အခန်း (၁၁၀)
Vol. 8 Ch. 110
"မင်းလာတာ နောက်ကျတယ် ...."
မကောင်းဆိုးဝါးသခင်၏အရိပ်က ဖျက်စီး၍မရနိုင်သော စိတ်ဆန္ဒနှင့်အတူ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သည်။ သို့သော် ထိုစကားများသာ ပြောခဲ့သည်။
ထို့ကြောင့် မုန့်ချီက အတော်လေးကို ရှုပ်ထွေးသွားပြီး အတော်လေးလည်း အံ့ဩနေခဲ့သည်။ ကြည့်ရသည်မှာ မည်သူမျှ ဝင်မလာခဲ့လျှင် သူက ထိုစကားများကို မပြောနိုင်သည့်အတွက် ပျောက်ကွယ်သွားမည် မဟုတ်နိုင်ပေ။
"သူက ဘာလို့ အဲဒီစကားတွေကို ပြောခဲ့ရတာလဲ...။ သူ့ကိုယ်သူပဲ ပြောနေတာလား။ သူစောင့်နေတဲ့လူနဲ့ တွေ့ဖို့ မအောင်မြင်ခဲ့ဘူးလား...။ ဒါမှမဟုတ် အရင်ကတည်းက သူ့ရှေ့ကို တစ်ယောက်ယောက် ရောက်လာပြီးသွားတာလား။ တကယ်လို့ တစ်ယောက်ယောက်ကသာ သူ့ရဲ့အမွေဆက်ခံမှုကို ရသွားပြီဆိုရင် ဘာလို့သူ့ရဲ့စိတ်ဆန္ဒက ဆက်ရှိနေပြီး ဒီစကားမျိုးကို ပြောရတာလဲ...။ တကယ်လို့ သူကသာ တခြားလူကို အဲဒီစကားတွေ ပြောပြီးသားဆိုရင် ဘာလို့အခုချိန်ထိ ရှိနေသေးတာလဲ..."
မုန့်ချီ၏ ခေါင်းထဲတွင် ရှုပ်ထွေးနေခဲ့သည်။ သူက မည်သို့ရှင်းပြရမှန်း မသိတော့ပေ။
မကောင်းဆိုးဝါးသခင်က ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီးနောက် အနက်ရောင် တောင်တန်းကြီးက ပြင်းထန်စွာ လှုပ်ရှားလာသည်။ တောင်နံရံက ပျက်စီးသွားပြီး ကျောက်တုံးများလည်း ပြိုကျလာ၏။
အလွန်ကြောက်စရာကောင်းသော မြေငလျင်တစ်ခု လှုပ်ရှားလာသလို ထင်မှတ်ရသည်။ ကမ္ဘာမြေကြီးတစ်ခုလုံးကို အနက်ရောင် ကျောက်တုံးများ လွှမ်းခြုံလာပြီး တဗုန်းဗုန်းမြည်သံများကို ကြားလိုက်ရ၏။ အက်ကွဲကြောင်းများစွာကိုလည်း တွေ့လိုက်ရသည်။ အဝေးတွင် ရှိနေသော လမင်းကြီးကလည်း မီးတောက်တစ်ခုပမာ ဖြစ်လာခဲ့၏။
"ဗုန်း ....."
အနီရောင်သွေးလမင်းကြီးက မြေပေါ်သို့ ကျဆင်းလာခဲ့သည်။ ပေါက်ကွဲမှုက ပြင်းထန်လွန်းလှသည့်အတွက် လေထုကပင် ခြောက်ကပ်သွားခဲ့သည်။ မကောင်းဆိုးဝါး ဝိညာဉ်များကလည်း ကျယ်လောင်စွာ အော်ဟစ်နေပြီး သူတို့၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားနေကြ၏။
အနက်ရောင်သွေးသားများကလည်း တစ်စစီ ပျက်စီးနေပြီး အဖြူရောင်အရိုးများ ပေါ်လာခဲ့သည်။ မကောင်းဆိုးဝါးအုတ်ဂူကြီးကတော့ လုံးဝပျက်စီးသွားသလို ထင်မှတ်ရသည်။
ရုတ်တရက်ဆိုသလို မုန့်ချီက သူ့ကိုယ်သူ အမှတ်ရသွားပြီး သူ၏မေးခွန်းများကိုပင် မေ့လျော့သွားခဲ့သည်။ သူက တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့သည်။ သူက နေမင်းနီမကောင်းဆိုးဝါးဓားကို ဆွဲထုတ်ပြီး မိန်းကလေးကျိကို ချိန်လိုက်၏။ တစ်ချိန်တည်းတွင် တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကို သုံးလိုက်သည်။
သူမကတော့ သွေးကြောများကို ပြန်ဖြည်ပြီးသွားသည်မှာ အချိန်အနည်းငယ် ကြာနေပါပြီ။ သူမက ပျံလွှားတစ်ကောင်ကဲ့သို့ လှုပ်ရှားလိုက်ပြီး မုန့်ချီကို ပြန်လည်တိုက်ခိုက်လိုက်၏။ ဓားသွားက ကျဆင်းလာသည့်ချိန်တွင် လက်ဝါးက ပြောင်းလဲသွား၏။
(၂)ယောက်စလုံးက နောက်ဆုတ်သွားခဲ့သည်။
"မိန်းကလေးကျိ.ဟုတ်လား...."
မုန့်ချီက အပြုံးနှင့် လှည့်ကြည့်လိုက်သည်။
သူမကတော့ နောင်တရှိနေပုံ မရချေ။
"ငါက မိန်းကလေးကျိ မဟုတ်တာကို ဘယ်ချိန်တုန်းက သိသွားတာလဲ ...."
မုန့်ချီကတော့ အလွန်တည်ငြိမ်နေပြီး ဒေါသများ၊ အကြောက်တရားများ မရှိခဲ့ချေ။ သူက အလွန်တည်ငြိမ်စွာ ပြောလိုက်၏။
"ငါက အမြဲတမ်း ကိုယ့်ကိုယ်ကို ဂရုတစိုက် ကာကွယ်နေတယ်လေ..။ ငါက နင့်ကို အမြဲတမ်း ကူရှောင်စန်းလို့ပဲ သတ်မှတ်ထားတယ်...."
သူမက မိန်းကလေးကျိဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူကတော့ သေချာပေါက် ကာကွယ်ထားရန် လိုအပ်သည်။ ထို့ပြင် မကောင်းဆိုးဝါးအုတ်ဂူကြီးက စတင် ပျက်စီးလာနေပြီဖြစ်၏။ သူကသာ မိနစ်ပိုင်းအတွင်း သေဆုံးသွားခြင်း မရှိလျှင် အသက်ရှင်ရန် အခွင့်အရေး ရှိနေသေးသည်။
"တကယ်လို့ ငါကသာ တံခါးကိုဖွင့်ပြီး အထဲကို မလာနိုင်ဘူးဆိုရင် အသက်ဆက်ရှင်ဖို့ အခွင့်အရေးတောင်ရမှာ မဟုတ်ဘူး...။ ငါ့ရဲ့သွေးကြောပိတ်စွမ်းရည်က တော်တော်လေး နိမ့်ကျနေတာလား ..။ ကူရှောင်စန်းမှာ တခြားထိပ်သီးပညာတွေ ရှိနေသေးတာလား ....."
သူမကတော့ သွေးကြောများကို တိတ်တဆိတ် ဖွင့်နိုင်ခဲ့သည့်အတွက် သူလည်း မယုံကြည်နိုင်ခဲ့ပေ။
ကူရှောင်စန်းက ရယ်လိုက်၏။
"နင်က အနတ္တကျိန်စာဖျက်ဓားပညာရဲ့ အနှစ်သာရကို ရသွားတယ်လေ...။ ငါက နင့်ရဲ့ အကူအညီအတွက်လည်း ကျေးဇူးတင်ပါတယ် ..။ မဟုတ်ရင် ဒီတံခါးကိုဖွင့်ဖို့အတွက် ငါကိုယ်တိုင် စွန့်စားနေရဦးမှာ...။ နင်က ငါ့ကို ဒီလိုလက်ဆောင်ကြီးတစ်ခု ပေးလိုက်တာပဲ ..။ ဒီတော့ ငါက နင့်ကို မသတ်တော့ပါဘူး ....."
ပတ်ဝန်းကျင်အခြေအနေက ပြောင်းလဲသွားကြောင်း ခံစားမိလိုက်သည့်အချိန်တွင် မုန့်ချီက ရပ်လိုက်သည်။ အရာအားလုံးက ကူရှောင်စန်းနှင့် သူရပ်နေသည့်နေရာသို့ ပြုတ်ကျလာခဲ့သည်။ မမြင်ရသော လက်တစ်စုံနှင့် ကိုင်ထားသည့်အလား ရှိနေသည့် နဂါးဇာမဏီကျောက်ပြားကလည်း ကူရှောင်စန်းဆီသို့ ရောက်လာခဲ့သည်။
မုန့်ချီက လောဘကြီးနေခြင်း မရှိချေ။ သူကတော့ ကောင်းကင်ခုံရုံး၏ နယ်မြေ အမှတ်အသားကို မလိုချင်ပေ။ယခုချိန်တွင် သူက ကူရှောင်စန်းကို အနိုင်ရရန်သာ အာရုံစိုက်ထားခဲ့၏။
သူ့ဆီတွင် တိမ်မုန်တိုင်းအပ်နှင့် သေမင်းမျက်လုံးဓားပျံတို့ ရှိနေသည်။ ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်ကလည်း အဆင့် (၅)ကို ရောက်သွားပြီဖြစ်၏။ သူ၏အနတ္တကျိန်စာဖျက်ဓားပညာကလည်း ဒုတိယသိုင်းကွက်ဖြစ်သော သေမင်းဖုန်မှုန့်ကျဆင်းခြင်းဟူသော အရာကို ပိုင်ဆိုင်သွားခဲ့သည်။
သို့သော် သူက သူမထက်ပို၍ အားနည်း၏။ သူတို့နှစ်ယောက်၏ ကြားထဲတွင် ရှိနေသော ကွာဟမှုက သူနှင့် အန်ကုံရှဲ့၏ ကွာဟမှု နီးနီးဖြစ်နေသည်။ သူက သူမကို အနိုင်ရရန် မလိုအပ်ချေ။ ခဏကြာ အချိန်ဆွဲထားရန်သာ လိုအပ်သည်။
မကောင်းဆိုးဝါး အုတ်ဂူကြီးသာ ပျက်စီးသွားမည်ဆိုလျှင် ပင်မတာဝန်က ပြီးဆုံးသွားမည်ဖြစ်ပြီး သံသရာကမ္ဘာကြီးထဲသို့ ပြန်သွားနိုင်ပါလိမ့်မည်။ သို့သော် ထိုမျှ အစွမ်းထက်သည့် ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူ၏ခုခံမှုက အချိန်ကြာမြင့်နိုင်ခြင်း မရှိချေ။
သူက ရဲရဲတင်းတင်း တိုက်ခိုက်မှသာ ရန်သူက သူ၏ တိုက်ခိုက်မှုကို ခုခံရန် အချိန်ပိုပေးရမည် ဖြစ်သည်။ မုန့်ချီက ထိုအရာကို ရှင်းရှင်းလင်းလင်း သိနေခဲ့၏။ သူက တွေဝေနေခဲ့ခြင်း မရှိချေ။ ထို့နောက် သူက ဘယ်လက်နှင့် သတ္တုပြွန်လေးကို ကိုင်လိုက်ရာ အလင်းတန်းများ တောက်ပလာခဲ့သည်။
"တိမ်မုန်တိုင်းအပ် ...."
မုန့်ချီက ကူရှောင်စန်းကို ချိန်လိုက်ပြီး ခလုတ်ကို နှိပ်လိုက်သည်။ ရုတ်တရက်ဆိုသလို အပ်ကလေးများက မိုးရွာသကဲ့သို့ ကူရှောင်စန်းဆီကို ပစ်လွှတ်လိုက်၏။
တစ်ချိန်တည်းတွင် သူက ညာလက်နှင့် နေမင်းနီမကောင်းဆိုးဝါးဓားကို လွှဲယမ်းတိုက်ခိုက်လိုက်သည်။ ဤကမ္ဘာကြီးတစ်ခုလုံးတွင် လောဘ ၊အမုန်တရား ၊အကြောက်တရားနှင့် ခံစားချက်မျိုးစုံ ပြည့်နှက်လာသလို ခံစားလိုက်ရ၏။ သူက သေမျိုးဖုန်မှုန့်ကျဆင်းခြင်း၏ အနှစ်သာရကို နားလည်သွားသည့်အချိန်တွင် မုန့်ချီက တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်ကို ပို၍ကောင်းမွန်စွာ အသုံးပြုနိုင်ခဲ့သည်။
သူက ဓားကို ဝှေ့ယမ်းလိုက်သည့်အချိန်တွင် သန့်ရှင်းသပ်ရပ်သော ဗုဒ္ဓကျောင်းဆောင်ကြီးက အဆုံးမဲ့ ပင်လယ်ကြီးတစ်ခုကဲ့သို့ ဖြစ်လာသလို ထင်မှတ်ရသည်။ ထိုအရာကို ရင်ဆိုင်ရန် ခက်ခဲနိုင်၏ ။ တိမ်မုန်တိုင်းအပ်နှင့် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်က မုန့်ချီ၏ အစွမ်းထက်ဆုံး စွမ်းရည် (၂)ခု ဖြစ်သည်။
ထိုအစွမ်းထက်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ကူရှောင်စန်းက ပြုံးလိုက်သည်။ သူမက လက်ခုပ်တီးလိုက်ရာ ချီစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ချီစွမ်းအင်များက သူမ၏ရှေ့တွင် လည်ပတ်လာပြီး အလွန်ကြောက်စရာကောင်းသော ဝဲကတော့တစ်ခု ဖြစ်လာခဲ့၏။
တဖန် ဝဲကတော့က ပျက်စီးသွားပြီး လေစီးကြောင်းများကြားထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ ဝဲကတော့ ပျက်စီးသွားသည့်အချိန်တွင် သဲမုန်တိုင်းအပ်များကလည်း ပတ်ပတ်လည်သို့ လွင့်ပျံသွားခဲ့၏။
ကူရှောင်စန်းက လက်ခုပ်တီးလိုက်သည်။ ထိုအခါ သူမ၏ အဖြူရောင် ဂါဝန်လေးက လှုပ်ရှားလာသည်မှာ နတ်သမီးတစ်ပါးကဲ့သို့ ထင်မှတ်ရ၏။ ပတ်ဝန်းကျင် အခြေအနေနှင့် ပေါင်းစပ်လိုက်သည့်ချိန်တွင် အလွန်လှပသော ပန်းချီကားတစ်ချပ်ပမာ ထင်မှတ်ရသည်။
"သာမန်လူသားတွေရဲ့ ကမ္ဘာကြီးက လူသားတွေရဲ့ အကျဉ်းထောင်တစ်ခုလိုပဲ။ သက်ရှိတွေအားလုံးက နာကျင်ခံစားနေရတာ.. ။ ပြန်လည်ဝင်စားခြင်း စက်ဝိုင်းသာ အဆုံးမရှိသရွေ့ နာကျင်မှုကလည်း အဆုံးမရှိနိုင်ဘူး ..။ လူသားတွေကို သနားညှာတာတဲ့အနေနဲ့ နတ်ဘုရားက ငါတို့ဘက်မှာ ရှိနေတယ် ။ အဂတိသခင်မ…လေဟာနယ်မြို့တော် ...."
သူမက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး လက်ချောင်းလေးများကို လှုပ်ရှားလိုက်သည်။
ထိုအချိန်တွင် မုန့်ချီ၏ရှေ့၌ နောက်တစ်ကြိမ် ဝဲကတော့တစ်ခု ပေါ်လာပြီး ဆွဲငင်အားတစ်ခု ပေါ်လာခဲ့သည်။ ကြည့်ရသည်မှာ မုန့်ချီနှင့် သူ့ဓားက သူမဆီသို့ အလိုလို ရောက်လာမည့်ပုံပေါ်သည်။
ထိုအချိန်တွင် အလင်းရောင်များက ပျောက်ကွယ်သွားပြီး ဓားက ပြုတ်ကျသွားခဲ့၏။ မုန့်ချီကတော့ ခန္ဓာကိုယ်နှင့် သွေးများကို ထိန်းချုပ်၍ မရတော့သလို ခံစားလိုက်ရသည်။
"တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်က အစွမ်းထက်လာတာကို ကျေးဇူးတင်ရမယ် ...။ မဟုတ်ရင် ငါက ဖုတ်ကောင်တစ်ကောင် ဖြစ်နေလောက်ပြီ ..”
“နင်က ငါ့ကို အစွမ်းထက်တဲ့ သိုင်းကွက်နှစ်ခု သုံးအောင် လုပ်နိုင်ခဲ့တယ် ။အခုတော့ ငါက နင့်ကို မသတ်ချင်သေးဘူး ...."
တိမ်မုန်တိုင်းအပ်က ကူရှောင်စန်းကို သေချာပေါက် ထိခိုက်စေနိုင်သည်။ မုန့်ချီက တိုက်ခိုက်မှု ရပ်တန့်သွားသည့်အချိန်တွင် သူမက ပြောလိုက်၏။
တစ်ချိန်တည်းတွင် သူမက ကောင်းကင်ခုံရုံး၏ နယ်မြေအမှတ်အသားကို ကိုင်လိုက်သည်။ သူမက ထူးဆန်းသော စွမ်းအင်တစ်မျိုးကို သုံးလိုက်ရာ ထိုကျောက်တုံးလေးက လျင်မြန်စွာ သေးငယ်သွားခဲ့၏။
သိပ်မကြာခင် ထိုကျောက်ပြားက လက်ဖဝါးအရွယ်အစားခန့် ဖြစ်လာပြီး သူမ၏ အိတ်ထဲသို့ ထည့်သိမ်းလိုက်၏။မကောင်းဆိုးဝါး သခင်၏ အရိပ်ကလည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။
ကောင်းကင်(၉)သွယ် နတ်ဘုရားမိုးကြိုးလှံကလည်း တဖြည်းဖြည်း ကျုံ့လာပြီး ဦးတည်ချက် ပျောက်ကွယ်သွားသလို ထင်မှတ်ရသည်။ တောင်တန်းကြီး တစ်ခုလုံးက ပြင်းပြင်းထန်ထန် လှုပ်ရှားလာပြီး အချိန်မရွေးပြိုကျသွားတော့မလို ထင်မှတ်ရ၏။ နက်မှောင်နေသော နယ်မြေကြီးကလည်း ဧရာမဓားကြီးနှင့် ခုတ်ပိုင်းခံလိုက်ရသလို ဖြစ်သွားခဲ့သည်။
"ဒါပေမယ့် မိန်းကလေးကျိက နင့်ကို ကြိုက်နေတာ မဟုတ်လား ...."
မုန့်ချီက နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည့်အချိန်တွင် ကူရှောင်စန်းက မုန့်ချီကိုကြည့်ပြီး ရယ်လိုက်၏။
"နင်က ငါ့ရဲ့ပိုးမျှင်ကွန်ရက်ကို စမ်းသပ်ကြည့်ချင်လား ...."
ထိုအချိန်တွင် လေလှိုင်းများ ရုတ်တရက် တိုက်ခိုက်လာပြီး လေစီးကြောင်းများ လှုပ်ရှားလာခဲ့သည်။ မုန့်ချီ၏ မျက်ခုံးကြားထဲတွင်လည်း လှုပ်ရှားလာခဲ့၏။ သူ၏ မျက်ခုံးပတ်ပတ်လည်တွင် မမြင်နိုင်သော မျဉ်းကြောင်းများစွာ ရှိနေကြောင်း ခံစားလိုက်ရပြီး ထိုအရာများက ပတ်ပတ်လည်မှနေ၍ သူ့ဆီကို ဦးတည်လာနေကြ၏။
"အဲဒါက သူ့ရဲ့ လက်နက်ပဲဖြစ်ရမယ် ...."
မုန့်ချီက အခြေအနေကို ရုတ်တရက် နားလည်သွားခဲ့ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်၏။
သူက ယခုမှ နားလည်ထားခဲ့သော သေမျိုးဖုန့်မှုန့်ကျဆင်းခြင်း ဟူသော သိုင်းကွက်ကို သုံးချင်ခဲ့သည်။ ထိုအရာက သူမကို တိုက်ခိုက်နိုင်ခြင်းရှိမရှိ သူလည်း သေချာမသိချေ။ ထို့ကြောင့် ယခင်တုန်းကဲ့သို့ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို မသုံးတော့ဘဲ သေမျိုးဖုန်မှုန့်ကျဆင်းခြင်းသိုင်းကွက်ကို သုံးလိုက်သည်။
"ဒီလိုအခြေအနေမျိုးမှာ ငါက ကူရှောင်စန်းရဲ့တိုက်ခိုက်မှုကို တားဆီးနိုင်မယ်ဆိုရင် မကောင်းဆိုးဝါးအုတ်ဂူ ပျက်စီးသွားတဲ့အချိန်ထိ ထိန်းထားနိုင်တဲ့ အခွင့်အရေး ရှိနေသေးတယ်...."
မကောင်းဆိုးဝါးသခင်က လုံးဝနီးပါး ပျောက်ကွယ်သွားပြီဖြစ်သည်။ ခရမ်းရောင် အလင်းတန်းများကလည်း လေထဲတွင် ငြိမ်သက်သွားခဲ့၏။ ထိုအချိန်တွင် သူ၏စိတ်ဆန္ဒက ဖြည်းညင်းစွာ ပျောက်ကွယ်သွားနေပြီး စွမ်းအင်များကလည်း ပျောက်ကွယ်သွားနေခဲ့သည်။
ကူရှောင်စန်းက မုန့်ချီကို တစ်စစီ ဖြတ်တောက်ရန် မျဉ်းကြောင်းလေးများကို စုစည်း၍ ရှေ့ကိုတိုးလာနေခဲ့၏။ မုန့်ချီက စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံးတော့မည့်အချိန်တွင် ခရမ်းရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရပြီး ဆူညံသံတစ်ခုကို ကြားလိုက်ရသည်။
သူလည်း လုံးဝကို ထိတ်လန့်သွားခဲ့၏။ ကောင်းကင်(၉)သွယ် နတ်ဘုရားမိုးကြိုးလှံ၏ နောက်ဆုံးစွမ်းအင်များက အလွန်ကြီးမားသော ခရမ်းရောင်လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲပြီး မုန့်ချီဆီကို ရောက်လာခဲ့သည်။
ကူရှောင်စန်းကလည်း အလွန်ထိတ်လန့်သွားခဲ့ပြီး ရှေ့ဆက်မတိုးရဲတော့ချေ။ သူမကတော့ ရေခဲပြင်ပေါ်တွင် လှုပ်ရှားနေသည့်အလား နောက်ပြန်ဆုတ်သွားခဲ့၏။
"ကောင်းကင်(၉)သွယ် နတ်ဘုရားမိုးကြိုးလှံထဲမှာ စွမ်းအားဘယ်လောက်ပင်ရှိရှိ ရှေးဟောင်းမိုးကြိုးနတ်ဘုရားရဲ့ အခွင့်အာဏာရှိတယ်.....။ အဲဒီအရာမှာလည်း သူ့ရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေရှိတယ်....။ ဒါကို ငါ့ရဲ့အစွမ်းနဲ့ လုံးဝရင်ဆိုင်နိုင်မှာ မဟုတ်ဘူး...."
မုန့်ချီကတော့ ကောင်းကင်(၉)သွယ် နတ်ဘုရားမိုးကြိုးလှံ၏ နောက်ဆုံးစွမ်းအားကို တားဆီးခဲ့ခြင်း မရှိချေ။ မိုးကြိုးစွမ်းအားကြောင့် သူ၏စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်က ထုံကျင်သွားသလို ခံစားလိုက်ရ၏။ သူက လှုပ်ရှားနိုင်ချေမရှိခဲ့ပေ။ သူ၏လက်ခုံပေါ်သို့ လျှပ်စီးကြောင်းများ ကျရောက်လာသည်ကို ကြည့်နေရ၏။
"ဗုန်း...."
မုန့်ချီ၏ ခန္ဓာကိုယ်ထဲတွင် မိုးကြိုးများ ပေါက်ကွဲသွားသည်။ ထိုအချိန်တွင် သူ၏နားတံခါးနှင့် ပတ်သက်သော သွေးကြောမှတ်များအားလုံးက သန့်စင်သွားသလို ခံစားလိုက်ရ၏။
"ဗုန်း..."
မိုးကြိုးများက နောက်တစ်ကြိမ် ပေါ်လာသော်လည်း သွေးကြောမှတ်များကို ထပ်မံတွန်းပို့နိုင်သည့် အစွမ်းမျိုး မရှိတော့ပေ။
ခရမ်းရောင်လျှပ်စီးကြောင်းများက မုန့်ချီ၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေပြီး အသံများထွက်ပေါ်နေခဲ့သည်။ ထိုအရာက ရွှေခေါင်းလောင်းအကာအကွယ်ကိုလည်း သန့်စင်အားဖြည့်ပေးလိုက်ပြီး ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့သည်။ နောက်ဆုံးတွင်တော့ ငြိမ်သက်သွားခဲ့၏။
"ဗုန်း...."
ဆူညံသံများက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
မုန့်ချီက သတိပြန်ဝင်လာချိန်တွင် ခရမ်းရောင်လျှပ်စီးကြောင်းများနှင့် မိုးကြိုးများ ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရ၏။ ထို့ပြင် သူ၏လက်ဖမိုးပေါ်တွင် လျှပ်စီးပုံသဏ္ဌာန် အမှတ်အသားတစ်ခု ရှိနေကြောင်းကိုလည်း တွေ့လိုက်ရသည်။
ထိုအမှတ်အသားက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အဆင့်အတန်းမြင့်၏။ ခဏကြာပြီးနောက် မိုးကြိုးပုံအမှတ်အသားက ကျုံ့လာပြီး နောက်ဆုံးတွင်တော့ ပျောက်ကွယ်သွား၏။ အကယ်၍ သူသာ စွမ်းအားကို အမြင့်ဆုံးသုံးလိုက်မည်ဆိုလျှင် မိုးကြိုးပုံအမှတ်အသားက နောက်တစ်ကြိမ် ပြန်ပေါ်လာမည်ဖြစ်ကြောင်း မုန့်ချီက သိနေခဲ့သည်။
"ဒါက ဘာကြီးလဲ....."
မုန့်ချီက ဇဝေဇဝါဖြစ်သွား၏။
"နတ်ဘုရားမိုးကြိုးလှံရဲ့စွမ်းအားတွေက ဘာလို့ငါ့ကိုရွေးချယ်လိုက်ရတာလဲ....။ ငါက ဒီမိုးကြိုးအမှတ်အသားကို ဘယ်လိုသုံးရမှာလဲ..."
လျှပ်စီးနှင့်မိုးကြိုးများ၏ သန့်စင်ပေးမှုကြောင့် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ အဆင့်(၅)က အတော်လေး တိုးတက်လာခဲ့၏။ သို့သော် ထိုအရာကို စုစည်းရန် အချိန်အနည်းငယ် ပေးရဦးမည်ဖြစ်သည်။
အရေးကြီးဆုံးအရာကတော့ ကောင်းကင်(၉)သွယ်မှ မိုးကြိုးစွမ်းအင်များက သူ၏နားတံခါးနှင့် ပတ်သက်သော သွေးကြောမှတ်များအားလုံးကို သန့်စင်ပေးလိုက်ခြင်း ဖြစ်သည်။သူလုပ်ဆောင်ရန် လိုအပ်သည်မှာ စုစည်းရန်သာဖြစ်၏။
ပုံမှန်အားဖြင့် မုန့်ချီက တံခါးပေါက်တစ်ခုဖွင့်ရန် အဆင့်(၃)ဆင့် လိုအပ်သည်။ ထိုအရာကတော့ ချီစွမ်းအင်များကို လှုံ့ဆော်ခြင်း၊ ဖြည်းညင်းစွာ လှည့်ပတ်ခြင်းနှင့် စုစည်းခြင်းတို့ ဖြစ်သည်။ ပထမအဆင့်(၂)ခုက အချိန်အများဆုံးကုန်ခြင်းဖြစ်သည်။
သူက နားတံခါးနှင့် ပတ်သက်သောသွေးကြောမှတ်များကို စုစည်းရန်အတွက် (၆)လ (၇)လခန့် အချိန်ပေးရမည်ဟု တွက်ထားခဲ့သည်။ ယခုတော့ တစ်လအတွင်း ပြီးဆုံးသွားခဲ့၏။ သူက ကျန်ရှိနေသောအချိန်တွင် ဆေးပုလင်းများ သုံးစရာမလိုတော့ဘဲ ဉာဏ်အလင်းပွင့်မှုအဆင့်ကို တိုးတက်အောင် လုပ်ဆောင်၍ ရနိုင်သည်။
မုန့်ချီက ထိုအရာကို စဉ်းစားနေရင်း သိပ်မကြာခင် သတိပြန်ဝင်လာခဲ့၏။ သူက အစွမ်းထက်သော ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသည့်အတွက် အာရုံပြန့်၍ မရနိုင်ပေ။
ကူရှောင်စန်းကလည်း ဖြစ်ပျက်ခဲ့သည့်အရာများကိုကြည့်ပြီး အလွန်အံ့ဩနေခဲ့၏။ သူမက တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။ ထို့နောက် သူမက ရှက်တတ်သော မိန်းကလေးတစ်ယောက်ကဲ့သို့ နှုတ်ခမ်းကို ဆွဲဆောင်မှုရှိစွာ ကိုက်လိုက်သည်။
သူမက အပြုံးနှင့် ပြောလိုက်၏။
"အခုငါတို့က ကျေသွားပြီ။ ငါက ကောင်းကင်ခုံရုံးရဲ့ နယ်မြေအမှတ်အသားကိုရတယ်.။ နင်က မိုးကြိုးစွမ်းအားကိုရတယ်...။ အခုနင်က နောင်တတွေ အကြောက်တရားတွေမရှိဘဲ သေလို့ရပြီ..."
သူတို့စကားပြောနေစဉ် အနက်ရောင် တောင်မြင့်ကြီးက ဖြည်းညင်းစွာ ပြိုကျလာသည်။ အဘယ့်ကြောင့်ဆိုသော် မကောင်းဆိုးဝါးသခင်၏ စိတ်ဆန္ဒနှင့် ကောင်းကင်(၉)သွယ် နတ်ဘုရားမိုးကြိုးလှံ၏စွမ်းအင်များကို ဆုံးရှုံးလိုက်ရခြင်းကြောင့်ဖြစ်၏။ လေဟာနယ်ကလည်း ပျက်စီးလာခဲ့သည်။
"ကိုရင်လေး ...."
ကျန်းကျိဝေက သူမ၏ဓားကိုကိုင်ပြီး ထောင့်တစ်နေရာတွင် ရပ်နေခဲ့၏။ သူမ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး မုန့်ချီကို အံ့အားသင့်စွာ ကြည့်နေမိခဲ့သည်။ သို့သော် သိပ်မကြာခင် သူမက အန္တရာယ်များသော အခြေအနေကို သတိထားမိခဲ့၏။ သူမက ကူရှောင်စန်းကို မျက်နှာချင်းဆိုင်ပြီး ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်ကို ပြင်ဆင်လိုက်သည်။
ခေါင်းမှ ခြေအဆုံးသွေးများ လွှမ်းခြုံနေသော ချီကျန်းရန်ကလည်း တစ်ဖက်တွင် ပေါ်လာခဲ့၏။ သူကတော့ အလွန်ထိတ်လန့်နေပြီး သူ၏အမူအရာကို ပြောပြရန်ပင် ခက်ခဲသည်။သူကိုယ်တိုင်ကလည်း အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲလာပြီး ကူရှောင်စန်းကို သတိထား၍ ကြည့်နေခဲ့၏။
မုန့်ချီက ထိုအခြေအနေကို တွေးနေမိခဲ့သည်။
"ကြည့်ရတာ မတူညီတဲ့ ကျောက်တံခါးတွေ ရှိနေတယ် ထင်တယ်...။ ရွေးချယ်လိုက်တဲ့ လမ်းကြောင်းပေါ် မူတည်ပြီး တောင်ထိပ်မြင်ကွင်းက ပြောင်းလဲသွားတာပဲ....။ ဒါကပုံရိပ်ယောင်တစ်ခု ဖြစ်နိုင်တယ်...။ ဒီနေရာက မတူညီတဲ့လေဟာနယ်တွေကို ပေါင်းစပ်ထားတာ ဖြစ်နိုင်တယ်....။ ဒါပေမယ့် အရာအားလုံးက ငါ့ဆီကို ရောက်လာဖို့ လမ်းညွှန်ထားခဲ့တာပဲ...။ ဒီနေရာက မကောင်းဆိုးဝါးသခင်ရဲ့စိတ်ဆန္ဒနဲ့ အသက်ရှင်နေတဲ့နေရာ ဖြစ်နိုင်တယ်...."
ယခုကူရှောင်စန်းကို လူပေါင်းများစွာက ဝန်းရံထားသော်လည်း သူမကတော့မကြောက်ခဲ့ပေ။ သူမကတော့ ကျန်းကျိဝေကိုကြည့်ပြီး ပြုံးလိုက်၏။
"နင်က အနန္တဓားသိုင်းကို သုံးနိုင်သေးတယ်ထင်တယ်...။ ဒါပေမယ့် အဲဒါက အလုပ်မဖြစ်ဘူးမလား...."
ထို့နောက် သူမက ချီကျန်းရန်ကို လှည့်ကြည့်လိုက်ပြီး ထူးဆန်းသလို ခံစားနေရသည်။
ကျန်းကျိဝေက ပြန်ပြောလိုက်သည်။
"နင်က အသက်ရှင်နေလိမ့်မယ်လို့ ထင်မထားဘူး...."
ရုတ်တရက်ဆိုသလို သူမ၏ခန္ဓာကိုယ်က ကြည်လင်လာပြီး သူမ၏ပတ်ပတ်လည်တွင် ကြာပန်းပွင့်လေးတစ်ပွင့် ပေါ်လာခဲ့သည်။ သူမက ကောင်းကင်ခုံရုံး၏ နယ်မြေအမှတ်အသားကို ရရှိသွားပြီဖြစ်၏။ သူမ၏တာဝန်က ပြီးဆုံးသွားခဲ့ပါပြီ။
သူမက ကံကြမ္မာအမှတ်များကိုသုံးပြီး ပင်မကမ္ဘာကြီးထဲကို ပြန်သွားရန် စီစဉ်ထားခဲ့သည်။ သူမက ပစ်မှတ်ကို သိနေသည့်အတွက် စဉ်းစားမနေတော့ဘဲ မတိုက်ခိုက်ရသေးခင် ထွက်သွားရန် ရွေးချယ်လိုက်သည်။
ကျန်းကျိဝေက အခြေအနေမကောင်းကြောင်း မုန့်ချီက မြင်လိုက်ရသည်။ သူကလည်း ကူရှောင်စန်းနှင့် တိုက်ခိုက်လိုခြင်းမရှိချေ။ ထို့ကြောင့် သူမကို ထွက်သွားခွင့်ပေးလိုက်၏။ သူမက ဒဏ်ရာရထားခြင်းမရှိချေ။
ချီကျန်းရန်နှင့် မုန့်ချီတို့ဆီတွင် စွမ်းအားရှိနေသော်လည်း သူတို့က သူမထက် ပို၍အားနည်းကြ၏။ ထို့ပြင် သူတို့က စွမ်းအားအမြောက်အများ ကုန်ဆုံးထားကြသေးသည်။
Translated by Hein Htet.