← Chapters

အခန်း (၁၁၅)

Vol. 8 Ch. 115

အခန်း (၁၁၅)

Vol. 8 Ch. 115

ဓားအလင်းရောင်က မြူခိုးများဝေနေပြီး ထာဝရရှိနေသလို ထင်မှတ်ရသည်။ လွန်ခဲ့သော နှစ်ထောင်‌‌ပေါင်းများစွာကတည်းက ဆင်းသက်လာသလို ထင်မှတ်ရ၏။

သူ့မျက်လုံးထဲတွင် နှင်းနတ်ဘုရားနန်းတော်ကြီး ပြန်လည်တည်ဆောက်နေသည်ကို သွမ့်မင်းချန်က ခံစားမိနေသည်။ သူတို့၏ အမိန့်ကို မည်သူကမျှမဆန့်ကျင်ရဲပေ။ သူက လူသားနတ်ဘုရား အတားအဆီးကို ဖျက်ဆီးလိုက်သည့် မြင်ကွင်းကိုလည်း မြင်လိုက်ရသည်။

သူက သိုင်းလောက၏ အထွဋ်အထိပ်သို့ တက်လှမ်းသွားပြီး ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်ကို တွေ့လိုက်ရ၏။ ထိုမြင်ကွင်းများက အလွန်ကြည်နူးဖွယ် ကောင်းလွန်းလှသည့်ကြောင့် သူကိုယ်တိုင် ရုန်းထွက်လိုခြင်းပင် မရှိခဲ့ပေ။

သူက အိမ်မက်ဆန်သော အခြေအနေကိုရောက်နေခဲ့၏။ အလင်းတန်း ပျောက်ကွယ်သွားသည့်အချိန်တွင် သွမ့်မင်းချန်လည်း ရုတ်တရက် နိုးထလာခဲ့ရသည်။ ပြောပြ၍မရနိုင်သော ခံစားမှုတစ်ခုက သူ့ကို လွှမ်းမိုးသွားပြီး သူကတော့ အိမ်မက်ထဲကို ပြန်သွားလိုစိတ်များပင် တဖွားဖွား ပေါ်လာခဲ့၏။

"ကိုရင်လေးရဲ့ဓားပညာက တကယ့်ကိုအံ့အားသင့်စရာ ကောင်းတာပဲ..။ အဲဒါက ကျုပ်ရဲ့နှလုံးသားကိုတောင် ထိုးဖောက်သွားခဲ့တယ်...။ ဒါက ကျုပ်ရဲ့စွမ်းရည်တွေထက် အဆပေါင်းများစွာ ပိုပြီးမြင့်မားနေတယ်ဆိုတာကို သံသယဝင်စရာ မလိုတော့ဘူး......"

သွမ့်ရှန်ဖေး၏ ဝမ်းနည်းဖွယ် စကားသံကြောင့် သွမ်မင်းချန်လည်း လုံးဝကို နိုးထလာခဲ့၏။ သူက အလွန်အံ့ဩဖွယ်ကောင်းသော ကိုရင်လေးကျန်းတင်ကို စိုက်ကြည့်နေမိခဲ့သည်။ သူက‌ဤကမ္ဘာကြီးထဲတွင် အမှန်တကယ်မရှိသလို ခံစားနေရ၏။

ဓားအလင်းတန်းကြောင့် ပေါ်လာခဲ့သော အရာများကို စဉ်းစားမိသည့်အချိန်တွင် သူ၏ရင်ခုန်သံက ပို၍မြန်လာခဲ့သည်။ ထိုအရာက ကောင်းကင်နှင့် ဆက်သွယ်ထားသော ဓားတစ်လက်ဖြစ်သည်။

အလွန်ကျယ်ပြန့်ပြီး နက်ရှိုင်းသောကမ္ဘာကြီးထဲတွင် သူမသိသေးသော လျှိူ့ဝှက်ချက်များ၊ ဆန်းကြယ်မှုများ ပြည့်နှက်နေ၏။ အတိတ်တုန်းကတော့ သူက ရေတွင်းအောက်ခြေတွင် နေထိုင်သော ဖားသူငယ်လေး တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။ သူ၏အမြင်က ကန့်သတ်ချက်ရှိနေသည်။

သူက ကိုရင်လေးကျန်းတင်၏ဓားပညာကို အမှန်တကယ် သံသယဝင်နေခဲ့ပြီး ယုံကြည်ပေးနိုင်ခဲ့ခြင်း မရှိပေ။ ထိုကဲ့သို့ ဓားပညာမျိုးက အမှန်တကယ် တည်ရှိမည်ဟုလည်း မယုံနိုင်ခဲ့ပေ။

မုန့်ချီက အသွားမပါသောဘက် နှင့် သွမ့်ချန်ဖေးကို တိုက်ခိုက်လိုက်ပြီး အဆုံးတွင်တော့ စွမ်းအားတစ်ချို့ကို ထိန်ချန်ထားခဲ့သည်။ ထို့ကြောင့် တိုက်ခိုက်ရာတွင် ထိခိုက်မှု ကြီးကြီးမားမား မဖြစ်ခဲ့ပဲ သွမ့်ရှန်ဖေးက အနည်းငယ်သာ ချောင်းဆိုးလိုက်ရ၏။ သူ့ရင်ထဲတွင် ထိခိုက်မှုကတော့ အမှန်တကယ် ပြင်းထန်လှသည်။

အဘယ်ကြောင့်ဆိုသော် နှင်းနတ်ဘုရားနန်းတော်ကို ပြန်လည် တည်ဆောက်လိုသောဆန္ဒက သူ့စိတ်ထဲတွင် ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိနေသော စွဲလမ်းမှုတစ်ခု ဖြစ်၏။ ယခုတော့ သေမျိုးဖုန်မှုန့် ကျဆင်းခြင်းဟူသော သိုင်းကွက်ကြောင့် ပြန်ပေါ်လာခဲ့ရသည်။

သူကတော့ အတော်လေးကို စိတ်ပျက်သွားမိပြီး အဆိုးမြင်ခံစားချက်များက သူ့ကို အချိန်တော်တော်ကြာ နှိပ်စက်နေပါတော့မည်။

"အော်မီ‌တော်ဖော် ..

အဘိုးကြီးသွမ့်ရဲ့ရင်ထဲမှာသာ အားနည်းချက်သာမရှိဘူးဆိုရင် ကျုပ်ရဲ့ဓားကလည်း အနိုင်ရဖို့ အခွင့်အရေးမရှိပါဘူး...။ ဒါကြောင့် အဘိုးကြီးသွမ့်က ဘယ်သူ့ကိုမှ ရှုံးတာမဟုတ်ဘူး...။ ကိုယ့်ကိုယ်ကိုယ် ရှုံးနိမ့်သွားတာပါ...."

မုန့်ချီက ပြန်ပြောလိုက်သည်။ သူကတော့ ထိုကဲ့သို့ အခွင့်အရေးမျိုးကိုသုံးပြီး သူ၏အဆင့်အတန်းကို မတည်ဆောက်ချင်ခဲ့ပေ။

သွမ့်ရှန်ဖေးကတော့ အလွန်ကောက်ကျစ်စဉ်းလဲသော မြေခွေးအိုကြီး တစ်ယောက်ဖြစ်သည်။ သူက ချက်ချင်းပင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ပြီး ပြောလိုက်၏။

"ဘာမှပြောမနေပါနဲ့တော့ ကိုရင်လေး...။ ကျုပ်က ကိုယ့်ရဲ့ကန့်သတ်ချက်ကို သိပါတယ်...။ ကျုပ်တို့က မနက်ဖြန် ချန်းဟွာကျောင်းဆောင်ကို လှေနဲ့ သွားကြရင်မကောင်းဘူးလား...."

“ခရီးစဉ်က ဘယ်နှစ်ရက်ကြာမှာလဲ…”

မုန့်ချီက ခရီးစဉ်အချိန်ပမာဏကို အစိုးရိမ်ဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယခုသူက အတော်လေး ပင်ပန်းနေပြီဖြစ်၏။

သွမ့်ရှန်ဖေးက သူ့ကို တစ်စုံတစ်ခု လုပ်မှာကိုလည်း စိုးရိမ်စရာ မလိုအပ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူ့ဆီတွင် စွန့်လွှတ်ခြင်းကျင့်စဉ် ၊ အရိုးပျော့ဆေးနှင့် သေမင်းမျက်လုံးဓားပျံတို့ ရှိနေသေး၏။ ထို့ကြောင့် သူ့ကိုသတ်ရန် မခက်ချေ။

“တကယ်လို့ ချောချောမွေ့မွေ့ ရောက်မယ်ဆိုရင်တော့ (၁၀)ရက်လောက်ပဲ ကြာမှာပါ…”

သွမ့်ရှန်ဖေးက ပြန်ဖြေလိုက်၏။

"ကျုပ်တို့က မနက်ဖြန်သွားမယ်ဆိုရင်တော့ အကောင်းဆုံးပဲ....."

မုန့်ချီက တစ်ယောက်တည်း တွေးလိုက်မိသည်။

"ဒါနဲ့…အဘိုးကြီးသွမ့်… အရင်တစ်ခေါက် ကျုပ်ရဲ့တောင်းဆိုမှုကို မှတ်မိသေးလား...။ ကျုပ်အတွက် သာမာန်သိုင်းကျမ်းတွေ စုထားပေးလို့ရမလား...။ အထူးသဖြင့် သွေးကြောပိတ်တဲ့သိုင်းကျမ်းတွေပါ...."

သွမ့်ချန်ဖေးဆီတွင် အလွန်ထူးခြားသော မှတ်ဉာဏ်များရှိသည်။ ထို့ကြောင့် သူက ပြန်မမေးတော့ဘဲ အပြုံးနှင့်ပြန်ဖြေလိုက်၏။

“ဒါက အသေးအဖွဲ့ပါ…”

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး သွမ့်ချန်ဖေးက သူ အနားယူရန်အတွက် အခန်းတစ်ခန်း ပြင်ဆင်ပေးသည်ကို စောင့်နေခဲ့၏။ ထို့နောက် သူက တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။

"အဘိုးကြီးသွမ့် …

ကျုပ်ရဲ့ဓားပညာက ကောင်းကင်ဘုံနဲ့ ဆက်သွယ်ပြီး ဗုဒ္ဓနယ်မြေကို ရောက်သွားပြီလို့ ပြောခဲ့တယ်မလား ။ ဒီတော့ ကျုပ်က နာမည်အတုနဲ့ ဟန်ဆောင်ဖို့လိုသေးလား...."

"အဲဒါက ကိစ္စမရှိပါဘူး။ ချန်းဟွာကျောင်းဆောင်နဲ့ ကံကြမ္မာမြို့တော်က ကမ္ဘာနှစ်ခုလိုပဲ.။ ကြားထဲမှာ အရမ်းကို ဝေးလွန်းတယ်။ ဒါကြောင့် ဘယ်သူကမှ ကိုရင်လေးကို မှတ်မိမှာ မဟုတ်ဘူး..။ အဲဒီကိစ္စကို နောက်မှ စဉ်းစားလို့ရပါသေးတယ်..."

သွမ့်ရှန်ဖေးက ဉာဏ်ကောင်းသော လူတစ်ယောက်ကဲ့သို့ ပြောလိုက်သည် ထို့ပြင် သူက ထပ်ပြောလိုက်သေး၏။

"တကယ်လို့ ကိုရင်လေးကို မှတ်မိသွားတယ်ဆိုရင်တောင် ကိုရင်လေးက လူသားနတ်ဘုရားအတားအဆီးကို ချိုးဖြတ်ပြီးသွားပေမဲ့ အသိဉာဏ်နဲ့ သိုင်းပညာတွေ လက်ဆင့်ကမ်းပေးဖို့ ကျုပ်တို့ဆီ ပြန်ရောက်လာတာလို့ ပြောလို့ရပါသေးတယ်....."

"အဘိုးကြီးသွမ့်....

ခင်ဗျားရဲ့ပုံပြောစွမ်းရည်က သိုင်းပညာထက်တောင် ပိုပြီးကောင်းနေသေးတာပဲ...."

မုန့်ချီက အပြုံးနှင့်ပြောလိုက်သည်။ ထိုမြေခွေးအိုကြီးကတော့ လိမ်ညာလှည့်ဖျားရာတွင် အတော်လေးကို ထူးချွန်လှသည်။

မုန့်ချီက တစ်ခြားလူများ မှတ်မိသွားမှာကို စိုးရိမ်မနေတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ယခုသူ၏အစွမ်းကလည်း အလွန်အစွမ်းထက်နေပြီ ဖြစ်သည်။ သူက အတော်ဆုံးဟု မပြောနိုင်သော်လည်း သိုင်းသခင်တစ်ယောက်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် အ‌နိုင်ရနိုင်စွမ်းရှိသည်။ သူသာ သိုင်းသခင်တစ်ယောက်ပေါင်းများစွာ၏ အလစ်ချောင်းတိုက်ခိုက်မှုကို မခံရသ၍ မည်သည့်အန္တရာယ်မျှမကျနိုင်ပေ။

“ကိုရင်လေးရဲ့ချီးကျူးမှုကိုကျေးဇူးတင်ပါတယ်…”

သွမ့်ရှန်ဖေးက ရှက်မနေဘဲ အပြုံးနှင့် ပြန်ဖြေလိုက်၏။

……………

နောက်တစ်နေ့တွင်တော့ မုန့်ချီက သွမ့်ရှန်ဖေး၊ သွမ့်မင်းချန်တို့နှင့်အတူ မြစ်ကမ်းဘေးကို ရောက်လာကြသည်။ သူတို့အတွက် ကျောက်စိမ်းများ စီခြယ်ထားသော သင်္ဘောတစ်စီး ရှိနေ၏။

"မင်းချန်ကို ကျုပ်တို့အတွက် စီစဉ်ခိုင်းထားတာ..."

သွမ့်ရှန်ဖေးက သေချာရှင်းပြလိုက်၏။ ထို့နောက် သူက မုန့်ချီကို အရင်ဆုံး တက်ခိုင်းလိုက်သည်။

အခန်းထဲတွင်တော့ အလွန်လှပသော မိန်းမပျိုလေးများက ရေနွေးကြမ်းများကို စီစဉ်ထားပြီး သူတို့အတွက် ငှဲ့ပေးနေကြသည်။ မုန့်ချီက ထိုမိန်းမပျိုလေးများကိုကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။

"အဘိုးကြီးသွမ့် …

ပထမဆုံးအကြိမ်တွေ့တဲ့အချိန်မှာ ခင်ဗျားက လှေငယ်လေးနဲ့ လာခဲ့တာပါ....။ အခုတော့တစ်ကြိမ်တော့ ဒီလိုအလှသင်္ဘောကြီးတစ်စီးတောင် စီစဉ်ထားတာပဲ...။ မယုံနိုင်စရာကောင်းလိုက်တာ....."

သွမ့်ရှန်ဖေးက ရေနွေးသောက်နေရင်း အပြုံးနှင့် ပြောလိုက်၏။

"ကျုပ်က လွတ်လပ်မှုကို သဘောကျတယ်လေ...။ လှေစီးရတာကိုလည်း ဝါသနာပါတယ်...။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ ကိုရင်လေးရဲ့အဆင့်အတန်းနဲ့ ကိုက်ညီအောင် ဖန်တီးပေးထားခဲ့တာပါ..."

"ကျုပ်ရဲ့ပုံစံက အဆောင်အယောင် မက်တဲ့ ကိုယ်တော်တစ်ပါးနဲ့ တူနေလို့လား...."

မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

စိတ်ထဲတွင်တော့ တွေးနေမိ၏။

"ငါက တကယ်ပဲ အဆောင်အယောင်မက်တဲ့ ကိုယ်တော်တစ်ပါးပဲ...."

သွမ့်ရှန်ဖေးက ခေါင်းညိတ်ပြလိုက်၏။

"ကျုပ်က သေချာမစဉ်းမိခဲ့ဘူး...။ ကိုရင်လေးက အပေါ်ယံအဆောင်အယောင်တွေကို စိတ်မဝင်စားတဲ့ ကိုယ်တော်တစ်ပါးဆိုတာ မေ့သွားတယ်....။ ဒါဆိုရင် လှေငယ်လေးနဲ့ပဲ ပြောင်းလိုက်ရမလား...."

မုန့်ချီက ရေနွေးကြမ်းသောက်နေရင်း ထပ်ပြောလိုက်၏။

"ကိစ္စမရှိပါဘူး။ အခုလို စီစဉ်ထားပြီးမှတော့ ကျုပ်လို ဆင်းရဲတဲ့ ကိုယ်တော်ကလည်း အဆောင်အယောင်တွေ ခံစားကြည့်ရတာပေါ့…”

"ကိုရင်လေးက တကယ့်ကို သိက္ခာရကိုယ်တော်တစ်ပါးပါပဲ...."

သွမ့်ရှန်ဖေးက ချီးကျူးလိုက်သည်။

"ခင်ဗျားက ဘာတွေစဉ်းစားနေတာလဲ.."

မုန့်ချီက ကျယ်လောင်စွာ ရယ်လိုက်မိ၏။

နောက်ပိုင်း(၁၀)ရက်အတွင်း မုန့်ချီက သူ၏သွေးကြောမှတ်များကို စုစည်းနေပြီး ရွှေခေါင်းလောင်းအကာအကွယ်အဆင့်(၅)ကို ဆက်လက်လေ့ကျင့်နေခဲ့သည်။ သူက သေမျိုးဖုန်မှုန့်ကျဆင်းခြင်းသိုင်းကွက်ကို လေ့ကျင့်မှု ရပ်တန့်ခဲ့ခြင်း မရှိသလို ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်ကိုလည်း လေ့ကျင့်နေခဲ့သည်။ တူကူးဓား(၉)ကွက်ကိုလည်း စတင်ဖတ်ကြည့်နေခဲ့၏။

သူက အချိန်ကို ကောင်းကောင်းကြီး အသုံးချနေခဲ့သည်။ ဤကမ္ဘာကြီးထဲတွင် လေ့ကျင့်ရခြင်းက ပင်မကမ္ဘာကြီးထက် အဆပေါင်းများစွာ နှေးကွေးသော်လည်း မုန့်ချီ၏ သွေးကြောမှတ်များက ပွင့်နေပြီးသား ဖြစ်သည့်အတွက် ထာဝရယိဟွာ ဆေးလုံး၏ အကူအညီနှင့် တိုးတက်မှုအရှိန်က အတော်လေးကို သိသာထင်ရှားလှသည်။

ထို့ပြင် သူက နားတံခါးကို အတင်းအကြပ်ဖွင့်စရာ မလိုတော့သည့်အတွက် ဖြည်းဖြည်းချင်း အဆင့်တက်၍ ရနိုင်သည်။ ထို့ကြောင့် လေ့ကျင့်သည့်နေရာက ကိစ္စမရှိတော့ပေ။ သူ၏ ဓားမောက်ပညာနှင့် ဓားရှည်ပညာများ တဖြည်းဖြည်း တိုးတက်လာစေရန်လည်း ပြိုင်ဘက်ကောင်းများကို လိုအပ်သည်။

လက်ရှိသူကတော့ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ် အဆင့် (၅)ကို အထွဋ်အထိပ်ထိ ရောက်အောင် လေ့ကျင့်ချင်နေပြီး ပြောင်းလဲမှုကျင့်စဉ်ကိုလည်း အမြင့်ဆုံးရောက်အောင် လေ့ကျင့်ချင်နေခဲ့သည်။

သို့သော် သူ့ဆီတွင်ဓားပညာအခြေခံ နည်းနေသေးသည့်အတွက် တုကူးဓား(၉)ကွက်ကိုတော့ လေ့ကျင့်ရန် အတော်လေး ခက်ခဲနေခဲ့သည်။ သူတို့က ချန်းဟွာကျောင်းဆောင် ရှိနေသော နင်ချန်းမြို့ထဲသို့ ရောက်လာခဲ့သည့်အချိန်တွင်ပင် မည်သို့စတင်လေ့ကျင့်ရမည်ဖြစ်ကြောင်း သူ မသိသေးပေ။

"ကိုရင်လေး …

တော်တော်လေး မှောင်နေပြီဆိုတော့ မြို့ထဲမှာ တစ်ညလောက်နားပြီး မနက်ဖြန်ကျမှ ချန်းဟွာကျောင်းဆောင်ကို သွားကြတာပေါ့ ...."

လမ်းတစ်လျှောက်တွင် သွမ့်မင်းချန်ကတော့ ကိုရင်လေး ကျန်းတင်အပေါ် အလွန်ကောင်းမွန်စွာ ဆက်ဆံနေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ကိုရင်လေးက သိုင်းပညာနှင့် ပတ်သက်သည့် အတွေးအခေါ်များကို မကြာခဏ မျှဝေပေးခဲ့ခြင်းကြောင့် ဖြစ်၏။

မုန့်ချီက သွမ့်ရှန်ဖေးနှင့် သွမ့်မင်းချန်တို့ကိုကြည့်ပြီး အပြုံးနှင့်ပြောလိုက်သည်။

"ဒါဆိုလဲ ကျုပ်က အဘိုးကြီးသွမ့်ရဲ့စကားကို နားထောင်ပါ့မယ် ...။ဒါပေမယ့် ကျုပ်က သိုင်းကျမ်းစာအုပ်ဆိုင်ကိုသွားပြီး ဓားပြောင်းလဲခြင်းသိုင်းကျမ်း မိတ္တူတစ်ခု ဝယ်ချင်သေးတယ် ...."

"ဓားပြောင်းလဲခြင်း သိုင်းကျမ်းမိတ္တူ လိုချင်တာလား ...."

သွမ့်ရှန်ဖေးက ထူးဆန်းစွာ မေးလိုက်၏။ ဤမြို့ထဲတွင် အမှန်တကယ် သိုင်းကျမ်းစာအုပ်ဆိုင်များ ရှိသည်။ သို့သော် သူ့လို ကိုယ်တော်တစ်ပါးက ထိုအရာကို ဖတ်ချင်နေသည်မှာ ‌အတော်လေး ထူးဆန်းနေ၏။

"ကျုပ်က အဲဒါတွေကို ရည်ညွှန်းဖို့ သက်သက်ပဲ ဖတ်ချင်တာပါ ...."

မုန့်ချီက ဓားရှည်ပညာနှင့် ပတ်သက်သော အခြေခံဗဟုသုတများကို သိချင်နေသည့်အတွက် ထိုအရာကို ဖတ်ချင်နေကြောင်းကိုတော့ မပြောခဲ့ပေ။ တုကူးဓား (၉)ကွက်ကို လေ့ကျင့်ရန်အတွက် အခြေခံဓားပညာများကို လေ့လာရန် လိုအပ်နေသေးသည်။

သွမ့်ရှန်ဖေးကတော့ သူ့ကို ဆက်လက်မေးမြန်နေခြင်း မရှိချေ။ သူက သွမ့်မင်းချန်ကို တည်းခိုဆောင်သို့ သွားခိုင်းလိုက်ပြီး အရာအားလုံး ပြင်ဆင်ခိုင်းလိုက်သည်။ သူကတော့ မုန့်ချီကိုခေါ်ပြီး သိုင်းကျမ်းစာအုပ်ဆိုင်မှ ဓားပြောင်းလဲခြင်း သိုင်းကျမ်းမိတ္တူတစ်ခုကို ဝယ်ပေးခဲ့သည်။

ထို့နောက် သူတို့က လမ်းမပေါ်တွင် လှည့်ပတ်သွားလာနေခဲ့ကြ၏။ နောက်ဆုံးတွင်တော့ သူတို့က လူရှုပ်သော စားသောက်ဆိုင်တစ်ခုထဲသို့ ဝင်လာခဲ့ကြသည်။

သူတို့က စားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့သည့်အချိန်တွင် စားသာက်ဆိုင်ထဲ၌ ပြောဆိုနေကြသော စကားများကို ကြားနေရ၏။ မုန့်ချီကတော့ နားတံခါးနှင့် ပတ်သက်သော သွေးကြောမှတ်များကို ပြည့်စုံလုနီးပါး စုစည်းထားနိုင်သည့်အ‌တွက် သူ၏အကြားအာရုံက အတော်လေး တိုးတက်နေခဲ့သည်။ သူကတော့ မတူညီသော အသံများကိုပင် ခွဲခြားနိုင်စွမ်းရှိ၏။

လူတစ်ချို့ကတော့ ပြည်နယ်ရေးရာများကို ပြောဆိုနေကြပြီး တစ်ချို့ကတော့ သူခိုး ဓားပြများရှေ့တွင် သူတို့၏ရဲစွမ်းသတ္တိကို မည်သို့ပြခဲ့ကြောင်း ပြောဆိုနေကြသည်။ တချို့ကတော့ သိုင်းလောကတွင် ဖြစ်ပျက်နေသော သတင်းများကို မျှဝေနေကြ၏။

ထိုစကားလုံးများ ကြားထဲတွင် မုန့်ချီ၏ နာမည်ကတော့ အတော်လေး ထင်ရှားနေသည်။ ကိုရင်လေးကျန်းတင်က မည်မျှအဆင့်မြင့်ကြောင်း ၊ မည်မျှ ရိုသေလေးစားစရာ ကောင်းကြောင်း ပြောဆိုနေကြ၏။ သူ၏အဖြူရောင် မုတ်ဆိတ်မွှေးကြီးက ရင်ဘတ်ထိအောင် ရှည်လျားကြောင်းပင် ပြောဆိုနေကြသည်။

တစ်ချို့ကတော့ သူနှင့်တွေ့ဖူးသည်ဟု ပြောဆိုနေကြပြီး သူ့ဆီမှ သင်ကြားခွင့် ရခဲ့သည်ဟု ပြောဆိုနေကြ၏။ တစ်ချို့ကတော့ ကိုရင်လေးကျန်းတင်က သိုင်းသခင်များကို ရူးသွပ်အောင် လုပ်နိုင်ခဲ့ပြီး လူသားနတ်ဘုရားအတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့သည်ဟု ပြောနေကြ၏။

"သိုင်းသခင်အဆင့်ကို ရောက်ပြီးသွားရင် နောက်ထပ် တိုးတက်မှု မရှိဘူးလို့ ငါက ထင်ထားခဲ့တာ ..။ ဒါပေမယ့် ကိုရင်လေးကျန်းတင်ကတော့ ကောင်းကင်ဘုံနဲ့ ဆက်သွယ်ထားတဲ့ ဓားချက်တစ်ချက်ကို တိုက်ခိုက်နိုင်ခဲ့တယ် .။ သူက လူသားနဲ့ နတ်ဘုရားကြားထဲမှာ လမ်းကြောင်းတစ်ခု ဖန်တီးနိုင်ခဲ့တယ် .. ။ သိုင်းလောကမှာ ဒီလိုပညာရှင်တစ်ယောက် ရှိနေတာ တော်တော်လေး ကံကောင်းတာပဲ ...."

ထိုစကားများကို ကြားသည့်အခါ မုန့်ချီနှင့် သွမ့်ရှန်ဖေးတို့က အချင်းချင်း ကြည့်ပြီး ရယ်လိုက်မိကြသည်။ ထို့နောက် သူတို့က အပေါ်သို့ တက်သွားကြ၏။ သူတို့က ပြတင်းပေါက်အနားတွင် ရှိနေသော စားပွဲခုံတစ်ခုတွင် ဝင်ထိုင်လိုက်ကြသည်။

"ချန်းဟွာကျောင်းဆောင်နဲ့ မလှမ်းမကမ်းမှာ နှင်းဓားသခင်ရှိတယ် ..။ တကယ်လို့ ကိုရင်လေးကသာ သူနဲ့လက်ရည်စမ်းချင်တယ်ဆိုရင် ကျုပ်က ဖိတ်ခေါ်ပေးလို့ရတယ်"

သွမ့်ရှန်ဖေးက အပြုံးနှင့် ပြောလိုက်၏။

မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။

"ကျုပ်ကလည်း အဲဒါကို လက်ခံပေးရမှာပေါ့..."

အသီးအရွက် စားဖွယ်ရာများကို မှာလိုက်ပြီးနောက် သွမ့်ရှန်ဖေးက သက်ပြင်းချလိုက်၏။

“လူသားနတ်ဘုရား အတားအဆီး ဆိုတာက အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး ဝေဝါးနေတယ် .။ ကိုရင်လေးလို လူမျိုးကလွဲရင် ဘယ်သူက ဖြတ်ကျော်ဖို့ အခွင့်အရေးရှိနိုင်လဲ ...”

“ဘယ်သူလို့ထင်လဲ အဘိုးကြီးသွမ့် ....."

မုန့်ချီက သွမ့်ရှန်ဖေးကို အပြုံးနှင့် ကြည့်လိုက်သည်။

သွမ့်ရှန်ဖေးက ခဏကြာစဉ်းစားပြီး ပြောလိုက်၏။

"ကွေ့ရှဲမှာ စိတ်ဆန္ဒရှိပြီး စွမ်းရည်ရှိတယ် ။ သူက မျက်ခုံးကြားပင်မတံခါးကို နှစ်ကြိမ်တိတိ အောင်မြင်ခဲ့တယ်..။ ဒါက ပြောင်းလဲမှုကျင့်စဉ်ကို အောင်မြင်တာနဲ့ အတူတူပဲ ..။ သူက တခြားစွမ်းရည်တွေကိုလည်း ဖော်ထုတ်နိုင်သေးတယ်..။ တကယ်လို့ သူသာ အသက်ရှင်နေဦးမယ်ဆိုရင် သူက လူသားနတ်ဘုရား အတားအဆီးကို ထိတွေ့နိုင်လိမ့်မယ် ...."

မုန့်ချီကတော့ အမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

"ကွေ့ရှဲ့က သူ့ရဲ့အချစ်ကြောင့် အုတ်မြစ် တည်ဆောက်ဖို့ အခွင့်အရေးကို ဆုံးရှုံးသွားပြီ ..။ တကယ်လို့ သူက လူသားနတ်ဘုရား အတားအဆီးကို ဖြတ်ကျော်နိုင်မယ်ဆိုရင်တောင် စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားရမှာ..။ သူ့ရဲ့ ငရဲဝိညာဉ်တစ်ခုပဲ ကျန်နေလိမ့်မယ် ...."

"လော်ချင်းဆိုရင်ကော.။ သူက စိတ်ဝိညာဉ်လျှို့ဝှက်အခန်းကို ကိုယ်တိုင်ဖွင့်နိုင်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့ ဓားပညာကလည်း ထိပ်တန်းပဲ ။ အဲဒါက ကောင်းကင်နှင့် ဆက်သွယ်လုနီးပါး ဖြစ်နေတယ် ။ အချိန်သာ ပေးလိုက်မယ်ဆိုရင် သူက အကောင်းဆုံးလူတစ်ယောက်ပဲ …”

သွမ့်ရှန်ဖေးက ထပ်ပြောလိုက်၏။

မုန့်ချီက ခဏကြာစဉ်းစားပြီး ပြန်ပြောလိုက်သည်။

"ပါရမီရှင်တွေအများစုက အသက်ငယ်ရွယ်စဉ်မှာတော့ တော်တော်လေးကို ထူးခြားကြတယ် ..။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သက်တမ်းကုန်ပြီး သေဆုံးသွားကြတာပဲ ..။ လော်ချင်းက လူသားနတ်ဘုရား အတားအဆီးကို ထိတွေ့နိုင်ဖို့အတွက် တော်တော်လေး လိုသေးတယ် ...။ သူက အတားအဆီးတွေ အများကြီးကို ဖြတ်ကျော်ရမှာ..။ တကယ်လို့ သူ့ဆီမှာသာ ထူးခြားတဲ့ကံတရားတွေ မရှိခဲ့ဘူးဆိုရင် မျှော်လင့်ချက် ရှိတယ်လို့ ပြောဖို့တောင် ခက်တယ် ....."

သွမ့်ရှန်ဖေးက မုန့်ချီကို ကြည့်ပြီး မျှော်လင့်တကြီး မေးလိုက်၏။

"ဒါဆိုရင် ကျုပ်ကရော..။ ကျုပ်မှာရော အခွင့်အရေး ရှိလား ...."

မုန့်ချီက ရယ်ချင်သွားသလိုခံစားရလိုက်သည်။ ဘာကြောင့် လူပေါင်းများစွာက သူရဲကောင်း ဖြစ်ချင်နေကြသနည်း။ သို့သော် ထိုအရာက ဆိုးရွားသော အရာတစ်ခုတော့ မဟုတ်ချေ။

သူက ရယ်ချင်စိတ်ကို ထိန်းပြီး အလေးအနက် ပြန်ဖြေလိုက်၏။

"အဘိုးကြီးသွမ့် ...

အဘိုးကြီးသွမ့်က လမ်းမှားကို လျှောက်နေတာ တော်တော်လေး ကြာနေပြီ..။ အဘိုးကြီးသွမ့်က ပြန်လှည့်မယ်ဆိုရင်တောင် အချိန်မီဖို့ မလွယ်တော့ဘူး..."

"လမ်းမှားလား ...."

သွမ့်ရှန်ဖေးက တစ်ယောက်တည်း တီးတိုးရေရွတ်နေမိခဲ့သည်။

သူက မည်သို့ပြန်လှည့်ရမည်ဖြစ်ကြောင်း မုန့်ချီကို မေးချင်နေခဲ့၏။ သို့သော် ထိုမေးခွန်းကြောင့် သူက အရှက်ရနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိနေသည်။ ထို့ကြောင့် သူက မေးလိုက်၏။

"ဒါဆိုရင် ကိုရင်လေးရဲ့အမြင်မှာ ဘယ်သိုင်းသခင်က လူသားနတ်ဘုရား အတားအဆီးကို ချိုးဖျက်နိုင်ဖို့ မျှော်လင့်ချက် အရှိဆုံးလဲ..."

မုန့်ချီက သူ၏ရေနွေးခွက်ကို မြှောက်လိုက်ပြီး သိက္ခာတော်ရ ဘုန်းတော်ကြီးတစ်ပါး၏ လေသံမျိုးနှင့် ပြောလိုက်၏။

"သိုင်းသခင်‌တွေ အားလုံးထဲမှာ ဖာရွှမ်ဂိုဏ်းက နတ်ဘုရားကိုယ်တော် ပိုင်ကူတစ်ယောက်တည်းပဲ လူသားနတ်ဘုရားအတားအဆီးကို ဖြတ်ကျော်နိုင်ဖို့ မျှော်လင့်ချက်ရှိတယ် ...."

ထိုအရာက အမှန်အတိုင်း ပြောလိုက်ခြင်းလည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တခြားလူများက မျက်ခုံးကြားပင်မ တံခါးကို ချိုးဖျက်ရာတွင် ခံနိုင်ရည်ရှိသည့် ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားခဲ့ခြင်း မရှိချေ။ ထို့ကြောင့် သူတို့က ကောင်းကင်နှင့်မြေကြီး တံတားကို ဖြတ်သန်းလာသည့်အချိန်၌ တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်ကြမည် မဟုတ်ချေ။

နှစ်ပေါင်းများစွာ သန့်စင်ခန္ဓာကိုယ်အဆင့်ကို ရောက်ရှိနေသော နတ်ဘုရားဘုန်းတော်ကြီး ပိုင်ကုတစ်ယောက်တည်းကသာ အခွင့်အရေးတစ်ခု ရှိသည်။ သို့သော် သူ၏စိတ်ဝိညာဉ်အခန်းများကို ဖွင့်လှစ်ရန်အတွက် အနှစ်သာရများကို ရှာဖွေရန် လိုအပ်နေသေး၏။

"ဒါက ဘယ်လိုလေသံမျိုးလဲ ...."

သွမ့်ရှန်ဖေးက မပြောရသေးခင် လှေကားမှနေ၍ အသံတစ်သံကို ကြားလိုက်ရ၏။ ထိုအသံက အလွန်လေးနက်ပြီး ရင့်ကျက်နေပုံ ရသော်လည်း မိန်းမတစ်ယောက်၏ အသံ ဖြစ်သည်။

သွမ့်ရှန်ဖေးက ပြန်လှည့်ကြည့်လိုက်ရာ နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသော မိန်းမလှလေး တစ်ယောက်ကို မြင်လိုက်ရ၏။ သူ့အနားတွင်တော့ ရှုတည်တည်နှင့် သက်လတ်ပိုင်း လူကြီးတစ်ယောက် ရှိနေသည်။

သူမ၏မျက်နှာလေးက အလွန်လှပပြီး ရင့်မှည့်နေသော သစ်သီး တစ်လုံးကဲ့သို့ ထင်မှတ်ရသည်။ သို့သော် မုန့်ချီကတော့ သူမ၏ခါးတွင် ရှိနေသော ဓားရှည်ကိုသာ အာရုံစိုက်လိုက်မိ၏။ ထိုဓားက အလွန်အမင်းကို ပါးလွှာပြီး အရာအားလုံးကို အလွယ်တကူ (၂)ပိုင်း ဖြတ်ပစ်နိုင်ပုံရသည်။

"လေလွင့်ဆရာကြီးက ဒီနေရာမှာ ဘယ်သူနဲ့ စကားပြောနေတာလဲ ...”

သက်လတ်ပိုင်းအမျိုးသမီးက ထေ့ငေါ့၍ ပြောလိုက်သည်။

"ကျွန်မက ဒီကိုယ်တော်ကို တစ်ခါမှ မတွေ့ဖူးဘူး ..။ သူ့ရဲ့ ဓမ္မနာမည်ကို ပြောလို့ရမလား လေလွင့်ဆရာကြီး ..။ ဒါမှလည်း သိုင်းသခင်တွေရဲ့ အဆင့်ကို သုံးသပ်နိုင်ခြင်း ရှိမရှိ သိရမှာပေါ့ ...."

သွမ့်ရှန်ဖေးက မုန့်ချီကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"ဒါကတော့ မိန်းကလေးချယ်၊ ချယ်ဝမ်ရှုပါ ...။ သူ့ကိုတော့ နှင်းဓားသခင်လို့လည်း ခေါ်ကြတယ် ..။ ဒီတစ်ယောက်ကတော့ သူ့ရဲ့ယောကျာ်း သခင်ကြီးရှန့်ပါ ..."

ချယ်ဝမ်ရှုက သိုင်းသခင်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမကို သခင်မရှန့်အစား မိန်းကလေးချယ်ဟုသာ ခေါ်ကြ၏။

သူပြောချင်နေသည့်စကားကို သိနေသည့်အတွက် မုန့်ချီက သွမ့်ရှန်ဖေးကို ခေါင်းညိတ်ပြလိုက်သည်။ သူကတော့ သူမဆီတွင် သူ၏နာမည်ကို ဖုံးကွယ်ထားရန် မလိုအပ်ပေ။ မည်သို့ဖြစ်စေကာမူ သူက နှင်းဓားသခင်နှင့် လက်ရည်စမ်းရန် စဉ်းစားထားခဲ့၏။

မုန့်ချီ၏ခွင့်ပြုချက်ကို ရသည့်အခါ သူက အပြုံးနှင့် မတ်တပ်ရပ်လိုက်သည်။ သူက ချယ်ဝမ်ရှုကိုကြည့်ပြီး ပြောလိုက်၏။

"မိန်းကလေးချယ် ...

ဒီကိုရင်လေးက သိုင်းသခင်တွေရဲ့အဆင့်တွေကို အမှန်တကယ် သုံးသပ်နိုင်တဲ့ အစွမ်းမျိုးရှိပါတယ် ...."

ချယ်ဝမ်ရှုက မပြောရသေးခင် သူက ထပ်ပြောလိုက်သည်။

"သူ့ရဲ့ ဓမ္မနာမည်က ကျန်းတင်လို့ခေါ်တယ်..."

Translated by Hein Htet.

All Chapters