အခန်း (၁၀၆)
Vol. 8 Ch. 106
စိတ်သက်သာရာရစွာ ပြုံးနေသော မြေပြင်သခင်၏ မျက်နှာကို မြင်လိုက်ရသည့် အချိန်တွင် မုန့်ချီတို့အားလုံးကတော့ နောက်ကျောတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။
ကူရှောင်စန်းက မည်သည့်အရာကို စဉ်းစားနေခဲ့သနည်း။ ဘာကြောင့် သူမက မြေပြင်သခင်ကို သတ်ပစ်ချင်နေရသနည်း။ သူမက သူတို့လမ်းပျောက်မသွားစေရန် တမင်တကာ ခြေရာလက်ရာများ ချန်ထားခြင်းလေလော။
ထိုနတ်ဆိုးမက မတူညီသော အကျင့်စရိုက်(၂)မျိုးရှိနေပြီး သူမ၏ ဆန္ဒကို ခန့်မှန်းကြည့်ရန် ခက်ခဲသည်။ သူမက အဖွဲ့သားကိုပင် နာနာကျင်ကျင် သေဆုံးသွားအောင် လုပ်နိုင်၏။ ထိုအရာကို စဉ်းစားမိသည့်အခါ အရိုးထဲ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။
မုန့်ချီတို့အားလုံးက နောက်ကို သတိလက်လွတ် ပြန်ဆုတ်သွားခဲ့မိသည်။ သူတို့က ခန်းမထဲသို့ ဆင်းလာသော လှေကား၏ ဝင်ပေါက်ကို ကာကွယ်ထားကြ၏။ သို့သော် သူတို့ဆီတွင် လူအရေအတွက် ပိုများနေသည့်အတွက် ကြောက်စရာ မလိုအပ်ပေ။
ကူရှောင်စန်းကသာ ဝေ့ကျင်းတစ်ဝက်အဆင့်ကို မရောက်သရွေ့ သူမတစ်ယောက်တည်းနှင့် သူတို့အားလုံးကို သတ်နိုင်မည် မဟုတ်ချေ။ ထို့ပြင် သူမ၏အဖွဲ့မှ လူ(၂)ယောက်ကိုလည်း နောက်မှ လိုက်လံတိုက်ခိုက်နေသည့်အတွက် သူတို့က ဤနေရာကို ရောက်မလာနိုင်ကြပေ။
"ဘာမှမကြောက်ပါနဲ့…။ ငါက နင်တို့ကို ခြောက်လှန့်ရုံ သက်သက်လုပ်နေတာ မဟုတ်ဘူး…"
ခန်းမထဲတွင် ကူရှောင်စန်း၏ အသံကို ကြားလိုက်ရသည်။ မုန့်ချီတို့အားလုံး သူမ၏ စကားကို ရှင်းရှင်းလင်းလင်းကြားလိုက်ရ၏။
သူမက အလွန်ကြီးမားသော ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထိုင်နေပြီး မျက်နှာလေးက ပြုံးနေသည်။ သူမက အဖြူရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ခြေထောက်များကို လေတွင် လွှဲရမ်းနေခဲ့သည်။
"တိုက်ခိုက်ကြစို့…"
လော်ရှန်းကျိက အသံတိုးတိုးနှင့် ညွှန်ကြားလိုက်၏။
“ငါတို့က အဲဒီနတ်ဆိုးမကို အချိန်ဆွဲဖို့ အခွင့်အရေးမပေးနိုင်ဘူး။ သူ့ဆီမှာ ဘယ်လိုအစီအစဉ်ပဲ ရှိရှိ ငါတို့သာ သူ့ကို တိုက်ခိုက်လိုက်မယ်ဆိုရင် ဖျက်ဆီးဖို့ အခွင့်အရေးရနိုင်တယ်။ သူသာ အသက်မဆုံးရှုံးချင်ဘူးဆိုရင် ထွက်ပြေးမှာပဲ…"
မုန့်ချီနှင့် ကျန်းကျိဝေတို့ကလည်း လော်ရှန်းကျိကဲ့သို့ တူညီသော အတွေးတစ်ခုဆီ ရှိကြသည်။ သူတို့က အင်အားသုံးပြီးဖြေရှင်းရန် စဉ်းစားလိုကြ၏။ သူတို့က တိုက်ခိုက်ရန်အတွက် ဓားသွားများကို လှုပ်ရှားလိုက်သည်။
ကူရှောင်စန်းကတော့ အလေးချိန်မရှိသလို ထင်မှတ်ရသည်။ သူမက တိုက်ခိုက်မှုများကို ရှောင်တိမ်းပြီး ကျောက်တုံးတံခါး၏ ရှေ့တွင် ဆင်းသက်၍ တိုးတိုးလေး ရယ်လိုက်၏။
"နင်တို့တွေက အတွင်းထဲက ဆူညံသံတွေ လှုပ်ရှားမှုတွေကို မကြားကြဘူးလား.."
“တောက် …တောက် .. တောက်…
ဖျောက်…ဖျောက်…”
သူမပြောလိုက်သည့် အချိန်တွင် ကျောက်တုံးတံခါးကို တစ်စုံတစ်ခုက ရိုက်ခတ်နေကြောင်း ကြားလိုက်ရသည်။
ထိုအရာကို မြင်သည့်အခါ မုန့်ချီကတော့ အချိန်ဖြုန်းရမှာကို ပို၍ပင် ကြောက်လန့်သွားခဲ့၏။ သူက နေမင်းနီ မကောင်းဆိုးဝါးဓားကို ဝှေ့ယမ်းပြီး ကူရှောင်စန်းကို တိုက်ခိုက်လိုက်သည်။
ကျန်းကျိဝေကလည်း သူမ၏ ဓားနှင့် တိုက်ခိုက်နေခဲ့၏။ ဓားအလင်းရောင် တောက်ပနေသည့်အချိန်တွင် သူမက ရာမဖိတ်ခေါ်ခြင်း သိုင်းကွက်ကို သုံးလိုက်သည်။
လော်ရှန်းကျိကတော့ သူ၏လက်သီးနှင့် တိုက်ခိုက်လိုက်၏။ လက်သီးချက်တွင် အပေါ်ယံ လှုပ်ရှားမှုများမပါသလို ပြောင်းလဲမှုများလည်း မပါဝင်ခဲ့ပေ။ ထိုအရာက အလွန်အစွမ်းထက်သော တိုက်ခိုက်မှုတစ်ခုသာ ဖြစ်၏။
ချီကျန်းရန်ကလည်း သူ၏ရွှေရောင်ဓားကို ဆွဲထုတ်လိုက်၏။ တိုက်ခိုက်မှုများကြောင့် ကျောက်တုံးကြီးများက အပိုင်းပိုင်းအစစ ပျက်စီးသွားပြီး ဓားသွားက ကူရှောင်စန်းဆီကို ရောက်လာခဲ့သည်။
သို့သော် ထိုခဏတွင် ကျောက်တုံးတံခါးကြီးက ပွင့်လာပြီး အလွန်များပြားသော မကောင်းဆိုးဝါးချီစွမ်းအင်များ ပျံ့နှံ့လာ၍ မုန့်ချီတို့ကို လွှမ်းခြုံသွားခဲ့သည်။ မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက်ပေါ်လာပြီး သူ၏ မျက်ခုံးကြားထဲတွင်လည်း စတင်လှုပ်ရှားလာခဲ့သည်။
သို့သော် မကောင်းဆိုးဝါးချီစွမ်းအင်များက သူတို့ကို လွှမ်းမိုးသွားသည့်အချိန်တွင် မည်သည့်အရာကိုမျှ မမြင်ရတော့ဘဲ အမှောင်ထုကြီးသာ ကြီးစိုးလာခဲ့၏။
…………
အထွဋ်အမြတ်မီးတောက်တောင်တန်း၏ အပေါ်ဘက်တွင်တော့ မကောင်းဆိုးဝါး မီးတောက်များကဲ့သို့ လောင်ကျွမ်းနေသော အရာတစ်ခုရှိသည်။ ထိုအရာဆီမှ မကောင်းဆိုးဝါးချီစွမ်းအင်များ ဆက်တိုက် ထွက်ပေါ်လာနေသည့်အတွက် အနီးအနားတွင် ရှိနေသော အရာအားလုံးကို လွှမ်းခြုံသွားပြီး တောင်ထိပ်ပေါ်တွင် မကောင်းဆိုးဝါးဆန်ပြီး သွေးဆာနေသည့် မြင်ကွင်းမျိုး ပေါ်လာခဲ့သည်။
ထိုအရာကတော့ မကောင်းဆိုးဝါးအုတ်ဂူဖြစ်သည်။ လောင်ကျွမ်းနေသော မကောင်းဆိုးဝါးမီးတောက်များကြောင့် ထိုအရာကို အထွဋ်အမြတ်မီးတောက် တောင်တန်းဟု နာမည်ပေးထားခဲ့ခြင်း ဖြစ်သည်။
မကောင်းဆိုးဝါးအုတ်ဂူ၏ ရှေ့တွင်တော့ အလွန်ကြီးမားသော ကျောင်းဆောင်ကြီးတစ်ခု ရှိနေပြီး နတ်ဆိုးကိုးကွယ်သူ တပည့်များစွာက ဝင်လိုက်ထွက်လိုက် ရှိနေသည်။ သူတို့က မကောင်းဆိုးဝါးသခင်ကို အရိုအသေပေးနေကြပြီး အရာအားလုံးကို အစီအစဉ်တကျ ငြိမ်းငြိမ်းချမ်းချမ်း လုပ်ဆောင်နေကြပုံ ရသည်။
ရုတ်တရက်ဆိုသလို မကောင်းဆိုးဝါးအုတ်ဂူက ပွင့်ထွက်လာပြီး မကောင်းဆိုးဝါးချီစွမ်းအင်များက ကောင်းကင်ပေါ်သို့ မြင့်တက်လာခဲ့သည်။ သိပ်မကြာခင် ထိုတပည့်များက ကျယ်လောင်စွာ အော်ဟစ်လိုက်မိကြ၏။
"မကောင်းဆိုးဝါးအုတ်ဂူ……မကောင်းဆိုးဝါးအုတ်ဂူက လုံးဝပွင့်သွားပြီ…"
တောင်ထိပ်ပေါ်တွင် ရှိနေသော အကြီးအကဲတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဒဏ္ဍာရီများအရ ရေစက်ဆုံသည့် လူတစ်ယောက် ရောက်လာသည့် အချိန်မှသာ မကောင်းဆိုးဝါးအုတ်ဂူက လုံးဝပွင့်လာမည်ဟု ပြောခဲ့ကြသည်။ သူက မကောင်းဆိုးဝါးသခင်၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရနိုင်ပြီး ကမ္ဘာကြီးကို မကောင်းဆိုးဝါးစွမ်းအင်များနှင့် နောက်တစ်ကြိမ် လွှမ်းမိုးနိုင်ပါလိမ့်မည်။
မကောင်းဆိုးဝါးကိုးကွယ်သူ အကြီးအကဲများ၊ တပည့်များအားလုံးက မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိကြ၏။ ရှေးဟောင်း ဒဏ္ဍာရီများက အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု သူတို့လည်း မယုံကြည်နိုင်ကြပေ။
ဟူပုဝေ၏ နောက်သို့ လိုက်သွားနေခဲ့သော ကူကုံရှန်ကလည်း ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ရာ ကောင်းကင်ပေါ်၌ လွှမ်းခြုံနေသော အနက်ရောင်မြူခိုးများကို တွေ့လိုက်ရသည်။ အဝေးမှနေ၍ပင် မကောင်းဆိုးဝါးဆန်သော အငွေ့အသက်များ၊ သွေးဆာနေသော အငွေ့အသက်များကို ခံစားမိလိုက်၏။
“ဝှီးးး.ဝှစ်….”
ကူကုံရှန်၏ လက်ထဲတွင် ရှိနေသော လေတိမ်တိုက်ဓားဆီမှ အသံများစတင် ထွက်ပေါ်လာခဲ့၏။ လေလှိုင်းများကလည်း တဖြည်းဖြည်းပို၍ အစွမ်းထက်လာခဲ့သည်။ ထိုအချိန်တွင် အစစ်အမှန်နဂါးနှင့် ကျားဖြူက ဓား၏ ကိုယ်ထည်ထဲသို့ ပေါင်းစပ်သွားပြီး အသက်ဝင်လာသလို ထင်မှတ်ရ၏။ ထို့ကြောင့် ကူကုံရှန်ကပင် တစ်ကိုယ်လုံးတုန်ယင် သွားခဲ့သည်။
“ဝှစ်….”
လေတိမ်တိုက်ဓားက ကူကုံရှန်၏ လက်ထဲမှ လွတ်ထွက်သွားခဲ့ပြီး အထွဋ်အမြတ်မီးတောက် တောင်ထိပ်ဆီသို့ ဦးတည်သွားခဲ့သည်။
ထိုအချိန်တွင် မိန်းကလေးဟွမ်၏ ထိုက်ဟွာဓားနှင့် ပေါ်တယ်စောင့်အကြီးအကဲ၏ မနက်ခင်းစန္ဒာအံစာတုံးတို့ကလည်း ကြောက်စရာစွမ်းအားများကို ပြသပြီး တိမ်တိုက်ထဲသို့ ပျံသန်းသွားကြ၏။ သူတို့က အထွဋ်အမြတ်မီးတောက် တောင်တန်းဆီသို့ ပျံသန်းသွားခဲ့ခြင်းဖြစ်သည်။
ငွေဖြူရောင် သံလက်အိတ်ပေါ်တွင်လည်း ကြယ်ပွင့်များတောက်ပလာခဲ့သည်။ ထို့ကြောင့် လူသားသခင်က တစ်ကိုယ်လုံး တုန်ယင်နေပြီး ထိုအရာကို ဖိနှိပ်ရန် ကြိုးစားနေရ၏။
“ဝှစ်…”
ကြယ်ခူးလက်အိတ်က သူ့လက်ထဲမှ လွတ်သွားပြီး အထွဋ်အမြတ်မီးတောက် တောင်တန်းဆီ ဦးတည်သွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ……"
ယွင်ထင်ဖုန်းက အရာအားလုံးကို ကြည့်ပြီး ထိတ်လန့်နေခဲ့သည်။
လူသားသခင်ကတော့ အတော်လေးကို ထူးဆန်းနေခဲ့၏။ သူက ဝမ်းသာရမလား…စိုးရိမ်ရမလား…ရှင်းရှင်းလင်းလင်း မသိသေးပေ။
“ရေစက်ရှိသူ တစ်ယောက်တော့ ဒီနေရာကို ရောက်နေပြီ။ မကောင်းဆိုးဝါးအုတ်ဂူက လုံးဝကို ပွင့်လာတော့မယ် ။ ပိတ်လှောင်ခြင်းမှော်လက်နက်(၄)မျိုးက တံဆိပ်ကို ဖျက်စီးလိုက်တဲ့အတွက် သူတို့ရဲ့တာဝန်အတိုင်း လှုပ်ရှားလိုက်ကြတာ။ သူတို့က စွမ်းအားအပြည့် ပြန်ရလာနေကြပြီ။ သူတို့က မကောင်းဆိုးဝါးအုတ်ဂူကို ဖိနှိပ်ဖို့ ထွက်သွားကြတာပဲ…"
ပိတ်လှောင်ရေး လက်နက်(၄)ခုတွင် စိတ်ဝိညာဉ်မရှိသလို ဉာဏ်ရည်လည်းမရှိချေ။ သို့သော် သူတို့က ဖန်တီးသူ၏ စိတ်ဆန္ဒအတိုင်း လှုပ်ရှားနိုင်ကြ၏။ ထို့ကြောင့် ထိုစွမ်းအင်များ ပေါက်ကွဲလာသည့်အချိန်တွင် သူတို့ကတော့ မူလရည်မှန်းချက်အတိုင်း မကောင်းဆိုးဝါးအုတ်ဂူကို ဖိနှိပ်ရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။
သို့သော် သူတို့က ထိုအရာကို ဖိနှိပ်ရန်သာ ဖြစ်၏။ အကယ်၍ နောက်တစ်ကြိမ် ပိတ်လှောင်ချင်သည်ဆိုလျှင်တော့ တစ်စုံတစ်ယောက်က ထိန်းချုပ်ရန် လိုအပ်သည်။
"ရေစက်ရှိတဲ့သူလား… "
ယွင်ထင်ဖုန်းက မျက်မှောင်ကြုတ်၍ အဝေးကို လှမ်းကြည့်လိုက်မိ၏။ အထွဋ်အမြတ်မီးတောက်တောင်တန်းဆီကို မည်သူမျှ မရောက်သေးဘဲ ရေစက်ရှိသည့်သူက မည်သည့်နေရာမှ ရောက်လာခဲ့သနည်း။
"သူ……သူများ ဖြစ်နေမလား…"
ရုတ်တရက်ဆိုသလို သူက အလွန်လှို့ဝှက်ဆန်းကြယ်သော မိန်းကလေးကျိကို စဉ်းစားလိုက်မိသည်။ သူမက မည်သည့်အရာများ စဉ်းစားနေသနည်း။
"ငါတို့က အထွဋ်အမြတ်မီးတောက်တောင်တန်းကို ချက်ချင်းပြန်မှဖြစ်မယ်…"
ယွင်ထင်ဖုန်းက အလောတကြီး ပြောလိုက်၏။
"တကယ်လို့ ငါတို့က ဘာမှမရရင်တောင် မကောင်းဆိုးဝါးအုတ်ဂူရဲ့အပိုင်းအစ တစ်ခု နှစ်ခုလောက်တော့ ရသင့်တယ်…"
ကောင်းကင်သခင်နှင့် စုယွမ်ရင်တို့ကလည်း ကောင်းကင်ပေါ်သို့ ပျံသန်းလာသော အလင်းတန်း(၄)ခုကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေမိကြ၏။ သူတို့ကလည်း အလွန်အံ့သြနေသလို ခံစားနေကြရသည်။
ခဏကြာပြီးနောက် စုယွမ်ရင်၏ မျက်နှာပေါ်တွင် ရှိနေသော ကြွက်သားများက စတင်ပြောင်းလဲလာပြီး သူက အလေးအနက ပြောလိုက်၏။
"သူက ဘာလုပ်နေတာလဲ…"
သူက မိန်းကလေးကျိအပေါ် ဆိုးရွားသော ခံစားချက်များရှိနေသည်မှာအတော်လေး ကြာခဲ့ပါပြီ။ ထိုအရာများအားလုံးကို မြင်လိုက်ရသည့်အချိန်တွင် သူက သူမကိုသာ အပြစ်တင်ချင်ခဲ့၏။
"အထွဋ်အမြတ်မီးတောက်တောင်တန်းကို ပြန်ကြစို့…"
ကောင်းကင်သခင်က စဉ်းစားမနေဘဲ အကြံပေးလိုက်သည်။
စုယွမ်ရင်ကလည်း သဘောတူလိုက်၏။
"ကောင်းပါပြီ…"
အကယ်၍ သူတို့ကသာ မကောင်းဆိုးဝါးသခင်၏ စွမ်းအင်တစ်စိတ်တစ်ပိုင်းကို ရနိုင်မည်ဆိုလျှင် သူ၏မကောင်းဆိုးဝါးကိုယ်ပွားက သိသိသာသာ တိုးတက်လာနိုင်သည်။
……..
လေတိမ်တိုက်တောင်တန်းအပါအဝင် ဂိုဏ်းကြီး(၄)ဂိုဏ်းကလည်း ဖြည်းညင်းစွာ လှုပ်ရှားလာကြ၏။ သူတို့၏ ရှေ့တွင် ဒဏ္ဍာရီများက အမှန်တကယ်ဖြစ်လာကြောင်း မြင်လိုက်ရသည့်အချိန်တွင် သူတို့အားလုံးက စိတ်ပျက်ပြီး ကြောက်လန့်နေကြသည်။
"ကြိုမမြင်နိုင်တဲ့ အရာတွေက အထွဋ်အမြတ်မီးတောက်တောင်တန်းပေါ်မှာ ဖြစ်နေပြီ။ ငါက ညီလေးကျန်းတင်တို့အတွက် နည်းနည်းစိုးရိမ်နေတယ်…"
ကျန်းယွင်ရှန်က ဖူကျန်းကျန်းကို ပြောလိုက်သည်။
ဖူကျန်းကျန်းက နှုတ်ခမ်းကို ကိုက်ပြီး ပြန်ပြောလိုက်၏။
"ဒါပေမယ့် သူတို့က ဘယ်ကိုသွားသလဲဆိုတာ ငါတို့မသိဘူးလေ…"
"ဟုတ်တယ်။ ဒါပေမယ့် ငါတို့က အထွဋ်အမြတ်မီးတောက်တောင်တန်းကိုတော့ တိုက်ခိုက်သင့်သေးတယ်…"
ကျန်းယွင်ရှန် လုပ်နိုင်သည့်အရာကတော့ အသုံးမဝင်သော စိုးရိမ်မှုများကို ဖိနှိပ်ပြီး မူလအစီအစဉ်အတိုင်း လုပ်ဆောင်ရန်သာဖြစ်သည်။
………….
မုန့်ချီက ရုတ်တရက်နိုးလာခဲ့၏။ သူက ဓားကို ဆွဲထုတ်ပြီး ခုခံသည့်အနေအထား ပြင်ဆင်ထားခဲ့သည်။
“ငါက ဘယ်ကိုရောက်နေတာလဲ….”
သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ နယ်မြေတစ်ခု၏ အလယ်သို့ ရောက်နေကြောင်း နားလည်သွား၏။ သို့သော် သူ၏ ပတ်ပတ်လည်တွင် ရှိနေသော သဲများက မီးခိုးရောင်မဟုတ်သလို အဝါရောင် မဟုတ်ပေ။ အနက်ရောင်ဖြစ်နေ၏။
ကောင်းကင်ပေါ်တွင် နေလုံးကြီးမရှိဘဲ အနီရင့်ရောင်ရှိနေသော လတစ်စင်းသာ ရှိသည်။
“ဖျောက်.ဖျောက်….ဖျောက်……ဖျောက်….”
သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသော အနက်ရောင် အငွေ့အသက်များက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အချိန်တွင် ရွှေရောင်အလင်းတန်းများက ဖြည်းဖြည်းချင်းဆီ ပျော်ကျလာနေကြောင်း တွေ့လိုက်ရသည်။
“မကောင်းဆိုးဝါးချီစွမ်းအင်တွေက ခန္ဓာကိုယ်ထဲကို စိမ့်ဝင်နေတာပဲ…”
မည်သည့်အရာများဖြစ်နေကြောင်း မုန့်ချီက အကြမ်းဖျင်း ခန့်မှန်းမိသွားသည်။ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၏ ကာကွယ်မှုနှင့်ပင် သူကတော့ စိတ်ဓာတ်ကျမှု၊ သွေးဆာမှု၊ ရက်စက်ကြမ်းကြုတ်မှုများကို ခံစားမိနေသေး၏။
"ဒါက တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်ရဲ့ တန်ပြန်သက်ရောက်မှုတွေထက်တောင် ပိုပြီးတော့ ဆိုးတာပဲ…"
မုန့်ချီက တီးတိုးရေရွတ်လိုက်ပြီး ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို အားတင်း၍ လှုံ့ဆော်လိုက်ရသည်။
“ဖျောက်.ဖျောက်….ဖျောက်….”
မကောင်းဆိုးဝါးချီစွမ်းအင်များကတော့ သူ၏ ခန္ဓာကိုယ်ထဲသို့ ဆက်လက်ဝင်ရောက်လာနေသေးသည်။ မုန့်ချီက စေတီလေးထဲတွင် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို ပြန်လည်လေ့ကျင့်နေရသလို ခံစားနေရ၏။
တစ်ခုကွဲပြားသွားသည်မှာ သူက စေတီလေးထဲတွင် အချိန်ကြာမြင့်စွာ ထိန်းထားရန် မလိုအပ်ပေ။ အကယ်၍ ဤနေရာတွင်တော့ သူသာ ရပ်တန့်လိုက်မည်ဆိုလျှင် မကောင်းဆိုးဝါးချီစွမ်းအင်များက ခန္ဓာကိုယ်ထဲသို့ ဝင်လာပြီး သူ့ကို သတ်ပစ်ပါလိမ့်မည်။
အကယ်၍ သူသာ သံသရာကမ္ဘာကြီးထဲမှ အချိန်မီပြန်မထွက်လာနိုင်လျှင် ဖုတ်ကောင်တစ်ကောင်ကဲ့သို့ ဖြစ်သွားနိုင်သည်။ ထိုအခြေအနေမျိုးကြောင့် မုန့်ချီက မကောင်းဆိုးဝါးအုတ်ဂူ၏ အတွင်းပိုင်းထဲကို ရောက်နေကြောင်း အကြမ်းဖျင်း ခန့်မှန်းမိခဲ့သည်။
သူက မည်သည့်အရာကို ဆက်လုပ်ရမှန်း မသိချေ။ သို့သော် ဤနေရာ၌ စောင့်နေ၍ မရကြောင်းတော့ သိနေခဲ့၏။ သူက ထွက်လမ်းရှာရမည် ဖြစ်သည်။ ထို့ကြောင့် သူက ပြောင်းလဲမှုကျင့်စဉ်ကို အသက်သွင်းလိုက်၏။
သူ၏ မျက်ခုံးကြားထဲတွင် စတင်လှုပ်ရှားလာပြီး စိတ်ဝိညာဉ်က အပြင်သို့ ပျံ့နှံ့သွားခဲ့သည်။ သူက အလွန်ထူးခြားသော အာရုံ(၆)ပါးကို အားကိုးပြီး လမ်းကြောင်းတစ်ခုကို ရှာဖွေကြည့်လိုက်၏။
ဤနေရာတွင် ပေါ့ပလာသစ်ပင်ကြီးများက မတူညီသော ပုံစံမျိုးစုံဖြင့် ပေါက်ရောက်နေကြသည်။ သွေးရောင်လမင်းကြီးနှင့် အနက်ရောင်သဲပွင့်များ၏ အောက်တွင် သူတို့က သွေးဆာနေသော မကောင်းဆိုးဝါးများကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် သူလည်း အတော်လေး စိတ်ဓာတ်ကျပြီး အထီးကျန်ဆန်နေခဲ့၏။ သူက လမ်းလျှောက်လာနေရင်း မုန့်ချီကတော့ အနည်းငယ် ရင်းနှီးနေသလို ခံစားနေရ၏။
"မဖြစ်နိုင်ဘူး.…ငါက ဒီကို လုံးဝမရောက်ဖူးသေးဘူးလေ…။ ငါ့ရဲ့အတိတ်ဘဝတုန်းကလည်း ရောက်လာဖို့ လုံးဝမဖြစ်နိုင်ဘူး…"
မုန့်ချီက သံသယဝင်နေပြီး မသေမချာ ခံစားနေရ၏။ သို့သော် သူကတော့ ထိုမေးခွန်းကို ဆက်၍ စဉ်းစားနိုင်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်ထဲသို့ မကောင်းဆိုးဝါးချီစွမ်းအင်များ ဝင်မလာစေရန် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို အလေးထားနေရခြင်းကြောင့်ဖြစ်သည်။
ထို့ပြင် သူက အလစ်ချောင်းတိုက်ခိုက်မှုများကိုလည်း စိုးရိမ်နေရန် လိုအပ်နေသေး၏။ သူက ခြေထောက်ရှိ အဖြူရောင်ကြိုးများနှင့် သေချာချည်လိုက်ပြီး ရှေ့သို့ ဂရုတစိုက် ဆက်လျှောက်လာခဲ့၏။
သူက ပျော့အိအိအရာတစ်ခုကို နင်းလိုက်မိသည့်အချိန်တွင် ထိုအရာက စေးကပ်သော သဲများဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူလည်း ရွံရှာစက်ဆုပ်သလို ခံစားလိုက်ရသည်။
ရုတ်တရက်ဆိုသလို မုန့်ချီ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ဓားနှင့်အတူ နောက်သို့ ခုန်ဆုတ်လိုက်၏။ ထိုအချိန်တွင် ရွှံ့ထဲမှနေ၍ မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင် ခုန်ထွက်လာပြီး သူ့ခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ထိုအရာက လူသားတစ်ယောက်ကဲ့သို့ ထင်မှတ်ရသော်လည်း နီရဲနေသော မျက်လုံးများနှင့် ခေါင်းပေါ်တွင် အနက်ရောင်ဦးချိုများ ရှိနေသည်။ သူ၏ ပါးစပ်က ပွင့်နေပြီး အဖြူရောင်သွားများ ပေါ်နေခဲ့၏။ပါးစပ်မှနေ၍ တံတွေးများ စီးကျလာနေခဲ့သည်။
သူ၏ လက်တစ်စုံကလည်း အတော်လေးကို ထူးဆန်းနေပြီး လက်သည်းများက ချွန်ထက်နေခဲ့၏။ ဓားသွားက သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည့်အချိန်တွင် သစ်သားတုံးကြီးကို ခုတ်လိုက်ရသလိုဖြစ်သွားပြီး အသားစများအဖြစ် ပြောင်းလဲသွားခဲ့သည်။
နေမင်းနီ မကောငိးဆိုးဝါးဓားက ဖုန်မှုန့်များကဲ့သို့ ထိုအရာကို ရှင်းလင်းပစ်နိုင်ခဲ့၏။ မကောင်းဆိုးဝါးဝိညာဉ်ကတော့ နာကျင်စွာ အော်ဟစ်လိုက်သည်။ ထိုအရာကို မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီက သူ၏ ဓားပညာကို ကျေနပ်သွား၏။
ထိုဓားပညာက အလွန်လှပပြီး ပြောင်းလဲမှုကလည်း ဆန်းကြယ်သည်။ မကောင်းဆိုးဝါးဝိညာဉ်က ခုခံရန် အခွင့်အရေးမရှိချေ။ သူကတော့ နာကျင်စွာ ဆက်လက်အော်ဟစ်နေပြီး တဖြည်းဖြည်း မြေပေါ်သို့ လဲကျသွားခဲ့၏။ ထို့နောက် အရိုးစုများအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ဒါက မကောင်းဆိုးဝါးဝိညာဉ်လား…ဒါမှမဟုတ် မကောင်းဆိုးဝါးချီစွမ်းအင်တွေ သက်ရောက်ခံထားရတဲ့ လူသားတစ်ယောက်လား…"
မုန့်ချီက မျက်မှောင်ကြုတ်ပြီး တစ်ယောက်တည်း စဉ်းစားနေမိသည်။
သူက မကောင်းဆိုးဝါးဝိညာဉ်ကို အလွယ်တကူ သတ်ပစ်နိုင်ခဲ့သည်မှာ နေမင်းနီမကောင်းဆိုးဝါးဓား၏ အစွမ်းကြောင့်ဖြစ်သည်။ မဟုတ်လျှင် ထိုမကောင်းဆိုးဝါးဝိညာဉ်ကို အနိုင်ရရန်အတွက် သူ၏ ဓားပညာကို အစွမ်းကုန် သုံးရပါလိမ့်မည်။
ထိုမကောင်းဆိုးဝါးဝိညာဉ်က ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်နေသော ပြိုက်ဘက်တစ်ယောက်ကဲ့သို့ ဖြစ်၏။မုန့်ချီကတော့ သူ၏ တိုက်ခိုက်မှုကို ကြောက်နေရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့ဆီတွင် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ် ရှိနေခဲ့၏။
“ဒီလိုမကောင်းဆိုးဝါးဝိညာဉ်တွေနဲ့ ပိုပြီးအစွမ်းထက်တဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေ အများကြီးမရှိဖို့ မျှော်လင့်ရတာပဲ…”
မုန့်ချီက တီးတိုးရေရွတ်လိုက်ပြီး ရှေ့ဆက်လျှောက်လာခဲ့၏။ ဗုဒ္ဓက သူ၏ ဆုတောင်းကို ဖြည့်ဆည်းပေးပြီး သူ့ကို ကာကွယ်ပေးရန် မျှော်လင့်နေခဲ့သည်။
သူကတော့ လမ်းတလျှောက်တွင် မကောင်းဆိုးဝါးဝိညာဉ် အနည်းငယ်ကို ကြုံတွေ့ခဲ့သည်။ မကောင်းဆိုးဝါးဝိညာဉ်များကတော့ ခေါင်းဆောင်ရှိပုံ မရချေ။ မုန့်ချီကတော့ တဖြည်းဖြည်း ဆက်လျှောက်လာရင်း ရုတ်တရက်အံ့ဩသွားခဲ့သည်။
သူက မကောင်းဆိုးဝါးဝိညာဉ်များကြောင့် အံ့ဩသွားခြင်း မဟုတ်ချေ။ သို့သော် စွန့်ပစ်ကျောင်းဆောင်ကြီးကြောင့် အံ့ဩသွားခြင်း ဖြစ်၏။ ဤနေရာက ချန်းရှောင်၊ လော်ယုတို့နှင့်အတူ သဲမုန်တိုင်းထဲတွင် နားခိုခဲ့သော ကျောင်းဆောင်နှင့် တစ်ထပ်တည်း တူညီနေသည်။
"ဒါကြောင့်လည်း အရာအားလုံးကို ရင်းနှီးနေတာပဲ။ ဒါဆိုရင် အပြင်ဘက်မှာရှိနေတဲ့ ကျောင်းဆောင်တွေအားလုံးကလည်း တစ်ပုံစံတည်း ဆောက်ထားတာပဲ..ဖြစ်မယ်.."
မုန့်ချီ၏ ရင်ထဲတွင် အလွန်ထိတ်လန့်ပြီး မသေချာသည့် ခံစားမှုတစ်ခုပေါ်လာခဲ့သည်။
ထို့နောက် သူက စွန့်ပစ်ထားသော ကျောင်းဆောင်ဆီသို့ ဂရုတစိုက် လျှောက်လာခဲ့သည်။ သူက ကျောင်းဆောင်၏ လှေကားရှေ့ကို ရောက်သည့် အချိန်တွင်တော့ ရပ်လိုက်မိ၏။ ရင်ထဲတွင်လည်း အေးစက်သွားသလို ခံစားလိုက်ရသည်။
ကျောင်းဆောင်၏ အလယ်တွင်တော့ အဖြူဝတ်မိန်းမပျိုတစ်ယောက် ထိုင်နေခဲ့၏။ သူမ၏ အလှတရားများက စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်ပေ။
“ကူရှောင်စန်း….”
သူ၏ ပါးစပ်ဖျားမှနေ၍ ထိုနာမည်ကို ခေါ်လိုက်မိသည်။
ကူရှောင်စန်းကတော့ ခေါင်းငုံ့၍ ငိုနေခဲ့၏။ ထိုအသံကိုကြားသည့်အခါ သူမက ခေါင်းမော့ပြီး ထိတ်လန့်အံ့ဩနေသည့် အမူအရာနှင့် မေးလိုက်သည်။
"ကိုရင်လေး…ကိုရင်လေးလား……"
"သူက ဘယ်အချိန်တုန်းကများ ငါ့ကို မေ့သွားတာလဲ…."
မုန့်ချီ၏ ခေါင်းထဲတွင် ထူးဆန်းသော အတွေးမျိုးစုံ ပေါ်လာခဲ့၏။
Translated by Hein Htet