← Chapters

အခန်း (၁၀၃)

Vol. 7 Ch. 103

အခန်း (၁၀၃)

Vol. 7 Ch. 103

အမှတ် (၁၀၀၀)ကျော် တန်ကြေးရှိပြီး အင်မော်တယ်များ ထုဆစ်ထားသော အဖိုးတန် လက်နက်အကြောင်းကို ပြောနေသည့်အချိန်တွင် မုန့်ချီကိုယ်တိုင်လည်း စိတ်ဝင်စားနေခဲ့သည်။ သူ့လို လူတစ်ယောက်အတွက်တော့ ထိုအရာကလည်း မျှော်လင့်ချက်တစ်ခုဖြစ်၏။

ထို့ပြင် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်ကို အကြိမ်ပေါင်းများစွာ သုံးနေပြီးနောက် သူလည်း တဏှာ၊ သစ္စာ ၊ ကိုယ်ကျင့်တရား၊ လောဘနှင့် တခြားခံစားချက်ပေါင်းများစွာ၏ သက်ရောက်မှုကို ခံခဲ့ရသည်။

သူကိုယ်တိုင်က (၂) ပိုင်းကွဲနေသလို ခံစားနေရ၏။ ရံဖန်ရံခါ ဆိုးရွားသော အတွေးများက သူ့ခေါင်းထဲသို့ ဝင်လာနေခဲ့သည်။ ထို့ကြောင့်လည်း နှစ်ပေါင်းများစွာ အတောအတွင်း အနတ္တကျိန်စာဖျက်ဓားပညာကို အောင်မြင်သည့်လူ အနည်းငယ်သာ ရှိနေခဲ့ခြင်း ဖြစ်သည်။ ထိုအရာက ဗုဒ္ဓလမ်းစဉ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေခဲ့၏။

ထိုအရာက ကံကြမ္မာများ၊ ဒုက္ခဆိုးကျိုးများ ရှိနေပြီး သန့်စင်သော ဗုဒ္ဓနှလုံးသားတစ်ခု ထွက်ပေါ်လာရန်အတွက် တခြားလူများကို နှောင့်ယှက်ဖျက်စီးရမည်။ ထို့နောက် သူတို့ကို ငြိမ်းချမ်းမှုအကြောင်း ရှင်းရှင်းလင်းလင်း ပြသရ၏။

သူကသာ ထိုပုံရိပ်ယောင်များထဲ၌ ပိတ်မိနေမည်ဆိုလျှင် ဗုဒ္ဓလမ်းစဉ်က ပျက်စီးသွားနိုင်သည်။ အနာဂတ်တွင် အလွန်ကြီးမားသော ကံတရားတစ်ခု မတွေ့သရွေ့ သူ့အခြေအနေက ကောင်းလိမ့်မည် မဟုတ်ချေ။

သို့သော် မုန့်ချီကတော့ သူ့အဖော်များကို လုံးဝသစ္စာမဖောက်ခဲ့ပေ။ သူတို့ကသာ သူ့အပေါ် သစ္စာဖောက်လိုသော ဆန္ဒ မရှိသရွေ့ သူကတော့ လုံးဝ သစ္စာဖောက်မည် မဟုတ်ချေ။

ယခုတစ်ကြိမ် ပင်မတာဝန်တွင် ဂိုဏ်းကြီး(၄) ဂိုဏ်းက သူတို့၏ အဖွဲ့သားများ ဖြစ်နေသည်။ သူတို့က မကောင်းဆိုးဝါးအုတ်ဂူကို ပိတ်လှောင်ရန် အတွက် လက်နက် (၄)ခုလုံးကို လိုအပ်၏။ အကယ်၍ သူတို့ကသာ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိလျှင် မကောင်းဆိုးဝါး ကိုးကွယ်သူများ၏ တိုက်ခိုက်ခြင်းကို ခံရပြီး တစ်ဖက်တွင် ရှိနေသော သံသရာခရီးသွားများ၏ သတ်ဖြတ်ခြင်းကိုလည်း ခံရနိုင်သည်။ ထို့ပြင် သူတို့က ဂိုဏ်းကြီး (၄)ဂိုဏ်း၏ လက်နက်များကိုပင် ယူဆောင်သွားနိုင်သေး၏။

အဖိုးတန်လက်နက်များဟူသည်မှာ သူတို့၏စွမ်းအားကို အမြင့်ဆုံးသုံးနိုင်ရန်အတွက် ဝေ့ကျင်းအဆင့်ပညာရှင်များ ကိုင်ဆောင်ထားရန် လိုအပ်သည်။ သူတို့က ကုကုံရှန်၏ အဆင့်မျိုးကို ရောက်ရှိရန် နှစ်ပေါင်းများစွာ အချိန်ပေးရဦးမည်ဖြစ်၏။

အရေးကြီးဆုံးအရာကတော့ လက်နက်များက မကောင်းဆိုးဝါးအုတ်ဂူကို ပိတ်လှောင်ရန် အင်မော်တယ်များ၏ အမွေအနှစ်လည်း ဖြစ်သည်။

သူတို့ဆီတွင် ဝိညာဉ် မရှိသေးသော်လည်း ကိုယ်ပိုင်စိတ်ဆန္ဒများ ရှိကြ၏။ အကယ်၍ သူတို့ကသာ ထိုလက်နက်ကို မည်သို့သုံးရမှန်း မသိဘဲ ယူဆောင်လိုက်မည်ဆိုလျှင် လက်နက်ကို အားနည်းပျက်စီးသွားစေပါလိမ့်မည်။ သူတို့အားလုံးကလည်း မုန့်ချီကဲ့သို့ တွေးနေမိကြသည့်အတွက် တခဏအတွင်း တိတ်ဆိတ်သွားကြ၏။

"ငါတို့က အဖွဲ့လိုက် ရင်ဆိုင်ရမယ့်တာဝန်ကိုပဲ ပြောကြရအောင် ....."

စက္ကန့်အနည်းငယ်ကြာပြီးနောက် ကျန်းကျိဝေက ပြောလိုက်သည်။

သူမကတော့ ဂိုဏ်းထဲတွင် မျှော်လင့်ချက်အရှိဆုံး ဆက်ခံသူတစ်ယောက် ဖြစ်သည့်အတွက် အဖိုးတန်လက်နက်များကို လိုချင်တပ်မက်နေခြင်း မရှိချေ။ သူမသာ ဝေ့ကျင်းတစ်ဝက် အဆင့်ကို ရောက်သွားပြီဆိုလျှင် ထိုကဲ့သို့သော အဆင့်ရှိသော လက်နက်တစ်ခုကို သေချာပေါက်ရမည်ဖြစ်သည်။ ထို့ကြောင့် သူမက ထိုအရာကို စုဆောင်းပြီး ယူဆောင်ရန် မလိုအပ်ချေ။

သူမက တမင်တကာ ခေါင်းစဉ် ပြောင်းလိုက်ခြင်း ဖြစ်၏။ သူမ၏ အဖွဲ့သားများက လောဘကြောင့် လမ်းလွဲသွားပြီး အဖွဲ့လိုက်တာဝန်များ ကျဆုံးသွားမှာကိုသာ သူမက စိုးရိမ်နေခဲ့သည်။

ကျန်းယွင်ရှန်က ပြုံးလိုက်၏။

"အဖိုးတန်ရတနာတွေက အမြဲတမ်းစိတ်ကို ဖမ်းစားနိုင်တာပဲလေ ..။ ဒါက သာမန်ပါပဲ။ ငါတို့ကသာ ကိုယ့်အစွမ်းကိုယ် သေချာသိနေပြီး ရိုးရိုးသားသား ဆက်နေမယ်ဆိုရင် ရတနာဆိုတာက မက်လောက်စရာ မရှိတော့ပါဘူး ...."

သူက ဆက်ပြောလိုက်သည်။

"ဒီတစ်ကြိမ် ငါတို့ရဲ့ ပြိုင်ဘက်တွေက ငါတို့အစွမ်းနဲ့ တိုက်ခိုက်စွမ်းရည်တွေကို အကြမ်းဖျင်း သိသွားလောက်ပြီ...။ ဒါကြောင့် သူတို့တွေက နည်းစနစ် ပြောင်းလဲလာလိမ့်မယ်..။ ဥပမာအနေနဲ့ ပြောရလျှင် သူတို့က ငါတို့ကို အဖွဲ့ ခွဲထုတ်ဖို့ ကြိုးစားလိမ့်မယ်..။ ပြီးရင်တော့ တစ်ယောက်တည်းသမားတွေကို ရှင်းပစ်လိမ့်မယ်..”

“ငါတို့က အဲဒီအတွက် ပြင်ဆင်ထားသင့်တယ် ..။ ငါတို့နဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ဂိုဏ်းကြီး(၄)ဂိုဏ်းက ပိုပြီး အစွမ်းထက်တယ်...။ ငါတို့သာ သူတို့နဲ့ ကပ်နေပြီး အထွဋ်အမြတ်မီးတောက်တောင်တန်းကို မသိမ်းပိုက်နိုင်သေးခင် လူမခွဲဘူးဆိုရင် ငါတို့ရဲ့ရန်သူက ငါတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး.."

လော်ရှန်းကျိက တီးတိုးပြောလိုက်သည်။

ထိုအရာက ရန်သူကို အနိုင်ရရန် အမှန်ကန်ဆုံး နည်းစနစ်တစ်ခုလည်း ဖြစ်သည်။ အချိန်ကျလာလျှင် မကောင်းဆိုးဝါးကိုးကွယ်သူအဖွဲ့မှ သံသရာခရီးသွားများက သူတို့ထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေလျှင်ပင် အရေအတွက် မမျှနိူင်ပေ။ ထို့ပြင် ဂိုဏ်းကြီး(၄)ဂိုဏ်းမှ ပညာရှင်များကလည်း အစွမ်းထက်သည့်အတွက် သူတို့အနိုင်ရရန် အခွင့်အရေးပိုများ၏။

ရှချူးလင်၏ သေဆုံးမှုကြောင့် လော်ရှန်ကျိက မဆင်မခြင်လုပ်ခဲ့မိပြီး လက်တုံ့ပြန်ရန် အလွန်ဆန္ဒပြင်းပြနေခဲ့မိသည်။ ထို့ကြောင့် ရန်သူ၏ ထောက်ချောက်ထဲသို့ အလွယ်တကူ ကျရောက်သွားခဲ့ခြင်း ဖြစ်၏။

အဖွဲ့လိုက်တာဝန်နှင့် ပတ်သက်သည့်သူ၏ အတွေ့အကြုံများကို စဉ်းစားလိုက်ပြီးနောက် မုန့်ချီက ပြောလိုက်သည်။

"တကယ်လို့ သူတို့က ငါတို့အဖွဲ့ကို မဟုတ်ဘဲ တခြားလူတွေကို ပစ်မှတ်ထားနေရင်ကော ဘယ်လိုလုပ်မလဲ ..."

"မင်းဆိုလိုချင်တာက ...."

လော်ရှန်းကျိက ထိုကိုရင်လေးကို လှည့်ကြည့်မိလိုက်သည်။

"တကယ်လို့ သူတို့ကသာ လက်နက်ကိုင်ဆောင်ထားတဲ့ ဂိုဏ်းကြီး (၄)ဂိုဏ်းရဲ့ ခေါင်းဆောင် တစ်ယောက်ယောက်ကို ပစ်မှတ်ထားပြီး လက်နက်တစ်ခုခုကို ယူသွားနိုင်မယ်ဆိုရင် ငါတို့က အဲဒါကို ပြန်ယူဖို့အတွက် ခက်ခဲမယ်လို့ ကိုရင်လေးက ပြောချင်နေတာ ..။ ဒါဆိုရင် သူတို့တွေက အချိန်တိုလေးအတွင်း အထွဋ်အမြတ် မီးတောက်တောင်တန်းကို ယူသွားနိုင်လိမ့်မယ် ..။ ဒါက ငါတို့အတွက်တော့ သတင်းဆိုးပဲ...။ ငါတို့က ပင်မတာဝန်တောင် ပြီးနိုင်မှာ မဟုတ်တော့ဘူး ...."

ကျန်းကျိဝေကတော့ မုန့်ချီကို အတော်လေး နားလည်နေခဲ့သည်။

ကျန်းယွင်ရှန်ကလည်း လက်(၂)ဖက်ကို အချင်းချင်း ဆုပ်ကိုင်နေမိ၏။

"ငါတို့က အဖွဲ့လိုက်တာဝန်ကို အရမ်း အလေးထားနေမိခဲ့တယ် ...."

"ဟုတ်တယ် ငါတို့က အဖွဲ့လိုက်တာဝန်နဲ့ တခြားလူတွေ တိုက်ခိုက်ဖို့ကို အရမ်းအလေးထားနေမိတယ် ..။ သူတို့တွေက ငါတို့ကို လမ်းလွှဲဖို့ ကြိုးစားလိုက်မယ်ဆိုရင် ပိုပြီးတော့ အကျိုး‌သက်ရောက်မှု ရှိနေမှာပဲ ...."

လော်ရှန်းကျိက မျက်မှောင်ကြုတ်လိုက်သည်။

"ဂိုဏ်းကြီး (၄)ဂိုဏ်းက ကွဲနေပေမယ့် အချင်းချင်း ဝေးနေတာ မဟုတ်ဘူးလေ....။ ငါတို့မှာ ကယ်ဖို့ အချိန်တွေ အများကြီး ရှိတယ် ...."

သို့သော် သူက ထိုစကားကို ဆက်မပြောနိုင်ခဲ့ပေ။

သူက မကောင်းဆိုးဝါး ဝိညာဉ် လေ့ကျင့်ထားသောလူကို စဉ်းစားမိ၏။ သူကတော့ လေတိမ်တိုက် တောင်တန်းသခင်ထက်ပင် ကမ္ဘာမြေကြီး၏စွမ်းအားများကို ပို၍အသုံးပြုနိုင်သည်။ သူက ရှုပ်ထွေးသည့် အကြောင်းပြချက်များစွာကို ဖန်တီးပြီး တခြားလူများ အချင်းချင်း ကယ်တင်နိုင်ခြင်း မရှိစေရန် တားဆီးနိုင်၏။

အကယ်၍ ထိုတိုက်ပွဲမျိုးသာ ဖြစ်လာမည်ဆိုလျှင် သူတို့က သေဆုံးသွားနိုင်ပြီး တစ်ဖွဲ့ပြီး တစ်ဖွဲ့ အသတ်ခံရနိုင်သည်။

"ငါတို့က သူတို့ကို သတိပေးရမယ်....."

ချီကျန်းရန်က ပြောလိုက်၏။ သူကတော့ ပုံမှန်အတိုင်းသာ ပြောလိုက်ခြင်း ဖြစ်သော်လည်း ယခုတစ်ကြိမ်တော့ အရေးပါသည့်အရာကိုသာ အလေးထားနေခဲ့သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။

"ဒါဆိုလည်း ဒီတိုက်ပွဲအကြောင်း တောင်တန်းသခင်ကို ပြောလိုက်ကြမယ်..။ ဒါဆိုရင် သူက တခြားအဖွဲ့တွေကို သတင်းပို့ပြီး မဟာမိတ်ဖွဲ့လို့ရတယ်..”

“မြန်မြန်လုပ်တာ ပိုကောင်းမယ်..။ ငါတို့က ပြန်သွားကြမယ် ...."

ကျန်းယွင်ရှန်က ပင့်သက်ရှိုက်လိုက်မိသည်။

မုန့်ချီ ကျောင်းဆောင်အပျက်ကို လက်ညှိုးထိုးပြလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

"အဲဒီမှာ မိတ်‌ေ‌ဆွ(၂) ယောက် ရှိသေးတယ်.။ တကယ်လို့ သူတို့ကသာ တောင်တန်းသခင်ကူကို အသေးစိတ် ပြောပြလိုက်မယ်ဆိုရင် ပိုပြီး ယုံကြည်နိုင်လိမ့်မယ် ...."

သူက ပုန်းနေသေးသော ချန်းရှောင်နှင့် လော်ယုတို့ကို ပြောနေခြင်းဖြစ်သည်။

ချန်းရှောင်နှင့် လော်ယုတို့ ထွက်လာပြီးနောက် သဲမုန်တိုင်း ရပ်တန့်သွားသည့်အတွက် သူတို့က ရှုပ်ထွေးနေပုံရပြီး စွမ်းအားအဖွဲ့မှ တခြား အဖွဲ့သားများလည်း ရောက်နေကြောင်း တွေ့လိုက်ရသည် ။

မုန့်ချီက သူတို့ကို တဖြည်းဖြည်း ရှင်းပြပြီး ပြောလိုက်၏။

"မင်းတို့တွေက တောင်တန်းသခင်ကို ပြောပြဖို့ အရေးကြီးတယ် ..။ ရန်သူထဲမှာ တော်တော်လေး ကြောက်စရာကောင်းပြီး အစွမ်းထက်တဲ့ ဆရာကြီးတွေရှိတယ် ....."

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ...."

မုန့်ချီ၏ပြောပြမှုကြောင့် ချန်းရှောင်က အလွန်ထိတ်လန့်သွားခဲ့သည်။ ကြောက်စရာကောင်းသော သဲမုန်တိုင်းကို သာမန်လူသားတစ်ယောက်က ဖန်တီးခဲ့ခြင်းပေလော။

မူလရှိပြီးသား သဲမုန်တိုင်း၏ အရှိန်ကို မြှင့်တင်လိုက်သည်မှာပင် သာမန်လူသားတစ်ယောက်၏ အစွမ်းထက် ကျော်လွန်နေခဲ့သည်။ စွမ်းအားအဖွဲ့မှ လူများကတော့ ထိုအင်မော်တယ်များကိုပင် ရှင်းပစ်နိုင်စွမ်း ရှိနေသည်။

"တောင်တန်းသခင်ကူကလည်း မူမမှန်တဲ့ သဲမုန်တိုင်းကို သတိထားမိပါလိမ့်မယ်.."

မုန့်ချီကတော့ သူတို့နှစ်ယောက်ကို အသေးစိတ် ရှင်းမပြတော့ပေ။ သူတို့က မြင်ခဲ့ရသော အရာများကိုသာ ကူကုံရှန် သိအောင် ပြောပြရန် လိုအပ်သည်။

ချန်းရှောင်နှင့် လော်ယုတို့ကတော့ မည်သည့်အရာကိုမျှ သိပုံမရချေ။ သူတို့က စိုးရိမ်ထိတ်လန့်နေသည့် အမူအရာနှင့် လေတိမ်တိုက်တောင်တန်း၏ စခန်းရှိရာကို ပြန်လျှောက်လာခဲ့ကြသည်။

လော်ရှန်းကျိက ရှတန်တန်၏ အလောင်းကို ပြန်သယ်လာခဲ့၏။ အကြောင်းပြချက်ကတော့ သူမကို နေရာကောင်းတွင် မြှုပ်နှံချင်သည့်အပြင် အဂတိလက်ညှိုး၏ ကြောက်စရာစွမ်းအားကို ကူကုံရှန် သိအောင် ပြသလိုခြင်းလည်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ့ကို ဖျောင်းဖျရန် ပို၍အဆင်ပြေပါလိမ့်မည်။

လမ်းတွင် မုန့်ချီက အနက်ရောင်ဓားပျံကို ထုတ်လိုက်ပြီး ဖူကျန်းကျန်း၊ ကျန်းကျိဝေနှင့် တခြားလူများကိုပြ၍ ထိုလျှို့ဝှက်လက်နက်ကို မည်သို့‌သုံးရကြောင်း မေးမြန်းခဲ့သည်။

"ဒါက သေမင်းမျက်လုံးဓားပျံလေ..။ ဒါကပုံမှန်လက်နက်ပါပဲ...။ တကယ်လို့ စွမ်းအားသုံးပြီး ပစ်လိုက်မယ်ဆိုရင် ဒီဓားပျံက အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားနိုင်ပြီး လမ်းတစ်ဝက်မှာ အဆိပ်ဆူး(၇)ခုဖြစ်လာလိမ့်မယ်....။ ပြီးတော့ ထွက်ပြေးသွားတဲ့ ရန်သူတွေကို ပတ်ပတ်လည်ကနေ တားဆီးနိုင်လိမ့်မယ်...။ အဲဒီသေမင်းမျက်လုံးဓားပျံ သုံးတာကို ငါမြင်ဖူးတယ်...."

လော်ရှန်းကျိက ပြောလိုက်၏။

ပုံမှန်အားဖြင့် လျှို့ဝှက်လက်နက်များနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများကို ကျန်းကျိဝေနှင့် ကျန်းယွင်ရှန် တို့ကဲ့သို့ နာမည်ကျော်ဂိုဏ်းကြီးများ၏ အမွေဆက်ခံသူများကို ပြောပြထားတတ်ကြသည်။ အကြောင်းအရင်းကတော့ သူတို့၏ တပည့်များက ထူးဆန်းသော လျှို့ဝှက်လက်နက်များကို ဖြတ်ကျော်နိုင်ရန် ရည်ရွယ်ကြခြင်း ဖြစ်သည်။

ထိုသေမင်းမျက်လုံးဓားပျံကိုတော့ ပင်မကမ္ဘာကြီးထဲတွင် မမြင်ဖူးကြချေ။ ဖူကျန်းကျန်းကတော့ သူမ အသုံးပြုနိုင်သော လျှို့ဝှက်လက်နက်အနည်းငယ်နှင့် ဆေးပညာ အဆိပ်ပညာများကိုသာ သိသည်။ ထို့ကြောင့် သံသရာကမ္ဘာကြီးထဲတွင် အတွေ့အကြုံပိုများသော လော်ရှန်းကျိ တစ်ယောက်တည်းကသာ မြင်ဖူးထားခြင်း ဖြစ်၏။

"ဒါဆိုရင်တော့ တော်တော်လေး ကောင်းသွားပြီ....."

မုန့်ချီက ကံကောင်းသွားသလို ခံစားလိုက်ရ၏။ ထိုဓားပျံက တိမ်မုန်တိုင်းအပ်ကို မယှဉ်နိုင်သော်လည်း ထိပ်တန်းလျှို့ဝှက်လက်နက်တစ်ခု ဖြစ်သည်။ အနာဂတ်တွင် သူ့အတွက် တစ်စုံတစ်ခုအသုံးဝင်လာနိုင်သည်။

ချန်းရှောင်နှင့် လော်ယုတို့က ပြောပြလိုက်ပြီးနောက် ကူကုံရှန်က မုန့်ချီတို့အဖွဲ့ကို ချက်ချင်းလှမ်းခေါ်လိုက်သည်။ သူကတော့ ဒေါသထွက်နေခြင်း မရှိဘဲ အက်ရှရှလေသံနှင့် ပြောလိုက်၏။

"မင်းတို့က မျက်ခုံးကြား‌ ထောင်လိုက်မျက်လုံးရှိနေတဲ့ လူထူးဆန်း တစ်ယောက်ကို မြင်ခဲ့ရတာ သေချာလား....."

ထိုအရာက ဒဏ္ဍာရီထဲတွင်သာ ရှိခဲ့သည်။ ပထမတွင်တော့ သူလည်း အလွန်ကြမ်းတမ်းသော သဲမုန်တိုင်း၏ မူမမှန်မှုများကို ခံစားခဲ့ရ၏။ သို့သော် အလေးမထားခဲ့ပေ။ ထိုကဲ့သို့ အရာမျိုးကို ဖန်တီးနိုင်သည်မှာ သာမာန်လူသား တစ်ယောက်၏ အစွမ်းထက် ကျော်လွန်နေခဲ့၏။

သူကိုယ်တိုင်ပင် လေတိမ်တိုက်ဓား၏ အကူအညီမရှိလျှင် ထိုသို့မလုပ်နိုင်ပေ။ ထို့ကြောင့် လုံးဝမဖြစ်နိုင်ဟု တွေးနေခဲ့၏။ မျိုးရိုးစဉ်ဆက် အင်မော်တယ်များ၏ အကူအညီသာ မရှိခဲ့လျှင် တောင်တန်းသခင်များက လေတိမ်တိုက်ဓားကိုပင် လုံးဝအသုံးပြုနိုင်ခြင်း မရှိနိုင်ချေ။

ယခုတော့ သူက အမှန်တရားကို သိလိုက်ရသည့်အချိန်တွင် အနည်းငယ် သံသယဝင်နေသေး၏။ သို့သော် သူက မုန့်ချီတို့ကိုတော့ အကြွင်းမဲ့ မယုံခဲ့ချေ။

"ဟုတ်တယ် အဲဒီနတ်ဆိုးလူပဲ......."

မုန့်ချီက ပြန်ဖြေလိုက်၏။ သူက ကျန်းကျိဝေနှင့် စုယွမ်ရင်တို့ ကြုံခဲ့ရသည့်အရာများကို အသေးစိတ် ပြောပြလိုက်သည်။

ကူကုံရှန်က မျက်မှောင်ကြုတ်ပြီး ကျန်းကျိဝေကို ကြည့်လိုက်၏။ သူမက မကောင်းဆိုးဝါး ကိုးကွယ်သူဘက်မှ မြေပြင်သခင်နှင့် အမှန်တကယ် တိုက်ခိုက်နိုင်ခဲ့သည်။ ထို့ပြင် သူမက (၂)ယောက် (၁)ယောက် တိုက်ခိုက်ခဲ့သော်လည်း တစ်ယောက်ကို ထိခိုက်အောင်လုပ်ခဲ့ပြီး တစ်ယောက်ကို သတ်နိုင်ခဲ့သည်။ သူမက အမှန်တကယ်ကို ကြောက်စရာကောင်း၏။

သူက ခဏကြာရပ်ပြီး ပြောလိုက်သည်။

"ပထမတော့ သဲမုန်တိုင်းနှင့် ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ်လို့ ငါလည်း ခံစားရတယ်..။ အခုတော့ ငါက ဇဝေဇဝါ ဖြစ်သွားတာ..။ သာမာန်လူသား တစ်ယောက်က အဲဒီလိုအစွမ်းမျိုးကို သုံးနိုင်လိမ့်မယ်လို့ ငါလည်း မယုံခဲ့ဘူး.....။ ငါတို့မှာ သက်သေလည်း မရှိခဲ့ဘူးလေ..။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သတ်ပြီး ထိုဖြစ်နိုင်ချေတွေကိုတော့ ဖယ်ထားလို့ မရနိုင်ဘူး..။ အခု ငါက စာ(၃)စောင်ရေးပြီး တခြားဂိုဏ်းတွေကို ငါတို့နဲ့ ပူးပောင်းဖို့ ဖိတ်ခေါ်လိုက်မယ်...."

မုန့်ချီအပြင် တစ်ခြားသူများကတော့ မကောင်းဆိုးဝါးဝိညာဉ် ကျင့်စဉ်အကြောင်း သူ့ကို ရှင်းမပြခဲ့ပေ။ ထို့ကြောင့် သူက မည်သို့အလုပ်လုပ်ကြောင်း မသိခဲ့ဘဲ လူထူးဆန်းက သဲမုန်တိုင်း၏အစွမ်းကို ရရှိသည်ဟုသာ တွေးထားခဲ့၏။ သို့သော် တောင်တန်းသခင် တစ်ယောက်ဖြစ်သည့်အတွက် သူ၏မာနက အလွန်ကြီးမားသည်။

"အော်မီတော်ဖော်....

ဆရာကြီး ကိုယ်တိုင် တစ်ခြားဂိုဏ်းတွေကိုသွားပြီး ဖျောင်းဖျသင့်တယ်လို့ ထင်တယ်.."

မုန့်ချီကတော့ တိုက်တွန်းပြောဆိုလိုက်၏။

ထိုအဖြစ်အပျက်ပြီးဆုံးသွားပြီးနောက် ကူကုံရှန်က မုန့်ချီတို့အဖွဲ့သားများကို ပို၍လေးစားလာခဲ့သည်။ သူတို့ကို တဲထဲ၌ နေခိုင်းပြီး တစ်ခြားဂိုဏ်းများ၏ အဖြေကို စောင့်နေခိုင်းခဲ့၏။

ထူးဆန်းသော ငှက်(၃)ကောင်ကို ပို့ဆောင်လိုက်ပြီးနောက် ကူကုံရှန်က သိုင်းနှင့် ပတ်သတ်ပြီး သူတို့နှင့် စကားစမြည် ပြောဆိုနေကြ၏ ။ သူက သူတို့၏ နောက်ကြောင်းကို သိချင်နေခဲ့၏။ သို့သော် သူတို့ကတော့ မည်သည့် အချက်အလက်ကိုမျှပေါက်ကြားခဲ့ခြင်း မရှိကြချေ။

သူတို့ကတော့ ပင်မကမ္ဘာကြီးနှင့် ပတ်သက်သောအရာကို မပြောသည့်အချိန်၌ ကူကုံရှန်က သဲလွန်စကိုရှာမရခဲ့ချေ။ အခြားသောဂိုဏ်းများက သူတို့နှင့် မလှမ်းမကမ်းတွင် ရှိနေသည့်အတွက် (၁၅)မိနစ်ခန့်အကြာတွင် ငှက်များက တစ်ကောင်ပြီး တစ်ကောင်ပြန်လာကြ၏။

ကူကုံရှန်က သူတို့၏ပြန်စာကိုဖတ်ပြီး ဒေါသတကြီး ပြောလိုက်သည်။

"ခွေးမျိုးတွေ …

သူတို့က အခုလိုအချိန်မျိုးမှာတောင် ငါ့စကားကို မယုံကြဘူး....”

“တောင်တန်းသခင် …

သူတို့က ဒီနေရာကို မလာချင်ကြဘူးလား..."

လော်ရှန်းကျိက တည်ငြိမ်စွာ မေးလိုက်၏။

စာကို လွှင့်ပစ်လိုက်ပြီးနောက် ကူကုံရှန်က အေးစက်စွာပြောလိုက်၏။

"ဟုတ်တယ်။ တော်တော်အမြင်ကျဉ်းတဲ့ ကြွက်စုတ်တွေ..။ ကြောက်စရာကောင်းတဲ့ မုန်တိုင်းကို ဖန်တီးနိုင်တဲ့ လူထူးဆန်း ရှိနေတာကို သူတို့က မယုံကြဘူး...။ ငါက သူတို့ကို ဦးဆောင်ချင်တဲ့အတွက် အကြောင်းပြချက် ရှာနေတာလို့ပဲ သူတို့က တွေးနေကြတာ....။ ဟူး.....အမှန်တကယ် ဟုတ်ဟုတ် မဟုတ်ဟုတ် နတ်ဆိုးကိုးကွယ်သူတွေထဲမှာ အစွမ်းထက်တဲ့ အကူအညီတွေရှိနေပြီ…”

အမှန်တရားလမ်းစဉ် လျှောက်လှမ်းသော ထိပ်တန်းပညာရှင်များ ဖြစ်သည့်အတွက် သူကတော့ တစ်ခြားဂိုဏ်းများ၏ သံသယဝင်ခံရခြင်းကို အသားကျနေပြီသား ဖြစ်သည်။ သို့သော် ယခုလိုအချိန်မျိုး၌ ထိုကဲ့သို့ အမြင်ကျဉ်းမြောင်းနေသည်မှာ အမှန်တကယ်ကို ရူးသွပ်ရာကျသည်။ အမှန်တရားလမ်းစဉ်ဂိုဏ်းများကပင် အချင်းချင်း သဟဇာတမဖြစ်ကြပေ။

မုန့်ချီက ပြောလိုက်၏။

"တောင်တန်းသခင်…

ကြည့်ရတာ သူတို့ကို လူကိုယ်တိုင် သွားတွေ့သင့်တယ် ထင်တယ်..."

ကူကုံရှန်က တိတ်ဆိတ်သွားပြီး လက်နောက်ပစ်၍ စဉ်းစားနေခဲ့၏။ အမွှေးတိုင် တစ်တိုင်စာခန့် ကြာပြီးနောက် သူကဆုံးဖြတ်ချက်ချလိုက်သည်။ သူက အကြီးအကဲများနှင့် တပည့်များအားလုံးကို သေချာကာကွယ်ထားရန် ပြောလိုက်၏။

သူကိုယ်တိုင်ကတော့ လေတိမ်တိုက်ဓားသေတ္တာကိုယူပြီး တဲထဲမှ ထွက်လာခဲ့သည်။ သူက မုန့်ချီနှင့် သူ့အဖွဲ့သားများကိုလည်း ခေါ်လာခဲ့သည်။ မဟုတ်လျှင် သူ အဝေးသို့ ရောက်နေသည့်အချိန်၌ သူ၏စခန်းက တိုက်ခိုက်ခံရနိုင်သည်။

မုန့်ချီနှင့် အဖွဲ့သားများကလည်း ငြင်းဆန်နေခြင်း မရှိခဲ့ချေ။ သူတို့က စခန်းထဲမှ ထွက်သွားပြီး သိပ်မကြာခင် အမှောင်ထုကြီးကို မြင်လိုက်ရသည်။

အဝေးကောင်းကင်ပေါ်တွင်တော့ အဝါရောင်သဲမုန်တိုင်းများ လှုပ်ရှားနေပြီး ကြယ်ခူး ကျောင်းဆောင်၏ စခန်းပတ်ပတ်လည်ကို လွှမ်းခြုံနေခဲ့သည်။

"သေစမ်း....."

ကူကုံရှန်က မျက်မှောင်ကြုတ်လိုက်မိ၏။

မကောင်းဆိုးဝါးကိုးကွယ်သူခေါင်းဆောင် ဟူပုဝေက သဲမုန်တိုင်းကို အကန့်အသတ်နှင့်သာ ဖန်တီးနိုင်သည်။ မျက်ခုံးကြားဒေါင်လိုက်မျက်လုံးရှိနေသော လူထူးဆန်းကတော့ ထိုအရှိန်အဝါကို မြှင့်တင်ပေးနိုင်ပြီး ပိုကြီးလာအောင် လုပ်ဆောင်နိုင်စွမ်းရှိ၏။

သူ့ခေါင်းထဲတွင် ထိုအတွေးက ချက်ချင်းပေါ်လာခဲ့လေသည်။

Translated by Hein Htet.

All Chapters