အခန်း (၁၁၃)
Vol. 8 Ch. 113
ဖူကျန်းကျန်းဆီတွင် ရှုပ်ထွေးနေသော ခံစားချက်မျိုးစုံ ပေါ်လာခဲ့သည်။ အံ့ဩမှု၊ စိတ်လှုပ်ရှားမှု ၊ ရှက်ရွံ့မှု၊ ဒေါသဖြစ်မှု စသည့်ခံစားချက်များ ဖြစ်လာခဲ့၏။ ကျန်းယွင်ရှန်က သူမကို အမှန်အတိုင်း ပြောမပြခဲ့သည့်အတွက် သူမက ကျန်းယွင်ရှန်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာသလို ခံစားနေမိခဲ့သည်။
"ယွင်ရှန်....
နင့်မှာ ကံကြမ္မာအမှတ်တွေ အများကြီး ရှိနေတာပဲ .။ နင်က ကိုယ့်ကိုယ်ကိုယ်ပဲ တိုးတက်အောင် လုပ်သင့်တယ်...”
“ငါက ကောင်းကင်မျက်လုံး မြေပြင်နား ဆေးလုံးတစ်လုံးကိုပဲ လိုအပ်တယ်။ တခြားအရင်းအမြစ်တွေ မလိုအပ်ဘူး .။ ကံကြမ္မာအမှတ်တွေက ငါ့အတွက် အသုံးမဝင်မှတော့ နင်က ကယ်ဆယ်ရေးကျင့်စဉ် လဲလို့ရအောင် ပေးလိုက်တာလေ။ ဒါက ငါတို့အဖွဲ့ကို ပိုပြီးတော့ ရှင်သန်နိုင်စွမ်း ရှိလာနိုင်စေတယ်..။ နင်က နေရာတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် တိုးတက်ဖို့ လိုအပ်တယ်လေ ...."
ကျန်းယွင်ရှန်က နောက်ဆုံးစကားလုံးကို တမင်တကာ ဖြည့်ပြောလိုက်ခြင်း ဖြစ်သည်။
ကယ်ဆယ်ရေး ကျင့်စဉ်က ယင်ဟွာသီလရှင်ကျောင်း၏ တရားဝင် လက်ရင်းတပည့်များနှင့် အမွေဆက်ခံသူများသာ ရရှိနိုင်သည်။ ထိုအရာထဲတွင် ကိုယ်ဖော့ပညာများ ပါဝင်နေသည့်အတွက် တခြားသော သိုင်းပညာများနှင့် အတော်လေးကို ကွဲပြား၏။
ဖူကျန်းကျန်း၏ မျက်နှာအမူအယာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူမ၏ နိမ့်ကျသော ကိုယ်ဖော့ပညာကြောင့် ချန်ထားခံရသည့် အဖြစ်ကိုလည်း ချက်ချင်း အမှတ်ရသွား၏။ ထို့ကြောင့် သူမက အပြုံးနှင့်ပြောလိုက်သည်။
"ကောင်းပြီလေ ။ တကယ်လို့ နင်က တစ်နေ့နေ့ ကံကြမ္မာအမှတ်တွေကို လိုလာတယ်ဆိုရင် ငါက နင့်ကို ပေးမယ် ..”
“ဒီလိုအထီးကျန်နေတဲ့ ကိုရင်လေးရဲ့ရှေ့မှာ အရမ်းချစ်ပြမနေကြပါနဲ့ ...။ ဒီမှာ တော်တော်လေး ရှက်နေပြီ ....."
မုန့်ချီကတော့ မျက်နှာကို လက်နှစ်ဖက်နှင့် ကာထားပြီး ပြောလိုက်သည်။
"အစ်ကိုကျန်း …
ကြည့်ရတာ မြန်မြန်လဲသင့်တယ်ထင်တယ် ..။ မဟုတ်ရင် အချိန်လုံလုံလောက်လောက် မရနိုင်တော့ဘူး ...."
"ကောင်းပြီလေ ...."
ဖူကျန်းကျန်းက သူ၏အကူအညီကို လက်ခံလိုက်သည့်အတွက် ကျန်းယွင်ရှန်က ဝမ်းသာသွားခဲ့၏။
သူ၏ ကံကြမ္မာအမှတ်များကို ဖူကျန်းကျန်းဆီသို့ လွှဲပြောင်းပေးလိုက်ပြီးနောက် ကျန်းယွင်ရှန်က ကောင်းကင်မျက်လုံး မြေပြင်နား ဆေးလုံးတစ်လုံးနှင့် နတ်ဘုရား ဆွဲငင်ကြီး အဆောင်တစ်ခုကို လဲလှယ်လိုက်သည်။ အဆုံးတွင်တော့ သူ့ဆီတွင် ကံကြမ္မာအမှတ် (၂၀)သာ ကျန်တော့၏။
"နတ်ဘုရား ဆွဲငင်ခြင်းအဆောင် ဟုတ်လား ...."
မုန့်ချီက အလွန်စိတ်ဝင်စားသွားပြီး ထူးဆန်းသော ပုံစံရှိနေသည့် အနက်ရောင် အဆောင်လေးကို ကြည့်နေခဲ့သည်။ သူကတော့ တိတ်ဆိတ်ငြိမ်းချမ်းသွားသလို ခံစားလိုက်ရ၏။
ကျန်းယွင်ရှန်က စနောက်ပြောဆိုလိုက်သည်။
"စုယွမ်ရင် တိုက်ခိုက်လိုက်တဲ့အတွက် ငါတို့က အသက်ဝိညာဉ်ကာကွယ်မှုမှာ အားနည်းတယ်ဆိုတာ သတိထားမိခဲ့တယ် ..။ ဒါကြောင့် ငါက သတိထားတဲ့အနေနဲ့ နတ်ဘုရားဆွဲငင်ခြင်းအဆောင်ကို လဲလှယ်ခဲ့တာ...။ သံသရာကမ္ဘာကြီးထဲမှာ ဒီလို ထူးဆန်းတဲ့ သိုင်းပညာတွေအများကြီး ရှိတယ် ...."
ကျန်းယွင်ရှန်၏ ပြောင်းလဲမှုကျင့်စဉ်က ကနဦးအဆင့်ကို ရောက်နေသော်လည်း သူ၏ ပင်မဝိညာဉ်ကာကွယ်မှုက အနည်းငယ် အားနည်းနေသည်။ အဘယ်ကြောင့်ဆိုသော် ပြောင်းလဲမှုကျင့်စဉ်က လျှို့ဝှက်တံခါးကို အမှန်တကယ် ဖွင့်နိုင်မည် မဟုတ်ချေ။ နတ်ဘုရား ဆွဲငင်ခြင်းအဆောင်ကတော့ ကံကြမ္မာအမှတ်(၁၅၀)သာ ကုန်ကျပြီး အကောင်းဆုံး အကူအညီတစ်ခု ဖြစ်သည်။
ကျန်းဝူ လက်ဝါး (၇)ချက်နှင့် ထိပ်သီးဓားပညာကဲ့သို့သော သိုင်းပညာများတွင် ကိုယ်ပိုင်အနှစ်သာရများ ရှိနေပြီး ဉာဏ်အလင်းပွင့်မှုအဆင့်တွင် မကောင်းဆိုးဝါးများ၊ ဝိညာဉ်များနှင့် ငရဲဝိညာဉ်များကို ရင်ဆိုင်ရန် နည်းလမ်းများ ရှိကြသည်။
ဥပမာတစ်ခုကတော့ ဉာဏ်အလင်းပွင့်မှုအဆင့်တွင် ရှိနေသော ဓားပညာတစ်ခု ဖြစ်၏။ ထိုအရာက ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသော ချီစွမ်းအင်များကို လှုပ်ရှားပြီး ငရဲဝိညာဉ်များနှင့် တစ္ဆေများကို သတ်ပစ်နိုင်ခြင်းဖြစ်သည်။
တခြားတစ်ခုကတော့ ကိုယ်တွင်းကမ္ဘာကြီးထဲတွင် ဝိညာဉ်များကို သယ်ဆောင်ထားနိုင်သည့် စွမ်းရည်တစ်ခု ဖြစ်ပြီး ထိုအရာများကို ခုခံကာကွယ်နိုင်သည့် အရာမျိုးဖြစ်သည်။ သို့သော် ထိုနည်းလမ်းများက ဉာဏ်အလင်းပွင့်မှုအဆင့်တွင် ရန်သူကို ခုခံရင်ဆိုင်သည့် နည်းလမ်းများသာ ဖြစ်သည်။ ထိုအရာများက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ထက် ပိုကောင်းနေခြင်း မရှိချေ။
ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်ကတော့ ပင်မဝိညာဉ်ကလွဲလျှင် ရန်သူတိုင်းကို ကာကွယ်နိုင်သည်။
မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။
"တကယ်လို့ ငါသာ အန်ကုံရှဲ့လို အစွမ်းထက်တဲ့ ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်နေရတာ မဟုတ်ရင် ပင်မဝိညာဉ်ကို ကာကွယ်တဲ့ နည်းလမ်းတစ်ခု ရှာသင့်တယ်..။ ဒါပေမယ့် ဒါက အပိုနည်းလမ်းတစ်ခုပါပဲ.။ ပြောင်းလဲမှုကျင့်စဉ်ကိုသာ ကောင်းကောင်း အသုံးချလိုက်မယ်ဆိုရင် ပင်မဝိညာဉ်ကို သေချာ ကာကွယ်ပေးနိုင်လိမ့်မယ် ...”
“ကျိဝေ နင်ကရော ...."
ဖူကျန်းကျန်းက ကယ်ဆယ်ရေးကျင့်စဉ်၏ ပထမတွဲကို လဲလှယ်လိုက်ပြီးနောက် မုန့်ချီက ကျန်းကျိဝေကို စိုးရိမ်စွာ မေးလိုက်သည်။
"နင်က အကြံပေးစရာ ဓားသိုင်းကျမ်းတစ်ခုခုများ ရှိလား ...."
ကျန်းကျိဝေက ပြုံးလိုက်၏။ သူမကတော့ ဓားသိုင်းပညာများစွာကိုသာ စိတ်ဝင်စားနေခဲ့သည်။ လူတိုင်းက မျိုးစုံ အကြံပေးနေကြ၏။ မုန့်ချီကလည်း သူသိထားသော ဓားသိုင်းကျမ်းတစ်ချို့ကို အကြံပေးနေခဲ့သည်။
သေချာစဉ်းစားလိုက်ပြီးနောက် ကျန်းကျိဝေက မုန့်ချီ အကြံပေးခဲ့သော သတ်ဖြတ်ရေး ဓားသိုင်း (၁၃)သွယ်ကို ရွေးချယ်လိုက်သည်။ ထိုအရာက သူမ၏ ဓားသိုင်းပညာနှင့် အတော်လေးကို သင့်တော်ပြီး ကံကြမ္မာအမှတ် (၃၀၀) ကုန်ကျနိုင်သည်။
"ငါ့မှာ ကံကြမ္မာအမှတ် (၁၂၀) ကျန်သေးတယ် ..."
ကျန်းကျိဝေက အပြုံးနှင့် ပြောလိုက်၏။
"ငါက ဖိနပ်တစ်စုံလဲဖို့ စဉ်းစားထားတယ် ..."
"ဖိနပ်လား .."
မုန့်ချီက ဇဝေဇဝါ ဖြစ်သွား၏။
ကျန်းကျိဝေက နှာခေါင်းကို ပွတ်ပြီး အပြုံးနှင့် ရှင်းပြလိုက်သည်။
"ငါက မကောင်းဆိုးဝါးတောင်တန်းပေါ်မှာ တိုက်ခိုက်ခဲ့တဲ့ အချိန် ပြင်းထန်တဲ့ အခြေအနေတွေကြောင့် ဖိနပ်က ပျက်စီးသွားခဲ့တယ် ..။ ဒီတော့ ငါက နောက်ပိုင်းထူးဆန်းတဲ့ အခြေအနေမျိုးတွေကို ရင်ဆိုင်ဖို့အတွက် ငါတို့ရဲ့ အဝတ်အစားတွေကိုလည်း အဆင့်မြှင့်ဖို့ လိုအပ်မယ်လို့ တွေးမိခဲ့တယ် ..."
"တကယ်လို့ ချီစွမ်းအင်တွေကိုသာ သိုလှောင်ထားနိုင်မယ်ဆိုရင် ငါတို့က တိုက်ခိုက်နေတဲ့အချိန် အဝတ်အစားတွေကို ဂရုစိုက်စရာမလိုတော့ဘူး....။ ပြီးတော့ သံသရာအရှင်သခင်ပေးနိုင်တဲ့ အဝတ်အစားတွေ အသုံးအဆောင်တွေက လုပ်ဆောင်ချက်မျိုးစုံရှိနိုင်တယ်....။ ဒီတော့ တော်တော်လေးကို ကောင်းမွန်တဲ့အကူအညီတွေပဲ....”
“အဲဒါက အဆင်ပြေတယ်....။ တကယ်လို့ ငါက ပိုပြီး ကြီးမားတဲ့တိုက်ပွဲထဲကို ရောက်သွားတဲ့အချိန်ထူးခြားတဲ့အဝတ်တွေသာ မရှိရင် အဝတ်ဗလာနဲ့ ပြေးနေရမှာ......"
ကျန်းကျိဝေက ရေခဲပိုးမျှင်ဖိနပ်တစ်စုံကို လျင်မြန်စွာ ရွေးချယ်လိုက်သည်။ ထိုဖိနပ်က ပါးလွှာပြီး နူးညံပျော့ပြောင်း၏။ ပတ်ဝန်းကျင်မျိုးစုံကို ခုခံနိုင်ပြီး ကိုယ်ဖော့ပညာကိုလည်း အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်သည်။ ထိုအရာက သန့်စင်လက်နက်အဆင့်မျိုးရှိပြီး ကံကြမ္မာအမှတ်(၁၁၀) ကုန်ကျသည်။
မုန့်ချီတို့အားလုံး လဲလှယ်ပြီးသွားသည့်အချိန်တွင် လော်ရှန်းကျိက ရောက်လာပြီး အလယ်တွင် ရှိနေသောအလင်းတိုင်လုံးဆီသို့ ဝင်သွားခဲ့၏။ ခဏကြာပြီးနောက် သူက ပြန်ထွက်လာပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။
"အားလုံးပဲ … နောက်ထပ်တာဝန်မှာ ငါတို့က ပြန်တွေ့ဖို့ မျှော်လင့်ပါတယ်...။ အဲဒီအချိန်ကျရင် ငါတို့အချင်းချင်း နားလည်မှုတွေက ပိုပြီးမြင့်တက်လာနိုင်ဖို့လည်း မျှော်လင့်ပါတယ်...."
လော်ရှန်းကျိကတော့ သံသရာအရှင်သခင်၏စကားကိုပင် စောင့်မနေဘဲ ထွက်သွားရန် ရွေးချယ်လိုက်သည်။
မုန့်ချီတို့အဖွဲ့က တိတ်ဆိတ်နေကြပြီး အလင်းတိုင်လုံးထဲတွင် လော်ရှန်းကျိ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေခဲ့၏ ။
"အစောပိုင်းကတည်းက ပူးပေါင်းလာတာမဟုတ်တဲ့ အဖွဲ့သားတစ်ယောက်ကို သေချာပေါက် စောင့်ကြည့်နေရမှာပဲလေ...။ နောက်တစ်ကြိမ်ကျရင်တော့ ဒီအခြေအနေတွေ ပြောင်းလဲသွားဖို့ မျှော်လင့်ပါတယ်..”
“တကယ်လို့ ငါတို့ကသာ မျက်နှာပြောင်းလဲနိုင်တဲ့ မျက်နှာဖုံးတွေ ဒါမှမဟုတ် အသွင်ပြောင်းစွမ်းရည်မျိုးတွေ မရှိဘူးဆိုရင် ပြိုင်ဘက်အဖွဲ့မှာရှိတဲ့ ရန်သူတွေက ပင်မကမ္ဘာကြီးထဲမှာ ငါတို့ကို သိသွားနိုင်လိမ့်မယ်.....။ အဲဒါက တော်တော်လေးပြဿနာများတယ်...."
မုန့်ချီက ရုတ်တရက် အမှတ်ရသွားခဲ့သည်။
"ဥပမာအနေနဲ့ ပြောရရင် စုယွမ်ရင်နဲ့ ယွင်ထင်ဖုန်းတို့က သူတို့ရဲ့ မူလရုပ်ရည်ကို သုံးခဲ့တာ မဖြစ်နိုင်ဘူး...။ ဒါပေမယ့် ငါတို့ကတော့ ငါတို့ရဲ့ရုပ်ရည်အစစ်အမှန်ကို သုံးခဲ့ကြတယ်....။ တကယ်လို့ ငါတို့ကသာ သူတို့နဲ့ ပင်မကမ္ဘာကြီးထဲမှာ ပြန်တွေ့ရမယ်ဆိုရင် ငါတို့က သေသွားနိုင်ချေ အရမ်းများတယ်...”
“ကူရှောင်စန်းလို မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်မှာရှိတဲ့ နတ်ဆိုးမကတော့ ကိစ္စမရှိဘူး။ သူတို့ဆီမှာရန်သူတွေအများကြီး ရှိနေမှတော့ သူတို့က ဘာကိုမှ ကြောက်စရာမလိုဘူး...။သူသတ်ခဲ့တဲ့လူတွေကလဲမနည်းဘူးလေ....”
“အရင်တုန်းကတော့ ငါတို့က မျက်နှာပြောင်းလဲတဲ့ အကူအညီတွေကို ပြင်ဆင်မထားခဲ့ကြဘူး...။ ဘာလို့လဲဆိုတော့ ငါတို့အားလုံးက သာမန်တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့သားတွေပဲ ဖြစ်နေလို့ပဲ....။ ဒီတော့ ငါတို့ရဲ့ မျက်နှာကို ပြောင်းလဲဖို့ မလိုအပ်ဘူး...။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ ငါတို့က လဲလှယ်ဖို့ အချိန်မရခဲ့ဘူး....။ နောက်ဆုံးအချိန်ကျမှ သံသရာအရှင်သခင်က အဖွဲ့လိုက် ရင်ဆိုင်တဲ့တာဝန်ကို ပြောခဲ့တယ်...."
ကျန်းယွင်ရှန်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
"အတိအကျပဲ. ။ နောက်တစ်ကြိမ် ငါလည်း မျက်နှာပြောင်းနိုင်တဲ့ မျက်နှာဖုံးတွေ ယူလာခဲ့မယ်..."
"ကောင်းပြီ။ ငါလည်း ပြင်ဆင်ထားလိုက်မယ်....."
ကျန်းကျိဝေနှင့် ချီကျန်းရန်တို့ကလည်း တစ်ချိန်တည်း ပြောလိုက်ကြသည်။
"ဒါဆိုရင် မင်းတို့အရင်ဆုံး ထွက်သွားလိုက်တော့..။ ငါလည်း သံသရာတံဆိပ်ကိုစပြီး သုံးတော့မယ်....."
မုန့်ချီက သူ့မိတ်ဆွေများကို အပြုံးနှင့် ပြောလိုက်၏။
"သတိထားပါ...."
ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်သည်။ တစ်ခြားအဖွဲ့သားများကလည်း သူ့ကို သတိပေးလိုက်ပြီး တစ်ယောက်ပြီး တစ်ယောက်ထွက်သွားခဲ့ကြ၏။
သံသရာမြေကွက်လပ်ကြီးတစ်ခုလုံးတွင် ရှင်းလင်းသွားပြီး မုန့်ချီတစ်ယောက်တည်းသာ ကျန်နေတော့သည်။ သူ၏ပတ်ပတ်လည်တွင်တော့ အင်မော်တယ် တိရစ္ဆာန်များ၏ ရုပ်ထုများရှိနေပြီး ကောင်းကင်ပေါ်တွင် အဖြူရောင်တိမ်တိုက်များ၊ မြူခိုးများ လွှမ်းခြုံနေခဲ့၏။
ထိုအရာများကို ငေးကြည့်နေရင်း မုန့်ချီ၏ခံစားချက်များကပင် သက်ရောက်ခံလိုက်ရသည့်အတွက် စိတ်ထဲတွင် ငြိမ်းအေးသွားခဲ့၏။
မုန့်ချီက သူ့အခန်းထဲသို့ ပြန်ရောက်လာပြီး သံသရာတံဆိပ်ကို ဖျက်စီးလိုက်သည်။ ထို့နောက် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်လိုက်ပြီး လိုအပ်သောပစ္စည်းများကို ယူလိုက်၏။
အစိမ်းရောင်အလင်းတန်းများ လွှမ်းခြုံသွားသည့်အချိန်တွင် မုန့်ချီက သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရ၏။
"မင်းပြန်သွားချင်တဲ့ကမ္ဘာကြီးကို ရွေးချယ်လိုက်ပါ...."
မုန့်ချီ၏ မျက်လုံးထဲတွင် ပုံရိပ်ပေါင်းများစွာ ပေါ်လာသည်။ ရင်ဟွမ် ရဲတိုက် ၊ ဒိုအာချာ၏ခန္ဓာကိုယ် ၊ ကံကြမ္မာမြို့တော်နှင့် လေတိမ်တိုက်တောင်တန်းတို့ ဖြစ်ကြသည်။ မုန့်ချီက သေချာစဉ်းစားကြည့်လိုက်ပြီး ကံကြမ္မာမြို့တော်ပုံရိပ်ကို ရွေးချယ်လိုက်၏။
ယခုတစ်ကြိမ် သူက သွေးကြောမှတ်များကို စုစည်းရန် လိုအပ်နေသလို သွမ့်ရှန်ဖေးနှင့် ပြောင်းလဲမှုကျင့်စဉ်ကို ဆွေးနွေးရန် လိုအပ်နေသည်။ ဘုန်းတော်ကြီးယွမ်မုန့်ကို ရှာဖွေ၍ ကျောက်စိမ်းဗုဒ္ဓလည်ဆွဲ၏ လျှို့ဝှက်ချက်များကိုလည်း ရှာဖွေရန် လိုအပ်နေသေးသည်။ ထို့ပြင် သူက ကျန်ရှိနေသော သိုင်းသခင်များနှင့် တိုက်ခိုက်ပြီး နားတံခါးကိုဖွင့်ရန် ကြိုးစားရမည်ဖြစ်သည်။
"ကံကြမ္မာမြို့တော်ကို (၂)လပြန်မယ်။ မင်းက ရင်းနှီးတဲ့သူတစ်ယောက်ရဲ့အနားကို သွားလို့ရတယ်...”
“အဲဒီလိုလည်း လုပ်လို့ရသေးတာလား...."
မုန့်ချီက ကျေနပ်သွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူကတော့ လူတစ်ယောက်ကို ရှာဖွေရန် အချိန်မပေးရတော့ပေ။
"သွမ့်ရှန်ဖေးရဲ့အနားကို ပို့ပေးပါ ....."
မုန့်ချီက စဉ်းစားမနေဘဲ ပြောလိုက်၏။ မုန့်ချီက ယခုတစ်ကြိမ်တော့ သေချာပြင်ဆင်ထားခဲ့၏။ သို့သော်သူ၏ မျက်လုံးထဲတွင် မည်သည့်အရာကိုမျှမမြင်လိုက်ရပေ။
သူမျက်လုံးဖွင့်လိုက်သည့်အချိန်တွင် သူကိုယ်တိုင်က အိမ်ငယ်လေးတစ်လုံး၏ ရှေ့တွင် ရပ်နေကြောင်း တွေ့လိုက်ရ၏။
“လေလွင့်အိမ်ဂေဟာ …”
မုန့်ချီက ထိုအိမ်ငယ်လေး၏ ဆိုင်းဘုတ်ကို ဖတ်လိုက်သည်။
"ဒါက သွမ့်ရှန်ဖေးရဲ့ အိမ်ဆိုတာ အလွယ်တကူ ခန့်မှန်းနိုင်တာပဲ..."
ယခုတစ်ကြိမ်တော့ ညအလင်းရောင်က မှေးမှိန်နေပြီး ကြယ်များက လင်းလက်တောက်ပနေခဲ့သည်။ သစ်ပင်များက လေနှင့်အတူ လှုပ်ရှားနေသည်မှာ အလွန်တိတ်ဆိတ်နေသော အခြေအနေမျိုး ရှိနေသည်။
မုန့်ချီက ခြံတံခါးဆီသို့ လျှောက်သွားပြီး ညင်သာစွာ ခေါက်လိုက်သည်။
"ဒေါက် ဒေါက် ဒေါက်...."
ထိုအသံက ညင်သာသော်လည်း တိတ်ဆိတ်နေသော ညအချိန်တွင် အဝေးထိအောင် ပျံ့နှံ့သွားခဲ့၏။
"ငှက်အိမ်လေးရဲ့တံခါး ကဗျာလို ဖြစ်နေပါလား.."
ခဏကြာပြီးနောက် လူငယ်တစ်ယောက်က ခြံဝန်းထဲကို ဖြတ်လာပြီး တံခါးဆီသို့ ရောက်လာခဲ့သည်။ မုန့်ချီက ထိုလူငယ် သူ့အနားသို့ ရောက်လာမည့်အချိန်ကို စိတ်မရှည်နိုင်စွာ စောင့်နေခဲ့ရသည်။ သူက ဗုဒ္ဓသားတော်တစ်ပါးဖြစ်ပြီး ဘယ်လက်တွင် စိပ်ပုတီးကိုကိုင်၍ အဖြူရောင်ဝတ်စုံက လေထဲတွင် လှုပ်ရှားနေခဲ့၏။
"ကိုယ်တော့်ရဲ့နာမည်ကိုပြောပါ...။ ကိုယ်တော်က ဘာလုပ်ချင်လို့လဲ ..။ ဒီမှာ စားစရာ လာပြီး အလှူခံတာလား ...."
လူငယ်က မရင်းနှီးသော ကိုယ်တော်ကို သံသယဝင်စွာ ကြည့်နေမိသည်။
"ဒီကိုယ်တော်က ရုပ်ရည်အရ အသက်(၁၄)နှစ် (၁၅) နှစ်လောက်ပဲ ရှိသေးတယ်။ ဒါပေမယ့် တော်တော်လေးကို ရင့်ကျက်နေပြီ ....."
ထိုလူငယ်က အလွန်ချောမောခန့်ညားပြီး စကားပြောသည့်အချိန်တွင် တည်ငြိမ်အေးချမ်းသည်။ သို့သော် သူ၏ မျက်ခွံများက မို့အစ်နေပြီး မျက်နှာက အိပ်ထားသည့်အတွက် ဖောင်းနေသလိုဖြစ်သည်။ ထိုလူငယ်က သွမ့်မင်းချန်ဖြစ်ကြောင်း မုန့်ချီက မှတ်မိနေခဲ့၏။
သူက လက်အုပ်ချီ၍ ပြောလိုက်၏။
"အော်မီတော်ဖော် ...ငါက ကျန်းတင်ပါ .။ လေလွင့်ဆရာကြီးရဲ့ မိတ်ဆွေတစ်ယောက်ပါ။ ငါရောက်လာတယ်ဆိုတာ သူ့ကို ပြောလိုက်ပါဦး ..”
“ကျန်းတင် ဟုတ်လား ..ဟား ဟား ဟား ဟား.... "
သွမ့်မင်းချန်က ရယ်လိုက်၏။
"ကိုရင်လေး ကျန်းတင်က ကောင်းကင်နဲ့ ဆက်သွယ်တဲ့ ဓားချက်တစ်ချက်ကို သုံးပြီး အင်မော်တယ်နယ်မြေကို တက်လှမ်းသွားပြီလေ ..။ ဘယ်လိုဖြစ်ပြီး ငါ့ရှေ့မှာ အသက်ရှင်ရက် ရပ်နေရတာလဲ ..”
“လွန်ခဲ့တဲ့ (၁) နှစ်ကျော်အတွင်း ကိုရင်လေး ကျန်းတင်က သိုင်းပညာရပ်ဝန်းရဲ့ စံပြတစ်ယောက် ဖြစ်ခဲ့တယ် ..။ သူက အတော်ဆုံးသိုင်းသခင်တစ်ယောက် ၊ လူသားနှင့်နတ်ဘုရား အတားအဆီးကို ချိုးဖျက်နိုင်တဲ့ ပညာရှင်တစ်ယောက် ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီလိုလူမျိုးက ဒီကမ္ဘာကြီးထဲမှာ ပေါ်မလာသင့်ဘူး။ ဒဏ္ဍာရီထဲမှာပဲ ရှိသင့်တယ် ....."
"လေလွင့်ဆရာကြီးက အထဲမှာ မရှိဘူးလား..."
မုန့်ချီက သွမ့်မင်းချန်ကို အပြုံးနှင့် ပြောလိုက်၏။
"ငါရှေ့မှာ ရှိတဲ့ကိုယ်တော်က တော်တော်လေး ငယ်ပေးမဲ့ ဝတ်စုံတွေ ၊ ခြေထောက်တွေက တော်တော်လေး သန့်စင်နေတယ်..။ပြီးတော့ သာမန်လူနဲ့ တော်တော်လေး ကွဲပြားတယ် .။ သူက လူလိမ်တစ်ယောက်ဖြစ်မယ်လို့တော့ မထင်ဘူး…"
သွမ့်မင်းချန်က ပြောလိုက်၏။
"အဖေက အိမ်ထဲမှာ ရှိပါတယ် ကိုယ်တော်....။ ကျေးဇူးပြုပြီး အိမ်ထဲကို ဝင်ခဲ့ပါ…”
“ငါ့အဖေရဲ့ပြောင်းလဲမှုကျင့်စဉ်က တော်တော်လေးကို တိုးတက်နေပြီ ။ သူကလည်း ထူးချွန်တဲ့ သိုင်းသခင်တစ်ယောက်ပဲ ..။ သူက လူလိမ်တစ်ယောက်ကို ကြောက်စရာမလိုပါဘူး ...."
မုန့်ချီက အိမ်ငယ်လေးထဲကို လျှောက်လာပြီး သွမ့်မင်းချန်၏ နောက်မှ လိုက်လာခဲ့၏။ မုန့်ချီက တံခါးရှေ့သို့ ရောက်လာသည့်အချိန်တွင် သွမ့်ရှန်ဖေးက တူတစ်စုံကို ကိုင်ပြီး ပဲစေ့တစ်စေ့ကို ညှပ်ယူနေကြောင်း တွေ့လိုက်ရ၏။
သူ့ကို မြင်သည့်အချိန်တွင် မုန့်ချီက ကျယ်လောင်စွာ ပြောလိုက်၏။
“အော်မီတော်ဖော် ...ဒကာကြီးသွမ့် ....အဆင်ပြေရဲ့လား ....”
ထိုအသံကြောင့် သွမ့်ရှန်ဖေးက အံ့ဩမှင်တက်သွားခဲ့ပြီး တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ တစ်ချိန်တည်းတွင် တူနှင့်ညှပ်နေသော ပဲစေ့က စားပွဲပေါ်သို့ ပြုတ်ကျသွားခဲ့၏။
သွမ့်ရှန်ဖေးက အဖြူရောင်ဝတ်စုံ ဝတ်ထားသော မုန့်ချီကို ကြည့်ပြီး အိပ်မက်ထဲကို ရောက်နေသလို ခံစားနေရသည်။ ထို့ပြင် သူက အလွန်ရင်းနှီးပြီး ရင့်ကျက်နေသော မျက်နှာကိုလည်း တွေ့နေရ၏။
"ကျုပ်ကို မမှတ်မိဘူးလား ဒကာကြီး ...."
မုန့်ချီက အပြုံးနှင့် မေးလိုက်သည်။
သွမ့်ရှန်ဖေးက တံတွေးမြိုချလိုက်ပြီး ခက်ခက်ခဲခဲ ပြောလိုက်၏။
"ကိုရင်လေးက ထွက်သွားပြီ မဟုတ်ဘူးလား ..။ မဟုတ်ဘူး .ကောင်းကင်ပေါ်ကို ရောက်သွားပြီ မဟုတ်ဘူးလား ..."
"တကယ်လို့ အဲဒါက ထင်ယောင်ထင်မှား လှည့်ကွက်တစ်ခုပဲဆိုရင်ကော ဒကာကြီးက ယုံမှာလား ...."
မုန့်ချီက အပြုံးနှင့် မေးလိုက်၏။
သွမ့်ရှန်ဖေးက သက်ပြင်းချပြီး အားတင်း၍ ပြုံးလိုက်သည်။
"ကိုရင်လေးက ဘာပဲပြောပြော ကျုပ်က ယုံမှာ မဟုတ်ဘူး ....."
Translated by Hein Htet.