အခန်း (၁၀၇)
Vol. 8 Ch. 107
သူ၏အတွေးက မည်သို့ ရှိနေစေကာမူ မုန့်ချီကတော့ ဆက်၍ သတိထားနေသေးသည်။ သူက နေမင်းနီမကောင်းဆိုးဝါးဓားကို ဆွဲထုတ်လိုက်ပြီး တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကို သုံးရန် ပြင်ဆင်ထားလိုက်၏။
တစ်ချိန်တည်းတွင် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး လေအရိပ်ဖန်တီးခြင်း သိုင်းကွက်ကို သုံးရန် ပြင်ဆင်ထားခဲ့သည်။ သူက လျှပ်စီးကြောင်းသဖွယ် တိုက်ခတ်ပြီး ထွက်ပြေးရန် ပြင်ဆင်နေခဲ့၏။
"မိန်းကလေးကျိလား ....."
သူက အံ့ဩမှုတစ်ဝက် စိုးရိမ်မှုတစ်ဝက်နှင့် မေးလိုက်သည်။
အဖြူဝတ်မိန်းမလှလေးက မျက်ရည်များနှင့် ခေါင်းညိတ်ပြလိုက်၏။ သူမက ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ် ..ကျွန်မပါပဲ...။ မကောင်းဆိုးဝါးမ ရှောင်စန်းက အခြေအနေကို မှားယွင်းတွက်ချက်မိသွားတဲ့အတွက် မကောင်းဆိုးဝါးချီစွမ်းအင်တွေက သူ့ရဲ့ အသက်ဝိညာဉ်ကို ထိခိုက်သွားစေခဲ့တယ်..။ ဒါကြောင့် သူက ကျွန်မကို လွှတ်ပေးလိုက်တာ ...."
သူမကတော့ ယခင်တစ်ခေါက် တွေ့ခဲ့ရသည့် အချိန်ထက်စာလျှင် အနည်းငယ် အားပျော့နေပုံရသည်။ သူမက သူနှင့် သိခဲ့ဖူးသော မိန်းကလေးကျိလို ခံစားမှုမျိုးဖြစ်၏။ သို့သော် သူမက ပို၍ ရင့်ကျက်လာပုံရသည်။ ပထမဆုံးတစ်ကြိမ် တွေ့ခဲ့သော မိန်းကလေးကျိကဲ့သို့ မဟုတ်ဘဲ ယခုက အလွန်လှပပြီး ကျက်သရေ ရှိနေခဲ့သည်။
မုန့်ချီက အနားသို့ လျှောက်သွားပြီး သေချာစစ်ဆေးကြည့်လိုက်ရာ သူမ၏ပုံသဏ္ဍာန်က ပြောင်းလဲသွားသည့်အပြင် သူမက အတွင်းအားများကို လေ့ကျင့်ထားခြင်း မရှိခဲ့ကြောင်း နားလည်သွားသည်။ သူမက သိုင်းပညာကို လုံးဝမသင်ခဲ့ဖူးသော မိန်းကလေးတစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။
ထိုကဲ့သို့ ပြောင်းလဲမှုများက ယုံကြည်ရန် ခက်ခဲလှသည်။ ထိုအရာက အဂတိသခင်မ၏ သိုင်းကျမ်းများထက်ပင် နားလည်ရန် ပို၍ခက်ခဲနေသေး၏။ ထို့ကြောင့်လည်း ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့က သူမကို မှားယွင်းတွက်ချက်မိခဲ့ခြင်းဖြစ်သည်။
"ဟူး ....နင်က တော်တော်လေးမှားတယ်..။ ဘာလို့ကူရှောင်စန်းက ငါတို့ကို မကောင်းဆိုးဝါးအုတ်ဂူထဲ ခေါ်လာရတာလဲ ....."
ရိုးရိုးသားသားပြောရမည်ဆိုလျှင် မုန့်ချီက သူမကို သတ်ရန် အတွေးမျိုးရှိသည်။ သို့သော် တစ်ဖက်တွင်လည်း မိန်းမလေးကျိက ကူရှောင်စန်းကဲ့သို့ မဟုတ်ဘဲ သနားကြင်နာပြီး သိုင်းပညာတတ်မြောက်ထားခြင်း မရှိပေ။
သူမ၏ ခန္ဓာကိုယ်က အားနည်းပြီး နှလုံးသားကေတာ့ အစွမ်းထက်၏။ သူမက ရိုးသားပွင့်လင်းသော မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူက လူသတ်ရမှာကို မကြောက်သော်လည်း အပြစ်ကင်းစင်သူတစ်ယောက်ကိုတော့ သတ်ရန် မလွယ်လှပေ။
ထို့ပြင် သူတို့ကို မကောင်းဆိုးဝါး အုတ်ဂူထဲသို့ ခေါ်ဆောင်လာသည်မှာ ကူရှောင်စန်း၏ လုပ်ရပ်ဖြစ်သည်။ သူက ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့ကို သွားရှာပြီး မကောင်းဆိုးဝါးအုတ်ဂူထဲမှ ထွက်သွားရန် လိုအပ်နေသေး၏။
"တကယ်လို့ ငါသာ သူ့ကို သတ်လိုက်မယ်ဆိုရင် ဒီနေရာမှာပဲ ထာဝရ ပိတ်မိနေလိမ့်မယ်…"
ထို့ကြောင့် မုန့်ချီက မိန်းကလေးကျိ၏အနားသို့ ဖြည်းညင်းစွာ ချည်းကပ်သွားပြီး ကြင်နာစွာ မေးလိုက်၏။
မိန်းကလေးကျိက ခဏကြာမှင်တက်နေပြီး မုန့်ချီ ကပ်လာသည်ကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူမက မချိပြုံးပြုံးပြီး ရယ်လိုက်၏။
"ကိုရင်လေးက ကျွန်မကို တိတ်တဆိတ် သွေးကြောပိတ်ဖို့ ကြိုးစားနေတယ်ဆိုတာ ကျွန်မသိတယ်..။ ဘာမှမစိုးရိမ်ပါနဲ့။ ကျွန်မက တုံ့ပြန်တိုက်ခိုက်မှာ မဟုတ်ပါဘူး။ ကျွန်မက မကောင်းဆိုးဝါးရှောင်စန်းအကြောင်းကို တခြားလူတွေထက် ပိုပြီးတော့သိတယ်...။ သူက ဘယ်သူ့ကိုမှ ကြောက်တာ မဟုတ်ဘူး .။ပြီးတော့ ကျွန်မလည်း သူနိုးလာမှာကိုလည်း ကြောက်တယ်လေ..။ ဒီတော့ ကိုရင်လေးကို ဘာမှမလုပ်ပါဘူး...။ ကျွန်မက ကိုရင်လေးကို ထိခိုက်နစ်နာအောင် မလုပ်ချင်ဘူး ....."
နောက်ဆုံးစကားကို ပြောလိုက်သည့်အချိန်တွင် သူမ၏မျက်နှာလေးက နီရဲလာပြီး ခေါင်းငုံ့သွားခဲ့သည်။
"မိန်းကလေး…
ငါတို့က ဒီလောက်လည်း မရင်းနှီးပါဘူး ...။ ဒါကြောင့်ကျေးဇူးပြုပြီး မိတ်ဆွေဟောင်းတွေလို မလုပ်ပါနဲ့..."
မုန့်ချီက စိတ်ထဲတွင် တီးတိုးပြောလိုက်၏။
ရှောင်ကျိနှင့် ရှောင်စန်းတို့က အလွန်နီးစပ်ကြောင်း မုန့်ချီက သေချာသိနေခဲ့သည်။ တစ်ယောက်က ကြင်နာတတ်ပြီး တစ်ယောက်က မကောင်းဆိုးဝါးဆန်၏။ ထိုအရာ (၂)ခုလုံးက စိတ်ကစဉ့်ကလျားဖြစ်နေသော စိတ်ခံစားချက်မျိုးဖြစ်သည်။
သို့သော် ကူရှောင်စန်း၏ ပထမစကားလုံးများကြောင့် မုန့်ချီ၏ မျက်နှာက နီရဲသွားခဲ့သည်။ သူကတော့ သူမကို အမှန်တကယ်လည်း တိတ်တဆိတ် သွေးကြောပိတ်ချင်ခဲ့သည်။
ရှောင်ကျိက သူ့အတွေးကို မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီက သူမ၏ အနားသို့ အလွန်အမင်း ကပ်မသွားတော့ပေ။ သူက ထောက်ချောက်ထဲသို့ ကျရောက်သွားမှာကို စိုးရိမ်နေခဲ့၏။
ထို့ကြောင့် သူက သတိထား၍ လှုပ်ရှားလိုက်သည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး ရှောင်ကျိ၏ ပင်မသွေးကြောများကို ပိတ်လိုက်သည်။ ထိုအရာက သူမကို အတွင်းအား အသုံးပြုခြင်းမှ တားဆီးရန် ပြင်ဆင်လိုက်ခြင်းလည်းဖြစ်၏။
အမှန်တကယ်ကို မိန်းကလေးကျိက ခုခံခဲ့ခြင်း မရှိချေ။ သူမက ဒူးတုတ်၍ ထိုင်နေပြီး သူမ၏သွေးကြောများကို ပိတ်နေသော မုန့်ချီကို ကြည့်နေခဲ့သည်။
မုန့်ချီကလည်း မတတ်သာသည့်အတွက်ကြောင့်သာ လုပ်ဆောင်လိုက်ရခြင်းဖြစ်၏။ သို့သော် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ သွေးကြောပိတ်သည့် နည်းလမ်းက ထိပ်တန်းအဆင့်မဟုတ်ပေ။ ထို့ကြောင့် သူလည်း အဆင်ပြေသလို လုပ်လိုက်ရ၏။
"ကောင်းပြီ ။ အဆင်ပြေသွားပြီ ....."
မုန့်ချီကတော့ မိန်းကလေးကျိ၏ လှုပ်ရှားနိုင်စွမ်းကိုတော့ ပိတ်ထားလိုက်ခြင်း မရှိချေ။
သူက နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး အသံတိုးတိုးနှင့် မေးလိုက်၏။
"မိန်းကလေးကျိ …
နင်က တကယ့်ကို မိန်းမကောင်းလေး တစ်ယောက်ပါပဲ..။ ကူရှောင်စန်းက ဘာလို့ ငါတို့ကို မကောင်းဆိုးဝါးအုတ်ဂူထဲ ခေါ်လာတာလဲဆိုတာသိလား ...."
သူကတော့ ယခုချိန်ထိ ကူရှောင်စန်းကို ကြောက်လန့်နေသေးသည်။ ထို့ကြောင့် နေမင်းနီ မကောင်းဆိုးဝါးဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ခပ်လှမ်းလှမ်းသို့ ပြန်ဆုတ်နေခဲ့၏။
ထိုမိန်းကလေးကို ချီးကျူးလိုက်သည့်အချိန်တွင် မုန့်ချီကတော့ အနည်းငယ် ရှက်ရွံ့ပြီး မသက်မသာ ခံစားနေရ၏။ ထိုအရာက သူ့အတွက်တော့ သဘာဝသာဖြစ်သည်။ ယခုချိန်တွင် သူကတော့ မိန်းကလေးကျိ၏ နှုတ်ဖျားမှနေ၍ ကူရှောင်စန်း၏ လျှို့ဝှက်ချက်များကို သိချင်နေခဲ့သည်။
အကယ်၍ သူတို့က ခန္ဓာကိုယ်တစ်ခုတည်းတွင် ရှိနေသော ဝိညာဉ် (၂)ခု သို့မဟုတ် ကွဲပြားသော အကျင့်စရိုက် ရှိနေလျှင်လည်း ကိစ္စမရှိချေ။ သူမက ကူရှောင်စန်း၏ အတွေးကိုတော့ သိနိုင်ဦးမည် မဟုတ်ပေလော။မည်သို့ဖြစ်စေကာမူ သူတို့(၂)ယောက်လုံးက အချင်းချင်း တည်ရှိမှုကို သိနေကြ၏။
မုန့်ချီ၏မေးခွန်းကို ကြားသည့်အခါ မိန်းကလေးကျိ၏ မျက်နှာလေးက နီရဲလာပြီး သူမက တိုးတိုးလေးဖြေလိုက်၏။
"သူက ကြာပန်းဖြူ ကံကြမ္မာတွက်ချက်ခြင်းကျင့်စဉ်ကို သုံးလိုက်တဲ့အချိန် ကိုရင်လေးတို့ (၅)ယောက်ထဲမှာ မကောင်းဆိုးဝါးသခင်နဲ့ ရေစက်ဆုံသူ တစ်ယောက်ရှိနေပြီး မကောင်းဆိုးဝါး အုတ်ဂူကို လုံးဝပွင့်လာစေနိုင်တဲ့ အစွမ်းမျိုးရှိတယ်ဆိုတာ သိခဲ့ရတယ် ..."
"အဲဒါက ဘယ်သူလဲ ...."
မုန့်ချီက ထိတ်လန့်တကြား မေးခဲ့မိသည်။ ကူရှောင်စန်းက ကံကြမ္မာတွက်ချက်ခြင်းကဲ့သို့သော ထိပ်သီးသိုင်းပညာတစ်ခုကိုပင် စတင် သင်ယူနေသည့်အတွက် အလွန်ကြောက်စရာ ကောင်းလွန်းလှသည်။
မိန်းကလေးကျိက ခေါင်းခါပြလိုက်မိ၏။
"ကံကြမ္မာတွက်ချက်ခြင်းကျင့်စဉ်ကို ကျွမ်းကျင်နေတဲ့ ရှေးဟောင်းပညာရှင်တွေကတောင် သေချာ မပြောနိုင်ကြဘူး ..။ သူကတော့ အခုမှ ကြာပန်းဖြူ ကံကြမ္မာတွက်ချက်ခြင်း ကျင့်စဉ်ကို သင်ကြားနေရုံပဲ ရှိသေးတယ်လေ။ ဒီတော့ ဘယ်သူက ရေစက်ရှိလဲဆိုတာ သူလည်း သေချာမသိခဲ့ဘူး..။ ဒါကြောင့် သူက ကိုရင်လေးတို့အားလုံးကို ဒီနေရာ ခေါ်လာခဲ့တာ...။ တကယ်လို့ အလုပ်မဖြစ်ခဲ့ဘူးဆိုရင် သူက ထွက်ပြေးဖို့ အခွင့်အရေးရှာပြီး တခြား(၂)ယောက်ကို ဖမ်းလာဖို့ စဉ်းစားထားတယ် ....."
သူမက မည်သည့်သိုင်းပညာမျှမသိသော်လည်း ကူရှောင်စန်းနှင့် ပတ်သက်နေသည့်အတွက် အကြောင်းအရာ တော်တော်များများကို သိနေခဲ့သည်။
"ဒါကြောင့်လည်း သူက ရှတန်တန်နှင့် သူ့ရဲ့အစ်ကို ဝမ်းကွဲကို စဉ်းစားမနေဘဲ သတ်ပစ်လိုက်တာကိုး...။ တခြားလူတွေကို လမ်းလွှဲသွားအောင် တမင်တကာ လုပ်ဆောင်ခဲ့တာ ..။ ဒါဆိုရင် သူက ငါတို့ရဲ့အစွမ်းကို မလျော့စေချင်တာ မဟုတ်ဘူးပဲ။ သူက ငါတို့အားလုံးရဲ့ အကူအညီကို လိုချင်နေတာ .။ ဒါမှဘဲ သူက အခြေအနေကို အမြင့်ဆုံး ဆွဲထုတ်နိုင်မှာပဲ ...."
မုန့်ချီက တီတိုးရေရွတ်နေခဲ့သည်။ ကူရှောင်စန်း၏ နှုတ်ဖျားမှ ထွက်လာသော စကားလုံးများတွင် (၁၀) ရာခိုင်နှုန်းခန့်ကိုသာ ယုံကြည်၍ ရနိုင်သည်။
မုန့်ချီက တစ်ယောက်တည်းရေရွတ်နေသည်ကို ကြားသည့်အခါ မိန်းကလေးကျိ၏ မျက်နှာက နောက်တစ်ကြိမ် နီရဲသွား၏။ သူမက တီတိုးပြောလိုက်သည်။
"ဖြစ် ဖြစ်နိုင်တာကတော့ ဒီတစ်ကြိမ် သူလည်း ကိုရင်လေးကို သဘောကျသွားတာ ဖြစ်မယ်။ သူက တော်တော်လေးကို တစ်ကိုယ်ကောင်းဆန်ပြီး တော်တော်လေးကို မကောင်းဆိုးဝါးဆန်တယ်...."
မုန့်ချီ၏ မျက်နှာကလည်း ရှက်ရွံ့မှုကြောင့် နီရဲသွားခဲ့၏။ ထို့နောက် သူက ခေါင်းစဉ် ပြောင်းပြီး ပြောလိုက်သည်။
" ဒါပေမယ့် ငါတို့က သူ့နောက်ကို လိုက်လာမယ်ဆိုတာ သူက ဘယ်လိုများ သေချာနေရတာလဲ ...။ သူက အဲဒါကိုရော ကြိုတင်တွက်ချက်ထားခဲ့တာလား .”
“ကိုရင်လေးက သူနဲ့ပတ်သက်ပြီး အစိုးရိမ်ဆုံးပဲလေ ...။ တကယ်လို့ ရွေးချယ်ခွင့်ရမယ်ဆိုရင် ကိုရင်လေးက သေချာပေါက် သူ့နောက်ကို လိုက်လာမှာပဲ"
မိန်းကလေးကျိကတော့ ကူရှောင်စန်း၏ တွက်ချက်မှု၊ သုံးသပ်မှုများအားလုံးကို ပြောပြနေခဲ့သည်။
"တကယ်လို့ ကိုရင်လေးတို့က မှားယွင်းတွက်ချက်မိပြီး တခြားလူတွေရဲ့နောက်ကို လိုက်သွားမယ်ဆိုရင်တောင် ကိုရင်လေးတို့အားလုံး အထွဋ်အမြတ် မီးတောက်တောင်တန်းအနားကို ရောက်လာတဲ့ အချိန်ကျရင် သူ့အတွက် အခွင့်အရေးတစ်ခု ရဦးမှာပဲ ..။ အဲဒီအချိန်ကျရင်တော့ ယွင်ထင်ဖုန်းနှင့် စုယွမ်ရင်တို့ (၂)ယောက်အတွက်လည်း အခွင့်အရေး ရသွားနိုင်တယ် ...."
မုန့်ချီက အခြေအနေကို နားလည်စွာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ထပ်ပြောလိုက်၏။
"ဒါဆိုရင် သူက ဒီအမွေအနှစ်နယ်မြေကို ဘယ်လိုမျိုး တွေ့ခဲ့တာလဲ ..။ ဘာလို့ သူက မကောင်းဆိုးဝါးအုတ်ဂူတွေကို ဝင်ကြည့်နိုင်ရတာလဲ ..."
ရန်သူကို အနီးကပ်သိနေသော သူလျှိုတစ်ယောက် ရှိနေသည်မှာ ကောင်းမွန်သော အရာတစ်ခုဖြစ်သည်။ ထိုအရာက ကူရှောင်စန်းကိုမေးခြင်းထက်ပို၍ ကောင်းမွန်နေ၏။
"သူက ကျွန်မတို့ရဲ့ပင်မကမ္ဘာကြီးထဲမှာ ကွင်းဆက်တာဝန်တစ်ခုကို အသက်သွင်းခဲ့မိတယ်..။ အရင်တစ်ခေါက် သံသရာတာဝန် အတောအတွင်း သူက သဲလွန်စတစ်ချို့ကို ရှာတွေ့ခဲ့တယ်...။ အဲဒါကြောင့်လည်း ဒီတစ်ကြိမ် သူက အဖွဲ့လိုက် ရင်ဆိုင်ရတဲ့ တာဝန်ကို လုပ်ခွင့်ရဖို့အတွက် တန်ဖိုးကြီးကြီး ပေးထားခဲ့တာပဲ။ သူက မကောင်းဆိုးဝါး အုတ်ဂူထဲကို ဝင်ပြီး တစ်စုံတစ်ခုကို လိုချင်နေတယ် ...."
မိန်းကလေးကျိကတော့ ကူရှောင်စန်းကို အကြွင်းမဲ့ရောင်းစားနေခဲ့သည်။
သူမ၏ ရှင်းပြမှုကို ကြားသည့်အခါ မုန့်ချီ က အံ့ဩသွားခဲ့၏။
"ကွင်းဆက်တာဝန်ဟုတ်လား ..။ ပင်မကမ္ဘာကြီးထဲမှာလား...။ ကူရှောင်စန်းက တော်တော်ကို ကံကောင်းတာပဲ ....."
ထို့နောက် သူက ဆက်မေးလိုက်သည်။
"အဲဒီကွင်းဆက်တာဝန်က ဘာလဲ ..။သူက ဘယ်လိုအရာမျိုးကို လိုချင်နေတာလဲ...."
သူကိုယ်တိုင်လည်း မနေနိူင်တော့ပဲ ထိုအကြောင်းအရာများကို အတော်လေး စိတ်ဝင်စားလာခဲ့သည်။
"ကိုရင်လေးက မကောင်းဆိုးဝါးသခင်အကြောင်းကို သိလား .။ ဒီကမ္ဘာကြီးထဲမှာ ရှိတဲ့မကောင်းဆိုးဝါးသခင် မဟုတ်ဘဲ ကျွန်မတို့ ကမ္ဘာကြီးထဲမှာ ရှိတဲ့ မကောင်းဆိုးဝါး သခင်ကို ပြောတာ...."
မိန်းကလေးကျိက ဆက်၍ ပြောနေခဲ့သည်။
မုန့်ချီက ရုတ်တရက်နားလည်သွားခဲ့၏။ ထိုသို့ဆိုလျှင် အရာအားလုံးက မကောင်းဆိုးဝါးသခင်နှင့် ပတ်သက်နေပုံရသည်။
သူက ပြန်ဖြေလိုက်၏။
"ငါ သူ့ကိုသိတယ်....။ ကျေးဇူးပြုပြီး ဆက်ပြောပါဦး မိန်းကလေးကျိ ...”
“သူ့ကို ကောင်းကင်တံဆိပ်သုံးပြီး ကောင်းကင်ဧကရာဇ်က သတ်ပြီးသွားတဲ့ အချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်ကို ဘယ်နေရာမှာမှ မတွေ့တော့ဘူး ..။ ဒီနေရာမှာ ရှိနေတဲ့ မကောင်းဆိုးဝါးအုတ်ဂူကတော့ သူ့ရဲ့ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်တယ် ။ သူက သူ့ရဲ့အရှုံးကို လုံးဝမမေ့ခဲ့ဘူး ။ ဒါကြောင့် သူက မကောင်းဆိုးဝါး ချီစွမ်းအင်တွေနဲ့ အရာအားလုံးကို လွှမ်းမိုးချင်နေတာ .။ မကောင်းဆိုးဝါး ချီစွမ်းအင်တွေက အနားမှာ ရှိနေတဲ့ လူတိုင်းကို ထိုးဖောက်သွားနိူင်ပြီး သူ့ရဲ့ စိတ်ဆန္ဒတွေကို ခံစားကြရတယ် ..."
မိန်းကလေးကျိ၏ စကားလုံးများက တဖြည်းဖြည်းပို၍ ချောမွေ့လာပြီး သူမ၏ ဖော်ပြချက်များကလည်း ပို၍ တိကျလာသည်။
"ဒါကြောင့်လည်း လူပေါင်းများစွာက မကောင်းဆိုးဝါးသခင်နဲ့ ပတ်သက်တဲ့ပုံပြင် ၊ဒဏ္ဍာရီတွေကို သိနေတာပဲ ....."
မုန့်ချီက ရုတ်တရက် နားလည်သွားခဲ့သည်။
မိန်းကလေးကျိက မုန့်ချီကို ကြည့်လိုက်ပြီး ခေါင်းငုံ့၍ ထပ်ပြောလိုက်၏။
"မကောင်းဆိုးဝါးသခင်က ကောင်းကင်ကနေ ကျဆင်းလာတဲ့အချိန်မှာ သူက ကောင်းကင်ခုံရုံးရဲ့တံခါးကို ဝါးမြိုပစ်ခဲ့တယ် .။ အပြင်ဘက်မှာ ရှိတဲ့ ကျောက်တိုင်ကြီးကို ကောင်းကင်ဘုံက ပိုင်ဆိုင်ထားတာ .။ အဲဒါက ကောင်းကင်ခုံရုံးရဲ့ နယ်မြေအမှတ်အသားပဲ ..။ ကူရှောင်စန်းက အဲဒီအရာကို လိုချင်နေတာ ..."
"သူက နယ်မြေအမှတ်အသားနဲ့ ဘာလုပ်ချင်နေတာလဲ ...."
မူလတုန်းကတော့ သူမက ကောင်းကင်စာအုပ် သို့မဟုတ် တခြားအရာများကို ရှာဖွေနေခြင်း ဖြစ်မည်ဟု မုန့်ချီက တွေးခဲ့မိသည်။
မိန်းကလေးကျိ၏ အသံကတော့ တိုးတိုးလေးသာကြားရတော့၏။ မကောင်းဆိုးဝါး သခင်က သူမ၏အသံကို ကြားမှာစိုးသည့်အလား ထင်မှတ်ရသည်။
"သူက အင်မော်တယ်အပျက်အဆီးနယ်မြေကို ဖွင့်ချင်နေတာ ...."
သူမက ပြန်ဖြေလိုက်သည်။
"အင်မော်တယ် အပျက်အစီးနယ်မြေဟုတ်လား ....."
မုန့်ချီက ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။
မိန်းကလေးကျိက ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်...။ သာမန်လူတွေကတော့ အဲဒါကို အင်မော်တယ်အဆင့်လို့ ပြောကြတယ် ..။ ကိုရင်လေးတို့လို သိုင်းပညာရှင်တွေကတော့ ကောင်းကင် (၉)သွယ်လို့ ခေါ်ကြတယ် ..။ ရှောင်စန်း အသက်သွင်းခဲ့မိတဲ့ ကွင်းဆက်တာဝန်က ပျောက်ဆုံးနေတဲ့ ကောင်းကင်(၉)သွယ်ကို ရှာဖွေပြီး အပျက်အစီးထဲကို ဝင်ဖို့ပဲ ...."
"ကူရှောင်စန်းက ကောင်းကင် (၉)သွယ်ကို ရှာတွေ့ခဲ့တာလား ....."
မုန့်ချီက မေးလိုက်သည်။ သံသရာကမ္ဘာကြီးက တဖြည်းဖြည်းပို၍ ထူးဆန်းလာကြောင်း သူလည်း ခံစားမိနေခဲ့၏။ ထိုအရာက ရှေးဟောင်း ဒဏ္ဍာရီပုံပြင်များနှင့် အတော်လေးကို ဆင်တူနေပြီး ပျောက်ဆုံးနေသော ကောင်းကင် (၉)သွယ်ကပင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"မတွေ့သေးဘူး ....။ သူလည်း ဒဏ္ဍာရီတွေကိုပဲ သိခဲ့တာ ..။ တကယ်လို့ သူက အပျက်အစီးထဲသို့ ဝင်ချင်တယ်ဆိုရင် ကောင်းကင်ခုံရုံးရှိနေစဉ်က ပစ္စည်းတစ်ခုကို သော့အနေနဲ့ သုံးရလိမ့်မယ် ...."
မိန်းကလေးကျိက ခေါင်းခါပြီး ပြန်ဖြေလိုက်၏။
"ကောင်းကင် (၉)သွယ်က ဘယ်နေရာမှာ ရှိနေလဲဆိုတာနဲ့ အမှန်တကယ် ရှိနေသေးလားဆိုတာကိုတော့ သူလည်း မသိသေးဘူး ..”
အကယ်၍ သူကသာ ကောင်းကင်(၉)သွယ် အပျက်အစီးထဲသို့ ဝင်ခွင့်ရမည်ဆိုလျှင် ကောင်းကင်ခုံရုံး ဖျက်စီးခံလိုက်ရသည့်အမှန်တရားများကို အမှန်တကယ် သိသွားနိုင်ပါလိမ့်မည်။
မုန့်ချီ၏ ခေါင်းထဲတွင်တော့ အတွေးပေါင်းစုံပေါ်လာခဲ့၏။ ထို့နောက် သူက တီတိုးပြန်မေးလိုက်သည်။
"ဒါဆိုရင် ငါက ဘယ်နေရာကို ရောက်နေတာလဲ ..။ ငါက အဖော်တွေကိုလည်း ရှာရဦးမယ်..။ ငါတို့က ဒီမကောင်းဆိုးဝါးအုတ်ဂူထဲကနေ ဘယ်လို ထွက်သွားရမှာလဲ”
“မကောင်းဆိုးဝါး အုတ်ဂူဆိုတာက အပြင်ကမ္ဘာကြီးရဲ့ ပုံရိပ်ယောင် သက်သက်ပဲ ။ ဒါက အရမ်းကို ကြီးမားတဲ့အပြင် ဝင်ပြီးသွားပြီဆိုရင်လည်း လမ်းပျောက်သွားနိုင်တယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်ရှာဖို့ဆိုတာက အရမ်းခက်တယ် ...။ ဒါပေမယ့် ကိုရင်လေးကသာ မကောင်းဆိုးဝါးသခင်ရဲ့ခန္ဓာကိုယ်ရှိနေတဲ့ နေရာကို သွားပြီး အပေါ်ဆုံးကို ရောက်သွားမယ်ဆိုရင်တော့ မကောင်းဆိုးဝါးအုတ်ဂူကြီးတစ်ခုလုံးကို အာရုံခံနိုင်လိမ့်မယ် ...."
မိန်းကလေးကျိကတော့ မကောင်းဆိုးဝါး အုတ်ဂူနှင့် အလွန်အမင်း ရင်းနှီးနေပုံရသည်။
“မကောင်းဆိုးဝါး အုတ်ဂူထဲကနေ ထွက်သွားဖို့ကတော့ ကိုရင်လေးက နေရာတစ်ခုကို သွားဖို့ လိုအပ်နေတယ်..။ တကယ်လို့ အဲဒီနေရာကို ပိတ်ထားမယ်ဆိုရင်တော့ သံသရာအရှင်သခင်ရဲ့အကူအညီကိုပဲ အားကိုးရလိမ့်မယ်..။ ပြီးတော့ တကယ်လို့ ရေစက်ရှိသူတစ်ယောက်ကသာ မကောင်းဆိုးဝါးသခင်ရဲ့ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရခဲ့မယ်ဆိုရင် မကောင်းဆိုးဝါးသခင်ရဲ့စိတ်ဝိညာဉ်ကလည်း လုံးဝပျောက်ကွယ်သွားလိမ့်မယ်...။ အဲဒီအချိန်ကျရင် မကောင်းဆိုးဝါး အုတ်ဂူကြီးကလည်း ဆက်ပြီး ရှိနေမှာ မဟုတ်တော့ဘူး ..။ ဒါက နောက်ထပ်ထွက်နိုင်တဲ့ နည်းလမ်းတစ်ခုပဲ ....."
မုန့်ချီက ခဏကြာစဉ်းစားနေခဲ့သည်။ သူ့ဆီတွင်လည်း ပိုကောင်းသော အဖြေတစ်ခု မရှိခဲ့ချေ။ ထို့ကြောင့် သူကသူမ၏ စကားကို အချိန်အတိုင်းအတာတစ်ခုထိ ယုံကြည်ပေးလိုက်ပြီး လမ်းတစ်လျှောက်တွင် သူမကို စမ်းသပ်ရန် စဉ်းစားထားခဲ့၏။
"မကောင်းဆိုးဝါးသခင်ရဲ့ ခန္ဓာကိုယ်က ဘယ်နေရာမှာလဲ ..."
မုန့်ချီက အားနည်းစွာ မေးလိုက်သည်။
မိန်းကလေးကျိက တိုးတိုးလေး ရယ်လိုက်သည့်အတွက် မုန့်ချီက ရှုပ်ထွေးသွားခဲ့သည်။ အလွန်နူးညံ့သိမ်မွေ့လွန်းလှသော မိန်းကလေးကျိက ဘာကြောင့် တခြားမိန်းကလေးများကဲ့သို့ ဖြစ်သွားရသနည်း။
"ကိုရင်လေး …
တကယ်လို့ ကျွန်မသာ ပြောလိုက်မယ်ဆိုရင် ကိုရင်လေးက ကျွန်မကို သတ်ပစ်နိုင်တယ်လေ .။ ဒီတော့ ကျွန်မကိုယ်တိုင်ပဲ ကိုရင်လေးကို ခေါ်သွားပေးမယ်"
မိန်းကလေးကျိက ရယ်နေရင်း ပြန်ဖြေလိုက်သည်။
"ပြီးတော့ တောင်ထိပ်ကို သွားရင် ကျွန်မတစ်ယောက်တည်းကပဲ လုံခြုံတဲ့ လမ်းကြောင်းကို ရှာတွေ့နိုင်ပြီး မကောင်းဆိုးဝါးသခင်ရဲ့ခန္ဓာကိုယ်ဆီကို ပို့ပေးနိုင်တာ."
မည်သို့ဖြစ်စေကာမူ သူမက ရူးသွပ်နေခြင်း မဟုတ်ပေ။ သူမက ကိုယ့်ကိုယ်ကိုယ် မည်သို့ ကာကွယ်ရမည်ဖြစ်ကြောင်း သိနေ၏။ မုန့်ချီက စိတ်ထဲတွင် တိတ်တဆိတ် ချီးကျုးလိုက်မိသည်။
သူကလည်း သူမကို ထိခိုက်အောင် မလုပ်ချင်သည့်အတွက် လက်ခံလိုက်၏။
"ကောင်းပြီလေ..။ ဒါဆိုလည်း သွားကြမယ် ..။ ငါ့ကို မကောင်းဆိုးဝါးအုတ်ဂူနဲ့ ပတ်သက်ပြီး သိထားတာတွေ ပြောပြပါဦး ..."
မိန်းကလေးကျိက သဘောတူလိုက်ပြီး မတ်တပ်ရပ်လိုက်၏။ ထို့နောက် သူတို့က ကျောင်းဆောင်ထဲမှ ထွက်လာကြပြီး သူမက မုန့်ချီနှင့် အနည်းငယ်ခွာနေခဲ့သည်။ သူတို့က မြောက်ဘက်ကို လျှောက်လာခဲ့ကြသည့်အချိန်တွင် ပို၍ အစွမ်းထက်သော မကောင်းဆိုးဝါး ဝိညာဉ်များကို တွေ့လိုက်ရသည်။
အဆုံးတွင်တော့ မုန့်ချီက အရာအားလုံးကိုသုံးပြီး မကောင်းဆိုးဝါးဝိညာဉ်ကို သတ်ခဲ့ရ၏။သူတို့က ပမာဏမများသည်မှာ ကံကောင်းသွားသည်။ မိန်းကလေး ကျိကတော့ အတော်လေးကို တည်ငြိမ်နေခဲ့၏။ မုန့်ချီက သူမကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိနေသလို ထင်မှတ်ရသည်။ ထို့ကြောင့် သူမက မည်သည့်အရာကိုမျှ ကြောက်မနေခဲ့ပေ။
"ကျွန်မတို့ ရောက်ပြီ ...."
မုန့်ချီက မကောင်းဆိုးဝါး ဝိညာဉ်တစ်ကောင်ကို ရှင်းပစ်လိုက်သည့်အချိန်တွင် မိန်းကလေးကျိ၏အသံကို ကြားလိုက်ရ၏။
မုန့်ချီက သူမ လက်ညှိုးထိုးပြလိုက်သည့်နေရာကို လှမ်းကြည့်လိုက်ရာ အလွန်လျှို့ဝှက်ဆန်းကြယ်စွာ ရှိနေသော တောင်ထိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုတောင်ထိပ်ပေါ်တွင် ကြက်သွေးရင့်ရောင် အလင်းတန်းများ တောက်ပနေ၏။
ထို့နောက် အလွန်ကြီးမားသော မိုးကြိုးတစ်ခု ပေါ်လာပြီး တောင်တန်းကြီး တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ ထို့ကြောင့် တောင်မြင့်ကြီးတစ်ခုလုံးက မိုးကြိုး ပင်လယ်ကြီးအဖြစ် ပြောင်းလဲနေခဲ့၏။
Translated by Hein Htet.