အခန်း (၁၀၄)
Vol. 7 Ch. 104
လေလှိုင်းများနှင့်အတူ သယ်ဆောင်လာသော သဲပွင့်များက ပတ်ပတ်လည်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အနီးအနား ပတ်ဝန်းကျင်တွင်လည်း သဲမုန်တိုင်းကြီးကြောင့် မြင်ကွင်းများအားလုံး ဝေဝါးနေခဲ့၏။
ကူကုံရှန်၏ နားထဲတွင်တော့ တဝှီးဝှီးမြည်သံများကိုသာ ကြားနေရသည့်အတွက် သူ၏ ပတ်ဝန်းကျင် အခြေအနေကို တိတိကျကျ အာရုံခံရန် ခက်ခဲနေသည်။ သူကတော့ ထူးဆန်းသော ပြောင်းလဲမှုများဖြစ်ပေါ်နေသည့်အတွက် အလွန်အမင်း စဉ်းစားနေခဲ့ခြင်းမရှိချေ။
သူက ကြယ်ခူးကျောင်းဆောင်မှ တိုင်ရှန်အကြီးအကဲများကို ကယ်တင်ရန်အတွက် သဲမုန်တိုင်းများထဲကို ပြေးဝင်သွားခဲ့၏။ ထိုအချိန်တွင် သူ့ရှေ့၌ ပိန်ပိန်သွယ်သွယ် လက်တစ်ဖက်က တားထားလိုက်သည်။
"တောင်တန်းသခင်ကူ…
စိတ်ရှည်ရှည်ထားပါ။ မုန်တိုင်းထဲမှာ အလစ်ချောင်း တိုက်ခိုက်မှုတွေ စောင့်နေနိုင်တယ်…"
မုန့်ချီက အသံတိုးတိုးနှင့် ပြောလိုက်၏။
ကူကုံရှန်က သိုင်းလောကတွင် ကျင်လည်နေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည့်အတွက် ထိုအရာများကို သိနေခဲ့သည်။ ရုတ်တရက်ဆိုသလို သူ၏ မဆင်မခြင်လုပ်ရပ်ကို နားလည်သွားခဲ့၏။ အကယ်၍ မကောင်းဆိုးဝါး ကိုးကွယ်သူများကသာ ကြယ်ခူးကျောင်းဆောင်မှ တိုင်ရှန်အကြီးအကဲကို တိုက်ခိုက်လိုက်မည်ဆိုလျှင်ပင် အကျိုးဆက်က သိသာသည်။ ထိုအရာက ရန်သူကို မျှားခေါ်ရန် လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်သေး၏။
အကယ်၍ ရန်သူကသာ သဲမုန်တိုင်းထဲ၌ ပုန်းအောင်းနေမည်ဆိုလျှင် ခြေလှမ်းတစ်ချက် မှားသွားသည်နှင့် သူကိုယ်တိုင် သေဆုံးသွားနိုင်သည်။ သူက ဤကမ္ဘာကြီးထဲတွင် အစွမ်းထက်ဆုံး ပညာရှင်များထဲမှ ပညာရှင်တစ်ယောက် ဖြစ်သော်လည်း မကောင်းဆိုးဝါး ကိုးကွယ်သူ ခေါင်းဆောင် ဟူပုဝေကလည်း အစွမ်းထက်ကြောင်း သိနေသည်။
အကယ်၍ ဟူပုဝေကသာ သူ့ကို အလစ်ချောင်း တိုက်ခိုက်လိုက်မည်ဆိုလျှင် သူက ဒဏ်ရာရနိုင်ချေများ၏။ ထို့ပြင် ကောင်းကင်သခင်၊ မြေပြင်သခင်နှင့် လူသားသခင်များကလည်း စစ်ကူအဖြစ် ရှိနေနိုင်သည့်အတွက် သူက ထွက်ပြေးရန် အခွင့်အရေးမရှိနိုင်ပေ။ ထို့ကြောင့် သူက မဆင်မခြင်လုပ်၍ မရနိုင်ချေ။ သူက သတိထား၍ သွားရမည်ဖြစ်၏။
ကူကုံရှန်က ပင့်သက်ရှိုက်၍ ပြောလိုက်သည်။
"ကိုရင်လေးရဲ့ သတိပေးမှုကို ကျေးဇူးတင်ပါတယ်။ ငါတို့က သတိထားပြီး သွားရလိမ့်မယ်…"
အကယ်၍ သူကသာ အစွမ်းထက်သော တိုက်ခိုက်ရေးသမားများနှင့်အတူ ရှေ့ဆက်သွားမည်ဆိုလျှင် အလစ်ချောင်း တိုက်ခိုက်ခံရမည်ဆိုလျှင်လည်း အန္တရာယ်မများနိုင်ပေ။ သို့သော် သူကတော့ သတိလွတ်သွားခဲ့၏။ အကယ်၍ သူတို့ကသာ မကောင်းဆိုးဝါး ကိုးကွယ်သူအဖွဲ့မှ သူလျှိုများဆိုလျှင် ဘာဖြစ်လာမည်နည်း။
မုန့်ချီတို့အဖွဲ့က သဲမုန်တိုင်းထဲသို့ ဝင်သွားတော့မည့်အချိန်တွင် ကူကုံရှန်က သူ့လက်ထဲ၌ ကိုင်ထားသော သေတ္တာလေးကို ဖွင့်လိုက်သည်။ ထိုအခါသေတ္တာလေးထဲတွင် ရှိနေသော ဓားဆီမှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ မြင့်တက်သွားခဲ့သည်။
ထိုအလင်းတန်းကြောင့် တိမ်တိုက်များက စုစည်းလာပြီး လေလှိုင်းများက စတင်လှုပ်ရှားလာခဲ့၏။ အလင်းရောင်နှင့် ထိတွေ့သွားသည့်အချိန်တွင် မုန်တိုင်းက ပျောက်ကွယ်မှေးမှိန်လာခဲ့သည်။
ဓားသမားတစ်ယောက် ဖြစ်သည့်အတွက် မုန့်ချီက ထိုဓားကို သေချာ စိုက်ကြည့်နေမိ၏။ ထိုဓားကို အလင်းရောင်များ လွှမ်းခြုံသွားချိန်တွင် သစ်သားနှင့် ဖန်တီးထားသော သာမန်ဓားတစ်ချောင်းဟု ခံစားမိခဲ့၏။ ဓားသွား၏ မျက်နှာပြင်ပေါ်တွင်တော့ အပြာရောင်ပုံစံကွက်လေးများကို ပုံဖော်ထားပြီး အလင်းရောင်များ တောက်ပနေသည်။ ထိုပုံစံကွက်လေးများကတော့ (၅)ပေခန့် အရွယ်အစားရှိသော နဂါးတစ်ကောင်က အနားယူနေသလို ပုံစံမျိုးဖြစ်သည်။
ကူကုံရှန်က သေတ္တာထဲမှနေ၍ လေတိမ်တိုက်ဓားကို ထုတ်လိုက်ပြီး သေတ္တာကိုတော့ သူ့နောက်ကျောကို လွယ်ထားလိုက်သည်။ သူက ဓားကိုကိုင်ပြီး ရှေ့ကို တစ်လှမ်းချင်းဆီ လျှောက်သွားခဲ့၏။ ထိုအချိန်တွင် မုန်တိုင်းအသစ်တစ်ခု ဖြစ်ပေါ်လာပြီး သဲများက ဘေးသို့ လွင့်သွားခဲ့သည်။
မုန့်ချီတို့ကတော့ လေတိမ်တိုက်ဓား၏ တစ်ဖက်ကိုသာ မြင်နေရခြင်းဖြစ်၏။ ထိုအချိန်တွင် မှေးမှိန်နေသော အနီရောင်အလင်းတန်းတစ်ခုကလည်း တောင်ထိပ်ပေါ်တွင် အသက်ဝင်နေသော ကျားတစ်ကောင် ထိုင်နေသကဲ့သို့ ထင်မှတ်ရ၏။ မုန့်ချီက ထိုဓား၏ အလှတရားကို ကြည့်ပြီး အတော်လေး သဘောကျနေခဲ့သည်။
ထို့နောက် သူလည်း သဲမရှိတော့သော လမ်းပေါ်သို့ အဖွဲ့သားများနှင့်အတူ ဆက်လိုက်လာခဲ့သည်။ သူတို့က မုန်တိုင်းထဲမှ ဖြတ်သွားခဲ့ကြ၏။
……………
ကြယ်ခူးကျောင်းဆောင်စခန်း၏ အပြင်ဘက်တွင် ရှိနေသော တဲပေါင်းများစွာက မုန်တိုင်းနှင့်အတူ လွင့်ပါသွားပြီး တပည့်များစွာကလည်း မုန်တိုင်းထဲတွင် ပျောက်ကွယ်သွားရသည်။
သူတို့က မည်သည့်အရာကိုမျှ မမြင်ရသလို၊ မည်သည့်အရာကိုမျှ မကြားရပေ။ ထို့ကြောင့် သူတို့၏ လူများကို ကယ်တင်ရန် နည်းလမ်းလည်း မရှိကြပေ။ သူတို့က ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်နိုင်ပြီး သဲများ ၊ ဖုန်မှုန့်များ နည်းပါးနေသော နေရာဆီသို့ ဖြည်းညင်းစွာ သွားလာနေကြ၏။
အနက်ရောင် မကောင်းဆိုးဝါးချီစွမ်းအင်များက ပင်မတဲ၏ ပတ်ပတ်လည်တွင် လှုပ်ရှားနေပြီး ကြယ်ခူးကျောင်းဆောင်သခင်၊ အကြီးအကဲများနှင့် သူတို့၏ တပည့်များကို အပြင်ထွက်မသွားစေရန် တားဆီးထားသည်။
ကောင်းကင်သခင်၊ မြေပြင်သခင်နှင့် လူသားသခင်များကတော့ လေလှိုင်းထဲတွင် လျင်မြန်စွာ လှုပ်ရှားနေကြ၏။ တစ်ယောက်က အခြေအနေကို ဖျက်ဆီးပစ်နေပြီး တခြားတစ်ယောက်ကတော့ မကောင်းဆိုးဝါးချီစွမ်းအင်များနှင့် ဖြည့်ဆည်းနေကြသည်။ သူတို့ကတော့ နာကျင်မှုများ ဒဏ်ရာများကို မကြောက်ကြချေ။ သူတို့၏ သွေးသားများကတော့ လျင်မြန်စွာ ပြန်ကောင်းလာနေကြ၏။
သူတို့က ကြယ်ခူးကျောင်းဆောင်သခင်နှင့် တခြားသူများကို အပြင်ထွက် ကယ်တင်ခွင့် မပေးခဲ့ပေ။ ဤနေရာသို့ ရောက်လာသော ကြယ်ခူးကျောင်းဆောင်မှ ပညာရှင်များက အရေအတွက် များသော်လည်း ရှေ့ဆက်တိုးရန် ခက်ခဲနေကြသည်။
တဲ၏အတွင်းထဲတွင်တော့ ဆံဖြူအဘိုးအိုတစ်ယောက်က သက်လတ်ပိုင်း လူတစ်ယောက်ကို စိုက်ကြည့်နေခဲ့၏။ သူ၏မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် နားထဲမှနေ၍ သွေးများ စီးကျလာနေသည်။
သူ၏လက်နှစ်ဖက်တွင် ရှိနေသော အဖြူရောင်သတ္တုလက်အိတ်တစ်စုံကို မကောင်းဆိုးဝါး ချီစွမ်းအင်များနှင့် ချုပ်နှောင်ထားသည့်အတွက် သူ့အစွမ်းကို သုံးရန် အခွင့်အရေးမရခဲ့ပေ။
သက်လတ်ပိုင်းလူကြီးက အရပ်ရှည်ပြီး ပိန်ပိန်သွယ်သွယ် ဖြစ်သည်။ သူ၏ လက်နှစ်ဖက်တွင် မကောင်းဆိုးဝါး ချီစွမ်းအင်များ လွှမ်းခြုံနေပြီး ထိုအထဲတွင် ပျော်ဝင်နေပုံရ၏။ သူ၏နဖူးပေါ်မှနေ၍ သွေးရောင်ချွေးများ ကျဆင်းလာနေသော်လည်း သူကတော့ စိတ်ဝင်မစားချေ။
သူက ဆံဖြူအဘိုးအို၏ နောက်ဘက်ကိုကြည့်ပြီး ပြုံးလိုက်၏။ ဆံဖြူအဘိုးအို၏ နောက်တွင်တော့ ဆံပင်ချထားသော ယွင်ထင်ဖုန်း ရှိနေခဲ့သည်။ သူ့လက်များက အဘိုးအို၏ ပုခုံးကို ချုပ်ထားခဲ့၏။
ဆံဖြူအဘိုးအို၏ ကြွက်သားများက ဆက်တိုက်ကို လှုပ်ရှားနေပြီး အပေါ်တက်လိုက် အောက်ကျလိုက်နှင့် ဖြစ်နေခဲ့သည်။ တစ်ခါတရံ ယွင်ထင်ဖုန်း၏ ခန္ဓာကိုယ်ဆီသို့ လျင်မြန်စွာ ရောက်သွားနေသလို ထင်မှတ်ရ၏။
စုယွမ်ရင်ကတော့ သက်လတ်ပိုင်းလူကြီး၏ အနားတွင် ရပ်နေပြီး သူ၏ အစိမ်းရောင်မျက်လုံးများက အလွန်ကြောက်စရာကောင်းလွန်းလှ၏။ သူက ပါးစပ်ကို လက်နှင့်အုပ်ပြီး အနည်းငယ် ချောင်းဆိုးလိုက်မိသည်။
ကြယ်ခူးကျောင်းဆောင်မှ ဖမ်းဆီးထားသော မိန်းကလေးတပည့်နှစ်ယောက်ကတော့ သူ့ခြေထောက်နားတွင် လဲကျနေခဲ့သည်။ အဖြူဝတ် ကူရှောင်စန်းကတော့ အရာအားလုံးကို အပြုံးနှင့် ကြည့်နေပြီး မည်သည့်အရာကိုမျှ သတိထားပုံမရချေ။
တစ်မိနစ်ခန့် ကြာပြီးနောက် ဆံဖြူအဘိုးအို၏ ကြွက်သားများက ရှုံ့တွလာခဲ့သည်။ သူ၏ စွမ်းအင်များအားလုံးက ကုန်ဆုံးသွားသည့်အချိန်တွင် မြေပေါ်သို့ လဲကျသွားခဲ့၏။ သူ၏ မျက်လုံးထဲတွင်လည်း ရူးသွပ်နေသလို ခံစားနေရသည်။
သူက အက်ရှရှလေသံနှင့် ပြောလိုက်၏။
“မကောင်းဆိုးဝါး...မကောင်းဆိုးဝါး...”
သက်လတ်ပိုင်းလူကြီးကတော့ ယခုအချိန်ထိ သတိထားနေသေးသည်။ နက်မှောင်ပြီး ကြောက်စရာကောင်းသော မကောင်းဆိုးဝါးချီစွမ်းအင်များက သူ၏ ကြယ်ခူးလက်အိတ် တစ်စုံကို လွှမ်းခြုံထားနေသေး၏။ သူက အဘိုးအိုဆီမှ လက်အိတ်ကို ချွတ်လိုက်သည့် အချိန်မှသာ စိတ်သက်သာရသွားသည်။
ယွင်ထင်ဖုန်း၏ မျက်နှာပေါ်တွင် ရှိနေသော အနီရောင်အလင်းတန်းများကလည်း ပျောက်ကွယ်သွားခဲ့သည်။ သူက လက်ခုပ်တီး၍ ပြောလိုက်၏။
"ဆရာကြီး...
ကျွန်တော်တို့က ဘာဆက်လုပ်ကြမလဲ…”
ထိုသက်လတ်ပိုင်းလူကြီးကတော့ မကောင်းဆိုးဝါးကိုးကွယ်သူ ခေါင်းဆောင် ဟူပုဝေ ဖြစ်သည်။ ဟူပုဝေက အနည်းငယ် ပြုံးလိုက်မိ၏။
"မင်းတို့(၃)ယောက်က တကယ့်ကို ကြောက်စရာကောင်းတဲ့ ပညာရှင်(၃)ယောက်ပဲ။ မင်းတို့ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်…"
ထိုစကားကို ပြောလိုက်ပြီးနောက် သူက အလေးအနက် ပြောလိုက်သည်။
"ကူကုံရှန်နဲ့ တခြားသူတွေက သိပ်မကြာခင် ရောက်လာလိမ့်မယ်…။ ငါတို့က သူတို့ကို တိုက်ခိုက်ဖို့ လုံလောက်အောင် အစွမ်းမထက်သေးတဲ့အတွက် ချက်ချင်း နောက်ပြန်ဆုတ်ရမယ်။ ငါတို့က (၄)ဖွဲ့ ခွဲပြီးတော့ ထွက်သွားကြမယ်။ မဟုတ်ရင် သူတို့က လိုက်ဖမ်းပြီး ကြယ်ခူးလက်အိတ်ကို ပြန်ယူသွားလိမ့်မယ်။ ငါတို့က သူတို့ရဲ့ လူတွေနဲ့ အစွမ်းကို ဖြန့်လိုက်ကြတာပေါ့။ ငါတို့သာ ကြယ်ခူးလက်အိတ်ကို အထွဋ်အမြတ်မီးတောက်တောင်တန်းဆီ ပြန်ယူသွားနိုင်ပြီး မကောင်းဆိုးဝါး အုတ်ဂူထဲကို မြှုပ်နှံလိုက်မယ်ဆိုရင် ဘာကိုမှ ကြောက်စရာ မလိုတော့ဘူး..”
“အဲဒီအချိန်ကျရင် ငါက သေချာပေါက် ကျေးဇူးသိတတ်မှာပါ။ မှော်လက်အိတ်တွေ၊ သန့်စင်လက်နက်တွေ၊ မကောင်းဆိုးဝါးချီစွမ်းအင်တွေ၊ မိန်းမလှလေးတွေ မင်းတို့ လိုချင်တဲ့အရာအားလုံးကို ရစေရမယ်.."
ယွင်ထင်ဖုန်းက လက်နှစ်ဖက်ကို ဆုပ်ပြီး ဦးညွတ်လိုက်၏။
"ကျေးဇူးပြုပြီး အမိန့်သာ ပေးလိုက်ပါ....."
သူ့ကိုယ်သူ မိန်းကလေးကျိဟု သတ်မှတ်ထားသော ကူရှောင်စန်းက အပြုံးနှင့် ပြောလိုက်သည်။
"ငါ့မှာ အစီအစဉ်တစ်ခုရှိတယ်…"
……………..
ကြည်လင်တောက်ပနေသော လေလှိုင်းထဲတွင် လေစီးကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကူကုံရှန်က သူ့ဓားကို ဝှေ့ယမ်းလိုက်ပြီးနောက် ကြယ်ခူးကျောင်းဆောင်ဆီသို့ လမ်းကြောင်းတစ်ခု ဖွင့်နိုင်ခဲ့၏။ နောက်ဆုံးတွင်တော့ သူတို့က ရှုပ်ပွပျက်စီးနေသော တဲများကို တွေ့လိုက်ရသည်။
"ကျောင်းဆောင်သခင်လော်……အကြီးအကဲချီရော ဘယ်မှာလဲ…"
ကြယ်ခူးကျောင်းဆောင်၏ ကျောင်းဆောင်သခင်က မုန်တိုင်းထဲသို့ ပြေးသွားရန် ပြင်ဆင်နေကြောင်း ကူကုံရှန်က မြင်လိုက်ရသည်။
ကူကုံရှန်၏ အသံကို ကြားသည့်အခါ ခေါင်းဆောင်လော်က အံ့ဩမှင်တက်သွားပြီး ပြန်လှည့်ကြည့်လိုက်သည်။ သူက အလွန်ထိတ်လန့်နေသည့် အမူအရာနှင့် ပြောလိုက်၏။
"တောင်တန်းသခင်ကူ…
အကြီးအကဲချီကို မကောင်းဆိုးဝါးတွေက သတ်သွားပြီ။ ကြယ်ခူးလက်အိတ်ကိုလည်း ခိုးသွားကြပြီ…"
“ဘယ်လို…”
သူတို့အားလုံးက ထိုအရာကို ကြိုတင်တွေးထားခဲ့ကြသော်လည်း အလွန်ထိတ်လန့်သွားကြသေးသည်။
ထိုအချိန်တွင် ဝမ်ကျန်းဂိုဏ်း၏ ခေါင်းဆောင်နှင့် ရှောင်ယွဲ့ကျောင်းဆောင်မှ ပေါ်တယ်စောင့် အကြီးအကဲ ရောက်လာကြသည်။ သူတို့နှင့်အတူ ပညာရှင်ပေါင်းများစွာလည်း ပါလာနေကြ၏။
"ဘယ်သူက ကြယ်ခူးလက်အိတ်ကို ယူသွားတာလဲ။ သူတို့က ဘယ်နေရာကို ပြေးသွားတာလဲ…"
သူတို့နှင့် နှုတ်ဆက်နေရန် အချိန်မရသည့်အတွက် ကူကုံရှန်က ကျောင်းဆောင်သခင်လော်ကို ကျယ်လောင်စွာ မေးလိုက်သည်။
ဝမ်ကျန်းဂိုဏ်း၏ ခေါင်းဆောင်က အလွန်လှပသော သက်လတ်ပိုင်းအရွယ် မိန်းမပျို တစ်ယောက်ဖြစ်ပြီး ရှောင်ယွဲ့ဂိုဏ်းမှ ပေါ်တယ်စောင့် အကြီးအကဲကတော့ မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နေသော ခါးကုန်းကုန်းအဘိုးအို တစ်ယောက် ဖြစ်သည်။ သူတို့က စကားကို ပြန်မပြောကြဘဲ သူတို့ပြောသည့် စကားကိုသာ နားထောင်နေကြ၏။
ကူကုံရှန်၏ မေးခွန်းကို ကြားသည့်အခါ ကျောင်းဆောင်သခင်လော်က ခဏကြာ မှင်တက်သွားခဲ့၏။ သူက အလွန်ရှုပ်ထွေးစွာ ပြန်ဖြေလိုက်သည်။
"သူတို့က အဖွဲ့(၄)ဖွဲ့ခွဲပြီး အရပ်မျက်နှာ(၄)ဖက်ကို ထွက်သွားကြတယ် ။ ဘယ်သူ့ဆီမှ ကြယ်ခူးလက်အိတ်ပါသွားလဲဆိုတာ ငါမသိဘူး…"
သူကတော့ အစစ်အမှန်နှင့် ပုံရိပ်ယောင်ဟူသော အရာများကြားထဲတွင် ဝေဝါးနေခဲ့သည်။ သူပြောသည့် စကားများကို နားထောင်နေရင်း ကူကုံရှန်က ဖြစ်ပျက်ခဲ့သည့် အရာများကို ချက်ချင်း နားလည်သွားခဲ့၏။
မည်သူ့ဆီတွင် ကြယ်ခူးလက်အိတ်ရှိနေကြောင်း ခန့်မှန်းကြည့်ရန် ခက်ခဲသော်လည်း သူတို့က ထိုအရာနှင့် အလောင်းအစား မလုပ်ချင်ပေ။ အကယ်၍ သူတို့သာ မှားယွင်းသွားမည်ဆိုလျှင် သူတို့ဆီ၌ တခြားသော အခွင့်အရေးတစ်ခု မရှိနိုင်တော့ပေ။
"ဒီလိုဆိုမှတော့ ငါတို့လည်း လူစုခွဲပြီး လိုက်မှရမယ်။ ဟူပုဝေက ဘယ်ကိုသွားတာလဲ။ သူနှင့်အတူ ဘယ်သူပါသွားတာလဲ…"
ထိုအချိန်တွင် သဲမုန်တိုင်းက တဖြည်းဖြည်းပျောက်ကွယ်သွားပြီဖြစ်သည်။ သူကတော့ မကောင်းဆိုးဝါးကိုးကွယ်သူ ခေါင်းဆောင်ဟူပုဝေ၏ နောက်သို့ ကိုယ်တိုင် လိုက်သွားရန် ဆုံးဖြတ်ခဲ့၏။
ကျောင်းဆောင်သခင်လော်က စဉ်းစားပြီး ပြောလိုက်သည်။
"ဟူပုဝေက အဲဒီဘက်ကို တစ်ယောက်တည်း ထွက်သွားခဲ့တာ။ ကောင်းကင်သခင်နဲ့ လူထူးဆန်းက အတူတူ ထွက်သွားတယ်။ လူသားသခင်နဲ့ ဆံရှည်ပညာရှင်က အတူထွက်သွားတယ်။ မြေပြင်သခင်နဲ့ အဖြူဝတ်မိန်းကလေးက အတူတူ ထွက်သွားတယ်…"
ကူကုံရှန်က စဉ်းစားမနေဘဲ ပြောလိုက်သည်။
"မင်းနဲ့ငါနဲ့က ဟူပုဝေရဲ့ နောက်ကို လိုက်မယ်…"
သူကတော့ ကြယ်ခူးလက်အိတ်ကို သူနှင့်အတူ ပြန်ယူလာရန် မသေချာသော်လည်း လိုက်သွားရန် စဉ်းစားထားခဲ့သည်။ သူက ဝမ်ကျန်းဂိုဏ်း၏ ခေါင်းဆောင်ကို ကြည့်ပြီး ပြောလိုက်၏။
"မိန်းကလေးဟွမ်...
ကျေးဇူးပြုပြီး ဂိုဏ်းက ပညာရှင်တွေနဲ့ ကောင်းကင်သခင်ကို အမီလိုက်ပါ။ ပြီးတော့ မျက်ခုံးကြားဒေါင်လိုက် မျက်လုံးရှိနေတဲ့ လူထူးဆန်းကိုလည်း သတိထားပါ။ သူက စိတ်ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်တယ်…"
မိန်းကလေးဟွမ်က ခေါင်းညိတ်ပြလိုက်သည်။
"ဘာမှမစိုးရိမ်ပါနဲ့....ထိုက်ဟွာဓားက အသက်ဝိညာဉ်နဲ့ စိတ်ဝိညာဉ်တွေကို ဖြတ်တောက်နိုင်တယ်…"
သူမက စကားများများ မပြောတော့ဘဲ သူမ၏ဂိုဏ်းမှ ပညာရှင်(၂)ယောက်နှင့်အတူ ကောင်းကင်သခင်နှင့် စုယွမ်ရင်တို့၏ နောက်သို့ ချက်ချင်းလိုက်သွားခဲ့သည်။ ကျန်ရှိနေသော ပညာရှင်(၂)ယောက်ကတော့ ခုခံတိုက်ခိုက်ရန် ဆွေးနွေးနေကြသည်။
ရှောင်ယွဲ့ကျောင်းတော်မှ ပေါ်တယ်စောင့် အကြီးအကဲကလည်း အချိန်မဖြုန်းချင်သည့်အတွက် တိုက်ရိုက်ပြောလိုက်၏။
"တောင်တန်းသခင်ကူ....ငါတို့က လူသားသခင်နောက်ကို လိုက်မယ်…"
ကူကုံရှန်က ခေါင်းညိတ်ပြလိုက်၏။
"ဆံပင်ချထားတဲ့သူကို သတိထား…။ သူက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အတွင်းအားတွေကို စုပ်ယူနိုင်တယ်…"
အကြံပေးချက်ကို မှတ်ထားလိုက်ပြီးနောက် ပေါ်တယ်စောင့် အကြီးအကဲက လှည့်ထွက်သွားခဲ့သည်။ သူက လူတိုင်းစိတ်အေးသွားစေရန် ပညာရှင်တချို့ကို ချန်ထားခဲ့သည်။ ကူကုံရှန်ကတော့ ကြယ်ခူးကျောင်းဆောင်၏ အကြီးအကဲများနှင့်အတူ မြေပြင်သခင်ကို ဖမ်းရန် စီစဉ်ထားခဲ့၏။
သို့သော် သူက အလွန်လျှို့ဝှက်ဆန်းကြယ်သော မုန့်ချီတို့အဖွဲ့ကို မယုံကြည်ခဲ့ပေ။ အကယ်၍ မုန့်ချီတို့ကသာ ဤနေရာ၌ တစ်ယောက်တည်း နေခဲ့မည်ဆိုလျှင် ပြဿနာများစွာ ဖြစ်နိုင်သည်။
ထို့ကြောင့် ကူကုံရှန်က အသံတိုးတိုးနှင့် ပြောလိုက်၏။
"မင်းတို့တွေက ကြယ်ခူးကျောင်းဆောင်က ပညာရှင်(၂)ယောက်ရဲ့ အကူအညီနဲ့ မြေပြင်သခင်ရဲ့ နောက်ကို လိုက်စေချင်တယ်…"
ပထမဆုံး အကြောင်းပြချက်ကတော့ ထိုပညာရှင်များက သူတို့ကို စောင့်ကြည့်နိုင်သည်။ ဒုတိယအချက်ကတော့ သူတို့၏ ဘေးကင်းလုံခြုံမှုအတွက်ဖြစ်၏။ သူတို့က မရင်းနှီးသော ကန္တာရထဲတွင် အချိန်မရွေး လမ်းပျောက်သွားနိုင်သည်။
"ပြဿမရှိပါဘူး…တောင်တန်းသခင်ကူ…"
လော်ရှန်းကျိက စဉ်းစားမနေဘဲ ကျန်းယွင်ရှန်နှင့် မုန့်ချီတို့ကို ကြည့်ပြီး သဘောတူလိုက်သည်။ ထိုအရာက ကူရှောင်စန်းကို သတ်ရန် အခွင့်ကောင်းတစ်ခု ဖြစ်၏။ သူတို့က ပြိုင်ဘက်အဖွဲ့ကို ဖမ်းရန် ရှားရှားပါးပါးပင် အခွင့်အရေးမရခဲ့ပေ။
ကူကုံရှန်ကလည်း နောက်ထပ် အချိန်မဖြုန်းတော့ပေ။ သူက ခေါင်းညိတ်ပြလိုက်ပြီး ကျောင်းဆောင်သခင်လော်နှင့်အတူ ဟူပုဝေ၏ နောက်သို့ လိုက်သွားခဲ့သည်။
ခဏကြာ တိတ်ဆိတ်နေပြီးနောက် ကျန်းကျိဝေက ပြောလိုက်၏။
"အစ်ကိုကြီးကျန်း…
အစ်ကိုကြီးကျန်းက ကျန်းကျန်းနှင့်အတူ လေတိမ်တိုက်တောင်တန်းရဲ့ စခန်းကို ပြန်သွားလိုက်ပါလား…"
"သူက အခုမှ မျက်လုံးတံခါးပွင့်နေတာ။ ကိုယ်ဖော့ပညာကလည်း တော်တော်လေး အားနည်းတယ်။ ဒီတော့ ငါတို့ကို မီဖို့မလွယ်ဘူး။ ဒါပေမယ့် သူ့ကို တစ်ယောက်တည်း ထားခဲ့မယ်ဆိုရင်လည်း ငါတို့က စိတ်အေးရမှာ မဟုတ်ဘူး…"
ထိုကဲ့သို့ ရန်သူ၏ နောက်ကို လိုက်ရမည့်အခြေအနေမျိုးတွင် သူမက မလိုအပ်သော စကားများကို မပြောချင်ပေ။ ထို့ကြောင့် သူမက ဖူကျန်းကျန်း၏ အတ္တကို စိုးရိမ်မနေနိုင်တော့ပေ။
သူမပြောသည့်စကားကို ကြားသည့်အခါ မုန့်ချီက သူမ၏ အကြံပေးချက်ကို လက်ခံပြီး ကိုယ်ဖော့ပညာများ လေ့ကျင့်ခဲ့သည့်အတွက် ကံကောင်းသွားသည်ဟု ခံစားမိခဲ့သည်။ သူကတော့ နတ်ဘုရားခြေလှမ်း(၈)သွယ်နှင့် လေနတ်ဘုရားခြေလှမ်းသိုင်းကိုပင် လဲလှယ်ခဲ့သည်။ မဟုတ်လျှင် သူလည်း နောက်တွင် ကျန်နေခဲ့မည် ဖြစ်၏။
ကျန်းယွင်ရှန်ကတော့ အဖွဲ့ထဲတွင် လိုအပ်ချက်များကို မည်သို့ညှိယူရမည်ဖြစ်ကြောင်း အမြဲသိနေသည်။ သူက ခဏကြာ စဉ်းစားပြီး ပြောလိုက်၏။
"တကယ်လို့ နင်တို့က ပြဿနာတက်နေတယ်ဆိုရင် မီးရှူးမီးပန်းနှင့် အချက်ပြလိုက်.."
ကျန်းကျိဝေက တောင်ပေါ်မှ ဆင်းတော့မည်ဖြစ်ပြီး သိုင်းလောက အတွေ့အကြုံများကို ရယူတော့မည်ဖြစ်သည်။ ထို့ကြောင့် သူမနှင့်အတူ ကျိကျန်းဓားစံအိမ်မှ အထူးအချက်ပြ မီးပန်းများ သယ်ဆောင်ထားခဲ့သည်။
ဖူကျန်းကျန်း၏ မျက်နှာလေးက ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ သို့သော် သူမက သူတို့၏ အကြောင်းပြချက်ကို နားလည်နိုင်သည်။ ထို့ကြောင့် ခေါင်းမာနေခြင်း မရှိချေ။ သူမက မုန့်ချီ၊ချီကျန်းရန်နှင့် ကျန်းကျိဝေတို့ကို ဖယောင်းတိုင်တစ်တိုင် ပေးလိုက်၏။
ထို့နောက် မုန့်ချီတို့က ကြယ်ခူးကျောင်းဆောင်မှ အကြီးအကဲများ၏ လမ်းညွှန်မှုနှင့် ကူရှောင်စန်းနှင့် မြေပြင်သခင်တို့ ထွက်သွားသော ဦးတည်ချက်အတိုင်း ပြေးသွားခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် လော်ရှန်းကျိနှင့် ကျန်းကျိဝေတို့၏ ခြေရာခံ စွမ်းရည်ကြောင့် မုန့်ချီနှင့်ချီကျန်းရန်တို့ကပင် ထိတ်လန့်သွားခဲ့သည်။ သူတို့၏ ကွာဟမှုက သိုင်းပညာတစ်ခုတည်းသာ မဟုတ်ပေ။
ကန္တာရထဲတွင် ကြယ်ခူးကျောင်းဆောင်မှ အကြီးအကဲများ၏ လမ်းကြောင်းရှာသည့် စွမ်းရည်ကိုလည်း မုန့်ချီက အတော်လေး စိတ်ဝင်စားနေခဲ့သည်။ အကယ်၍ သူ့ဆီတွင် ထိုစွမ်းရည်သာ ရှိခဲ့မည်ဆိုလျှင် အန်ကုံရှဲ့က သူ့ကို ဖမ်းမိလိမ့်မည် မဟုတ်ချေ။
မြေပြင်သခင်နှင့် ကူရှောင်စန်းတို့က အလျင်စလို ထွက်သွားကြပုံရ၏။ လမ်းတလျှောက်တွင် သဲလွန်စများကို ရှင်းသွားခဲ့သော်လည်း သူတို့၏ ခြေရာလက်ရာများကို အလွယ်တကူ ရှာတွေ့ကြသည်။ ထို့ကြောင့် သူတို့က ထို(၂)ယောက်၏ သဲလွန်စကို လွတ်မြောက်သွားခြင်း မရှိပေ။
မွန်းတည့်ချိန်ရောက်သည့်အချိန်တွင် အလွန်လေးလံသော နေလုံးကြီးက သဲများထဲမှ ထွက်ပေါ်လာသလို ထင်မှတ်ရသည်။ ကန္တာရထဲတွင် အပျက်အစီးများ၊ ပျံ့နှံ့နေပြီး အဆောက်အဦးပုံစံမျိုးစုံ ရှိနေကြ၏။ သို့သော် သူတို့က ပျက်စီးသွားသည်မှာ ကြာလောက်ပါပြီ။
နေရောင်အောက်တွင် သူတို့က ထိုအဆောက်အဦးပျက်များကို ဝိုးတဝါး မြင်နေရ၏။ ထိုအဆောက်အဦးပျက်များ၏ အလယ်တွင်တော့ ပျက်စီးနေသော ကျောင်းဆောင်ကြီးတစ်ခုရှိပြီး ထိုကျောင်းဆောင်က တည်ရှိနေခဲ့သည်မှာ နှစ်ပေါင်း(၁၀၀)ခန့် ကြာလောက်ပါပြီ။
နီရဲနေသော နေလုံးကြီးက ထိုအဆောက်အဦးပေါ်သို့ ကျရောက်နေသည့်အတွက် လောင်ကျွမ်းနေသလို ခံစားနေရသည်။ ထိုမြင်ကွင်းက အလွန်လှပပြီး ဆန်းကြယ်လွန်းလှ၏။
"ဘာတွေဖြစ်နေတာလဲ…။ ဘာလို့ သူတို့က ဒီနေရာကို ရောက်လာရတာလဲ…"
သူတို့အားလုံး၏ ခေါင်းထဲတွင် ထိုအတွေးမျိုး ပေါ်လာခဲ့ကြသည်။
Translated by Hein Htet