← Chapters

အခန်း (၁၁၆)

Vol. 8 Ch. 116

အခန်း (၁၁၆)

Vol. 8 Ch. 116

"သူ့ရဲ့ ဓမ္မနာမည်က ကျန်းတင်လို့ခေါ်တယ်…"

ထိုစကားလုံးများက ချယ်ဝမ်ရှု၏ နားထဲတွင် မိုးကြိုးပစ်ချသကဲ့သို့ ခံစားလိုက်ရသည်။ သိုင်းသခင်တစ်ယောက်၏ ဟန်အမူအရာမျိုး ထိန်းသိမ်းထားသည်ကိုပင် သူမကတော့ ပြောစရာစကားလုံးမရှိတော့ဘဲ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ရ၏။

အကယ်၍ သူမ၏ ဦးနှောက်က လျင်မြန်နေခြင်းမရှိလျှင်ပင် ထိုဓမ္မနာမည်က သိုင်းလောကတွင် လူတိုင်း သိနေသော နာမည်တစ်ခုဖြစ်သည်။

သိုင်းသခင်များကို သတ်ပစ်ခဲ့ခြင်း၊ တိရစ္ဆာန်နတ်ဘုရားများကို ဖျက်ဆီးခဲ့ခြင်း၊ ကောင်းကင်ဘုံနှင့် ဆက်သွယ်ထားသော ဓားချက်တစ်ချက်ကို တိုက်ခိုက်ပြီး လေဟာနယ်ကို ထိုးဖောက်သွားခြင်း ..

ထိုအရာများအားလုံးက သိုင်းလောကတွင် ပျံ့နှံ့နေသည့်အတွက် ထိုနာမည်ကို သိရန်မခက်လှပေ။

သူမ၏ခင်ပွန်းကလည်း အတော်လေးကို မျက်နှာပျက်သွားခဲ့၏။ ထိုနာမည်ကို ကြားသည့်အခါ သူ၏အမူအရာကပင် ပြောင်းလဲသွားခဲ့သည်။

"ကိုရင်လေးကျန်းတင်…ဟုတ်လား…."

ထိုကိုရင်လေးက လေဟာနယ်ကို ဖြတ်သန်းပြီ ဗုဒ္ဓနယ်မြေကို တက်လှမ်းသွားပြီဟု ကြားထားခဲ့ခြင်းမဟုတ်ပေလော…။

သွမ့်ရှန်ဖေး၏ အဖြေကိုကြားသည့်အခါ စားသောက်ဆိုင်၏ ဒုတိယထပ်တွင် ရှိနေသော သိုင်းလောကသားများ အားလုံးကလည်း ထိတ်လန့်တုန်လှုပ်သွားကြ၏။ မည်သို့ဖြစ်စေကာမူ နှင်းဓားသခင်က သိုင်းလောကတွင် နာမည်အကျော်ကြားဆုံး သိုင်းသခင်များထဲမှ တစ်ယောက်ဖြစ်သည်။

သူမက မိန်းမလှလေး တစ်ယောက်လည်းဖြစ်ပြီး သူတို့က သူမ၏ အကြောင်းကို သိထားကြ၏။ သူမကို လေလွင့်ဆရာကြီးက အမှားများ ပြောလိမ့်မည် မဟုတ်ချေ။ ထို့ပြင် လေလွင့်ဆရာကြီးက ကိုရင်လေးကျန်းတင်ဟု တခြားသူများကို လှည့်စား၍လည်း မရနိုင်ပေ။

သွမ့်ရှန်ဖေးက ရယ်ပြီး ပြောလိုက်၏။

"မိန်းကလေးချယ်…

ကောင်းကင်ဘုံကို တက်လှမ်းသွားတဲ့သူတွေကတောင် ပြန်လာနိုင်တာပဲလေ။ ကိုရင်လေးကျန်းတင်မှာ ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်။ သိုင်းလောကသားတွေက လူသားနတ်ဘုရားအတားအဆီးကို ဖြတ်ကျော်ဖို့ ခက်ခဲနေတယ်ဆိုတာကို သူသိတယ်။ ဒါကြောင့် သူက ရေစက်ရှိတဲ့သူကို လမ်းညွှန်ပေးဖို့အတွက် ငါတို့ကို ပြန်လာရှာတာ.."

သွမ့်ရှန်ဖေးက အဖြေကို တိတိကျကျ ရှင်းရှင်းလင်းလင်း ပြောပြလိုက်သည်။ သူ၏ ရည်ရွယ်ချက်ကတော့ ကိုရင်လေးကျန်းတင် ပြန်ရောက်လာရသည့် အကြောင်းအရင်းကို လူတိုင်းသိအောင် ပြောပြလိုခြင်းဖြစ်သည်။ ထိုကိုရင်လေးက ကောင်းကင်နှင့် ဆက်သွယ်နိုင်သော ဓားချက်တစ်ချက်ကို တိုက်ခိုက်နိုင်ပြီး လေဟာနယ်ကို ချိုးဖောက်နိုင်သူတစ်ယောက်ဖြစ်သည်။

တောက်…တောက်…တောက်…

သိုင်းလောကသားများစွာ၏ တူများက စားပွဲပေါ်နှင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ တစ်ချိန်တည်းတွင် ပန်းကန်လုံးများ ကျကွဲသည့် အသံများကိုလည်း ကြားလိုက်ရ၏။

သူတို့အားလုံးက အလွန်အမင်းကို ထိတ်လန့်နေကြပြီး သွမ့်ရှန်ဖေး၏ စားပွဲရှိရာကို လှည့်ကြည့်လိုက်မိကြသည်။ သူတို့က လေလွင့်ဆရာကြီး၏ အနားတွင် အဖြူရောင်ဝတ်စုံဝတ်ထားသော ကိုရင်လေးတစ်ပါးကို မြင်လိုက်ရ၏။

သူက အလွန်ချောမောခန့်ညားပြီး ကျက်သရေရှိနေသည်။ ဖြစ်ခဲ့သည့်အရာများ အားလုံးက သူ့အပေါ် သက်ရောက်မှုရှိပုံ မရချေ။ သူက ရေနွေးခွက်ကိုကိုင်၍ ပြုံးနေခဲ့၏။ သူ့ဆီမှ အလွန်ထူးခြားဆန်းကြယ်သော အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။

"ဒီလောက်တောင် အသက်ငယ်တာလား…။ သူ့ရဲ့ မုတ်ဆိတ်က ရင်ဘတ်ထိ ရောက်နေမယ်လို့ ငါက ထင်ထားတာ…”

“ဒါပေမယ့် သူက တော်တော်လေး အသက်ငယ်သေးတယ်လို့လည်း ငါက ကြားခဲ့ဖူးတယ်…."

ချယ်ဝမ်ရှုက သူမ၏ ဒေါသနှင့် စိုးရိမ်မှုများကို ဖိနှိပ်ထားလိုက်ပြီး တလေးတစား ပြောလိုက်သည်။

"ကိုရင်လေးကျန်းတင်ရဲ့ ဓားပညာက ကောင်းကင်ကြီးကိုတောင် ဆက်သွယ်နိုင်တယ်လို့ ကြားခဲ့ဖူးတာကြာပြီ။ သိုင်းလောက မိတ်ဆွေတွေကတော့ ကျွန်မကို နှင်းဓားသခင်လို့ နာမည်ပေးထားကြတယ်။ တကယ်လို့ ကျွန်မကသာ ကိုရင်လေးလို ပညာရှင်တစ်ယောက်နှင့် လက်ရည်စမ်းခွင့်ရမယ်ဆိုရင် အရမ်းကို ကျေနပ်နေပါပြီ…။ ကျေးဇူးပြုပြီး ကိုရင်လေးက မငြင်းပါနဲ့… "

သူတို့ကြားထားရသည့် သတင်းများက အမှန်ဟုတ်မဟုတ် သူမက စမ်းသပ်ကြည့်ချင်နေသည်။

မည်သို့ဖြစ်စေကာမူ မုန့်ချီကလည်း သူမနှင့် လက်ရည်စမ်းရန် စီစဉ်ထားခဲ့၏။ ထို့ကြောင့် သူ၏ရေနွေးခွက်ကိုချလိုက်ပြီး နေမင်းနီမကောင်းဆိုးဝါးဓားကို ထုတ်၍ အသွားမပါသောဘက်နှင့် သူမကို ရင်ဆိုင်လိုက်သည်။

"ဒကာမကြီးချယ်…အရင်ဆုံး တိုက်ခိုက်ပါ…"

"ကိုရင်လေးက ဒီအတိုင်းပဲ ထိုင်နေမှာလား…"

ချယ်ဝမ်ရှု၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။

“ဒါက တော်တော်လေးကို မလေးမစားလုပ်တာပဲ…။ ငါက နှင်းဓားသခင်လေ…”

"ဟုတ်တယ်…ကျုပ်က ခင်ဗျားကို အထင်သေးနေတာ။ ကျုပ်က အဲဒီလို အထင်သေးနိုင်တဲ့ အစွမ်းလည်း ရှိတယ်လေ…"

မုန့်ချီက စိတ်ထဲတွင် ပြော၍ ပြုံးလိုက်မိ၏။

"ဧည့်သည်ကလည်း ဧည့်သည်အလျောက် စည်းမျဉ်းတွေကို လိုက်နာရမယ်လေ…။ ဒီတော့ ကျေးဇူးပြုပြီး ဧည့်သည်ကပဲ အရင်ဆုံးလှုပ်ရှားလိုက်ပါ…."

ထိုစကားကို ပြောလိုက်သည့်အခါ ဒုတိယအထပ်တွင် ထိတ်လန့်တုန်လှုပ်နေကြသော သိုင်းလောကသားများအားလုံးက သတိပြန်ဝင်လာကြသည်။ ထို့နောက် လူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"နှင်းဓားသခင်က ကိုရင်လေးကျန်တင်နှင့် တိုက်ခိုက်တော့မယ်…"

“ဗုန်း…”

ပထမထပ်တွင် ရှိနေသော လူအုပ်ကြီးဆီမှ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဘယ်လို… ကိုရင်လေးကျန်တင်…ဟုတ်လား…”

"ဘယ်လိုဖြစ်ပြီး ကိုရင်လေးကျန်းတင်ဖြစ်နိုင်ရမှာလဲ…”

“သူက ဓားချက်တစ်ခုတည်းနဲ့ လေဟာနယ်ကိုတောင် ဆက်သွယ်နိုင်တဲ့ တစ်ယောက်လား….။ လူတိုင်းလေးစားရတဲ့ နှင်းဓားသခင်က ကိုရင်လေးကျန်းတင်နှင့် လက်ရည်စမ်းတော့မှာလား……"

ခဏကြာပြီးနောက် သံသယဝင်သည့်အသံများ၊ ချီးကျူးနေသည့်အသံများနှင့် ထိတ်လန့်တုန်လှုပ်နေသည့် အသံများအားလုံး ပြည့်နှက်လာခဲ့သည်။ တချို့ကတော့ ဇဝေဇဝါဖြစ်နေပြီး တချို့ကတော့ တိုက်ပွဲကို ကြည့်ရန် ဒုတိယထပ်သို့ ပြေးလာကြ၏။

ခဏကြာပြီးနောက် ဒုတိယအထပ်တွင် လူပေါင်းများစွာ ပြည့်နှက်နေပြီး မုန့်ချီနှင့် ချယ်ဝမ်ရှုတို့ တိုက်ခိုက်ရန် နေရာတစ်ခုသာ ကျန်နေတော့သည်။ တချို့ကတော့ စားပွဲခုံများပေါ်ကိုပင် တက်ကြည့်နေကြ၏။

ချယ်ဝမ်ရှု၏ မျက်နှာက ဆက်တိုက်ပြောင်းလဲသွားနေပြီး သူမက နောက်ဆုတ်၍ မရနိုင်တော့ကြောင်း နားလည်သွားသည်။ သူမက တိုက်ခိုက်ရတော့မည်ဖြစ်၏။ ကိုရင်လေးကျန်းတင်က သူမကို မတ်တပ်ရပ်၍ပင် ရင်မဆိုင်သည့်အပေါ် သူမက ဒေါသထွက်နေခဲ့ခြင်း မရှိတော့ချေ။

မည်သို့ဖြစ်စေကာမူ သူက လူသားနတ်ဘုရားအတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့သော အင်မော်တယ် တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူ၏ အဆင့်အတန်းအရ တခြားသူများကို အထင်သေးသည်မှာပုံမှန်သာဖြစ်၏။

ထိုအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် သူမက နှင်းဓားကို ဆွဲထုတ်လိုက်ပြီး သူမ၏ အတွင်းအား၊ ချီစွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းအားများကို အာရုံစိုက်လိုက်သည်။ ထို့နောက် သူမက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး ပြောလိုက်၏။

"ကျွန်မက လက်ရည်စမ်းဖို့ အဆင်သင့်‌ဖြစ်နေပါပြီ…"

"အဆင်သင့်ဖြစ်ရင် စလို့ရပြီ…ဒကာမကြီး"

မုန့်ချီက အပြုံးနှင့်ပြောလိုက်သော်လည်း ရင်ထဲတွင်တော့ အနည်းငယ် စိုးရိမ်နေသေးသည်။ မည်သို့ဖြစ်စေကာမူ သိုင်းသခင်တစ်ယောက်နှင့် ထိုင်လျက် အနေအထား တိုက်ခိုက်ရသည်မှာ သူ့အတွက် ခက်ခဲသော စမ်းသပ်မှုတစ်ခုဖြစ်သည်။

ချယ်ဝမ်ရှုကတော့ မည်သည့်စကားမျှ ထပ်မပြောတော့ပေ။ လူတိုင်းက ကြည့်နေသည့်အချိန်တွင် သူမက သက်ပြင်းတိုးတိုးချလိုက်ပြီး နှင်းဓားနှင့် စတင်တိုက်ခိုက်လိုက်၏။

နှင်းဓားလှုပ်ရှားသွားသည်မှာ နှင်းပွင့်လေးများ ကျဆင်းလာသလို ထင်မှတ်ရပြီး အလွန်လှပလွန်းလှသည်။ ထို့ပြင် သူမက အသက်လျှို့ဝှက်တံခါးနှင့် စွမ်းအင်လျှို့ဝှက်တံခါးပွင့်နေသော သိုင်းသခင်တစ်ယောက်လည်း ဖြစ်၏။

သူမ၏ ဓားသွားအရှိန်က လျင်မြန်ပြီး ကြောက်စရာကောင်းသည်။ မျက်နှာကို အစွမ်းထက်သော လေလှိုင်းတစ်ခု ရိုက်ခတ်လာသလိုခံစားရ၏။ ထိုဓားချက်က လှပသည်ဟု ထင်မှတ်ရသော်လည်း ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များ ပါဝင်နေခဲ့သည်။

နှင်းဓားက အမှန်တကယ်ကို သူ့နာမည်နှင့် လိုက်ဖက်ညီလွန်းလှသည်။ မုန့်ချီကတော့ စိတ်ထဲတွင် ချီးကျူးလိုက်မိ၏။ သူက ခန္ဓာကိုယ် လှုပ်ရှားလိုက်ခြင်း မရှိဘဲ နေမင်းနီမကောင်းဆိုးဝါးဓားကို လေထဲတွင် စက်ဝိုင်းခြမ်းတစ်ခုပမာ လှည့်ပတ်လိုက်သည်။ အရာအားလုံးက သူ့မျက်လုံးထဲတွင် ရောက်လာသလို ထင်မှတ်ရ၏။

“ချွမ်…”

ဓားနှစ်လက် တိုက်ခိုက်လိုက်သည့်အချိန်တွင် ချယ်ဝမ်ရှုက အနည်းငယ် အနောက်ကို ပြန်ဆုတ်သွားလိုက်ရ၏။ ကိုရင်လေးကျန်းတင်၏ ဓားပညာက အမှန်တကယ်ကို ထူးခြားဆန်းကြယ်လွန်းလှသည်။

“လက်ရည်စမ်းပြီးသွားရင် ငါ့ရဲ့ဓားပညာက သေချာပေါက်တိုးတက်လာလိမ့်မယ်…”

သူမက ထိန်ချန်ထားခြင်းမရှိဘဲ သူမ၏သိုင်းကွက်များအားလုံးကို ထုတ်ဖော်အသုံးပြုလိုက်သည်။ ဓားသွားက မုန်တိုင်းတစ်ခုသဖွယ် လှုပ်ရှားလာခဲ့၏။ သူမ၏ဓားသွားကို ဖော်ပြစရာစကားလုံးလည်း မရှိချေ။

မုန့်ချီက ထိုင်နေသည့်အတွက် သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားရှောင်တိမ်း၍ မရနိုင်ပေ။ ထို့ကြောင့် သူကတော့ သူ၏ဓားပညာစွမ်းရည်များကိုသာ အာရုံစိုက်‌နေပြီး မုန်တိုင်းသဖွယ် တိုက်ခိုက်နေသော ဓားအလင်းတန်းများကို ခုခံနေရသည်။

လေလွင့်ဆရာကြီး သွမ့်ရှန်ဖေးကလည်း သူ့စားပွဲမှ ထွက်သွားခြင်းမရှိဘဲ ရေနွေးသောက်နေခဲ့၏။ သူကတော့ ထိုတိုက်ပွဲကို ဝမ်းမြောက်ဝမ်းသာကြည့်နေပြီး အလွန်ထူးခြားသော သူတို့၏ ဓားပညာများကို လေ့လာမှတ်သားနေခဲ့သည်။

"တော်တော်ကို လှလိုက်တဲ့ ဓားပညာပဲ…"

လူတစ်ယောက်က အော်ဟစ်လိုက်သည်။ သိုင်းပညာအကြောင်း သိထားသူတိုင်းက ထိုဓားသိုင်းပညာနှစ်ခု၏ လှုပ်ရှားမှုများထဲတွင် ပျော်ဝင်နေကြ၏။

ချယ်ဝမ်ရှုက စိတ်ဝိညာဉ်လျှို့ဝှက်အခန်းမပွင့်သေးခင် သွမ့်ရှန်ဖေးနှင့် အဆင့်တူရှိသည်။ ထို့ကြောင့် သူမ၏ဓားပညာကလည်း အမှန်တကယ်ကို အံ့ဩစရာကောင်း၏။ ထို့ပြင် သူမ၏အသက်နှင့် စွမ်းအင်လျှို့ဝှက်တံခါးများ ပွင့်နေသည့်အတွက် သူမက ပို၍ကြောက်စရာကောင်းနေသည်။

ဓားသွားများက နှင်းမုန်တိုင်းတစ်ခုသဖွယ် လှုပ်ရှားနေပြီး ပတ်ပတ်လည်ကို လွှမ်းခြုံနေခဲ့၏။ ထိုကဲ့သို့ ဖိအားများအောက်တွင် မုန့်ချီကတော့ သူ၏ စွမ်းရည်နှင့် ဓားပညာအားလုံးကို တဖြည်းဖြည်းပေါင်းစပ်နေရသည်။

ကျား(၅)ကောင် တံခါးဖျက်ဆီးခြင်းသိုင်းကွက်ဖြစ်စေ၊ သွေးဓားသိုင်းကွက်ဖြစ်စေ သူက ဓားသိုင်းပညာအားလုံးကို တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်နှင့် ပေါင်းစည်းထားခဲ့သည်။ ထိုအရာများအားလုံးကို ပေါင်းစပ်အသုံးပြုနေခဲ့၏။

ထို့ကြောင့်လည်း တန်ပြန်တိုက်ခိုက်သည့်လှုပ်ရှားမှုတိုင်းက ချယ်ဝမ်ရှု၏ လေးစား အထင်ကြီးမှုကို ခံနေရသည်။ သို့သော် မုန့်ချီကတော့ ထိုင်နေသည့်အတွက် ကန့်သတ်ချက်များ ရှိနေသေး၏။ ချယ်ဝမ်ရှု၏ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများအောက်တွင် သူက ပြန်လည်တိုက်ခိုက်ရန် ခက်ခဲနေခဲ့သည်။

သူက တိုးတိုးလေးသက်ပြင်းချလိုက်ပြီး နေမင်းနီမကောင်းဆိုးဝါးဓားကို သူက ထိုင်နေရင်း ရုတ်တရက် မြှောက်လိုက်၏။ ဆက်လက်တိုက်ခိုက်ရမည်ဆိုလျှင် စားပွဲမှ ထွက်သွားခြင်း သို့မဟုတ် အရှုံးပေးခြင်းကိုသာ လုပ်ရပါလိမ့်မည်။ ထို့ကြောင့် သူ၏ ဝှက်ဖဲကို သုံးလိုက်ရ၏။

လူပေါင်းများစွာကြည့်နေသည့်အချိန်တွင် သူက မည်သို့အရှုံးပေးနိုင်မည်နည်း။

“ရွေးချယ်စရာတစ်ခုရှိနေမှတော့ ငါက ငါ့ရဲ့ဂုဏ်သတင်းကို ကာကွယ်ရမှာပဲလေ။ ငါ့ရဲ့ ဂုဏ်သိက္ခာက အရာရာပဲ…”

ရွေးချယ်စရာမရှိတော့သည့်အချိန်တွင်တော့ ဂုဏ်သတင်းကလည်း အသုံးမဝင်ပေ။

လူအုပ်ကြီးက သိုင်းပညာတွင် နိမ့်ကျနေကြသော်လည်း ချယ်ဝမ်ရှုက အသာစီးရနေကြောင်း မြင်နေရသည်။ ထို့ကြောင့် တီးတိုးပြောနေကြ၏။

"ကိုရင်လေးကျန်းတင်ရဲ့ ဓားပညာက တကယ့်ကို အံ့ဩစရာကောင်းပါတယ်။ ဒါပေမယ့် ထိုင်ပြီးတိုက်ခိုက်နေတာက နည်းနလေး ဆိုးနေတယ်…”

"ဟုတ်တယ်…။ လူသားနတ်ဘုရားအတားအဆီးကို ချိုးဖြတ်နိုင်တဲ့ အင်မော်တယ်တွေကတောင် ထိုင်နေရင်း တိုက်ခိုက်မယ်ဆိုရင် သိုင်းသခင် တစ်ယောက်ကို အနိုင်ရနိုင်မှာမဟုတ်ဘူး…။ ဒါပေမယ့် ကောင်းကင်နဲ့ ဆက်သွယ်နိုင်တဲ့ ဓားပညာက ဒီလိုမဟုတ်နိုင်ဘူး…"

ရုတ်တရက်ဆိုသလို ဓားအလင်းရောင်တစ်ခုက သူတို့၏ မျက်လုံးထဲတွင် လွှမ်းခြုံသွားခဲ့သည်။ ထို့နောက် သူတို့အားလုံး၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာပြီး သူတို့၏ဘဝတွင် လိုချင်နေခဲ့သော အရာများ ရွှေ၊ငွေ၊ရတနာ၊ အောင်မြင်မှုနှင့် မိန်းမလှများအားလုံးကို ရရှိသွားသလို ခံစားလိုက်ရ၏။

ပြိုင်ပွဲကို ကြည့်နေသူ တစ်ယောက်ဖြစ်သော သွမ့်ရှန်ဖေးကပင် ထိုအရာများကို ခံစားလိုက်ရသည်။ နှင်းနတ်ဘုရားနန်းတော် ပြန်လည်ပေါ်ထွက်လာသည့် ပုံရိပ်ယောင်များကို ခံစားလိုက်ရ၏။

ထိုဓားအလင်းတန်းက ရုတ်ချည်းထွက်လာခဲ့ခြင်း ဖြစ်သည့်အတွက် ချယ်ဝမ်ရှုက နေရာတွင် ရပ်သွားပြီး အသက်ကို ပြင်းပြင်းရှူနေရသည်။ အလွန်ရင့်ကျက်တည်ငြိမ်ပြီး လှပသော သူမ၏မျက်နှာလေးက နီရဲနေပြီး သူမ၏ရင်ဘတ်ကလည်း နိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့၏။

သူမ၏ နှင်းဓားက မြေပေါ်သို့ပြုတ်ကျသွားသည့်အချိန်တွင် မုန့်ချီက သူ၏ နေမင်းနီမကောင်းဆိုးဝါးဓားကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ သူ့စိတ်ထဲတွင်တော့ အနည်းငယ် လှုပ်ရှားသွား၏။

မည်သည့်အရာကြောင့် သူမက ထိုကဲ့သို့ အခြေအနေကို ရောက်သွားခဲ့ရသနည်း။ ဖြစ်နိုင်သည်မှာတော့ သေမျိုးဖုန်မှုန့်ကျဆင်းခြင်း ပုံရိပ်ယောင်များကြောင့် ဖျက်ဆီးခံလိုက်ရသော သူမ၏ ဆန္ဒတချို့ကို မြင်ယောင်လာခြင်းဖြစ်ပုံရသည်။

သူကတော့ စဉ်းစားနေခြင်းမရှိဘဲ ခန္ဓာကိုယ်အရရော စိတ်ပိုင်းဆိုင်ရာအရပါ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ကပင် သေမျိုးဖုန်မှုန့်ကျဆင်းခြင်းဟူသော အခြေအနေထဲသို့ ကျရောက်သွားခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် မုန့်ချီကိုယ်တိုင်လည်း သူ့ကိုယ်သူ ထိန်းချုပ်ပြီး စုစည်းနေရသည်။

နှင်းဓားကြမ်းပြင်ပေါ်သို့ ကျသွားသည့်အသံကြောင့် အိပ်မက်မက်နေသော လူတိုင်းက နိုးထလာကြသည်။ သူတို့အားလုံးက သတိပြန်ဝင်လာသည့်အချိန်တွင် အတော်လေး ရှက်ရွံ့သွားကြ၏။

ခဏကြာပြီးနောက် ပြည့်ပြည့်ဝဝသတိဝင်လာသော လူတစ်ယောက်က အော်ပြောလိုက်သည်။

"အဲဒါပဲ…အဲဒါက ကောင်းကင်နဲ့ ဆက်သွယ်ထားတဲ့ ဓားပညာပဲ။ အံ့ဩစရာကောင်းလိုက်တာ…"

"ဒါက ကောင်းကင်နဲ့ ဆက်သွယ်ထားတဲ့ ဓားပညာပဲ။ ဒါကြောင့်လည်း လေဟာနယ်နဲ့ ဆက်သွယ်နိုင်တယ်လို့ ပြောကြတာ။ ဒီလိုဓားပညာကို ခန့်မှန်းကြည့်လို့တောင် မရနိုင်ဘူး။ ကိုရင်လေးကျန်းတင်က တကယ့်ကို အင်မော်တယ်တစ်ယောက်လိုပဲ…"

"သူက ဘုန်းတော်ကြီးတစ်ပါးလေ…။ မင်းက သူ့ကို ဗောဒိတဗ္ဗတစ်ပါးလို့ ပြောရမှာ…"

ထိုချီးကျူးမှုများကြောင့် မုန့်ချီကတော့ ဓားကိုချပြီး အပြုံးနှင့် ရေနွေးဆက်သောက်နေခဲ့၏။

"ကိုရင်လေးကျန်းတင်ရဲ့အစွမ်းက တကယ့်ကို ဒဏ္ဍာရီတွေထဲက အတိုင်းပါပဲလား.."

သူတို့ကတော့ နောက်ဆုံးတိုက်ခိုက်လိုက်သော ဓားချက်အကြောင်းကို ဆက်လက်ချီးကျူးနေကြသေးသည်။နှင်းဓားသခင်က ရှုံးနိမ့်သွားသည့်အတွက် မည်သူကမျှ မရယ်ခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ကိုရင်လေးကျန်းတင်ကဲ့သို့သော ပညာရှင်တစ်ယောက်ကို ရှုံးနိမ့်ရခြင်းက ရှက်စရာမရှိဟု တွေးနေမိခြင်းကြောင့်ဖြစ်၏။ ကောင်းကင်ကြီးနှင့် ဆက်သွယ်နိုင်သော ဓားချက်တစ်ချက်ကို သိုင်းသခင်တိုင်း ရှုံးနိမ့်သွားမည်ဖြစ်သည်။

ချယ်ဝမ်ရှုက သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ သူမက နှင်းဓားကို ပြန်ကောက်ရန် စဉ်းစားမနေဘဲ ရင်ဘတ်ကို လက်တစ်ဖက်နှင့်အုပ်၍ ပြောလိုက်သည်။

"အခုတော့ ကျွန်မက အကန့်အသတ်တွေထဲ ဘယ်လောက်တောင် ပိတ်မိနေလဲဆိုတာ နားလည်သွားခဲ့ပါပြီ။ သိုင်းပညာက အဆုံးမရှိဘူး။ ကိုရင်လေးရဲ့ ဓားပညာက တကယ့်ကို ပြိုင်ဘက်ကင်းပါပဲလား…"

သူမက အသက်(၄၀)ခန့်ရှိသော မိန်းမလှလေးတစ်ယောက် ဖြစ်သည်။ သူမ၏ အမူအရာနှင့် စိတ်နေစိတ်ထားက အလွန်ထူးခြားလွန်းလှ၏။ ထို့ပြင် သူမဆီ၌ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်တစ်ခု ရှိနေသေးသည်။ ထိုအရည်အသွေးများ အားလုံးက ရပ်ကြည့်နေသူများ အားလုံးကို ဆွဲဆောင်နိုင်ခဲ့၏။

မုန့်ချီကလည်း သေမျိုးဖုန်မှုန့်ကျဆင်းခြင်းဟူသော သိုင်းကွက်၏ တန်ပြန်သက်ရောက်မှုမှ သတိပြန်ဝင်လာသည့်အချိန်တွင် ချယ်ဝမ်ရှုကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။

"ဒကာမကြီးချယ်…

ဒကာမကြီးက အရမ်းကို နှိမ့်ချလွန်းပါတယ်။ ကျုပ်ကလည်း ဒကာမကြီးရဲ့ ထူးခြားတဲ့ ဓားပညာတွေကို ကြည့်ပြီး တော်တော်လေး သင်ယူခဲ့ရပါတယ်…"

ထို့နောက် ချယ်ဝမ်ရှုက သူမ၏ဓားကိုကောက်လိုက်ပြီး သူမ၏ မျက်နှာအမူအရာက ပုံမှန်ပြန်ဖြစ်သွားခဲ့၏။

"ကျွန်မရဲ့ခင်ပွန်းနဲ့ ကျွန်မက မြို့အပြင်ဘက်မှာ နေပါတယ်။ တကယ်လို့ ကိုရင်လေးကသာ ဧည့်သည်အဖြစ် လက်ခံမယ်ဆိုရင်တော့ ကျွန်မတို့က ဂုဏ်ယူမိမှာပါ…"

သူမက သိုင်းသခင်အဆင့်ကို ရောက်ခဲ့သည်မှာ သိုင်းပညာနှင့် ဓားပညာကို ချစ်မြတ်နိုးခြင်းကြောင့် ဖြစ်သည်။ သူမက နောက်ထပ် ပို၍သင်ယူလိုစိတ်များ ရှိနေ၏။

မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။

"ကျုပ်မှာ သွားစရာနေရာတစ်ခု ရှိနေသေးတယ်။ တကယ်လို့ ဒကာမကြီး တစ်ခုခု လိုအပ်မယ်ဆိုရင်တော့ ချန်းဟွာကျောင်းဆောင်မှာ မနက်ဖြန် ကျုပ်ကို လာရှာလို့ရတယ်…"

သူက ချန်းဟွာကျောင်းဆောင်တွင် ခဏကြာ နေထိုင်ရန် စိတ်ကူးထားပြီး ဘုန်းတော်ကြီးယွမ်မုန့်၏ အကြောင်းကို စုံစမ်းချင်နေခဲ့သည်။

ထိုစကားများကို ပြောလိုက်ပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူက နားလည်သွား၏။ သူက ယောကျ်ားတစ်ယောက်ဖြစ်ပြီး အတိတ်ဘဝတွင် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သော လူတစ်ယောက်ဖြစ်ခဲ့သည်။

ထို့ကြောင့် တစ်ခါတရံ သူ၏ စိတ်ဆန္ဒများက ထကြွသောင်းကျန်းလာတတ်၏။ ထိုအရာက မကောင်းဆိုးဝါးချီစွမ်းအင်များ လွှမ်းမိုးနေသည့် ကျောက်တံခါးကို ဖွင့်လိုက်သည့်အချိန်တွင် ဖြစ်ပေါ်လာသော ပုံရိပ်ယောင်များကြောင့် ဖြစ်နိုင်သည်။

ယခု အလွန်ဆွဲဆောင်မှုရှိသော ချယ်ဝမ်ရှုကို ရင်ဆိုင်ရသည့်အချိန်တွင် သူက မည်သည့်အရာမျှ မပြောခဲ့သော်လည်း သူမ၏အလှတရားအပေါ် တပ်မက်လိုစိတ် ရှိခဲ့သည်။ ထိုအရာက သူ့လို အဆင့်မြင့် ကိုယ်တော်တစ်ပါးအတွက် တော်တော်လေးကို ခက်ခဲလွန်းလှ၏။

“ဟူး……

အနတ္တကျိန်စာဖျက်ဓားပညာက တကယ့်ကို မကောင်းဆိုးဝါးဆန်တာပဲ…။တကယ်လို့ ငါသာ ဒီဓားပညာကို ဆက်ပြီးသုံးသွားမယ်ဆိုရင် ချီစွမ်းအင်သွေဖယ်မှုကို မကြုံရဘူး ဆိုရင်တောင် အစစ်အမှန်ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာပါဦးမလား…”

ထိုအရာကို နားလည်သွားသည့်အချိန်တွင် မုန့်ချီက အံကြိတ်လိုက်မိသည်။

“ဒီလိုအရာတွေဖြစ်မလာနိုင်အောင် ငါက တစ်ခုခုစဉ်းစားမှ ရမယ်….။ နောက်ပိုင်းကျရင်တော့ ငါက ကျိဝေတို့နဲ့ ဒီကိစ္စကို သေချာဆွေးနွေးပြီး သူတို့ဆီမှာ အကြံဉာဏ်များ ရှိမလား မေးကြည့်ရဦးမယ်။ တကယ်လို့ အဲဒါကို မရှောင်နိုင်ဘူးဆိုရင်တော့ ငါက ခရမ်းမိုးကြိုး(၇)သွယ်လိုဝေ့ကျင်းအဆင့် ဓားပညာတစ်ခုကို လဲရလိမ့်မယ်…”

ချယ်ဝမ်ရှူနှင့် သူမ၏ခင်ပွန်းက မုန့်ချီ၊ သွမ့်ရှန်ဖေးတို့နှင့်အတူ ညစာစားပြီးနောက် ထွက်သွားခဲ့ကြသည်။ လေလွင့်ဆရာကြီးက မြို့ထဲသို့ ရောက်နေကြောင်း ကြားသည့်အတွက်ကြောင့်သာ သူမက အိမ်ရှင်တစ်ယောက်အနေနှင့် သွားရောက်နှုတ်ဆက်ခဲ့ခြင်းဖြစ်သည်။

ကောင်းကင်ကို ဆက်သွယ်နိုင်သော ဓားတစ်ချက်နှင့် သိုင်းသခင်တစ်ယောက်၏ တိုက်ပွဲသတင်းကြောင့် ရပ်ကြည့်နေသူများကလည်း သူတို့၏ အနားသို့ ကပ်မလာရဲကြပေ။ သူတို့အားလုံးက လမ်းခွဲသွားကြပြီး သူတို့မြင်နေရသည့်အရာများကို အာပေါင်အာရင်းသန်သန် ပြန်ပြောဆိုနေကြသည်။

…….

နောက်တစ်နေ့ မနက်တွင်တော့ သွမ့်ရှန်ဖေးက မုန့်ချီကို ချန်းဟွာကျောင်းဆောင်ဆီသို့ ဦးဆောင်‌ခေါ်သွားခဲ့လေ၏။

Translated by Hein Htet.

All Chapters