အခန်း (၁၀၉)
Vol. 8 Ch. 109
လေတိမ်တိုက်ဓား၊ ထိုက်ဟွာဓား၊ ကြယ်ခူးလက်အိတ်နှင့် မနက်ခင်းစန္ဒာအံစာတုံးတို့က အနက်ရောင်တောင်မြင့်ကြီး၏ ထောင့်(၄)ထောင့်တွင် အသီးသီး စိုက်နေကြသည်။ လေလှိုင်းနှင့် တိမ်တိုက်များလည်း ထွက်ပေါ်လာပြီး ဓားဝိညာဉ်များက ကောင်းကင်ပေါ်သို့ မြင့်တက်လာကြ၏။
ကောင်းကင်ပေါ်တွင် ရှိနေသော ကြယ်များက လှုပ်ရှားလာပြီး မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်လာခဲ့သည်။ ထိုစွမ်းအင်များက ကောင်းကင်(၉)သွယ် နတ်ဘုရားမိုးကြိုးလှံ၏ ကျန်ရှိနေသော ဝိညာဉ်နှင့် ပေါင်းစပ်ပြီး ပိုက်ကွန်ကြီးတစ်ခုသဖွယ် ဖန်တီး၍ တောင်မြင့်ကြီးတစ်ခုလုံးကို ထိုးဖောက်၍ မရစေရန် လွှမ်းခြုံလာခဲ့သည်။
အလင်းရောင်များ တောက်ပလာသည့်အချိန်တွင် ဓားဝိညာဉ်များက အချင်းချင်း ပေါင်းစပ်လာကြသည်။ ကောင်းကင်နှင့်မြေကြီး ပိုက်ကွန်ကြီးကလည်း ကျုံ့လာပြီး မကောင်းဆိုးဝါးချီစွမ်းအင်များကလည်း အနက်ရောင်တောင်ထိပ်ပေါ်တွင် လှုပ်ရှားလာကြသည်။
သူတို့က မီးခိုးငွေ့များအဖြစ် ပြောင်းလဲပြီး ကောင်းကင်ပေါ်သို့ တက်လှမ်းသွားခဲ့၏။ ထိုအငွေ့များက မိုးကြိုးများကို ဝါးမြိုသွားပြီး ဓားဝိညာဉ်များကို ဖျက်ဆီးလိုက်သည်။ ကြယ်များ၏နောက်သို့ လိုက်ပြီး မကောင်းဆိုးဝါး ချီစွမ်းအင်များကို ထုတ်လွှတ်လိုက်၏။
များပြားလွန်းလှသော မကောင်းဆိုးဝါးဝိညာဉ်များကလည်း တောင်ထိပ်ပေါ်မှ ပျံသန်းလာကြသည်။ သူတို့က အဖိုးတန်လက်နက် (၄)ခုဆီသို့ အကြောက်အလန့်မရှိ ရောက်လာမေကြသော်လည်း သူတို့အားလုံးက သေဆုံးသွားကြ၏။
သူတို့၏ အလောင်းများက မြေပေါ်တွင် တစ်ခုပြီးတစ်ခု ပျက်စီးသွားနေခဲ့သည်။ သို့သော် ကိစ္စမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က မကောင်းဆိုးဝါး ချီစွမ်းအင်များအဖြစ် နောက်တစ်ကြိမ် ပြန်ပြောင်းသွားခြင်းကြောင့် ဖြစ်သည်။
အဖိုးတန်လက်နက်များက သူတို့၏အစွမ်းကို ပြည့်ပြည့်ဝဝ ပြသနိုင်သော်လည်း ကိုင်ဆောင်အသုံးပြုနေသူ မရှိသည့်အတွက် သူတို့ဆီတွင် ဝိညာဉ်စွမ်းအား ဆုံးရှုံးနေသည်။
တဖြည်းဖြည်းနှင့် အလွန်များပြားလွန်းလှသော မကောင်းဆိုးဝါးဝိညာဉ်တပ်ဖွဲ့ကြီး၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ကောင်းကင်နှင့် မြေကြီး ပိုက်ကွန်ကြီးက နည်းနည်းဆီ ကျုံ့လာခဲ့၏။
ထိုအရာကို မြင်သည့်အခါ သူ့ဆီ၌ တခြားနည်းလမ်းမရှိတော့ဘဲ တောင်ထိပ်ပေါ်သို့တက်၍ မကောင်းဆိုးဝါးသခင်၏ ဝိညာဉ်ကို ရှာဖွေရမည်ဖြစ်ကြောင်း မုန့်ချီက သိသွားခဲ့သည်။
ထိုနည်းလမ်းတစ်ခုတည်းကသာ မကောင်းဆိုးဝါးဝိညာဉ်များနှင့် မကောင်းဆိုးဝါးအုတ်ဂူကြီးကို ဖျက်ဆီးနိုင်ပြီး သူ့ကိုယ်သူ ကယ်တင်နိုင်မည်ဖြစ်သည်။ ကူကုံရှန်နှင့် တခြားသူများကတော့ အဝေးတွင်သာ ရှိနေသေးကြောင်း သူက ရှင်းရှင်းလင်းလင်းသိနေ၏။
သူတို့က အချိန်မီ ရောက်လာနိုင်မည်မဟုတ်ပေ။ တောင်တန်းပေါ်တွင် သူကလည်း အဖိုးတန်လက်နက်(၄)ခုကို ထိန်းချုပ်ရန် အခွင့်အရေး မရှိနိုင်ပေ။ အကယ်၍ သူက တေက်သွားပြီး အချိန်ယူခဲ့မည်ဆိုလျှင်ပင် အချိန်တိုလေးအတွင်း လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။
သူ့အတွက် တခြားရွေးချယ်စရာ မရှိတော့သည့်အတွက် မုန့်ချီက သက်ပြင်းချလိုက်၏။ ထို့နောက် သူက မိန်းကလေးကျိ၏ သွေးကြောများ ဆက်လက်ပိတ်နေခြင်း ရှိမရှိ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် မကောင်းဆိုးဝါးတံခါးဆီသို့ ဦးတည်၍ လျှောက်သွားခဲ့၏။
သူ့ရှေ့တွင် ရှိသော ကျောက်တံခါးနှင့် သူ့ဘေးတွင် ရှိနေသော မိန်းကလေးကျိတို့ (၂)ယောက်စလုံးက အလွန်အန္တရာယ်များ၏။ သူမက မည်သည့်အချိန်တွင် နောက်တစ်ကြိမ် ကူရှောင်စန်း ပြန်ဖြစ်သွားမည်ဖြစ်ကြောင်း မည်သူမျှ မသိနိုင်ပေ။
မကောင်းဆိုးဝါးချီစွမ်းအင်များ ထွက်ပေါ်လာသည့်အချိန်တွင် စကားလုံးများ ပုံစံကွက်များအားလုံးက အလွန်အမင်းကို ကြောက်စရာကောင်းပြီး ထူးဆန်းလာခဲ့သည်။ သူတို့ကို ကြည့်နေရင်း သူ၏ စိတ်ဝိညာဉ်က လွှမ်းမိုးခံလိုက်ရကြောင်း မုန့်ချီက ခံစားမိနေခဲ့၏။
သူက ညာလက်ထဲတွင် နေမင်းနီမကောင်းဆိုးဝါးဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို အမြင့်ဆုံး သုံးထားလိုက်သည်။ သူ့ပုံစံက အစစ်အမှန် လော်ဟန့်ကိုယ်တော်တစ်ပါးကဲ့သို့ ဖြစ်နေပြီး ကျောက်တုံးတံခါးပေါ်ကို ဘယ်လက်နှင့် တွန်းဖွင့်လိုက်၏။
ကျောက်တုံးတံခါးကြီးက ထူးဆန်းသွားခြင်း မရှိဘဲ အလွန်နှေးကွေးစွာ ပွင့်လာခဲ့သည်။ ထိုအချိန်၌ သူ့ရှေ့တွင် အလွန်ကြီးကျယ်ခမ်းနားသော နန်းတော်ကြီးတစ်ခု ပေါ်လာခဲ့သည်။
မုန့်ချီက မိန်းကလေးကျိကို နန်းတော်ထဲသို့ ခေါ်သွားသည့်အချိန်တွင် ပလ္လင်ပေါ်၌ လူတစ်ယောက် ထိုင်နေကြောင်း တွေ့လိုက်ရ၏။ ထိုအရာကတော့ ရှင်ဘုရင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်ဖြစ်သည်။ သူ၏ ခေါင်းပေါ်တွင် သရဖူတစ်ခု ဆောင်းထားခဲ့၏။
"နောက်ဆုံးတော့ မင်းက ရောက်လာပြီ…။ မင်းက ငါ့ရဲ့အမွေအနှစ်တွေကို ဆက်ခံပြီး ကောင်းကင်(၉)သွယ်နှင့် မြေအောက်(၁၀)ကမ္ဘာကို အုပ်စိုးချင်လား…"
မကောင်းဆိုးဝါးသခင်က အလွန်လေးနက်သောအသံနှင့် မေးလိုက်သည်။ သူ့အသံက ငြင်းဆန်ရန် ခက်ခဲသော ဆွဲဆောင်မှု တစ်မျိုးဖြစ်၏။
"ဒါက စိတ်ဝိညာဉ်လွှဲပြောင်းမှုတစ်ခုပဲ…။ ငါက ဘာမှဖြစ်မှာ မဟုတ်ဘူး။ ငါက ငါ့ရဲ့နှလုံးသားကို အရင်ဆုံးထိန်းချုပ်ပြီး မကောင်းဆိုးဝါးအုတ်ဂူပြဿနာကို အရင်ဆုံး ဖြေရှင်းရမယ်……"
မုန့်ချီက ခဏကြာစဉ်းစားပြီး ပြောလိုက်၏။
"ကျူပ်က ဆန္ဒရှိပါတယ်……"
"မင်းကို လက်ဆင့်ကမ်းပေးဖို့ ထိုက်တန်ပါတယ်…"၏
မကောင်းဆိုးဝါးသခင်က ဝမ်းသာစွာ ပြောလိုက်၏။
ထို့နောက် သူ့ခေါင်းပေါ်တွင် ရှိနေသော သရဖူက ပျံသန်းလာသည့်အချိန်တွင် မုန့်ချီက အလွန်ကြောက်စရာကောင်းပြီး ဖြူဖပ်ဖြူရော်ဖြစ်နေသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။ ထိုအရာက သာမန်လူတစ်ယောက်နှင့် ကွဲပြားမှုမရှိချေ။
ထို့နောက် သူ၏မျက်လုံးများက မည်းမှောင်သွားပြီး အရာအားလုံးက ရှုပ်ထွေးသွားသည်မှာဖော်ပြရန်ပင် ခက်ခဲလှသည်။ အပျက်အစီးများကလည်း စတင်ပျောက်ကွယ်လာပြီး နေလုံးကြီးက တောက်ပလာခဲ့၏။ ယင်နှင့်ယန်ကလည်း ကွဲသွားပြီး လည်ပတ်လာခဲ့သည်။
ရုတ်တရက်ဆိုသလို မှေးမှိန်သော အလင်းတန်းတစ်ခုက မုန့်ချီ၏ မျက်လုံးထဲတွင် တိုက်ရိုက်တောက်ပလာခဲ့သည်။ မုန့်ချီ၏ ခေါင်းထဲတွင်တော့ အလွန်လျှို့ဝှက်ဆန်းကြယ်လွန်းလှသော စည်းမျဉ်းစည်းကမ်းများစွာ ရောက်လာနေခဲ့၏။
ထိုအချိန်တွင် သူ၏စွမ်းအင်များက တဟုန်ထိုး တိုးတက်လာနေကြောင်း ခံစားနေရသည်။ သူ၏ တံခါး(၉)ပေါက်က လျင်မြန်စွာ ပွင့်သွားပြီး လျှို့ဝှက်တံခါးကို ဖွင့်၍ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်နိုင်ခဲ့သည်။ ထို့နောက် အတွင်းနှင့် အပြင်ကမ္ဘာကြီးများကို ဆက်သွယ်နိုင်ပြီး ဓမ္မကာရအဆင့်ကို ရောက်ရှိသွားခဲ့၏။
မုန့်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။ သူ့အသံက ကောင်းကင်(၉)သွယ်ကိုပင် လှုပ်ရှားသွားစေခဲ့၏။ ရုတ်တရက်ဆိုသလို တောင်ထိပ်ကို ဗဟိုပြု၍ ဖော်ပြ၍ မရနိုင်သော လှိုင်းလုံးများစွာ ပျံ့နှံ့လာခဲ့သည်။
သူတို့က ဓားအလင်းတန်းကို ဖျက်ဆီး၍ သူတို့က တိမ်တိုက်များကို ပျံ့လွင့်သွားစေသည်။ ကြယ်များကို ဖျက်ဆီး၍ မိုးကြိုးများကို ပေါက်ကွဲသွားစေသည်။ မကောင်းဆိုးဝါးဝိညာဉ်များကလည်း တောင်ထိပ်ပေါ်ကို တစ်ခုပြီးတစ်ခု ကျဆင်းလာနေခဲ့၏။
သူတို့အားလုံးက နီရဲနေသော မျက်လုံးများနှင့် တောင်ထိပ်ပေါ်ကို စိုက်ကြည့်နေကြသည်။ သူတို့၏မျက်လုံးထဲမှနေ၍ သွေးများက မျက်ရည်များကဲ့သို့ ကျဆင်းလာနေခဲ့သည်။ သူတို့အားလုံးက ဒူးထောက်၍ ပြောလိုက်၏။
"ဘုရင်ကြီး…ပြန်ရောက်လာပြီ.။ ကောင်းကင်(၉)သွယ်နှင့် မြေအောက် (၁၀)ကမ္ဘာမှာ ဘယ်သူကမျှ ဘုရင်ကြီးကို မဆန့်ကျင်ရဲဘူး…။ဘုရင်ကြီး ပြန်လာတာ ကြိုဆိုပါတယ်.."
မုန့်ချီ၏ နားထဲတွင် ဝမ်းမြောက်ဝမ်းသာ အော်ဟစ်အားပေးသံများကို ကြားလိုက်ရသည်။ မြောက်များစွာသော မကောင်းဆိုးဝါးဝိညာဉ်များကလည်း သူ့ရှေ့တွင် ဒူးထောက်နေကြ၏။ သူက အလွန်အမင်းကို ဂုဏ်ယူနေခဲ့သည်။
“ချွမ်…ချွင်…”
မကောင်းဆိုးဝါးစွမ်းအင်များကြောင့် လေတိမ်တိုက်ဓား၊ ထိုက်ဟွာဓား၊ ကြယ်ခူးလက်အိတ်နှင့် မနက်ခင်းစန္ဒာအံစာတုံးတို့က တဖြည်းဖြည်း လေထဲကို မြောက်လာနေကြသည်။ သူတို့က တဖြည်းဖြည်း ကျုံ့လာပြီး သူတို့၏ မူလပုံစံကို ပြန်ပြောင်းသွားခဲ့၏။
ထို့နောက် သူတို့က မုန့်ချီ၏ ခြေထောက်နားသို့ ပျံသန်းလာပြီး ဒူးထောက်နေကြသည်။ ကောင်းကင်(၉)သွယ် နတ်ဘုရားမိုးကြိုးလှံ၏ ကျန်ရှိနေသော ဝိညာဉ်ကလည်း အလိုလို ပျောက်ကွယ်သွားပြီး ဝိညာဉ်တစ်ခုတည်းသာ ကျန်နေတော့သည်။ သို့သော် သူကတော့ ဘာမှမလုပ်နိုင်သည့်အတွက် တိတ်ဆိတ်သွားခဲ့၏။
မုန့်ချီက ပလ္လင်ပေါ်တွင် နောက်ကိုမီပြီး အားရပါးရ ရယ်လိုက်၏။ သူက အလွန်ကျေနပ်နေပုံရသည်။ မကောင်းဆိုးဝါးသခင်၏ အမွေဆက်ခံမှုက အမှန်တကယ်ကို ထူးခြားလွန်းလှ၏။
"သခင်…"
မိန်းကလေးကျိက မုန့်ချီကို တွေဝေစွာ ကြည့်နေမိခဲ့၏။
သူမက သူ့လက်နှစ်ဖက်ကို ကိုင်ပြီး ပြောလိုက်သည်။
"သခင့်အပေါ် ကျွန်မရဲ့ ခံစားမှုတွေကို သိသင့်တယ်။ ကျွန်မက ဘဝတစ်လျှောက်လုံး သခင့်အနားမှာနေဖို့ မတောင်းဆိုရဲပါဘူး။ ဒါပေမယ့် ဒီဘဝမှာ သခင်နဲ့အတူ အေးအတူပူအမျှ ဖြတ်သန်းချင်ပါတယ်…"
သူမက အလွန်လှပသန့်စင်လွန်းလှပြီး အိပ်မက်ဆန်လွန်းလှသည်။ ယခု သူမ၏ ခံစားချက်များကို ဖွင့်ထုတ်လိုက်သည့်အချိန်တွင် သူမ၏အလှတရားက ပို၍ပြည့်စုံလာသလို ထင်မှတ်ရသည်။
မုန့်ချီက မကောင်းဆိုးဝါးသခင်၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရရှိခဲ့သည့်အတွက် ကူရှောင်စန်းကို မကြောက်တော့ပေ။ သူက အလွန်လှပသော မိန်းကလေးကျိကိုသာ ကျေနပ်စွာ ကြည့်လိုက်၏။
သူက အနားသို့ ကပ်သွားပြီး တွေဝေစွာ မေးလိုက်သည်။
"ရှောင်စန်းကရော အဲဒါကို သဘောကျမှာလား.…။"
သူမ၏ အဓိကပြဿနာက ခန္ဓာကိုယ်တစ်ခုတည်းတွင် ဝိညာဉ်နှစ်ခုရှိနေခြင်း ဖြစ်သည်။ သူကတော့ လူတိုင်းကို အတင်းအကြပ် တွန်းအားမပေးချင်ပေ။
မိန်းကလေးကျိက ရှက်ရွံ့စွာ ပြန်ဖြေလိုက်သည်။
“ရှောင်စန်းက သူ့ထက်ပိုပြီး အစွမ်းထက်တဲ့သူကို သဘောကျတယ်…။ ယောကျ်ား…ရှင်က အများကြီး ပိုသင့်တော်ပါတယ်…။"
"ဘုရားရေ…
သူက ငါ့ကို ဒီလောက်မြန်မြန် ယောကျ်ားလို့ ခေါ်လိုက်တာလား……."
မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့သည်။
မိန်းကလေးကျိက ခေါင်းမော့ကြည့်လိုက်၏။ သူမ၏ အပြုံးလေးက အလွန်ဖြူစင်လွန်းလှသည်။ သူမက မုန့်ချီကို မေးလိုက်၏။
"သခင်က မကောင်းဆိုးဝါးခန္ဓာကိုယ်ကို တိုက်ရိုက်ဖန်တီးနိုင်လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး.…။ ကြည့်ရတာ သခင်က ဗုဒ္ဓလမ်းစဉ်ကို လျှောက်လှမ်းလို့ မရနိုင်တော့ဘူး ထင်တယ်။ ဒီလိုဆိုမှတော့ စိုးရိမ်မှုတွေကို ဖယ်ရှားပြီး တာအိုကျင့်စဉ်ကို အတူတူလေ့ကျင့်ကြရင် မကောင်းဘူးလား။ ကျွန်မက သခင့်ကို သဘောကျနေပြီး သခင့်ဆီမှာလည်း ချစ်သူမရှိမှတော့ ကျွန်မတို့က စမ်းသပ်ကြည့်သင့်တယ်လေ…"
အလွန်ပျော့ပြောင်းနူးညံ့ပြီး လှပသော လက်ညှိုးလေးက သူမ၏ပန်းနုရောင် နှုတ်ခမ်းလေးပေါ်သို့ တင်ထားသည်မှာ အလွန်ဆွဲဆောင်မှုရှိလွန်းလှသည်။
"ဒါ…ဒါက မကောင်းဘူးထင်တယ်……"
မုန့်ချီက တံတွေးမြိုချလိုက်မိ၏။
"ဘာလို့လဲ…"
ကူရှောင်စန်းက အပြုံးနှင့် မေးလိုက်၏။
သူမက သူ့အနားသို့ တစ်လှမ်းချင်းဆီ လျှောက်လာပြီး ပြောလိုက်သည်။
"သခင်က အရင်စရမှာကို မကြိုက်ဘူးလား။ ဒါမှမဟုတ် ကျွန်မက ဦးဆောင်ရမှာလား…ကျွန်မတို့က စမ်းသပ်ကြည့်လို့ ရပါတယ်…"
သူမက မုန့်ချီကို ပလ္လင်ပေါ်တွင် တွန်းလှဲချလိုက်သည်။ ထို့နောက် သူမ၏ ခေါင်းစည်းပဝါကို ဖြည်ချလိုက်၏။ အနက်ရောင်ဆံနွယ်များကလည်း သူမ၏ မျက်နှာပေါ်သို့ ကပိုကယို ကျရောက်လာခဲ့၏။
သေးသွယ်သော လက်ချောင်းလေးများကလည်း သူမ၏ ရင်ဘတ်နှင့် ခါးပေါ်တွင် လျင်မြန်စွာ လှုပ်ရှားနေကြသည်။ သူမက အင်္ကျီကြိုးကို ဖြည်းညင်းစွာ ဖြည်ချနေခဲ့၏။ သူမ၏လုပ်ဆောင်မှုများက အလွန်ဆွဲဆောင်မှုရှိနေသည်။
မုန့်ချီကတော့ ရင်ထဲတွင် ပူလောင်လာပြီး သူမကို လှမ်းဖက်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် သူတို့က အော်သံတစ်ခုကို ကြားလိုက်ရ၏။
"နင်တို့က ဘာလုပ်နေကြတာလဲ…"
အသံကြောင့် သူက ပြန်လှည့်ကြည့်လိုက်သည်။ ထိုအရာက ဓားနှင့်အတူ ခန်းမထဲကို ဝင်လာသော ကျန်းကျိဝေဖြစ်၏။ သူမက သူတို့ကို ဝမ်းနည်းစွာ ကြည့်နေခဲ့သည်။
"ငါတို့က နင်…နင်ထင်နေသလို မဟုတ်ဘူး…"
မုန့်ချီက အယောင်ယောင် အမှားမှားနှင့် ပြောလိုက်၏။ သို့သော် သူက စကားပြောမှားသွားပြီ ဖြစ်ကြောင်း နားလည်သွားသည်။ သူက ထိုကဲ့သို့သော စကားမျိုးကို မပြောသင့်ပေ။
ထိုအချိန်တွင် သူက မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။ ကျန်းကျိဝေက သူမ၏ အဝါရောင်ဝတ်စုံကို ချွတ်လိုက်ပြီး အဝတ်မဲ့သော ခန္ဓာကိုယ်အောက်တွင် ပြီးပြည့်စုံသော အလှတရားများ ပေါ်လာခဲ့သည်။
"တစ်ခုခုတော့ မှားနေပြီ…"
အရာအားလုံးက အလွန်စစ်မှန်နေခဲ့၏။ သူကတော့ ထိုအရာကို မရှောင်နိုင်ခဲ့ပေ။ ကူရှောင်စန်းနှင့် ကျန်းကျိဝေတို့ နှစ်ယောက်စလုံးက သူ့အနားတွင် ရှိနေကြ၏။
သူကတော့ အိပ်မက်ထဲကို ရောက်နေသည့်အလား အရာအားလုံးက ဝေဝါးနေခဲ့သည်။ သို့သော် အရာအားလုံးက အမှန်တကယ် သူလိုချင်နေသည့် အရာတစ်ခု မဟုတ်ကြောင်း မုန့်ချီက ခံစားမိခဲ့၏။
ရုတ်တရက်ဆိုသလို သူ့ရှေ့တွင် ဘုန်းတော်ကြီးတစ်ပါး ပေါ်လာခဲ့သည်။ သူက ဘုန်းတော်ကြီးကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူ့ပုံစံက အနည်းငယ် ရှုပ်ထွေးနေကြောင်း သိနေ၏။
ထို့နောက် သူ၏ခန္ဓာကိုယ်က ကလေးတစ်ယောက်အရွယ်ကို ပြောင်းသွားခဲ့သည်။ သူက အတော်လေးကို ချစ်စရာကောင်းပြီး မိဘများ၏ အလေးပေးမှုကို ခံခဲ့ရ၏။ သူကြီးပြင်းလာသည့် အချိန်တွင်လည်း သူ၏ မိဘများက တလေးတစား ဆက်ဆံခဲ့သည်။
သူ၏ မိဘများက သူ့ကို အရာရာတိုင်းတွင် အလေးပေးခဲ့၏။ သူ့မိဘများ သက်တမ်းကုန်သွားသည့်အချိန်တွင် သူက သက်ပြင်းချလိုက်မိသည်။
"သြော်…ဘဝဆိုတာ ဒါပါပဲလား…”
သူ့အနားတွင် အလွန်လှပသော မိန်းမပျိုလေးတစ်ယောက် ပေါ်လာခဲ့၏။ သူတို့က အတူတူ အိပ်စက်ပြီး လက်ထပ်လိုက်ကြသည်။ သူတို့က အချင်းချင်း ချစ်မြတ်နိုးခဲ့ကြပြီး သူတို့၏ ကလေးများကို အတူတကွ ပျိုးထောင်ခဲ့ကြသည်။ သူတို့က အလွန်ပျော်ရွှင်ခဲ့ကြ၏။
ဆယ်စုနှစ်ပေါင်းများစွာကြာပြီးနောက် သူ့ဇနီးက သေဆုံးသွားခဲ့သည်။ ထိုအခါ သူက ခန်းမထဲတွင် ထိုင်ပြီး ရုတ်တရက် သက်ပြင်းချလိုက်မိသည်။
"သြော်…ဘဝဆိုတာ ဒါပါပဲလား…”
သူက လူရှုပ်လူပွေတစ်ယောက် ဖြစ်နေပြီး နေရာတိုင်းတွင် ရှိနေသော မိန်းကလေးများကို ပေါင်းသင်းနေသည်။ တစ်နေ့တွင်တော့ သူက ထွက်လာခဲ့၏။ သူက ခေါင်းခါပြီး သက်ပြင်းချလိုက်မိသည်။
"သြော်…ဘဝဆိုတာ ဒါပါပဲလား…”
သူက တော်ဝင်မိသားစုထဲတွင် မွေးဖွားလာပြီး လူတိုင်း၏ ချစ်ခင်မြတ်နိုးမှုကို ခံခဲ့ရသည်။ သူကြီးပြင်းလာသည့်အချိန်တွင် အာဏာနှင့်ချမ်းသာကြွယ်ဝမှုကို ရခဲ့၏။ သူက လူတစ်ယောက်၏ သေခြင်းတရားကို ဆုံးဖြတ်နိုင်သည်။ သူဒေါသထွက်သွားလျှင် လူပေါင်းများစွာကို သတ်ပစ်နိုင်ပြီး သူပျော်ရွှင်လျှင် တခြားသူများကို ရာထူးတိုးပေးနိုင်သည်။
ဆယ်နှစ်ကြာပြီးနောက် နန်းတော်ထဲမှ ထွက်လာပြီး စကားတစ်လုံးသာ ပြောလိုက်သည်။
"သြော်…ဘဝဆိုတာ ဒါပါပဲလား…”
သူက တိုက်ပွဲကွင်းပြင်ကြီးများစွာ ဖန်တီးခဲ့ပြီး ရွာပေါင်းများစွာနှင့် နိုင်ငံပေါင်များစွာကို ဖျက်ဆီးပစ်ခဲ့သည်။ သူက သက်ရှိများကို အလေးထားခဲ့ခြင်း မရှိချေ။ သူက သတ်ဖြတ်ရခြင်းကို အလွန်သဘောကျနေခဲ့သည်။ သူ အသက်ကြီးလာသည့်အချိန်၌ ဗုဒ္ဓရုပ်ပွားတော်ကြီး၏ရှေ့တွင် ရှိနေသော မီးအိမ်ကြီးကိုကြည့်ပြီး ထူးခြားစွာ ပြုံးလိုက်၏။
"သြော်…ဘဝဆိုတာ ဒါပါပဲလား…”
ထိုမြင်ကွင်းများက သူ့ရှေ့၌ တစ်ခုပြီးတစ်ခု ပေါ်လာနေသည့်အချိန်တွင် သူက သတိပြန်ဝင်လာခဲ့သည်။
“ဒါက သေမျိုးဖုန်မှုန့်ကျဆင်းမှုသိုင်းကွက်ရဲ့အနှစ်သာရတွေပဲ…"
မုန့်ချီက တီးတိုးရေရွတ်လိုက်မိသည်။ သူက အနားတွင် ရှိနေသော ကူရှောင်စန်းနှင့် ကျန်းကျိဝေတို့ကို လျစ်လျူရှုထားလိုက်၏။
တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်က အရှက်တရား၊ နောင်တတရား၊ ခွင့်မလွှတ်နိုင်မှုနှင့် အကြောက်တရားများကို လူတိုင်း၏ ရင်ထဲသို့ ပို့သေူတို့ကို တိတ်ဆိတ်ငြိမ်သက်သွားစေနိုင်၏။ လောဘ၊ဒေါသနှင့် အဝိဇ္ဇာ၊ ချစ်ခြစ်မေတ္တာ၊ နှုတ်ဆက်ခွဲခွာခြင်းနှင့် မကျေနပ်မှု၊ ရန်ငြိုးတရားများနှင့် တွေ့ဆုံမှု စသည့်အရာအားလုံးက လူတစ်ယောက်၏ တိတ်ဆိတ်ငြိမ်သက်မှုကို နှောင့်ယှက်နိုင်သော အရာများဖြစ်သည်။
သေမျိုးဖုန်မှုန့်ကျဆင်းခြင်းဟူသော အရာကတော့ သူတို့လိုချင်တပ်မက်နေသော၊ ဆန္ဒရှိနေသော အရာအားလုံးကို ပေးလိုက်နိုင်သည်။ ထိုအရာက သူတို့မရခဲ့သော စွမ်းအား၊ အာဏာနှင့် မိန်းမလှလေးများ စသည့်အရာအားလုံး ပါဝင်နေ၏။ ယခု ထိုအရာများအားလုံးက သူ့ရှေ့တွင် ပေါ်လာနေခြင်းဖြစ်သည်။
မုန့်ချီက မျက်လုံးကို မှိတ်လိုက်သည့်အချိန်တွင် ဓားဝိညာဉ်က စတင်လှုပ်ရှားလာခဲ့၏။ သူက ဓားကို ဝှေ့ယမ်းကြည့်လိုက်သည်။
သေမျိုးကမ္ဘာကြီးထဲတွင် အလွန်လှပသော နယ်မြေတစ်ခုရှိသည်။ အလွန်လှပသော မိန်းမပျိုတစ်ယောက်၏ ချစ်ခြင်းမေတ္တာတရားရှိနေပြီး မိဘများ၏ ချစ်ခြင်းမေတ္တာတရား၊ ကံကောင်းမှုများနှင့် ငွေကြေးဓနအင်အားများ ရှိနေသည်။ မည်သူကရော ထိုအရာမျိုးကို မလိုချင်ဘဲ နေမည်နည်း။
သေမျိုးကမ္ဘာကြီးနှင့် ပတ်သက်နေသော အရာများကို စဉ်းစားနေသည့်အချိန်တွင် ဓားသွားက သူ့ရှေ့တွင် ရှိနေသော အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ သူတို့က ပုံရိပ်ယောင်တစ်ခုသဖွယ် ပျောက်ကွယ်သွားခဲ့၏။
မုန့်ချီက သူ၏ဓားဝိညာဉ်ကို သန့်စင်နိုင်ခဲ့ပြီး သူ၏မူလခံစားချက်များဆီကို ပြန်ရောက်လာခဲ့၏။
"ငါက အဲဒီအရာတွေ အားလုံးကို လိုချင်ပါတယ်။ ဒါပေမယ့် အဲဒီအရာတွေ အားလုံးထဲမှာ ငါတကယ်လိုချင်တဲ့အရာကိုပဲ ရွေးချယ်သင့်တယ်…”
သူ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းက တဖြည်းဖြည်း ပါးလွှာလာခဲ့သည်။ ထိုအချိန်တွင် အက်ကွဲသံတစ်ခုကို ကြားလိုက်ရသည့်အတွက် မုန့်ချီက မျက်လုံးဖွင့်ကြည့်လိုက်မိ၏။
လက်ရှိအခြေအနေတွင် ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့ရပြီး မကောင်းဆိုးဝါးချီစွမ်းအင်များက သူ၏ခန္ဓာကိုယ်ကို နေ့ဝက်ခန့် ထုဆစ်ပေးနေခဲ့သည့်အတွက် မုန့်ချီက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ အဆင့်(၅)ကို အောင်မြင်သွားခဲ့၏။ သို့သော် သူက ထိုအဆင့်ကို တည်ငြိမ်အောင် လုပ်ဆောင်ရန် လိုအပ်နေသေးသည်။
နောက်ဆုံးတွင်တော့ ကျောက်တံခါးနှင့်အတူ မကောင်းဆိုးဝါးချီစွမ်းအင်များက မုန့်ချီ၏ မျက်လုံးထဲတွင် နောက်တစ်ကြိမ် ပေါ်လာခဲ့သည်။ သူကတော့ မည်သည့်ပုံရိပ်ယောင်ကိုမျှ မခံစားရတော့ဘဲ တိတ်ဆိတ်အေးချမ်းနေခဲ့၏။
သူက ရွှေခေါင်းလောင်းအကာအကွယ် အဆင့်(၅)ကိုရောက်သွားပြီ ဖြစ်ပြီး သေမျိုးဖုန်မှုန့်ကျဆင်းခြင်း အနှစ်သာရကို နားလည်သွားခဲ့သည်။ ကျောက်တုံးတံခါးက ဖြည်းညင်းစွာ ပွင့်သွားသည့်အချိန်တွင် အလွန်ကျယ်ပြန့်သော တောင်ထိပ်တစ်ခု သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
မိန်းကလေးကျိက ပြောလိုက်၏။
"ကိုရင်လေး…
ကိုရင်လေးက ခံစားမှုတွေကို ထိန်းချုပ်နိုင်မယ်ဆိုတာ ကျွန်မသိတယ်…"
မုန့်ချီက ပြန်လှည့်ပြီး သူမကို ကြည့်လိုက်သည်။ ထို့နောက် တိုးတိုးပြောလိုက်၏။
"အထဲကို ဝင်သွားကြည့်ရအောင်…"
သူက ကျောက်တုံးတံခါးထဲသို့ ဝင်လာပြီးနောက် မုန့်ချီကတော့ ရှင်းပြ၍ မရနိုင်သော စွမ်းအားတစ်ခုကို ခံစားမိခဲ့သည်။ ထိုအရာကြောင့် သူ့ရင်ထဲတွင် လှုပ်ရှားသွားခဲ့၏။ ထိုအစွမ်းက လူတိုင်းကို ဖိနှိပ်နိုင်သည့် အငွေ့အသက်မျိုး ဖြစ်သည်။ သူကတော့ ထိုအငွေ့အသက်ကို သည်းခံပြီး ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။
ခြေလှမ်း(၁၀)လှမ်းခန့် လျှောက်လာပြီးနောက် သူ့ရှေ့တွင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ သူက အလွန်ကြီးမားသော ခရမ်းရောင်မိုးကြိုး အလင်းတန်းတစ်ခုကို တွေ့လိုက်ရ၏။ ထိုအလင်းတန်းက သူ့ကို တောင်ထိပ်ဆီသို့ တိုက်ရိုက်လမ်းညွှန်သွားခဲ့သည်။
ထိုအရာက ကောင်းကင်ပေါ်သို့ ပျံသန်းနေသော မိုးကြိုးစပါးအုံးမြွေတစ်ကောင်ကဲ့သို့ ထင်မှတ်ရ၏။ ခရမ်းရောင်အလင်းတန်းက အလွန်အံ့ဩစရာကောင်းသည့်အတွက် နတ်သမီးနယ်မြေတစ်ခုကို ရောက်သွားသလို ခံစားလိုက်ရသည်။
မုန့်ချီက မိန်းကလေးကျိကို မေးတော့မည့်အချိန်တွင် သူ၏မျက်လုံးထဲ၌ လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုသူက ခရမ်းရောင်မိုးကြိုး၏ အလယ်တွင် ရှိနေပြီး ဖြည်းညင်းစွာ ပြန်လှည့်လာခဲ့၏။
သူက လက်ကျယ်သော အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်နှာအမူအရာက ဖြူဖပ်ဖြူရော် ရှိနေသော်လည်း အေးအေးဆေးဆေးဖြစ်သည်။ သူက အလွန်ပင်ပန်းနေပုံရ၏။ သူ၏ မျက်ခုံးကြားထဲတွင် အနက်ရောင်မျဉ်းကြောင်းတစ်ခု ရှိနေသည်။ ထိုအရာက အလွန်ကြောက်စရာကောင်းပြီး သွေဆာနေသော အငွေ့အသက်များရှိ၏။
မုန့်ချီက ထိုမျဉ်းကြောင်းကို တည့်တည့်စိုက်ကြည့်ရဲခြင်းပင် မရှိချေ။ ထိုလူက မကောင်းဆိုးဝါးသခင်၏ ရုပ်ထုနှင့် တစ်ထပ်တည်းနီးပါး ဖြစ်သော်လည်း ပို၍ လျှို့ဝှက်ဆန်းကြယ်သည်။ သူ့ခြေထောက်အောက်တွင်တော့ နဂါးဇာမဏီ ကျောက်ပြားတစ်ခု ရှိနေခဲ့၏။
"မကောင်းဆိုးဝါးသခင်ရဲ့ လက်ကျန်စိတ်ဝိညာဉ်လား…"
မိန်းကလေးကျိက အလွန်ကြောက်လန့်နေပြီး နောက်ပြန်ဆုတ်သွား၏။
မုန့်ချီကလည်း နောက်သို့ တစ်လှမ်းပြန်ဆုတ်လိုက်မိသည်။ သူတို့ကတော့ မကောင်းဆိုးဝါးသခင်၏ စိတ်ဆန္ဒသာ ကျန်ရှိနေမည်ဟု တွေးခဲ့မိသည်။ သို့သော် ဤနေရာ၌ လက်ကျန်စိတ်ဝိညာဉ်တစ်ခု ကျန်နေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
နှစ်ပေါင်းများစွာ ကြာသွားလျှင် အရာအားလုံးက ပျောက်ကွယ်သွားတတ်သည်။ ဘာကြောင့် သူ၏ စိတ်ဝိညာဉ်တစ်စိတ်တစ်ပိုင်းက အသက်ရှင်နေရသနည်း။
အကယ်၍ မိန်းကလေးကျိက ကူရှောင်စန်းအဖြစ် ပြောင်းလဲသွားမည်ဆိုလျှင်ပင် သူ၏ စိတ်ဝိညာဉ်တစ်စိတ်တစ်ပိုင်းက သူတို့ကို အလွယ်တကူ သတ်ပစ်နိုင်စွမ်းရှိသည်။
မကောင်းဆိုးဝါးသခင်ကတော့ နာကျင်မှုများကို ခံစားနေရပုံပေါ်သည်။ သူ့ပုံစံက နှစ်ပေါင်းများစွာ ဖုန်မှုန့်များထဲတွင် ရှိနေခဲ့သလို ထင်မှတ်ရ၏။ သူက မုန့်ချီကို အလွန်လေးနက်သော မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။ သူက ရင်းနှီးခဲ့ဖူးသော လူတစ်ယောက်ကို စိုက်ကြည့်နေရသလိုထင်မှတ်ရသည်။
နောက်ဆုံးတွင်တော့ သူက သက်ပြင်းချပြီး အေးစက်စွာ ပြောလိုက်၏။
"မင်းလာတာ နောက်ကျတယ်…"
ထို့နောက် သူ၏ပုံရိပ်က တဖြည်းဖြည်း မှေးမှိန်လာပြီး နောက်ဆုံးတွင်တော့ ပျောက်ကွယ်သွားခဲ့လေသည်။
Translated by Hein Htet