အခန်း (၁၁၂)
Vol. 8 Ch. 112
"ငါတို့ရဲ့အကြွေးတွေကို အရင်ဆုံး ရှင်းကြတာပေါ့... "
တစ်ဖက်သို့ လျှောက်သွားပြီးနောက် မုန့်ချီက လက်အုပ်ချီပြီး အပြုံးနှင့် ပြောလိုက်သည်။
"သေရေးရှင်ရေးအခြေအနေမှာ ငါ့ကို သစ္စာရှိပေးခဲ့တဲ့ သူငယ်ချင်းတွေအားလုံး ဒီတစ်ကြိမ် အကူအညီအတွက် ကျေးဇူးတင်ပါတယ်... "
"နင်က ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် အားနာနေရတာလဲ... "
ကျန်းကျိဝေက အသံတိုးတိုးနှင့် ပြောလိုက်၏။
"ငါကတော့ တခြားအရာတွေကို စဉ်းစားမရသေးခင် နေဖောက်သက်တန့်ဓားကို အရင်ဆုံး အဆင့်မြှင့်လိုက်မယ်... "
စကားပြောနေစဉ် အတောအတွင်း မုန့်ချီက ကံကြမ္မာအမှတ် (၆၀) အကြွေးကို ပြန်ပေးလိုက်သည့်အတွက် ကံကြမ္မာအမှတ် (၇၄၀) ကျန်နေသေးသည်။ ထို့နောက် သူတို့က အလယ်တွင် ရှိနေသော အလင်းတိုင်လုံးရှေ့ကို ရောက်လာကြ၏။
ကျန်းကျိဝေက နေဖောက်သက်တန့်ဓား ၊ ကျောက်တုံးလေးနှင့် မကောင်းဆိုးဝါးမီးလျှံ သလင်းကျောက်တို့ကို အလင်းတိုင်လုံးထဲသို့ ထည့်လိုက်ပြီး သံသရာအရှင်သခင်၏ ညွှန်ကြားမှုကို စောင့်နေခဲ့သည်။
(၃) စက္ကန့်ခန့် ကြာပြီးနောက် သူမက ပြန်လှည့်လာပြီး မုန့်ချီတို့ကို ပြောလိုက်၏။
"အညစ်အကြေးတွေကို ရှင်းလင်းဖို့အတွက် ကံကြမ္မာအမှတ် (၅၀) ကုန်လိမ့်မယ်... ။ ဒါကို လက်ရှိပစ္စည်းတွေနဲ့ အဆင့်မြှင့်ဖို့အတွက် ကံကြမ္မာအမှတ် (၃၀၀) ကုန်လိမ့်မယ်... "
"ကောင်းတယ်...
ကျန်းယွင်ရှန်က ပြောလိုက်၏။ အကယ်၍ ထိုပစ္စည်းများကိုသာ သူတို့၏ဂိုဏ်းတွင် ရှိနေသော ပညာရှင်တစ်ယောက်ဆီသို့ ယူသွားပြီး အဆင့်မြှင့်ခိုင်းမည်ဆိုလျှင် မအောင်မြင်နိုင်အေခြေအနေတစ်ခု ရှိနေသေးသည်။ ထို့ပြင် သူ့ကိုလည်း အဖိုးအခ ပေးရဦးမည် ဖြစ်၏။ ထိုအရာက ကံကြမ္မာအမှတ် (၃၀၀) ထက် အဆပေါင်းများစွာ ပို၍ကုန်ကျနိုင်သည်။
မုန့်ချီကတော့ ထိုကဲ့သို့ အတွေ့အကြုံများ မရှိသည့်အတွက် ပြောလိုက်သည်။
"သံသရာအရှင်သခင်က ဘယ်သူ့ကိုမှ မလှည့်စားလောက်ပါဘူး... "
ကျန်းကျိဝေက သူတို့၏အမြင်ကို မေးနေခြင်း မဟုတ်ဘဲ သူတို့ကို ပြောပြနေခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူမက ခေါင်းညိတ်ပြီး အဆင့်မြှင့်ရန် ရွေးချယ်လိုက်၏။ ထိုအချိန်တွင် အလင်းစက်များက မိုးရေများကဲ့သို့ ကျဆင်းလာပြီး နေဖောက်သက်တန့်ဓားကို လုံးဝလွှမ်းခြုံသွားခဲ့သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် သူတို့အားလုံးက ပျောက်ကွယ်သွားခဲ့၏။ အလွန်ထက်မြက်ပြီး တောက်ပသောဓားက ယခုတော့ အနက်ရောင် ကနုတ်ပန်းများစွာနှင့် အလှဆင်ထားသလို ထင်မှတ်ရသည်။
ကျန်းကျိဝေက နေဖောက်သက်တန့်ဓားကို ထုတ်ယူပြီး ဝှေ့ယမ်းကြည့်လိုက်၏။ သူမက အပြုံးနှင့် ပြောလိုက်သည်။
"ဒါက အရင်တုန်းကထက်ပိုပြီး ထက်မြက်လာတဲ့အပြင် သန့်စင်လက်နက်အဆင့် ကန့်သတ်ချက်ကိုတောင် ရောက်နေပြီ ။ ပြီးတော့ မကောင်းဆိုးဝါးမီးတောက်ရဲ့ အာနိသင်ကြောင့် မကောင်းဆိုးဝါးဝိညာဉ်တွေကို ခြိမ်းခြောက်နိုင်ပြီး အသက်ဝိညာဉ်ကို ထိခိုက်စေနိုင်တယ်... "
ထိုသို့ဆိုလျှင် နေဖောက်သက်တန့်ဓားက သန့်စင်လက်နက်ထဲတွင် အတော်လေး ထူးခြားသည်ဟု ဆိုနိုင်သည်။ ထိုအရာက အနည်းဆုံး ကံကြမ္မာအမှတ် (၉၀၀) ခန့် တန်ကြေးရှိနိုင်၏။ ထိုအရာက မကောင်းဆိုးဝါးမီးလျှံကျောက်တုံးလေးနှင့် အဆင့်မြှင့်တင်မှု စုစုပေါင်းတန်ဖိုး ဖြစ်နိုင်သည်။
ကျန်းကျိဝေ ကိုယ်တိုင် ရင်းနှီးနေသောဓားကို အဆင့်မြှင့်လိုက်ခြင်းက သူမ၏တိုက်ခိုက်စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်သည်။
"ကိုရင်လေးက အစွမ်းထက်ပညာရှင် တစ်ယောက်ကို တိုက်ခိုက်ရမှာ ဖြစ်တဲ့အတွက် ဘာရွေးရမလဲဆိုတာ ကူညီပေးလိုက်ကြစို့…"
ကျန်းကျိဝေက ဓားကို သိမ်းပြီး အပြုံးနှင့် ပြောလိုက်သည်။
သူမကတော့ သူမ လဲလှယ်ရန် လိုအပ်သည့်အရာကို အရင်ဆုံး မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မုန့်ချီသာ လိုအပ်မည်ဆိုလျှင် သူ့ကို ကံကြမ္မာအမှတ် ချေးပေးရန် စီစဉ်ထားခဲ့၏။
ထို့ပြင် ယခုမှ သူမက နှာခေါင်းတံခါး ပွင့်နေသည့်အတွက် အရေးတကြီး လဲလှယ်စရာ မရှိသေးပေ။ သူမက ဓားပညာများစွာကို လေ့ကျင့်ရန် လိုအပ်နေသေးသည့်အတွက် ပါးစပ်တံခါးကို စုစည်း၍ မရနိုင်သေးပေ။
ကံကြမ္မာအမှတ် (၆၀) ပြန်ပေးလိုက်ပြီးနောက် မုန့်ချီဆီတွင် ကံကြမ္မာအမှတ် (၇၄၀) ကျန်နေသေးသည်။ သူက ခဏကြာစဉ်းစားပြီး ပြောလိုက်၏။
"ငါက အနတ္တကျိန်စာဖျက်ဓားပညာမှာ သိသိသာသာ တိုးတက်နေပြီ ။ ဒါက ငါ့ဆီမှာ နောက်ထပ် အသေခံသိုင်းကွက်တစ်ခု ရှိနေသလိုပဲ ။ ငါက ကျိဝေဆီကနေလည်း ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်ကို သင်ထားခဲ့တယ်... ။ ဒီတော့ အဲဒီနယ်ပယ်မှာ နောက်ထပ် လဲစရာမလိုတော့ဘူး... "
သူက သေမျိုးဖုန်မှုန့်ကျဆင်းခြင်းဟူသော သိုင်းကွက်ကို နားလည်ထားခဲ့ကြောင်း သူတို့ကို မပြောပြခဲ့ပေ။ ပထမတစ်ကြိမ်တွင် သူက အနတ္တကျိန်စာဖျက်ဓားပညာ၏ မပြည့်စုံသော ပထမသိုင်းကွက်ကိုသာ ရခဲ့သည်ကို ပြောပြထားခဲ့ခြင်းဖြစ်သည်။
"ကျောက်တုံးတံခါးမှာရှိတဲ့ မကောင်းဆိုးဝါးချီစွမ်းအင်တွေရဲ့ အကူအညီနဲ့ ငါက နားတံခါးနဲ့ သက်ဆိုင်တဲ့ သွေးကြောမှတ်တွေအားလုံး ပွင့်သွားပြီ ။ ငါက စုစည်းဖို့ပဲ လိုတော့တယ်... ။ တကယ်လို့ ငါကသာ ထာဝရယိဟွာဆေးရည်ကို လဲလှယ်လိုက်မယ်ဆိုရင် (၁၀) ရက်ကနေ (၁၅) ရက်အတွင်း စုစည်းနိုင်တယ်...။ ပြီးတော့ အပိုအနေနဲ့ ကောင်းကင်မျက်လုံး မြေပြင်နားဆေးလုံးကိုလည်း လဲထားလို့ ရသေးတယ်...။ တတ်နိုင်သမျှတော့ ငါက ကိုယ်ပိုင်အစွမ်းနဲ့ တံခါးတွေကို အရင်ဆုံးဖွင့်ဖို့ ကြိုးစားကြည့်ချင်တယ်..။ နောက်ဆုံးအချိန် မအောင်မြင်နိုင်ဘူးဆိုမှ ငါက ဆေးလုံးကို အားကိုးရမှာပေါ့... "
သူကတော့ နားတံခါးနှင့် ပတ်သက်သော သွေးကြောမှတ်များ ပွင့်လာသော အကြောင်းကိုသာ ပြောပြခဲ့သည်။ ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်အဆင့်(၅)ကလည်း ကျောက်တုံးတံခါးနှင့် မကောင်းဆိုးဝါးချီစွမ်းအင်များ၏ သက်ရောက်မှုကို ခံခဲ့ရ၏။
ကျန်းယွင်ရှန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"အကြံကောင်းတယ်... "
မုန့်ချီက သူ့အစွမ်းနှင့်သူ တံခါးဖွင့်ရန် စိတ်ကူးရှိနေသည်မှာ အတော်လေး လေးစားစရာ ကောင်းလှသည်။ သူက သံသရာအရှင်သခင်၏ ဆေးလုံးများ အကူအညီကို လက်လွှတ်ပြီး တစ်ယောက်တည်း လေ့ကျင့်နိုင်မှသာ ရှေ့ဆက်လျှောက်လှမ်းနိုင်ပါလိမ့်မည်။
"အခုချိန်မှာ သူလိုအပ်နေတာက အချိန်ပဲ ။ သွေးကြောမှတ်တွေ စုစည်းတာပဲဖြစ်ဖြစ် ၊ နားတံခါးကို ဖွင့်တာပဲဖြစ်ဖြစ် ၊ အသေခံသိုင်းကွက်တစ်ခုကို လေ့ကျင့်တာပဲဖြစ်ဖြစ် အချိန်လိုတယ်…"
"ဟုတ်တယ်... "
မုန့်ချီက ထိုအရာကို စဉ်းစားထားပြီးသား ဖြစ်သည်။
"ငါ့ဆီမှာ သံသရာအဆောင်တစ်ခုရှိတယ်...။ ဒီတော့ ငါတို့တွေ တာဝန်လုပ်ခဲ့ဖူးတဲ့ ကမ္ဘာတစ်ခုဆီကို သွားပြီး လေ့ကျင့်ဖို့ စဉ်းစားထားတယ်.. ။ ဒါဆိုရင် ငါက သိုင်းကွက်တွေကို ပိုပြီးတော့ လေ့ကျင့်နိုင်သလို နားတံခါးကိုလည်း ဖွင့်နိုင်လိမ့်မယ်..။ တစ်လကတော့ မလုံလောက်ဘူး... ။ ဒီတော့ ငါက ကံကြမ္မာအမှတ် (၂၀၀) သုံးပြီး လေ့ကျင့်ဖို့ နောက်ထပ်တစ်လ ထပ်လဲလိုက်မယ်... "
သူက (၂) လစာ လေ့ကျင့်မှုအတွက် မလဲခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူက နားတံခါး ပွင့်သွားမည်ဆိုလျှင်ပင် အန်ကုံရှဲကို သတ်နိုင်ရန် မသေချာသေးပေ။ သူက အကူအညီပစ္စည်းများ လဲလှယ်ရန်အတွက် ကံကြမ္မာအမှတ်တချို့ကို ချန်ထားရန် လိုအပ်နေသေးသည်။
သူက ကျန်းကျိဝေနှင့် အဖွဲ့သားများဆီမှ ကံကြမ္မာအမှတ်များ ချေးယူနိုင်သော်လည်း အလွန်များပြားစွာ ချေးယူမည်ဆိုလျှင် မသင့်တော်လှပေ။ မည်သို့ဖြစ်စေကာမူ သံသရာကမ္ဘာကြီးထဲတွင် တာဝန်တစ်ခုချင်းဆီက တဖြည်းဖြည်း ပို၍ခက်ခဲလာကြ၏။ ကံကြမ္မာအမှတ်များကတော့ သူတို့ကိုယ်သူတို့ မြှင့်တင်ရန် လိုအပ်နေသေးသည်။
တံခါးများကို ဖွင့်လှစ်ရာတွင် မျက်လုံး ၊ နား ၊ နှာခေါင်းနှင့် လျှာတို့က ခန္ဓာကိုယ်နှင့် ပတ်သက်နေသော တံခါး (၉) ပေါက်ထဲ အပါအဝင် ဖြစ်သည်။ သူတို့အားလုံးကလည်း အစစ်အမှန် ကမ္ဘာကြီးကဲ့သို့ ကိုယ်တွင်းကမ္ဘာကြီးထဲတွင် အဆုံးမဲ့လည်ပတ်နေကြခြင်း ဖြစ်သည်။
မွေးဖွားမှုနှင့် တိုးတက်ကြီးပွားမှု ၊ ပျက်စီးယိုယွင်းမှုနှင့် သေဆုံးမှု ၊ စတင်ခြင်း ၊ တိုးတက်ခြင်းနှင့် အဆုံးသတ်ခြင်း စသည့်အရာများက ဤကမ္ဘာကြီးထဲတွင် စဉ်ဆက်မပျက် ဖြစ်ပေါ်နေသော စည်းမျဉ်းများ ဖြစ်သည်။
ကိုယ်တွင်းကမ္ဘာကြီးက ပျက်စီးယိုယွင်းလာပြီး သူတို့၏သွေးကြောမှတ်များနှင့် သက်ဆိုင်သော သူတို့၏ကိုယ်တွင်းနေရာများတွင် အညစ်အကြေးများ ဖြစ်လာမည်ဆိုလျှင်တော့ ထိုအရာကို အညစ်အကြေးများ ၊ ကျင်ကြီးကျင်ငယ်များ ဟုခေါ်ကြသည်။
"မင်းမှာ ကျန်နေတဲ့ ကံကြမ္မာအမှတ်က အရိုးပျော့ဆေးကို လဲလှယ်ဖို့အတွက် လုံလောက်တယ်... "
ချီကျန်းရန်က သူ့ကို သတိပေးနေခဲ့၏။
မုန့်ချီက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။
"အမှန်အတိုင်းပြောရရင် ငါလည်း အဲဒါကိုလဲဖို့ စဉ်းစားထားတယ်... ။ ဒါပေမဲ့ ကျန်ရှိနေတဲ့ ကံကြမ္မာအမှတ်က သေမင်းမျက်လုံးဓားပျံသုံးနည်းကို လဲလို့ရမရ စဉ်းစားနေတာ... "
သူက အရိုးပျော့ဆေးကို စမ်းသပ်ချင်ခဲ့သည်မှာ အချိန်အတော်လေး ကြာနေပါပြီ။ ပုံမှန်အားဖြင့် လျှို့ဝှက်လက်နက်တစ်ခုကသာ တန်ဖိုးအကြီးဆုံး ဖြစ်၏။ အသုံးပြုရသည့် နည်းလမ်းကတော့ လက်နက်တန်ဖိုး၏ (၁၀) ပုံ (၁) ပုံပင် မရှိချေ။
"အဲဒါပဲလား... ။ မင်းတို့မှာ တခြားအကြံရှိကြသေးလား... "
မုန့်ချီက ကျန်းကျိဝေ ၊ ကျန်းယွင်ရှန်နှင့် ဖူကျန်းကျန်းတို့ကို လှည့်ကြည့်လိုက်သည်။
ဖူကျန်းကျန်းက အားနည်းစွာ ပြောလိုက်၏။
"နင်က ဖယောင်းတိုင်လေးကို မသုံးခဲ့ဘူး မဟုတ်လား... "
"မသုံးခဲ့ဘူး... "
မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်၏။ အန်ကုံရှဲ့ကို သတ်ရန်အတွက် ဖယောင်းတိုင်ကို ထွန်း၍ မရနိုင်ပေ။ ထိုအရာက အလွန်သိသာထင်ရှားလွန်းလှ၏။
ကျန်းကျိဝေကလည်း ခဏကြာစဉ်းစားကြည့်လိုက်ရာ တခြားစိုးရိမ်စရာများကို ခံစားမိခဲ့ခြင်း မရှိချေ။ ထို့ကြောင့် သူမက အပြုံးနှင့် ပြောလိုက်၏။
"ပင်မကမ္ဘာကြီးထဲမှာ ကိုယ်ရှိနေတဲ့ နေရာကို ပြောင်းလိုက်နိုင်တဲ့ နည်းလမ်းမျိုး ဒီနေရာမှာ မရှိတာ ကံဆိုးသွားတယ်... ။ မဟုတ်ရင် ငါက နင့်ကို တိုက်ရိုက်ကူညီပေးလို့ ရနိုင်တယ်... "
"မင်းက အရာအားလုံးကို ဂရုစိုက်ဖို့လိုတယ်... "
ကျန်းယွင်ရှန်ကတော့ ညီလေးကျန်းတင်အပေါ် ပို၍အထင်ကြီးလာသလို ခံစားလာရ၏။ မုန့်ချီကို ပထမဆုံး တွေ့ခဲ့ရသည့်အချိန်တွင် မည်သည့်အရာမျှ နားမလည်သေးသော ကိုရင်ငယ်လေးတစ်ပါးသာ ဖြစ်သည်။ သို့သော် သူ့ဆီတွင် အကြံဉာဏ်ပေါင်းများစွာ ရှိနေခဲ့သည်။
ယခုတော့ ပျော်ရွှင်နေတတ်သော မျက်နှာလေးအောက်တွင် အလွန်တည်ငြိမ်သော စိတ်သဘောထား ရှိနေသည်။ သူက အရာအားလုံးကို စနစ်တကျ လုပ်တတ်ပြီး ဂရုစိုက်၍ ရှေ့ဆက်သွားတတ်၏။ သူက သူ့ကိုယ်သူ ကာကွယ်ရန်အတွက် အသေခံသိုင်းကွက်များကိုပင် လေ့ကျင့်ရန် စီစဉ်ထားခဲ့သည်။ နောက်တစ်ကြိမ် မုန့်ချီကို လျှော့တွက်၍ မရနိုင်တော့ပေ။
မုန့်ချီက အလင်းတိုင်လုံးဆီသို့ လျှောက်သွားပြီး လက်ကို ထိုးထည့်လိုက်သည်။ သူက သေမင်းမျက်လုံးဓားပျံ အသုံးပြုသည့် နည်းလမ်းကို မေးမြန်းခဲ့ခြင်း မဟုတ်ဘဲ သူ၏လက်ဖမိုးပေါ်တွင် ရှိနေသော မိုးကြိုးအမှတ်အသားများကို စစ်ဆေးခိုင်းလိုက်ခြင်း ဖြစ်သည်။
"ဒါက ကောင်းကင် (၉) သွယ် နတ်ဘုရားမိုးကြိုးလှံရဲ့ ကျန်ရှိနေတဲ့ စွမ်းအားတွေနဲ့ ဖန်တီးထားတဲ့ အမှတ်အသားပဲ ။ ဒါက ကောင်းကင် (၉) သွယ် အပျက်အစီးကို ဖွင့်နိုင်တဲ့ သော့တစ်ချောင်းလည်း ဟုတ်တယ်... ။ ဒီအမှတ်အသားကို သုံးလိုက်မယ်ဆိုရင် မိုးကြိုးနတ်ဘုရားဝိညာဉ်ကို လှုံ့ဆော်နိုင်လိမ့်မယ်... ။ အဲဒါက မိုးကြိုးမုန်တိုင်း ကျရောက်နေစဉ် မုန်တိုင်းတွေရဲ့အကူအညီကို (၃) ကြိမ်တိတိ အသုံးပြုနိုင်တယ်...။ တခြားဘာအကူအညီမှ မရှိဘူး... ။ ဒါက အထူးစွမ်းရည်တစ်မျိုးဖြစ်တဲ့အတွက် ကံကြမ္မာအမှတ်နဲ့ လဲလို့မရသလို တခြားလူကိုလည်း ပေးလို့မရဘူး... "
ထိုစကားကို ကြားသည့်အခါ မုန့်ချီက အလွန်အံ့ဩသွားခဲ့သည်။
"ဒီမိုးကြိုးအမှတ်အသားက ကောင်းကင် (၉) သွယ် အပျက်အစီးကို ဖွင့်ရမယ့်သော့လား..။ တော်တော် အသုံးဝင်တာပဲ ။ ကူရှောင်စန်းနဲ့ငါက ကိုယ်ဆီ အကျိုးအမြတ်တွေ ရခဲ့တယ်..။ တစ်ခုတည်းသော ပြဿနာကတော့ ကောင်းကင် (၉)သွယ်က တိတ်တဆိတ် ပျောက်ကွယ်နေပြီး ရှာဖွေဖို့ အရမ်းခက်တယ်... ။ သဲလွန်စလည်း မရှိဘူး...”
မိုးကြိုးအမှတ်အသားက မိုးကြိုးမုန်တိုင်း တိုက်ခတ်နေစဉ် မိုးကြိုးစွမ်းအားများကို (၃)ကြိမ်တိတိ ဆင့်ခေါ်အသုံးပြုနိုင်သည်။ ထိုအရာက ဝေ့ကျင်းအဆင့် စွမ်းအားတစ်ခုလည်း ဖြစ်၏။ သို့သော် ရာသီဥတုအခြေအနေကို အားကိုးရသည်။
မုန့်ချီက မိုးကြိုးအမှတ်အသားနှင့် ပတ်သက်ပြီး အတော်လေး ကျေနပ်နေခဲ့၏။ သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီးနောက် မုန့်ချီက သေမင်းမျက်လုံးဓားပျံ အသုံးပြုရသည့် နည်းလမ်းကို မေးလိုက်သည်။
"သေမင်းမျက်လုံးဓားပျံ အသုံးပြုရတဲ့နည်းလမ်းက ကံကြမ္မာအမှတ် (၂၅)ကုန်မယ်... "
သံသရာအရှင်သခင်၏အဖြေကို ကြားသည့်အခါ မုန့်ချီက သက်ပြင်းချလိုက်မိ၏။
" ငါက အရှက်မရှိပေမယ့် ကံကြမ္မာအမှတ်တွေ ထပ်ပြီး ချေးဖို့ကိုတော့ ရှက်မိသေးတယ်... "
"ထာဝရယိဟွာဆေးလုံးတစ်လုံးအတွက် ကံကြမ္မာအမှတ် (၅၀) ကျမယ်..။ ကောင်းကင်မျက်လုံး မြေပြင်နား ဆေးလုံးတစ်လုံးအတွက် ကံကြမ္မာအမှတ် (၂၆၀) ကျမယ်...။
အရိုးပျော့ဆေးနဲ့ ဖြေဆေးအတွက် ကံကြမ္မာအမှတ် (၂၀၀) ကျမယ်... ။
သံသရာကမ္ဘာကြီးထဲမှာ တစ်လတာ လေ့ကျင့်မှုအတွက် ကံကြမ္မာအမှတ် (၂၀၀) ကျမယ်... ။
သေမင်းမျက်လုံးဓားပျံ အသုံးပြုနည်းအတွက် ကံကြမ္မာအမှတ် (၂၅) ကျမယ်... "
သံသရာအရှင်သခင်၏အသံက မုန့်ချီ၏နားထဲတွင် ဆက်တိုက် ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် သူ၏လက်နှစ်ဖက်က လေးလံလာသလို ခံစားလိုက်ရပြီး ပစ္စည်းများ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။
သူက လက်ကို ဆွဲထုတ်လိုက်ရာ အနီရောင်ဆေးရည်များ ပါဝင်နေသော ကျောက်စိမ်းပုလင်းလေးတစ်ခု မြင်လိုက်ရသည်။ ထိုအရာက ပုလင်းခြားနေသေးသော်လည်း မွှေးပျံ့သော ရနံ့တစ်ခုကို ခံစားမိနေသေး၏။
ထို့ပြင် နောက်ထပ် အဖြူရောင် ဆေးပုလင်းလေးတစ်ခု ရှိနေပြီး ဆေးပုလင်းနှစ်ခုကို သေချာပိတ်နှောင်ထားခဲ့၏။ ထို့နောက် စာအုပ်တစ်ခုနှင့် အနီရောင် အမှတ်အသားများ ရှိနေသော သံသရာအဆောင်တစ်ခု ပေါ်လာခဲ့သည်။
မုန့်ချီက တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်နေပြီး သူတို့ကိုသိမ်း၍ ပြောလိုက်သည်။
"အခု မင်းတို့ရဲ့အလှည့်ရောက်ပြီ…"
သူ့ဆီတွင် ကံကြမ္မာအမှတ် (၅) မှတ်သာ ကျန်တော့၏။ ထို့ကြောင့် သူက သွေးကြောပိတ်နည်းစနစ်များ လဲလှယ်၍ မရနိုင်တော့ပေ။ သို့သော် သူက (၂)လအတွင်း သိုင်းကျမ်းများကို စုစည်း၍ ရနိုင်သေးသည်။ အနည်းဆုံးတော့ ထိုအရာအတွက် ကံကြမ္မာအမှတ်များ လဲလှယ်နိုင်၏။
ချီကျန်းရန်ကတော့ စဉ်းစားမနေဘဲ ပြောလိုက်သည်။
"ငါက နောက်ထပ်တာဝန်မစခင် နားတံခါးဖွင့်ဖို့ ကြိုးစားချင်နေတယ်... ။ ဒါကြောင့် ငါက ထာဝရယိဟွာဆေးရည် (၂) ပုလင်းနဲ့ ကောင်းကင်မျက်လုံး မြေပြင်နားဆေးလုံးကို လဲလှယ်ရမယ်... ။ ပြီးတော့ ဖရိုဖရဲကျင့်စဉ်အဆင့် (၄) ၊ စိမ်းပြာနှင်းမုန်တိုင်း ကျင့်စဉ်ကိုလည်း လဲရဦးမယ်... "
ဖရိုဖရဲကျင့်စဉ်ထဲတွင် တံခါးပေါက်များ ဖွင့်လှစ်ရသည့် စွမ်းရည်များ ပါဝင်နေသည်။ ခွန်းလွန် ဖျက်ဆီးခြင်းသိုင်းကွက်က အတွင်းတံခါး (၄) ခုကို ကိုယ်စားပြုနေ၏။ မျက်လုံးတံခါးနှင့် နားတံခါး ပွင့်သွားပြီးနောက် သူက ကျန်ရှိနေသော တံခါးပေါက်များကို ဖွင့်လှစ်ရန်အတွက် စိမ်းပြာနှင်းမုန်တိုင်း ကျင့်စဉ်ကို လေ့ကျင့်ရပါလိမ့်မည်။
ချီကျန်းရန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသည့်အတွက် ဆေးလုံးများကိုသာ အလေးထားနေရ၏။ ထို့ကြောင့် ကျန်းယွင်ရှန်နှင့် သူ့အဖွဲ့သားများက သူ့ကို ဘာမျှမပြောကြပေ။
မုန့်ချီ တစ်ယောက်တည်းကသာ အေးအေးဆေးဆေး ပြောလိုက်၏။
"အစ်ကိုချီ …
ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်တဲ့စွမ်းရည်မျိုး ဘာလို့မလဲရတာလဲ... ။ ဥပမာအနေနဲ့ ပြောရရင် ကြွက်သားသွေးကြော ပြောင်းလဲခြင်းကျင့်စဉ်က အရမ်းကောင်းတယ်လေ... "
ချီကျန်းရန်၏ အမူအရာက ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ သူကတော့ မျက်နှာသေနှင့် ပြောလိုက်၏။
"ဖရိုဖရဲကျင့်စဉ်ထဲမှာရှိတဲ့ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်မှုတွေကြောင့် ငါ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက တဖြည်းဖြည်း တိုးတက်လာနေပြီ ။ ဆေးလုံးတွေရဲ့ အကူအညီနဲ့ တံခါး (၄) ပေါက်ကို ချိုးဖြတ်နိုင်ပြီဆိုရင် ငါက စိမ်းပြာနှင်းမုန်တိုင်း ကျင့်စဉ်ကို လေ့ကျင့်နိုင်ပြီ ။ ဒါဆိုရင် ငါက ဆေးလုံးတွေကို အားကိုးစရာမလိုတော့ဘူး... ။ တကယ်လို့ အဆင်မပြေဘူးဆိုရင်တော့ ငါက ကြွက်သားသွေးကြော ပြောင်းလဲခြင်းကျင့်စဉ်ကို လဲမှာပါ... "
"အော်မိတော်ဖော်...
ဗုဒ္ဓက ကျွန်တော်တို့အားလုံးကို ကာကွယ်ပေးပါစေ…."
ချီကျန်းရန်၏အတွေးကို မြင်သည့်အခါ မုန့်ချီက တီးတိုးရေရွတ်လိုက်သည်။
သိပ်မကြာခင် ချီကျန်းရန်က အလယ်တွင် ရှိနေသော အလင်းတိုင်လုံးထဲမှနေ၍ ထာဝရယိဟွာဆေးလုံး (၂) လုံးနှင့် ကောင်းကင်မျက်လုံး မြေပြင်နား ဆေးလုံးတစ်လုံးကို ထုတ်လာခဲ့သည်။ ထို့ပြင် ရေခဲနှင့် နှင်းများ လွှမ်းခြုံနေသည့် သလင်းကျောက်တစ်ခုကိုလည်း ထုတ်လာခဲ့သည်။ ထိုသလင်းကျောက်ထဲတွင် အဆုံးမဲ့ ဆန်းကြယ်မှုများ ရှိနေသလို ထင်မှတ်ရ၏။ ထို့ကြောင့် သူ၏ကံကြမ္မာအမှတ်များ ကုန်သွားခဲ့သည်။
ကျန်းယွင်ရှန်က ဖူကျန်းကျန်းကို ကြည့်လိုက်၏။
"ငါကတော့ ကောင်းကင်မျက်လုံး မြေပြင်နား ဆေးလုံးနဲ့ အကူအညီပစ္စည်းတချို့ပဲ လဲဖို့လိုတယ်... ။ တကယ်လို့ ငါကိုယ်တိုင် တံခါးအားလုံးကို ဖွင့်နိုင်ခဲ့မယ်ဆိုရင် ငါက နောက်ထပ် သံသရာတာဝန်အတောအတွင်း အဆင့် တက်နိုင်မှာပါ... ။ ကျန်ရှိနေတဲ့ ကံကြမ္မာအမှတ်ကိုတော့ ကျန်းကျန်းကိုပဲ ပေးလိုက်မယ်... ။ ဒါဆိုရင် သူက ကယ်ဆယ်ရေးသိုင်းကျမ်း ပထမတွဲကို လဲနိုင်လိမ့်မယ်... ။ ဒါက ငါတို့အတွက် အရမ်းအသုံးဝင်တယ်... "
သူက ကျန်းဝူလက်ဝါး (၇)ချက် သိုင်းကျမ်းကို တတ်မြောက်ထားခဲ့ပြီး ထူးခြားသော စွမ်းရည်တစ်ခုကို တတ်မြောက်ထားသည်။ သူက ထိုအရာကိုပြသရန် အခွင့်မရသေးသော်လည်း အလွန်ကြောက်စရာကောင်းသော အစွမ်းများ ရှိနေခဲ့၏။
ထို့ပြင် သူက အရင်းအမြစ် များပြားသော မိသားစုကြီးတစ်ခုထဲတွင် မွေးဖွားနေခြင်း ဖြစ်သည်။ သူ့ဂိုဏ်း၏ ဆက်ခံသူတစ်ယောက် ဖြစ်သည့်အတွက် သူလေ့ကျင့်ထားသော သိုင်းကျမ်းများက အကောင်းဆုံး ဖြစ်သည်။ သူက တခြားအရာများကို အာရုံစိုက်နေရန် မလိုအပ်ချေ။
သူက ကံကြမ္မာအမှတ် (၂) ထောင်ရသည့် အချိန်မှသာ ဉာဏ်အလင်းပွင့်မှုအဆင့် ကျန်းဝူလက်ဝါး (၇) ချက်ကို တိုက်ရိုက်သင်ကြား၍ ရနိုင်သည်။
ကယ်ဆယ်ရေးကျင့်စဉ်က အဓိက လေ့ကျင့်ရမည့်ကျင့်စဉ်တစ်ခု ဖြစ်သည့်အပြင် ကုသရေးတွင် မှော်ဆန်သော စွမ်းရည်တစ်မျိုးလည်း ရှိသည်။ ထိုအရာက ဖူကျန်းကျန်းအတွက် အသင့်တော်ဆုံး စွမ်းရည်တစ်ခု ဖြစ်၏။ ထို့ကြောင့် သူက ဖူကျန်းကျန်းကို ကံကြမ္မာအမှတ် (၂၅၀) ချေးပေးရန် စီစဉ်ထားခဲ့သည်။
ထိုသို့ဆိုလျှင် သူမက ကံကြမ္မာအမှတ် (၉၀၀) ရှိသွားပြီး ကယ်ဆယ်ရေးကျင့်စဉ်ကို လဲလှယ်နိုင်သွားပြီဖြစ်၏။
Translated by Hein Htet.