အခန်း (၁၂၀)
Vol. 8 Ch. 120
ဗုဒ္ဓခန်းမကြီး၏ တံခါးရှေ့တွင် သွမ့်ရှန်ဖေး၊ လော်ချင်း ၊ ချယ်ဝမ်ရှုနှင့် တခြားလူများက တစ်လှမ်းချင်းဆီ လျှောက်လာနေသော မုန့်ချီကို စိုက်ကြည့်နေခဲ့ကြသည်။ သူတို့က မူလအတွေးများကို စုစည်းလိုက်ပြီး ထိုတိုက်ပွဲကိုသာ အာရုံစိုက်နေကြ၏။
သိုင်းသခင်အဆင့်ထက် ကျော်လွန်နေသော ကိုရင်လေးကျန်းတင်နှင့် လျှို့ဝှက်အခန်း(၃)ခု ပွင့်နေသော လူဝင်စား ကောင်းကင်မကောင်းဆိုးဝါးတို့၏ တိုက်ပွဲက ထိုသိုင်းသခင်များကို သေချာပေါက် အတွေ့အကြုံများ ပေးပါလိမ့်မည်။
သူတို့အားလုံးက သေမျိုးဖုန်မှုန့်ကျဆင်းခြင်း သိုင်းကွက်ကို တွေ့ကြုံဖူးသည့်အတွက် ကိုရင်လေး ကျန်းတင်က ဤတိုက်ပွဲကို အနိုင်ရမည်ဖြစ်ကြောင်း သံသယဝင်နေခြင်း မရှိပေ။ လျှို့ဝှက်အခန်း (၃)ခုကို ဖွင့်လှစ်ပြီးသွားလျှင် မည်မျှ အစွမ်းထက်လာကြောင်း သူတို့ မသိသေးခြင်းသာ ဖြစ်သည်။
ထိုအရာက ကိုရင်လေးကျန်းတင်ကို အန္တရာယ်ပေးနိုင်ခြင်း ရှိမရှိ သေချာမသိကြပေ။ ကိုရင်လေး ကျန်းတင်က တိုက်ပွဲကို မြန်မြန်ပြီးဆုံးရန်အတွက် သူ၏ အစွမ်းကို ပြည့်ပြည့်ဝဝ အသုံးပြုရန်သာ မျှော်လင့်နေကြ၏။သူတို့က ကိုင်ယွမ်ကို အခွင့်အရေး အနည်းငယ်လေးပင် မပေးလိုကြပေ။
"တကယ်လို့ ကိုရင်လေး ကျန်းတင်ကသာ မချွင်းမချန် တိုက်ခိုက်လိုက်မယ်ဆိုရင် သေချာပေါက် အနိုင်ရလိမ့်မယ်..။ တကယ်လို့ ကိုင်ယွမ်က အခန်း(၃)ခု ပွင့်နေမယ်ဆိုရင်တောင် သူက ကိုရင်လေးကျန်းတင်ရဲ့ဓားချက်ကို တားဆီးဖို့ မလုံလောက်သေးဘူး .။ စိုးရိမ်စရာတစ်ခု ရှိတာက လျှို့ဝှက်အခန်း (၃)ခုကို ပေါင်းစည်းလိုက်မယ်ဆိုရင် စိန်ခေါ်မှုအသစ်တစ်ခု ဖြစ်လာမလားဆိုတာပဲ ...."
သွမ့်ရှန်ဖေးက ပြောလိုက်၏။
လော်ချင်းက ခဏကြာစဉ်းစားပြီး ရိုးရှင်းစွာ ပြောလိုက်သည်။
"သိုင်းကွက်တစ်ကွက်ပဲ ..”
ကိုရင်လေး ကျန်းတင်ကသာ ခေါင်းအေးအေးနှင့် တိုက်ခိုက်မည်ဆိုလျှင် ကိုင်ယွမ်က သူ့အတွက် ပြိုင်ဘက်တစ်ယောက်မဖြစ်နိုင်ပေ။
ချယ်ဝမ်ရှုကလည်း သက်ပြင်းချပြီး ပြောလိုက်၏။
"အဲဒါက သိုင်းကွက်တစ်ကွက်ပဲ ဖြစ်မယ်လို့ ငါလည်း ယုံကြည်နေတယ် ...."
သူမကလည်း သေမျိုးဖုန်မှုန့်ကျဆင်းခြင်းသိုင်းကွက်ကို ကိုယ်တိုင်ကြုံခဲ့ဖူးသည်။ ကိုင်ယွမ်က မကောင်းဆိုးဝါးလမ်းစဉ်ကို လျှောက်လှမ်းနေသည့်အတွက် ထိုဓားသိုင်းပညာ၏ လွှမ်းမိုးခြင်းကို သေချာပေါက် ခံရမည်ဖြစ်ကြောင်း သိနေခဲ့သည်။ ထိုအချိန်တွင် သူမ၏ မျက်နှာလေးက နီရဲလာပြီး ထိုအချိန်တွင် မည်သို့ခံစားခဲ့ရကြောင်း အမှတ်ရသွားခဲ့၏။
"အော်မီတော်ဖော် ....
ကျုပ်က ဒကာကြီးကိုင်ကို အသိအမှတ်ပြုပါတယ် ...."
မုန့်ချီက ကိုင်ယွမ် ရှေ့တွင် ရပ်လိုက်ပြီး မျက်လွှာချ၍ မြေပြင်ပေါ်သို့ စိုက်ကြည့်နေမိသည်။ သူ၏ စိတ်နေစိတ်ထားက လုံးဝတည်ငြိမ်နေပြီး သူ၏ ခံစားချက်များ အားလုံးကို စုစည်းထားခဲ့၏။
ကိုင်ယွမ်က ရယ်လိုက်ပြီး အေးစက်စွာ တုံ့ပြန်လိုက်သည်။
"ကျုပ်က ကိုရင်လေးနဲ့ ပတ်သက်ပြီး အများကြီး ကြားထားဖူးတယ် .။ အခု ကြားထားတဲ့အတိုင်း မှန်မမှန် ကျုပ်က စမ်းသပ်ကြည့်ချင်တယ် ...."
လျှို့ဝှက်အခန်း (၃)ခုလုံး ပွင့်သွားပြီးနောက် သူ၏ ယုံကြည်ချက်က ပြည့်နှက်လာခဲ့ပြီး ကိုရင်လေးကျန်းတင်က ကြားထားသည့်အတိုင်းဖြစ်မည်ဟု မယုံကြည်ခဲ့ပေ။ ကိုရင်လေး ကျန်းတင်က အစွမ်းထက်သော်လည်း သူ့လို အခန်း (၃)ခန်း ပွင့်နေသော ပညာရှင်တစ်ယောက်နှင့် အဆင့်တူ ဖြစ်မည်ဟုသာ တွေးခဲ့မိသည်။
သူက ယခုချိန်ထိ လူသားနတ်ဘုရား အတားအဆီးကို ချိုးဖျက်နိုင်ခြင်း မရှိသေးသော်လည်း အင်မော်တယ်တစ်ယောက်ကဲ့သို့ လွတ်လပ်စွာ သွားလာ၍ ရနိုင်သည်။
စကားပြောလိုက်ပြီးနောက် သူက အလွန်ကြီးမားသော မကောင်းဆိုးဝါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ကလည်း (၂)ကိုယ်ခွဲသွား၏။ထို့နောက် ခန္ဓာကိုယ်က (၄)ခုဖြစ်လာ၍ အရပ်မျက်နှာ (၄)ဖက်မှနေ၍ မုန့်ချီကို စတင် တိုက်ခိုက်လိုက်သည်။
သူ၏ လျှို့ဝှက်အခန်း(၃)ခု ပွင့်သွားသည့်အချိန်ကတည်းက စပြီး သူ၏ လွှမ်းမိုးနိုင်စွမ်းများက ပို၍ ကြီးမားလာခဲ့သည်။ ထိုနယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားမတတ်ဖြစ်ခဲ့၏။ သူကေတာ့ ကြည့်နေသူများ၏ ရင်ထဲကို အကြောက်တရားများ ထည့်ပေးချင်ခဲ့သည်။ကောင်းကင် မကောင်းဆိုးဝါးတစ်ကောင် မြေပြင်ပေါ်သို့ ကျရောက်လာသလို ခံစားရစေလို၏။
"ကြောက်စရာကောင်းလိုက်တာ ...။ တကယ်ကို ကြောက်စရာကောင်းတာပဲ ...."
မုန့်ချီက သူ၏အတွင်းအား၊ ချီစွမ်းအင် ၊ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒများအားလုံးကို နေမင်းနီ မကောင်းဆိုးဝါးဓားထဲသို့ ပေါင်းထည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကလည်း သစ်သားရုပ်ထုတစ်ခု ဖြစ်သွားသလို ဖြစ်သွားခဲ့၏။
တစ်ချိန်တည်းတွင် သူ၏ဘယ်ဘက် လက်ခုံပေါ်၌ ခရမ်းရောင် မိုးကြိုးအမှတ်အသားတစ်ခု ပေါ်လာခဲ့သည်။ ကောင်းကင်ကြီး၏ ဖိအားကြောင့် ထိုအရာက ထွက်ပေါ်လာတော့မလို ထင်မှတ်ရ၏။ ထိုအရာက သူ၏ အမြင့်ဆုံးဓားသိုင်းကွက်ကို စမ်းသပ်ရန် အချိန်ကျရောက်လာခဲ့ပါပြီ။
"ဂျိမ်း ....ဂျိမ်း...."
တိမ်များ လွှမ်းခြုံနေသော ကောင်းကင်ပေါ်တွင် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကိုင်ယွမ်ကတော့ တုန်လှုပ်သွားခဲ့၏။ နတ်ဘုရားများက သူ့ကို အပြစ်ပေးတော့မည်ဟု တွေးနေမိသည့်အတွက် စိတ်ထဲတွင် ကြောက်လန့်သွားခဲ့သည်။
သွမ့်ရှန်ဖေးကလည်း ခြေထောက်(၂)ဖက် အားပျော့သွားသလို ခံစားလိုက်ရပြီး နဖူးပေါ်မှနေ၍ ချွေးသီးချွေးပေါက်များ ကျဆင်းလာခဲ့သည်။
လော်ချင်းက တုန်လှုပ်သွားပြီး သူ့ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်ရ၏။ ချယ်ဝမ်ရှု၏ မျက်နှာလေးကလည်း ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့ပြီး သူ့ယောကျာ်း၏ လက်ကိုမနည်း ကိုင်ထားရသည်။ သူမကတော့ မိုးခြိမ်းသံကို ကြောက်လန့်နေသော မိန်းကလေးငယ်လေး တစ်ယောက်အဖြစ်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။
တခြားလူများအားလုံးကလည်း ပို၍ပင် မှင်တက်သွားမိကြသည်။ တစ်ချို့ကတော့ သစ်ပင်ပေါ်မှ ပြုတ်ကျလာပြီး တစ်ချို့ကတော့ မြေပေါ်တွင် ဒူးထောက်လိုက်ကြသည်။ သူတို့က ပထမဆုံးအကြိမ် မိုးကြိုးနတ်ဘုရား၏ အစွမ်းများကို မြင်လိုက်ရသလို ခံစားလိုက်ရ၏။
"ဝုန်း ....ဂျိမ်း ...."
ကိုင်ယွမ်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် မုန့်ချီက ခေါင်းကို မော့ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် အလင်းရောင်များ ပြည့်နှက်လာပြီး နား(၂)ဖက်ကို စတင်လှုပ်ရှားလိုက်၏။ အာရုံခံနိုင်စွမ်းများကလည်း မြင့်တက်လာခဲ့သည်။ သူ၏ မျက်ခုံးကြားထဲတွင် လှုပ်ရှားလာပြီးနောက် သူ၏ စိတ်ဝိညာဉ်ကို ဖြည်းညင်းစွာ လှုပ်ရှားလိုက်၏။
ကိုင်ယွမ်၏ ကောင်းကင် မကောင်းဆိုးဝါး ပုံရိပ်ယောင်များက တံခါး (၄)ပေါက်ပွင့်နေ ပြီး ပြောင်းလဲမှုကျင့်စဉ် ရှိနေသော မုန့်ချီအပေါ် သက်ရောက်မှု မရှိချေ။ မုန့်ချီက သူ၏ အတွင်းအား ၊ ချီစွမ်းအင် ၊ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒများကို စုစည်းလိုက်ပြီး ရုတ်တရက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထိုဓားသွားက လင်းလက်တောက်ပလာချိန်တွင် ကြည့်နေသူတိုင်း၏ စိတ်ဆန္ဒများကို သယ်ဆောင်သွားသလို ထင်မှတ်ရ၏။
လူတိုင်းက ကိုယ့်ကိုယ်ကို ထိန်းချုပ်၍ မရနိုင်တော့ပေ။ လူတစ်ချို့၏ မျက်နှာက နီရဲလာပြီး လူတစ်ချို့၏ နားများက နီရဲလာကြသည်။ တစ်ချို့ကေတာ့ ကြောက်စရာကောင်းစွာ ရယ်မောနေကြပြီး လူတိုင်းက မတူညီသော ပုံစံမျိုးစုံနှင့် ထိန်းချုပ်ခံလိုက်ရ၏။
"ဂျိမ်း ...."
နောက်တစ်ကြိမ် မိုးခြိမ်းသံကြီးတစ်ခု ထွက်ပေါ်လာသည့်အချိန်တွင် လူတိုင်းက သတိပြန်ဝင်လာကြသည်။
သူတို့၏ ရင်ထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်လာကြ၏။ ကိုင်ယွမ် ကိုယ်တိုင်လည်း ကြောက်ရွံ့မှုကြောင့် ငြိမ်သက်သွားခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်ပေါ်မှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာ၏။ ကိုရင်လေး ကျန်းတင်ကတော့ ပျောက်ကွယ်သွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ ...."
လူတိုင်းက ကြောက်လန့်နေပြီး ပတ်ပတ်လည်သို့ လှည့်ကြည့်နေကြသည်။
ကိုင်ယွမ်၏ မျက်ခုံးအလယ်တည့်တည့်တွင် သွေးစီးကြောင်းတစ်ခု ပေါ်လာခဲ့၏။ ထိုသွေးစီးကြောင်းက တဖြည်းဖြည်းကြီးမားလာပြီး သူ၏ လည်ပင်းထိအောင် ရောက်နေခဲ့သည်။
"ဗုန်း ...."
သူက အသက်ရှုရပ်သွားပြီး မြေပြင်ပေါ်သို့ နောက်ပြန်လဲကျသွားခဲ့၏။ သူက မည်သည့်အရာများ ဖြစ်သွားမှန်း မသိခဲ့သည့်အလား ခန္ဓာကိုယ်က အေးခဲ၍ မျက်လုံးပြူးနေခဲ့သည်။
“ကောင်းကင်နဲ့ ဆက်သွယ်ထားတဲ့ဓားချက် ...."
လူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်ပြီး တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်သည်။
"ကောင်းကင်နဲ့ ဆက်သွယ်ထားတဲ့ဓားချက်ပဲ ...။ ကိုရင်လေး ကျန်းတင်က အဲဒီဓားချက်ကို သုံးပြီး ကိုင်ယွမ်ကို သတ်လိုက်တာ ...."
……………
သူက လေဟာနယ်ကို ချိုးဖောက်သွားခဲ့သည်။ သူ၏ပတ်ပတ်လည်တွင်လည်း အဖြူရောင်မြူခိုးများ ထွက်ပေါ်လာနေပြီး ရုပ်ထုများစွာ ရှိနေသည်။ မုန့်ချီ ကိုယ်တိုင်ကတော့ သံသရာမြေကွက်လပ်ထဲတွင် နောက်တစ်ကြိမ် ပြန်ရောက်လာနေခဲ့၏။
သူ၏အထုပ်အပိုးများကို ပြန်မယူခဲ့သော်လည်း သူ့အနားတွင် ရှိနေသေးသည်။ ယခု တစ်ကြိမ်တော့ သူ့အနားတွင် မည်သူမျှ မရှိတော့ပေ။ မုန့်ချီတစ်ယောက်တည်းကသာ သံသရာမြေကွက်လပ်ထဲတွင် ရှိနေခဲ့၏။
တိတ်ဆိတ်ငြိမ်သက်မှုကြောင့် ကမ္ဘာကြီး တစ်ခုလုံးကိုပင် မေ့လျော့သွားခဲ့သည်။ ထို့ကြောင့် သူလည်း သက်ပြင်းချပြီး ထိုင်လိုက်၏။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး ချီစွမ်းအင်များကို စတင်လှည့်ပတ်လိုက်သည်။
နောက်ဆုံးတိုက်ခိုက်မှုတွင် သူ၏အတွင်းအား၊ ချီစွမ်းအင်နှင့် စိတ်ဆန္ဒများအားလုံးကို ပေါင်းစပ်ပြီး သေမျိုးဖုန်မှုန့်ကျဆင်းခြင်း သိုင်းကွက်ကို တိုက်ခိုက်ခဲ့သည့်အတွက် သူ၏ စွမ်းအင်အမြောက်အများ ကုန်ဆုံးခဲ့ရသည်။ သူကတော့ စွမ်းအင်များအားလုံး ကုန်ဆုံးသွားလုနီးပါးပင် ခံစားခဲ့ရ၏။
ထို့ကြောင့် သူက ရာမဖိတ်ခေါ်ခြင်းကျင့်စဉ်နှင့် စွန့်လွှတ်ခြင်းကျင့်စဉ်တို့ကိုသုံးပြီး ချက်ချင်း ထွက်လာရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် ကိုင်ယွမ်က မသေလျှင်ပင် ပြန်လည်တိုက်ခိုက်နိုင်တော့မည် မဟုတ်ချေ။ အကယ်၍ သူက ကောင်းကင်နှင့် ဆက်သွယ်ထားသော ဓားချက်ကို တိုက်ခိုက်လိုက်ပြီးနောက် ထိုနည်းလမ်းများကို မသုံးခဲ့ပင်လျှင် ကိုရင်လေးကျန်းတင်အဖြစ် ပြန်သွားနိုင်သေးသည်။
ယခု မုန့်ချီက အတွေးများအားလုံးကို ရှင်းပစ်လိုက်သည်။ ထို့နောက် သူ၏အထုတ်အပိုးများအားလုံးကို ယူလိုက်ပြီး အလယ်တွင် ရှိနေသော အလင်းတိုင်လုံးဆီသို့ လျှောက်သွား၍ အထဲသို့ ပစ်ထည့်လိုက်၏။
"စုစုပေါင်း ကံကြမ္မာအမှတ်(၁၃၆)မှတ်......"
သံသရာအရှင်သခင်က ထိုသိုင်းကျမ်းပုံကြီးကို တန်ဖိုးတွက်ချက်ကြည့်လိုက်သည်။ သွမ့်ရှန်ဖေးနှင့် လူပေါင်းများစွာ၏ အကူအညီရခဲ့သည့်အပြင် (၂)လတာ အချိန်ရခဲ့သဖြင့် မုန့်ချီက ကျန်းကျိဝေထက် ပို၍သိုင်းကျမ်းများစွာကို စုစည်းနိုင်ခဲ့သည်။ အကယ်၍ သာမာန်သိုင်းကျမ်းများကိုသာ ကန့်သတ်မထားလျှင် သူက ပို၍များပြားစွာ စုစည်းနိုင်ပါလိမ့်မည်။
ခဏကြာ စဉ်းစားပြီးနောက် မုန့်ချီက နှင်းပျော်သွေးကြောလက်ကျင့်စဉ်နှင့် လော်ချင်း၏ မှတ်တမ်းကိုလည်း အလင်းတိုင်လုံးထဲသို့ ပစ်ထည့်လိုက်သည်။ သူက ထိုအရာများကို မလိုအပ်တော့ပေ။ သူက ထိုအရာများကို သေချာနားလည်သွားပြီဖြစ်ပြီး သွေးကြောပိတ်သည့် နည်းလမ်းကိုလည်း ကျွမ်းကျင်သွားခဲ့ပါပြီ။
"ဉာဏ်အလင်းပွင့်မှုအဆင့် နှင်းပျော်သွေးကြောလက် ကံကြမ္မာအမှတ်(၁၂၀) တန်ကြေးရှိတယ်....။ လော်ချင်းရဲ့ဓားပညာမှတ်စုနဲ့ လျှို့ဝှက်အခန်း အတွေ့အကြုံတွေက ကံကြမ္မာအမှတ်(၁၈၀)တန်ကြေးရှိတယ်.... "
မူလတုန်းကတော့ မုန့်ချီက လော်ချင်း၏မှတ်တမ်းကို ကျန်းကျိဝေတို့နှင့် မျှဝေရန် စဉ်းစားထားခဲ့သည်။ သို့သော် ခဏကြာစဉ်းစားလိုက်ပြီးနောက် ယခုအချိန်က သူ့အတွက် အလွန်အရေးကြီးနေကြောင်း နားလည်သွားသည်။ နောက်ထပ်သံသရာတာဝန်က မည်သည့်အချိန်တွင် ဖြစ်နိုင်ကြောင်း မည်သူမျှ သေချာမသိနိုင်ပေ။
သူက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ် အဆင့်(၅)ကို ပြီးလုနီးနေပြီဖြစ်သည်။ ထို့ပြင် သူ့ဆရာနှင့် ငိုကြွေးခြင်းအကြီးအကဲတို့၏ တိုက်ပွဲအခြေအနေကိုလည်း သေချာမသိခဲ့ပေ။ အကယ်၍ သူက အဆင့်(၆)ကို ရချင်သည်ဆိုလျှင် သူကိုယ်တိုင် လုပ်ဆောင်ရမည်ဖြစ်၏။
သူက အရာအားလုံးကို သံသရာအရှင်သခင်ဆီ လဲလှယ်ရန် ရွေးချယ်လိုက်ပြီး ကံကြမ္မာအမှတ်(၄၇၆)မှတ် ရလိုက်သည်။ ယခင် သူ့ဆီတွင် (၅)မှတ် ကျန်နေသေးသည့်အတွက် စုစုပေါင်း(၄၈၁)မှတ်ရှိ၏။
သူက ကံကြမ္မာအမှတ်(၄၀၀)သုံး၍ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်၏ အဆင့်(၆)သိုင်းကျမ်းကို လဲလှယ်လိုက်သည်။
"ငါ့ဆီမှာ ကံကြမ္မာအမှတ်(၈၁)မှတ် ကျန်သေးတယ်....။ ငါက အဲဒါတွေကို ဘာလဲလိုက်ရင် ကောင်းမလဲ...."
မုန့်ချီက ပစ္စည်းများစွာ လိုအပ်နေသေးသည်။ သို့သော် သူ့ဆီတွင်ကံကြမ္မာအမှတ် မလုံလောက်နိုင်သည့်အတွက် ခက်ခက်ခဲခဲ စဉ်းစားနေရ၏။
ထိုအချိန်တွင် သူ့ခါး၌ ချိတ်ထားသော ရေခဲပေါ်တယ်ဓားကို သတိထားမိသွား၏။ သူက တစ်ယောက်တည်း တွေးလိုက်မိသည်။
"လက်ရှိအချိန်မှာ ငါက ဓားရှည်ကို ညာလက်နဲ့ သုံးတယ်....။ တကယ်လို့ ငါကသာ ဓားနှစ်လက်သုံးချင်တယ်ဆိုရင် ဘယ်လက်အသုံးပြုတာကိုလည်း စပြီးတော့ လေ့ကျင့်သင့်ပြီ....."
သူက သင့်တော်သောအရာတစ်ခုကို စတင်ရှာဖွေကြည့်လိုက်၏။ တစ်နာရီနီးပါးခန့် ရှာဖွေလိုက်ပြီးနောက် သူရှာနေသောအရာကို တွေ့လိုက်ရသည်။ သူက စောစောပြန်ရောက်လာသည့်အတွက် အချိန်ရနေသေး၏။
"မင်းဘယ်လက်ကို သုံးဖို့အတွက် သင်ယူချင်တယ်ဆိုရင်တော့ တော်တော်လေး စွမ်းရည်ရှိဖို့ လိုအပ်တယ်...။ တကယ်လို့ မင်းက အဲဒီစွမ်းရည်ကို တိုက်ရိုက်သင်ယူချင်တယ်ဆိုရင်တော့ ကံကြမ္မာအမှတ် (၇၀)ကုန်ကျလိမ့်မယ်...."
မုန့်ချီက ပြန်သွားလျှင် အန်ကုံရှဲ့ကို ရင်ဆိုင်ရမည့် အကြောင်း စဉ်းစားမိနေခဲ့သည်။ သူက ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်ကို အသုံးပြုရန်အတွက် ဓားရှည် ပြောင်းလဲရန် လိုအပ်နေသေးသည်။
အကယ်၍ သူက ထိုသိုင်းပညာကို လဲလှယ်လိုက်မည်ဆိုလျှင်ပင် အချိန်မီလေ့ကျင့်၍ မရနိုင်တော့ပေ။ သူက အနည်းငယ် ပို၍သုံးလိုက်ပြီး ထိုစွမ်းရည်ကို တိုက်ရိုက်သင်ယူလိုက်ခြင်းက ပို၍အဆင်ပြေနိုင်ကြောင်း တွေးမိခဲ့၏။
နောက်ပိုင်းတွင်တော့ သူက သံသရာအရှင်သခင်၏ နည်းလမ်းများကိုသုံးပြီး ဘယ်လက်နှင့် တိုက်ခိုက်ခြင်းကို လေ့ကျင့်ရဦးမည်ဖြစ်သည်။ ဘယ်လက်ကို အသုံးပြုရန် သင်ကြားရခြင်းက အခြေခံကျသောအရာတစ်ခုဖြစ်သည်။
တစ်ဖက်တွင်တော့ မုန့်ချီက ညာလက်ကို မသုံးသည့်အချိန်မှသာ ဘယ်လက်ကို အသုံးပြုရန် သင်ကြားနိုင်ပါလိမ့်မည်။ အကယ်၍ သူကသာ လက်နှစ်ဖက်ကို တစ်ပြိုင်နက်တည်းသုံးရန် ကြိုးစားလိုက်မည်ဆိုလျှင်တော့ တိုက်ခိုက်၍ရဦးမည် မဟုတ်ချေ။
အကယ်၍ သူက လိုချင်နေသည်ဆိုရင်တော့ ဘယ်လက်တိုက်ခိုက်ရေးနည်းလမ်းကို လဲလှယ်ရမည် ဖြစ်သည်။ ထိုနည်းလမ်းကို တိုက်ရိုက်တတ်မြောက်ချင်သည် ဆိုလျှင်တော့ ကံကြမ္မာအမှတ်(၅၀၀) ကုန်ကျပါလိမ့်မည်။
မုန့်ချီက အလင်းတိုင်လုံးဆီကို ဝင်သွားလိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားသလို ခံစားလိုက်ရ၏။ သို့သော် ထိုခံစားချက်များက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် သူက အလင်းတိုင်လုံးထဲမှ ထွက်လိုက်ပြီး ရေခဲပေါ်တယ်ဓားကို ဆွဲထုတ်လိုက်၏။ သူက ဘယ်လက်ကို စမ်းသပ်ကြည့်လိုက်သည်။ သူ၏ဓားပညာက လျင်မြန်ပြီးလှပ၏။
“တစ်ရက်လောက် လေ့ကျင့်လိုက်မယ်ဆိုရင်တော့ ငါက လက်နှစ်ဖက်ကို တစ်ကြိမ်တည်း အသုံးပြုနိုင်လိမ့်မယ်…”
မုန့်ချီက ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ရေခဲပေါ်တယ်ဓားကို အလင်းတိုင်လုံးသို့ ပို့လိုက်ပြီး တန်ဖိုးသတ်မှတ်ခိုင်းလိုက်သည်။
“ရေခဲပေါ်တယ်ဓား ရေခဲသလင်းကျောက်နဲ့ မီးတစ်ရာသံကိုသုံးပြီး ဖန်တီးထားတဲ့ သန့်စင်လက်နက်တစ်ခု ..၊ ကြည့်လိုက်ရုံနဲ့ အလင်းရောင်တွေ ထွက်ပေါ်လာစေတယ်။ သူ့ရဲ့ဓားသွားထဲမှာ ရေခဲစွမ်းအားတွေရှိတယ်..။ ပြိုင်ဘက်ကို ဖြတ်လိုက်မယ်ဆိုရင် သွေးစီးကြောင်းတွေကို အေးခဲသွားစေနိုင်တယ်....။ တန်ဖိုးက ကံကြမ္မာအမှတ်(၁၄၀) မင်းက သူ့ကိုလဲမယ်ဆိုရင် ကံကြမ္မာအမှတ်(၇၀)ရမယ်....”
“မဆိုးပါဘူး....."
မုန့်ချီက ဓားကိုပြန်ယူလိုက်ပြီး သူ့ကိုယ်သူ ကုသရန်အတွက် ချီစွမ်းအင်များကို စတင်လှည့်ပတ်လိုက်သည်။ ထိုအရာများ လုပ်ဆောင်လိုက်ပြီးနောက် သူက နေ့တစ်ဝက်ခန့် ဘယ်လက်ဖြင့် လေ့ကျင့်နေခဲ့သည်။
ထို့နောက် သူက ကုန်ဆုံးသွားသော စိတ်ဝိညာဉ်စွမ်းအားများကို ပြန်လည်ဖြည့်ဆည်းနေခဲ့သည်။ သူပြန်ရန် အချိန်ရောက်လာသည်နှင့် အင်္ကျီပြန်လဲလိုက်ပြီး သူ့ပုံစံကို လှည့်စားပေးရန် သံသရာအရှင်သခင်ကို တောင်းဆိုခဲ့သည်။
သူကတော့ ဗိုက်နှင့်ညာဘက်လက်တွင် ဆိုးဆိုးဝါးဝါး ထိခိုက်နေသူ တစ်ယောက်ပမာ လှည့်စားပေးထားရန် တောင်းဆိုခဲ့၏။ သံသရာကမ္ဘာကြီးထဲတွင် ပေးထားသောအရာတိုင်းကို ဖျက်စီးနိုင်စွမ်းလည်း ရှိသည်။ ထို့ကြောင့် သံသရာအရှင်သခင်က အခမဲ့ လှည့်စားခွင့်ပေးထားခဲ့၏။
သူ၏ လှည့်စားမှုအတွက် သူက အလွန်အမင်း သွေးစွန်းနေရန် မလိုအပ်သလို အလွန်အမင်းသန့်ရှင်းနေရန်လည်း မလိုအပ်ပေ။ ယခင်တစ်ခေါက် မုန့်ချီက ပရာဏလက်ဝါးချက်ကြောင့် ဒဏ်ရာရခဲ့သည့်အချိန်တွင်လည်း လှည့်စားပြီး ပြန်သွားခဲ့သည်။ ရလဒ်အနေနှင့် စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ တိုက်အုပ်ကိုယ်တော်ကပင် ရှာမတွေ့ခဲ့ပေ။
ယခု သူ့ကိုယ်သူ ထိုအခြေအနေနှင့် မြင်လိုက်ရသည့်အခါ မုန့်ချီက တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။ သူက အသံတိုးတိုးနှင့် ပြောလိုက်သည်။
“ကျုပ်က နေမင်းနီမကောင်းဆိုးဝါးဓားနဲ့ ရေခဲပေါ်တယ်ဓားတို့ကို အမွှေးတိုင်စားပွဲအောက်မှာ ထားချင်တယ်။ အရိုးပျော့ဆေးကိုတော့ ကျောင်းဆောင်ရဲ့ တစ်ခြားတစ်ဖက်မှာ ထားချင်ပြီး အဆိပ်ကိုတော့ တိုက်ရိုက်သုံးချင်တယ်…”
ထိုအဆိပ်ကို သံသရာအရှင်သခင်က တိုက်ရိုက်သုံးပေးနိုင်သည်။ ထိုအရာအတွက် ကံကြမ္မာအမှတ်(၁၀)မှတ် ပေးရသည်။ ယခုတစ်ကြိမ်တော့ မုန့်ချီက အန်ကုန်ရှဲ့ လွတ်မသွားစေရန် အရာအားလုံးကို သေချာပြင်ဆင်ထားခဲ့၏။
တစ်စုံတစ်ယောက်က အဆိပ်သုံးပြီး သူ့ကို လာကယ်မည်ဟု ထင်မှတ်စေရန်လည်း ဖြစ်သည်။ ထို့ကြောင့် အန်ကုန်ရှဲ့က မုန့်ချီ၏ အန္တရာယ်ကို သတိမထားမိရန် မျှော့်လင့်နေခဲ့သည်။
“ပြန်မယ်…”
မုန့်ချီက အရိုးပျော့ဆေး၏ ဖြေဆေးကို နှာခေါင်းနှင့် ရှုလိုက်သည်။
“အနံ့က တော်တော်လေး ကြောက်စရာကောင်းတာပဲ…”
သူ၏မျက်လုံးများက ဝေဝါးသွားပြီး အရာအားလုံးက မည်းမှောင်သွားသည်။ မုန့်ချီ နိုးလာသည့်အချိန်တွင် ကျောင်းဆောင်ထဲသို့ ပြန်ရောက်သွားခဲ့၏။ သူက အလွန်တည်ငြိမ်အေးချမ်းနေခဲ့သည်။ တိရစ္ဆာန်အသံများကိုလည်း ကြားခဲ့ရခြင်းမရှိချေ။
အန်ကုံရှဲ့ကတော့ မူလအတိုင်း အမွှေးတိုင်စားပွဲခုံ၏ အနားတွင် ကိုယ့်ကိုယ်ကို ကုသနေ၏။
Translated by Hein Htet.