← Chapters

အခန်း (၁၂၁)

Vol. 9 Ch. 121

အခန်း (၁၂၁)

Vol. 9 Ch. 121

မုန့်ချီက တည်းခိုဆောင်ထဲကို ဝင်သွားချိန်တွင် အကူအညီတောင်းခဲ့သော်လည်း နှင်းတောင်ဂိုဏ်းမှ တပည့်များနှင့် တခြားသောပညာရှင်များက ငိုကြွေးခြင်းအကြီးအကဲ၏ လက်တုန့်ပြန်မှုကို ကြောက်လန့်နေကြသည်။ ထို့ကြောင့် သူတို့က ပြဿနာထဲကို ဝင်မပါရဲကြပေ။

သခင်လေးကူဟုခေါ်သော ကူချန်းချင်တစ်ယောက်တည်းကသာ သူ့ကို သနားနေသည့်အတွက် အန်ကုံရှဲ့နှင့် မုန့်ချီတို့၏ နောက်သို့လိုက်လာပြီး ကျောင်းဆောင်ပျက်ထဲတွင် သူတို့ရှိနေကြောင်း သေချာအောင် လိုက်ကြည့်ခဲ့သည်။

ညအချိန်တွင် သူ့ဓားကို ကိုင်ပြီး ရေကန်ငယ်လေးကို တိတ်တဆိတ် ဖြတ်ကျော်လာ၍ ကျောင်းဆောင်အနားသို့ ကပ်သွားခဲ့သည်။ သို့သော် သူက ကျောင်းဆောင်ထဲကို ဝင်မသွားရဲပေ။ မည်သို့ဖြစ်စေကာမူ သူက တံခါးနှစ်ပေါက်သာ ပွင့်နေသေးသည့် အတွက် သူနှင့် အန်ကုံရှဲ့၏ ကြားထဲတွင် စွမ်းရည်များ အလွန်ကွာဟနေသေးသည်။

အကယ်၍ သူသာ မုန့်ချီကို အလျင်စလို ကူညီပေးလိုက်မည်ဆိုလျှင် အန်ကုံရှဲ့၏ အသတ်ခံရခြင်းကိုသာ ကြုံရပါလိမ့်မည်။ ထို့ပြင် သူ၏ ပစ်မှတ်က လူကယ်ရန်သာ မဟုတ်ဘဲ ကိုရင်လေး၏နာမည်ကို အတည်ပြုခွင့်ရရန်သာ ဖြစ်သည်။

သူက နောက်ထပ် အိုအေစစ်တစ်ခုကို ရောက်မှသာ သူတို့၏ ဂိုဏ်းတူအကြီးအကဲများကို အကူအညီတောင်းပြီး အန်ကုံရှဲ့ကို ခြောက်လှန့်ရန် စဉ်းစားထားခဲ့၏။ သူတို့က တစ်ယောက်ချင်း တိုက်ခိုက်နေမည်ဆိုလျှင် အန်ကုံရှဲ့ကို အနိုင်ရနိုင်မည် မဟုတ်ချေ။

သူက ကျောင်းဆောင်အနားတွင် ရှိနေသော သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ခုန်တက်လိုက်ပြီး သစ်ပင်ထိပ်တွင် ပုန်းနေလိုက်သည်။ ထိုနေရာမှနေ၍ စုတ်ပျက်နေသော ကျောင်းဆောင်၏ ပြတင်းပေါက်ထဲကို လှမ်းကြည့်၍ရ၏။

သူက မျက်လုံးတံခါးပွင့်နေသည့်အတွက် သူ၏အမြင်အာရုံက အလွန်စူးရှနေသည်။ သူက ပျက်စီးနေသော ပြတင်းပေါက်မှဖြတ်၍ ကျောင်းဆောင်ထဲတွင် ရှိနေသော မြင်ကွင်းကို မြင်နေရသည်။

ကိုရင်လေးကတော့ အမွှေးတိုင်စားပွဲ၏ ရှေ့တွင် လဲနေခဲ့၏။ သူ၏ မျက်လုံးက မှိတ်ထားပြီး ညာလက်ကတော့ တွဲလောင်းကျနေသည့်အတွက် ဆိုးဆိုးရွားရွား ဒဏ်ရာရထားပုံပေါ်သည်။ ခေါင်းဖြူလင်းတကတော့ သူနှင့် (၃)မီတာခန့်အကွာတွင် တင်ပျဉ်ခွေထိုင်ပြီး လေ့ကျင့်နေပုံရ၏။ အရာအားလုံးက သာမန်သာ ထင်မှတ်ရသည်။

ကူချန်းချင်က စိတ်ကို စုစည်းလိုက်ပြီး အခွင့်အရေးကို စိတ်ရှည်လက်ရှည် စောင့်နေခဲ့သည်။ အန်ကုံရှဲ့ကိုသာ အာရုံလွှဲနိုင်မည်ဆိုလျှင် သူက ထိုကိုရင်လေးနှင့် ဆက်သွယ်နိုင်ပါလိမ့်မည်။ သူ့နောက်တွင် ရှိနေသော ရေကန်ထဲတွင်လည်း အလင်းရောင်များ ပျောက်ကွယ်နေပြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

မုန့်ချီ၏ နှာခေါင်းထဲတွင် ရနေသော ရနံ့က ဦးနှောက်ထဲသို့ ကျူးကျော်လာပြီး စိတ်ထဲတွင် ငြိမ်း‌အေးသွားသလို ခံစားလိုက်ရသည်။ သူက ခေါင်းကို အနည်းငယ် စောင်းကြည့်လိုက်ရာ အမွှေးတိုင်စားပွဲအောက်တွင် ရှိနေသော နေမင်းနီမကောင်းဆိုးဝါးဓားနှင့် ရွှေရောင်ဓားအိမ်ထဲတွင် ရှိနေသော ရေခဲပေါ်တယ်ဓားကို မြင်လိုက်ရသည်။ ဓားလက်ကိုင်နှစ်ခုက အပြင်သို့ ထွက်နေသည့်အတွက် သူက အလွယ်တကူ ဆွဲထုတ်၍ တိုက်ခိုက်နိုင်၏။

"သံသရာအရှင်သခင်က သေချာစဉ်းစားပေးထားတာပဲ…"

မုန့်ချိက တိတ်တဆိတ် ချီးကျူးလိုက်မိပြီး နာကျင်စွာ ငြီးငြူနေသယောင် ဟန်ဆောင်၍ ‌အမွှေးတိုင်စားပွဲ၏ အနားသို့ နည်းနည်းချင်းဆီ တိုးသွားခဲ့သည်။ သူ၏ ဘယ်လက်ကတော့ ခန္ဓာကိုယ်အောက်တွင် ရှိနေခဲ့၏။

အန်ကုံရှဲ့က မျက်လုံးဖွင့်ကြည့်လိုက်ပြီး နာကျင်စွာ ငြီးငြူနေသော မုန့်ချီကို ကြည့်၍ ခနဲ့သလို ပြောလိုက်သည်။

"မင်းက ဒီလိုနာကျင်မှုလေးကိုတောင် ခံနိုင်ရည်မရှိဘူးလား.။ ဒါဆိုရင်တော့ မင်းက ငါ့ရဲ့နှိပ်စက်မှုတွေကို ခံနိုင်မှာ မဟုတ်လောက်ဘူး…"

သူ၏ လေသံထဲတွင် မုန့်ချီကို နောင်တရအောင် လုပ်ချင်နေသည့် အငွေ့အသက်များ ပါဝင်နေသည်။ မုန့်ချီကတော့ နာကျင်မှုကို အားတင်း ခံစားနေရသယောင် ဟန်ဆောင်နေခဲ့၏။

ထိုအရာကို မြင်သည့်အခါ အန်ကုံရှဲ့က ပြုံးလိုက်ပြီး သူ၏ ချီစွမ်းအင်များကို ဆက်လက်လှည့်ပတ်နေခဲ့သည်။ သူ့ဒဏ်ရာများက တဖြည်းဖြည်းပို၍ ကောင်းလာနေ၏။ သူက အချိန်အနည်းငယ်ပေးရန်သာ လိုအပ်သည်။ သူက ထိုကိုရင်လေးကို တစ်ချိန်လုံး စောင့်ကြည့်နေရန် မလိုအပ်ပေ။

သူ၏ အတွင်းအား၊ ချီစွမ်းအင်၊ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒများကို ပြီးပြည့်စုံစွာ ပေါင်းစပ်လိုက်ပြီးနောက် မုန့်ချီက သူ့ကိုယ်သူ အကောင်းဆုံး အခြေအနေရောက်အောင် ပြင်ဆင်လိုက်သည်။ ထို့နောက် အခွင့်အရေးကို စိတ်ရှည်လက်ရှည် စောင့်နေခဲ့၏။

ယခုတစ်ကြိမ်တော့ သူ့ဆီတွင် ရွေးချယ်စရာမရှိဘဲ အန်ကုံရှဲ့ကို သေချာပေါက် အနိုင်ရရန် လိုအပ်သည်။ အကယ်၍ သူသာ အန်ကုံရှဲ့ကို မသတ်နိုင်လျှင် အန်ကုံရှဲ့က သူ့ကို သေအောင် သတ်သွားနိုင်၏။

သူက အရိုးပျော့ဆေး အသက်ဝင်လာမည့်အချိန်ကိုလည်း လုံးဝစောင့်နေ၍ မရတော့ပေ။ အဘယ်ကြောင့်ဆိုသော် အန်ကုံရှဲ့က နှာခေါင်းတံခါးပွင့်နေပြီးသား ဖြစ်သည်။ ထို့ကြောင့် သူက ပတ်ဝန်းကျင်ပြောင်းလဲမှုကို အာရုံခံနိုင်စွမ်း အလွန်မြင့်မား၏။

ထို့ပြင် သူက တံခါး(၉)ပေါက် ပွင့်နေသည့်အတွက် ကိုယ်တွင်းကမ္ဘာကြီးတစ်ခု ဖန်တီးထားနိုင်ခဲ့သည်။ ပြဿနာတစ်ခုခုပေါ်လာမည်ဆိုလျှင် သူက အချိန်မီ သတိထားမိပါလိမ့်မည်။ ထို့ကြောင့် အရိုးပျော့ဆေး အသက်ဝင်မလာခင် မုန့်ချီက လှုပ်ရှားရမည်ဖြစ်သည်။

အန်ကုံရှဲ့က အပြင်ဘက်တွင် ရှိနေသော ရန်သူများကိုလည်း သတိထားနေရသေး၏။ အန်ကုံရှဲ့က သူ၏အစီအစဉ်ထဲသို့ ဝင်ရောက်လာရန်အတွက် မုန့်ချီက အလွန်စိတ်ရှည်ပြီး ဖြည်းညင်းစွာ ရွေ့လျားနေခဲ့၏။

အန်ကုံရှဲ့ကတော့ မျက်လုံးမှိတ်ပြီး ချီစွမ်းအင်များကို လှည့်ပတ်နေခဲ့သည်။ ရုတ်တရက်ဆိုသလို သူ၏အတွင်းအားများကို လှည့်ပတ်ရန် ခက်ခဲနေကြောင်း ခံစားလာရ၏။ သူက အသက်အောင့်လိုက်ပြီး နှာခေါင်းတံခါးကို သုံး၍ အနံ့များကို အာရုံခံကြည့်လိုက်သည်။

ထိုအခါ အန်ကုံရှဲ့က သွေး‌လှည့်ပတ်မှု လုပ်ဆောင်ရန် ပို၍ခက်ခဲလာကြောင်း ခံစားလာရပြီး နောက်ဆုံးတွင်တော့ ခံစားမှုက ပျောက်ကွယ်သွားခဲ့သည်။ ပြဿနာက မည်သည့်နေရာတွင် ရှိနေကြောင်း သူ၏နှာခေါင်းတံခါးက ခွဲခြားပေးနိုင်ခဲ့၏။

သူက အနံ့ထွက်လာသော နေရာကို လှမ်းကြည့်ပြီး ဘယ်လက်နှင့် ကျောက်တုံးတစ်တုံးကောက်၍ လှမ်းပစ်လိုက်သည်။ တစ်ချိန်တည်းတွင် ကြမ်းတမ်းသဲမုန်တိုင်းစွမ်းအားကို ပြည့်ပြည့်ဝဝသုံးပြီး ရနံ့များကို ခုခံရန် ကြိုးစားလိုက်၏။

ကျောက်တုံးငယ်လေးက တိတ်ဆိတ်နေသော ကျောင်းဆောင်ပျက်ထဲတွင် ကြွေပုလင်းငယ်လေးတစ်လုံးကို ပစ်မိသွားခဲ့သည်။ သူ၏ ဘယ်လက်က သူ့ခန္ဓာကိုယ်နှင့် ပြန်ထိလိုက်သည့်အချိန်တွင် မုန့်ချီ၏ အတွင်းအား၊ချီစွမ်းအင်၊ဝိညာဉ်နှင့်စိတ်ဆန္ဒများက ရုတ်တရက်‌ထွက်ပေါ်လာခဲ့သည်။

အလွန်တောက်ပခြင်းမရှိသလို သွေးရောင်လွှမ်းမိုးနေခြင်းမရှိသော ဓားအလင်းတန်းတစ်ခုက မုန့်ချီ၏ နှလုံးသားမှ ထွက်ပေါ်လာသည့်အလား အန်ကုံရှဲ့ဆီကို ရောက်လာခဲ့၏။ သူ၏ဘယ်လက်ပေါ်တွင်လည်း ခရမ်းရောင်မိုးကြိုး အမှတ်အသားတစ်ခု ထွက်ပေါ်လာပြီး သိပ်မကြာခင် မိုးကြိုးနတ်ဘုရားစွမ်းအင်များ ပြည့်နှက်လာတော့မလို ထင်မှတ်ရ၏။

အန်ကုံရှဲ့၏ အာရုံတစ်စိတ်တစ်ပိုင်းက အဆိပ်များကို ဖယ်ရှားရန် ကြိုးစားနေပြီး ကျန်ရှိနေသော တစ်စိတ်တစ်ပိုင်းကတော့ တခြားလူများ အာရုံလွှဲခြင်းဟုတ်မဟုတ် စစ်ဆေးကြည့်နေခြင်းဖြစ်သည်။ ထိုအချိန်တွင် သူ၏မျက်လုံးထဲ၌ လင်းလတ်တောက်ပနေသော ဓားသွားတစ်ခုကို မြင်လိုက်ရသည်။

"ကမ္ဘာကြီးက ဘယ်လိုဖြစ်ပြီး ပြောင်းလဲသွားရတာလဲ…"

အန်ကုံရှဲ့၏ မျက်လုံးထဲတွင် စိုးရိမ်ထိတ်လန့်မှုများ၊ မယုံကြည်နိုင်မှုများ ပေါ်လာခဲ့၏။ သူက မုန့်ချီ၏ ဒန်တျန်ကို ဖျက်ဆီးပစ်လိုက်ပြီး သူ့လက်ကို ချိုးပစ်ခဲ့ကြောင်း သေချာမှတ်မိနေသေးသည်။ ထိုကိုရင်လေးက သူ့ကို မည်သို့ တိုက်ခိုက်နိုင်ရသနည်း။ သူကတော့ မုန့်ချီ၏တိုက်ခိုက်မှုကို ပြင်ဆင်ထားခြင်းမရှိချေ။

ထို့ကြောင့် ဓားအလင်းတန်း ချဉ်းကပ်လာသည့်အချိန်တွင် မည်သူ တိုက်ခိုက်လိုက်ကြောင်း အဖြေမရှာနိုင်ခဲ့ပေ။

"အရူးကောင်…

မင်းက နှာခေါင်းတံခါးပွင့်နေတာကိုတောင် အနံ့တွေကို ရှင်းရှင်းလင်းလင်း မခွဲနိုင်သေးဘူး…။ မင်းရဲ့ နှာခေါင်းကို ဖြတ်ပစ်လိုက်တာ ပိုကောင်းမယ်။ မင်းက တော်တော်ညံ့တာပဲ။ ဒီလိုလှည့်ကွက်လေးကိုတောင် ရင်မဆိုင်နိုင်ဘူး…”

“မင်းက သူ့ကို သွေးကြောမှတ်တွေ ပိတ်ထားတာနဲ့ သားကောင်ဖြစ်သွားပြီလို့ ထင်နေတာလား။ အသုံးမကျတဲ့ အရူးပဲ။ မင်းကို အခွင့်အရေးပေးတဲ့ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်ပစ်ခိုင်းလိုက်တာကမှ ပိုကောင်းသေးတယ်…"

အန်ကုံရှဲ၏ နားထဲတွင် ဘိုးဘေး၏ အပြစ်တင်ကြိမ်းမောင်းသံများကို ကြားနေရသည်။ ဘိုးဘေး၏ အသံက သူ့ကို ရှင်းရှင်းလင်းလင်း လွှမ်းခြုံနိုင်ခဲ့၏။

အန်ကုံရှဲ့ကတော့ တစ်ကိုယ်လုံး တုန်ယင်လာပြီး တီးတိုးရေရွတ်နေခဲ့သည်။

"ကျွန်တော်မှားပါတယ်…။ ကျွန်တော် တကယ်ပဲမှားပါတယ်။ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်‌ပေးပါ…ဘိုးဘေး…”

ဘိုးဘေးက အလွန်ဒေါသထွက်နေသည့်အချိန်တွင် ယခင်တုန်းကထက်ပင် ပို၍ ကြောက်စရာကောင်းနေသေးသည်။ အန်ကုံရှဲ့၏ မျက်လုံးထဲတွင်တော့ ထိုအစွမ်းက နတ်ဆိုးများကို ထိန်းချုပ်နိုင်သော ကောင်းကင်မိုးကြိုးစွမ်းအားထက်ပင် ပို၍ ကြောက်စရာကောင်းနေသေး၏။ ထိုစွမ်းအားကြောင့် သူက တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။ သူက ဘိုးဘေးကို ဒူးထောက်တောင်းပန်ချင်နေခဲ့၏။

အလွန်ပြင်းထန်သော နာကျင်မှုက သူ့ဆီသို့ ကျရောက်လာသည့် အချိန်တွင် အန်ကုံရှဲ့က သတိပြန်ဝင်လာပြီး အနီရောင်ဓားသွားတစ်လက်နှင့် ပန်းပွင့်လေးများ ကျရောက်လာကြောင်း မြင်လိုက်ရသည်။ ထိုဓားသွားက သူ၏ နဖူးကို ခုတ်ဖြတ်လိုက်ပြီး ပါးကိုဆက်၍ ခုတ်လိုက်၏။

"မလုပ်နဲ့……"

ထိုအချိန်တွင် နာကျင်မှုကြောင့် အန်ကုံရှဲ့၏ စွမ်းရည်များအားလုံး ထွက်ပေါ်လာခဲ့သည်။ အသံများ ထွက်ပေါ်လာသည့်အချိန်တွင် သူ၏ အရိုးများအားလုံးက ပျက်စီးသွားခဲ့၏။

မုန့်ချီ၏ ဓားသွားက အန်ကုံရှဲ့ကို တိုက်ခိုက်လိုက်မိသည့်အချိန်တွင် အန်ကုံရှဲ့က အရိုးမရှိသော လူတစ်ယောက်ကဲ့သို့ ဖြစ်သွားကြောင်း ခံစားလိုက်ရသည်။ သူက လေလှိုင်းတစ်ခုသဖွယ် နောက်ပြန်ဆုတ်သွားခဲ့၏။ ထို့ကြောင့် သူက ပျော့ပျောင်းနေသော အန်ကုံရှဲ့ကို အစွမ်းကုန်တိုက်ခိုက်နိုင်ခြင်းမရှိပေ။

အန်ကုံရှဲ့၏ မျက်ခုံးနှင့် ပါးမှနေ၍ သွေးများ စီးကျလာနေသော်လည်း အခွင့်အရေးကို အရယူပြီး အသက်ရှူခွင့်ရရန် ကြိုးစားနိုင်သေးသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး နေမင်းနီမကောင်းဆိုးဝါးဓားကို လက်ဝါးနှင့် ရိုက်ချလိုက်သည်။

မုန့်ချီက စိုးရိမ်ထိတ်လန့်နေခြင်းမရှိဘဲ အလွန်တည်ငြိမ်နေခဲ့၏။ အကယ်၍ သူကသာ တံခါး(၉)ပေါက်ပွင့်နေသော ထိပ်တန်းပညာရှင်တစ်ယောက်ကို သိုင်းကွက် တစ်ကွက်တည်းနှင့် သတ်ပစ်နိုင်မည်ဆိုလျှင် အံ့ဩစရာဖြစ်ပါလိမ့်မည်။

သူက ဘယ်လက်ကို မြှောက်လိုက်ပြီး အနက်ရောင်ဓားပျံလေးနှင့် အန်ကုံရှဲ့ကို ပစ်လိုက်၏။ တစ်ချိန်တည်းတွင် လေထဲသို့ ခုန်လိုက်ပြီး ဘယ်လက်နှင့် ရေခဲပေါ်တယ်ဓား၏ ဓားအိမ်ကို ကောက်ယူလိုက်သည်။

အန်ကုံရှဲ့က သူ၏ဓားကို ဆွဲထုတ်တော့မည့်အချိန်တွင် အနက်ရောင်ဓားပျံလေးက သူ့ဆီသို့ ရောက်လာကြောင်း မြင်လိုက်ရ၏။ ထိုအချိန်တွင် သူက လျှာထိပ်ဖျားကို ကိုက်လိုက်ပြီး ကြမ်းတမ်းသဲမုန်တိုင်းအစွမ်းကို အမြင့်ဆုံး သုံးလိုက်ရသည်။ သူက သူ၏သွေးစွမ်းအင်များကို အသုံးပြုလိုက်ပြီးနောက် ဘယ်လက်နှင့်ထောက်၍ ညာဘက်ကို ရှောင်လိုက်၏။

"သေစမ်း…သူက လျှို့ဝှက်လက်နက်ကို ဘယ်နေရာမှာ ဖွက်ထားခဲ့တာလဲ….။ ငါက သူ့ကို ခြေအဆုံးခေါင်းအဆုံး သေချာရှာပြီးပါပြီ…"

အန်ကုံရှဲ့က အံ့ဩနေခဲ့သည်။

သူ၏ မျက်လုံးထဲ၌ လှုပ်ရှားသွားသည့်အချိန်တွင် အနက်ရောင်ဓားပျံလေးက သူ့အနားသို့ ရောက်လာပြီး အပိုင်း(၇)ပိုင်း ကွဲထွက်သွားကြောင်း မြင်လိုက်ရသည်။ ထို့နောက် အရပ်မျက်နှာ(၇)ဘက်မှနေ၍ သူ့ဆီကို ရောက်လာကြ၏။

အန်ကုံရှဲ့၏ ဘယ်လက်က ဓားပျံအပိုင်းအစလေးတစ်ခုကို တားဆီးနိုင်ခဲ့ပြီး ခန္ဓာကိုယ်ကို ကွေးလိုက်ရာ ညာဘက်တွင် ရှိနေသော ဓားပျံ(၂)ကို ရှောင်တိမ်းနိုင်ခဲ့သည်။ ကျန်ရှိနေသော (၄)ခုကတော့ သူ၏ခန္ဓာကိုယ်ကို တိုက်ခိုက်မိသေး၏။

အန်ကုံရှဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မျက်နှာပေါ်တွင် အနက်ရောင်မီးခိုးများ ပေါ်လာခဲ့သည်။ လက်ရှိအချိန်တွင် သူက သိုင်းပညာအသုံးပြု၍ မရနိုင်သည့်အတွက် ကြမ်းတမ်းသဲမုန်တိုင်းစွမ်းအားနှင့် ခုခံနေရသော်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်၍ မရနိုင်ပေ။ ရလဒ်အနေနှင့် သူ၏ အတွင်းအားများက ချက်ချင်း ကုန်ဆုံးသွားခဲ့ပြီး အဆိပ်က တဖြည်းဖြည်းပို၍ ပျံ့နှံ့လာခဲ့၏။

“ငါက မသေချင်သေးဘူး…”

အန်ကုံရှဲ့က ရင်ထဲတွင် အော်ဟစ်လိုက်သည်။ ယခု သူ၏လက်ဖဝါးနှစ်ဖက်တွင် မည်သည့်အစွမ်းမျှ မရှိချေ။ သူ၏ ကြမ်းတမ်းသဲမုန်တိုင်းအစွမ်းကလည်း မူလအခြေအနေကို ပြန်ရောက်သွားခဲ့၏။

အန်ကုံရှဲ့၏ ခန္ဓာကိုယ်က အလျင်စလို ကြီးမားလာပြီး ဓားသွားနှင့် အဆိပ်များက အပြင်သို့ လွင့်၍ မြေပေါ်သို့ ကျဆင်းသွားခဲ့သည်။ ထိုအချိန်တွင် တစ်ကိုယ်လုံး ညစ်ပေစုတ်ပြတ်နေသော မုန့်ချီက သူ့မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။

သူ၏ မျက်နှာက အတော်လေးကို တည်ငြိမ်ခန့်ညား၏။ သူ၏ ဘယ်ဘက်လက်တွင် ဓားတစ်ချောင်းကို ကိုင်ထားပြီး တစ်စုံတစ်ခုကို ဖိတ်ခေါ်နေသယောင် ထင်မှတ်ရသည်။ ထို့နောက် အလွန်သန့်စင်သော ဓားအလင်းတန်းတစ်ခုက ကောင်းကင်ပေါ်တွင် လွှမ်းခြုံသွားခဲ့၏။ ဓားအလင်းတန်းက သူ့ဆီကို ရောက်လာပြီး အန်ကုံရှဲ့ မျက်နှာပေါ်ရှိ အတားအဆီးများအားလုံးကို ဖယ်ရှားပစ်လိုက်သည်။

"သူက ဘယ်လိုဖြစ်ပြီး ဓားရှည်တစ်ချောင်းကိုလည်း ကိုင်နိုင်ရတာလဲ….။သူက ဓားရှည်ကို ဘယ်နေရာကနေ ရလာတာလဲ…"

မုန့်ချီ၏ တိုက်ခိုက်မှု(၃)ခုနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် အန်ကုံရှဲ့၏ လှည့်ကွက်များအားလုံး ကုန်ဆုံးသွားခဲ့ရသည်။ သူလုပ်နိုင်သည်မှာ ခေါင်းကိုကျုံ့ပြီး အတတ်နိုင်ဆုံး ဗိုက်ထဲတွင် ကျုံ့၍ ပုန်းအောင်းနေခြင်းဖြစ်သည်။

တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်ကို သုံးလိုက်ပြီးနောက် စွန့်လွှတ်ခြင်းကျင့်စဉ် မသုံးခဲ့သည့်အတွက် မုန့်ချီက စွမ်းအားကုန်ဆုံးခဲ့ခြင်း မရှိပေ။ ထို့ကြောင့် အန်ကုံရှဲ့ကို နောက်တစ်ကြိမ် တိုက်ခိုက်နိုင်စွမ်းရှိ၏။ သူက တခြားသော ဓားပညာများနှင့် ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်ကို အသုံးပြု၍ ရနိုင်သေးသည်။

သူ့စိတ်ထဲတွင် အရာအားလုံးကို ဖယ်ရှားလိုက်ပြီးနောက် စိတ်ဝိညာဉ်ကို ဓားထဲသို့ ပေါင်းထည့်လိုက်သည်။ သူ့စိတ်ထဲတွင် အန်ကုံရှဲ့ကို မသတ်လျှင် သူကိုယ်တိုင်သေရမည်ဟူသော အတွေးတစ်ခုတည်းသာ ရှိနေ၏။

မုန့်ချီက အလွန်ရက်စက်ကြမ်းတမ်းနေပြီး ဓားချက်၏ လွှမ်းမိုးခြင်းကို ခံနေရသည်။ မူလတုန်းကတော့ သူက အန်ကုံရှဲ့၏မျက်ခုံးကြားထဲကို အတိအကျ တိုက်ခိုက်နိုင်ခဲ့သော်လည်း အန်ကုံရှဲ့က အရိုးမရှိတော့သည့်အတွက် ခေါင်းက အတွင်းထဲကို ပျော့ပျောင်းနေခဲ့သည်။

ယခုတော့ အန်ကုံရှဲ့၏ မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများ ပေါ်လာခဲ့၏။သူ့ဆီတွင်ငိုကြွေးလိုသော ခံစားချက်များ၊ မယုံကြည်နိုင်သော ခံစားချက်များစွာ ပြည့်နှက်နေခဲ့သည်။ သူက တစ်စုံတစ်ခုကို ပြောချင်နေသည့်အလား ပါးစပ်ဟချင်သော်လည်း ပါးစပ်မှ တဝါးဝါး မြည်သံများသာ ပေါ်လာခဲ့သည်။

ထိုအချိန်တွင် ကြည်လင်တောက်ပနေသော ဓားအလင်းတန်းက သူ၏ မျက်ခုံးကြားထဲကို ထိုးစိုက်သွားခဲ့ပြီး သွေးများ စီးကျလာခဲ့၏။

“ရှုံးသွားပြီ…။ ဉာဏ်အလင်းပွင့်မှုအဆင့်ကို အခုမှရောက်တဲ့ ကိုရင်လေးက ငါ့ကို အနိုင်ရသွားပြီ။ ဒါက ဘယ်လိုဖြစ်ရတာလဲ.။ သူ့ရဲ့ဒဏ်ရာတွေအားလုံးက ဘယ်လိုဖြစ်ပြီး ပြန်ကောင်းသွားရတာလဲ…”

“သူ့ရဲ့ သိုင်းပညာက ဘာလို့ ဒီလောက်တောင် မြန်မြန်ဆန်ဆန် တိုးတက်လာရတာလဲ။ ပြီးတော့ သူက ဓားမောက်တစ်ချောင်း၊ ဓားရှည်တစ်လက်နှင့် လျှို့ဝှက်လက်နက်တွေကို ဘယ်နေရာကနေ ရလာတာလဲ…။ ဒါပေမယ့် ငါက အနားယူနေတာ ခဏလေးပဲ ရှိသေးတယ်လေ...။ ငါသာ သေချာအနားယူနိုင်မယ်ဆိုရင် သူ့ကို ဖျက်ဆီးပစ်နိုင်တယ်…။ ငါ မသေချင်သေးဘူး…"

သူက မြေပေါ်သို့ လဲကျသွားပြီး မျက်လုံးက ပွင့်နေသည်။ အဖြူရောင် ရေခဲပေါ်တယ်ဓားကတော့ မျက်ခုံးကြားထဲတွင် စိုက်နေခဲ့၏။ သူက ဤနေရာတွင် ထာဝရအိပ်စက်သွားခဲ့ရပါပြီ။

သေဆုံးသူ - အန်ကုံရှဲ

နောက်ကြောင်း - ငိုကြွေးခြင်းအကြီးအကဲ၏ မြေးတပည့်..၊ ခေါင်းဖြူလင်းတ ၊ တံခါး(၉)ပေါက်ပွင့်နေပြီး လူငယ်မှတ်တမ်းမှာ အဆင့်(၃၆)…

သေဆုံးသည့်အကြောင်းအရင်း - မျက်ခုံးကြားကို ဓားနှင့် ထိုးစိုက်ခံရမှု

သေဆုံးသည့်အခြေအနေ - အရိုးပျော့ပြီး အသားအရည်က မည်းနက်နေတယ်….။ မျက်နှာပေါ်မှာ ဒဏ်ရာရှိနေပြီး လျှို့ဝှက်လက်နက်နဲ့ တိုက်ခိုက်ခံထားရတယ်….။

သတ်ဖြတ်သူ - ကျန်းတင်

အန်ကုံရှဲ့က မြေပေါ်သို့ လဲကျသွားသည်ကို မြင်သည့်အခါ မုန့်ချီက စိတ်အေးမနေရဲပေ။ သူက ညာလက်နှင့် နေမင်းနီမကောင်းဆိုးဝါးဓားကို ဆွဲထုတ်လိုက်ပြီး အန်ကုံရှဲ့၏ ခေါင်းကို ဖြတ်ပစ်လိုက်၏။

ထို့နောက်တွင်မှသာ မုန့်ချီက သက်ပြင်းချလိုက်မိသည်။

"နောက်ဆုံးတော့ ငါက သူ့ကို သတ်နိုင်ခဲ့ပြီ….။ နောက်ဆုံးတော့ ငါပဲ အသက်ရှင်နိုင်ပါလား…."

အကယ်၍ သူကသာ ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်ကို အသုံးပြုရာ၌ တွေဝေနေမည်ဆိုရင် အန်ကုံရှဲ့က လည်ပင်းကို တိုလိုက်နိုင်ပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ပါလိမ့်မည်။ ထိုသို့ဆိုလျှင် သူက စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံးပြီး သေမျိုးဖုန်မှုန့်ကျဆင်းခြင်းဟူသော သိုင်းကွက်နှင့် သူ့ကို အစွမ်းကုန် တိုက်ခိုက်ရဦးမည်ဖြစ်သည်။

ထိုအချိန်ကျလျှင်တော့ သူက ပြင်ဆင်မထားသော အန်ကုံရှဲ့ကို သေအောင် သတ်နိုင်ပါလိမ့်မည်။ သို့သော် သူ့အတွက်တော့ အလွန်ခက်ခဲသွားနိုင်၏။ ထိုအချိန်ကျလျှင် မြင်းဓားပြတစ်ယောက်ကပင် သူ့ကို သတ်ပစ်နိုင်စွမ်း ရှိနိုင်သည်။

မည်သို့ဖြစ်စေကာမူ သူက စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံးလိုက်မည်ဆိုလျှင် ပို၍ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုများကို ရင်ဆိုင်ရပါလိမ့်မည်။ နောင်တများ ပြည့်နှက်နေသော အန်ကုံရှဲ့၏ မျက်နှာကို စိုက်ကြည့်၍ မုန့်ချီကတော့ သူကြုံတွေ့ခဲ့ရသော နှိက်စက်မှုများကို တွေးမိသွား၏။

"ခင်ဗျားက ကျုပ်ရဲ့ လက်တွေ ခြေထောက်တွေကို ဖျက်ဆီးပစ်ပြီး ကျုပ်ကို မခံမရပ်နိုင်အောင် လုပ်မယ်လို့ပြောတယ်….။ အခု ခင်ဗျားက ဘာလို့ ဒီမှာလှဲနေရတာလဲ…"

မုန့်ချီက နှာခေါင်းရှုံ့လိုက်မိသည်။

"ကျုပ်ကတော့ ကြင်နာတတ်တယ်လေ။ ဒီတော့ ခင်ဗျားရဲ့ အလောင်းကို တစ်စစီမလုပ်တော့ဘူး…"

မုန့်ချီကတော့ ကိုယ်ကိုယ်ကိုယ် ကျေနပ်နေခဲ့သည်။

"ဘယ်လိုပဲ မထင်မှတ်ထားတာပဲဖြစ်ဖြစ် အန်ကုံရှဲ့ရဲ့ အစွမ်းက (၅၀) (၆၀)ရာခိုင်နှုန်းလောက်တော့ ရှိနိုင်သေးတယ်။ ငါက တံခါး(၄)ပေါက်ပွင့်နေပေမယ့် သူ့လို တံခါး(၉)ပေါက်ပွင့်နေတဲ့ ပညာရှင်တစ်ယောက်ကို ခေါင်းဖြတ်နိုင်တယ်ဆိုတာက ဂုဏ်ယူစရာကောင်းတဲ့ မှတ်တမ်းတစ်ခုပဲ.…”

“ဒါကြောင့် ငါ့ရဲ့ဓားပညာနဲ့ အတွင်းအား နှစ်ခုစလုံးက ထိပ်တန်းအဆင့်ကို ရောက်သွားပြီလို့ ဆိုလိုနေတယ်။ ငါက အဆင့်(၃၆)မှာရှိတဲ့ အန်ကုံရှဲ့ကို သတ်နိုင်မှတော့ လူငယ်မှတ်တမ်းမှာ ရောက်လာတော့မှာလား…။ ဒါပေမယ့် ငါ့ရဲ့အစစ်အမှန်စွမ်းအားက လူငယ်မှတ်တမ်းကို ဝင်ဖို့ မလုံလောက်သေးဘူး။ တကယ်လို့ အန်ကုံရှဲ့ကသာ ထင်မထားတဲ့ အခြေအနေမျိုး မဟုတ်ရင် ငါက သူ့ကို အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ရမှာပဲ…"

မုန့်ချီကတော့ အတွေးလွန်သော လူငယ်တစ်ယောက်ကဲ့သို့ဖြစ်နေခဲ့သည်။ သူက လူငယ်မှတ်တမ်း ပြဿနာကို စဉ်းစားကြည့်နေပြီး အတော်လေး ရှုပ်ထွေးနေခဲ့၏။ သူ့နာမည်က မှတ်တမ်းထဲတွင် ရှိနေရန် မျှော်လင့်နေသော်လည်း ထိုအရာနှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ်နေသေးသည်။

အဘယ်ကြောင့်ဆိုသော် အဆင့်ပိုမြင့်လေလေ စွမ်းအားပို၍ လိုအပ်လေလေဖြစ်သည်။ မဟုတ်လျှင် သူလည်း အနာဂတ်၌ စိန်ခေါ်သူများကို ရင်ဆိုင်နိုင်မည် မဟုတ်ချေ။

"ဟုတ်ပြီ…ငါက မသေချာတဲ့ အရာတွေကို အရင်ဆုံး မစဉ်းစားသေးဘူး။ ငါက အန်ကုံရှဲ့ရဲ့ အလောင်းကို မြှုပ်ပစ်ပြီး သဲလွန်စတွေ ခြေရာလက်ရာတွေကို ရှင်းပစ်မှရမယ်။ သေမင်းပင်လယ်သဲကန္တာရထဲမှာ မြင်းဓားပြတွေ အများကြီးရှိတယ်။ သူတို့တွေက ငိုကြွေးခြင်းအကြီးအကဲရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့ ကျိလော်ကျူးရဲ့ လက်အောက်ငယ်သားတွေ ဖြစ်နိုင်တယ်…။ တကယ်လို့ ငါက အန်ကုံရှဲ့ကို ရှင်းပစ်လိုက်တာ သူတို့ တွေ့သွားမယ်ဆိုရင် အိုအေစစ်ထဲကနေ ထွက်မသွားနိုင်ခင် မြင်းဓားပြတွေက ငါ့ကို ဝိုင်းပြီး တိုက်ခိုက်ကြလိမ့်မယ်…”

ထိုအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် မုန့်ချီက အကြံမျိုးစုံကို ရုတ်သိမ်းလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ သူက ဓားကို မြှောက်လိုက်ပြီး အန်ကုံရှဲ့၏ ဒဏ်ရာများကို ဖျက်ဆီးလိုက်သည်။ ထိုသို့ဆိုလျှင် တခြားလူများက ထူးခြားသော သူ၏စွမ်းရည်များကို မမှတ်မိနိုင်တော့ပေ။

မျက်လုံးပြူး‌နေသော အန်ကုံရှဲ့ကို ကြည့်ပြီး မုန့်ချီက ရယ်လိုက်၏။ သူက အလောင်းကို ကြည့်ပြီး ပြောလိုက်သည်။

"ကျုပ်က ခင်ဗျားကို ချက်ချင်း လက်တုန့်ပြန်မယ်လို့ ပြောခဲ့တယ် မဟုတ်လား…"

Translated by Hein Htet

All Chapters