← Chapters

အခန်း (၁၀၅)

Vol. 7 Ch. 105

အခန်း (၁၀၅)

Vol. 7 Ch. 105

"ထောင်ချောက်တွေကို သတိထား... "

လော်ရှန်းကျိက ပြောလိုက်သည်။ ထိုအခြေအနေကြောင့် သူက စိုးရိမ်နေခဲ့သော်လည်း သူတို့၏နောက်ကို ဆက်လိုက်ရန် လိုအပ်သည်။ သူတို့က ကြယ်ခူးလက်အိတ်မရှိဘဲ မကောင်းဆိုးဝါးအုတ်ဂူကို ပိတ်လှောင်ရန် လုံးဝမဖြစ်နိုင်ပေ။ သူတို့၏ပင်မတာဝန်က ကျရှုံးသွားနိုင်၏။

အကယ်၍ သူက တစ်ဖက်အဖွဲ့တွင် ရှိနေသော သံသရာခရီးသွားများကို သတ်နိုင်ပြီး ကုန်ဆုံးသွားသော ကံကြမ္မာအမှတ်များကို ဖြည့်ဆည်းနိုင်မည်ဆိုလျှင်ပင် သူကတော့ ကူရှောင်စန်းကို ဖမ်းရန် လိုအပ်နေသေးသည်။

သူ၏သတိပေးချက်က မလိုအပ်သောအရာတစ်ခု ဖြစ်သည်။ သို့သော် သူကတော့ မုန့်ချီကို အတွေ့အကြုံမရှိသော လူတစ်ယောက်ဟု တွေးမိခဲ့ခြင်းကြောင့် သတိပေးလိုက်ခြင်းလည်း ဖြစ်၏။ သူ၏အသားအရေက ရွှေရောင်အလင်းတန်းများ တောက်ပနေသည့်အတွက် ကြေးနီရုပ်တုကြီးတစ်ခုကဲ့သို့ ထင်မှတ်ရသည်။

သူက ရှေ့မှ ဦးဆောင်သွားနေခဲ့၏။ ပတ်ပတ်လည်တွင် အနီရောင်တိမ်တိုက်များ လွှမ်းခြုံနေသော ချီကျန်းရန်ကလည်း သူ့နောက်မှ သတိထား၍ လိုက်လာနေခဲ့သည်။ ကြယ်ခူးကျောင်းဆောင်မှ အကြီးအကဲ နှစ်ယောက်ကတော့ သူတို့၏တစ်ဖက်ဆီတွင် ရှိနေပြီး ထောင်ချောက်များ အလွယ်တကူ ရှိနေနိုင်သော နေရာများကို ရှာဖွေကြည့်နေခဲ့သည်။

ကျန်းကျိဝေနှင့် လော်ရှန်းကျိတို့ကတော့ တစ်ယောက်နှင့်တစ်ယောက် အနည်းငယ် ခွာနေပြီး ရှာဖွေနိုင်သည့် နယ်မြေကို ချဲ့ထွင်နေကြသည်။ မည်သို့ဖြစ်စေကာမူ အပျက်အစီးများက အလွန်ကျယ်ပြန့်သော နယ်မြေတစ်ခုလုံး ပြည့်နှက်နေခြင်း ဖြစ်သည်။

သူတို့၏ရန်သူက အဝေးတွင် ရှိနေသော အဆောက်အဦးထဲတွင် ပုန်းနေနိုင်၏။ သူတို့၏ရှာဖွေမှုက စတင်နှေးကွေးလာခဲ့သည်။ သို့သော် ကွေ့ပတ်သွား၍လည်း မရနိုင်ပေ။ အကယ်၍ သူတို့ကသာ ကူရှောင်စန်း၏နောက်သို့ သတိမထားဘဲ လိုက်သွားမိမည်ဆိုလျှင် မကောင်းဆိုးဝါးကိုးကွယ်သူများ၏ ထောင်ချောက်ထဲသို့ ကျသွားနိုင်သည်။

သူတို့က အပျက်အစီး ကွင်းပြင်ကြီးထဲသို့ ရောက်လာခဲ့သည့်အချိန်တွင် ကူရှောင်စန်းနှင့် မြေပြင်သခင် ချန်ထားခဲ့သော ခြေရာလက်ရာ အနည်းငယ်ကိုသာ တွေ့လိုက်ရသည်။

ကြယ်ခူးကျောင်းဆောင်မှ အကြီးအကဲနှစ်ယောက်၏ ကန္တာရအတွေ့အကြုံနှင့် သိုင်းလောက အတွေ့အကြုံများသာ မရှိလျှင် မုန့်ချီတို့က သူမကို လမ်းစပျောက်သွားလောက်ပါပြီ။ လက်ရှိအချိန်တွင် သူတို့က လိုက်လာနိုင်ရုံ အခြေအနေသာရှိသည်။

လမ်းလျှောက်လိုက် ရပ်လိုက်နှင့် နောက်ဆုံးတွင်တော့ သူတို့က အပျက်အစီးပုံကြီး၏ အလယ်တွင် ရှိနေသော ကျောင်းဆောင်ပျက်ကြီးအရှေ့ကို ရောက်လာကြသည်။

"ဒါက မကောင်းဆိုးဝါးသခင်ရဲ့ ကျောင်းဆောင်လား...”

ပျက်စီးနေသော ကျောင်းဆောင်က သဲမုန်တိုင်း တိုက်ခတ်နေစဉ် အတောအတွင်း သူခိုလှုံခဲ့သော ကျောင်းဆောင်ပျက်ကြီးနှင့် အတော်လေး တူညီနေကြောင်း မုန့်ချီက သတိထားမိလိုက်သည်။ သူတို့က တစ်ထပ်တည်း တူညီနေသည်ဟုပင် သူက ပြောချင်နေခဲ့၏။ တစ်ခုကွဲပြားသွားသည်မှာ အရွယ်အစားဖြစ်သည်။ ဤကျောင်းဆောင်ကြီးကတော့ မူလနားခိုခဲ့သော ကျောင်းဆောင်၏ အရွယ်အစားထက် (၅) ဆခန့် ပို၍ကြီးမား၏။

အကြီးအကဲချန်းက ကျောင်းဆောင်ကို စစ်ဆေးပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။

"ဒါက မကောင်းဆိုးဝါးသခင်ကို အရိုအသေပေးတဲ့ ကျောင်းဆောင်ကြီးတစ်ခုပဲ ။ ဒီလိုအဆောက်အဦးအပျက်ကြီးတစ်ခုက ပင်မကျောင်းဆောင်တွေထဲက တစ်ခုဖြစ်နိုင်တယ်... ။ ဒါပေမဲ့ အင်မော်တယ်တွေက မကောင်းဆိုးဝါးအုတ်ဂူကို ပိတ်လှောင်လိုက်တဲ့အချိန်မှာ မကောင်းဆိုးဝါးကိုးကွယ်သူတွေကလည်း တဖြည်းဖြည်း ပျက်စီးသွားကြတယ်... ။ အခုတော့ အထွဋ်အမြတ်မီးတောင်တောင်ထိပ်ပေါ်မှာရှိတဲ့ ကျောင်းဆောင်တစ်ခုပဲ ကျန်တော့တယ်...”

“သူတို့က ဒီကျောင်းဆောင်ထဲကနေ မကောင်းဆိုးဝါးအုတ်ဂူရဲ့အစွမ်းတွေကို ငှားသုံးနိုင်တာလား... "

မုန့်ချီက သိုင်းလောကအတွေ့အကြုံ နည်းပါးသည်။ သို့သော် သူ၏အသိဉာဏ်က အလွန်ကျယ်ပြန့်လှ၏။ သူတို့က ဖြစ်နိုင်ခြေကိုလည်း သတိထားရန် လိုအပ်သည်။

အကြီးအကဲချန်းက ခဏကြာစဉ်းစားပြီး တိတိကျကျ ပြန်မဖြေနိုင်ခဲ့ပေ။

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်... ။ ငါတို့က သေချာသတိထားနေသင့်တယ်... "

မုန့်ချီက ရှာဖွေနေရင်း လော်ဟန့်ကြေးသွန်းရုပ်တုကြီးတစ်ခုကဲ့သို့ ပြုမူနေခဲ့သည်။ သူက နေမင်းနီ မကောင်းဆိုးဝါးဓားကိုကိုင်ပြီး ကျောင်းဆောင်ထဲသို့ အရင်ဆုံး ဝင်လာခဲ့၏။ သို့သော် ယခုတစ်ကြိမ်တော့ ကျန်းကျိဝေက ဓားကိုမြှောက်ပြီး သူ့အနားတွင် ရပ်၍ သူ့ကို ကာကွယ်ရန် အဆင်သင့် ပြင်ထားခဲ့သည်။

ဘာကြောင့်မှန်း မသိသော်လည်း ကျောင်းဆောင်ကြီးက ထူးထူးခြားခြားကို ရှင်းလင်းနေခဲ့၏။ ကျောင်းဆောင်၏ အတွင်းထဲတွင် ဖုန်မှုန့်များ ၊ သဲများမရှိဘဲ အပြင်ဘက်တွင် ရှိနေသော အဝါရောင်သဲများထဲတွင်သာ အပျက်အစီးများကို တွေ့နေရသည်။

ထိုအရာက အတော်လေးကို ထူးဆန်းပြီး အံ့သြစရာ မြင်ကွင်းမျိုး ဖြစ်၏။ ကျောင်းဆောင်၏ အတွင်းထဲတွင်တော့ ရုပ်တုကြီးတစ်ခု ထိုင်နေခဲ့သည်။ ပျက်စီးနေသော ကျောင်းဆောင်ငယ်လေးနှင့် မတူညီသည်မှာ ထိုရုပ်တုကြီးက အကောင်းအတိုင်း ရှိနေသေးခြင်း ဖြစ်သည်။

မုန့်ချီက မကောင်းဆိုးဝါးသခင်၏ ချောမောခန့်ညားသောမျက်နှာကို တွေ့လိုက်ရသည်။ ထိုရုပ်တုကြီးကို အနက်ရောင် ခြယ်သထားပြီး ခေါင်း (၃) လုံး ၊ လက် (၆) ဖက်ရှိသည်။ ခေါင်း (၃) လုံးထဲတွင်တော့ တစ်ခုက ကြောက်စရာကောင်းသော အမူအရာမျိုးရှိပြီး တစ်ခုကတော့ ရွံရှာစက်ဆုပ်ဖွယ် ကောင်းသည်။ နောက်ဆုံးတစ်ခုကတော့ အလွန်အေးစက်နေခဲ့၏။

တူညီသော အရာတစ်ခုကတော့ သူတို့၏မျက်ခုံးကြားထဲတွင် အနက်ရောင် အမှတ်အသားတစ်ခု ရှိနေခဲ့သည်။ သူ၏လက်တစ်ဖက်ချင်းဆီတွင်လည်း ဓားရှည်တစ်ချောင်း ၊ ဓားမောက်တစ်ချောင်း ၊ တံဆိပ်တစ်ခု ၊ ကိုယ်ကျပ်အင်္ကျီတစ်ခုနှင့် သံချပ်ဝတ်ခေါင်းစွတ်တစ်ခုဆီ ကိုင်ထားသည်။

အထူးခြားဆုံး အရာကတော့ သူ့ရှေ့တွင် ရှိနေသော အရာတစ်ခု ဖြစ်၏။ သူ၏ ထိုဧရာမလက်ဝါးကြီးများက တခြားလူများ၏ လက်ဖဝါး အရွယ်အစားများထက် (၂)ဆနီးပါးခန့် ကြီးမားနေသည်။ ဓားပုံစံ လက်သည်းများကလည်း (၃) လက်မနီးပါးခန့် ရှည်ကြ၏။

လက်ခုံပေါ်တွင်တော့ အနက်ရောင်ပုံစံကွက်များ ရေးထိုးထားပြီး အလွန်ထူးခြားသော အလှတရားများ ၊ မကောင်းဆိုးဝါးဆန်မှုနှင့် သွေးဆာမှုများ ပြည့်နှက်နေသည်။ ထိုရုပ်ထုကြီးက ကောင်းကင်ဘုံအပေါ် သူ၏အမုန်းတရားများကို ဖော်ညွှန်းနိုင်ပြီး ဝမ်းသာပျော်ရွှင်နေသော သူများကတော့ သူနှင့် မသက်ဆိုင်ပေ။

အကျိုးတရားနှင့် အကြောင်းတရားဟူသည်မှာ ရက်စက်သော ကံကြမ္မာတစ်ခုဖြစ်ပြီး မပြည့်စုံသော သတ်ဖြတ်ခြင်းမျိုးလည်း ဖြစ်သည်။ ထိုအရာက သာမန်ရုပ်တုကြီးတစ်ခုပမာ ထင်မှတ်ရသော်လည်း အလွန်ထူးခြားသော ခံစားမှုတစ်ခု ပေးနိုင်သည်။ ထိုအရာက သာမန်လူတစ်ယောက် ဖန်တီးထားသော အရာတစ်ခု ဟုတ်ပုံမရချေ။

"မကောင်းဆိုးဝါးကိုးကွယ်သူတွေရဲ့အရှင်သခင်က ကျောက်ဆစ်ပညာရှင် တစ်ယောက်လို့ ငါကြားဖူးတယ်... ။ ဒီနေ့တော့ တကယ့်ကို သူ့ရဲ့ဂုဏ်သတင်းနဲ့ ထိုက်တန်တာပဲဆိုတာ နားလည်သွားပြီ…"

အကြီးအကဲချန်းက ပြောလိုက်သည်။

လော်ရှန်းကျိက နောက်ကို ခြေတစ်လှမ်း ပြန်ဆုတ်သွားခဲ့ပြီး အနည်းငယ် ခေါင်းခါလိုက်မိသည်။ သူ၏အပြုအမူကို မုန့်ချီက သတိထားမိသွားပြီး ဓားကို မြှောက်လိုက်၏။ ရန်သူများက သူတို့ကို အလစ်ချောင်းတိုက်ခိုက်မှာ စိုးရိမ်နေခဲ့သည်။

"အဲဒါက ရန်သူမဟုတ်ဘူး... "

လော်ရှန်းကျိက ချက်ချင်း ပြောလိုက်ပြီး ခေါင်းကို အကြည့်လွှဲလိုက်သည်။

"ငါက အဲဒီလက်ဖဝါးပေါ်မှာ ရေးထိုးထားတဲ့ ပုံစံကွက်တွေကို အရမ်းအာရုံစိုက်နေတဲ့အတွက် လှည့်စားခံလိုက်ရတာ... ။ ဒါပေမဲ့ ငါ့ရဲ့စိတ်စွမ်းအားက တော်တော်လေး ကုန်သွားတဲ့အတွက် ခေါင်းထဲမှာ မူးဝေဝေဖြစ်နေခဲ့တာ... "

လော်ရှန်းကျိက အလွန်ထူးခြားသော ပုံစံကွက်များကို ရိုးရှင်းစွာ မှတ်သားလိုခြင်းဖြစ်မည်ဟု မုန့်ချီက တွေးခဲ့မိသည်။ ထိုအရာက မကောင်းဆိုးဝါး ကိုးကွယ်သူ၏ အရှင်သခင် ထွင်းထုထားသော အရာတစ်ခုဖြစ်နေလျှင် အစစ်အမှန် မကောင်းဆိုးဝါး အနှစ်သာရများက အပုံ(၁)သောင်းလျှင် တစ်ပုံပင် ပါဝင်နေခြင်း မရှိချေ။ သို့သော် ထူးခြားဆန်းကြယ်သူများကို သယ်ဆောင်ထားနေသေး၏။

သူက ထိုပုံစံကွက်များကို ပြန်လည်စဉ်းစားလိုက်သည့်အချိန်တွင် ထိုအရာကို မမှတ်မိကြောင်း အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။ ထို့ပြင် သူက ထိုပုံစံကွက်များကို အနီးကပ် သေချာစစ်ဆေးကြည့်လိုက်သည့်အချိန်တွင် ခံစားချက်များ လှုပ်ရှားလာသည်ကို တွေ့လိုက်ရသည်။

အမုန်းတရားများနှင့် စိတ်ဆန္ဒများကလည်း သူ့ကိုလွှမ်းခြုံသွားပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု လွတ်သွားတော့မလို ဖြစ်သွားခဲ့၏။

"ဒီနေရာမှာ ငါတို့က အချိန်မဖြုန်းတော့ဘူး.။ ငါတို့က ပြန်ရောက်တဲ့အချိန်ကျမှ ဒီပုံစံကွက်တွေကို ကူးယူဖို့ လူတစ်ယောက် လွှတ်လို့ရတယ်... "

ကျန်းကျိဝေက သူတို့ကို သတိပေးလိုက်၏။

သူမ၏စကားကြောင့် သူတို့အားလုံးက မကောင်းဆိုးဝါးအရှင်သခင်၏ ရုပ်တုပေါ်တွင် ရှိနေသော မှော်အစွမ်းကို ကြည့်နေရာမှ သတိပြန်ဝင်လာကြသည်။ သူတို့က ခန်းမထဲတွင် ကူရှောင်စန်းနှင့် မြေပြင်သခင်တို့၏ ခြေရာလက်ရာများကို ဆက်လက်ရှာဖွေနေကြ၏။

မုန့်ချီနှင့် ကျန်းကျိဝေတို့ကတော့ အလယ်၌ရှိနေပြီး မထင်မှတ်ထားသော တိုက်ခိုက်မှုများ ရောက်လာလျှင် ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့၏။

"ဒဏ္ဍာရီထဲက မကောင်းဆိုးဝါးသခင်အကြောင်း ကြားလိုက်ရတဲ့အချိန်မှာ ငါက အလားတူ ဒဏ္ဍာရီတစ်ခုကို စဉ်းစားမိသွားတယ်... ။ ဒါပေမဲ့ ဒီရုပ်တုကို မြင်လိုက်ရတဲ့အချိန်ကျမှ ငါက ဘာလို့ အဲဒီလို ခံစားမှုမျိုး ရလိုက်တာလဲဆိုတာ သိတော့တယ်... "

ကျန်းကျိဝေ၏အသံက မုန့်ချီ၏နားထဲတွင် ငှက်အော်သံတစ်ခုကဲ့သို့ ကျရောက်လာခဲ့သည်။ ထိုအရာက သူမ၏လျှို့ဝှက်အသံပို့ဆောင်မှု ဖြစ်၏။

မုန့်ချီကလည်း သူမ၏သင်ကြားပေးမှုများကြောင့် လျှို့ဝှက်အသံပို့ဆောင်မှုကို အနည်းငယ် နားလည်လာခဲ့သည်။ ထို့ကြောင့် သူလည်းပြန်မေးလိုက်၏။

"ဘာလို့လဲ... "

ကျန်းကျိဝေက ပြောလိုက်သည်။

"ငါတို့ကမ္ဘာကြီးထဲမှာလည်း တူညီတဲ့ဒဏ္ဍာရီတစ်ခု ရှိခဲ့တယ်...။ ရှေးတုန်းကဆိုရင် မကောင်းဆိုးဝါးတွေက အင်အားအကြီးဆုံး အင်အားစုတစ်ခုဖြစ်ခဲ့တယ်... "

"သူတို့တွေကလည်း အတူတူပဲလား... "

မုန့်ချီကလည်း အံ့အားသင့်စွာ မေးလိုက်၏။

"အတူတူပဲ ။ ဒီနေရာမှာတော့ မကောင်းဆိုးဝါးသခင်က ကောင်းကင် (၉) သွယ်ကို ချိုးဖောက်ဖို့ ကြိုးစားခဲ့တဲ့အချိန်မှာ အိင်မော်တယ်တွေရဲ့သတ်ဖြတ်ခြင်းကို ခံလိုက်ရတဲ့အတွက် သူ့ရဲ့ခန္ဓာကိုယ်က မြေပြင်ပေါ် ပြုတ်ကျသွားခဲ့တယ်... ။ ဒါပေမယ့် ငါတို့ရဲ့ကမ္ဘာကြီးထဲမှာတော့ မကောင်းဆိုးဝါးသခင်က နတ်ဆိုးတွေကို ဦးဆောင်ပြီး ကောင်းကင် (၉) သွယ်ကို သွားခဲ့တယ်... ။ ပြီးတော့ နတ်ဆိုးကမ္ဘာကြီးထဲမှာရှိတဲ့ သတ္တဝါတွေကို ဦးဆောင်ပြီး ကောင်းကင်ခုံရုံးကို တိုက်ခိုက်ခဲ့တယ်... ။ သူ့ရဲ့တိုက်ခိုက်မှုကြောင့် ဒုက္ခကပ်ဆိုးကြီးတွေဖြစ်လာခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ကို ကောင်းကင်ဧကရာဇ်က ကောင်းကင်တံဆိပ်နဲ့ သတ်ပစ်နိုင်ခဲ့တယ်... ။ အဲဒီအချိန်ကစပြီး ကောင်းကင် (၉) သွယ်က ငါတို့ကမ္ဘာကြီးထဲကနေ လုံးဝပျောက်ကွယ်ခဲ့တာပဲ…"

"ဒါက တော်တော်လေးကို တူနေတယ်... "

မုန့်ချီက ပုံပြင်ဒဏ္ဍာရီနှစ်ခုကို တပြိုင်နက်တည်း ကြားလိုက်ရသည့်အချိန်တွင် အနည်းငယ် အံ့သြသွားခဲ့သည်။ သူတို့က ထိုမျှတူညီနေခြင်းပေလော။

ကောင်းကင် (၉) သွယ် ၊ အင်မော်တယ် ၊ ကောင်းကင်ခုံရုံးနှင့် ကောင်းကင်ဧကရာဇ် ဟူသည်မှာ ထူးခြားသော နာမည်အသုံးအနှုန်းများ မဟုတ်ကြပေ။ သူက ပြန်မေးလိုက်၏။

"ငါတို့ကမ္ဘာကြီးထဲမှာရော မကောင်းဆိုးဝါးသခင်ရဲ့ခန္ဓာကိုယ်က ဘယ်နေရာမှာလဲ... "

"ငါလည်းမသိဘူး... ။ ကောင်းကင်ခုံရုံး ပျက်စီးသွားတဲ့အချိန်မှာ အဲဒါနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေ ဘာမှမရှိတော့ဘူး... ။ ရွှမ်တျန်းဂိုဏ်းကတော့ တစ်ခုခု သိနေနိုင်တယ်."

ကျန်းကျိဝေက သေချာစဉ်းစားပြီး ပြန်ဖြေလိုက်၏။

အကြောင်းအရင်းကလည်း ရွှမ်တျန်းဂိုဏ်းက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဟု ကြေညာထားခဲ့ခြင်းကြောင့် ဖြစ်သည်။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာတွင် သူတို့၏ တည်ထောင်သူ ဘိုးဘေးများက ကောင်းကင်ခုံရုံး၏ အပျက်အစီးများ ကြားထဲတွင် ကောင်းကင်ဧကရာဇ်ကို တွေ့လိုက်ရခြင်းကြောင့်လည်း ဖြစ်သည်။

သူတို့က အချိန်အရိပ်ဓားကို ရရှိခဲ့ပြီး တစ်ချိန်တည်းတွင် ကောင်းကင်ဧကရာဇ် သိုင်းကျမ်း တစ်စိတ်တစ်ပိုင်းကိုလည်း တွေ့ခဲ့ရသည်။

မကောင်းဆိုးဝါးသခင်နှစ်ယောက်က တစ်ယောက်တည်းဖြစ်မည်ဟု မုန့်ချီက တွေးခဲ့မိ၏။ သို့သော် ဤကမ္ဘာကြီးထဲတွင် ရှိနေသော မကောင်းဆိုးဝါးသခင်က အလွန်အစွမ်းထက်နေခြင်း မရှိချေ။

"ကောင်းကင်ခုံရုံးကို တိုက်ခိုက်နိုင်မှတော့ မကောင်းဆိုးဝါးသခင်ရဲ့အစွမ်းက တော်တော်လေးကို ကြောက်စရာကောင်းနိုင်တယ်။ သူက ဘယ်အဆင့်ကို ရောက်နေပြီလဲ... "

မုန့်ချီက သံသယဝင်စွာ မေးလိုက်သည်။

ကျန်းကျိဝေက ခဏကြာစဉ်းစားပြီး ပြောလိုက်၏။

"ကြားရတာတွေကတော့ မကောင်းဆိုးဝါးသခင်က အပြင်ဘက်လေဟာနယ်ထဲမှာ မကောင်းဆိုးဝါးကမ္ဘာကြီးကို ဖန်တီးနိုင်ပြီလို့ ပြောကြတယ်... ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကောင်းကင် (၉) သွယ်က ပျောက်ကွယ်သွားပြီး ကောင်းကင်ခုံရုံးကလည်း ပျက်စီးသွားခဲ့တယ်... ။ ကောင်းကင်ဧကရာဇ်လည်း သေဆုံးသွားခဲ့တာပဲ ။ ဒါက မကောင်းဆိုးဝါးသခင်နဲ့ တိုက်ပွဲရလဒ်ဖြစ်မယ်ထင်တယ်.."

ဓမ္မကာရအဆင့်ကို အဆင့်ပေါင်းမည်မျှ ခွဲခြားထားကြောင်း သူမလည်း သေချာမသိခဲ့ပေ။ ဓမ္မကာရအဆင့်ထက် ပို၍အစွမ်းထက်သော အဆင့်ရှိမရှိကိုပင် သူမက မသိခဲ့ပေ။ သူမကတော့ ကြားထားသော သတင်းများအတိုင်းသာ ပြောပြခဲ့ခြင်းဖြစ်သည်။

"ကောင်းကင်ဧကရာဇ်ကို ဘယ်သူကသတ်လိုက်တာလဲ... ။ ပြီးတော့ ကောင်းကင်ခုံရုံးက ဘာလို့ပျက်စီးသွားရတာလဲ... "

မုန့်ချီက မနေနိုင်တော့ပဲ မေးလိုက်မိသည်။ သူက ထိုအကြောင်းကို ဒုတိယတစ်ကြိမ် ကြားလိုက်ရသလို ခံစားနေရ၏။ ထိုအရာက အစွမ်းထက်သော လူတစ်ယောက်ပင် လုပ်နိုင်သော အရာမျိုး မဟုတ်ချေ။

ကျန်းကျိဝေက ခေါင်းခါပြလိုက်၏။

"အဲဒါက ရှေးဟောင်းလျှို့ဝှက်ချက်တစ်ခုပဲ ။ ငါတို့က မှတ်တမ်းတွေထဲမှာပဲ ရှာကြည့်လို့ရတယ်...။ တစ်နေ့မှာတော့ ကောင်းကင်လှေကားက ပျက်စီးသွားပြီး ကောင်းကင်ဘုံခုံရုံးက ပြုတ်ကျလာခဲ့တယ်..။ မြေပြင်ပေါ်မှာလည်း တိမ်တိုက်တွေ လွှမ်းခြုံနေပြီး (၉) ရက်လုံးလုံး ဖုန်တွေပြည့်နေတယ်... ။ အဲဒီအချိန်ကတည်းကစပြီး ကောင်းကင် (၉) သွယ်က ထာဝရပျောက်ကွယ်သွားခဲ့တာပဲ…"

မုန့်ချီက သက်ပြင်းချလိုက်မိသည်။ သူကတော့ ဆက်လက်မေးချင်နေသော မေးခွန်းများကို ထိန်းချုပ်လိုက်ပြီး မကောင်းဆိုးဝါးသခင်ကို ပြန်လှည့်ကြည့်လိုက်၏။

"ကျိဝေ...

ဒီမကောင်းဆိုးဝါးသခင်ရုပ်တုကို မြင်လိုက်ရတဲ့အချိန်မှာ ငါတို့ကမ္ဘာကြီးထဲမှာရှိတဲ့ ဒဏ္ဍာရီကို ဘယ်လိုလုပ်ပြီး စဉ်းစားမိခဲ့တာလဲ... "

သူတို့ထဲတွင် ထူးခြားသောလက္ခဏာများ ရှိနေခြင်းပေလော။

"ဒါကြောင့်လေ... "

ကျန်းကျိဝေက မကောင်းဆိုးဝါးသခင် ရုပ်ထု၏ လက်ဖဝါးကို လက်ညှိုးထိုးပြလိုက်၏။

"ငါတို့ကမ္ဘာကြီးထဲမှာရှိတဲ့ ပုံပြင်ဒဏ္ဍာရီတွေအရ မကောင်းဆိုးဝါးသခင်က ကောင်းကင်(၉)သွယ် မကောင်းဆိုးဝါးတွေထဲမှာ သာမန်အဖွဲ့သားတစ်ယောက်ပဲ ။ နောက်ပိုင်းမှာတော့ သူက မထင်မှတ်ဘဲ နတ်ဆိုးအင်ပါယာရဲ့ လက်သည်းကို ရခဲ့ပြီးတော့ ကြောက်စရာအကောင်းဆုံး မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လာခဲ့တယ်... ။ အဲဒီလက်ဝါးက နတ်ဆိုးအင်ပါယာရဲ့ လက်သည်းနဲ့ တော်တော်လေးကို တူနေတယ်.."

မုန့်ချီက သံသရာသခင်၏ စာရင်းထဲတွင် နတ်ဆိုးအင်ပါယာ၏လက်သည်းကို မြင်ခဲ့ဖူးသည်။ ထိုအရာက ပြိုင်ဖက်ကင်း နတ်ဘုရားလက်နက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကံကြမ္မာအမှတ် (၁) သိန်းကျော် တန်ကြေးရှိသည်။ ထိုအရာက ကောင်းကင် (၉) သွယ်မှ နတ်ဆိုးအင်ပါယာ၏ အမွေအနှစ်လည်း ဖြစ်၏။

သံသရာအရှင်သခင် ပြောပြခဲ့သော အချက်အလက်များအရ ကောင်းကင်ဧကရာဇ်က နတ်ဆိုးအင်ပါယာနှင့် တိုက်ခိုက်ခဲ့သည့်အချိန်တွင် ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့ပြီး ကောင်းကင် (၉) သွယ်သို့ပြန်ပြေးသွားခဲ့သည်။ သူ မသေခင် ကျိန်စာ (၇)ခု ကျိန်ဆိုခဲ့၏။ သူက အရာအားလုံးကို ကျိန်စာတိုက်ခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင်တော့ သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး လက်သည်း တစ်ခုတည်းသာ ကျန်နေခဲ့၏။ ထိုလက်သည်းကို ပိုင်ဆိုင်သောသူတိုင်းက နတ်ဆိုးအင်ပါယာ၏ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်နိုင်ပြီး ကောင်းကင်သိမြင်ခြင်းအဆင့်ကို ရောက်နိုင်သည်။

သို့သော် ကျိန်စာ (၇) မျိုး၏သက်ရောက်ခြင်းကို ခံလိုက်ရသော ပိုင်ရှင်၏ခံစားချက်များက တဖြည်းဖြည်း ပြောင်းလဲလာနိုင်၏။ သူကတော့ ဤကမ္ဘာကြီးထဲတွင် ရှိနေသော အရာအားလုံးကို ဖျက်ဆီးပစ်ခြင်းက သူ၏တာဝန်ဟု သတ်မှတ်လာနိုင်၏။ ထို့ကြောင့် ကြောက်စရာအကောင်းဆုံးလက်နက်များထဲမှ တစ်ခုဖြစ်သော နတ်ဆိုးအင်ပါယာလက်သည်းက ထိပ်တန်းပြိုင်ဖက်ကင်း နတ်ဘုရားလက်နက် (၁၀) မျိုးထဲတွင် ဈေးအနည်းဆုံးလည်း ဖြစ်နေခဲ့သည်။

မုန့်ချီကတော့ အလွန်ထူးခြားသော မကောင်းဆိုးဝါးသခင်၏ လက်ဝါးကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်၏။ ထိုအချိန်တွင် သူ၏ခေါင်းထဲ၌ အမုန်းတရားများ ၊ ဆန္ဒများ ၊ လောဘများ ပြည့်နှက်လာပြီး ဤကမ္ဘာကြီးကို ဖျက်ဆီးပစ်လိုစိတ်များ ပေါ်လာသည်။

ယခုတစ်ကြိမ်တော့ သူက ပို၍အာရုံစိုက်ထားသည့်အတွက် သိပ်မကြာခင် မျက်ခုံးထဲမှနေ၍ နာကျင်မှုကို ခံစားလိုက်ရ၏။ သူက အိပ်ချင်လာပြီး ခေါင်းထဲတွင် မူးဝေဝေ ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူလည်း ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ရ၏။

"ဒီလက်သည်းက ဘာတွေဖြစ်နေတာလဲ... "

မုန့်ချီက သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီးနောက် မေးလိုက်၏။

ကျန်းကျိဝေက ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။

"ကောင်းကင်ဧကရာဇ်က မကောင်းဆိုးဝါးသခင်ကို သတ်နိုင်ခဲ့ပြီး သူ့ရဲ့လက်သည်းကတော့ ပျောက်သွားတယ်... ။ နောက်ပိုင်းမှာတော့ လူတစ်ယောက်က အဲဒါကို ရှာတွေ့သွားပြီး မကောင်းဆိုးဝါး အင်ပါယာရဲ့ ဒဏ္ဍာရီထဲက အတိုင်း စတင်လုပ်ဆောင်ခဲ့တယ်..။ ဒါပေမဲ့ ဆန်းကြယ်ရေးခေတ်ကာလရဲ့ အဆုံးမှာတော့ မကောင်းဆိုးဝါးအင်ပါယာက သက်တမ်းကုန်ပြီး သေသွားခဲ့တယ်... ။ အဲဒီနောက်မှာတော့ လက်သည်းက အလယ်ခေတ်မှာ အကြိမ်ပေါင်းများစွာ ပေါ်လာခဲ့တယ်... ။ တစ်ကြိမ်ပေါ်လာခဲ့တဲ့အချိန်တိုင်း လူသန်းပေါင်းများစွာ သေကြေပျက်စီးခဲ့ရတယ်..။ လက်သည်းရဲ့နောက်ဆုံးပိုင်ရှင်က လွန်ခဲ့တဲ့နှစ်ပေါင်း (၂)သောင်းလောက်မှာ သူ့ရဲ့ရန်သူသတ်လို့ သေသွားခဲ့ပြီ ။ အဲဒီအချိန်ကတည်းကစပြီး လက်သည်းက ခြေရာလက်ရ မရှိ ပျောက်ကွယ်နေခဲ့တာပဲ …"

"ဒါဆိုရင် သံသရာအရှင်သခင်ရဲ့လက်ထဲကို ရောက်သွားတာများလား... "

မုန့်ချီက ချွေးစေးများကို သုတ်လိုက်မိသည်။ လက်သည်းက ပျောက်ဆုံးနေသော အရာတစ်ခု မဟုတ်ကြောင်း သံသရာအရှင်သခင်၏ စာရင်းထဲတွင် ရေးထားခဲ့သည်။

ကျန်းကျိဝေက အလေးအနက် ပြောလိုက်၏။

"ဖြစ်နိုင်ခြေတစ်ခုတော့ ရှိတယ်... "

မုန့်ချီက ပြန်မေးရန်ပြင်လိုက်စဉ် အကြီးအကဲချန်းက ကျယ်လောင်စွာ အော်ပြောလိုက်၏။

"ငါက လျှို့ဝှက်လမ်းကြောင်းတစ်ခုတွေ့တယ်..။ သူတို့က အဲဒီကနေဖြတ်သွားတာ... "

သူတို့က ချက်ချင်းပင် အတွေးများကို ဖယ်ရှားလိုက်ပြီး ရုပ်တု၏အနောက်သို့ လျှောက်သွားခဲ့ကြသည်။ ထိုအနောက်တွင် ရှိနေသော ဘုလုံးလေးတစ်ခုကို နှိပ်လိုက်ရာ သူတို့၏မျက်စိရှေ့တွင် လျှို့ဝှက်လမ်းကြောင်းတစ်ခု ပေါ်လာခဲ့၏။

သူတို့က ဆက်လိုက်ရမည်လော ၊ ရပ်နေရမည်လော။ သူတို့က လျှို့ဝှက်လမ်းကြောင်းထဲ၌ ထောင်ချောက်များ ရှိနေမှာကို စိုးရိမ်နေကြ၏။ သို့သော် အကြောင်းပြချက် အမျိုးမျိုးကြောင့် သူတို့က ဆက်၍လိုက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့က အကြီးအကဲလီတို့ကို ကျောင်းဆောင်ထဲတွင် နေခိုင်းပြီး ဝင်ပေါက်ကို စောင့်ကြပ်ခိုင်းခဲ့သည်။ အကယ်၍ တစ်စုံတစ်ခု ဖြစ်လာမည်ဆိုလျှင် သူက လျှို့ဝှက်လမ်းကြောင်းထဲတွင် ရှိနေသော အကြီးအကဲချန်းကို လျှို့ဝှက်ခြင်းစွမ်းရည်သုံး၍ ဆက်သွယ်ပေးနိုင်သည်။ ထို့ပြင် ရန်သူများက လျှို့ဝှက်လမ်းကြောင်းထဲကို ဝင်မလာနိုင်ရန်လည်း တားဆီးထားခြင်း ဖြစ်၏။

လှေကားမှ ဆင်းလာပြီးနောက် အတွင်းထဲတွင် အလွန်နက်မှောင်နေကြောင်း သူတို့က တွေ့လိုက်ရသည်။ သူတို့တစ်ယောက်ချင်းဆီက လက်ထဲတွင် မီးတုတ်တစ်ခုဆီကို ကိုင်ထားကြပြီး တခြားလက်တစ်ဖက်ကတော့ သူတို့၏ လက်နက်များကို တင်းတင်းကျပ်ကျပ် ကိုင်ထားကြသည်။

လော်ရှန်းကျိနှင့် အကြီးအကဲချန်းတို့က သူတို့၏နောက်မှ သတိထား၍ လိုက်လာနေကြပြီး လျှို့ဝှက်လမ်းကြောင်း၏ ဘေးနှစ်ဖက်တွင် စက်ယန္တရားများ ၊ လျှို့ဝှက်လက်နက်များ တပ်ဆင်ထားခြင်းရှိမရှိ စစ်ဆေးနေကြ၏။

သို့သော် မကောင်းဆိုးဝါးသခင်၏ ပြိုင်ဖက်ကင်း ပန်းချီများကို ရေးဆွဲထားခြင်းက လွဲလျှင် လမ်းကြောင်းတလျှောက်၌ ဖုန်မှုန့်တစ်ခုကိုပင် မတွေ့ခဲ့ရပေ။ ခဏကြာ လျှောက်လှမ်းနေပြီးနောက် လမ်းကြောင်းက တဖြည်းဖြည်းကျယ်လာပြီး မြေအောက်ခန်းမကြီး တစ်ခုထဲသို့ ရောက်သွားကြောင်း တွေ့လိုက်ရ၏။

သူတို့၏မျက်နှာချင်းဆိုင်တွင်တော့ အလွန်ထူးဆန်းသော ပုံစံကွက်များပြည့်နေသည့် ကျောက်တုံးတံခါးတစ်ခု ရှိနေသည်။ ထိုကျောက်တံခါးက ရောင်စုံတောက်ပနေပြီး မကောင်းဆိုးဝါး အငွေ့အသက်များ လွှမ်းခြုံနေ၏။ ထို့ပြင် တံခါးကြီးကို အလွန်ကြီးမားသော ကျောက်တုံးကြီးများနှင့် ပိတ်ထားခဲ့သည်။

ထိုကျောက်တုံးပုံကြီးပေါ်တွင်တော့ လူတစ်ယောက် ထိုင်နေခဲ့၏။ သူကတော့ ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးနေပုံရသည်။

"မြေပြင်သခင်... "

အကြီးအကဲချန်းက ရေရွတ်လိုက်၏။

"အဂတိလက်ညှိုး... "

မုန့်ချီတို့အားလုံးကလည်း တီးတိုးရေရွတ်လိုက်မိ၏။ ကူရှောင်စန်းက မြေပြင်သခင်ကို အမှန်တကယ် သတ်ပစ်ခဲ့ခြင်း ဖြစ်လေသည်။

Translated by Hein Htet

All Chapters