← Chapters

အခန်း (၁၂၂)

Vol. 9 Ch. 122

အခန်း (၁၂၂)

Vol. 9 Ch. 122

သစ်ပင်ကြီးပေါ်တွင် ရှိနေသော ကူချန်းချင်က ကျောင်းဆောင်ထဲကို စိုက်ကြည့်နေပြီး အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေခဲ့သည်။ ထိုအချိန်တွင် အန်ကုံရှဲ့က သူ၏ညာဘက်ခြမ်းကို လျင်မြန်စွာ လှမ်းကြည့်လိုက်ကြောင်း သတိထားမိလိုက်၏။

ထိုအချိန်တွင် ကိုရင်ငယ်လေးက သူ့ကို ဓားနှင့် တိုက်ခိုက်ခဲ့သည်။ ထိုဓားက အလွန်အမင်း တောက်ပနေခြင်း မရှိသော်လည်း သူ့ရင်ထဲတွင် တောက်ပလာနိုင်ခဲ့သည်။

သူက ပျက်စီးယိုယွင်းနေသော သူ့ကလန်နှင့် သူ၏စွမ်းအားများကို စဉ်းစားမိသည့်အချိန်တွင် အလွန်အမင်းကို ဒေါသထွက်လာမိသည်။ ထို့နောက် အန်ကုံရှဲ့က ဓားချက်တစ်ချက် အခုတ်ခံလိုက်ရသည်။ သူကတော့ မတ်မတ်ပင် မရပ်နိုင်တော့ပဲ ဓားသွားကို ရှောင်တိမ်းရန် ရုန်းကန်နေရ၏။

ထိုအချိန်တွင် ကိုရင်ငယ်က လျှို့ဝှက်လက်နက်တစ်ခုကို ထုတ်ပြီး တိုက်ခိုက်လိုက်ပြန်သည်။ အန်ကုံရှဲ့က ဘယ်လက်နှင့် ကာကွယ်ရန် ကြိုးစားလိုက်၏။ ထိုအချိန်တွင် လျှို့ဝှက်လက်နက်က လေထဲတွင် (၇) ပိုင်းကွဲသွားပြီး အများစုကိုတော့ လွတ်ထွက်သွားခဲ့သည်။

အန်ကုံရှဲ့၏ခုခံမှု ၊ ရှောင်တိမ်းမှုများ အားလုံးက အသုံးမဝင်နိုင်ပေ။ ရလဒ်အနေနှင့် သူက ထိမှန်သွားခဲ့၏။ ထို့နောက် အန်ကုံရှဲ့က သဲမုန်တိုင်းများ ကျရောက်လာသည့်ပမာ ခန္ဓာကိုယ်ကို ကျုံ့ဝင်လိုက်ကြောင်း မြင်လိုက်ရသည်။

နောက်ဆုံးတွင်တော့ ဘယ်လက်နှင့် ဓားရှည်ကို ကိုင်ထားသော ကိုရင်လေးက ကြောက်စရာကောင်းသော တိုက်ခိုက်မှုတစ်ခုကို သုံးလိုက်၏။ ထိုဓားအလင်းရောင်က အလွန်ကြောက်စရာကောင်းပြီး သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။ အန်ကုံရှဲ့က မျက်ခုံးတည့်တည့်တွင် ထိုးစိုက်ခံလိုက်ရပြီး မြေပေါ်သို့ အားနည်းစွာ လဲကျသေဆုံးသွားခဲ့၏။

"နေဦး... ။ အန်ကုံရှဲ့က မျက်ခုံးကြားထဲမှာ တိုက်ခိုက်ခံရပြီး လဲကျသေဆုံးသွားခဲ့တာလား... "

ထိုမြင်ကွင်းကိုကြည့်နေရင်း ကူချန်းချင်ကတော့ အိပ်မက်ထဲမှ နိုးထလာသူ တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

"ဒီကမ္ဘာကြီးထဲမှာ ဘာတွေဖြစ်နေတာလဲ... "

ခေါင်းဖြူလင်းတ အန်ကုံရှဲ့က မျက်ခုံးကြားတွင် ထိုးစိုက်ခံရသည့်အတွက် သေဆုံးသွားခြင်းပေလော။

တံခါး (၉) ပေါက်ပွင့်နေသော လူတစ်ယောက်က ဘာကြောင့် ထိုသို့ သေဆုံးသွားရသနည်း။ ထိုကိုရင်လေးက အလွန်အားနည်းနေခြင်း မဟုတ်ပေလော။ ကူချန်းချင်ကတော့ ပါးစပ်အဟောင်းသားဖြစ်နေပြီး အိပ်မက်မက်နေသလို ခံစားနေရသည်။

အန်ကုံရှဲ့နှင့် ကိုရင်လေးတို့၏ ကြားထဲတွင် ဖြစ်ပျက်ခဲ့သော အရာများက သူ၏မျက်လုံးထဲတွင် အနှေးပြကွက်ပုံစံနှင့် ပြန်လည်မြင်ယောင်လာသလို ထင်မှတ်ရသည်။ အရာအားလုံးက စစ်မှန်နေသည်ဟု မခံစားရပေ။

သူက ပါးကို လက်နှင့် ဖျစ်ကြည့်လိုက်၏။ နာကျင်မှု ပေါ်လာသည့် အတွက်ကြောင့်သာ ထိုအရာများ အားလုံးက အမှန်တကယ် စစ်မှန်နေသည်ဟု လက်ခံလိုက်ရသည်။

အန်ကုံရှဲ့က ငိုကြွေးခြင်းအကြီးအကဲ၏ မြေးတပည့်များထဲတွင် အထူးချွန်ဆုံး တပည့်များထဲမှ တစ်ယောက် ဖြစ်သည်။ သူက အမှန်တကယ်ကို သေဆုံးသွားခဲ့၏။ သူက အလွန်နာမည်ကျော်ကြားပြီး တံခါး (၉) ပေါက် ပွင့်နေသည့်အပြင် လူငယ်မှတ်တမ်း၌ အဆင့် (၃၆) ရှိနေသော်လည်း အမည်မသိ ကိုရင်လေး တစ်ယောက်၏ သတ်ပစ်ခြင်းကို ခံလိုက်ရသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် သေလုမျောပါး နှိပ်စက်ခံထားရသည့် ကိုရင်လေးက အနိုင်ရသူ ဖြစ်သွားခဲ့၏။

"ဘာတွေဖြစ်နေတာလဲ...။ တစ်ယောက်ယောက်က ငါ့ကိုပြောပြနိုင်မလား... "

သူက ရင်ထဲတွင် ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။ သို့သော် ကိုရင်လေးက သူ့ထက်ပင် ပို၍ ကြောက်စရာကောင်းနေသော ပညာရှင်တစ်ယောက်ဖြစ်ကြောင်း သေချာသွား၏။

မုန့်ချီက အန်ကုံရှဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ဓားအမှတ်အသားနှင့် ဒဏ်ရာများကို ဖျက်ဆီးပစ်လိုက်သည်။ သူက ခန္ဓာကိုယ်ကို ရှာဖွေတော့မည့်အချိန်တွင် အပြင်ဘက်မှနေ၍ အသံတစ်သံကို ကြားလိုက်ရ၏။ ထို့ကြောင့် သူလည်း ပြန်လှည့်ကြည့်ပြီး မေးလိုက်သည်။

"ဘယ်သူလဲ... "

ထိုအရာက ရန်သူလား မိတ်ဆွေလား မသိသေးသည့်အတွက် သူက သတိပေးရုံသာ တတ်နိုင်သည်။

ကူးချန်းချင်က သူ၏ခံစားချက်များကို ထိန်းချုပ်ပြီး သစ်ပင်ပေါ်မှခုန်ဆင်း၍ ကျောင်းဆောင်ဆီသို့ လျှောက်လာခဲ့သည်။

"ကိုရင်လေး …

ကိုရင်လေးက တည်းခိုဆောင်ထဲမှာ အကူအညီတောင်းခဲ့တယ်လေ... ။ ဒါကြောင့် ကျွန်တော်က လာပြီးတော့ စစ်ဆေးကြည့်တာ...။ ကျွန်တော်က ကိုရင်လေးရဲ့အကြောင်းကို သေချာစုံစမ်းပြီးမှ ကိုရင်လေးကို ကူညီဖို့ အကြီးအကဲတွေကို တောင်းဆိုပေးမလို့ပါ...။ ဒါပေမဲ့ ကိုရင်လေးက အန်ကုံရှဲ့ကို တစ်ယောက်တည်း သတ်ပစ်နိုင်ခဲ့တယ်... "

နောက်ဆုံးစကားကို ပြောလိုက်သည့်အချိန်တွင်ပင် သူကိုယ်တိုင်ကတော့ မယုံကြည်နိုင်သလို ခံစားနေရသေးသည်။ မုန့်ချီက သူ့ရှေ့တွင် ရှိနေသော စာသင်သားပုံစံလူငယ်ကို လုံးဝမမှတ်မိခဲ့ပေ။

သူက စားသောက်ဆိုင်ထဲတွင် ကူချန်းချင်နှင့် တွေ့ခဲ့သည်မှာ နာရီအနည်းငယ်သာ ကြာနေသေးသည်။ သို့သော် မုန့်ချီအတွက်တော့ (၃) လခန့် ကြာသွားပြီဖြစ်၏။ သူတို့က အကူအညီတောင်းသည့်အချိန်တွင် တစ်ကြိမ်သာ တွေ့ခဲ့ဖူးသည်။ အကယ်၍ ထူးခြားသော မှတ်ဉာဏ်ကြောင့်သာ မဟုတ်လျှင် မုန့်ချီက သေချာပေါက် မှတ်မိတော့မည် မဟုတ်ချေ။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အတွေ့အကြုံများစွာ ကြုံခဲ့ရသည့်အတွက် သူက အလွန်တည်ငြိမ်စွာ ပြောလိုက်သည်။

"အော်မိတော်ဖော်...

အန်ကုံရှဲ့က ကိုယ်တော့်ကို ဖမ်းပြီး နှိပ်စက်နေခဲ့တာ ကိုယ်တော့်ဆရာရဲ့ ပြဿနာကြောင့်ပါ။ ဒါကြောင့် ကိုယ်တော်က ဒကာလေးတို့ ဓားသမားတွေကို မြင်ခဲ့တဲ့အချိန်မှာ မတတ်နိုင်တော့ပဲ အကူအညီတောင်းလိုက်ရတာ... ။ ဒကာလေးတို့ရဲ့ အကူအညီအတွက် တကယ့်ကို လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ပါတယ်... ။ ကိုယ်တော်က ဒကာလေးကို ဘယ်လိုခေါ်ရမလဲ... "

သူကတော့ တိုက်ပွဲအကြောင်းကို ပြောခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ့ဆီတွင် သင့်တော်သော ဆင်ခြေတစ်ခု မရှိသေးခြင်းကြောင့် ဖြစ်သည်။

ကူချန်းချင်က လက်ကာပြလိုက်၏။ သူက အနည်းငယ် ရှက်ရွံ့နေသောပုံစံနှင့် ပြောလိုက်သည်။

"ကျွန်တော်က ကူရဲတိုက်က ကူချန်းချင်ပါ..။ ကျွန်တော်က အဝေးမှာပဲ စောင့်နေတာကို ဘယ်လိုဖြစ်ပြီး ကူညီပေးတာ ဖြစ်နိုင်ပါ့မလဲ...”

"လူတစ်ယောက်ကို ကူညီပေးချင်တဲ့စိတ်မျိုး ရှိနေပြီး အမှန်တကယ် လုပ်ဆောင်တာကကို ဒကာလေးရဲ့စိတ်ဆန္ဒကို ပြသနေပါတယ်... "

မုန့်ချီက နှစ်နှစ်ကာကာ ပြောလိုက်၏။

ကူချန်းချင်က အနောက်ပိုင်းနယ်မြေ၏ နယ်မြေခံတစ်ယောက်ဖြစ်မည်ဟု သူက စဉ်းစားမိခဲ့သည်။ ထိုသို့ဆိုလျှင် သူက သဲကန္တာရနှင့် ပတ်သက်သော အချက်အလက်များကို သိနေနိုင်၏။ သူက ဆရာတူညီလေးကို ရှာဖွေရန်အတွက် အကူအညီတောင်း၍ ရနိုင်သည်။

ထို့ပြင် သူက အကြင်နာကင်းမဲ့ပြီး နှလုံးသားမရှိသော လူတစ်ယောက် မဟုတ်ချေ။ လက်ရှိအခြေအနေမှ လွတ်မြောက်သွားပြီးနောက် သူက သူ၏ဆရာတူညီလေးကို ရှာဖွေကယ်တင်ရန် ကြိုးစားရဦးမည် ဖြစ်သည်။

ငိုကြွေးခြင်းအကြီးအကဲက နှစ်ပေါင်းများစွာ ပျောက်ကွယ်နေပြီး ရုတ်တရက် ပြန်ပေါ်လာလိမ့်မည်ဟု ရှောင်လင်ကျောင်းတော်ကလည်း ထင်မှတ်ထားလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူက သူ့ဆရာကို နှောင့်ယှက်နိုင်ခဲ့ခြင်း ဖြစ်၏။

ထိုသို့ဆိုရာတွင် သူတို့က အနောက်ပိုင်းနယ်မြေ၏ အရှင်သခင်ဖြစ်သော ကျင်းကန်ကျောင်းတော်သို့ သူ့ဆရာကို စေလွှတ်ရဲသည့်အတွက် သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိ ရှိကြောင်း သေချာသိနေခြင်းကြောင့် ဖြစ်နိုင်သည်။ အများဆုံး သူက ငိုကြွေးခြင်းအကြီးအကဲကြောင့် ဒဏ်ရာရခြင်းသာ ရှိနိုင်၏။ ထို့ပြင် ဝေ့ကျင်းအဆင့် ပညာရှင်များ၏ တိုက်ပွဲထဲတွင် တခြားအရာများက အသုံးမဝင်လှပေ။

ကိုရင်လေး၏ ချီးကျူးမှုကို ကြားသည့်အခါ ကူချန်းချင်၏ မျက်နှာပေါ်တွင် ကျေနပ်မှုများ ပေါ်လာခဲ့သည်။

"ဒါက လမ်းမှန်လျှောက်နေတဲ့ ကျွန်တော်တို့မျိုးဆက်တွေ လုပ်သင့်တဲ့အရာပါပဲ ။ ကိုရင်လေးက ဒီလောက်ထိ ချီးကျူးနေဖို့ မလိုပါဘူး.။ ကျွန်တော်က ကိုရင်လေးရဲ့ ဓမ္မနာမည်ကို သိခွင့်ရနိုင်မလား..။ ကိုရင်လေးက အန်ကုန်ရှဲ့ကိုတောင် သတ်နိုင်တယ်ဆိုတော့ ကျင်းအင်ပါယာထဲမှာ နာမည်မရှိတဲ့ လူတစ်ယောက် မဖြစ်နိုင်ဘူး... "

မုန့်ချီ၏လေသံကို နားထောင်၍ မုန့်ချီက ကျင်းအင်ပါယာထဲမှာ ကိုယ်တော်တစ်ပါးဖြစ်ကြောင်း သိသာနေသည်။

"ဒကာလေးက ငါ့ကို ကျန်းတင်လို့ခေါ်လို့ရပါတယ်..။ ငါက သွေးကြောမှတ်တွေကို တိတ်တဆိတ် ပြန်ဖွင့်နေခဲ့တာ..။ ဒါကြောင့်လည်း ငါက အန်ကုံရှဲ့ကို မထင်မှတ်ဘဲ သတ်နိုင်ခဲ့တာပါ... ။ အဲဒါက ငါ့ရဲ့အဆိပ်ဓားပျံကြောင့်လည်း ပါတယ်..။ ပြီးတော့ သူက အနှောင့်အယှက်မရှိ ကုသနေတဲ့အချိန်ကိုရွေးပြီး တိုက်ခိုက်ခဲ့တာလေ... ။ သူက တော်တော်လေးကို ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ပါ... "

မုန့်ချီက ဆင်ခြေတစ်ခုကို တွေးပြီးသွားပြီ ဖြစ်သည်။ သူ့ဆီတွင် သွေးကြောပြန်ဖွင့်သည့် ထိပ်တန်းလျှို့ဝှက်စွမ်းရည်တစ်ခု ရှိနေသည်။

မည်သို့ပင်ဖြစ်စေကာမူ ယခု အန်ကုံရှဲ့က သေသွားပြီဖြစ်၏။ အန်ကုံရှဲ့က သူ၏ဒန်တျန်ကို ဖျက်ဆီးပြီး သူ့လက်ကိုချိုးခဲ့ကြောင်း မည်သူကမျှ သိလိမ့်မည်မဟုတ်ချေ။ ထို့ပြင် ဓားရှည်နှင့်ဓားမောက်တို့ကလည်း သူအသုံးပြုနေသော အရာများဖြစ်ကြောင်း ထိုလူများက မသိကြပေ။

ကူချန်းချင်က တိုက်ပွဲအကြောင်းကို ပြန်စဉ်းစားမိခဲ့ပြီး ပထမတွင် ထိုစကားက အနည်းငယ် ထူးဆန်းနေသော်လည်း ကျိုးကြောင်းဆီလျော်မှုရှိကြောင်း တွေးလိုက်မိသည်။

ကျန်းတင်ဟူသော ဓမ္မနာမည်က လူသိမများသည့်အတွက် သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"အန်ကုံရှဲ့က တော်တော်လေးကို ရက်စက်ကြမ်းကြုတ်တယ်... ။ သူက သေမင်းပင်လယ်ကန္တာရထဲမှာ ပြိုင်ဘက်ကင်းပဲ ။ ဒါပေမဲ့ သူ့ရဲ့အလေးမထားမှုကြောင့် သေဆုံးသွားခဲ့တယ်...။ ကံကြမ္မာကြီးက တရားမျှတပါတယ်... "

"ငါ့နဲ့ရင်ဆိုင်ရမယ်ဆိုရင်တော့ ပြိုင်ဘက်ကင်း ပညာရှင်တွေတောင် သေရမှာပဲ…"

မုန့်ချီက စိတ်ထဲတွင် တစ်ယောက်တည်း ရေရွတ်လိုက်သည်။

ကူချန်းချင်က ဆက်ပြောလိုက်၏။

"ဒါပေမဲ့ ကိုရင်လေးရဲ့ဓားမောက်ပညာနဲ့ ဓားရှည်သိုင်းပညာက တော်တော်လေး အံ့သြဖို့ကောင်းတယ်... ။ အဝေးက ကြည့်နေတာတောင် ကျွန်တော်ကိုယ်တိုင်က ပုံရိပ်ယောင်တွေ လွှမ်းခြုံခံလိုက်ရတယ်... ။ အဲဒါက ဘယ်ကျောင်းတော်က သိုင်းပညာလဲဆိုတာ သိခွင့်ရှိမလား... "

"ငါက ရှောင်လင်ကိုယ်တော်တစ်ယောက်ပါ... "

မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်၏။ သူက သူ၏ဆရာတူညီလေးကို ရှာဖွေရန်အတွက် ကူချန်းချင်ကိုမေးရန် လိုအပ်နေသေးသည်။ ထို့ကြောင့် သူ့မေးခွန်းများကို ပြန်ဖြေပေးနေခြင်း ဖြစ်၏။

ကူချန်းချင်က သတိလက်လွတ် ပြောလိုက်သည်။

"အော်...။ ကိုရင်လေးက ရှောင်လင်ကိုယ်တော်တစ်ပါးကိုး... ။ အခုတော့ ကျွန်တော် နားလည်သွားပြီ ။ ဒါဆိုရင် ကိုရင်လေးအသုံးပြုတဲ့ ဓားမောက်သိုင်းပညာနဲ့ ဓားရှည်သိုင်းပညာတို့က အနတ္တကျိန်စာဖျက်ဓားသိုင်းနဲ့ ဓမ္မဓားသိုင်း ဖြစ်နိုင်တယ်..."

ကျင်းကန်ကျောင်းဆောင်က ဓားမောက်သိုင်းပညာတွင် အလွန်နာမည်ကျော်ကြားပြီး အနောက်ပိုင်းနယ်မြေထဲ၌ ဓားမောက်အသုံးပြုရာတွင် အစွမ်းထက်ကြသည်။ ကူချန်းချင်လို ဓားရှည်သိုင်းပညာ ကျွမ်းကျင်သော ပညာရှင်တစ်ယောက်ကပင် အလွန်နာမည်ကျော်ကြားသော အနတ္တကျိန်စာဖျက် ဓားပညာအကြောင်း ကြားဖူးကြသည်။ ဓမ္မဓားသိုင်းကတော့ သူကိုယ်တိုင် စိတ်ဝင်စားနေသော အရာတစ်ခု ဖြစ်၏။

"ငါ့ရဲ့စွမ်းရည်က တော်တော်လေး နိမ့်ပါသေးတယ်...။ ငါက အဲဒီလိုချီးကျူးမှုနဲ့ မထိုက်တန်သေးပါဘူး... "

မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

သူက ပြောလိုက်၏။

"ဒါနဲ့ ဒကာလေးကူ …

ငါနဲ့ပုံစံတူဝတ်ထားပြီး နည်းနည်းအသက်ပိုငယ်တဲ့ ကိုရင်လေးတစ်ပါးကို တွေ့ခဲ့ဖူးလား..။ ငါက အန်ကုံရှဲ့ကြောင့် ငါရဲ့ဆရာတူညီလေးနဲ့ လူချင်းကွဲသွားတယ်.."

"မတွေ့မိဘူး... "

ကူချန်းချင်က ခေါင်းခါပြလိုက်သည်။

"အနောက်ပိုင်းမှာရှိတဲ့ ဘုန်းတော်ကြီးတွေက ကျင်းအင်ပါယာမှာရှိတဲ့ ဘုန်းတော်ကြီးတွေနဲ့ ဝတ်ဆင်ပုံမတူကြဘူး..။ ကျွန်တော်က သူ့ကို မတွေ့ခဲ့ဘူး... ။ ကိုရင်လေးတို့နှစ်ယောက်က ဘယ်နေရာမှာ လူကွဲသွားကြတာလဲ... "

မုန့်ချီက ခဏကြာ စဉ်းစားနေခဲ့သည်။ သူက ကူချန်းချင်အကြောင်းကို စဉ်းစားနေပြီး သူထွက်ပြေးရန် ကြိုးစားခဲ့သည့်အရာကလွဲလျှင် အန်ကုံရှန်နှင့် တိုက်ခိုက်ခဲ့သည့် အကြောင်းအရာတချို့ကို ပြောပြလိုက်သည်။

ထိုအရာများကို ပြောလိုက်ပြီးနောက် သူက ပြောပြလိုက်၏။

"ဒကာလေးက သေမင်းပင်လယ် သဲကန္တာရအကြောင်းကို ဘယ်လောက်သိထားလဲ... ။ တကယ်လို့ သိထားမယ်ဆိုရင် ရှာဖွေဖို့အတွက် ငါ့ကို ကူညီပေးနိုင်မလား... "

"ကျွန်တော်က ဆရာတော်ရွှမ်ပိုင်နဲ့ ငိုကြွေးခြင်းအကြီးအကဲတို့ရဲ့တိုက်ပွဲကို မျက်လုံးနဲ့ မမြင်ရတာ နှမြောဖို့ကောင်းလိုက်တာ... "

ကူချန်းချင်က သက်ပြင်းချပြီး ပြောလိုက်၏။

"ကျွန်တော်တို့ မိသားစုတစ်ခုလုံးက သေမင်းပင်လယ်ကန္တာရထဲမှာ ရာစုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြတာ...။ ဒါကြောင့် ဒီနေရာမှာရှိတဲ့ မြေမျက်နှာသွင်ပြင်ကို ကောင်းကောင်းကြီး သိနေတယ်..။ ဒီတော့ ဒါတွေအားလုံးကို စကားလုံးနည်းနည်းလေးနဲ့ ပြောပြဖို့က အရမ်းကို ရှုပ်ထွေးတယ်... ။ တကယ်လို့ ကိုရင်လေးသာ အဆင်ပြေတယ်ဆိုရင် ကျွန်တော်က ကိုရင်လေးအတွက် လမ်းပြပေးနိုင်ပါတယ်... "

မုန့်ချီက မြေမျက်နှာသွင်ပြင် အခြေအနေများကို သူ့ဆီမှမေးရန် စီစဉ်ထားခဲ့သည်။ ဖြစ်နိုင်လျှင်တော့ သူ့အတွက် လမ်းပြပေးရန် တောင်းဆိုချင်ခဲ့၏။ သို့သော် ကူချန်းချင်က ကူညီပေးရန် ပြောလာလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။

မုန့်ချီက ခဏကြာ မှင်တက်သွားခဲ့၏။

"ဒကာလေးကူ …

ဒကာလေးကူရဲ့အဖော်တွေကရော ဘယ်မှာလဲ... "

ကူချန်းချင်၏ မျက်နှာပေါ်တွင် အပြုံးအနည်းငယ် ပေါ်လာခဲ့သည်။

"သူတို့တွေက သူရဲကောင်းစိတ်ဓာတ်ရှိပြီး ကျွန်တော်နှင့်အတူ ဆင်းရဲဒုက္ခတွေကို အတူတူဝေမျှကြမယ်လို့ ထင်ထားတာ... ။ အခုတော့ သူတို့အားလုံးက ငကြောက်တွေပဲ ။ ကိုရင်လေးက အခက်အခဲတွေကိုစွန့်စားပြီး ဆရာတူညီလေးကို ရှာဖွေချင်တဲ့ လုပ်ရပ်နဲ့ ယှဉ်လိုက်မယ်ဆိုရင် သူတို့ရဲ့လုပ်ရပ်က တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းတယ်... ။ ဒါကြောင့် ကျွန်တော်က ကိုရင်လေးကို ကူညီပေးချင်တာပါ... "

ကျန်းဟွေကို သွားရောက်ရှာဖွေရသည့် လမ်းတလျှောက်တွင် အန္တရာယ်များစွာ တွေ့ကြုံနိုင်သည်။ သူတို့က မြင်းဓားပြများ နေထိုင်ကျက်စားသော သေမင်းပင်လယ်ထဲသို့ သွားရမည်ဖြစ်၏။ ထိုနေရာတွင် ကျိလော်ကျူး၏ အရှိန်အဝါက ပျံ့နှံ့နေခဲ့သည်။

ကူချန်းချင်က သူ၏အဖော် (၃) ယောက်အကြောင်း ပြောသည်ကို ကြားသည့်အခါ မုန့်ချီကတော့ နှင်းတောင်ဂိုဏ်းမှ တပည့်များနှင့် သီးခြားဆီ ခွဲသွားခြင်းက ပိုကောင်းကြောင်း တွေးမိသွားသည်။ သူတို့ကတော့ ထိတ်လန့် ကြောက်ရွံတတ်သော သူများဖြစ်သည့်အတွက် နေရာမရွေး သူ့ကိုသစ္စာဖေါက်သွားနိုင်သည်။

သူက လက်အုပ်ချီ၍ ပြောလိုက်၏။

"အော်မိတော်ဖော်...

ညီတော်လေးရဲ့ကိုယ်စား ဒကာလေးကူကို ကျေးဇူးတင်ပါတယ်... "

"ကိုရင်လေး ဘယ်အချိန်သွားကြမှာလဲ... ။ ကျွန်တော်က ပြင်ဆင်ပြီး သူတို့ကို နှုတ်ဆက်လိုက်ဦးမယ်... "

ကူချန်းချင်က ပြောလိုက်သည်။

မုန့်ချီက လက်ကာပြလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

"အလျင်မလိုပါဘူး... ။ မိုးလင်းတဲ့အချိန်ကျမှ သွားကြတာပေါ့... ။ ပြီးရင် ဒကာလေးကူက ငါ့အတွက် အဝတ်အစားနဲ့ ဦးထုပ်တချို့ဝယ်ပေးဖို့ အကူအညီတောင်းချင်သေးတယ်... "

"ဟုတ်တာပေါ့... ။ ကိုရင်လေးရဲ့ပုံစံက အရမ်းကို သိသာထင်ရှားလွန်းနေတယ်... ။ ဒီတော့ ကျိလော်ကျူးနဲ့ ယုဟွမ်တောင်တို့က သေချာပေါက် ပစ်မှတ်ထားလာနိုင်တယ်... "

ကူချန်းချင်က ရုတ်တရက် နားလည်သွားခဲ့သည်။

တံခါး (၉) ပေါက်ပွင့်နေသော ယုဟွမ်တောင်ဟူသည်မှာ လေလွင့်ရာမ ဟု နာမည်ကျော်ကြားပြီး တံခါး (၉) ပွင့်နေသည့် တခြားသော တပည့်တစ်ယောက် ဖြစ်သည်။ သူက ဟီလီယံတောင်တန်း ဓားပြ (၇၂) ယောက်၏ ခေါင်းဆောင်လည်း ဖြစ်၏။

သူတို့က တောင်တန်း၏ အနီးတစ်ဝိုက်တွင်သာ အဓိက ဓားပြတိုက်ကြသော်လည်း သေမင်းပင်လယ် သဲကန္တာရာတွင် ရှိနေသော ကုန်သွယ်ရေး လမ်းကြောင်းများက သူတို့အတွက် ချမ်းသာစေနိုင်သော အရင်းအမြစ်များ ဖြစ်နေသည်။

မုန့်ချီက ထပ်ပြောလိုက်၏။

"အိုအေစစ်ထဲမှာ မြင်းဓားပြတွေနဲ့ သူလျှိုတွေ ရှိနေနိုင်တယ်... ။ တကယ်လို့ ငါကိုယ်တိုင် သွားဝယ်လိုက်မယ်ဆိုရင် သူတို့က ပစ်မှတ်ထားသွားနိုင်တယ်... ။ ဒါကြောင့် ငါက ဒကာလေးရဲ့အကူအညီကို လိုအပ်တယ်... "

"ကိစ္စမရှိပါဘူး ကိုရင်လေး..။ ကိုရင်လေးက ကျွန်တော့်ကို ဒီလိုမျိုး ဒကာလေးလို့ ခေါ်မနေပါနဲ့တော့... ။ မဟုတ်ရင် ကိုရင်လေးက ဘုန်းတော်ကြီးတစ်ပါးဆိုတာ တခြားလူတွေက သိသွားလိမ့်မယ်... "

ကူချန်းချင်က အပြုံးနှင့် ပြောလိုက်သည်။

သဘောတူညီမှု ရလိုက်ပြီးနောက် မုန့်ချီက အန်ကုံရှဲ့၏ ခန္ဓာကိုယ်ကို ရှာဖွေကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် များများစားစား မရှိသည်မှာ ကံဆိုးသွား၏။ သူက သိုင်းကျမ်းနှင့်တူညီသော အရာများပင် မတွေ့ရပေ။ သူက ဓားများ ၊ လျှို့ဝှက်လက်နက်များ ၊ အဆိပ်ကိုလည်း လုံးဝ မသုံးသည့်အတွက် ပစ္စည်းတစ်ခုမှ မရှိချေ။ သူ့ဆီတွင် ဆေးရည်တချို့ ၊ ငွေအိတ်တစ်အိတ် ၊ ကျောက်မျက်ရတနာတချို့နှင့် သော့တစ်တွဲကိုသာ တွေ့လိုက်ရပြီး တခြား မည်သည့်အရာမျှ မရှိချေ။

"ဒါက ငိုကြွေးခြင်းအကြီးအကဲရဲ့ လေလွင့်စွမ်းအား ပြန်ဖြည့်ဆေးပဲ ။ ဒါက ဆေးပင်တစ်ရာဆေးလုံးကို မယှဉ်နိုင်ပေမယ့် တော်တော်လေးအကျိုးရှိတဲ့ ကုသရေးဆေးတစ်မျိုးပဲ …"

ကူချန်းချင်က ထိုဆေးကို မှတ်မိသွားခဲ့သည်။

သို့သော် ဆေးပုလင်းက (၂) ပုလင်းသာ ကျန်တော့၏။ သူကတော့ ထိုအရာအပေါ် လောဘတက်နေခြင်းမရှိဘဲ မုန့်ချီက သိမ်းလိုက်သည်ကို ကြည့်နေခဲ့သည်။ ထိုအရာက သူ၏အကျိုးအမြတ်များ ဖြစ်၏။

မုန့်ချီကတော့ သူ၏ဆရာတူညီလေးကို ရှာတွေ့သွားသည့် အချိန်မှသာ ကူချန်းချင်ကို တစ်စုံတစ်ခုပေးရန် စီစဉ်ထားခဲ့သည်။ ထိုသို့ဆိုလျှင်တော့ ကူချန်းချင်က လက်ခံနိုင်မည် ဖြစ်သည်။

"ဒီသော့တွေက ဘာအတွက် သုံးကြတာလဲ... "

မုန့်ချီက တချွင်ချွင် မြည်နေသော သော့တွဲကို လွှဲယမ်းကြည့်လိုက်သည်။

ကူချန်းချင်က ခဏကြာစဉ်းစားပြီး ပြန်ဖြေလိုက်၏။

"အန်ကုံရှဲ့က သေမင်းပင်လယ် သဲကန္တာရထဲမှာ နာမည်ကျော် ဓားပြတစ်ယောက်လေ.။ ဒါကြောင့် သူက တော်တော်လေးချမ်းသာတယ်... ။ ဒါပေမယ့် သူဘယ်မှာနေလဲဆိုတာ ဘယ်သူမှမသိကြဘူး... ။ ဒီသော့တွေက သူ့အိမ်သော့တွေဖြစ်နိုင်တယ်... "

"ဘယ်သူမှမသိမှတော့ ဘယ်လိုရှာရမလဲ... "

မုန့်ချီက နောင်တရစွာ ပြောလိုက်၏။

"တကယ်လို့ ငါသာ အန်ကုံရှဲ့ရဲ့ရတနာတွေကို ရမယ်ဆိုရင် ရှောင်လင်ကျောင်းတော်ကနေ ထွက်သွားတာနဲ့ ချမ်းချမ်းသာသာ နေနိုင်ပြီ "

ထိုအရာများကို သေချာစိုက်ကြည့်လိုက်ပြီးနောက် ကူချန်းချင်က တီးတိုးရေရွတ်လိုက်သည်။

"သဲလွန်စ လုံးဝမရှိတာတော့ မဟုတ်ဘူး..။ မတူညီတဲ့ နိုင်ငံတွေထဲမှာ မတူညီတဲ့ ကန္တာရတွေရှိတယ်..။ ဒီသော့တွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ပုံသဏ္ဍာန်ကလည်း မတူကြဘူး...။ ဒါကြောင့် ဒီသော့တွေကိုသုံးပြီး ရှာဖွေရမယ့်နေရာကို ချုံ့လိုက်လို့ရတယ်... "

"အဲဒါက အဓိပ္ပာယ်ရှိတယ်... "

မုန့်ချီက ချီးကျူးလိုက်မိပြီး ထိုကိစ္စကို ယာယီ ဖယ်ထားလိုက်သည်။

ထို့နောက် သူက ကူချန်းချင်နှင့်အတူ အန်ကုံရှဲ့၏အလောင်းကို ကျောက်တုံးတစ်တုံးနှင့် ချီလိုက်ပြီး သက်သေဖျောက်ရန် ရေကန်ငယ်လေးထဲသို့ ပစ်ချလိုက်သည်။

…………….

နောက်တစ်နေ့တွင်တော့ မုန့်ချီက အဖြူရောင် ဝတ်စုံကိုဝတ်လိုက်ပြီး ခေါင်းတွင် ခမောက်တစ်လုံးကိုဆောင်း၍ အိုအေစစ်ထဲမှနေ၍ ကူချန်းချင်နှင့်အတူ ထွက်လာခဲ့ကြသည်။

နေမွန်းတည့်ချိန် ရောက်သည့်အချိန်တွင် အန်ကုံရှဲ့၏ လက်အောက်ငယ်သား တစ်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။ သူက တစ်စုံတစ်ခု လွဲမှားနေသလို ခံစားနေရ၏။

"ညတုန်းက ကျောင်းဆောင်ထဲကို ဆရာကြီးအန်ကုံ ဝင်သွားခဲ့တယ်... ။ ပုံမှန်ဆိုရင် ဒီနေ့သူက ထွက်လာပြီး မျက်နှာပြရမှာလေ..။ ဘာလို့အခုထိ ပေါ်မလာသေးရတာလဲ.."

Translated by Hein Htet.

All Chapters