← Chapters

အခန်း (၁၁၈)

Vol. 8 Ch. 118

အခန်း (၁၁၈)

Vol. 8 Ch. 118

သူတို့က အံ့ဩနေသည့် ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးစားနေကြောင်း မြင်သည့်အခါ မုန့်ချီက အပြုံးနှင့် တိတ်တိတ်နေရန် အချက်ပြလိုက်သည်။

"ကြည့်ရတာ ဒကာကြီးတို့က တကယ်ပဲ သိချင်နေတယ် ထင်တယ်…။ ဒါကြောင့်လည်း ကျုပ်တို့က လူသားကမ္ဘာကြီးထဲမှာ နေထိုင်နေတဲ့အချိန် မလွတ်မြောက်နိုင်ကြတာပဲ…"

သွမ့်ရှန်ဖေးနှင့် လော်ချင်းတို့က သူတို့၏ ခံစားချက်များကို ထိန်းချုပ်ပြီး ခါးကို မတ်မတ်ထိုင်လိုက်သည်။ သူတို့က မုန့်ချီကို စိုက်ကြည့်နေပြီး သူ့စကားကို စောင့်ဆိုင်းနေကြသည်။ ထိုအချိန်တွင် လေ့ကျင့်ရေးအခန်းက ရုတ်တရက်ဆိုသလို တည်ငြိမ်သွားခဲ့၏။

"အမှန်အတိုင်း ပြောရမယ်ဆိုရင် မျက်ခုံးကြား ပင်မတံခါးဖွင့်တာတွေ၊ အသက်ဝိညာဉ်နှင့် အတွင်းကမ္ဘာကြီးကို ဖွင့်လှစ်တာတွေအားလုံးက ပြင်ပကမ္ဘာကြီးဆီကနေ စုစည်းလာရတာပဲ…။ ဒါဆိုရင် ဓမ္မတရားတွေ၊ အနှစ်သာရတွေကို နားလည်လာပြီး အင်မော်တယ်စွမ်းရည်တွေကို ဖန်တီးနိုင်လိမ့်မယ်။ ဒါကိုတော့ လူသားနတ်ဘုရား အတားအဆီးလို့ခေါ်ကြတယ်…"

မုန့်ချီက ပထမဦးဆုံး သူတို့ယူဆထားကြသော လူသားနတ်ဘုရား အတားအဆီး ဟူသည့်အရာကို အတည်ပြုပေးလိုက်သည်။ နှင်းနတ်ဘုရားနန်းတော်က ထိုအရာကို နက်နက်ရှိုင်းရှိုင်း ရှာဖွေခဲ့ကြပြီး သူတို့၏ဘိုးဘေးတချို့က မျက်ခုံးကြားပင်မတံခါးကိုပင် အမှန်တကယ် ဖွင့်နိုင်ခဲ့ကြသည်။

ထိုအရာကို မှတ်တမ်းတချို့ထဲတွင် မှတ်တမ်းတင်ထားသည့်အတွက် သွမ့်ရှန်ဖေးက သေချာပေါက် သိနေ၏။ သူက မုန့်ချီ၏ စကားကို လက်ခံသည့်အလား သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်သည်။

ကိုရင်လေးကျန်းတင်က လူသားနတ်ဘုရား အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့သော်လည်း ဘာကြောင့် ပြောင်းလဲမှုကျင့်စဉ်ကို လေ့ကျင့်ရန် လိုအပ်နေသေးကြောင်းကိုတော့ သူက တိုက်ရိုက်မမေးခဲ့ပေ။ သူက မျက်ခုံးကြားပင်မတံခါး ပွင့်နေပြီးသား ဖြစ်၏။ သွမ့်ရှန်ဖေးကဲ့သို့ မြေခွေးအိုကြီး တစ်ယောက်အတွက် အပြင်လောကသို့ ဖွင့်မပြောသေးသော လျှို့ဝှက်ချက်များ ရှိနေသည်။ ကိုရင်လေးကျန်းတင်က သူ့ကို သတ်ပစ်နိုင်ကြောင်း သိနေပြီး လူသားနတ်ဘုရား အတားအဆီးနှင့် ပတ်သက်သော လျှို့ဝှက်ချက်များစွာကိုလည်း သိနေသည်။

လော်ချင်းနှင့် ချယ်ဝမ်ရှုတို့၏ အမူအရာကတော့ ကွဲပြား၏။ သူတို့နှစ်ယောက်စလုံးကတော့ အခြေခံမူလတန်းကျောင်းသားများကဲ့သို့ မုန့်ချီ ပြောသော စကားလုံးတိုင်းကို ယုံကြည်နေကြသည်။

"ဒါပေမယ့် ပြင်ပကမ္ဘာကြီးနဲ့ ယှဉ်လိုက်မယ်ဆိုရင် ကိုယ်တွင်းကမ္ဘာကြီးက တော်တော်လေး သေးပြီး တော်တော်လေး အားနည်းတယ်။ ဒီတော့ သူ့အပေါ် သက်ရောက်မှုတိုင်းကို သတိထားဖို့လိုတယ်…။ တကယ်လို့ ခန္ဓာကိုယ်ကသာ လုံလောက်အောင် အစွမ်းမထက်ဘူးဆိုရင် မျက်ခုံးကြားလျှို့ဝှက်တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်က ပြာဖြစ်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ ငရဲဝိညာဉ်ပဲ ကျန်နေတော့မှာ…"

မုန့်ချီက ဘယ်လက်နှင့် ပုတီးစိပ်နေရင်း ပြောလိုက်သည်။

သူကတော့ သင်ခန်းစာများ သင်ကြားပေးနေသော သိက္ခာတော်ရ ဘုန်းတော်ကြီး တစ်ပါးကဲ့သို့ ထင်မှတ်ရသည်။ သူ၏လေသံက အလွန်တည်ငြိမ်အေးချမ်းလှ၏။

သွမ့်ရှန်ဖေး၏ မျက်နှာအမူအရာကတော့ ရုတ်တရက် ပြောင်းလဲသွားပြီး မျက်ခုံးကြားပင်မတံခါးကို ဖွင့်ခဲ့ကြသည့် ဘိုးဘေးများက စကားလုံးအနည်းငယ်သာ ချန်ထားပြီး ဘာကြောင့် ပျောက်ကွယ်သွားကြောင်း နားလည်သွားခဲ့သည်။

မူလတုန်းကတော့ သူတို့က အင်မော်တယ်နယ်မြေသို့ တက်လှမ်းသွားခြင်းဖြစ်မည်ဟု တွေးခဲ့မိသည်။ ယခုတော့ သူတို့က သေဆုံးသွားကြရခြင်းဖြစ်၏။ သူက မုန့်ချီ၏ စကားကို မယုံကြည်ချင်ခဲ့ပေ။ သို့သော် တခြားရွေးချယ်စရာလည်း မရှိချေ။

အကယ်၍ မုန့်ချီကသာ မှားနေမည်ဆိုလျှင် ယခင်ဘိုးဘေးများက လူသားနတ်ဘုရား ဆန်းကြယ်မှုကို ချိုးဖျက်နိုင်သည့် သော့တစ်ချောင်း ချန်ထားရန် အချိန်ပင် မရဘဲ ထွက်သွားကြမည် မဟုတ်ချေ။ အင်မော်တယ်များအတွက် အချိန်ခဏလေးကပင် လုံလောက်၏။

"ဒါပေမယ့် ကိုရင်လေး…

ဒါဆိုရင် ဘာလို့ အင်မော်တယ်တွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေရတာလဲ"

ချယ်ဝမ်ရှုကလည်း ထိုအရာကို လက်မခံနိုင်ခဲ့ပေ။

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

"တချို့ပုံပြင်၊ ဒဏ္ဍာရီတွေကတော့ ဖန်တီးထားကြတာ…။ တချို့ကတော့ အမှန်တကယ် ရှိခဲ့တယ်။ ကျုပ် ပြောခဲ့တဲ့အထဲမှာ ခန္ဓာကိုယ်က လုံလောက်အောင် အစွမ်းမထက်လို့ဆိုတဲ့ အကြောင်းအရာပါတယ်လေ…။ တကယ်လို့ လုံလောက်အောင် အစွမ်းထက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်က ပြင်ပကမ္ဘာကြီးရဲ့ စွမ်းအားသက်ရောက်မှုကို ခံရပြီး ခန္ဓာကိုယ်ပိုင်ရှင်က ပြင်ပကမ္ဘာကြီးနဲ့ ပေါင်းစပ်နိုင်လိမ့်မယ်…။သူ့ရဲ့ သက်တမ်းကလည်း ရှည်လာလိမ့်မယ်…"

ရှေးအချိန်တွင် ရှိခဲ့သော ဘိုးဘေးများ၏ သက်တမ်းကို မပြောနှင့် လက်ရှိအချိန်တွင်ပင် ပြင်ပကမ္ဘာကြီးထဲ၌ ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီးလျှင် သူတို့၏ သက်တမ်းက တိုးမြင့်လာနိုင်သည်။ သူတို့က အနည်းဆုံး နှစ်ပေါင်း(၆၀)ကျော် တိုးမြင့်လာနိုင်၏။

ရှေးခေတ်တုန်းက ဆိုလျှင်တော့ အသက်(၂၀၀၀)ခန့် နေနိုင်သူများပင် ရှားပါးမှုမရှိချေ။ သူတို့ကိုတော့ အစစ်အမှန်အင်မော်တယ်များဟု သတ်မှတ်နိုင်ကြ၏။

မုန့်ချီကတော့ ထိုလူများကို အမှန်တကယ် မြင်ခဲ့ဖူးသည့်အလား ရှင်းပြနေသည့်အတွက် သွမ့်ရှန်ဖေးက မနေနိုင်တော့ဘဲ မေးလိုက်သည်။

"ကိုရင်လေး…

ဒါကြောင့်လည်း သောကဘုန်းတော်ကြီး ပိုင်ကုက လူသားနတ်ဘုရားအတားအဆီးကို ဖြတ်ကျော်ဖို့ အခွင့်အရေးရှိတဲ့ တစ်ဦးတည်းသောလူလို့ ပြောခဲ့တာပဲ။ ဘာလို့လဲဆိုတော့ သူ့မှာ ကြံ့ခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်တစ်ခု ရှိတယ်လေ…”

“ဒါပေမယ့် ငါတို့ကလည်း သူ့ထက်တော့ ပိုပြီးအားမနည်းပါဘူး။ ငါတို့အားလုံးက ကလေးဘဝကတည်းက လေ့ကျင့်ထားကြပြီး ငါတို့ရဲ့ချီစွမ်းအင်တွေ ၊ သွေးကြောတွေကို လေ့ကျင့်ထားကြတာ။ ပြီးတော့ ငါတို့က လျှို့ဝှက်အခန်းတွေကိုလည်း ဖွင့်လှစ်ထားတယ်လေ။ ဒီတော့ ငါတို့က ပိုပြီးအစွမ်းထက်တဲ့ ခန္ဓာကိုယ်မျိုး ရဖို့အတွက် အကာအကွယ်ကျင့်စဉ်မျိုးကို လေ့ကျင့်ဖို့ လိုအပ်သေးလို့လား…."

လော်ချင်းနှင့် ချယ်ဝမ်ရှုတို့ကလည်း တူညီသော အတွေးမျိုး ရှိနေကြသည်။

မုန့်ချီက ပုတီးကို ကိုင်ထားရင်း တီးတိုးပြောလိုက်၏။

"သူက အောင်မြင်နိုင်ချေရှိတယ်လို့ပဲ ပြောတာ။ သေချာပေါက် အောင်မြင်မယ်လို့ ပြောတာမဟုတ်ဘူး…"

အကယ်၍ ကိုယ်တွင်းကမ္ဘာကြီးကသာ သဘာဝစက်ကွင်းတစ်ခုကဲ့သို့ ဖြစ်ပေါ်နေခြင်း မရှိလျှင် မျက်ခုံးကြားပင်မတံခါးကို ဖွင့်လှစ်ပြီး ကောင်းကင်နှင့် မြေကြီးကြားထဲ၌ တံတားတစ်ခု တည်ဆောက်နိုင်လျှင်ပင် အတွင်းအပြင်ကမ္ဘာကြီးများကို ပေါင်းစပ်နိုင်လိမ့်မည်မဟုတ်ဟု မုန့်ချီက သံသယဝင်နေမိ၏။

ခန္ဓာကိုယ်ကို ပြင်ပစွမ်းအားများနှင့် သန့်စင်လိုက်ပြီးနောက် နတ်ဘုရားစွမ်းရည်တချို့ကိုသာ အများဆုံးရနိုင်မည်ဟု သူက တွေးထားမိခဲ့သည်။ သူတို့၏ သာမန်ခန္ဓာကိုယ်ကတော့ ဖုန်မှုန့်များအဖြစ် ပြောင်းလဲမသွားခင် ငရဲဝိညာဉ်များ ဖြစ်သွားနိုင်သည်။

မုန့်ချီကတော့ တိုက်ရိုက်ပြန်ဖြေခြင်း မရှိဘဲ ဆက်ပြောလိုက်၏။

"လူသားတွေရဲ့ ခန္ဓာကိုယ်မှာ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိတယ်။ အဲဒါက ဒန်တျန်၊ ရင်ဘတ်အလယ်နှင့် မျက်ခုံးကြားမှာရှိတဲ့ လျှို့ဝှက်အခန်း(၃)ခုတင် မကဘူး။ အခြေခံသွေးကြောမကြီး(၁၂)ခုနဲ့ သွေးကြောမှတ်(၈)ခုဆီ ရှိတယ်။ ပြီးတော့ ကြွက်သား၊အရိုးနှင့် သွေးတွေလည်းရှိတယ်…"

မုန့်ချီက တခြားလူများကို သိုင်းပညာအခြေခံများ ပြောပြနေခြင်း မဟုတ်ဘဲ သာမန်အသိပညာများကိုသာ ပြောပြနေခြင်း ဖြစ်သည့်အတွက် သံသရာအရှင်သခင်၏ တားမြစ်မှုကို ကြောက်စရာ မလိုအပ်ပေ။

မုန့်ချီက လျှို့ဝှက်ချက်များအကြောင်း ပြောနေသည်ကို ကြားသည့်အခါ ချယ်ဝမ်ရှုကတော့ အသက်ကိုပင် ပြင်းပြင်း မရှူရဲပေ။ သူမ အသက်ရှူလိုက်သည့် အချိန်တွင် စကားတစ်လုံး လွတ်သွားမှာကို စိုးရိမ်နေခဲ့၏။

သွမ့်ရှန်ဖေး ၊ လော်ချင်းနှင့် သွမ့်မင်းချန်တို့ကတော့ ထိုမျှပြင်းထန်မှု မရှိသော်လည်း သူတို့အားလုံးက သေချာအာရုံစိုက်နေကြ၏။

"လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ကိုယ်တွင်းကလီစာတွေရှိတယ်။ ကောင်းကင်ကြီးပေါ်မှာရှိတဲ့ ကြယ်တွေလိုပဲ သွေးကြောမှတ်တွေ အများကြီးလည်း ရှိတယ်။ ပြီးတော့ နား၊ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်လို တံခါး(၉)ပေါက်လည်း ရှိတယ်…"

မုန့်ချီကတော့ အသေးစိတ်ပြောပြနေခဲ့၏။

"ကိုရင်လေး…

ဒါဆိုရင် ကျုပ်တို့က ကိုယ်တွင်းအင်္ဂါတွေနဲ့ သွေးကြောမှတ်တွေ တံခါးပေါက်တွေကို လေ့ကျင့်ဖို့ လိုအပ်တာလား…"

သွမ့်ရှန်ဖေးကတော့ အတော်လေးကို ဉာဏ်ကောင်းလှသည်။

လော်ချင်း၏ မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားမှုတစ်ခု ပေါ်လာခဲ့သည်။သူ့အတွက် တံခါးအသစ်တစ်ခု ပွင့်လာသလို ထင်မှတ်ရ၏။ ချယ်ဝမ်ရှုကလည်း မုန့်ချီကို စိုက်ကြည့်နေပြီး သူဆက်ရှင်းပြမည့် အရာများကို စောင့်ဆိုင်းနေခဲ့သည်။

"အမှန်အတိုင်းပြောရရင် အဆုံးသတ်မှာတော့ အရာအားလုံးက တစ်ခုတည်းဖြစ်သွားတာ…"

မုန့်ချီက ပုတီးကို ကိုင်ပြီး ပြောလိုက်၏။

"ခင်ဗျားတို့က စကားတစ်ခွန်းကို ကြားဖူးကြလား မသိဘူး။ မျက်လုံးကို မှိတ်လိုက်တဲ့အချိန် စိတ်ဝိညာဉ်က အသည်းထဲမှာ ပုန်းအောင်းနေလိမ့်မယ်။ ဒါကြောင့် မျက်လုံးဆိုတာ အသည်းရဲ့တံခါးပဲ….။ နားကို ပိတ်ထားတဲ့အချိန် စွမ်းအားတွေက ကျောက်ကပ်ထဲမှာ ပုန်းအောင်းနေလိမ့်မယ်။ ဒါကြောင့် နားဆိုတာ ကျောက်ကပ်ရဲ့ တံခါးပဲ.…"

ထိုအရာများကို ပြောပြလိုက်ပြီးနောက် သွမ့်ရှန်ဖေးနှင့် တခြားသူများက နားလည်သွားသည့်အလား ခေါင်းညိတ်ပြလိုက်ကြ၏။ သူတို့က နေ့စဉ်လေ့ကျင့်ခဲ့သည့် အတောအတွင်း ထိုကဲ့သို့ အတွေ့အကြုံများ ရခဲ့ဖူးသည်။

"ခန္ဓာကိုယ်တွင်း ကမ္ဘာကြီးက ပြင်ပကမ္ဘာကြီးနဲ့ ပေါင်းစပ်ချင်တယ်ဆိုရင်တော့ သဘာဝစက်ကွင်းတစ်ခုလို ဖြစ်နေသင့်တယ်။ တကယ်လို့ ကိုယ်တွင်းတံခါး(၉)ပေါက်ကိုသာ ဖွင့်ချင်တယ်ဆိုရင် သက်ဆိုင်တဲ့ သွေးကြောအမှတ်တွေကို လေ့ကျင့်ဖို့ လိုအပ်တယ်။ အဲဒီအချိန်ကျရင်တော့ သွေးကြောအမှတ်တွေကို စစ်ဆေးဖို့အတွက် စွမ်းရည်တချို့ လိုအပ်လာလိမ့်မယ်.."

မုန့်ချီက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၏ အဆင့်(၄)ကို လေ့ကျင့်ခဲ့သည့် အချိန်တွင် ထိုသွေးကြောမှတ်များကို စစ်ဆေးလှုံ့ဆော်ပြီး စုစည်းနိုင်သည့် စွမ်းရည်မျိုး ရခဲ့သည်။ သွေးကြောမှတ်များအားလုံးကို ဖွင့်ပြီးသွားမှသာ အဆင့်(၅)ကို လေ့ကျင့်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မုန့်ချီကတော့ သူတို့ကို တိုက်ရိုက်ပြောပြခဲ့ခြင်းမရှိချေ။ သူတို့ကိုယ်တိုင် ရှာဖွေခွင့်ပေးလိုက်၏။ သူတို့က မည်မျှရနိုင်မလဲဟူသည်မှာတော့ သူတို့အပေါ်တွင်သာ မူတည်ပါတော့မည်။

သွမ့်ရှန်ဖေးတို့အားလုံးက စဉ်းစားနေကြပြီး သူတို့၏ ရှေ့တွင် ကမ္ဘာသစ်ကြီးတစ်ခု တဖြည်းဖြည်း ပေါ်လာသလို ခံစားနေကြရ၏။

မုန့်ချီက ပုတီးစိပ်ခြင်းကို ရပ်တန့်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"ဒါကတော့ ဒီကိုရင်လေး သိတဲ့ အရာအားလုံးပါပဲ…။ ဒကာကြီးတို့က ကိုယ်တိုင်ရှာဖွေကြည့်ဖို့ လိုအပ်တယ်…"

သူတို့(၄)ယောက်က ချက်ချင်း မတ်တပ်ရပ်လိုက်ကြပြီး မုန့်ချီကို အရိုအသေ ပေးလိုက်ကြသည်။ ထိုကဲ့သို့ အချက်အလက်မျိုးက မေ့လျော့သွားရမည့် အရာမျိုး မဟုတ်ချေ။ သူတို့က မည်သည့်စွမ်းရည်ကိုမျှ ဂရုစိုက်နေစရာ မလိုတော့ဘဲ ချီစွမ်းအင်သွေဖယ်မှုကိုလည်း ကြောက်စရာ မလိုအပ်ပေ။ ထိုအရာက သူတို့ကို သာမန်လူသားကမ္ဘာကြီးဆီမှ ဖြည်းညင်းစွာ အဝေးသို့ တွန်းပို့လိုက်ပါလိမ့်မည်။

သူတို့က အသစ်တဖန် မွေးဖွားလာပြီး သူတို့ကိုယ်တိုင်က အရှင်သခင်များ ဖြစ်လာနိုင်တော့မည်ဖြစ်၏။

မုန့်ချီကတော့ သူတို့၏ အရိုအသေပေးမှုကို ကျေကျေနပ်နပ်ကြီး လက်ခံလိုက်သည်။ ထို့နောက် သူက သစ်သားဓားကို ကောက်ပြီး ပြောလိုက်၏။

"ဒကာကြီးလော်…

ဒကာကြီးက ကိုယ်တော်နဲ့ တိုက်ခိုက်ဖို့ ကူညီပေးနိုင်မလား…"

ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်က တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်၊ သေမျိုးဖုန်မှုန့်ကျဆင်းခြင်း ဟူသော သိုင်းကွက်နှင့် ကွဲပြားသည်။ ထိုအရာက အမှန်တကယ်ကို အသေခံသိုင်းကွက်မျိုးဖြစ်၏။ မုန့်ချီက သူ့ကို ထိခိုက်မှာ စိုးသည့်အတွက် သစ်သားဓားတစ်ချောင်းနှင့် ပြောင်းလဲထားခဲ့သည်။

မုန့်ချီ ပြောပြခဲ့သော အကြောင်းအရာများကြောင့် လော်ချင်းက တွေဝေမနေဘဲ မုန့်ချီဆီသို့ လျှောက်လာခဲ့၏။ သူက ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ဓားနှင့်ချိန်၍ ပြောလိုက်သည်။

"ကိုရင်လေးက အရင်တိုက်ပါ…"

ယနေ့လေလှိုင်းများက အစွမ်းထက်နေသည့်အတွက် မုန့်ချီ၏အင်္ကျီက လေထဲတွင် တဖျတ်ဖျတ် လွင့်နေခဲ့သည်။ သူက လော်ချင်း၏ ရှေ့သို့ဖြည်းညင်းစွာ လျှောက်လာပြီး မျက်လုံးမှိတ်လိုက်၏။ ထို့နောက် သူ၏ ဓားဆန္ဒများကို ပြင်ဆင်ထားလိုက်သည်။

"ကိုရင်လေးကျန်းတင်ရဲ့ လှုပ်ရှားမှုက တော်တော်လေးကို ထူးခြားနေတယ်…"

ချယ်ဝမ်ရှုက သွမ့်ရှန်ဖေးကို ပြောလိုက်သည်။

မကြာခင်ရက်များအတွင်း မုန့်ချီက လော်ချင်းနှင့် မကြာခဏ ဓားပညာလေ့ကျင့်ခဲ့သည်။ ထိုအချိန်တွင် မုန့်ချီ၏ဓားစွမ်းရည်က မည်မျှအားနည်းကြောင်း ချယ်ဝမ်ရှုကဲ့သို့ ဓားပညာမြတ်နိုးသော မိန်းမပျိုတစ်ယောက်က သေချာ သိနေခဲ့၏။

သူ၏ ဓားရှည်သိုင်းပညာက သူ၏ဓားမောက်သိုင်းပညာကို မီရန် အတော်လေး ဝေးကွာနေသေးသည်။ သူ၏ ဓားမောက်သိုင်းပညာက အင်မော်တယ်တစ်ပါးကဲ့သို့ သတ်မှတ်နိုင်သော်လည်း ဓားရှည်သိုင်းပညာကတော့ သိုင်းလောကတွင် ပညာရှင်အနည်းငယ်ကိုသာ ရင်ဆိုင်နိုင်စွမ်းရှိသည်။

ထိုအချက်ကို ဓားပညာရှင်တစ်ယောက်ဖြစ်သော သွမ့်ရှန်ဖေးကလည်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ယခုတော့ သူက ပို၍ပင် အံ့ဩသွားခဲ့သည်။ မုန့်ချီ၏ ဖိတ်ခေါ်နေသော ပုံစံက အလွန်ကြောက်စရာကောင်းလွန်းလှ၏။ ထိုအရာက အသက်စွန့် တိုက်ခိုက်မည့် သိုင်းကွက်တစ်ခုကဲ့သို့ ဖြစ်နေသည်။

ထိုအရာက အသေခံ တိုက်ကွက်တစ်ခုဖြစ်၏။ ထိုအရာက ဤကမ္ဘာကြီးထဲတွင် အကောင်းဆုံး ဓားပညာတစ်ခုလည်း ဖြစ်နိုင်သည်။ ကိုရင်လေးကျန်းတင်က မည်သည့်အချိန်တွင် ထိုကဲ့သို့ ထူးခြားသော ဓားပညာတစ်ခုကို နားလည်သွားရသနည်း။

သစ်သားဓားက ရှေ့ကို ဦးတည်လာခဲ့၏။ မုန့်ချီက တခြားအတွေးများအားလုံးကို ဖယ်ထုတ်လိုက်ပြီး ဖိတ်ခေါ်သည့် အမူအရာနှင့် ဓားသိုင်းကွက်များကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။

ဓားရောက်လာသည့်အချိန်တွင် ပြောင်းလဲမှုပေါင်းများစွာက ပျောက်ကွယ်သွားပြီး အရိုးရှင်းဆုံး ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။ မုန့်ချီ၏ အတွင်းအား၊ ချီစွမ်းအား၊ စိတ်ဝိညာဉ်နှင့်စိတ်ဆန္ဒများအားလုံးက ထိုဓားကွက်ထဲတွင် ပေါင်းစပ်နေခဲ့သည်။

သူက ပြင်ပကမ္ဘာကြီးနှင့် လုံးဝကို သီးခြားဖြစ်တည်နေခဲ့၏။ သူမြင်နေရ ကြားနေရသည့် အရာအားလုံးက ဓားအလင်းတန်းနှင့် ဓား၏ အသံသာ ဖြစ်သည်။ ကျန်းကျိဝေ၏ စကားအရ ထိုအရာကသာ ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်၏ အဓိကသော့ချက်လည်းဖြစ်၏။

သို့သော် မုန့်ချီက ယခုအချိန်ထိ ထိုအရာကို နားမလည်နိုင်ခဲ့ပေ။ ထိုကဲ့သို့ သန့်စင်သောဓားချက်တစ်ခုက မည်သည့်အရာများ ဖြစ်လာနိုင်မည်နည်း။ ထိုဓားချက်က အသေခံသိုင်းကွက်တစ်ခုဖြစ်သည်။ သူက အရာအားလုံးကို စွန့်လွှတ်လိုက်ရမည်ဖြစ်ပြီး ထိန်ချန်ထားရန် လုံးဝမရှိချေ။

သူ့ဆီ၌ အနည်းငယ် ထိတ်လန့်မှုရှိနေလျှင် သို့မဟုတ် သံသယအနည်းငယ် ရှိနေလျှင် ထိုဓားချက်၏ အစွမ်းက သိသိသာသာ လျော့ကျသွားပါလိမ့်မည်။ မုန့်ချီက သေဆုံးခြင်းကို မကြောက်တော့သည့်အချိန်တွင် သူ၏ စိတ်နှင့်ဓားက တစ်သားတည်း ပေါင်းစပ်သွားခဲ့သည်။ သူက အရာအားလုံးကို မေ့ပစ်လိုက်ပြီး အရှိအတိုင်း တိုက်ခိုက်လိုက်၏။

သူ့ကို ခြိမ်းခြောက်နိုင်သော အန္တရာယ်အခက်အခဲ တစ်ခုမျှ မရှိချေ။ သူသေရမည်ဆိုလျှင်ပင် ပြိုင်ဘက်ကတော့ သူနှင့်အတူ သေရမည်ဖြစ်၏။ အကယ်၍ ယမမင်းကသာ ညအချိန်၌ သူ့ကို လိုချင်နေသည်ဆိုလျှင် မည်သူကမျှ သူ့ကို အာရုံတက်သည့်အချိန်ထိ ဆွဲထားရဲလိမ့်မည် မဟုတ်ချေ…။

ထိုဓားချက်က ပြိုင်ဘက်ကို သတ်ပစ်နိုင်ပြီး ကြောက်လန့်သွားစေနိုင်သည်။ အသေခံသိုင်းကွက် ဟူသည်မှာ အတော်လေး ကြောက်စရာကောင်း၏။

မုန့်ချီ၏ နားတံခါးကလည်း ဉာဏ်အလင်းပွင့်ရန်အတွက် ပြည့်စုံနေပါပြီ။ သူက ထိုဓားချက်နှင့်အတူ ဖွင့်လိုက်နိုင်ပြီး သဘာဝအတိုင်း အဆင့်တက်ရန် ကြိုးစားနေခဲ့၏။

ပတ်ပတ်လည်တွင် ရှိနေသော အသံတိုင်းက မုန့်ချီ၏နားထဲတွင် ထင်ထင်ရှားရှားကို ပေါ်လာခဲ့သည်။ စကားပြောနေသံများ၊ လေတိုက်ခတ်နေသံများ၊ ပိုးကောင်များ အော်ဟစ်နေသံများ၊ ပုရွက်ဆိတ်များ သွားနေသည့်အသံများအားလုံးကို သူက ကြားနေနိုင်၏။

သူ၏ ကျောက်ကပ်ထဲတွင် ရှိနေသော စွမ်းအင်နှင့် ချီစွမ်းအင်များက အသက်ဝင်နေခဲ့ကြ၏။ သို့သော် သူက ထိုအရာများအားလုံးကို မေ့လျော့ထားခဲ့သည်။ သူ့မျက်လုံးထဲတွင် ဓားအလင်းတန်းတစ်ခုတည်းသာ ရှိ၏။

သစ်သားဓားက တခဏအတွင်း လေထဲကို ဖြတ်သန်းလာပြီး လော်ချင်း၏ ခုခံမှုကို ဖြတ်ကျော်၍ သူ၏ မျက်ခုံးတည့်တည့်ကို တိုက်ခိုက်လိုက်မိသည်။ ထိုအရာက လော်ချင်း၏ အရှိန်ထက်ပင် ပို၍ မြန်နေသေး၏။

သွမ့်ရှန်ဖေး၊ချယ်ဝမ်ရှုနှင့် သွမ့်မင်းချန်တို့အားလုံးက မှင်တက်သွားခဲ့ကြသည်။

ဒုတ်….

လော်ချင်းက နောက်သို့ ယိုင်သွားပြီး မြေပေါ်သို့ လဲကျမတတ် ခံစားလိုက်ရ၏။ ခေါင်းထဲတွင်လည်း မူးဝေဝေဖြစ်သွားပြီး မျက်လုံးများက ပြာနှမ်းသွားခဲ့သည်။

မုန့်ချီ သုံးလိုက်သော ဓားပညာက အသေခံသိုင်းကွက်တစ်မျိုးဖြစ်သည်။ အကယ်၍ မုန့်ချီ၏ အတွင်းအားများကသာ လုံလောက်အောင် အစွမ်းထက်မည်ဆိုလျှင် လော်ချင်းက သူ၏ချီစွမ်းအင်များနှင့် ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။သူက သေချာပေါက် အသတ်ခံရမည်ဖြစ်၏။

သို့သော် မုန့်ချီကသာ ထိုအရာကို ကြိုသိခဲ့မည်ဆိုလျှင် လော်ချင်းကို ခေါင်းစွပ်တစ်ခု ဝတ်ထားရန် ကြိုတင်တောင်းဆိုမိခဲ့မည်ဖြစ်သည်။ ယခုတော့ မုန့်ချီကိုယ်တိုင်ပင် အံ့ဩနေခဲ့၏။

ထို့နောက် သူက ကျေနပ်စွာ ရယ်လိုက်ပြီး သစ်သားဓားကို ပြန်သိမ်း၍ မည်သူမျှမရှိတော့သည့်အလား အခန်းထဲသို့ တိတ်တဆိတ်ပြန်လျှောက်သွားခဲ့သည်။ သူက ရာမဖိတ်ခေါ်ခြင်းကို သုံးလိုက်သည့်အချိန်တွင် နားတံခါးကလည်း အလိုလို ပွင့်သွားခဲ့၏။

"ကံကောင်းလိုက်တာ…။ င့ါရဲ့အဆင့်တွေက ချက်ချင်းကို ခိုင်မာသွားပြီ…"

သူ၏ ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်ကို အောင်အောင်မြင်မြင် သုံးနိုင်ခဲ့သည်။ သူက ပြည့်ပြည့်ဝဝ နားမလည်သေးသည့်အတွက် အကျိုးသက်ရောက်မှုက ကျန်းကျိဝေထက် အဆပေါင်းများစွာ အားနည်းသော်လည်း သေချာပေါက် ဝှက်ဖဲတစ်ခုဖြစ်နိုင်သည်။

လော်ချင်းက သတိ ပြန်ဝင်လာပြီးနောက် သွမ့်ရှန်ဖေးတို့အားလုံးကို ကြည့်နေမိခဲ့၏။ ခံစားချက်မရှိသော သူ၏မျက်နှာအမူအရာကလည်း ပြောင်းလဲနေပြီး လေးလေးနက်နက် သက်ပြင်းချလိုက်မိသည်။

"ဒီဓားချက်ကို လုံးဝခန့်မှန်းလို့ မရဘူး…။ ဒါက အင်မော်တယ် နယ်မြေမှာ ရှိနေတဲ့ ဓားပညာတစ်ခုလို့တောင် ခံစားနေမိတယ်…."

သူ၏ မျက်လုံးထဲတွင် စိတ်ဆန္ဒများ ပြည့်နှက်နေခဲ့သည်။ သူကတော့ လူသားနတ်ဘုရားအတားအဆီးကို ဖြတ်ကျော်ပြီး အင်မော်တယ်နယ်မြေသို့ တက်လှမ်းခွင့်ကို ရချင်နေခဲ့၏။

သွမ့်ရှန်ဖေးကလည်း သက်ပြင်းချလိုက်မိသည်။

"ငါက ဓားပညာကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လက်လျှော့လိုက်တာ ကံကောင်းတယ်လို့ ခံစားမိခဲ့တယ်။ အခု ဒီဓားသိုင်းကို မြင်တော့ ငါက ဓားကိုင်ရဲတဲ့ သတ္တိတောင် မရှိတော့ဘူး…."

ချယ်ဝမ်ရှုနှင့် သူတို့အားလုံးကတော့ အလွန်ထိတ်လန့်ပြီး မသက်မသာ ခံစားနေကြရသည်။ သို့သော် သူတို့က မုန့်ချီနှင့် ဓားပညာရင်ဆိုင်ခဲ့ရသည့်အပေါ် မျက်နှာပျက်နေရမည့်အစား ပို၍ပင် ဝမ်းသာနေခဲ့ကြ၏။

Translated by Hein Htet

All Chapters