ။ ထိုကဲ့သို့ ဝိုင်းရံတိုက်ခိုက်ရန် အကြံက သူ၏အကြံဖြစ်၏။ ရှတန်တန်၏ သေဆုံးမှုအတွက် တခြားလူများကို အပြစ်တင်၍ မရနိုင်ပေ။

"သူတို့ကလည်း ငါတို့ရဲ့အစွမ်းကို လျှော့တွက်ထားမယ် ထင်တယ်..။ တကယ်လို့ သူတို့အားလုံးပူးပေါင်းပြီး ငါတို့ထဲက တစ်ယောက် နှစ်ယောက်တည်းကို အလေးထား တိုက်ခိုက်လိုက်မယ်ဆိုရင် ငါတို့တွေ တစ်ယောက်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..။ ဒါက အမြင်ကျဉ်းမိတဲ့အတွက် အမှား ဖြစ်သွားခဲ့တာပဲ…"

ကျန်းယွင်ရှန်က အလေးအနက် ပြောလိုက်သည်။

ထိုအရာများအားလုံး ပြီးဆုံးသွားသည့်အချိန်တွင် ပြန်လည်ပြောဆိုနေမှုများ ၊ အချင်းချင်း အပြစ်တင်မှုများက အသုံးမဝင်တော့ပေ။ သူတို့က အတိတ်ကို သင်ခန်းစာယူပြီး ရန်သူကို နောက်တစ်ကြိမ် အခွင့်အရေးမပေးခြင်းကသာ အကောင်းဆုံးဖြစ်သည်။

ကူရှောင်စန်းကဲ့သို့သော စိတ္တဇမိန်းကလေးကို စဉ်းစားမိသည့်အချိန်တွင် မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

"ဒီတိုက်ပွဲပြီးဆုံးသွားတဲ့အချိန်မှာ ငါတို့က ရန်သူတွေရဲ့စွမ်းရည်အားလုံးကို သိသွားတာ ကံကောင်းသွားတယ်... ။ ဒါကြောင့် နောက်တစ်ကြိမ် မှားယွင်းတွက်ချက်မိမှာ မဟုတ်တော့ဘူး... ။ ဒါပေမဲ့ ကူရှောင်စန်းရဲ့ အဂတိလက်ညှိုးကို သတိထားရမယ့်အပြင် သူက အဂတိသခင်မဆီကနေ ဘယ်လိုထိပ်သီးစွမ်းရည်မျိုး ရထားလဲဆိုတာ ဘယ်သူမှမပြောနိုင်ဘူး... "

သေဆုံးသွားသည့်သူများကိုတော့ သတိထားနေရန် မလိုအပ်တော့ပေ။ သို့သော် မျက်ခုံးကြားထောင်လိုက် မျက်လုံး ရှိနေသူကတော့ စိတ်ဝိညာဉ်တိုက်ခိုက်မှု လမ်းကြောင်းကို ရွေးချယ်ထားပြီး ပြင်ပကမ္ဘာကြီး၏ စွမ်းအားများကို ငှားယူနိုင်သည်။

မျက်ခုံးထူထူနှင့် ဆံပင်စည်းမထားသောသူကတော့ မြောက်ပိုင်းမြေအောက်စွမ်းအား သို့မဟုတ် စွမ်းအားစုပ်ယူခြင်း သိုင်းပညာတစ်ခုခုကို လေ့ကျင့်ထားခြင်း ဖြစ်နိုင်သည်။ သူ၏စွမ်းအင်များက အလွန်ဆန်းကြယ်ပြီး သိပ်သည်းလှ၏။ သူ၏လက်သီးချက်နှင့် လက်ဝါးချက် တစ်ခုချင်းဆီက အလွန်အစွမ်းထက်လွန်းလှသည်။

လော်ရှန်းကျိ၏ ပြောဆိုမှုအရ သူက ဒဏ်ရာ(၇) ချက်လက်သီး သို့မဟုတ် တစ္ဆေလက်သီးနှင့် တခြားစွမ်းရည်များကို သုံးသည့်အချိန်မှသာ သူ့ကို ရင်ဆိုင်နိုင်သည်ဟု ဆိုခဲ့သည်။

"ဟုတ်တယ်...။ ငါတို့တွေက သတိထားမှရမယ်...။ မျက်ခုံးကြားထောင်လိုက်မျက်လုံး ရှိနေတဲ့သူက ပြင်ပကမ္ဘာကြီးရဲ့အစွမ်းကို ဘယ်လိုများ ထိန်းချုပ်နိုင်လဲဆိုတာတော့ ငါလည်းမသိဘူး..။ ဘာလို့ သူက အသက်ပြန်ရှင်နိုင်ရတာလဲ... ။ အဖြေမသိသေးရင်တော့ ငါတို့က နောက်တစ်ကြိမ် လှည့်စားခံရဦးမှာပဲ…"

လော်ရှန်းကျိက ပြောလိုက်သည်။

သူကတော့ သံသရာကမ္ဘာကြီးနှင့် ပတ်သက်ပြီး ပို၍အတွေ့အကြုံများ၏။ သို့သော် သူ၏သိုင်းပညာတွင် ထူးဆန်းသောစွမ်းရည်များ ရှိနေသော်လည်း ဗဟုသုတများ အရာတွင်တော့ နာမည်ကျော်ဂိုဏ်းများ၏ တိုက်ရိုက်ဆက်ခံသူ တချို့ကိုတော့ မယှဉ်နိုင်ခဲ့ပေ။

မည်သို့ဖြစ်စေကာမူ မှတ်တမ်းတွင် ရှိနေသူ အားလုံးက အလွန်ထူးခြားလွန်းလှသည်။ မည်သူကမျှ သူတို့အားလုံးကို နှံနှံ့စပ်စပ် လေ့လာရန် အချိန်မရှိကြပေ။

မုန့်ချီကတော့ နာမည်ကျော်ဂိုဏ်းမှ သာမန်တပည့်တစ်ယောက်သာ ဖြစ်သည်။ သူကတော့ သူ၏ကိုယ်ပိုင်သိုင်းပညာများကိုသာ အဓိက အလေးထားနေပြီး ထိုအရာကို လေ့လာမထားခဲ့ပေ။ ထို့ကြောင့် သူက ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့ကို လှည့်ကြည့်လိုက်၏။

ကျန်းကျိဝေက နှုတ်ခမ်းကိုကိုက်ပြီး ပြောလိုက်သည်။

"အဲဒါက ဘာဖြစ်နိုင်မလဲဆိုတာ ငါသိမယ်ထင်တယ်..။ အဲဒါက အင်မော်တယ်လမ်းကြောင်းရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ မကောင်းဆိုးဝါးဝိညာဉ်ကျင့်စဉ် ဖြစ်နိုင်တယ်... "

"မကောင်းဆိုးဝါးဝိညာဉ် ကျင့်စဉ်လား... "

ကျန်းယွင်ရှန်ကလည်း မျက်နှာပျက်သွားခဲ့၏။

မုန့်ချီကတော့ နားမလည်နိုင်ပေ။ သူက လော်ရှန်းကျိ ၊ ချီကျန်းရန်နှင့် ဖူကျန်းကျန်းတို့ကို လှမ်းကြည့်လိုက်မိရာ သူတို့အားလုံးကလည်း စိတ်ဝင်စားနေကြောင်း တွေ့လိုက်ရ၏။ မကောင်းဆိုးဝါးဝိညာဉ် ကျင့်စဉ်ဟူသည်မှာ မည်သည့်အရာပေနည်း။

"ငါကတော့ ဝိညာဉ်ကြီးဆိုတာကိုပဲ ကြားဖူးတယ်... "

မုန့်ချီက တီးတိုးရေရွတ်လိုက်၏။

သူတို့က သူမ၏အဖြေကို စောင့်နေကြကြောင်း ကျန်းကျိဝေက သိနေသည်။

"ပုံမှန်အားဖြင့် အင်မော်တယ်လမ်းကြောင်းမှာ ခန္ဒာကိုယ်ကို အင်မော်တယ်သွေးသားတွေနဲ့ ထုစစ်ပြီး စွမ်းအားတွေနဲ့ ဖန်တီးကြတယ်... ။ ပြီးရင်တော့ ကောင်းကင်စည်းမျဉ်းတွေကို တဆင့်ပြီး တဆင့် ခံယူရတယ်... ။ တချို့စည်းမျဉ်းတွေကို ကျွမ်းကျင်သွားပြီဆိုရင်တော့ ကောင်းကင်ကြီးနဲ့ပေါင်းစပ်နိုင်ပြီး အင်မော်တယ်အဆင့်ကို ရောက်ပြီလို့ သတ်မှတ်နိုင်တယ်...”

“ဒါပေမယ့် အတွင်းစွမ်းအားကတော့ နည်းနည်းလေး ပြဿနာများတယ်... ။ အင်မော်တယ်အဆင့်မှာ သေဆုံးခြင်းကို လွတ်မြောက်သွားတဲ့ လူတစ်ယောက်မှ ငါလည်း မကြားဖူးသေးဘူး...”

“ပြီးတော့ သာမန်အင်မော်တယ်လမ်းကြောင်းအပြင် မွေးရာပါဝိညာဉ်ရှိနေတဲ့ သူတွေလည်းရှိတယ်... ။ သူတို့တွေကတော့ မွေးရာပါဝိညာဉ်ကို မကောင်းဆိုးဝါးဝိညာဉ်အဖြစ် လေ့ကျင့်လို့ရနိုင်တယ်... ။ လေ့ကျင့်သူက ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေကိုသုံးပြီး မကောင်းဆိုးဝါးဝိညာဉ်ရဲ့ သဘာဝမျိုးရအောင် လေ့ကျင့်ရတယ်... ။ ပြီးရင်တော့ သူ့ရဲ့ခန္ဓာကိုယ်ကို စွန့်ခွာပြီး ကိုယ်လုပ်တော်တစ်ယောက်ဆီကနေ မကောင်းဆိုးဝါးဝိညာဉ်ကို ပြန်ပြီးတော့ မွေးဖွားနိုင်ကြတယ်..”

“သူ့ရဲ့စိတ်ဝိညာဉ်ကတော့ ငရဲဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ထဲမှာ ကပ်ပါးကောင်တစ်ခုလို ကပ်နေတတ်တယ်.။ သူက အသက်စွမ်းအင်ဝါးမျိုခြင်း၊ သွေးသောက်ခြင်းနဲ့ တခြားနည်းလမ်းတွေကိုသုံးပြီး အစာကျွေးမယ်ဆိုရင် မကောင်းဆိုးဝါးဝိညာဉ်က မကောင်းဆိုးဝါးကိုယ်ပွားအဖြစ် တဖြည်းဖြည်း ကြီးထွားလာနိုင်တယ်... ။ သူရဲ့ခန္ဓာကိုယ်ထဲမှာလည်း ထူးခြားမှုတွေ ပိုင်ဆိုင်လာနိုင်တယ်... ။ ဥပမာအနေနဲ့ပြောရရင် မျက်ခုံးကြားထောင်လိုက်မျက်လုံးလိုပေါ့...”

“အဲဒီနောက်မှာတော့ သူက အဲဒီထူးခြားမှုတွေကို သုံးလို့ရနိုင်ပြီ ။ မကောင်းဆိုးဝါးကိုယ်ပွားက ကမ္ဘာမြေကြီးနဲ့ ဆက်သွယ်နိုင်ပြီး ကမ္ဘာကြီးထဲမှာရှိတဲ့ အရာဝတ္ထုတွေရဲ့အရှိန်အဝါကို ပြောင်းလဲပေးနိုင်တယ်... ။ သူ့ရဲ့မကောင်းဆိုးဝါးကိုယ်ပွားက ပိုပြီးအစွမ်းထက်လာလေလေ သူ့အစွမ်းက ပိုပြီးတော့ အစွမ်းထက်လာလေလေပဲ ..”

“ဒါပေမယ့် မကောင်းဆိုးဝါးကိုယ်ပွားက သူ့ကို အချိန်မရွေး ဝါးမျိုသွားနိုင်တယ်... ။ ဒါကြောင့် မတူညီတဲ့နည်းလမ်းပေါင်းစုံနဲ့ စစ်ဆေးကြည့်ဖို့လိုတယ်...။ ဥပမာအနေနဲ့ ပြောရရင်တော့ ကိုယ်လုပ်တော်တစ်ယောက်ထက်မက အသုံးပြုတာမျိုးပေါ့... ။ နှစ်ပေါင်းများစွာကြာရင် သူ့ရဲ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပျက်စီးလာတဲ့အတွက် ခန္ဓာကိုယ်ကို ဆက်တိုက် ပြောင်းလဲနေဖို့ လိုအပ်တယ်... ။ မကောင်းဆိုးဝါး ကိုယ်ပွားကသာ ဆက်ပြီး လက်ခံနေမယ်ဆိုရင် သူ့ရဲ့အဆင့်က ဉာဏ်အလင်းပွင့်မှုအဆင့် အထက်မှာပဲ ရှိနေလိမ့်မယ်...”

“ဒါပေမဲ့ မကောင်းဆိုးဝါးဝိညာဉ်ကျင့်ကြံသူ (၁၀၀) မှာ (၈၀)ရာခိုင်နှုန်းလောက်ကတော့ မကောင်းဆိုးဝါးကိုယ်ပွားရဲ့ တန်ပြန်ဝါးမြိုမှုကြောင့် သေဆုံးသွားကြရတယ်... ။ (၁၉)ရာခိုင်နှုန်းလောက်ကတော့ သူတို့ရဲ့မကောင်းဆိုးဝါးကိုယ်ပွားက တော်တော်လေး အစွမ်းထက်လာတဲ့အတွက် ကောင်းကင်အပြစ်ပေးမှုကို ခံရပြီး သေဆုံးသွားကြတယ်.။ (၁)ရာခိုင်နှုန်းလောက်ကပဲ မကောင်းဆိုးဝါးကိုယ်ပွားကိုကျင့်ကြံပြီး အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်ကြတယ်... ။ ပြီးတော့ သူနဲ့ကိုယ်ပွားက ပေါင်းစည်းသွားနိုင်ကြတယ်... "

မုန့်ချီ ၊ လော်ရှန်းကျိနှင့် တခြားလူများအားလုံးက ထိုစကားများကို စိတ်ဝင်တစား နားထောင်နေကြသည်။ ဤကမ္ဘာကြီးထဲတွင် အမှန်တကယ်ကို ခန့်မှန်း၍ မရနိုင်သော ကျင့်ကြံနည်းပေါင်းစုံ ရှိနေခဲ့၏။ အမှန်တရားလမ်းစဉ် (၃)ထောင် နှင့် လက်ခွဲ (၈၀၀) အားလုံးက ရှာဖွေဖော်ထုတ်ရန် အဆုံးမဲ့ ရှိနေခဲ့သည်။

ကျန်းယွင်ရှန်က ဖြည့်စွက်၍ ပြောခဲ့၏။

"တကယ်လို့ မျက်ခုံးကြားထောင်လိုက် ရှိနေတဲ့သူက အသတ်ခံလိုက်ရပြီး သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သူ့ရဲ့ငရဲဝိညာဉ်သေဆုံးသွားမယ်ဆိုရင်တောင် မကောင်းဆိုးဝါးကိုယ်ပွားက ထွက်လာနိုင်ပြီး အနီးအနားမှာရှိတဲ့အရာအားလုံးကို သတ်ဖြတ်ဖျက်ဆီးပစ်နိုင်တယ်...”

“မကောင်းဆိုးဝါးဝိညာဉ်ကျင့်စဉ်က အလွယ်တကူ လေ့ကျင့်နိုင်တယ်။ ပထမပိုင်း နာကျင်မှုကိုသာ ခံနိုင်ရည်ရှိမယ်ဆိုရင် တိုးတက်မှုက အရမ်းမြန်တယ်. ။ ဒါပေမဲ့ စွန့်စားရတာတွေလည်း အရမ်းများတယ်... ။ လူအနည်းစုလောက်ပဲ အောင်မြင်ကြတာ..။ ကျရှုံးမှုကတော့ အရမ်းကြီးတယ်...။ ဒါကြောင့် အလယ်ခေတ် ပြီးဆုံးသွားတဲ့အချိန်မှာ အဲဒီနည်းလမ်းကို တဖြည်းဖြည်းနဲ့ စွန့်လွှတ်လာခဲ့ကြတယ်... ။ လော်အဖွဲ့အစည်း ၊ ရက်စက်ရေးကျောင်းဆောင်နဲ့ ချန်းရှန်အဖွဲ့အစည်းတို့လို မကောင်းဆိုးဝါးလမ်းစဉ် (၉) သွယ်အဖွဲ့တွေကပဲ အဲဒီကျင့်စဉ်နည်းလမ်းတွေ ပိုင်ဆိုင်ထားပြီး လေ့ကျင့်နိုင်ကြတယ်... "

ကျန်းကျိဝေကတော့ နေဖောက်သက်တန့်ဓား၏ ကြေးနီဓားအိမ်ကိုပုတ်ပြီး ပြောလိုက်သည်။

"ဒီလေ့ကျင့်တဲ့နည်းလမ်းက တကယ်ကို ထူးခြားတယ်။ ဒါကြောင့် ဂိုဏ်းမှာရှိတဲ့ အကြီးအကဲတွေက အဲဒီအကြောင်းတွေ ပြောပြထားတာ... ။ မဟုတ်ရင် ငါလည်း သိမှာမဟုတ်ဘူး... "

မုန့်ချီက ပြန်ပြောလိုက်၏။

"သံသရာအရှင်သခင်ရဲ့ အကူအညီနဲ့ဆိုရင် မကောင်းဆိုးဝါးဝိညာဉ်ကျင့်စဉ်က အစပိုင်းမှာ ပိုပြီးတော့တောင် လွယ်ကူပြီး မြန်မြန်ဆန်ဆန် တိုးတက်နိုင်သေးတယ်..။ သူက မကောင်းဆိုးဝါး ဝိညာဉ်မျိုးစေ့ကို လဲလိုက်တာ ဒါမှမဟုတ် သုံးလို့ရတဲ့ မကောင်းဆိုးဝါးကိုယ်ပွားကို လဲလိုက်တာ ဖြစ်မယ်ထင်တယ်... "

စာရင်းထဲတွင် အကြောင်းအရာများက အလွန်များပြားလွန်းလှသည့်အတွက် သူက သေချာ မဖတ်ခဲ့ပေ။

ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ကျန်းယွင်ရှန်က ခါးတွင် ချိတ်ထားသော တောင်ပံမြွေဓားကို ရုတ်တရက် ပုတ်လိုက်သည်။

"ဒီကမ္ဘာကြီးထဲမှာရှိတဲ့ လျှို့ဝှက်ခြင်းအဆင့်နဲ့ မျောလွင့်ခြင်းအဆင့်က ဘာလဲဆိုတာ ငါနားလည်သွားပြီ။ အဲဒါက မကောင်းဆိုးဝါးဝိညာဉ်ကျင့်စဉ်လိုပဲ..”

"သူတို့က ဘယ်လိုမျိုးလဲ... "

မုန့်ချီကတော့ သဘာဝစွမ်းအင်တချို့နှင့် ပေါင်းစပ်အသုံးပြုနိုင်သော လျှို့ဝှက်ခြင်းအဆင့်ကို အလွန်စိတ်ဝင်စားနေခဲ့သည်။ အကယ်၍ သူသာ ထိုအရာကို နားလည်နိုင်မည်ဆိုလျှင် သူ၏လေနတ်ဘုရား ခြေလှမ်းသိုင်းက ပို၍လက်တွေ့ကျလာနိုင်၏။ သူကတော့ လေလှိုင်း၏အစွမ်းကို သုံးပြီး အဆပေါင်း (၁)ထောင်ခန့်ပင် ပို၍မြန်လာနိုင်သည်။

ကျန်းယွင်ရှန်က သက်ပြင်းချလိုက်၏။

"ဒါပေမယ့် အဲဒါက မကောင်းဆိုးဝါးဝိညာဉ်ကျင့်စဉ်ထက်တောင် ပိုပြီးတော့ ဆိုးရွားနိုင်သေးတယ်..။ ဘာလို့လဲဆိုတော့ မကောင်းဆိုးဝါး ဝိညာဉ်ကျင့်စဉ်ရဲ့ အစွမ်းကလည်း မကောင်းတဲ့စွမ်းအားကို အခြေခံထားပြီး သူ့ရဲ့ထိန်းချုပ်မှုကို ခံရတယ်။ မကောင်းဆိုးဝါး ကိုးကွယ်သူတွေရဲ့ လျှို့ဝှက်ခြင်းအဆင့်ဆိုတာကတော့ သူတို့ရဲ့ခန္ဓာကိုယ်ထဲ ရောက်နေတဲ့ မကောင်းဆိုးဝါးချီစွမ်းအင်တွေကိုအသုံးပြုပြီး ထိန်းချုပ်နေတာ ဖြစ်နိုင်တယ်..။ အဲဒီချီစွမ်းအင်တွေက မကောင်းဆိုးဝါးသခင်ရဲ့ စိတ်ဆန္ဒကို လှုံ့ဆော်ပေးပြီး ကမ္ဘာမြေကြီးနဲ့ ဆက်သွယ်ဖို့ ကူညီပေးနိုင်တယ်..။ ပြီးတော့ သူတို့က ကမ္ဘာမြေကြီးရဲ့အစွမ်းကို အသုံးပြုနိုင်တယ်လေ..။ မတူညီတဲ့ မကောင်းဆိုးဝါးချီစွမ်းအင် ပမာဏပေါ်မူတည်ပြီး မတူညီတဲ့စွမ်းအားတွေကို သုံးနိုင်ကြတာ...”

“ဒါပေမယ့် မကောင်းဆိုးဝါးချီစွမ်းအင်တွေက သူတို့ရဲ့စိတ်ဝိညာဉ်နဲ့ခန္ဓာကိုယ်ကို တိုက်စားနိုင်ကြတယ်...။ အသန့်စင်ဆုံး မကောင်းဆိုးဝါးချီစွမ်းအင်တွေကိုတော့ သူတို့ရဲ့ဆရာကြီးတွေနဲ့ ကိုးကွယ်သူခေါင်းဆောင်ကပဲ ပိုင်ဆိုင်ထားနိုင်တယ်... ။ ဒါကြောင့် လျှို့ဝှက်ခြင်းအဆင့်ကို ရောက်နေတဲ့ သာမန်ကျင့်ကြံသူတွေက သူတို့ရဲ့စွမ်းအားတွေ တိုးတက်ချင်တယ်ဆိုရင် ခေါင်းဆောင်တွေရဲ့အသိအမှတ်ပြုမှုကို လိုအပ်တယ်...”

“သူတို့တွေဆီမှာ လူသားဆန်မှုတွေ ၊ တည်ငြိမ်အေးချမ်းမှုတွေ ပျောက်ကွယ်လာတာနဲ့အမျှ သူတို့က လူသတ်သမားတွေဖြစ်လာပြီး မကောင်းဆိုးဝါးချီစွမ်းအင်တွေရဲ့ ရုပ်သေးတွေဖြစ်လာကြတယ်... "

"အဲဒီလိုလား... "

မုန့်ချီက စိတ်ပျက်သွားခဲ့၏။ သူတို့နှင့် တိုက်ခိုက်ရာမှတဆင့် ကျန်းယွင်ရှန်၏ ထင်မြင်ချက်က အမှန်တရားနှင့် နီးစပ်ကြောင်း သိနေခဲ့သည်။

"ဒါကြောင့်လည်း ဂိုဏ်းကြီး (၄)ဂိုဏ်းရဲ့ရည်မှန်းချက်က မကောင်းဆိုးဝါးအုတ်ဂူကို ပိတ်လှောင်ဖို့ပဲ ။ တကယ်လို့ မကောင်းဆိုးဝါးချီစွမ်းအင်တွေ စိမ့်ထွက်လာနေဦးမယ်ဆိုရင် သိပ်မကြာခင် သူတို့က လျှို့ဝှက်ခြင်းအဆင့်ကို ရောက်နေတဲ့ ရန်သူတပ်ဖွဲ့ကြီးတစ်ဖွဲ့ကို ရင်ဆိုင်ရလိမ့်မယ်... "

"ဒါဆိုရင် ဂိုဏ်းကြီး (၄) ဂိုဏ်းရဲ့ လျှို့ဝှက်ခြင်းအဆင့်ကရော ဘယ်လိုမျိုးလဲ... "

သူတို့က မကောင်းဆိုးဝါးချီစွမ်းအင်များကို ထိန်းချုပ်၍ မရှိနိုင်ပေ။

"မကောင်းဆိုးဝါးကိုးကွယ်သူတွေက မကောင်းဆိုးဝါးသခင်ရဲ့ ကျန်ရှိနေတဲ့စိတ်ဆန္ဒကို အားကိုးနေတာ... ။ ဂိုဏ်းကြီး (၄) ဂိုဏ်းကတော့ ပိတ်လှောင်ခြင်းလက်နက် (၄)ခုရဲ့အစွမ်းကို ယူထားတာပဲ ဖြစ်နိုင်တယ်... "

ကျန်းကျိဝေ ပြောလိုက်သည်။

"အဲဒီလက်နက် (၄) ခုက အနည်းဆုံးတော့ ကမ္ဘာမြေကြီးနဲ့ ဆက်သွယ်နိုင်တဲ့ အဖိုးတန်လက်နက်တွေ ဖြစ်နိုင်တယ်... "

"အဖိုးတန်လက်နက်... "

ပုံမှန်အားဖြင့် ထိုလက်နက်မျိုးကို ဝေ့ကျင်းအဆင့် ပညာရှင်များကသာ ပိုင်ဆိုင်ထားကြသည်။ ထိုစကားကို ကြားသည့်အချိန်တွင် ကျန်းကျိဝေကလွဲလျှင် လူတိုင်းက စိတ်လှုပ်ရှားလာကြ၏။

ထိုကဲ့သို့ အဆင့်ရှိသည့် လက်နက်မျိုးကို အင်မော်တယ်များကသာ ဖန်တီးနိုင်ပြီး ကံကြမ္မာအမှတ် (၁) ထောင်ကျော် တန်ဖိုးရှိသည်။ ထိုကဲ့သို့ လက်နက်မျိုးက ရှောင်လင်ကျောင်းတော်ထဲတွင်ပင် များများမရှိပေ။

"လေတိမ်တိုက်ဓား ၊ ထိုက်ဟွာဓား ၊ ကြယ်ခူးလက်အိတ် ၊ မနက်ခင်းစန္ဒာအန်စာတုံး”

“တောင်တန်းသခင်ကူရဲ့ စွမ်းရည်အရ လေတိမ်တိုက်ဓားရဲ့သိစိတ်ကို အမှန်တကယ် အသုံးပြုနိုင်တာ ဖြစ်လိမ့်မယ်... "

ကူကုံရှန်က အလွန်ပြင်းထန်သော လေလှိုင်းနှင့် ပေါင်းစပ်ပြီး အဆိပ်သတ္တဝါများ အားလုံးကို ဖယ်ရှားခဲ့သည့်မြင်ကွင်းကို လော်ရှန်းကျိက ပြန်လည်စဉ်းစားမိခဲ့သည်။

"ဒါကြောင့်လည်း လေတိမ်တိုက်တောင်တန်းကို ထွက်ခွာလာတဲ့အချိန်မှာ သူတို့တွေက သေတ္တာကလေးတစ်ခုကို ယူလာခဲ့တာပဲ... ။ အဲဒါက လေတိမ်တိုက်ဓားကို သိမ်းထားတဲ့အရာ ဖြစ်နိုင်တယ်... "

မုန့်ချီက ရုတ်တရက်ဆိုသလို နားလည်သွားခဲ့လေသည်။

Translated by Hein Htet

All Chapters