အခန်း (၁၁၉)
Vol. 8 Ch. 119
အငွေ့အသက်တစ်ခုက ညအချိန် ထွက်ပေါ်လာပြီး တိမ်တိုက်များကပင် နီရဲသွားခဲ့သည်။ ထိုအရာက လေ့ကျင့်ရေးအခန်းထဲသို့ လွှမ်းခြုံသွားခဲ့ပြီး အတွင်းထဲတွင် တောက်ပသည့် အလင်းရောင်များ ပြည့်နှက်နေခဲ့၏။
မနက်ခင်း နေရောင်ခြည် ထွက်ပေါ်လာပြီး နေနှင့်ည ပြောင်းလဲသွားသည့်အချိန်တွင် မုန့်ချီက တရားထိုင်နေရာမှ မျက်လုံးဖွင့်ကြည့်လိုက်၏။ အလွန်သိပ်သည်းသော ရွှေရောင်အလင်းတန်းများထဲတွင် သူ၏မျက်လုံးကတော့ ခရမ်းရောင် မီးခိုးငွေ့များကို မြင်နေရသည်။
သူ၏နားထဲတွင်လည်း ပိုးကောင်များ တွားသွားနေသည့် အသံများ ၊ တခြစ်ခြစ် မြည်သံများ ၊ လေတိုးသံများကို ကြားနေရသည်။ ည၏တိတ်ဆိတ်ငြိမ်သက်မှုက သက်ဝင်လှုပ်ရှားမှုများနှင့် အစားထိုး ဝင်ရောက်လာခဲ့၏။
ရက်ပေါင်းများစွာ ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့ပြီးနောက် သူ၏နားတံခါးက အဆင်သင့် ဖြစ်လာသလို နားတံခါး၏ အားနည်းချက်များ အားလုံးကိုလည်း ဆေးရည်အကူအညီမလိုဘဲ သူကိုယ်တိုင် ဖယ်ရှားနိုင်ခဲ့သည်။ ထို့ကြောင့် သူက အဆင့်သစ်တစ်ခုကို ရောက်ရှိသွားခဲ့၏။ ထိုအရာက ကုန်ဆုံးသွားသည့် သံသရာလက်မှတ်နှင့် အတော်လေးကို ထိုက်တန်လွန်းလှသည်။
မုန့်ချီက သူ၏ဘယ်လက်ထဲတွင် ရှိနေသော ပုတီးကို သတိလက်လွတ် ကိုင်လိုက်မိ၏။ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နှင့် ပြောင်းလဲမှုကျင့်စဉ်တို့ တိုးတက်မှု နှေးကွေးနေခြင်းကလွဲလျှင် တခြားအရာများ အားလုံးက ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိခဲ့သည်။
သူက ချန်းဟွာကျောင်းဆောင်ထဲတွင် ရက်ပေါင်းများစွာ နေခဲ့သော်လည်း ဆရာတော်ယွမ်မုန့်၏ အမွေအနှစ်များကို မတွေ့ခဲ့ရသလို တန်ဖိုးရှိသည့် သတင်းများကိုလည်း မရခဲ့ပေ။ တစ်ခုတည်းသော သဲလွန်စကတော့ “စိတ်ဝိညာဉ်တောင်တန်းဆိုတာ ဘယ်နေရာမှာလဲ”ဟူသည့် စာတစ်စောင်သာ ဖြစ်သည်။
"ဒေါက် ဒေါက် ဒေါက်... "
လူတစ်ယောက်က တံခါးလာခေါက်လိုက်သည်။
"ဒကာမကြီးချယ် ၊ ဒကာကြီးရှန့် …
တံခါးဖွင့်ပြီး ဝင်လာလို့ရပါတယ်... "
နားတံခါး ဖွင့်လိုက်ပြီးနောက် မုန့်ချီက သူတို့၏ခြေသံကို အလွယ်တကူ စစ်ဆေးကြည့်နိုင်သည်။
တံခါးဖွင့်သံနှင့်အတူ ချယ်ဝမ်ရှုက သူမ၏ခင်ပွန်းကိုခေါ်ပြီး အခန်းထဲသို့ ဝင်လာခဲ့၏။
"ကိုရင်လေးက သိပ်မကြာခင် ထွက်သွားတော့မယ်လို့ လေလွင့်ဆရာကြီးက ပြောခဲ့တယ်..။ အဲဒါဟုတ်ရဲ့လား... "
ချယ်ဝမ်ရှုက တိုးတိုးလေး မေးလိုက်၏။
ပုတီးစိပ်နေစဉ် မုန့်ချီက သိက္ခာတော်ရ ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ပြောင်းလဲသွားခဲ့သည်။
"အော်မိတော်ဖော်...
လူသားကမ္ဘာကြီးနဲ့ ပတ်သက်မှုက အဆုံးသတ်ဖို့ အချိန်ရောက်ပြီလေ..။ ကျုပ်က ရေစက်ဆုံတဲ့သူတွေအတွက်လည်း အတတ်နိုင်ဆုံး ဆုတောင်းပေးပြီးသွားပြီ ။ ဒီတော့ လူသားကမ္ဘာကြီးမှာ ဆက်နေဖို့ မသင့်တော်ဘူး... "
ချယ်ဝမ်ရှုက နောင်တရစွာ ပြောလိုက်သည်။
"ကိုရင်လေးရဲ့ဓားပညာက ကောင်းကင်ဘုံနဲ့ ဆက်သွယ်နိုင်တယ်... ။ ကျွန်မက ကိုရင်လေးဆီကနေ သင်ကြားခွင့်ရတာ တကယ့်ကို အခွင့်အရေးတစ်ခုပါပဲ ။ ကျွန်မတို့က ရက်ပေါင်း (၄၀) လောက်ပဲ အတူတူနေခွင့်ရတာတော့ နှမြောဖို့ကောင်းတယ်... "
သူမက ခဏရပ်လိုက်ပြီး ဆက်ပြောလိုက်၏။
"လေလွင့်စရာကြီးက ကိုရင်လေးအတွက် သာမန်သိုင်းကျမ်းတွေ စုဆောင်းနေတာကို ကျွန်မက သိခဲ့ရတယ်...။ အထူးသဖြင့် သွေးကြောပိတ်တဲ့ သိုင်းကျမ်းတွေလေ..။ ဒီတော့ ကျွန်မက ကိုရင်လေးအတွက် အိမ်က သိုင်းကျမ်းတစ်အုပ် ယူလာခဲ့တယ်... ။ အဲဒါကို နှင်းပျော်သွေးကြောလက်လို့ ခေါ်တယ်... "
မုန့်ချီ၏ ညွှန်ကြားပြသမှုများကြောင့် သူမကလည်း ကျေးဇူးတရားများကို ပြန်လည် ပေးဆပ်ချင်ခဲ့သည်။ ထို့ကြောင့် ကိုရင်လေးက မည်သည့်အရာကို လိုအပ်နေကြောင်း သွမ့်ရှန်ဖေးကို မေးခဲ့၏။
သွမ့်ရှန်ဖေးကလည်း သူမ၏အတွေးကို သိနေသည့်အတွက် သူမ၏စကားမဆုံးသေးခင် ကိုရင်လေးက သွေးကြောပိတ်ခြင်းနှင့် သက်ဆိုင်သည့် သိုင်းကျမ်းများ လိုအပ်နေကြောင်း ပြောခဲ့၏။
အမှန်အတိုင်းပြောရလျှင် ချယ်မိသားစု၏ နှင်းပျော်သွေးကြောလက်က သူမ၏ နှင်းဓားသိုင်းပညာကဲ့သို့ အလွန်နာမည် ကျော်ကြားသည်။
"ဒကာမကြီးချယ်က အရမ်းကြင်နာတတ်တာပဲ ။ ကျုပ်က တကယ်ကိုပဲ ဝမ်းသာမိပါတယ်... "
မုန့်ချီက သူမ၏ရည်ရွယ်ချက်ကို သိနေသည့်အတွက် လက်ခံလိုက်သည်။ သူကိုယ်တိုင်ကလည်း သွေးကြောပိတ်သည့် နည်းလမ်းများကို အမှန်တကယ် လိုအပ်နေခဲ့၏။
မုန့်ချီက မငြင်းခဲ့သည့်အတွက် ချယ်ဝမ်ရှုက စိတ်သက်သာရာ ရသွားခဲ့သည်။ သူမက ထိုကဲ့သို့အရာမျိုးကို မပေးနိုင်ခဲ့လျှင် သိုင်းပညာလေ့ကျင့်မှု၌ ဆက်လက် အာရုံစိုက်တော့မည် မဟုတ်ချေ။
မုန့်ချီက အပြာရောင် မျက်နှာဖုံးအုပ်ထားသည့် သိုင်းကျမ်းကို လှမ်းကြည့်လိုက်သည်။ ထိုအရာက ထိပ်တန်းသွေးကြောပိတ် သိုင်းပညာတစ်ခု မဟုတ်သော်လည်း ဉာဏ်အလင်းပွင့်မှုအဆင့် ရှိနေကြောင်း တွေ့လိုက်ရသည်။
ထိုအရာက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ထဲတွင် ပါဝင်နေသော သွေးကြောပိတ်ခြင်းနှင့် သွေးကြောဖွင့်ခြင်း နည်းလမ်းများထက် ပို၍ကောင်းမွန်နေပြီး ရေတိုအတွက် အသုံးပြု၍ ရနိုင်သည်။
"ကိုရင်လေး ဒါက ကူးထားတာပါ... ။ ကိုရင်လေးက သေချာသိမ်းပြီး ဖတ်ကြည့်လိုက်ပါဦး... "
ချယ်ဝမ်ရှုနှင့် သခင်ကြီးရှန့်တို့က သူ၏လေ့ကျင့်မှုကို နှောင့်ယှက်မိမှာ စိုးသည့်အတွက် သိုင်းကျမ်းကို ချန်ထားပြီး ပြန်ထွက်သွားခဲ့ကြသည်။
သွေးကြောပိတ်သည့် နည်းလမ်းများက အမှန်တကယ် လေ့ကျင့်ရသော နည်းလမ်းများ ဖြစ်၏။ မုန့်ချီကတော့ အလွန်နက်ရှိုင်းသော အတွင်းအားများ ရှိနေသလို အခြေခံအသိပညာနှင့် သိုင်းပညာအုတ်မြစ်လည်း ရှိသည်။ ထို့ကြောင့် သူက စတင်လေ့ကျင့်ရန် မခက်ပေ။
သူက သိုင်းကျမ်းကို ဖတ်ကြည့်နေသည့်အချိန်တွင် တံခါးခေါက်သံတစ်ခုကို ကြားလိုက်ရပြန်သည်။
"ဒကာကြီးလော် …
ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ... "
မုန့်ချီက အပြုံးနှင့် ခေါင်းခါလိုက်မိသည်။
ထိုအချိန်တွင် ဝတ်စုံဖြူဝတ်ထားသော လော်ချင်းက မျက်နှာတည်နှင့် ဝင်လာခဲ့၏။
"ကိုရင်လေး …
ဒါက ကျုပ်ရဲ့ဓားသိုင်းကျမ်းတွေနဲ့ လေ့ကျင့်ထားခဲ့တဲ့ အတွေ့အကြုံတွေပါ... ။ ကိုရင်လေးက ဓားရှည်သိုင်းပညာကို လေ့ကျင့်တဲ့အချိန်ကျရင် ဒါတွေကိုဖတ်ပြီး အကြံဉာဏ်တွေ ရပါလိမ့်မယ်... "
ထိုလူက ဝတ်စုံဖြူမည်မျှ ပိုင်ဆိုင်ထားသနည်း။ မုန့်ချီက ထူးဆန်းစွာ တွေးနေမိခဲ့သည်။ သူက ထိုအရာကို ငြင်းဆန်နေခြင်း မရှိဘဲ ကျေနပ်စွာ လက်ခံထားလိုက်၏။ သူက အနည်းငယ် တွေဝေနေမည်ဆိုလျှင် လော်ချင်းက အရှက်ရသွားပါလိမ့်မည်။
လော်ချင်းက စကားများသော လူတစ်ယောက် မဟုတ်ချေ။ သူက လက်ဆောင်ပေးပြီးနောက် ထွက်ခွာသွားခဲ့သည်။ မုန့်ချီက နှင်းပျော်သွေးကြောလက်ကို ဆက်ဖတ်နေခဲ့သည့် အချိန်တွင် တံခါးခေါက်သံကို နောက်တစ်ကြိမ် ကြားလိုက်ရ၏။
"ဒကာကြီးသွမ့် ဝင်လာခဲ့ပါ...။ ဘာလို့ အတူတူမလာခဲ့ကြရတာလဲ... "
မုန့်ချီက မသက်မသာ ပြောလိုက်၏။
သွမ့်ရှန်ဖေးက အပြုံးနှင့် အခန်းထဲသို့ ဝင်လာခဲ့ပြီး သူ၏ ဘယ်လက်ထဲတွင်တော့ ရွှေရောင်ဓားအိမ်နှင့် ဓားရှည်တစ်ချောင်းကို ကိုင်ထားခဲ့သည်။
"လက်ဆောင်ပေးတာက သီးသန့်ဆီလုပ်သင့်တဲ့ အရာတစ်ခုပဲလေ... ။ တကယ်လို့ သူတို့ရှေ့မှာ ပေးလိုက်မယ်ဆိုရင် ကျုပ်တို့ရဲ့လက်ဆောင်တွေက ကောင်းတာ ဆိုးတာတွေ အချင်းချင်း စိုးရိမ်နေရမှာပေါ့... "
လက်ဆောင်ပေးခြင်းဟူသည်မှာ သူတို့၏သဘောထားကို ပြသခြင်းသာ ဖြစ်သည်။ အကယ်၍ သူတို့၏လက်ဆောင်ကသာ တခြားလူများကဲ့သို့ တန်ဖိုးရှိခြင်းမရှိလျှင် သူတို့က ရှက်ရွံ့သွားကြပါလိမ့်မည်။ အကယ်၍ လက်ဆောင်က ပိုကောင်းနေမည် ဆိုလျှင်လည်း တခြားသော လက်ဆောင်ပေးသူများက အရှက်ရသွားစေနိုင်၏။
ထို့ကြောင့် မလိုလားအပ်သော အခြေအနေများ ဖြစ်လာစေနိုင်သည်။ ထို့ကြောင့် လက်ဆောင်ကို သီးခြားဆီပေးခြင်းက အကောင်းဆုံးဖြစ်၏။
"ဒါလည်း ဟုတ်တာပါပဲ …"
မုန့်ချီက အပြုံးနှင့် ခေါင်းခါလိုက်မိသည်။ ထိုမြေခွေးအိုကြီးကတော့ အရာရာတိုင်းကို စဉ်းစားပေးတတ်၏။
"ကြည့်ရတာ ဒီဓားရှည်က အဘိုးကြီးသွမ့် ကျုပ်ကို ပေးချင်တဲ့လက်ဆောင်လား... "
သွမ့်ရှန်ဖေးက ရယ်လိုက်၏။
"ဟုတ်ပါတယ်..။ ကိုရင်လေးမှာ ဓားမောက်ကောင်းတစ်လက် ရှိတာကို မြင်ခဲ့ပေမယ့် ဓားရှည်ကောင်းတစ်လက်တော့ မတွေ့ဘူးလေ... ။ ဒါကြောင့် ကိုရင်လေးကို ဒီဓားလက်ဆောင်ပေးချင်တာပါ... "
သူက ရပ်ပြီး ပြောလိုက်သည်။
"ဒီဓားက နှင်းနတ်ဘုရားနန်းတော်မှာ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းထားတဲ့ ဓားတစ်ချောင်းပါပဲ ။ ဒါက ကျုပ်ရဲ့ညာလက်ချောင်းတွေ ပြတ်သွားခင် ကိုင်ခဲ့ဖူးတဲ့ဓားလေ..။ ဒါကို ရေခဲပေါ်တယ်ဓားလို့ခေါ်တယ်..။ တစ်ချိန်တုန်းကတော့ ကျုပ်က မင်းချန်ကိုပေးခဲ့ဖူးတယ်..။ ဒါပေမယ့် သူက ဓားပညာကို အလုံအလောက် မလေ့ကျင့်ဘဲ လက်ဝါးသိုင်းပညာကို ပိုပြီးစိတ်ဝင်စားတယ်..။ ဒီတော့ ဒီဓားက ဖုန်တက်နေတဲ့ အလှပစ္စည်းသက်သက်ပဲ ဖြစ်နေခဲ့တာ..။ တကယ်လို့ သူသာ တစ်နေ့နေ့မှာ လေ့ကျင့်ချင်တယ်ဆိုရင်တော့ ကျုပ်ကသူ့အတွက် ဓားကောင်းတစ်လက်ကို ရှာပေးလို့ရပါသေးတယ်... "
သူက မြေခွေးအိုကြီးတစ်ယောက် ဖြစ်သည့်အတွက် စဉ်းစားနေစရာမလိုဘဲ မုန့်ချီက ထိုဓားကို လက်ခံမည်ဖြစ်ကြောင်း သေချာပေါက် သိနေခဲ့သည်။ ထို့ကြောင့် သူက သေချာမမောနိုင်မပမ်းနိုင် ရှင်းပြနေခဲ့၏။
မုန့်ချီက ခေါင်းညိတ်ပြီး ရေခဲပေါ်တယ်ဓားကို လက်ခံလိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ ထုတ်ကြည့်လိုက်၏။ ဓားကို ဆွဲထုတ်လိုက်သည့်အချိန်တွင် ဓားသွားနှင့် ဓားအိမ်က စည်းချက်ကျစွာ အသံထွက်လာခဲ့သည်။
ထိုအသံကြောင့် ဓားက မည်မျှထက်မြက်ကြောင်း ပြောပြနေခဲ့၏။ ဓား၏အရွယ်အစားနှင့်အထူက သာမန်သာဖြစ်သော်လည်း အရာဝတ္ထုများကတော့ ကြည်လင်နေပုံရသည်။
ထိုအရာက ရေခဲသလင်းကျောက်နှင့် ထုဆစ်ထားပုံရပြီး အေးစက်သော ရေခဲစွမ်းအင်များ လွှမ်းခြုံနေခဲ့၏။ ဓား၏ကိုယ်ပိုင် ရေခဲချီစွမ်းအင်များနှင့်ပင် ရန်သူကို တိုက်ခိုက်လိုက်သည့် အချိန်တိုင်း အေးခဲသွားသော အကျိုးသက်ရောက်မှုများ ရှိနိုင်သည်။
မုန့်ချီက ထိုဓားကို သေချာစစ်ဆေးကြည့်လိုက်ပြီး ဓားအိမ်ထဲတွင် ထည့်၍ ဘေးတွင် ချထားလိုက်သည်။ သွမ့်ရှန်ဖေး ထွက်သွားပြီးနောက် မုန့်ချီက တိတ်ဆိတ်ငြိမ်သက်မှုကို ရခဲ့သည်။ ထို့ကြောင့် သူလည်း သွေးကြောပိတ် သိုင်းပညာကို လွတ်လွတ်လပ်လပ် ဖတ်ရှုနေခဲ့၏။
အချိန်တော်တော်ကြာပြီးနောက် ဧည့်ကြိုကိုယ်တော်က စာတစ်စောင်နှင့်အတူ သူ့ဆီသို့ ရောက်လာခဲ့သည်။
"ညီတော်လေးကျန်းတင် လူတစ်ယောက်က စာပို့လိုက်တယ်... "
ယခုဧည့်ကြိုကိုယ်တော်နှင့် မုန့်ချီတို့ကတော့ အတော်လေး ရင်းနှီးနေပြီ ဖြစ်သည့်အတွက် အချင်းချင်း ညီတော် ၊ အစ်ကိုတော်ဟုသာ ခေါ်ဆိုနေကြသည်။ မုန့်ချီက ထိုစာကို ရှုပ်ထွေးစွာ ယူကြည့်လိုက်မိ၏။
ဤကမ္ဘာကြီးထဲတွင် သူနှင့် အသိအကျွမ်း ဖြစ်သည့်သူက အနည်းငယ်သာ ရှိကြောင်း သိနေခဲ့သည်။ မည်သူက သူ့ကို ထိုစာပို့လိုက်သနည်း။ ကွေကျင်းရှုလော။ ကျန်းကျုံးရှန်နှင့် သူ့ဇနီးပေလော။ သို့မဟုတ် ယန်ကျိမြစ်တောင်ပိုင်း သူရဲကောင်း (၄)ဖော်ပေလော..
စာအိတ်ပေါ်တွင် ရှိနေသော တံဆိပ်ကို မြင်လိုက်သည့်အချိန်တွင် ထိုအရာက လက်ဝါးရာတစ်ခု ဖြစ်နေသည်။ ထိုလက်ဝါးရာတွင် လက် (၅) ချောင်းအရာပေါ်နေပြီး မကောင်းဆိုးဝါး အငွေ့အသက်များ လွှမ်းခြုံနေ၏။
"ဒါက ကိုင်ယွမ်ရဲ့သင်္ကေတပဲ …"
သွမ့်ရှန်ဖေးက ချက်ချင်း မှတ်မိသွားခဲ့သည်။
"သူက သိုင်းလောက ကနေ ပျောက်နေတာ (၂) နှစ်လောက်ရှိပြီ ။ အခု ကိုရင်လေးကြောင့် ပြန်လာခဲ့တာဖြစ်မယ်... "
"လူဝင်စား ကောင်းကင်မကောင်းဆိုးဝါး ကိုင်ယွမ်လား... "
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး စာအိတ်ကို စစ်ဆေးကြည့်လိုက်၏။ ထို့နောက် သူက စာကို ဖွင့်ဖတ်လိုက်သည်။
"ကောင်းကင်နဲ့ဆက်သွယ်ထားတဲ့ ဓားချက်ဆိုတာကို ကြားလိုက်ရတဲ့အချိန်မှာ ငါက တော်တော်လေး ဝမ်းသာခဲ့တယ်...။ နောက်ဆုံးမှာတော့ ငါ့ရဲ့အစွမ်းကိုပြသဖို့ ထိုက်တန်တဲ့လူတစ်ယောက် ရောက်လာခဲ့ပြီ ။ ငါက လျှို့ဝှက်အခန်း (၃) ခုလုံး ပွင့်သွားပြီ ။ မနက်ဖြန်နေ့လယ်ကျရင် မင်းနဲ့ တိုက်ခိုက်ဖို့အတွက် ငါကိုယ်တိုင ်ရောက်လာခဲ့မယ်... ။ ကျေးဇူးပြုပြီး ငါ့ကိုစောင့်နေပါ... ။ ထွက်မပြေးပါနဲ့ ။ ကိုင်ယွမ်... "
"သူက စိတ်ဝိညာဉ်လျှို့ဝှက်အခန်းတောင် ပွင့်သွားပြီလား... "
မုန့်ချီက စာကို ဖတ်နေစဉ် ချယ်ဝမ်ရှုက မေးလိုက်သည်။ ကိုင်ယွမ်က သူမနှင့်အဆင့်တူ ဖြစ်ခဲ့ပြီး အသက်နှင့် ချီစွမ်းအင် လျှို့ဝှက်အခန်း (၂) ခုသာ ပွင့်ခဲ့သည်။ သူတို့ဆီတွင် ထူးခြားဆန်းကြယ်သော ကိုယ်ပိုင် သိုင်းကွက်များ ရှိနေသော်လည်း သူတို့နှစ်ယောက်လုံးက ကွေရှုနှင့် စိတ်ဝိညာဉ်လျှို့ဝှက်အခန်းပွင့်နေသော တခြားသိုင်းသခင်များထက် ပို၍အားနည်းကြသည်။
သို့သော် ယခုတော့ သူက စိတ်ဝိညာဉ် လျှို့ဝှက်အခန်းကိုပင် တိတ်တဆိတ် ဖွင့်ပြီးသွားပြီဖြစ်ပြီး ဤကမ္ဘာကြီးထဲတွင် လျှို့ဝှက်အခန်း (၃)ခုလုံး ဖွင့်ပြီးသော ပထမဆုံးသိုင်းသခင်တစ်ယောက် ဖြစ်လာခဲ့သည်။ ထိုအရာက ကိုရင်လေးကျန်းတင် ပြီးသွားလျှင် အံ့ဩစရာအကောင်းဆုံး သတင်းတစ်ခုလည်း ဖြစ်သည်။
သွမ့်ရှန်ဖေးက ခဏကြာငြိမ်သက်သွားပြီး လေးလေးနက်နက် သက်ပြင်းချလိုက်၏။
"အချိန်နဲ့ဒီရေက လူကိုမစောင့်ပါလား..။ ကိုင်ယွမ်နဲ့ ယှဉ်လိုက်မယ်ဆိုရင် ငါက တကယ့်ကို ရည်မှန်းချက် ပျောက်ဆုံးနေတယ်..။ သူက သိုင်းလောကမှာ ပေါ်မလာဘူးဆိုတာ စိတ်ဝိညာဉ်လျှို့ဝှက်အခန်းကိုဖွင့်ဖို့ အာရုံစိုက်နေလို့ပဲ…"
ကိုင်ယွမ်က သူ့ထက် အသက်ပေါင်းများစွာ ငယ်ရွယ်ပြီး အမြင့်ဆုံးအဆင့်ကို ရောက်နေခဲ့သည်။ လော်ချင်းကတော့ စကားတစ်ခွန်းမျှမပြောဘဲ ခါးတွင် ချိတ်ထားသော ဓားရှည်ကို ကိုင်ကြည့်နေခဲ့၏။
မုန့်ချီက အပြုံးနှင့် စာကိုပြန်ချလိုက်သည်။
"ဒါဆိုလည်း ကိုင်ယွမ် ရောက်လာမယ့်အချိန်ကို စောင့်ကြတာပေါ့... "
လူဝင်စား ကောင်းကင်မကောင်းဆိုးဝါး ကိုင်ယွမ်က လူပေါင်းများစွာကို သတ်ပစ်ခဲ့ပြီး မကောင်းမှုများစွာကို ကျူးလွန်ခဲ့သည်။ မုန့်ချီက သူ့အစွမ်းကို ထိန်ချန်ထားရန် မလိုအပ်ပေ။
"ကိုရင်လေးက သတိထားဖို့တော့ လိုလိမ့်မယ်... ။ ကိုင်ယွမ်က သူ့ရဲ့သွေးကြောအမှတ်တွေကို စုစည်းပြီး တံခါး (၉) ပေါက်မပွင့်သေးပေမယ့် လျှို့ဝှက်အခန်း (၃) ခုပွင့်နေတာက တော်တော်လေးကို ကြောက်စရာကောင်းတယ်..."
ချယ်ဝမ်ရှုက စိုးရိမ်စွာ ပြောလိုက်သည်။
သွမ့်ရှန်ဖေးကလည်း ခေါင်းညိတ်ပြလိုက်၏။
"အခန်း (၃) ခုကို စုစည်းပြီး တစ်ခုတည်း ပေါင်းစည်းနိုင်တယ်..။ သူ့ရဲ့အစွမ်းက အနည်းဆုံးတော့ ငါ့ထက်သာတယ်... "
နှင်းနတ်ဘုရားနန်းတော်တွင် ထိုကဲ့သို့ အချက်အလက်များစွာကို မှတ်တမ်းတင်ထားခဲ့သည်။ ထို့ကြောင့် သွမ့်ရှန်ဖေးက အတော်လေး နားလည်ထားခဲ့၏။
မုန့်ချီကတော့ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
"ကျုပ်က နားလည်ပါတယ်. ။ ကျုပ်က သူ့ကိုလျှော့တွက်ထားမှာ မဟုတ်ပါဘူး...”
“ဒီလိုအချိန်မျိုးမှာ ငါ ထွက်မသွားခင် လူတစ်ယောက်က ငါနဲ့လာပြီး တိုက်ခိုက်နေတယ်..။ ငါက ငါ့ရဲ့စွမ်းအားတွေ အားလုံးကိုစုစည်းပြီး ဓားချက်တစ်ချက်တည်းနဲ့ အဆုံးသတ်နိုင်ဖို့ ကြိုးစားရမယ်... ။ ငါက စွန့်လွှတ်ခြင်းကျင့်စဉ်ကိုတောင် သုံးလို့မဖြစ်ဘူး... "
အန်ကုံရှဲ့ကို ရင်ဆိုင်ရာတွင် သူက တတ်နိုင်သမျှ မြန်မြန်ရှင်းပစ်ရန် လိုအပ်သည်။ သူသာ ထိုအရာကို ဖော်ထုတ်နိုင်မည်ဆိုလျှင် အာရုံစိုက်နိုင်မည် ဖြစ်၏။ အကယ်၍ သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင် လုပ်နိုင်မည်ဆိုလျှင်ပင် အန်ကုန်ရှဲ့က ထွက်ပြေးနိုင်စွမ်း ရှိနေသေးသည်။
ထိုသို့ဆိုလျှင် မုန့်ချီက အနာဂတ်အတွက် စိုးရိမ်ရနိုင်၏။ ထို့ကြောင့် ဤတိုက်ပွဲက အန်ကုံရှဲ့နှင့် မတိုက်ခိုက်ရသေးခင် သူ့အတွက် သွေးပူလေ့ကျင့်ခန်းတစ်ခု ဖြစ်နိုင်သည်။
ဒုတိယနေ့တွင်တော့ နေမွန်းတည့်ချိန် ရောက်လာသည်နှင့် ကောင်းကင်ကြီးက တိမ်ထူနေပြီး မိုးအုံ့နေခဲ့သည်။ ကိုင်ယွမ်က ထိုစိန်ခေါ်မှုကို သိုင်းလောကတခွင်လုံး သိအောင် သတင်းလွှင့်ထားခဲ့၏။
ထို့ကြောင့် တံခါး (၃)ခုပွင့်နေသော ပညာရှင်နှင့် အင်မော်တယ်အလား ပညာရှင်တို့၏ တိုက်ပွဲကို ကြည့်ချင်နေသော လူပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့က ထိုမျှကြီးကျယ်ခမ်းနားသော သိုင်းပြိုင်ပွဲကို ဘာကြောင့် လက်လွှတ်ခံရမည်နည်း။
သိုင်းလောကတွင် ရှိနေသော သူရဲကောင်းများ ၊ မကောင်းဆိုးဝါးများ ၊ ဓားသမားများ အားလုံးက အချိန်မီရောက်လာပြီး ချန်းဟွာကျောင်းဆောင်ထဲတွင် စုစည်းနေကြသည်။ သူတို့က အမိုးများ ၊ သစ်ပင်များနှင့် ပတ်ပတ်လည်တွင် ရှိနေသော မြေကွက်လပ်များပေါ်တွင် နေရာယူထားကြ၏။
"ဓားသမားနီ …
မင်းက ဘယ်လိုထင်လဲ... ။ လူဝင်စား ကောင်းကင်မကောင်းဆိုးဝါးက ကိုရင်လေးကျန်းတင်ကို အနိုင်ရနိုင်ပါ့မလား... "
အလွန်စိတ်ဝင်စားနေပုံရသော ဓားသမားတစ်ယောက်က မေးလိုက်သည်။
ဓားသမားနီက ရယ်လိုက်၏။
"ကိုင်ယွမ်က လျှို့ဝှက်အခန်း(၃) ခုပွင့်နေမယ်ဆိုရင်တောင် သူက လူသားနတ်ဘုရား အတားအဆီးကို ထိတွေ့နိုင်ရုံပဲ ရှိသေးတယ်. ။ ဓားချက်တစ်ချက်တည်းနဲ့ လူသားနတ်ဘုရားအတားအဆီးကို ဆက်သွယ်နိုင်တဲ့ ကိုရင်လေးကျန်းတင်ကို သူက ဘယ်လိုများ ရင်ဆိုင်နိုင်မှာလဲ..။ ကိုင်ယွမ်က သေချာပေါက်ရှုံးလိမ့်မယ်... "
"ငါတော့ အဲဒီလိုမထင်ဘူး..။ ကိုင်ယွမ်ကသာ ရှုံးမယ်ဆိုတာကိုသိရင် ဘာကြောင့် လာနေဦးမှာလဲ..။ သူ့မှာ အနိုင်ရနိုင်တဲ့ ယုံကြည်ချက်ရှိနိုင်တယ်... "
"ကိုရင်လေးကျန်းတင်က ခန္ဓာကိုယ်တောင်မလှုပ်ရှားဘဲ နှင်းဓားသခင်မကို အနိုင်ရခဲ့တယ်... ။ သူက သိုင်းသခင်တွေထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်တာ ရှင်းလင်းနေတာပဲလေ... "
ဓားသမားနီက ပြန်ဖြေလိုက်သည်။
"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..။ ကိုင်ယွမ်က ကိုရင်လေးကျန်းတင်နဲ့စိန်ခေါ်ပြီး သူ့ကိုယ်သူ တိုးတက်အောင် လုပ်ချင်တာလည်း ဖြစ်နိုင်တယ်..။ သူက လူသားနတ်ဘုရားအတားအဆီးကို ချိုးဖျက်ဖို့ ကြိုးစားချင်တာ ဖြစ်နိုင်တယ်...”
“သူက မရှုံးခင် သိုင်းကွက်ဘယ်နှစ်ကွက် ခံနိုင်ရည်ရှိမလဲဆိုတာကို လောင်းကြရအောင်။ ငါ့အထင်တော့ အနည်းဆုံးသိုင်းကွက် (၁၀) ကွက်ပဲ…"
"တကယ်လို့ ကိုရင်လေးက ကောင်းကင်နဲ့ ဆက်သွယ်နိုင်တဲ့ သိုင်းကွက်ကို သုံးလိုက်မယ်ဆိုရင် သိုင်းကွက် (၁၀) ကွက်ဆိုတာက အရမ်းများလွန်းတယ်... "
"ဟုတ်တယ်..။ အဲဒီဓားသိုင်းကွက်နဲ့ဆိုရင်တော့ အခန်း (၃)ခုပွင့်နေတဲ့ ကိုင်ယွမ်ကတောင် သိုင်းကွက် (၃)ကွက်ထက် ပိုပြီးခုခံနိုင်မှာ မဟုတ်ဘူး..”
“သိုင်းကွက် (၅) ကွက်လောက်တော့ ဖြစ်နိုင်တယ်... ။ မင်းတို့က လောင်းကြမလား..."
သိပ်မကြာခင် ထိုလူများကြားထဲ၌ အလောင်းအစားများ ဖြစ်ပေါ်လာကြသည်။ ထိုအခြေအနေက ပုံမှန်သာဖြစ်သည်။
ရုတ်တရက်ဆိုသလို လူတစ်ယောက်က ဖြည်းညင်းစွာ အော်ဟစ်လိုက်သည်။
"မကောင်းဆိုးဝါး ရောက်လာပြီ…"
မြေကွက်လပ်ပေါ်သို့ လျှောက်လာသော လှေကားထစ်ပေါ်တွင် အနက်ရောင်ဝတ်စုံနှင့် အနက်ရောင်ဖိနပ်စီးထားသော လူတစ်ယောက်က တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။
သူက အသက် (၄၀) နီးပါးခန့် ရှိနေသော်လည်း သူ့မျက်နှာပေါ်တွင် မုတ်ဆိတ်မွှေး မရှိချေ။ သူ့ပုံစံက သာမန်သာ ထင်မှတ်ရသော်လည်း သူက အလွန်ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက်ဖြစ်ကြောင်း လူတိုင်းက သိနေကြ၏။ သူက ကလေးတစ်ယောက်ကိုပင် သတ်ပစ်နိုင်ပြီး အဖေ ဖြစ်သူကို ဓားသမားလမ်းစဉ်သို့ လျှောက်လှမ်းစေနိုင်သော လူတစ်ယောက် ဖြစ်သည်။
ထိုအရာက ကောင်းကင်မကောင်းဆိုးဝါး ကျူးလွန်ခဲ့သော ပြစ်မှုများထဲမှ တစ်ခုသာ ဖြစ်၏။ ကိုင်ယွမ်က မြေကွက်လပ်ပေါ်သို့ ရောက်လာသည့်အချိန်တွင် မတ်တပ်ရပ်၍ စောင့်နေခဲ့သည်။
ကောင်းကင်ကြီးပေါ်တွင် တိမ်တိုက်များ မည်းမှောင်နေသည့်အတွက် ပို၍ ကြောက်စရာကောင်းနေခဲ့သည်။
"ကိုရင်လေးကျန်းတင် ရောက်လာပြီ…"
ကျယ်လောင်သော အသံများ ထွက်ပေါ်လာခဲ့၏။
ဗုဒ္ဓခန်းမကြီးထဲမှနေ၍ အဖြူရောင်ဝတ်စုံဝတ်ထားသော ကိုရင်လေးတစ်ပါး ထွက်လာခဲ့သည်။ သူ၏မျက်နှာပေါ်တွင် တည်ငြိမ်းအေးချမ်းမှုများ ပြည့်နှက်နေခဲ့၏။ သူ၏ညာဘက်ခါးတွင် အနီရင့်ရောင် ဓားမောက်ကို ချိတ်ထားပြီး ဘယ်ဘက်တွင်တော့ ရွှေရောင်ဓားအိမ်နှင့် ဓားရှည်ကို ချိတ်ထားခဲ့သည်။
သူ့ပုံစံက လူသားကမ္ဘာကြီးကို ဆင်းသက်လာသော အင်မော်တယ်တစ်ပါးကဲ့သို့ ထင်မှတ်ရသည်။
"သူ့ပုံစံက တကယ့်ကို ကျော့မော့နေတာပါလား... "
လူပေါင်းများစွာက တိတ်တဆိတ် ချီးကျူးလိုက်မိကြသည်။
Translated by Hein Htet