အခန်း (၁၁၁)
Vol. 8 Ch. 111
အထွဋ်အမြတ်မီးတောက်တောင်ထိပ်ပေါ်တွင် မကောင်းဆိုးဝါးမီးတောက်များ လောင်ကျွမ်းနေသော မကောင်းဆိုးဝါးအုတ်ဂူကြီးက အက်ကွဲလာပြီး တစ်လက်မချင်းဆီ ပြိုကျလာနေကြသည်။
မကောင်းဆိုးဝါးကိုးကွယ်သူ တပည့်အမြောက်အများဆီမှ မကောင်းဆိုးဝါး ချီစွမ်းအင်များလည်း ထွက်ပေါ်လာပြီး လေထဲသို့ ပျောက်ကွယ်သွားနေကြ၏။
“ဝုန်း….”
မကောင်းဆိုးဝါးအုတ်ဂူကြီးက လုံးဝကို ပြိုကျသွားခဲ့ပြီး အဖိုးတန် လက်နက်(၄)ခုကလည်း သူတို့၏ ပိုင်ရှင်များဆီသို့ ပြန်ရောက်သွားကြ၏။
"မကောင်းဆိုးဝါးအုတ်ဂူကြီးက ပျက်စီးသွားပြီ…။ ပင်မတာဝန် မအောင်မြင်တဲ့အတွက် တစ်ယောက်ချင်းဆီက ကံကြမ္မာအမှတ်(၃၀၀)ဆီ အနှုတ်ခံရမယ်..”
“အဖွဲ့လိုက်ယှဉ်ပြိုင်မှု တာဝန်ကျရှုံးတယ်။ စုစုပေါင်း ကံကြမ္မာအမှတ်(၅၀) အနှုတ်ခံရမယ်။ သိပ်မကြာခင် ပြန်လာခဲ့ကြတော့…"
ယွင်ထင်ဖုန်း၏ ရင်ထဲတွင် သံသရာအရှင်သခင်၏ အသံကိုကြားလိုက်ရသည့်အတွက် အထွဋ်အမြတ်မီးတောက်တောင်တန်းကို ဒေါသတကြီး လှမ်းကြည့်မိခဲ့၏။ သို့သော် မည်သည့်အရာများဖြစ်ခဲ့ကြောင်း သူမသိခဲ့ပေ။
အဖွဲ့လိုက်ရင်ဆိုင်ခြင်းတိုက်ပွဲက မည်သည့်အချိန်တွင် ရုတ်တရက် ရှုံးနိမ့်သွားရသနည်း။ သူကတော့ အနည်းငယ် စိတ်ဓာတ်ကျရုံသာရှိပြီး အားနည်းသွားခြင်း မရှိချေ။ ထိုကဲ့သို့ အဆုံးသတ်မျိုးကို သူက လက်ခံနိုင်မည်လော။
သူက ထိုကဲ့သို့ ထူးဆန်းသော တာဝန်တစ်ခုကို ပထမဆုံးအကြိမ် တွေ့ခဲ့ဖူးခြင်း ဖြစ်သည်။ သို့သော် သူက မည်မျှပင် တွေဝေနေစေကာမူ ကောင်းကင်သခင်၏ ဘေးမှနေ၍ ပျောက်ကွယ်သွားပြီး အရာအားလုံးက မည်းမှောင်သွားခဲ့၏။
စုယွမ်ရင်ကလည်း အလွန်ဒေါသထွက်သွားပြီး တီးတိုးပြောလိုက်သည်။
"ယုလုံကျိ……ငါနင့်ကို ဖမ်းမိရင် အသေသတ်ပစ်မယ်…"
……………
ကျန်းယွင်ရှန်နှင့် ဖူကျန်းကျန်းတို့က ဂိုဏ်းကြီး(၄)ဂိုဏ်းနှင့်အတူ အထွဋ်အမြတ်မီးတောက် တောင်တန်းဆီသို့ အလျင်အမြန် ထွက်လာခဲ့ကြသည်။ သို့သော် သူတို့၏ နားထဲတွင် သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရ၏။
"မကောင်းဆိုးဝါးအုတ်ဂူကို ဖျက်ဆီးလိုက်ပြီး လျှို့ဝှက်အန္တရာယ်တွေကို ရှင်းပစ်နိုင်ခဲ့တယ်။ ပင်မတာဝန်ကို ပြီးဆုံးသွားတဲ့အတွက် လူတိုင်းက ဆုကြေးနှစ်ဆ ကံကြမ္မာအမှတ်(၆၀၀)ရမယ်…”
“လူတိုင်းက အဖွဲ့လိုက် စိန်ခေါ်မှုပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ကံကြမ္မာအမှတ်(၅၀)ဆီ ရမယ်။ မကြာခင် ပြန်လာခဲ့တော့…"
ကျန်းယွင်ရှန်နှင့် ဖူကျန်းကျန်းတို့က ထိုကဲ့သို့ ပြောင်းလဲသွားမှုကြောင့် အလွန်အံ့ဩနေကြသည်။ ကျန်းကျိဝေနှင့် မုန့်ချီတို့က မည်သည့်အရာများ ဖြစ်ခဲ့ကြောင်း မသိသော်လည်း သူတို့က ကြီးကြီးမားမား တစ်စုံတစ်ခုလုပ်ခဲ့သည်မှာ သေချာသည်။ထိုမေးခွန်းကို သိပ်မကြာခင် အဖြေသိရတော့မည်ဖြစ်၏။
အလင်းနှင့်အရိပ်များက ပြောင်းလဲသွားပြီး ကျန်းယွင်ရှန်နှင့် ဖူကျန်းကျန်းတို့က ခေါင်းထဲတွင် မူးဝေနေသလို ခံစားနေရသည်။ မုန့်ချီတို့ကလည်း အလားတူ ကုသမှုမျိုးကို ခံနေရသည်ဟု မြင်လိုက်ရ၏။ လော်ရှန်းကျိက ဤနေရာ၌ ရှိနေသည့်အတွက် သူတို့အဖွဲ့ထဲတွင် ပါဝင်လာခြင်းပေလော…။
"မင်းတို့က ဘာတွေလုပ်ခဲ့ကြတာလဲ…"
ကျန်းယွင်ရှန်က အပြုံးနှင့် မေးလိုက်၏။ လူတိုင်းက အဆင်ပြေနေပြီး သူတို့၏ ကံကြမ္မာအမှတ်များက နှစ်ဆရခဲ့သည်မှာ အတော်လေး ဝမ်းသာစရာ ကောင်းလွန်းလှသည်။
မုန့်ချီကတော့ စွမ်းအားများ ကုန်ဆုံးနေခဲ့ပြီး မကောင်းဆိုးဝါး ချီစွမ်းအင်များ လွှမ်းမိုးမှုကြောင့် လျှို့ဝှက်အန္တရာယ်များ ရှိနေခဲ့၏။ သို့သော် မိုးကြိုးဝိညာဉ်၏ သန့်စင်ပေးမှုကြောင့် စွမ်းအားများ ပြန်ရလာခဲ့သည်။ ထို့ကြောင့် သူက အရင်ဆုံးပြန်ကောင်းလာခဲ့ပြီး သူ၏အတွေ့အကြုံများကို အကြမ်းဖျင်းဖော်ပြခဲ့သည်။
သူက အရာအားလုံးကို ပြောပြခဲ့ခြင်း မဟုတ်ချေ။ သူက ကျောက်တုံးတံခါး၏ ရှေ့တွင် ရင်ဆိုင်ခဲ့ရသည့် ပုံရိပ်ယောင်အကြောင်းကို ပြောမပြခဲ့သလို ကောင်းကင်(၉)သွယ် မိုးကြိုးနတ်ဘုရားလှံက သူ၏လက်ဖမိုးပေါ်တွင် မိုးကြိုးအမှတ်အသားတစ်ခု ချန်ထားခဲ့ကြောင်းကိုလည်း မပြောခဲ့ချေ။
ပုံရိပ်ယောင်ကို ဖြတ်ကျော်လာပြီးနောက် သူ၏ အစွမ်းက သိသိသာသာ တိုးတက်လာခဲ့ပြီး အနတ္တကျိန်စာဖျက်ဓားပညာ၏ ဒုတိယသိုင်းကွက်ကိုလည်း ရခဲ့သည်။ ဤနေရာတွင် တခြားသူများ ရှိနေသည့်အတွက် နောက်ပိုင်းအရာများကိုလည်း ယာယီပြောပြရန် မလိုအပ်သေးပေ။ လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိနေကြ၏။
"ကိုရင်လေး……
နင်က ကျောက်တုံးတံခါးကို ဖြတ်ခဲ့တဲ့အချိန်မှာ ကောင်းကင်(၉)သွယ် နတ်ဘုရားမိုးကြိုးလှံနဲ့ မကောင်းဆိုးဝါးသခင်ကို တွေ့လိုက်ရတာလား…… "
ကျန်းကျိဝေက ကုသမှုပြီးဆုံးသွားသည့်အချိန်တွင် အလင်းထဲမှ ထွက်လာပြီး ပြောလိုက်သည်။
"ငါက ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးဝိညာဉ်ကို သတ်ပြီးသွားတဲ့ အချိန်မှာ တောင်ထိပ်ပေါ်ကို သွားဖို့ ဘာအတားအဆီးမှ မတွေ့ခဲ့ဘူး။ ဒါပေမယ့် တောင်ထိပ်ပေါ်မှာတော့ ကျောက်တုံးပုံကြီးနဲ့ မကောင်းဆိုးဝါးမီးတောက်တစ်ခုပဲ ရှိနေတယ်။ အဲဒါတွေက ကွင်းပြင်ကြီးတစ်ခုလို ဖြစ်နေတာလေ။ အဲဒီမှာ ငါက မကောင်းဆိုးဝါးမီးလျှံ သလင်းကျောက်တစ်ခု ရခဲ့တယ်။ အဲဒါက သန့်စင်ရေးပစ္စည်းတစ်မျိုးလိုပဲ…"
သူမက လက်ဖဝါးကို ဖြန့်လိုက်ရာ ယခုအချိန်ထိ လောင်ကျွမ်းနေသေးသော အနက်ရောင်သလင်းကျောက်တစ်ခုကို တွေ့လိုက်ရသည်။
"ပထမဆုံး ငါက တောင်ထိပ်ရဲ့အစွန်ကို သွားခဲ့ပြီး နင်တို့ကို ရှာဖို့အတွက် ကန္တာရထဲကို လှမ်းကြည့်ခဲ့တယ်။ ဒါပေမယ့် ဘာမှမတွေ့ခဲ့ဘူး။ အဲဒီနောက်မှာတော့ ငါက တောင်ထဲကို ဝင်လာတဲ့အချိန် အက်ကွဲကြောင်းတွေ ပေါ်လာခဲ့တာပဲ…"
သူမ၏ စကားကြောင့် တောင်ထိပ်ပေါ်တွင် မတူညီသော လမ်းကြောင်းများက မတူညီသောနေရာများဆီသို့ ပို့ပေးနိုင်ကြောင်းမုန့်ချီ၏ထင်မြင်ချက်က သေချာသွားခဲ့သည်။ ထိုနေရာတွင် လမ်းကြောင်းပေါင်းများစွာ ရှိနေနိုင်၏။
လော်ရှန်းကျိကတော့ မကောင်းဆိုးဝါးဝိညာဉ်ကြောင့် ဒဏ်ရာရသွားခဲ့သည့်အတွက် အချိန်တော်တော်ကြာ ကုသနေခဲ့ရသည်။ နောက်ဆုံးတွင်တော့ သူလည်း ထွက်လာပြီး ပြောလိုက်၏။
"ငါကတော့ ကန္တာရပတ်ပတ်လည်မှာ လှည့်ပတ်သွားနေခဲ့တာ။ အဲဒီအချိန်မှာ အဖိုးတန်လက်နက်(၄)ခု ရောက်လာတာ တွေ့လိုက်ရတယ်။ အဲဒါကြောင့် ငါလည်း သူတို့ရဲ့နောက်ကို လိုက်သွားခဲ့တာပဲ။ ဒါပေမယ့် ငါက တောင်ခြေကို မရောက်ခင် မကောင်းဆိုးဝါးအုတ်ဂူကြီးက လုံးဝပြိုကျသွားခဲ့တယ်…”
“ငါကတော့ ထွက်ပြေးနေရင်း သွေးကန်တစ်ခုထဲကို ရောက်သွားခဲ့တယ်။ အဲဒီသွေးကန်က မကောင်းဆိုးဝါးဝိညာဉ်တွေကို ချုပ်နှောင်နိုင်တဲ့ အာနိသင်ရှိတယ်လေ။ ဒီတော့ ငါက အဲဒီသွေးရည်တွေကို အားကိုးပြီး တောင်ထိပ်ပေါ်ကို ရောက်အောင် တက်နိုင်ခဲ့တယ်…"
ချီကျန်းရန်ကတော့ သန့်ရှင်းသော အင်္ကျီတစ်စုံကို လဲလှယ်ပြီးသွားပြီဖြစ်သည်။
"ပြီးတော့ ငါက တောင်ထိပ်ပေါ်ကို ရောက်တဲ့အချိန်မှာ ကျောက်တုံးတံခါးတစ်ခုကို ဖွင့်ခဲ့ရတယ်။ အဲဒီအချိန်မှာ ငါ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းအစစဖြစ်သွားသလို နှိက်စက်မှုမျိုးကို ခံခဲ့ရပေမဲ့ ငါက ကံကောင်းပြီး ခံနိုင်ရည်ရှိခဲ့တယ်။ တောင်ထိပ်ပေါ်မှာတော့ ထူးဆန်းတဲ့ အငွေ့အသက်မျိုးစုံ ပြည့်နှက်နေပြီး ဘယ်ခေတ်ကလဲဆိုတာတော့ ငါလည်း မသိဘူး။ ငါက အဲဒီအငွေ့အသက်တွေကို လေ့လာနေရင်း အတော်လေး အကျိုးအမြတ်ရခဲ့တယ်…"
ကျန်းယွင်ရှန်နှင့် ဖူကျန်းကျန်းတို့ကတော့ စိတ်ဝင်တစား နားထောင်နေကြပြီး ထိုနေရာများကို သူတို့ကိုယ်တိုင်ရောက်သွားသလို ခံစားနေကြရသည်။
"ကောင်းကင်(၉)သွယ်အပျက်အစီးက အမှန်တကယ်ရှိနေဦးမယ်လို့ ငါလည်း ထင်မထားဘူး…။ ကူရှောင်စန်းက သူ့ရဲ့ ကွင်းဆက်တာဝန်ကို ပြီးတာလား…မပြီးဘူးလား…."
ကျန်းယွင်ရှန်က တိုးတိုးလေး သက်ပြင်းချလိုက်မိ၏။
အင်မော်တယ်နယ်မြေနှင့် ပတ်သက်သော ပုံပြင်၊ဒဏ္ဍာရီများ၊ ဆန်းကြယ်မှုများက လူတိုင်းကို ဆွဲဆောင်နိုင်သည်။ မကောင်းဆိုးဝါးသခင်၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုအကြောင်းကိုတော့ တစ်ယောက်မျှ မပြောခဲ့ကြပေ။
တစ်ခုရှိနေသည်မှာ မုန့်ချီက မကောင်းဆိုးဝါးသခင်၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရနိုင်ချေ အများဆုံးဖြစ်သည်။ သို့သော် သူကတော့ စကားတစ်ခွန်းသာ ရခဲ့၏။ "မင်းလာတာ နောက်ကျတယ်" ဟူသော စကားလုံးဖြစ်သည်။
မုန့်ချီက သူတို့ကို လိမ်ပြောမည်မဟုတ်ကြောင်း ကျန်းယွင်ရှန်တို့အားလုံးက ယုံကြည်နေကြ၏။ အဘယ်ကြောင့်ဆိုသော် အကယ်၍ သူသာ မကောင်းဆိုးဝါးသခင်၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရခဲ့မယ်ဆိုလျှင် ကူရှောင်စန်းက လူတိုင်းသိအောင် သေချာပေါက် ကြေညာလိုက်ပါလိမ့်မည်။
ကြည့်ရသည်မှာ မကောင်းဆိုးဝါးသခင်က တခြားတစ်ယောက်ဆီသို့ စိတ်ဝိညာဉ် လွှဲပြောင်းပေးလိုက်သည်မှာ အတော်လေး ကြာလောက်ပါပြီ။ ထို့ကြောင့် သူတို့က မကောင်းဆိုးဝါးအင်ပါယာ၏ ကမ္ဘာကြီးထဲသို့ အချိန်အနည်းငယ်နောက်ကျပြီးမှ ရောက်လာမိခြင်း ဖြစ်နိုင်သည်။
"တာဝန်သုံးသပ်ချက်……
ကျန်းယွင်ရှန်နှင့် ဖူကျန်းကျန်းက သာမန်ပဲ။ သီးခြားဆုလာဘ်မရဘူး..”
“လော်ရှန်းကျိက အလယ်အလတ်…
ကံကြမ္မာအမှတ် (၅၀)ဆုရမယ်…”
“ကျန်းကျိဝေနဲ့ ချီကျန်းရန်တို့က ကောင်းတယ်။ ကံကြမ္မာအမှတ်(၁၀၀)အပြင် ဝေ့ကျင်းအဆင့်အောက်မှာရှိတဲ့ ပစ္စည်းတွေကို မဲနှိုက်ဖို့ အခွင့်အရေးတစ်ခုရမယ်…"
သူတို့ စကားပြောနေစဉ် အတောအတွင်း သံသရာအရှင်သခင်က ရုတ်တရက် ပြောလိုက်သည့်အတွက် သူတို့၏ စိတ်ထဲတွင် အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။
"ကျန်းတင်က ထူးချွန်တယ်။ ကံကြမ္မာအမှတ်(၁၅၀) ၊ ပြန်လည်ဝင်စားခြင်းတံဆိပ်တစ်ခုအပြင် ဝေ့ကျင်းအဆင့်နဲ့ ဉာဏ်အလင်းပွင့်မှုအဆင့် ကြားထဲမှာရှိတဲ့ ပစ္စည်းတွေကို မဲနှိုက်ဖို့ အခွင့်အရေးတစ်ခုရမယ်…"
ထိုတာဝန်သုံးသပ်ချက်ကို လူတိုင်းက မျှော်လင့်ထားပြီးသားဖြစ်သည်။ ကျန်းယွင်ရှန်နှင့် ဖူကျန်းကျန်းတို့က မကောင်းဆိုးဝါးအုတ်ဂူကြီးကို အတွေ့အကြုံမရှိခဲ့ပေ။ သူတို့က တာဝန်အရ စွမ်းဆောင်ရည်ကိုပင် အတော်လေး ကျေနပ်စရာကောင်းနေသည်။
လော်ရှန်းကျိက မကောင်းဆိုးဝါးအုတ်ဂူထဲသို့ ဝင်နိုင်ခဲ့သော်လည်း မည်သည့်အရာမျှ မတွေ့ခဲ့သလို မကောင်းဆိုးဝါးအုတ်ဂူကြီး ပြိုလဲသွားသည့်အချိန်တွင်လည်း သူနှင့်မသက်ဆိုင်ခဲ့ပေ။ထို့ကြောင့် သူက အလယ်အလတ်အဆင့် ရခဲ့ခြင်းဖြစ်၏။
ကျန်းကျိဝေနှင့်ချီကျန်းရန်တို့ကတော့ မကောင်းဆိုးဝါး တောင်ထိပ်ပေါ်သို့ ဝင်ရောက်နိုင်ခဲ့ပြီး တစ်ယောက်ကို တစ်မျိုးဆီရခဲ့ကြသည်။ ထို့ကြောင့် သူတို့က ကောင်းသည်ဟူသော သုံးသပ်ချက်ကို ရခဲ့၏။
မုန့်ချီကတော့ ကောင်းကင်(၉)သွယ်အပျက်အစီးနှင့် ပတ်သက်သော အရာများကို သိခဲ့ပြီး မကောင်းဆိုးဝါးချီစွမ်းအင်များ ရှိနေသော ကျောက်တုံးများကို ဖွင့်နိုင်ခဲ့သည်။ သူက မကောင်းဆိုးဝါးသခင်၏ လက်ကျန်စိတ်ဝိညာဉ်ကို တွေ့ခဲ့ပြီး မကောင်းဆိုးဝါး အုတ်ဂူကြီးကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ထို့ကြောင့် သူက ထူးချွန်သည်ဟူသော သုံးသပ်ချက်နှင့် ကိုက်ညီနေသည်။
သို့သော် မုန့်ချီကတော့ သူ၏ လုပ်ရပ်မဟုတ်ကြောင်း သိနေခဲ့၏။ တိတိကျကျပြောရမည်ဆိုလျှင် ကူရှောင်စန်းက အများဆုံး စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူနှင့် တခြားသူများကတော့ အနည်းငယ်သာ အကူအညီပေးနိုင်ခဲ့၏။
ကျန်းကျိဝေ၏ ရှေ့တွင် မဲနှိုက်သည့် အိုးလေးတစ်လုံးပေါ်လာပြီး သူမ လှုပ်မည့် အချိန်ကို စောင့်နေခဲ့သည်။ ယခင်တစ်ခေါက်ကဲ့သို့ ထိုအရာကို အလွန်စိတ်ဝင်စားနေသည့်အတွက် သူမက အပြုံးနှင့် အိုးကို လှုပ်လိုက်သည်။ သူမက ကလေးငယ်လေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်နေခဲ့၏။
ထိုအချိန်တွင် အလင်းနှင့်အရိပ်များက ဆက်တိုက်ပြောင်းလဲနေပြီး ပစ္စည်းများကလည်း ဆက်တိုက်လှုပ်ရှားနေခဲ့သည်။ သူတို့၏ လှုပ်ရှားမှုက အလွန်လျင်မြန်လွန်းလှသည့် အတွက် ခွဲခြားရန် ခက်ခဲ၏။ ဖြည်းညင်းစွာ ရပ်သွားသည့်အချိန်တွင် ကျောက်တုံးလေးတစ်တုံး ပေါ်လာခဲ့သည်။
"ဒီလက်နက်တွေကို သန့်စင်နိုင်တဲ့ ကျောက်တုံးပဲ…"
ကျန်းကျိဝေက ဖော်ပြချက်ကို ဖတ်ကြည့်လိုက်ပြီး ကျောက်တုံးလေးကို ကောက်ယူလိုက်၏။
ထို့နောက် ဝမ်းသာစွာ ပြောလိုက်သည်။
"ငါ့ရဲ့နေဖောက်သက်တန့်ဓားက ပျက်စီးနေပြီ။ ငါက အဲဒီဓားကို ပြင်ဆင်ပြီးတာနဲ့ အဆင့်မြှင့်ဖို့ ကြိုးစားနေတာ…။ အခုတော့ မကောင်းဆိုးဝါးမီးလျှံသလင်းကျောက်နဲ့ ဒီကျောက်တုံးလေးကို ရခဲ့တယ်။ ဒါက တကယ့်ကို ကံကောင်းတာပဲ…"
"ကျိဝေ……နင်က နေဖောက်သက်တန့်ဓားကို အဆင့်မြှင့်ချင်တာလား…"
မုန့်ချီက သံသယဝင်စွာ မေးလိုက်သည်။
"တခြားအကျိုးသက်ရောက်မှုရှိတဲ့ လက်နက်တစ်ခုခုကို လဲတာ ပိုမကောင်းဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် နင်က ခရီးသွားရတော့မှာလေ။ ဓားအသစ်တစ်ချောင်း ရလာရင်လည်း ရှင်းပြဖို့ မလိုအပ်ဘူးမလား…"
ကျန်းကျိဝေက ပြောလိုက်သည်။
"ငါတို့လို ဓားသမားတွေအတွက်ကတော့ ငါတို့နဲ့ တစ်ချိန်လုံးအတူရှိနေတဲ့ ဓားက အကောင်းဆုံး အဖော်မွန်ပဲ။ တကယ်လို့ ငါသာ ရွေးချယ်ခွင့်ရမယ်ဆိုရင် သေချာပေါက် ငါ့ဓားကိုပဲ အဆင့်မြှင့်မှာပေါ့။ နောက်ပိုင်းမှာ ငါက ကမ္ဘာမြေကြီးကို ဆက်သွယ်နိုင်တဲ့ အချိန်ကျရင် ဒီဓားကပဲ ငါနှင့်အတူ ဆက်ရှိလာမှာ…”
“ဒါလည်း အဓိပ္ပာယ်ရှိတာပဲ…"
မုန့်ချီက နားလည်သွားခဲ့သည်။ သူမက ဘဝတစ်လျှောက်လုံး ဓားလေ့ကျင့်နေသူ မဟုတ်သော်လည်း ကျိကျန်းစံအိမ်မှ လူတစ်ယောက်ဖြစ်သည့်အတွက် ဓားအပေါ် အလွန်မြတ်နိုးတတ်သည်။ ဓားသမားတစ်ယောက်အတွက် ထိုကဲ့သို့သော အရာများက ပုံမှန်သာ ဖြစ်၏။
ချီကျန်းရန်၏ ရှေ့တွင်လည်း မဲနှိုက်ရသည့် အိုးလေးတစ်လုံး ပေါ်လာခဲ့သည်။ သူက အသက်ကို မျှင်းမျှင်းလေး ရှူလိုက်ပြီး နှစ်ကြိမ်လှုပ်လိုက်၏။ မုန့်ချီနှင့် တခြားသူများကတော့ စကားမပြောဘဲ ရလဒ်ကို စောင့်ကြည့်နေကြသည်။
တဖြည်းဖြည်းနှင့် အိုးလေးက အရှိန်နှေးသွားပြီး အဆောင်တစ်ခုတွင် ရပ်လိုက်၏။
"နတ်ဘုရားအရှိန်မြှင့်အဆောင်…"
ချီကျန်းရန်က ပြောလိုက်၏။
ထိုအဆောင်က ပြင်ပစွမ်းအားများနှင့် ဖန်တီးထားခြင်းဖြစ်ပြီး လေလှိုင်း၏ အကူအညီနှင့် အသုံးပြုနိုင်သည်။ ထိုအရာက ထွက်ပြေးရန် အသုံးပြုနိုင်၏။ သို့သော် (၁၅)မိနစ်ခန့်သာ ထိန်းထားနိုင်သည်။
မုန့်ချီက လက်နှစ်ဖက်ကို ပွတ်ပြီး အပြုံးနှင့်ပြောလိုက်၏။
"ငါ့အလှည့် ရောက်ပြီ…"
သူလည်း အိုးလေးကို ယူလိုက်ပြီး (၃)ကြိမ်တိတိ လှုပ်ခါလိုက်သည်။ ဉာဏ်အလင်းပွင့်မှုအဆင့် နှင့် ဝေ့ကျင်းအဆင့် အတွင်း ရှိနေသော ပစ္စည်းများက လှုပ်ရှားလာပြီး သိုင်းကျမ်းများ၊ သန့်စင်လက်နက်များ၊ ဆေးလုံးများ၊ အဆောင်များနှင့် အကူအညီလက်နက်မျိုးစုံ လှုပ်ရှားနေခဲ့သည်။
မုန့်ချီက ယခုတစ်ကြိမ် အမြောက်အများ ရခဲ့၏။ ထူးခြားသော စွမ်းရည်များအပါအဝင် အလွန်လျှို့ဝှက်ဆန်းကြယ်သော မိုးကြိုးအမှတ်အသားကိုလည်း ရခဲ့သေးသည်။ ထို့ကြောင့် သူက ပို၍ ပျော်ရွှင်နေခဲ့ပြီး ယခင်တစ်ခေါက်ကလို စိုးရိမ်နေခြင်းမရှိပေ။
အလင်းရောင်များက တဖြည်းဖြည်းနှေးကွေးလာပြီး သိုင်းကျမ်းတစ်ခုတွင် ရပ်လိုက်၏။
"တုကူးဓား(၉)ကွက်… "
သူက အနည်းငယ် လှုပ်ရှားသွားခဲ့၏။ တစ်ချိန်တုန်းကတော့ သူက ထိုသိုင်းကျမ်းကို လိုချင်နေခဲ့ပြီး ယခုတော့ သူ၏ဓားမောက်ပညာက လမ်းမှန်သို့ ရောက်လာသည့် အချိန်ကျမှ သူ့ဆီကို အလိုလို ရောက်လာခဲ့သည်။
"သူတို့က ငါ့ကို ဓားရှည် ဓားမောက် ဓားနှစ်လက်ကိုင်ဖို့များ တွန်းအားပေးနေတာလား"
ထိုကဲ့သို့ မဲနှိုက်၍ရသော ပစ္စည်းများကို ပိုင်ရှင်ကသာ အသုံးပြုနိုင်သည်။ ထိုအရာကို သံသရာအရှင်သခင်နှင့် ပြန်လဲလို့မရသလို တခြားသူများကို ပေး၍လည်း မရနိုင်ပေ။
ထိုအချိန်တွင် သူကတော့ လက်ထဲတွင် အပြာရောင်အဆောင်လေးတစ်ခုကို ရလိုက်ပြန်သည်။ ထိုအဆောင်လေးပေါ်တွင်တော့ သံသရာဟူသော စကားလုံးကို ရေးသားထား၏။ အဆောင်လေးကိုကြည့်ပြီး သူက နောက်ပိုင်းတွင် လေ့ကျင့်ရန် အချိန်လဲလှယ်၍ ရနိုင်ကြောင်း ကောင်းကောင်းကြီး နားလည်နေ၏။
"တုကူးဓား(၉)ကွက်…ဟုတ်လား ။ ဒါက တော်တော်လေးကို ကောင်းမယ်ထင်တယ်။ ဒီဓားသိုင်းမှာ ဓားသိုင်းပညာရဲ့ ပြောင်းလဲမှုတွေ အားလုံးပါတယ်…"
ကျန်းကျိဝေက ဓားသိုင်းကျမ်းကို သေချာစိုက်ကြည့်နေခဲ့သည်။
သူမက ထိုအရာကို ဖတ်ကြည့်ချင်နေပုံရ၏။ သို့သော် ထိုအရာက သူမအတွက်အ ကူအညီတစ်ခုသာ ဖြစ်နိုင်ကြောင်း သိနေခဲ့သည်။ သူမက မည်သည့်ဓားသိုင်းကို လဲလှယ်ရမည်ဖြစ်ကြောင်း စဉ်းစားသည်မှာ ပိုကောင်း၏။
သံသရာအရှင်သခင်၏ စကားလုံးအရ တုကူးဓား(၉)ကွက်တွင် တိုက်ခိုက်ရေးသိုင်းကွက်များသာ ပါဝင်ပြီး နည်းလမ်းနှင့် အနှစ်သာရက ဝေ့ကျင်းအဆင့်ကို ရောက်လုနီးပါးရှိနေသည်ဟု ဆိုနိုင်သည်။ ထိုဓားသိုင်းကွက်က အမှန်တကယ်ကို တန်ဖိုးရှိ၏။
မုန့်ချီက အပြုံးနှင်ပြောလိုက်သည်။
"အမှန်အတိုင်းပြောရရင် အရင်ကတည်းက ဒီဓားသိုင်းကို တကယ်သဘောကျနေတာ။ အခု ငါ လက်လျှော့လိုက်တဲ့အချိန်ကျမှ ငါ့ဆီကို အလိုလိုရောက်လာတယ်…"
“ဘယ်လိုပဲဖြစ်ဖြစ် နင်က ဝေ့ကျင်းအဆင့်ကို မရောက်သေးဘူးဆိုတော့ နင့်ရဲ့ အုတ်မြစ်က မခိုင်သေးဘူးလေ။ ဒီတော့ နင်က ဓားနှစ်လက်သုံးနိုင်ဖို့ သင်ယူတာ အကောင်းဆုံးပဲ…"
ကျန်းကျိဝေက မုန့်ချီကို အပြုံးနှင့် နှစ်သိမ့်လိုက်သည်။
သူမက ဓားပညာတစ်ခုတည်းကို လေ့ကျင့်ထားသော်လည်း အလွန်ကြောက်စရာကောင်းသော ဓားမောက်သိုင်းပညာများ၏ အနှစ်သာရကို နားလည်ထား၏။ သူတို့က အခြေခံအားဖြင့် စည်းမျဉ်းများတူညီနေကြသည်။
လော်ရှန်းကျိကို ကြည့်လိုက်ပြီး သူမက အပြုံးနှင့် ပြောလိုက်၏။
"နင်က ပြန်လည်ဝင်စားခြင်းတံဆိပ်ကို ရတယ်ဆိုတော့ နောက်ထပ် တစ်လ အချိန်ရသွားပြီ။ တကယ်လို့ နင်က တစ်လအတွင်း မျက်လုံးတံခါးပွင့်ဖို့အတွက် လဲလှယ်လိုက်မယ်ဆိုရင် အန်ကုံရှဲ့ကို အနိုင်ရဖို့ ပိုပြီးဖြစ်နိုင်တယ်…"
သူမ၏ စကားလုံးထဲတွင် အနိုင်ရရန်ဖြစ်နိုင်သည်ဟုသာ ပြောလိုက်ခြင်းဖြစ်သည်။ ထိုအချိန်တွင် အန်ကုံရှဲ့က မထင်မှတ်ဘဲ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခြင်းမျိုးလည်း ဖြစ်နိုင်သေး၏။
"ငါလည်း အဲဒီလိုပဲ တွေးထားတယ်…"
မုန့်ချီက ခေါင်းညိတ်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။
"ဒါဆိုရင် လဲလိုက်ကြစို့…"
လော်ရှန်းကျိက သူတို့အားလုံးနှင့် ရင်းနှီးနေခြင်း မရှိချေ။ ထို့ကြောင့် သူကတော့ တစ်နေရာသို့သွားပြီး ကျောက်စိမ်းစာရွက်ကို ဖတ်၍ တစ်စုံတစ်ခုကို လဲလှယ်ရန် ရွေးချယ်နေ၏။
မုန့်ချီတို့ကလည်း သူ့အကြောင်းကို မသိသည့်အတွက် လက်ရှိအခြေအနေတွင် သူ့ကို လက်မခံနိုင်ကြသေးပေ။ သူတို့က နောက်ပိုင်းတာဝန်များ လုပ်ဆောင်နေစဉ် အတောအတွင်း အချင်းချင်း ရင်းနှီးရန် လိုအပ်နေသေး၏။ ထို့ကြောင့် သူတို့ကလည်း သူ့ကိုမခေါ်ခဲ့ဘဲ သူတို့အချင်းချင်းသာ စုပေါင်း၍ ဆွေးနွေးနေကြသည်။
Translated by Hein Htet.