အခန်း (၁၁၄)
Vol. 8 Ch. 114
"ဒါဆိုလည်း ဘာမှထပ်မပြောတော့ပါဘူး…"
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။ ထိုကဲ့သို့ ကောက်ကျစ်စဉ်းလဲသော မြေခွေးအိုကြီးတစ်ယောက်နှင့် စကားပြောသည့်အချိန်တွင် အများကြီးရှင်းပြနေရန် မလိုအပ်ပေ။
သွမ့်ရှန်ဖေးက အံ့ဩမှုများကို ထိန်းချုပ်လိုက်ပြီး ဝါးတူကိုချ၍ စားပွဲခုံဘေးကို လက်ညှိုးထိုးပြလိုက်သည်။
"ကျေးဇူးပြုပြီး ထိုင်ပါဦး…ကိုရင်လေး…"
ထို့နောက် သူက အလွန်အံ့ဩနေပုံရသော သွမ့်မင်းချန်ကို လှည့်ကြည့်ပြီး မေးလိုက်၏။
"မင်းက ဘာလို့အခုအချိန်ထိ ရေနွေးအိုး မချရသေးတာလဲ.…."
စားပွဲပေါ်တွင် ပဲစေ့များနှင့် ထမင်းအိုးတစ်လုံး ရှိနေသော်လည်း ဘုန်းတော်ကြီးတစ်ပါးကို ဧည့်ခံရန် မသင့်တော်လှပေ။
"ကျုပ်ထွက်သွားခဲ့တဲ့အချိန် ကံကြမ္မာမြို့ထဲမှာ အပြောင်းအလဲတွေ ရှိလာသေးလား.."
မုန့်ချီက ပြောင်းလဲမှုကျင့်စဉ်နှင့် ဆရာတော် ယွမ်မုန့်တို့အကြောင်းကို အလျင်စလို မမေးသေးဘဲ အခြေအနေများကို အရင်ဆုံး မေးမြန်းကြည့်လိုက်သည်။
သွမ့်ရှန်ဖေးက ကျသွားသော ပဲသီးကို ပြန်ကောက်လိုက်ပြီး စားလိုက်၏။ ထို့နောက် အပြုံးနှင့် ပြောလိုက်သည်။
"အဲဒီအချိန်မှာ ကိုရင်လေးရဲ့ ဓားချက်က ကောင်းကင်ဘုံကို ဖြတ်ကျော်သွားပြီး သန့်စင်တဲ့ ဗုဒ္ဓနယ်မြေကို တက်လှမ်းသွားပြီလို့ လော်ချင်းနှင့် တခြားလူတွေကို ပြောလိုက်တယ်။ ပြီးတော့ ကွေရှုက ရာသီခွင်နတ်ဘုရား(၁၂)ယောက်ရဲ့ ခေါင်းဆောင်ဖြစ်သလို နှင်းနတ်ဘုရားနန်းတော်ရဲ့ အရှင်သခင်လို့လည်း ပြောလိုက်တယ်...။ ဒါကြောင့် သူက တခြားသိုင်းသခင်တွေကို ရှင်းပစ်ချင်နေတာလို့ ပြောခဲ့တယ်။ ကျန်တာကတော့ မင်း မြင်ခဲ့တဲ့အတိုင်းပဲ…”
“ကွေရှုက မင်းရဲ့ဓားချက်နဲ့ သေးဆုံးသွားခဲ့တာလေ။ အဲဒါကြောင့် သိုင်းပညာရပ်ဝန်းမှာ ရှိတဲ့လူတွေပဲ ဖြစ်ဖြစ် ဖေးကျန်းချင်နှင့် တခြားလူတွေပဲဖြစ်ဖြစ် လော်ချင်းကို အကျဉ်းချထားဖို့ ဘယ်သူမှ မတောင်းဆိုရဲကြဘူးလေ။ မင်းက ကောင်းကင်ပေါ် တက်လှမ်းသွားတဲ့ မြင်ကွင်းကိုကြည့်ပြီး သူတို့က ထိတ်လန့်သွားခဲ့ကြတာ။ အဲဒီနောက်မှာတော့ သူတို့က ရာသီခွင်နတ်ဘုရား(၁၂)ယောက်နဲ့ ပတ်သက်ပြီး သဲလွန်စတွေကို ရှာဖွေခဲ့ကြတယ်…”
“ကွေရှုက နှင်းနတ်ဘုရားနန်းတော်ရဲ့ ခေါင်းဆောင်ဆိုတာကို သက်သေပြနိုင်တာ မရှိပေမဲ့ ငါက သံသယဝင်စရာ အချက်ပေါင်းများစွာကို ပြောပြခဲ့တယ်။ သူက ရာသီခွင်နတ်ဘုရား(၁၂)ယောက်ထဲက တစ်ယောက်ဆိုတဲ့ အချက်နဲ့တင် နှင်းနတ်ဘုရားနန်းတော်သခင်ဆိုတဲ့ အဆင့်အတန်းက သေချာသွားခဲ့တာပဲ…"
သူက အပြုံးနှင့် ပြောလိုက်သည်။
ကွေရှုက နှင်းနတ်ဘုရားနန်းတော်၏ အစစ်အမှန်ပညာရှင် တစ်ယောက်သဖွယ် သူက ပြောနေခြင်းဖြစ်သည်။ မုန့်ချီကသာ သွမ့်ရှန်ဖေး၏ အကြာင်းအရာများကို သိထားခဲ့ခြင်း မရှိလျှင် သွမ့်ရှန်ဖေး ပြောခဲ့သော စကားများကို ယုံကြည်မိပါလိမ့်မည်။ မုန့်ချီက စိတ်ထဲတွင် ကျိတ်၍ ချီးကျူးလိုက်မိ၏။
"ငါကိုယ်တိုင်က တည်ငြိမ်အေးချမ်းမှုကို သင်ယူနေခဲ့တဲ့ အချိန်မှာ တခြားသူတွေကို လိမ်မိနေတာလား…”
“ဖေးကျန်းချင်နှင့် တခြားသူတွေကော အသတ်ခံလိုက်ရတာလား…"
မုန့်ချီက အလွန်တည်ငြိမ်နေသော အမူအရာနှင့် မေးလိုက်သည်။ မည်သို့ဖြစ်စေကာမူ သူက ထိုလူများနှင့် မပတ်သက်ချေ။
သွမ့်ရှန်းဖေးက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"သူတို့အားလုံးက ရာသီခွင်နတ်ဘုရား(၁၂)ယောက်ရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာ သက်သေပြနိုင်တဲ့အတွက် အသတ်ခံလိုက်ရတယ်။ ယုတုန်ကွမ်ရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ ရာသီခွင်နတ်ဘုရား(၁၂)ယောက်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ မိသားစုတွေက ခွဲဝေပြီး ယူသွားကြတယ်။ ဒါပေမယ့် ငါတို့တွေက ကွေရှုရဲ့ မြို့စားရဲတိုက်ကိုတော့ ဘာမှမလုပ်ရဲဘူး။ ဒါကြောင့် တော်ဝင်ခုံရုံးကိုပဲ သတင်းပို့ခဲ့တယ်။ သူ့ကို အကူအညီပေးခဲ့တဲ့ ကွေကျင်းဟွာကိုတော့ ငါတို့က သတ်ပစ်ခဲ့တယ်…။ လွန်ခဲ့တဲ့ နှစ်ဝက်လောက်မှာတော့ ကွေကျင်းရှုက မြို့စားမင်း ရာထူးဆက်ဆံဖို့ ဘုရင်က သဘောတူလိုက်တယ်…”
ဤကမ္ဘာကြီးထဲတွင် ရှိနေသော သိုင်းသခင်များက ဘုရင်ကို စိန်ခေါ်နိုင်သည့် အဆင့်မျိုး ရှိနေသည်။ မည်သို့ဖြစ်စေကာမူ စိတ်ဝိညာဉ်လျှို့ဝှက်အခန်းကို ဖွင့်ပြီးသွားလျှင် သူတို့က ဘုရင့်နန်းတော်ထဲ၌ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနိုင်စွမ်းရှိသည်။
ဘုရင်ကသာ သိုင်းသခင်အဆင့် အစောင့်များကို ငှားရမ်းနိုင်ခြင်း မရှိလျှင် အဆင်မပြေလှပေ။ ရလဒ်အနေနှင့် သိုင်းလောကနှင့် နန်းတော်က မျှတနေခဲ့သည်။ သိုင်းသခင်များက ဘုရင့်အာဏာကို ထိပါးခဲ့ခြင်း မရှိသလို၊ ဘုရင်ကလည်း ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မည့် အလုပ်မျိုးကို မလုပ်ခဲ့ပေ။
ထို့ကြောင့် သူတို့က ကွေရှုကို သတ်လိုက်သည့်အချိန်တွင် သက်သေအလုံအလောက် ရှိနေသည့်အတွက် နန်းတော်က ဘာမျှပြန်မလုပ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူတို့ကသာ ကိုယ့်ကိုယ်ကိုယ် မြို့စားမင်းအဖြစ် သတ်မှတ်လိုက်မည်ဆိုလျှင် နန်းတော်ကို ဆန့်ကျင်သလိုဖြစ်ပါလိမ့်မည်။
သိုင်းလောက သူရဲကောင်းများစွာကလည်း နန်းတော်၏ တရားမျှတမှု စီရင်ရေးအဖြစ် ကွေရှု၏ ရတနာသေတ္တာအမြောက်အများကို ရခဲ့သည်။
"ဘုရင်က ကံကြမ္မာမြို့ကို လိုချင်နေတာ တော်တော်လေး ကြာလောက်ပြီ။ ဒါပေမယ့် သူ့ရဲ့တော်ဝင်မိသားစုမှာ သင့်တော်တဲ့ လူတစ်ယောက်ကို မရွေးရလောက်သေးဘူး…"
မုန့်ချီက ဘယ်လက်တွင် ရှိနေသော တူတစ်စုံကို လှည့်လိုက်ပြီး သိက္ခာရ ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ပြောလိုက်သည်။
သွမ့်ရှန်ဖေးက မုန့်ချီကိုကြည့်ပြီး ပြောလိုက်၏။
"အရမ်းကို တိကျတဲ့ အမြင်ပဲ…"
မူလတုန်းကတော့ ကိုရင်လေးကျန်းတင်၏ သိုင်းပညာကသာ တခြားလူများထက် အဆပေါင်းများစွာ တိုးတက်နေခြင်းဖြစ်ပြီး တခြားအရာတွင်တော့ ဗဟုသုတမရှိဟု တွေးခဲ့မိသည်။ ကြည့်ရသည်မှာ ထိုအချက်ကလည်း မှန်ပုံမရချေ။
"အော်မီတော်ဖော်……
အေးအေးဆေးဆေး စာဖတ်နေနိုင်တာထက် ဘာအရာမှ ပိုပြီးမကောင်းပါဘူး.…"
မုန့်ချီက အလွန်တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
သွမ့်ရှန်ဖေးက သက်ပြင်းချပြီး ပြောလိုက်သည်။
"ကံကြမ္မာမြို့တော်ရဲ့အဖြစ်အပျက်တွေက သိုင်းလောက တခွင်လုံးကို လှုပ်ခတ်သွားစေခဲ့တယ်။ ဒါပေမယ့် ကိုရင်လေးလို အစစ်အမှန်ပညာရှင် တစ်ယောက်ကတော့ အဲဒီလိုအရာမျိုးကို ဂရုစိုက်မှာ မဟုတ်လောက်ပါဘူး.…”
“စကားမစပ် ကိုရင်လေးရဲ့မိတ်ဆွေတွေလည်း အဆင်ပြေပါတယ်။ သူတို့က အတွေ့အကြုံရှိနေတဲ့အတွက် ဘယ်နေရာကိုပဲသွားသွား ကောင်းကောင်းမွန်မွန် ဆက်ဆံခံရတယ်။ တကယ်လို့ သူတို့ကသာ ဉာဏ်ကောင်းမယ်ဆိုရင် သိုင်းပညာကောင်းကောင်း သင်ကြားခွင့်ရနိုင်ပြီး သူတို့ရဲ့ အစွမ်းကို မြှင့်တင်နိုင်လိမ့်မယ်… "
"ဒါဆိုရင်တော့ ကောင်းပါတယ်…"
မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။
"ကျုပ်ကတော့ သူတို့(၄)ယောက်ရဲ့ နာမည်ကိုတောင် မေ့နေပြီ။ ဒါပေမယ့် ကံမကုန်ရင် ပြန်ဆုံရမှာပေါ့…"
သွမ့်ရှန်ဖေးက ရယ်လိုက်ပြီး မုန့်ချီ၏ မျက်လုံးကို စိုက်ကြည့်၍ မေးလိုက်၏။
"ကိုရင်လေးက ဘာလို့ရောက်လာသလဲဆိုတာ မေးခွင့်ရှိမလား…"
မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"ခန့်မှန်းကြည့်လိုက်လေ…"
သွမ့်ရှန်ဖေး၏ မျက်နှာအမူအရာက အတော်လေး လှုပ်ရှားသွား၏။
"ကိုရင်လေးက သန့်စင်သော ဗုဒ္ဓနယ်မြေကို ရောက်သွားပြီလေ။ ကျုပ်က ကိုရင်လေးရဲ့ ရည်ရွယ်ချက်ကို ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်မှာလဲ။ ကိုရင်လေးကလည်း ကျုပ်ရဲ့လက်ချောင်းတွေကို ဖြတ်သွားတဲ့ တစ်ယောက်လိုပဲ မှော်ဆန်ဆန် ရောက်လာပြီး မှော်ဆန်ဆန် ပျောက်ကွယ်သွားတာမဟုတ်ဘူးလား…."
"သေချာခန့်မှန်းကြည့်လိုက်ပါဦး…"
မုန့်ချီက ထိုမေးခွန်းမျိုးကို မည်သို့ပြန်ဖြေရမည်နည်း…။
နောက်တော့ သူက သွမ့်ရှန်ဖေးကို ဟာသလုပ်မနေတော့ဘဲ ရယ်ကာမောကာနှင့် ပြောလိုက်၏။
"ကျုပ်က ကိစ္စ(၃)ခုအတွက် ရောက်လာခဲ့တာ။ ပထမတစ်ခုက ပြောင်းလဲမှုကျင့်စဉ်ပဲ။ ဒုတိယတစ်ခုကတော့ ဒကာကြီးသွမ့်က ကျုပ်ကို ချန်းဟွာကျောင်းဆောင်ဆီ လမ်းညွှန်ပေးနိုင်မလား…လာမေးတာပါ…။ ကျောက်စိမ်းဗုဒ္ဓလည်ဆွဲလေးက ဗုဒ္ဓရဲ့လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်နေတဲ့အတွက် ကျုပ်က ဆရာတော်ယွမ်မုန့်ကို သွားတွေ့ချင်တယ်။ နောက်ဆုံးတစ်ခုကတော့ ကျုပ်ရဲ့ဓားပညာလေ့ကျင့်ဖို့ပဲ။ကျုပ်က သိုင်းသခင်တွေနဲ့ ယှဉ်ပြိုင်ချင်တယ်…"
"ဒါက အသေးအဖွဲပါပဲ…"
သွမ့်ရှန်ဖေးက ခဏကြာ စဉ်းစားပြီး ပြောလိုက်၏။
"ကိုရင်လေးက ကျုပ်ကို အဘိုးကြီးသွမ့်လို့ခေါ်တာ ပိုကောင်းပါတယ်။ ဒကာကြီးဆိုတဲ့ အခေါ်အဝေါ်က သူစိမ်းဆန်တယ်။ ကျုပ်ဆီမှာ ကိုရင်လေးလို ကောင်းကင်နဲ့ ဆက်သွယ်နိုင်တဲ့ ဓားချက်ကို ပိုင်ဆိုင်ထားတဲ့ မိတ်ဆွေရှိတယ်လို့ အထင်မခံရတော့ဘူး.."
"ဟား…ဟား…ဟား…
အဘိုးကြီးသွမ့်…ခင်ဗျားက တော်တော် ရယ်ရတာပဲ…"
မုန့်ချီက စိတ်လွတ်ကိုယ်လွတ် ရယ်လိုက်မိသည်။
ထိုအချိန်တွင် သွမ့်မင်းချန်က ရေနွေးအိုးနှင့် ရေနွေးကြမ်းခွက်နှစ်ခွက်ကို ယူလာခဲ့သည်။ ထိုရေနွေးအိုးဆီမှ အပူလှိုင်းများ ထွက်လာနေပြီး လက်ဖက်ခြောက်ရနံ့ကလည်း လွှမ်းခြုံနေခဲ့၏။
"တကယ့်ကို လက်ဖက်ခြောက်ကောင်းပဲ…"
မုန့်ချီက ချီးကျူးလိုက်သည်။ သူက ရေနွေးခွက်ကို ကိုင်လိုက်ပြီး ရေနွေး ထည့်လိုက်၏။ သူ့ပုံစံက ဧည့်သည်တစ်ယောက်နှင့် မတူပေ။
"ကိုရင်လေးက တကယ့်ကို ပွင့်လင်းတာပဲ.…"
မုန့်ချီက ရေနွေးငှဲ့နေသည်ကို မြင်သည့်အခါ သွမ့်ရှန်ဖေးက ချီးကျူးလိုက်မိသည်။ သူကတော့ မည်သည့်အတွေးမျှမရှိဘဲ အလွန်တည်ငြိမ်နေခဲ့၏။ သွမ့်မင်းချန်က ညာဘက်ခုံတွင် ထိုင်နေပြီး သူတို့ကို စောင့်နေခဲ့သည်။
မုန့်ချီက ရေနွေးကို မြည်းစမ်းကြည့်လိုက်ရာ ပါးစပ်ထဲတွင် ခါးသက်သက် အရသာလေး ပေါ်လာပြီး ပါးစပ်ဖျားတွင် ရနံ့စွဲကျန်နေခဲ့သည်။
"ကျုပ်က ဒကာကြီးသွမ့်နဲ့ ပြောင်းလဲမှုကျင့်စဉ်အကြောင်း ဆွေးနွေးလို့ ရနိုင်မလား…."
"ကိုရင်လေးက ပြောင်းလဲမှုကျင့်စဉ် ဘယ်အဆင့်ကို ရောက်နေပြီလဲ…"
မုန့်ချီ၏ဓားပညာနှင့် လျှို့ဝှက်ဆန်းကြယ်သော နောက်ကြောင်းကို စဉ်စားမိသည့်အခါ သွမ့်ရှန်ဖေးက ဖုံးကွယ်ထားရန် ဆန္ဒမရှိပေ။ မည်သို့ဖြစ်စေကာမူ သူက ပြောင်းလဲမှုကျင့်စဉ် အပြည့်အစုံကို မုန့်ချီ သိအောင် ပြောပြထားပြီးသားဖြစ်၏။
မုန့်ချီက ရေနွေးခွက်ကိုပြန်ချပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
"ကျုပ်က အခြေခံအဆင့်မှာ အချိန်တော်တော်လေးကြာနေပြီ…"
"ဒါက တစ်နှစ်ပဲရှိသေးတယ်လေ…"
သွမ့်မင်းချန်က အလွန်အံ့ဩသွားခဲ့၏။
"ကိုရင်လေးက အခြေခံအဆင့်ကိုတောင် ရောက်သွားပြီလား…။ ငါကတော့ အခုထိ အဆင့်နိမ့်ပဲ ရှိသေးတယ်။ ငါ့ကို မလိမ်ပါနဲ့…"
"တစ်နှစ်ကျော်ပဲရှိသေးတာလား…"
မုန့်ချီက အချိန်ကို တွက်ချက်ကြည့်လိုက်သည်။ ဤကမ္ဘာကြီးထဲမှ သူထွက်သွားသည်မှာ နှစ်ဝက်ကြာနေပြီဖြစ်၏။ ကြည့်ရသည်မှာ အချိန်စီးဆင်းမှုက (၃)ဆ (၁)ဆ ဖြစ်နေခြင်းပေလော။
“ဒါလည်း မဟုတ်သေးဘူး…။ အရင်တစ်ခေါက် ငါက ဒီနေရာမှာ တာဝန်လုပ်ဆောင်ဖို့အတွက် ရက်ပေါင်းများစွာ အချိန်ကုန်ခဲ့တာကို မှတ်မိပါသေးတယ်…”
သံသရာအရှင်သခင်က အချိန်စီးကြောင်းများကို ထိန်းချုပ်ထားခြင်းပေလော။
သွမ့်ရှန်ဖေးကလည်း အံ့ဩသွားခဲ့၏။ သို့သော် သူကတော့ သွမ့်မင်းချန်ကို တားပြီး ပြောလိုက်သည်။
"ကိုရင်လေး ကျန်းတင်က ဓားချက်တစ်ချက်တည်းနဲ့တောင် ကောင်းကင်ကြီးကို ဆက်သွယ်နိုင်သေးတာပဲ။ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ အဲဒီလိုအဆင့်ကို ရောက်နိုင်တဲ့ လူတစ်ယောက်အတွက် ပြောင်းလဲမှုကျင့်စဉ်ရဲ့ အခြေခံအဆင့်က ဘာမှမဟုတ်ပါဘူး…"
မုန့်ချီက စကားတစ်ခွန်းမျှ မပြောဘဲ ရယ်လိုက်သည်။ ထို့နောက် ရေနွေးကြမ်းသောက်ရင်း ပြောလိုက်၏။
"ဒီလိုကမ္ဘာကြီးထဲမှာ နားလည်မှုက အဆတစ်ရာလောက် ပိုပြီးရှင်းလင်းနိုင်တယ်။ ဒကာကြီးသွမ့်က ကျုပ်ရဲ့ရှုပ်ထွေးမှုတွေကို ရှင်းလင်းပေးနိုင်မလား…"
မုန့်ချီက သူ့ကို အဘိုးကြီးသွမ့်ဟု ခေါ်ဆိုခဲ့ခြင်းမရှိချေ။ မည်သို့ဖြစ်စေကာမူ သူက သွမ့်ရှန်ဖေးဆီမှ အကူအညီတောင်းရမည် ဖြစ်သည့်အတွက် ထိုကဲ့သို့ အခေါ်အဝေါ်မျိုးက မသင့်တော်ပေ။
ထို့နောက် သူတို့က ပြောင်းလဲမှုကျင့်စဉ်အကြောင်း ပြောဆိုနေကြ၏။ သွမ့်ရှန်ဖေး၏ အတွေ့အကြုံများက မုန့်ချီ၏ ပဟေဠိများစွာကို အကူအညီပေးနိုင်ခဲ့သည်။ သို့သော် သူက စဉ်းစားရန် အချိန်ပေးရဦးမည် ဖြစ်သည်။
တစ်ခါတရံ မုန့်ချီ၏ အတွေးအခေါ်များက အလွန်အံ့ဩစရာကောင်းသည့်အတွက် သွမ့်ရှန်ဖေးကပင် အလွန်သဘောကျနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း ပြောင်းလဲမှုကျင့်စဉ်၏ အနှစ်သာရများကို တိုက်ရိုက်ဖမ်းဆုပ်မိခြင်းကြောင့် ဖြစ်သည်။
"ပြောင်းလဲမှုကျင့်စဉ်အပေါ် ကိုရင်လေးရဲ့ အမြင်က တကယ့်ကို အနှစ်သာရ ပြည့်ဝနေပြီပဲ။ ဒါက မူလဖန်တီးသူတွေရဲ့ အတွေးထက်တောင် ကျော်လွန်နေပြီ…"
သူတို့က အချင်းချင်း ဆွေးနွေးနေပြီးနောက် သွမ့်ရှန်ဖေးက သက်ပြင်းချပြီး ပြောလိုက်၏။
"ဒီလိုအောင်မြင်မှုမျိုးကို သာမန်လူတွေက မရောက်နိုင်ဘူး။ လူသားနတ်ဘုရား အတားအဆီးကို ဖြတ်ကျော်နိုင်တဲ့ အင်မော်တယ်တွေကပဲ ရောက်နိုင်တယ်။ သူတို့တွေက ပြောင်းလဲမှုကျင့်စဉ်ကို နည်းစနစ်တစ်ခုအနေနဲ့ အသုံးချလို့ရတယ်။ ကျုပ်က ပြောင်းလဲမှုကျင့်စဉ်ကို လေ့ကျင့်နေတာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပေမယ့် အဲဒါကို လုံးဝမတွေးမိခဲ့ဘူး။ အမှန်အတိုင်းပြောရရင်တော့ ကျုပ်က ဒီနေ့အထိ ရေကန်ထဲက ဖားသူငယ်တစ်ကောင်လို ဖြစ်နေခဲ့တာပဲ။ ကျုပ်က ပြောင်းလဲမှုကျင့်စဉ်ရဲ့ သာမန်အနှစ်သာရလောက်ကိုပဲ သိနေခဲ့တာပဲ…"
“ဟူး……တာအိုဘိုးဘေးတွေနဲ့ ဗုဒ္ဓရှိနေတဲ့ ကမ္ဘာကြီးထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတာက ငါ့အတွက် အကျိုးကျေးဇူးတစ်ခုပဲ။ ငါက ဗုဒ္ဓရဲ့လက်ဆောင်ကို ရနေခဲ့တာ…”
မုန့်ချီက တစ်ယောက်တည်း တွေးလိုက်မိပြီး သူ၏မျက်နှာပေါ်တွင် ယုံကြည်မှုများ ပြည့်နှက်နေသည်။
ပြောင်းလဲမှုကျင့်စဉ်ကို လေ့ကျင့်နေသော သွမ့်မင်းချန်ကလည်း သူတို့(၂)ယောက်၏ စကားများကို နားထောင်နေခဲ့၏။ ကိုရင်လေးကျန်းတင်က သူ့အတွက် တံခါးအသစ်တစ်ခု ဖွင့်ပေးနိုင်သည်ဟု သူလည်း တွေးနေမိသည်။
ထိုတံခါး၏ နောက်ဖက်တွင်တော့ လုံးဝကွဲပြားသော ကမ္ဘာကြီးတစ်ခုရှိနေပြီး လူသားနတ်ဘုရားအတားအဆီးကို ဦးတည်နေသည်။ ထိုအချိန်တွင် သွမ့်မင်းချန်က ကိုရင်လေးကျန်းတင်၏ လုပ်ဆောင်ချက်များကို သံသယ မဝင်တော့ပေ။
မုန့်ချီကလည်း အတော်လေး နားလည်သွားခဲ့ရသည်။ အကယ်၍ သူသာ သွမ့်ရှန်ဖေး၏ အတွေ့အကြုံများ အကူအညီရှိနေလျှင် သိပ်မကြာခင် ပြောင်းလဲမှုကျင့်စဉ်၏ အနှစ်သာရများကို ပြည့်ပြည့်ဝဝ နားလည်နိုင်တော့မည်ဖြစ်သည်။ ထို့နောက် သူက ယိကျင်းအရိုးအကြောပြောင်းကျမ်းကို ဆက်လက်လေ့ကျင့်ရမည်ဖြစ်သည်။ ထို့ပြင် ကောင်းကင်မိုးကြိုးစွမ်းအင် အသုံးချမှုနှင့် ပြောင်းလဲမှုကျင့်စဉ် အနှစ်သာရများကို ဆက်လက်လေ့ကျင့်ရန် နှစ်လဟူသော အချိန်က လုံလောက်သည်။
"ကိုရင်လေးက ဓားပညာကို လေ့ကျင့်ဖို့အတွက် သိုင်းသခင်တွေ ရှာနေတယ်လို့ ပြောခဲ့တယ် မဟုတ်လား…။ ကျုပ်ကလည်း သိုင်းသခင်တစ်ယောက်ပဲလေ။ ကျုပ်က စမ်းသပ်ကြည့်ချင်တယ်…”
သွမ့်ရှန်ဖေးကလည်း အတော်လေး နားလည်သွားခဲ့၏။ ထို့ကြောင့် သူက ဓားပညာလေ့လာရန်အတွက် အချင်းချင်း တိုက်ခိုက်ကြရန် စဉ်းစားထားခဲ့သည်။
"ကျုပ်လည်း အဲဒါကို တွေးနေတာပဲ …"
မုန့်ချီက ကျယ်လောင်စွာ ရယ်ပြီး ပြောလိုက်သည်။
ထို့နောက် သူက ပန်းပွင့်လေး တစ်ပွင့်အလား ခြံဝန်းထဲကို လွင့်မျောသွားခဲ့သည်။ သူက နေမင်းနီမကောင်းဆိုးဝါးဓား၏ အသွားမပါသောဘက်နှင့် သွမ့်ရှန်းဖေးကို ချိန်ထားသည့်အတွက် သူ၏သဘောထားကို ပြသနေသည်။
သွမ့်ရှန်ဖေးကလည်း မုန့်ချီ၏ နောက်မှလိုက်လာပြီး လက်နှစ်ဖက်ကို မြှောက်၍ ပြောလိုက်သည်။
"ကျေးဇူးပြုပြီး တိုက်ခိုက်ပါ…"
"အော်မီတော်ဖော်…
ဧည့်သည်က အိမ်ရှင်ကို အရင်ဆုံး အခွင့်အရေးပေးရမှာပေါ့…"
မုန့်ချီက လက်တစ်ဖက်နှင့် ဂါဝရပြုပြီးပြောလိုက်သည်။
ထို့နောက် သူ၏ဓားနှင့် သွမ့်ရှန်ဖေးကို တိုက်ခိုက်လိုက်၏။ သူ၏ ဓားပညာက အံ့ဩစရာကောင်းနေသလို အရှိန်အဝါကလည်း အလွန်ကြောက်စရာ ကောင်းလွန်းလှသည်။ ထိုအရာက ကျား(၅)ကောင် တံခါးဖျက်ဆီးခြင်းသိုင်းကျမ်းနှင့် သွေးဓားကျင့်စဉ်တို့ကို ပေါင်းစပ်ထားသည့်ရလဒ်ဖြစ်သည်။
ထို့ပြင် အနတ္တကျိန်စာဖျက်ဓားပညာ၏ ပထမသိုင်းကွက်ကိုပါ ထည့်သွင်းပေါင်းစပ်ထားခဲ့၏။ ထိုအရာက သူ၏ ဓားမောက်သိုင်းပညာ ကျွမ်းကျင်မှုကို ပြသနေသည်။
သွမ့်ရှန်ဖေးကတော့ မုန့်ချီကို အထင်သေးခဲ့ခြင်း မရှိချေ။ သူက ခန္ဓာကိုယ်ကို ကိုယ်ပွား(၇)ခုအဖြစ် ခွဲခြားလိုက်ပြီး မုန့်ချီကို ပတ်ပတ်လည်မှ တိုက်ခိုက်လိုက်၏။
ထိုအချိန်တွင် မုန့်ချီကတော့ သွမ့်ရှန်ဖေးကို ပစ်မှတ်ရှာမရတော့ချေ။ ထိုအရာက သူ၏ အာရုံခံအင်္ဂါများကို ပုံရိပ်ယောင်ဖြင့် လွှမ်းခြုံလိုက်ခြင်းဖြစ်ကြောင်း နားလည်၏။ ထို့နောက် မုန့်ချီ၏ မျက်ခုံးကြားထဲတွင် လှုပ်ရှားလာပြီး စိတ်ဝိညာဉ်စွမ်းအင်များ လွှမ်းခြုံလာသည်။
သူက ပြောင်းလဲမှုကျင့်စဉ်ကိုသုံးပြီး တိုက်ခိုက်လိုက်သည့်အချိန်တွင် မျက်လုံးတံခါးကလည်း တောက်ပလာပြီး ပုံရိပ်ယောင်များကို ဖျက်ဆီးလိုက်သည်။ သွမ့်ရှန်ဖေးနှင့် ယှဉ်လိုက်မည်ဆိုလျှင် မုန့်ချီ၏ ပြောင်းလဲမှုကျင့်စဉ်က ပို၍ အဆင့်နိမ့်သည်။
ရလဒ်အနေနှင့် တံခါးနှစ်ပေါက်ကြောင့်သာ သူ၏ဘယ်နှင့်ညာတွင် ရှိနေသည်မှာ အရိပ်နှစ်ခုဖြစ်ပြီး သူ၏ ရှေ့တည့်တည့်တွင် ရှိနေသည်မှာ သွမ့်ရှန်ဖေး၏ အစစ်အမှန် ခန္ဓာကိုယ်ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအချိန်တွင် သူက ဓားကို ဝှေ့ယမ်းလိုက်ပြီး ဓားသိုင်းကွက်ကို ပြောင်းလဲလိုက်၏။
သူ့ဓားက ရှေ့တည့်တည့်တွင် ရှိနေသော သွမ့်ရှန်ဖေးကို ချိန်လိုက်သည့်အချိန်တွင် ဘယ်ဘက်တွင် ရှိနေသော အရိပ်ကို ဖျက်ဆီးပစ်ခဲ့၏။ ထိုအချိန်တွင် ညာဘက်တွင် ရှိနေသော အရိပ်က မုန့်ချီကို လက်နှစ်ဖက်နှင့် ရိုက်ချလိုက်သည်။
မုန့်ချီကတော့ ထိုအရာအတွက် ကြိုတင်ပြင်ဆင်ထားခဲ့၏။ သူက နောက်သို့ ဆုတ်လိုက်ရာ သွမ့်ရှန်ဖေး၏ လက်ဝါးချက်ကို လွတ်မြောက်သွားခဲ့သည်။ မုန့်ချီကတော့ အနည်းငယ် ရှက်ရွံ့သွားရသော်လည်း ကျေနပ်သွားခဲ့၏။
သွမ့်ရှန်ဖေး၏ အစစ်အမှန်ခန္ဓာကိုယ်ကို ဖော်ထုတ်နိုင်သည့်အတွက် ပုံရိပ်ယောင်များကို ထိုးဖောက်နိုင်သော သူ၏ စွမ်းရည်က သိသိသာသာ တိုးတက်လာကြောင်း သိသာနေသည်။ ထို့နောက် မုန့်ချီ လုပ်ရသည်မှာ ရန်သူ(၃)ယောက်၏ ဝိုင်းရံတိုက်ခိုက်မှုကို အရှုပ်အထွေးမရှိ ရင်ဆိုင်ရခြင်းဖြစ်၏။
အနည်းငယ် စိတ်သက်သာရာရသွားပြီးနောက် မုန့်ချီက ဓားသိုင်းကွက်ကို ဆက်တိုက် လှုပ်ရှားနေခဲ့သည်။ တစ်ခါတရံ ကြမ်းတမ်းပြီး တစ်ခါတရံ လှပ၏။ ဓားချက်တိုင်းက အလွန်ထူးဆန်းပြီး ခန့်မှန်းကြည့်ရန် ခက်ခဲသည်။
သွမ့်ရှန်ဖေးကလည်း ပြောင်းလဲမှုကျင့်စဉ်ကို အမြင့်ဆုံး သုံးနေခဲ့၏။ သို့သော် ဓားသိုင်းပညာ အလွန်ကျွမ်းကျင်သော မုန့်ချီ၏ ခုခံမှုကို ချိုးဖောက်ရန် ခက်ခဲနေသည်။ ထို့ပြင် သွမ့်ရှန်ဖေး၏ အစစ်အမှန်ခန္ဓာကိုယ်က အကြိမ်ပေါင်းများစွာ ဓားဒဏ်ရာရနေခဲ့၏။
အရိပ်များက လှုပ်ရှားနေပြီး ဓားသွားများက စုစည်းလာနေသည်။ သူတို့က ဟိုမှသည်မှ တိုက်ခိုက်နေကြ၏။ သွမ့်ရှန်ဖေးက ပြောလိုက်သည်။
"ငါ့ရဲ့လက်ဝါးကို သတိထား……"
သူက သူ့ကိုယ်သူ အရိပ်(၇)ခုအဖြစ် ထပ်မံခွဲခြားလိုက်ပြီး အရိပ်တစ်ခုချင်းဆီက လက်ဝါးနှင့် ဝိုင်း၍ တိုက်ခိုက်လိုက်သည်။ ရုတ်တရက်ဆိုသလို နှင်းများကျလာပြီး ပတ်ပတ်လည်တွင် အေးခဲသွားခဲ့သည်။
မုန့်ချီက နှင်းနတ်ဘုရားလက်ဝါးသိုင်းကို မြင်ခဲ့ဖူးသည့်အတွက် ထိုလက်ဝါး၏ အစွမ်းကို လျစ်လျူရှုရဲခြင်း မရှိချေ။ သူက ဓားကို အနည်းငယ်ပင့်လိုက်ပြီး သူ အကျွမ်းကျင်ဆုံး ဓားပညာကို သုံးလိုက်သည်။
နေမင်းနီ မကောင်းဆိုးဝါးဓားက ကမ္ဘာမြေကြီးကို ခုတ်ခြမ်းလိုက်သလို ထင်မှတ်ရ၏။ ဓားအလင်းရောင်အောက်တွင် အရိပ်(၇)ခုက တစ်ခုပြီးတစ်ခု ပျက်စီးသွားခဲ့သည်။
ထိုအချိန်တွင် သွမ့်ရှန်ဖေးက မုန့်ချီ၏အပေါ်ဘက်တွင် ရုတ်တရက်ပေါ်လာပြီး ဘယ်ဘက်ပုခုံးကို ရိုက်ချလိုက်၏။ ထိုအချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာသော်လည်း ရေခဲစွမ်းအင်များက အရိုးထဲထိအောင် စိမ့်ဝင်သွားခဲ့သည်။
ဓားသွားက နောက်တစ်ကြိမ် ပေါ်လာခဲ့၏။ ထိုအချိန်တွင် သွမ့်ရှန်ဖေးက ပျောက်ကွယ်သွားပြီး မုန့်ချီ၏ပုခုံးပေါ်တွင် လက်ဝါးရာတစ်ခုသာ ကျန်နေတော့သည်။
သွမ့်ရှန်ဖေးက ရွှေရောင်အလင်းတန်းကို ထိုးဖောက်နိုင်ခဲ့ခြင်းမရှိချေ။ မုန့်ချီ၏ သွေးနှင့် ချီစွမ်းအင်များကတော့ အနည်းငယ်အေးစက်သွားပြီး သွေးများ အေးခဲသွားသလို ခံစားလိုက်ရသည်။ သို့သော် ချီစွမ်းအင်များ စီးဆင်းနေသည့်အတွက် သိပ်မကြာခင် မုန့်ချီက ပြန်ကောင်းလာခဲ့သည်။
ထိုအရာက နှင်းနတ်ဘုရားလက်ဝါးဖြစ်သော်လည်း ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် အဆင့်(၅)ကို အောင်မြင်ခဲ့ပြီးနောက် လက်ဝါးချက်(၂)ချက် (၃)ချက်ခန့် တိုက်ခိုက်ပြီးမှသာ သွမ့်ရှန်ဖေးက သူ့ကို ထိခိုက်အောင် လုပ်နိုင်မည်ဖြစ်ကြောင်း မုန့်ချီက သိနေခဲ့သည်။
သို့သော် သူတို့က လက်ရည်စမ်းခြင်းသာ ဖြစ်သည့်အတွက် သွမ့်ရှန်ဖေးက စွမ်းအားချန်ထားခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ဖြစ်စေကာမူ သွမ့်ရှန်ဖေးက အကောင်းဆုံးကြိုးစားလျှင်ပင် မုန့်ချီကို ဒဏ်ရာရအောင်သာ လုပ်နိုင်သည်။ သူ၏ ရွှေခေါင်းလောင်းအကာအကွယ် အဆင့်(၅)ကို ဖျက်ဆီးနိုင်ခြင်းမရှိချေ။
သွမ့်မင်းချန်ကတော့ ထိုတိုက်ပွဲကို သေချာအာရုံစိုက်ပြီး ကြည့်နေခဲ့၏။ သူလည်း ကိုရင်လေးကျန်းတင်၏ ဓားပညာကို တိတ်တဆိတ် ချီးကျူးနေမိသည်။
“သူ့ရဲ့ဓားပညာက အံ့ဩစရာကောင်းပေမဲ့ သာမန်အဆင့်ပဲ ရှိပါသေးတယ်။ ဒါက ငါ့အဖေတို့ ချီးကျူးရလောက်တဲ့ အဆင့်မျိုးတော့ မဟုတ်ဘူး။ ကောင်းကင်ကို ဆက်သွယ်ထားတဲ့ ဓားချက်ဆိုတာက ဘယ်နေရာမှာလဲ…။ ကောင်းကင်ကို ဆက်သွယ်ထားတဲ့ ဓားချက်ဆိုတာ ငါ့အဖေက သူနဲ့ လက်ရည်စမ်းနိုင်အောင်လို့ ပြောလိုက်တဲ့ ဆင်ခြေသက်သက်ပဲလား…”
သူက စဉ်းစားနေသည့်အချိန်တွင် သွမ့်မင်းချန်က ကိုရင်လေးကျန်းတင်၏ ရယ်သံကို ကြားလိုက်ရသည်။
"ကျုပ်က အဘိုးကြီးသွမ့်ရဲ့ တိုက်ခိုက်မှုကို ပြန်ပြီးမတိုက်ခိုက်ဘူးဆိုရင် မယဉ်ကျေးရာကျလိမ့်မယ်…။ အဘိုးကြီးသွမ့်…ဓားကိုကြည့်…!
သူ့ဓားက တောက်ပသွားသည့်အချိန်တွင် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်တွင် လူသားကမ္ဘာကြီးက အဆတစ်ရာခန့် ကြီးလာသလို ခံစားနေရ၏။
သွမ့်မင်းချန်ကတော့ မျက်လုံးပြူးနေပြီး ထိုဓားချက်ကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေမိလေသည်။
Translated by Hein Htet