← Chapters

အခန်း (၁၀၈)

Vol. 8 Ch. 108

အခန်း (၁၀၈)

Vol. 8 Ch. 108

"အဲဒီမိုးကြိုးတွေက ဘာတွေဖြစ်နေတာလဲ... "

မုန့်ချီကတော့ အလွန်ထိတ်လန့်သွားသလို ခံစားခဲ့ရသည်။

မိန်းကလေးကျိက မျက်မှောင်ကြုတ်၍ ခဏကြာစဉ်းစားပြီး ပြောလိုက်၏။

"မကောင်းဆိုးဝါးသခင်ကို ကောင်းကင်တံဆိပ်နဲ့ သတ်ပစ်လိုက်တဲ့အချိန် ကောင်းကင်(၉) သွယ်မှာရှိတဲ့ နတ်ဘုရားမိုးကြိုးလှံက သူ့ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားတယ်လို့ ပြောကြတယ်...။ ဒါက ကောင်းကင် (၉) သွယ်မှာရှိတဲ့ နတ်ဘုရားမိုးကြိုးလှံရဲ့ ကျန်ရှိနေတဲ့ဝိညာဉ်နဲ့ စိတ်ဆန္ဒတွေဖြစ်နိုင်တယ်..။ ဒီအရာက နှစ်ပေါင်း (၁) သိန်းကျော် ကြာခဲ့တာကိုတောင် မကောင်းဆိုးဝါးသခင်ရဲ့ ခန္ဓာကိုယ်ကို ဆက်ပြီး ဖိနှိပ်ထားဦးမယ်လို့ လုံးဝမထင်ထားခဲ့ဘူး... "

"နှစ်ပေါင်း (၁) သိန်းကျော်..."

သူ့ရဲ့ဝိညာဉ်နဲ့ စိတ်ဆန္ဒက ထာဝရတည်ရှိနိုင်ခြင်းပေလော။

မုန့်ချီကတော့ သူ့အတွက် အမြင်ကျယ်လာသလို ခံစားနေရသည်။ ကျင့်ကြံမှုလမ်းကြောင်းက အမှန်တကယ်ကို အကန့်အသတ် မရှိနိုင်ပေ။ သူက တိုးတိုးလေး သက်ပြင်းချလိုက်မိပြီး ဦးတည်ချက်ကို ကြည့်၍ ပြောလိုက်သည်။

"သွားကြစို့... "

မကောင်းဆိုးဝါးအုတ်ဂူထဲတွင် ကြောက်စရာအကောင်းဆုံးအရာက မကောင်းဆိုးဝါးဝိညာဉ်များ မဟုတ်ချေ။ နေရာတိုင်းတွင် ပျံ့နှံ့နေသော မကောင်းဆိုးဝါး ချီစွမ်းအင်များ ဖြစ်၏။ သူ၏ရွှေခေါင်းလောင်း အကာအကွယ်ကို အသက်သွင်းရန်အတွက် ပို၍များပြားသော စွမ်းအင်များကို လိုအပ်နေသည်။

ထို့ကြောင့် သူက သူ၏ခံစားချက်များ လမ်းမှားရောက်မသွားစေရန် အာရုံစိုက်၍ ကာကွယ်နေရသည်။ မဟုတ်လျှင် သွေးဆာမှုများ၊ သတ်ဖြတ်ချင်စိတ်များ၊ အစွန်းရောက်ခံစားချက်မျိုးစုံက သူ့ကို လွှမ်းမိုးသွားနိုင်၏။ ထို့ကြောင့် မုန့်ချီက အတော်လေးကို ပင်ပန်းနေခဲ့သည်။

သူက စေတီလေး၏ရှေ့တွင် မီးပျံလွှားနှင့် ရေခဲလိပ်တို့၏ဒဏ်ကို ရင်ဆိုင်ပြီး ကျင့်ကြံနေရသည်ထက်ပင် ပို၍ခက်ခဲနေသေးသည်။ အကယ်၍ သူသာ ဉာဏ်အလင်းပွင့်မှုအဆင့်ကို မရောက်သေးလျှင် အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်မည် မဟုတ်ချေ။

ထိုအစား မကောင်းဆိုးဝါး ချီစွမ်းအင်များက သူ၏ခန္ဓာကိုယ်ကို ဝင်ရောက်လာပြီး သူ့ကို လမ်းမှားရောက်အောင် ဖျက်ဆီးပစ်ပါလိမ့်မည်။ ထို့ကြောင့် သူလည်း ဤနေရာမှနေ၍ မြန်မြန်ထွက်သွားနိုင်လေလေ ပိုကောင်းလေလေ ဖြစ်သည်။

ပြောခဲ့သည့်အတိုင်း တောင်တန်းနယ်မြေထဲတွင်တော့ အကွာအဝေးက အတော်လေးကို နီးကပ်နေသည်။ ထို့ကြောင့် မုန့်ချီနှင့် မိန်းကလေးကျိတို့က (၂)နာရီနီးပါးခန့် လျှောက်လာပြီးနောက် မကောင်းဆိုးဝါးသခင်၏ ခန္ဓာကိုယ်နှင့် ဖွဲ့စည်းထားသော တောင်ထိပ်ဆီကို ရောက်လာခဲ့၏။

သို့သော် တောင်ထိပ်အနားသို့ ကပ်လာလေလေ မကောင်းဆိုးဝါးဝိညာဉ် အရေအတွက်က ပိုပြီးနည်းလာလေလေ ဖြစ်သည်။ ကြည့်ရသည်မှာ သူတို့ကလည်း ဤနေရာကို ကြောက်လန့်နေကြပုံပေါ်၏။ သူတို့က အနားသို့ ကပ်မသွားရဲကြပေ။

တောင်ခြေသို့ ရောက်လာသည့်အချိန်တွင် မုန့်ချီက အလွန်ထိတ်လန့်သွားသလို ခံစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် အနက်ရောင် တောင်မြင့်ကြီးက ကောင်းကင်ပေါ်သို့ ထိုးတက်နေသော ဧရာမကျောင်းဆောင်ကြီးတစ်ခုပမာ ထင်မှတ်ရသည်။

ထိုအရာက ကောင်းကင်ကြီးကို ထောက်ပံ့ပေးထားသလို ဖြစ်နေခဲ့၏။ ထိုအရာက သစ်ပင်ရေညှိများ လုံးဝမရှိသော ကျောက်တောင်ကြီးတစ်ခု ဖြစ်သည်။ တစ်ခါတစ်ရံ တောင်ထိပ်ပေါ်မှ အနက်ရောင်သွေးများ စီးကျလာနေပြီး သူတို့ကို အနက်ရောင် မြူခိုးများ လွှမ်းခြုံနေခဲ့၏။

အလွန်ကြီးမားသော မိုးကြိုးကြီးများကလည်း ကမ္ဘာမြေကြီးပေါ်သို့ ကျရောက်လာနေပြီး ကမ္ဘာမြေတစ်ခွင်လုံး လင်းလက်တောက်ပနေခဲ့သည်။ ထိုအရာက တောင်ထိပ်ကို ချိန်ထားသော လှံတစ်ချောင်းကဲ့သို့ ဖြစ်နေခဲ့၏။

မိုးကြိုးနှင့် လျှပ်စီးကြောင်းများက ဟိုမှဒီမှ ကူးလူးသွားလာနေပြီး အနက်ရောင် မြူခိုးများကို တိုက်ခိုက်၍ မကောင်းဆိုးဝါးဝိညာဉ်များကို ဖျက်ဆီးပစ်နေသည်။ ထိုတောင်ထိပ်တစ်ခုလုံးကို မိုးကြိုးလျှပ်စီးများနှင့် လွှမ်းခြုံထား၏။ ထိုအရာနှစ်ခုလုံးတွင် ကြမ်းတမ်းခက်ထန်မှုများ ရှိနေကြသည်။

အကယ်၍ သူတို့က မုန့်ချီကို သီးခြားတိုက်ခိုက်နေခြင်း မရှိလျှင်ပင် သူကတော့ ထိတ်လန့်တုန်လှုပ်သွားသလို ခံစားနေရသေး၏။ ဤနေရာသို့ သာမန်လူများသာ ရောက်လာမည်ဆိုလျှင် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ဘောင်းဘီထဲ သေးပေါက်ချမိနိုင်သည်။

သာမန်သာ ထင်မှတ်ရသော မိန်းကလေးကျိကတော့ မည်သည့်သက်ရောက်မှုကိုမျှ မခံစားရပေ။ သူမက အနည်းငယ် မျက်မှောင်ကြုတ်ပြီး မုန့်ချီ၏နောက်တွင် ပုန်းနေခဲ့၏။

"ဘယ်လမ်းကိုသွားရမှာလဲ... "

မုန့်ချီက ကြမ်းတမ်းခက်ထန်မှုများကို ဖိနှိပ်ပြီး တောင်ခြေသို့ လက်ညှိုးထိုး၍ မိန်းကလေးကျိကို မေးလိုက်၏။ အဝေးတွင် တောင်တက်လမ်း (၃) ခုရှိနေပြီး ထိုတောင်တက်လမ်းအားလုံးကို အနက်ရောင်အငွေ့များ၊ လျှပ်စီးကြောင်းများ ပြည့်နှက်နေခဲ့၏။

မိန်းကလေးကျိက အသံတိုးတိုးနှင့် ပြောလိုက်သည်။

"အဲဒီလမ်းပဲ ။ အရင်တုန်းကတော့ ငါလည်း အကြောင်းပြချက်ကို မသိခဲ့ဘူး.. ။ အခုတော့ ကောင်းကင် (၉) သွယ်မှာရှိတဲ့ နတ်ဘုရားမိုးကြိုးလှံက ဒီလမ်းကြောင်းမှာရှိတဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေအားလုံးကို သတ်ပစ်နိုင်လို့ သူတို့က ရောက်မလာဘူးဆိုတာ နားလည်သွားပြီ ။ ဒါက လမ်းကြောင်းတစ်ခု ဖွင့်ပေးထားသလိုမျိုး ဆိုတော့ တော်တော်လေးကို လုံခြုံသွားပြီ ။ ငါတို့က လမ်းမှာ တော်တော်လေးကြောက်စရာကောင်းတဲ့ လူတွေကိုတော့ သတိထားရဦးမယ်... ။ ဒီလိုဆိုရင်တော့ ကျော်ဖြတ်နိုင်ပါပြီ…"

သူမက သူမ၏တာဝန်အတိုင်း ပြောပြလိုက်သည်။ မည်သို့ဖြစ်စေကာမူ ကိုရင်လေးကျန်းတင်က ခဏကြာရူးသွပ်သွားပြီး စည်းမျဉ်းဖောက်ဖျက်၍ လူသတ်မှာကိုလည်း ကြောက်လန့်နေရ၏။

"ဖျစ် … ဖျစ် … ဖျစ်... "

ခရမ်းရောင် လျှပ်စီးကြောင်းများက အနက်ရောင်အငွေ့များကို တိုက်ခိုက်နေပြီး ပြင်ပကမ္ဘာကြီးနှင့် ခွဲခြားထားခဲ့သည်။ ထို့ကြောင့် လမ်းဟု မဆိုနိုင်သော လမ်းကြောင်းတစ်ခု ပွင့်နေခဲ့၏။

သာမန်လူများကတော့ တောင်ပေါ်သို့တက်ရန် ခက်ခဲနိုင်သည်။ သို့သော် ကိုယ်ဖော့ပညာကျွမ်းကျင်သော မုန့်ချီကတော့ မိန်းကလေးကျိကို သူနှင့်အတူခေါ်ပြီး မြေပြန့်တွင် သွားလာနေသည့်အလား အလွန်လျင်မြန်စွာ ဖြတ်သန်းသွားနိုင်ခဲ့၏။ …………

အလွန်ကြောက်စရာကောင်းသော လက်သီးချက်များက မကောင်းဆိုးဝါးဝိညာဉ်များကို တိုက်ခိုက်လိုက်သည့် အချိန်တိုင်း သူတို့၏အရိုးက အက်ကွဲသွားပြီး ခန္ဓာကိုယ်ထဲမှ သွေးသားများ လွင့်ထွက်လာခဲ့သည်။ လော်ရှန်းကျိက လက်သီးကို ရုပ်သိမ်းလိုက်ပြီးနောက် သေဆုံးသွားသော လက် (၄) ဖက် မကောင်းဆိုးဝါးဝိညာဉ်ကို ကြည့်လိုက်သည်။

သူက အပြင်ဘက်တွင် ရှိနေသော မကောင်းဆိုးဝါး ချီစွမ်းအင်များကို ဖယ်ရှားရန်အတွက် သူ၏အတွင်းအားများကို စတင်လှည့်ပတ်နေရ၏။ သူ၏မျက်နှာ အမူအရာကလည်း အလွန်လေးနက်နေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏အတွင်းအားများက တစ်စိတ်တစ်ပိုင်း ကုန်ဆုံးနေသည့်အတွက် စက္ကန့်တိုင်း မိနစ်တိုင်း သူ၏အစွမ်းကိုသုံးရန် ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု ဖြစ်နေခဲ့သည်။

သူ၏ပြဿနာကို သက်သာရာရစေရန်အတွက် ဆေးလုံးနှင့် ဆေးရည်တချို့ကို ထုတ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ပေါ်တွင် အဝါရောင် အဆောင်တစ်ခုကို ကပ်လိုက်၏။

ထိုအဆောင်က လောင်ကျွမ်းသွားသည့်အချိန်တွင် လတ်ဆတ်သော ရနံ့တစ်ခု ထွက်ပေါ်လာပြီး မကောင်းဆိုးဝါးချီစွမ်းအင်များ တိုက်စားမှုကို ခုခံရန် ကူညီပေးနိုင်သည်။ ထို့ကြောင့် သူလည်း အနားယူနိုင်ခဲ့၏။

သံသရာတာဝန် ကျွမ်းကျင်သော ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် သူလည်း မကောင်းဆိုးဝါးဝိညာဉ်များကို တွေ့ခဲ့ဖူးသည်။ ထို့ကြောင့် သူက ပစ္စည်းများကို သေချာပြင်ဆင်ထားခဲ့၏။ သူက မကောင်းဆိုးဝါး ဝိညာဉ်များကို တိုက်ခိုက်နိုင်ခြင်း မရှိသော်လည်း ဖိအားများကိုတော့ အတော်လေး သက်သာရာရစေသည်။

"ဒါက ဘယ်နေရာလဲ... "

သူ၏မျက်နှာအမူအရာက အလွန်လေးနက်နေပြီး မကောင်းဆိုးဝါးသခင်၏ ပင်မကျောင်းဆောင် အောက်ခြေတွင် ရှိနေသော လျှို့ဝှက်လမ်းကြောင်းကို စဉ်းစားမိနေခဲ့သည်။

ဤနယ်မြေထဲတွင် အလွန်သိပ်သည်းသော မကောင်းဆိုးဝါး ချီစွမ်းအင်များ ရှိနေသည့် နေရာတစ်ခုတည်းသာ ရှိသည်။ အနည်းဆုံးတော့ သူက မည်သည့်နေရာကို ရောက်နေကြောင်း သိနေနိုင်၏။

လက်ရှိမေးခွန်းကတော့ မည်သည့်နေရာကို သွားရမည်ဖြစ်ကြောင်းနှင့် အန္တရာယ်များသောနေရာမှ မည်သို့ပြန်ထွက်ရမည်ဖြစ်ကြောင်း စဉ်းစားရန် လိုအပ်နေသည်။

သူက ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ရာ သွေးရောင်လမင်းကြီးကို မြင်လိုက်ရပြီး ကောင်းကင်ပေါ်မှ အလင်းတန်း(၄) ခု ရုတ်တရက် ကျဆင်းလာကြောင်း မြင်လိုက်ရသည်။ သူတို့က တစ်ခုနှင့်တစ်ခု အလွန်ကွဲပြားနေ၏။

တစ်ခုကတော့ အဖြူရောင်တိမ်တိုက်များကဲ့သို့ ဖြစ်နေပြီး လေလှိုင်းသံများ ကြားနေရသည်။ တစ်ခုကတော့ အလွန်တောက်ပသော ကြယ်ရောင် အလင်းတန်းများကဲ့သို့ ထင်မှတ်ရ၏။ တစ်ခုကတော့ ခေါင်းထဲသို့ ထိုးဖောက်လာသော ဓားအလင်းတန်းတစ်ခုပမာဖြစ်နေပြီး တခြားတစ်ခုကတော့ မိုးကြိုးနှင့်လျှပ်စီးများ ပိုင်ဆိုင်ထားသော လက်နက်တစ်ခု ဖြစ်သည်။

"ဗုန်း... "

သူတို့ကျဆင်းလာသည့် အချိန်တွင် ကမ္ဘာမြေကြီးတစ်ခုလုံးက ပြင်းပြင်းထန်ထန် တုန်လှုပ်လာပြီး ဆက်တိုက်ကို လှုပ်ရှားလာခဲ့၏။

လော်ရှန်းကျိက မည်သည့်နေရာကို သွားရမည်ဖြစ်ကြောင်း မသိခဲ့ပေ။ ထိုအချိန်တွင်တော့ သူလည်း စဉ်းစားမနေတော့ပဲ အလင်းတန်း (၄) ခု ကျဆင်းသွားသည့်နေရာကို ဦးတည်၍ ထွက်လာခဲ့သည်။

…………..

အလင်းရောင်များ ရုတ်တရက် ထွက်ပေါ်လာသည့်အတွက် လူတိုင်းက စိတ်ဝင်စားနေကြ၏။ ကမ္ဘာမြေကြီးတစ်ခုလုံးတွင်လည်း ပြောင်းလဲမှုများ ပေါ်လာခဲ့သည်။

ဓားအလင်းရောင်က ပျက်စီးသွားသည့်အချိန်တွင် ဓားရှည်ကတော့ မျက်ခုံးနှစ်ခုကြား တည့်တည့်ကို စိုက်၍ သူ၏အသက်စွမ်းအင်များ အားလုံးကို ဖျက်ဆီးပစ်နေသည်။ အနက်ရောင်ချပ်ဝတ်အင်္ကျီ ဝတ်ဆင်ထားပြီး အနက်ရောင် ဓားတစ်ချောင်းကို ကိုင်ထားသော ဧရာမ မကောင်းဆိုးဝါးဝိညာဉ်ကြီးက နောက်သို့လဲကျသွားခဲ့၏။

ဓားက သူ၏မျက်ခုံးတည့်တည့်ကို ထိုးဖောက်သွားခဲ့သည်။ တခဏအတွင်း မကောင်းဆိုးဝါးဝိညာဉ်က လုံးဝကို ပြိုလဲသွားခဲ့၏။ သူ၏ခန္ဓာကိုယ်ဖြစ်စေ ၊ ချပ်ဝတ်အင်္ကျီဖြစ်စေ ၊ အစွမ်းထက်သောဓားဖြစ်စေ ၊ အရာအားလုံးက အနက်ရောင် အငွေ့များအဖြစ်ပြောင်းလဲပြီး တောင်ထိပ်ဆီသို့ ရောက်သွားခဲ့၏။

ကျန်းကျိဝေ၏ညာလက်က အနည်းငယ် တုန်ယင်နေသော်လည်း ဓားကိုတော့ သေချာကိုင်ထားနိုင်သေးသည်။ သူမ၏မျက်နှာလေးက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အသက်ကို မျှင်းမျှင်းလေး ရှုနေရ၏။

ထိုမကောင်းဆိုးဝါးဝိညာဉ်က ဝေ့ကျင်း တစ်ဝက်အဆင့်နီးပါး ရောက်နေပြီး တောင်တန်းထဲတွင် သူမရင်ဆိုင်ခဲ့ရသည့် ရန်သူများထဲ၌ အစွမ်းထက်ဆုံး ရန်သူတစ်ယောက် ဖြစ်သည်။ ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်က အသုံးမဝင်ကြောင်း တွေ့လိုက်ရသည့်အချိန်တွင် သူမက သူ့ကို အနိုင်ရရန်အတွက် အနန္တဓားသိုင်းကို လျင်မြန်စွာ သုံးလိုက်ရသည်။

ထို့နောက် သူမက ဆေးပင် (၁၀၀) ဆေးလုံးကို ထုတ်သောက်လိုက်၏။ သူမက စွမ်းအင်များကို လျင်မြန်စွာ ပြန်ကောင်းလာရန် မျှော်လင့်ပြီး မုန့်ချီတို့ကို ရှာဖွေရန် တောင်ထိပ်ပေါ်သို့ တက်သွားခဲ့၏။

ပတ်ပတ်လည်တွင် ခရမ်းရောင်မြွေကဲ့သို့သော မိုးကြိုးပေါင်းများစွာ ရှိနေ၏။ ထို့ကြောင့် မကောင်းဆိုးဝါး ချီစွမ်းအင်များက အတော်လေး နည်းပါးနေသည်။ မဟုတ်လျှင် ကျန်းကျိဝေက မကောင်းဆိုးဝါးချီစွမ်းအင်များ၏ ကျူးကျော်ဝင်ရောက်မှုကြောင့် လက်ရှိအခြေအနေမျိုး မရှိနိုင်ပေ။

ထိုသို့ဆိုရာတွင် သူမ၏အရေပြားကတော့ အနက်ရောင် အငွေ့များ၏ တိုက်စားမှုကို ခံနေရသည့်အတွက် ဓားဆန္ဒများနှင့် တိုက်ခိုက်နေခဲ့၏။ သို့သော် ယခုတော့ ကျန်းကျိဝေက ထိုအရာကို ရင်ဆိုင်နိုင်သည့် အစွမ်းမျိုး မရှိချေ။

အနည်းငယ် ပြန်ကောင်းလာပြီးနောက် ကျန်းကျိဝေက နေဖောက်သက်တန့်ဓားကို ယူလိုက်ပြီး မတ်စောက်သော တောင်ကုန်းပေါ်သို့ ခုန်တက်သွားခဲ့သည်။ ထို့နောက် သူမက တောင်ထိပ်နှင့် မလှမ်းမကမ်းတွင် ရှိနေသော လမ်းကြောင်းကို ပြောင်းလဲလိုက်၏။

ထိုအချိန်တွင် ကောင်းကင်ပေါ်၌ အလင်းတန်း (၄) ခုပေါ်လာပြီး ခရမ်းရောင် မိုးကြိုးများလည်း တောက်ပလာခဲ့သည်။ ထိုအလင်းတန်းများက တောင်ထိပ်၏ထောင့် (၄) ထောင့်တွင် ကျရောက်သွားခဲ့၏။

ကျန်းကျိဝေက လှမ်းကြည့်လိုက်ရာ ထိုအရာက လေတိမ်တိုက်ဓား ၊ ထိုက်ဟွာဓားနှင့် တခြားသောအဖိုးတန်လက်နက် (၂) ခုဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူတို့က အလင်းရောင်များ တောက်ပနေပြီး အချင်းချင်း ချိတ်ဆက်နေကြပုံပေါ်၏။ သူတို့က အနက်ရောင်အငွေ့များကို ဖယ်ရှားနေပြီး အချင်းချင်း ပေါင်းစည်း၍ ခရမ်းရောင် မိုးကြိုးများကို ကူညီပေးနေကြသည်။

သူမက နှုတ်ခမ်းကို ကိုက်လိုက်မိပြီး ရင်ထဲတွင် ဝမ်းသာမှုနှင့် နာကျင်မှုက ရောနေခဲ့၏။ အကယ်၍ ထိုအဖိုးတန်လက်နက်(၄) ခုကသာ မကောင်းဆိုးဝါးအုတ်ဂူကို ပိတ်လိုက်နိုင်မည်ဆိုလျှင် ပင်မတာဝန် ပြီးဆုံးသွားသည်ဟု သတ်မှတ်နိုင်ပြီး သူတို့က ပြန်ခွင့်ရပါလိမ့်မည်။

သူတို့က ရှင်းပစ်ခံရမည် မဟုတ်ချေ။ အကယ်၍ အဖိုးတန်လက်နက် (၄) ခုက မကောင်းဆိုးဝါးအုတ်ဂူကို ပိတ်ချင်နေသည်ဆိုလျှင် သူတို့အတွက် တိုက်ပွဲကြီးများ စောင့်နေနိုင်သည်။ ထို့ကြောင့် သူမက လျင်မြန်စွာ ပြန်ကောင်းလာရန် လိုအပ်နေ၏။ ကိုရင်လေးတို့၏ အခြေအနေက မည်သို့ရှိနေသနည်း။

…………

တောင်ထဲတွင် ကြောက်စရာကောင်းသော ချော်ရည်များကဲ့သို့ ထင်မှတ်ရသော အနီရင့်ရောင် ရေကန်တစ်ခု ရှိသည်။ မကောင်းဆိုးဝါးဝိညာဉ်များက ထိုရေကန်၏အနားကို ကပ်မလာရဲကြပေ။

ချီကျန်းရန်က တစ်ကိုယ်လုံး အနီရောင်အလင်းတန်းများ လွှမ်းခြုံနေပြီး ရေကန်ထဲတွင် ခန္ဓာကိုယ်တစ်ဝက်ခန့် မြှုပ်နေခဲ့၏။ သူက အသက်ကို ပြင်းပြင်းရှူလိုက်သည်။ မကောင်းဆိုးဝါးဝိညာဉ် အမြောက်အမြားကို သတ်လိုက်ပြီးနောက် တောင်ထိပ်အနားကို ရောက်လာလေလေ သူတွေ့ရသော မကောင်းဆိုးဝါးဝိညာဉ်များက ပို၍အစွမ်းထက်လာလေလေ ဖြစ်သည်။

ထို့ကြောင့် သူ့ဆီတွင် ထွက်သွားရန် အကြံတစ်ခု ရှိနေသော်လည်း မကောင်းဆိုးဝါးဝိညာဉ်များ လွှမ်းခြုံနေသည့်အတွက် ထွက်ပြေး၍ မရနိုင်ခဲ့ပေ။ သူက အသက်ရှင်ခွင့်ရရန်အတွက်သာ အကောင်းဆုံး ကြိုးစားပြီး နောက်ဆုံးတွင်တော့ ဤနေရာသို့ ရောက်လာခဲ့သည်။ သူက သိပ်မကြာခင် အသတ်ခံရတော့မည်ဟု တွေးနေခဲ့သော်လည်း ရေကန်ထဲသို့ ရောက်လာပြီးနောက် မကောင်းဆိုးဝါး ဝိညာဉ်များက သူ့အနားကို ကပ်မလာနိုင်ကြတော့ပေ။

"ဒီသွေးရေကန်က တစ်ခုခုထူးဆန်းတာများ ရှိလို့လား... "

မကောင်းဆိုးဝါးဝိညာဉ်များက သူ့အနားကို ကပ်မလာရဲကြောင်း ချီကျန်းရန်ကလည်း သတိထားမိလိုက်၏။

ထို့ကြောင့် သူလည်း အနည်းငယ် စွမ်းအားပြန်ဖြည့်နေပြီးနောက် ရေကန်အောက်ခြေသို့ ငုတ်သွားပြီး ထိုနေရာတွင် မကောင်းဆိုးဝါးဝိညာဉ်များ ကြောက်လန့်နေသည့်အရာကို ရှာဖွေကြည့်ခဲ့သည်။

သူ ရေကန်အောက်သို့ ငုတ်လျှိုးသွားသည့်အချိန်တွင် သွေးရောင်ရေလှိုင်းများက သူ၏နားနှင့် နှာခေါင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ ချီကျန်းရန်က မျက်လုံးတံခါး ပွင့်နေသည့်အတွက် ရေကန်အောက်ခြေတွင် ရှိနေသော အရာများကို မြင်နိုင်၏။ သို့သော် သူက ရေကန်တစ်ခုလုံးကို လှည့်ပတ်ရှာဖွေနေခဲ့သော်လည်း မည်သည့်အရာမျှ မတွေ့ရပေ။ ဤနေရာ၌ ကျောက်တုံးများ ၊ သစ်ပင်များပင် မရှိချေ။

"တော်တော်ထူးဆန်းတယ်... "

သူက မည်သည့်အရာကိုမျှ မတွေ့သည့်အတွက် ရေပေါ်သို့ ပြန်ပေါ်လာပြီး မကောင်းဆိုးဝါးဝိညာဉ် နည်းသည့်ဘက်သို့ ဖြည်းဖြည်းချင်းတိုး၍ လွတ်လမ်းကို ရှာဖွေနေခဲ့သည်။

ထိုအချိန်တွင် မကောင်းဆိုးဝါးဝိညာဉ်များက နောက်သို့ပြန်ဆုတ်သွားကြပြီး အနားသို့ သူ ကပ်လာမှာကို ကြောက်လန့်နေကြပုံရသည်။

"ဘာတွေဖြစ်နေတာလဲ..။ ဒီသွေးရေတွေ ပေနေတဲ့ ခန္ဓာကိုယ်က မကောင်းဆိုးဝါးဝိညာဉ်တွေကို ခြောက်လန့်နိုင်တာလား... "

သူက အလွန်အံ့ဩသွားခဲ့ပြီး ရေထဲမှ ထွက်လာခဲ့သည်။ ထို့နောက် သေချာစေရန် မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်၏ အနားသို့ ကပ်သွားခဲ့၏။ ထိုမကောင်းဆိုးဝါးဝိညာဉ်က ရုတ်တရက် တုန်လှုပ်သွားပြီး ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့၏။

အကြိမ်အနည်းငယ် စမ်းသပ်လိုက်ပြီးနောက် ချီကျန်းရန်က သေချာသွားခဲ့သည်။ သူကတော့ ရှားရှားပါးပါး ပြုံးလိုက်၏။

"ဒီရေကန်က တကယ့်ကို ရတနာပဲ…"

သူက ဟွမ်ဟွာဓားဂိုဏ်းမှ ဆေးပုလင်းတစ်လုံးကိုယူပြီး ဆေးလုံးများကို အပြင်သို့ ထုတ်လိုက်သည်။ ထို့နောက် ပုလင်းထဲတွင် ရေများဖြည့်လိုက်ပြီး အရံသင့်အသုံးပြုနိုင်ရန် ပြင်ဆင်ထားခဲ့၏။ ထို့နောက် တောင်ထိပ်ပေါ်သို့ ပြေးသွားခဲ့သည်။

ရုတ်တရက်ဆိုသလို အလင်းတန်း (၄) ခု ကျဆင်းလာသည်ကို သူလည်း မြင်လိုက်ရ၏။ သူတို့ဆီမှ ပြန့်နှံ့လာသော အငွေ့အသက်များကြောင့် တောင်ထိပ်တစ်ခုလုံးကို ဖိနှိပ်နိုင်သည်။ သူက ခဏကြာစဉ်းစားပြီးနောက် တောင်ထိပ်ပေါ်သို့ ဆက်သွားရန်သာ ရွေးချယ်လိုက်သည်။

…………

မိန်းကလေးကျိ ရွေးချယ်ခဲ့သော လမ်းကြောင်းက အမှန်တကယ်ကို လုံခြုံနေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် မုန့်ချီက လမ်းတလျှောက်တွင် မကောင်းဆိုးဝါးဝိညာဉ် တစ်ကောင်မျှ မတွေ့ခဲ့ရပေ။

သို့သော် သူတို့က တောင်ထိပ်သို့ ရောက်တော့မည့်အချိန်တွင် မိန်းကလေးကျိက ရုတ်တရက် ရပ်လိုက်၏။

"သတိထား ကိုရင်လေး..၊ ရှေ့မှာ တော်တော်လေးကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်ရှိတယ်... "

လမ်းတလျှောက် အတူတူလျှောက်လာကြပြီးနောက် မိန်းကလေးကျိနှင့် မုန့်ချီတို့က ပို၍ရင်းနှီးလာကြသည်။

"သူက ဘယ်လောက်တောင် ကြောက်စရာကောင်းလို့လဲ... "

မုန့်ချီက သတိထား၍ မေးလိုက်သည်။

မိန်းကလေးကျိက ခေါင်းခါပြလိုက်သည်။

"ကျွန်မလည်းမသိဘူး..။ ဒါပေမယ့် အဲဒါက ဒီတောင်ထိပ်ပေါ်မှာ ကြောက်စရာအကောင်းဆုံး မကောင်းဆိုးဝါးဝိညာဉ်ဖြစ်နိုင်တယ်..။ သဲလွန်စတွေအရ ပြောရမယ်ဆိုရင် သူက ဝေ့ကျင်းအဆင့်ကိုတောင် ရောက်လုနီးနေပြီ…"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်သည်။

"ငါတို့က သူ့ကို ဘယ်လိုရင်ဆိုင်ရမှာလဲ... "

"ဘာမှမစိုးရိမ်ပါနဲ့ ။ ဒီမကောင်းဆိုးဝါးဝိညာဉ်က အစွမ်းထက်ပေမယ့် မကောင်းဆိုးဝါးသခင် ဒဏ်ရာရနေတဲ့နေရာမှာပဲ သက်ရောက်မှုရှိတာ... ။ သူ့ရဲ့အာရုံတွေက ဝေဝါးနေတယ်...။ ဒီတော့ သူက ရန်သူကိုရှာဖို့အတွက် သူ့ရဲ့အာရုံခံနိုင်စွမ်းတွေကိုပဲ အသုံးချနေရတာ... ။ တကယ်လို့ ကျွန်မတို့ကသာ သေချာဂရုစိုက်မယ်ဆိုရင် ကျော်ဖြတ်နိုင်ပါတယ်... "

မိန်းကလေးကျိ၏ စကားလုံးကြောင့် မုန့်ချီက အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ သူက စိတ်ထဲတွင် တွေးလိုက်၏။

“ငါ့ရဲ့ပြောင်းလဲမှုကျင့်စဉ်နဲ့ သန့်စင်လက်နက်ကို သုံးလိုက်မယ်ဆိုရင် ငါတို့က အဆင်ပြေပါတယ်...”

ထို့နောက် သူ၏မျက်ခုံးကြားထဲတွင် လှုပ်ရှားလာပြီး သူနှင့်မိန်းကလေးကျိတို့ကို လွှမ်းခြုံလိုက်သည်။ တဖန် သူတို့က ရှေ့ကို သတိထား၍ လျှောက်သွားခဲ့၏။

ကျောက်နံရံအတိုင်း လျှောက်သွားလိုက်ရာ သိပ်မကြာခင် မုန့်ချီက သူ့ရှေ့တွင် ရပ်နေသော မကောင်းဆိုးဝါးဝိညာဉ်တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုမကောင်းဆိုးဝိညာဉ်က လူသားတစ်ယောက်နှင့် တူညီနေ၏။ သူ၏မျက်လုံး(၂)လုံးက နီရဲနေပြီး ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည်။

သူ၏ခြေထောက်အောက်တွင်တော့ ရင်ဘတ်နှင့်ဝမ်းဗိုက် ပေါက်ကွဲပျက်စီးနေသော အကြီးအကဲချန်းကို တွေ့လိုက်ရ၏။ သူ၏ခေါင်းကလည်း ပြတ်နေပြီး ဦးနှောက်က ရှင်းလင်းနေခဲ့၏။

အလွန်ဝေးကွာနေသေးသည်ကိုပင် မုန့်ချီကတော့ ထိုမကောင်းဆိုးဝါး၏ ကြောက်စရာကောင်းသော အစွမ်းကို ခံစားမိနိုင်သည်။ သူက ရင်ဆိုင်ခဲ့ဖူးသော ရန်သူတိုင်းထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်၏။ ငိုကြွေးခြင်း အကြီးအကဲကတော့ ချွင်းချက်ဖြစ်သည်။

ထိုမကောင်းဆိုးဝါးဝိညာဉ်က တစ်နေရာသို့ လှမ်းကြည့်မည့် အခွင့်အရေးကို သူက စိတ်ရှည်လက်ရှည်နှင့် စောင့်နေခဲ့၏။ ထိုအချိန်တွင် အခြေအနေက ရှုပ်ထွေးလာပြီး ကောင်းကင်ပေါ်၌ ဓားအလင်းရောင်များ တောက်ပလာခဲ့သည်။

ကောင်းကင်ပေါ်မှနေ၍ အလင်းတန်း (၄) ခုကျဆင်းလာပြီး အလွန်ပြင်းထန်သော တုန်ခါမှုကြီးတစ်ခု ပေါ်လာခဲ့သည်။ ကြောက်စရာကောင်းသော မကောင်းဆိုးဝါးဝိညာဉ်က အကြိမ်အနည်းငယ် လှုပ်ရှားလိုက်ပြီး တောင်ထိပ်ပေါ်မှ ခုန်ဆင်းသွားခဲ့သည်။ သူက ထိုက်ဟွာဓားဆီသို့ ဦးတည်သွားခဲ့ခြင်း ဖြစ်၏။

ယခုအချိန်တွင်တော့ မုန့်ချီက ဤနေရာသို့ ပျံသန်းလာသော အဖိုးတန်လက်နက် (၄)ခုကို စဉ်းစားနေနိုင်ခြင်း မရှိချေ။ ထိုအစား သူ၏စိတ်ဆန္ဒကို လွှမ်းခြုံပြီး တောင်ထိပ်လမ်းကြားအတိုင်း သတိထား၍ လျှောက်လာခဲ့သည်။

နောက်ထပ် အနည်းငယ် သွားလာပြီးနောက် မုန့်ချီက တောင်ထိပ်ကိုဖြတ်၍ ဖန်တီးထားသော ကျောက်တံခါးတစ်ခုကို မြင်လိုက်ရသည်။ ထိုကျောက်တံခါးပေါ်တွင်တော့ မကောင်းဆိုးဝါး ချီစွမ်းအင်များ လွှမ်းခြုံနေပြီး ပိတ်ဆို့ထားသည့် စကားလုံးများစွာကို ရေးထိုးထားသည်။ ထိုစကားလုံးများကို ကြည့်လိုက်ရုံနှင့် ခန္ဓာကိုယ်ကို ထိန်းချုပ်၍ မရတော့သလို ခံစားနေရ၏။

"ဒီတံခါးရဲ့နောက်မှာရှိနေတာက တောင်ထိပ်ပဲ ။ ကျွန်မတို့ကသာ ခံစားချက်တွေကို ထိန်းချုပ်နိုင်မယ်ဆိုရင် ဒီကျောက်တုံးတံခါးကို ဖွင့်နိုင်လိမ့်မယ်... "

မိန်းကလေးကျိက တီးတိုးပြောလိုက်လေသည်။

Translated by Hein Htet

All Chapters