အခန်း (၁၂၃)
Vol. 9 Ch. 123
သူက နာရီပေါင်းများစွာ စောင့်ကြည့်နေခဲ့သည်။ တဖြည်းဖြည်းနှင့် ကောင်းကင်ကြီးက ပုစွန်ဆီရောင် အလင်းတန်းများ တလက်လက် တောက်ပလာခဲ့၏။ နေလုံးကြီးက မိုးကုတ်စက်ဝိုင်းတွင် ဖြည်းညင်းစွာ ကျဆင်းသွားခဲ့၏။ သို့သော် အန်ကုံရှဲ့ကတော့ ဤနေရာသို့ ရောက်မလာခဲ့ပေ။
မြင်းဓားပြတစ်ယောက်က ပို၍ပင် စိုးရိမ်ထိတ်လန့်လာခဲ့ပြီး တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားမိခဲ့သည်။ ထို့ကြောင့် သူက ဆိုင်အတွင်းထဲသို့ ဝင်သွားပြီး အနောက်တံခါးမှ ပြန်ထွက်သွားခဲ့၏။ သူက ပုံမှန်ကန္တာရတေလေ တစ်ယောက်ကဲ့သို့ အဝတ်အစားများကို လဲလိုက်သည်။
သူက မြို့ထဲသို့ လျင်မြန်စွာ ဖြတ်သွားပြီး ရေကန်ငယ်လေးကို ကွေ့ပတ်၍ ကျောင်းဆောင်ပျက် ရှိနေသော နေရာကို ရောက်ခဲ့သည်။ ယမန်နေ့ညတွင် အန်ကုံရှဲ့က ထိုကျောင်းဆောင်ထဲသို့ ဝင်သွားခဲ့၏။
ကျောင်းဆောင်ထဲသို့ ရောက်သည့်အချိန်တွင် သူက မျက်နှာပျက်သွားခဲ့သည်။ ဤနေရာတွင် အချိန်တော်တော်လေး ကြာနေခဲ့သော်လည်း ရှင်းပြ၍ မရနိုင်သော အနံ့များက လေထဲတွင် ပျံ့နှံ့နေသေး၏။
နေကျချိန် အလင်းရောင် အနည်းငယ်ကို အားပြုပြီး သူက မြေပေါ်တွင် သဲလွန်စများကို ရှာကြည့်ခဲ့သည်။ ရုတ်တရက်ဆိုသလို မျက်မှောင်ကြုတ်လိုက်မိ၏။ စုတ်ပြတ်နေသော ရုပ်ထုကြီး၏ ရှေ့တွင် ရှိနေသော မြေပြင်ပေါ်၌ အနက်ရောင် အစက်များကို တွေ့လိုက်ရသည်။
တစ်စုံတစ်ယောက်က ထိုအရာများနှင့် ရင်ဆိုင်ခဲ့ရသည်မှာ ရှင်းလင်းနေ၏။ သို့သော် ထိုအစက်များကို မြင်တွေ့ရရန် အလွန်ခက်ခဲသည်။ အကယ်၍ နေကျချိန် အလင်းရောင်ကြောင့်သာ မဟုတ်လျှင် ထိုအနက်ရောင်အစက်လေးများက ထူးခြားမှု ရှိနေမည် မဟုတ်သည့်အတွက် သတိထားမိလိမ့်မည် မဟုတ်ချေ။
ကန္တာရတေလေကဲ့သို့ ဟန်ေဆာင်ထားသော မြင်းဓားပြက နေရာတွင် ငြိမ်သက်စွာ ရပ်နေမိခဲ့သည်။ ထိုအရာကတော့ အန်ကုံရှဲ့၏ သွေးဖြစ်ကြောင်း စစ်ဆေးနေရန် မလိုတော့ပေ။ သူက ဖြေစ်နိုင်ချေ ရှိသည်။ မည်သို့ဖြစ်စေကာမူ သူကသာ တခြားလူများကို သတ်လိုက်မည်ဆိုလျှင် ဘာကြောင့်ခြေရာလက်ရာများကို ဖျောက်ပစ်ရန် ကြိုးစားမည်နည်း။
သူ့ဆရာဘိုးဘေး၏ တပည့်များ ၊ နှင်းတောင်ဂိုဏ်း၏ အမွေဆက်ခံသူနှင့် အရေးပါသည့်သူများ၊ ကျင်းကန်ကျောင်းဆောင်၊ အသူရာ ကျောင်းဆောင်နှင့် တခြားသော ကျောင်းဆောင်များမှ လူများက သူ့ကို သတ်ပစ်ခဲ့ခြင်းပေလော။
ထိုအရာက အလွန်လေးနက်သော အခြေအနေတစ်ရပ်ဖြစ်သည်။ သူ့ရင်ထဲတွင် လေးလေးနက်နက် သက်ပြင်းချလိုက်မိ၏။ သူတစ်ယောက်တည်း ထိုအရာကို ဖြေရှင်းနိုင်ခြင်း မရှိချေ။
အန်ကုံရှဲ့က ဘိုးဘေးသဘောအကျဆုံး မြေးတပည့်ထဲမှ တစ်ယောက်ဖြစ်သည်။ သူက တံခါး (၉)ပေါက်ပွင့်နေပြီး လူငယ်မှတ်တမ်းတွင် ထိပ်ဆုံးရောက်နေသော ပညာရှင် တစ်ယောက်လည်း ဖြစ်၏။ သူက ဘာကြောင့် ထိုမျှ တိတ်တဆိတ် အသတ်ခံခဲ့ရသနည်း။
လူသတ်သမား၏ စွမ်းရည်က သူထင်ထားသည်ထက် ကျော်လွန်နေနိုင်သည်။သူက ခဏကြာ ရှာဖွေခဲ့သော်လည်း မည်သည့်သဲလွန်စကိုမျှ ထပ်မတွေ့တော့ပေ။
သူက ဤနေရာတွင် အချိန်ကြာကြာ မနေရဲသည့်အတွက် ဆိုင်ကို ကွေ့ပတ်၍ ပြန်သွားခဲ့ပြီး သူမြင်ခဲ့ရသော အရာများနှင့် သူ၏ထင်မြင်ချက်များကို အသေးစိတ်စာ တစ်စောင် ရေးလိုက်၏။
ညအချိန်တွင် သူက ရေကန်ဘေး၌ ရှိနေသော သစ်တောလေးထဲသို့ ဝင်သွားခဲ့သည်။ ထို့နောက် လေချွန်လိုက်၏။ အသံရှည် (၃)သံနှင့် သံပြတ်(၂) သံ အော်ဟစ်လိုက်ပြီးနောက် အဖြူရောင်ခေါင်းမွှေးနှင့် အနက်ရောင်အမွှေးအတောင်များ ရှိနေသော ငှက်တစ်ကောင်က သစ်တောထဲမှ ထွက်လာပြီး သူ့ပုခုံးပေါ်တွင် ရပ်နားလိုက်သည်။
သူက ထိုငှက်၏ ခေါင်းကို ပွတ်ပေးလိုက်၏။ ကြည့်ရသည်မှာ ငှက်က သူနှင့် အလွန်ရင်းနှီးနေပုံရသည်။ မြင်းဓားပြများက ထူးဆန်းသော ငှက်များ မွေးမြူတတ်ကြသည်။ သူတို့ကို အသားစိမ်း၊ ငါးစိမ်းများ အစာကျွေးပြီး ခြေထောက်တွင် စာများချိတ်၍ ပို့ဆောင်တတ်ကြသည်။
သူက ငှက်ကို အသားစိမ်းများ ကျွေးလိုက်ပြီး ခြေထောက်တွင် စာကို ချည်လိုက်သည်။ ထို့နောက် ငှက်က အတောင်ပံကို ခတ်ပြီး လေထဲသို့ ပျံသန်းသွားခဲ့၏။
မြင်းဓားပြက ထိုနေရာတွင် ခဏကြာ ရပ်နေပြီး သက်ပြင်းချလိုက်မိသည်။ ထို့နောက်တွင်ေတာ့ သူ့ဆိုင်ဆီသို့ တိတ်တဆိတ် ပြန်လာခဲ့၏။
သူက နေ့အချိန်တွင် ထိုဆိုင်၌ အလုပ်လုပ်ပြီး ကုန်ပစ္စည်းများ ရောင်းချရသည်။ မှောင်ရီးပျိုးချိန် ရောက်လာပြီး ဆိုင်ရှင်က ဆိုင်ပိတ်ရန် ညွှန်ကြားခဲ့သည့်အချိန်တွင် သူက ရုတ်တရက် မူးဝေသွားသလို ခံစားလိုက်ရသည်။
သူ့ရှေ့တွင် သက်လတ်ပိုင်းလူကြီး တစ်ယောက် ပေါ်လာခဲ့၏။ သူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ခေါင်းဆောင်း မရှိချေ။ သူ့ဆီတွင် ဆံပင်ရှည်နှင့် မုတ်ဆိတ်မွှေး ကျိုးတိုးကျဲတဲ ရှိနေသည်။
သူ၏ဘယ်မျက်လုံးကိုတော့ မျက်လုံးအကာတစ်ခုနှင့် ဖုံးကွယ်ထားခဲ့သည်။ သူ၏ ခါးတွင်တော့ ထူးဆန်းပြီး မကောင်းဆိုးဝါးဆန်သော ဓားကောက်တစ်ချောင်းကို သယ်ဆောင်ထားသည်။
"ဆရာကြီး …”
သူက ကျင်းအင်ပါယာထဲတွင် အသုံးပြုနေသော စကားလုံးအစား အနောက်ပိုင်းနယ်မြေထဲတွင် အသုံးပြုသော စကားလုံးသုံး၍ တလေးတစား ခေါ်လိုက်သည်။
ထိုလူက ကျိလော်ကျူးဖြစ်ပြီး သေမင်းပင်လယ်သဲကန္တာရထဲရှိ မြင်းဓားပြ ခေါင်းဆောင် (၃)ယောက်ထဲမှ တစ်ယောက်ဖြစ်သလို ငိုကြွေးခြင်း အကြီးအကဲ၏ တပည့်တစ်ယောက်လည်းဖြစ်သည်။ သူ့နာမည်က သေမင်းပင်လယ် မကောင်းဆိုးဝါး ဓားဖြစ်ပြီး ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်လည်း ဖြစ်သည်။
ကျိလော်ကျူး၏ အသံတွင် ဆွဲငင်မှု တစ်ခု ရှိနေသည်ဟု ထင်ရ၏။ သူက အနောက်ပိုင်းနယ်မြေ ဘာသာစကားနှင့် ပြောလိုက်သည်။
"ကျောင်းဆောင်က ဘယ်နေရာမှာလဲ ဆိုတာ ပြောစမ်း ...."
အန်ကုံရှဲ့က တံခါး (၉)ပေါက် ပွင့်နေသော ပညာရှင်တစ်ယောက်ဖြစ်သည်။ သူက ငိုကြွေးခြင်းအကြီးအကဲ၏ အစွမ်းထက်ဆုံး မြေးတပည့်များထဲမှ တစ်ယောက်ဖြစ်ပြီး ကျိလော်ကျူးနှင့် ရန်ရှိချီတို့ကိုပင် ယှဉ်နိုင်နေသည်။ သူ၏ သေဆုံးမှုက အမှန်တကယ်ကို အရေးကြီး၏။ ထို့ကြောင့် ကျိလော်ကျူးက လျှို့ဝှက်စာကို ရသည်နှင့် ဤနေရာသို့ ချက်ချင်း ရောက်လာခဲ့ခြင်းဖြစ်သည်။
မြင်းဓားပြကတော့ မည်သည့်စကားမျှ မပြောခဲ့ပေ။ သူက ကျိလော်ကျူးကို လုံးဝ သတိမထားမိသော ဆိုင်ရှင်ကို လှည့်ကြည့်လိုက်၏။ ကြည့်ရသည်မှာ တံခါးရှေ့တွင် လူတစ်ယောက်မျှ မရှိသလို ထင်မှတ်ရသည်။
သူ့ရင်ထဲတွင်တော့ တိတ်တဆိတ် ချီးကျူးလိုက်မိ၏။ ကျိလော်ကျူးက သေမင်းပင်လယ် မကောင်းဆိုးဝါးဓား ဟူသော နာမည်ဂုဏ် သတင်းနှင့် အမှန်တကယ်ကို ထိုက်တန်လှသည်။
သူက တံခါးကို အလျင်အမြန် သွားပိတ်လိုက်ပြီး အနောက်တံခါးမှ ထွက်လာခဲ့၏။ သူက ကျိလော်ကျူးကို ဦးဆောင်၍ ကျောင်းဆောင်ဆီသို့ ခေါ်သွားခဲ့သည်။
ကျိလော်ကျူးက မြေပေါ်တွင် ရှိနေသော သွေးကွက်များကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးအကာကို ဖြည်းညင်းစွာ ဖြုတ်လိုက်သည်။ ထိုအချိန်တွင် မျက်လုံးမရှိသော မျက်အိမ်ထဲမှနေ၍ အစိမ်းရင့်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအလင်းတန်းများက ငါးများ ရေကူးနေသည့်အလား ပတ်ပတ်လည်တွင် လှုပ်ရှားနေခဲ့သည်။
ရုတ်တရက်ဆိုသလို နေရာတိုင်းတွင် သရဲတစ္ဆေ ငိုသံများကို ကြားလိုက်ရပြီး ကျောင်းဆောင်ကြီးက တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလာခဲ့သည်။
ငိုကြွေးခြင်းအကြီးအကဲက သူ၏ဘယ်မျက်လုံးကို ထုတ်ပစ်လိုက်သည်မှာ ကျိလော်ကျူး အတွက်တော့ လက်ဆောင်တစ်ခုဖြစ်ခဲ့၏။ သူက အလွန်ခက်ခဲလွန်းလှသော ငရဲမကောင်းဆိုးဝါး မျက်လုံးကျင့်စဉ်ကို ကျွမ်းကျင်သွားခဲ့သည်။
အစိမ်းရင့်ရောင် အလင်းတန်းများက တဖြည်းဖြည်း ပါးလွှာလာခဲ့၏။ ရလဒ်အနေနှင့် ကျောင်းဆောင်ကြီးတစ်ခုလုံးက ပင်လယ်ရေလှိုင်းများကဲ့သို့ ဖြစ်လာသည့်အတွက် မြင်းဓားပြက အလွန်အမင်းကို ကြောက်လန့်လာခဲ့၏။
ခဏကြာကြည့်နေပြီးနောက် ကျိလော်ကျူးက ကျောင်းဆောင်၏ အပြင်ဘက်သို့ ထွက်လာ၍ ရေကန်ငယ်လေးဆီကို လျှောက်လာခဲ့သည်။ သူက လက်မြှောက်လိုက်ရာ လေလှိုင်းများ တိုက်ခတ်လာပြီး ရေကန်ထဲတွင် ဝဲကတော့များ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ဝဲကတော့များက လျင်မြန်စွာ ကျယ်ပြန့်လာပြီး ရုတ်တရက် ပေါက်ကွဲသွားခဲ့၏။ ရေများက ကောင်းကင်ပေါ်သို့ မြောက်တက်သွားသည့်အချိန်တွင် အလွန်ကြီးမားသော ကျောက်တုံးကြီး(၂) တုံး ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ခေါင်းမရှိတော့သော အလောင်းတစ်ခုနှင့် ခေါင်းပြတ်တစ်ခုကို ထိုကျောက်တုံးကြီး (၂)ခုနှင့် တွဲချည်ထားကြောင်း မြင်လိုက်ရ၏။
မြင်းဓားပြက ထိုအရာကို သေချာစိုက်ကြည့်လိုက်သည်။ သူ၏မျက်နှာကို ရေကန်ထဲတွင် ရှိနေသော ငါးများက ကိုက်ထားသော်လည်း အဖြူရောင်ဆံပင် ရှိနေသည့်အတွက် ထိုအရာက အန်ကုံရှဲ့ဖြစ်ကြောင်း သိသာနေ၏။ သူက အမှန်တကယ်ကို အသတ်ခံလိုက်ရခြင်းဖြစ်သည်။
"ကောင်းတယ်...။ ငါက ဒီခွေးကောင်ကို သတ်ချင်နေတာကြာပြီ ...။ ဒါပေမယ့် သူ့ကို သတ်တဲ့သူက ငါတို့ထဲကပဲ ဖြစ်သင့်တာ...."
ကျိလော်ကျူးက ခြောက်ကပ်စွာ ပြောလိုက်သည်။
သူ၏ငရဲမကောင်းဆိုးဝါးမျက်လုံးတွင် ဒဏ်ရာများကို ဖယ်ရှားစစ်ဆေးနိုင်သည့် စွမ်းရည်မျိုး မရှိခဲ့ပေ။ ထို့ကြောင့် မျက်လုံးအကာကို ပြန်ပိတ်လိုက်ပြီး ခန္ဓာကိုယ်ကို သေချာစစ်ဆေးကြည့်လိုက်၏။
"မျက်ခုံးနဲ့ပါးပေါ်မှာ ဒဏ်ရာတွေရှိတယ်...။ ဒါပေမယ့် အဲဒါကို တစ်ယောက်ယောက်က တမင်တကာ ဖျက်စီးသွားခဲ့တာပဲ....။ ပြီးတော့ ငါးတွေက ကိုက်ထားတယ်ဆိုတော့ သူ့ကို ဘယ်လိုသိုင်းပညာမျိုးနဲ့ သတ်ခဲ့တယ်ဆိုတာ ဖော်ထုတ်ဖို့ ခက်တယ်..။ သူသေရတဲ့ အကြောင်းအရင်းကိုလည်း ပြောပြဖို့ခက်တယ်...."
ကျိလော်ကျူးက အသံတိုးတိုးနှင့် တစ်ယောက်တည်း ပြောနေခဲ့သည်။
မြင်းဓားပြကတော့ သူ့ကို တစ်ယောက်တည်း လွှတ်ထားခဲ့၏။
"သူ့ဆီမှာ လျှို့ဝှက်လက်နက်ကြောင့် ထိခိုက်မိတဲ့ အမာရွတ်ဒဏ်ရာတွေလည်း ရှိတယ်...။ ပြီးတော့ သူက အဆိပ်မိထားတယ်..။ ရလဒ်အနေနဲ့ သူ့ရဲ့နှလုံးသားက ဆိုးဆိုးရွားရွား ထိခိုက်နေတယ်..။ ဒါက သူသေရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခု ဖြစ်နိုင်တယ်...။ သူ့ရဲ့သွေးကြောထဲမှာ ကျန်နေတဲ့ အဆိပ်ငွေ့တွေက သူမသေခင် သူ့ရဲ့သွေးကြောတွေနဲ့ အတွင်းအားတွေကို ပျောက်ကွယ်သွားအောင် လုပ်လိုက်တာဖြစ်မယ်....."
ကျိလော်ကျူးက သေချာစစ်ဆေးကြည့်နေရင်း ပြောလိုက်သည်။
"ပြီးတော့ သူ့ရဲ့အရိုးစုက လုံးဝကိုပျော့ပျောင်းနေတယ်....။ ဒီတော့ သူက ဓားရှည်တစ်လက် ဒါမှမဟုတ် ဓားမောက်တစ်လက်ကို ရှောင်တိမ်းခဲ့ရတာ ဖြစ်ဖို့များတယ်....”
“ဒါကြောင့် ဖြစ်နိုင်ချေ အကြောင်းအရင်းနှစ်ခုပဲရှိတယ်...။ တစ်ခုကတော့ လူသတ်သမားက သူ့ထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်တာ ဖြစ်နိုင်တယ်...။ နောက်တစ်ခုကတော့ သူက တုံ့ပြန်ဖို့ အရမ်းနောက်ကျသွားတာ ဖြစ်နိုင်တယ်....။ ကြမ်းတမ်းသဲမုန်တိုင်းစွမ်းအားက တန်ပြန်သက်ရောက်နိုင်တဲ့ အစွမ်းမျိုးရှိတယ်....”
“တကယ်လို့ ငါ့ရဲ့ထင်မြင်ချက်တွေအရသာဆိုရင် သူက တိုက်ခိုက်နေတဲ့အချိန် အဆိပ်ငွေ့တွေရဲ့ သက်ရောက်မှုကို ခံရတာဖြစ်မယ်....။ တကယ်လို့ လူသတ်သမားကသာ သူ့ထက် အဆပေါင်းများစွာပိုပြီး အစွမ်းထက်မယ်ဆိုရင် အဲဒီလိုအရာမျိုးကို လုပ်နေမှာမဟုတ်ဘူး..."
ကျိလော်ကျူးက လက်ခုပ်တီး၍ မတ်တပ်ရပ်လိုက်သည်။
သူက မြင်းဓားပြကို ပြောလိုက်၏။
"လူသတ်သမား၏အစွမ်းက တံခါး(၆)ပေါက်ထက် မပိုနိုင်ဘူး။ သူက အဆိပ်နဲ့ လျှို့ဝှက်လက်နက်တွေသုံးရာမှာ ကျွမ်းကျင်နိုင်တယ်။ သူက ဓားမောက်သိုင်းပညာနဲ့ ဓားသိုင်းပညာမှာ ကျွမ်းကျင်နေတာလည်း ဖြစ်နိုင်တယ်...။ အန်ကုံရှဲ့က အမှားတစ်ခု လုပ်မိခဲ့တဲ့အတွက် ခံလိုက်ရတာ..”
“ဒါကြောင့် သူက အဆိပ်ငွေ့တွေရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရပြီး မပြင်ဆင်ထားတဲ့အချိန်မှာ တိုက်ခိုက်ခံခဲ့ရတာ..။ ဓားရှည်နှင့် ဓားမောက်အပြင် ဒဏ္ဍာရီထဲက လျှို့ဝှက်လက်နက်ကြောင့် သူက သေဆုံးသွားခဲ့တာ..။ ဒါပေမယ့် ဒဏ်ရာတွေကို ကြည့်လိုက်မယ်ဆိုရင် လူသတ်သမားက တမင်တကာ ထိခိုက်အောင် လုပ်ခဲ့တာပဲ ....။ ဒီတော့ လူသတ်သမားဆီမှာ အထင်သေးလို့ မရနိုင်တဲ့ ထိပ်တန်းဓားမောက်ပညာနဲ့ ဓားပညာရှိနိုင်တယ်.....”
“ဆရာကြီး အဲဒါက ဟိုကိုရင်လေးဖြစ်မယ်ထင်တယ်....။ သူ့ရဲ့ပုံစံကို ကြည့်မယ်ဆိုရင် သူက အခုမှ မျက်လုံးတံခါးပွင့်နေပုံပဲ...။ ကျွန်တော်တို့က ဘာလုပ်ရမလဲ..."
မြင်းဓားပြက မေးလိုက်သည်။
"ငါတို့က ဒါကိုအလေးအနက်ထားဖို့လိုတယ်....။ ငါက သေမင်းပင်လယ် သဲကန္တာရထဲမှာ လူသတ်သမားကို ရှာဖို့အတွက် ငါ့ရဲ့ညီအစ်ကိုတွေအားလုံးကို အမိန့်ပေးလိုက်မယ်....."
ကျိလော်ကျူးက သေမင်းပင်လယ်သဲကန္တာရထဲတွင် လုပ်စရာများစွာ ရှိနေသည်။
လူသတ်သမားက အန်ကုံရှဲ့ကိုသတ်ရန် စွမ်းရည်များစွာ အသုံးပြုခဲ့ရကြောင်း တွေ့လိုက်သည့်အတွက် လူသတ်သမား၏အစွမ်းက ပထမ သူထင်ထားခဲ့သလို အစွမ်းထက်ခြင်း မရှိကြောင်းမြင်လိုက်ရသည်။ ထို့ကြောင့် လူသတ်သမားကို သူကိုယ်တိုင်လိုက်ရန် စဉ်းစားမထားခဲ့ပေ။
သို့သော် သေမင်းပင်လယ် သဲကန္တာရထဲရှိ မြင်းဓားပြ(၃)ပုံ (၁)ပုံခန့်၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံရသည်မှာပင် အလွန်ကြောက်စရာ ကောင်းသောအရာ ဖြစ်နေသေးသည်။ ထိုမြင်းဓားပြများထဲတွင် ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်ပေါင်းများစွာ ပါဝင်နေ၏။
သူတို့က သေမင်းပင်လယ် သဲကန္တာရ၏ မြေမျက်နှာသွင်ပြင်ကိုလည်း အလွန်ကျွမ်းကျင်နေသူများဖြစ်ကြပြီး အစုအဝေးနှင့် လုပ်ဆောင်၍ အချင်းချင်း ဆက်သွယ်နိုင်ကြသည်။
အကယ်၍ တစ်ယောက်ယောက်ကသာ ထိုမြင်းဓားပြများ၏ ပစ်မှတ်ထားခြင်းကို ခံရမည်ဆိုလျှင် သေမင်းပင်လယ် သဲကန္တာရမှ ထွက်ပြေး၍ မရနိုင်သလို ပုန်းအောင်း၍ မရနိုင်တော့ပေ။ အကယ်၍ တံခါး(၉)ပေါက် ပွင့်နေသော ထိပ်တန်းပညာရှင် ဖြစ်နေလျှင်ပင် အသတ်ခံရနိုင်ချေရှိသည်။
“ကောင်းပါပြီ ဆရာကြီး …”
မြင်းဓားပြက ကျိလော်ကျူး၏ ညာဘက်မျက်လုံးကို စိုက်မကြည့်ရဲပေ။ သူ၏မျက်လုံးက ဓားတစ်လက်ကဲ့သို့ ထက်မြက်လွန်းလှ၏။
…………..
အဖြူရောင်ဝတ်စုံဝတ်ထားသော မုန့်ချီနှင့် ကူချန်းချင်တို့က သတင်းစုံစမ်းရန် သဲမြန်မြို့ဆီသို့ ပြန်သွားခဲ့ကြသည်။ သူတို့၏ပုံစံက အဝေးမှနေ၍ ခရီးနှင်လာသော စာသင်သား(၂)ယောက်ကဲ့သို့ ထင်မှတ်ရ၏။
“နောက်ဆုံးတော့ ငါတို့က ပြန်ရောက်လာပြီ…”
ကူချန်းချင်က အတော်လေးကို စိတ်သက်သာရာရသွားခဲ့၏။ သူက မုန့်ချီကို လမ်းညွှန်ရန်အတွက် လမ်းတစ်လျှောက်တွင် အကြိမ်ပေါင်းများစွာ လမ်းကြောင်း ပြောင်းလာခဲ့ရသည်။ ထို့ကြောင့် သူတို့က ထင်ထားသည်ထက် တစ်ရက်နောက်ကျပြီးမှ သဲမြန်မြို့ကို ရောက်လာခဲ့၏။
မုန့်ချီက အနည်းငယ် ရှုံ့မဲ့သွားခဲ့သည်။ သူကတော့ လက်ရှိအခြေအနေနှင့် အသားမကျသေးပေ။
"ဆရာတူညီလေးက သေမင်းပင်လယ်ကန္တာရထဲကို လူရှာဖို့အတွက် ဝင်သွားတာ ငါ့အပြစ်ပဲ....။ နောက်ဆုံးတော့ ငါတို့က ဒီနေရာကို ရောက်လာပြီ..."
မုန့်ချီကတော့ ရှောင်လင်ကျောင်းတော်မှအသုံးအနှုန်းများကို မသုံးတော့ပေ။
သူ့စကားကိုကြားသည့်အခါ ကူချမ်းချင်က အနည်းငယ် ရှက်ရွံသွားခဲ့၏။
"ငါက ဒီနေရာမှာရှိတဲ့ မြေမျက်နှာသွင်ပြင်တွေ၊ တည်နေရာတွေနဲ့ ပတ်သတ်ပြီး အတွေ့အကြုံနည်းနည်းပဲ ရှိတယ်....။ ဒါပေမယ့် ငါတို့က ဒီနေရာကို ရောက်လာခဲ့တာပဲ မဟုတ်လား......"
"ဟုတ်တယ် ....."
မုန့်ချီက သူမျက်နှာရစေရန် ခေါင်းညိတ်ပြလိုက်သည်။ လမ်းဘေးနှစ်ဖက်တွင် ရှိနေသော ပေါ့ပလာသစ်ပင်ကြီးများကလည်း နှစ်တစ်ထောင်ခံတပ်ကြီးကဲ့သို့ ထင်မှတ်ရသည်။
သဲမြန်မြို့တွင်တော့ ရွှမ်ပိုင်နှင့် ငိုကြွေးခြင်းအကြီးအကဲတို့၏ တိုက်ပွဲသက်ရောက်မှုများ ပျောက်ကွယ်သွားပုံရသည်။ ယခုတော့ ပို၍နေချင်စဖွယ်ကောင်းလာခဲ့၏။
မုန့်ချီနှင့် ကူချန်းချင်တို့က သဲပင်လယ်တည်းခိုဆောင်ထဲသို့ အတူတူဝင်လာခဲ့ကြသည်။ စားပွဲနားတွင်တော့ သူတို့က အလွန်လှပသော မိန်းမပျို ချုချမ်းနင်ကို ပထမဆုံး မြင်လိုက်ရသည်။
ချူချမ်းနင်ကတော့ အလွန်အေးစက်ပြီး မထုံတက်တေးအမူအရာနှင့်သာ ဖြစ်သည်။ သူမက စားပွဲပေါ်တွင် မှောက်နေသော်လည်း အတော်လေးကို ဆွဲဆောင်မှု ရှိလွန်းလှ၏။ စားသောက်သူများစွာက သူမကို စိတ်ဝင်စားနေကြသော်လည်း အချိန်ကြာကြာမကြည့်ရဲကြပေ။
“ဆိုင်ရှင် ကျုပ်က သတင်းတစ်ခု စုံစမ်းချင်တယ်…”
မုန့်ချီက ဦးထုပ်ဆောင်းထားပြီး သူ၏ခေါင်းကို ဖုံးကွယ်ထားခဲ့သည်။
“ဘာသတင်းမှ မရှိဘူး…”
ချူချမ်းနင်က တည့်တည့်သာ ပြန်ဖြေလိုက်၏။ သူမကတော့ မည်သည့်စကားမျှ ထပ်မပြောချင်တော့ပေ။ ဤနေရာက စားရန် အိပ်ရန် နေရာတစ်ခုသာဖြစ်ပြီး သတင်းရောင်းချသည့် နေရာတစ်ခု မဟုတ်ပေ။
မုန့်ချီကတော့ သူမ၏ အပြုအမူကို သင်ကြားပေးလိုစိတ်များ တဖွားဖွား ပေါ်လာခဲ့၏။ သူမ၏သဘောထားက အတော်လေး ဆိုးဝါးနေသည်။ သို့သော် သူမက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်နိုင်ကြောင်း စဉ်းစားမိသည့်အခါ သူ့ကိုယ်သူ ထိန်းချုပ်လိုက်၏။
သူက ရတနာများကို ထုတ်ပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။
“ဆိုင်ရှင် ကျုပ်က ဈေးကောင်းပေးပါမယ်…”
ထိုကဲ့သို့ ထူးခြားသည့် ရတနာများကို မြင်သည့်အခါ ချူချမ်းနင်၏မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့သည်။ သူမက ချက်ချင်း ထလိုက်၏။
"ငါ့စကားကိုပြန်ပြီးရုတ်သိမ်းတယ်...။ ငွေကြေးက အရာအားလုံးကို ဝယ်နိုင်တာပဲ..” ချူချမ်းနင်က ထိုကဲ့သို့ ပြောလိုက်သည်။ ထို့နောက် သူမက မုန့်ချီကို ပထမဆုံးအကြိမ် လှမ်းကြည့်လိုက်၏။
ထိုစကားပြောလိုက်ပြီးနောက် သူမ၏မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူမက မုန့်ချီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး သူမ၏မျက်လုံးက သူ့ခါးတွင် ချိတ်ထားသော အနီရင့်ရောင် ဓားမောက်နှင့် ရွှေရောင်ဓားအိမ်ထဲ ထည့်ထားသော ဓားရှည်တို့ကို မြင်လိုက်ရသည်။
သူမ၏ အပြုအမူကြောင့် မုန့်ချီက အတော်လေး မသက်မသာ ခံစားနေရ၏။ သူမက မည်သည့်အရာကို ကြည့်နေသနည်း။
ထို့နောက် ချူချမ်းနင်၏ မျက်နှာက ပြန်လည်အေးစက်သွားပြီး ပြောလိုက်သည်။
"နင်က တစ်ခုခုမေးချင်တယ်ဆိုရင် အခန်းထဲကို သွားသင့်တယ်...။ မဟုတ်ရင် တစ်ခြားသူတွေ ကြားသွားလိမ့်မယ်..."
မဟုတ်လျှင် သူသိချင်သော အချက်အလက်များကြောင့် သူ၏အကြောင်းအရာများ ပေါ်သွားနိုင်၏။ ဤနေရာတွင် မြင်းဓားပြများ၏ သူလျှိုများ ရှိနေနိုင်သည်။
ချူချမ်းနင်က စားပွဲနောက်မှနေ၍ လျှောက်သွားပြီး လှေကားပေါ်သို့ အရင်ဆုံး တက်သွားခဲ့၏။ သူမဆီတွင် သေးကျင်သော ခါးသွယ်သွယ်လေးရှိနေပြီး လမ်းလျှောက်လိုက်တိုင်း ဆွဲဆောင်မှု ရှိလွန်းလှသည်။
သူမက လေလှိုင်းလေးသဖွယ် ဖြည်းညင်းစွာ လျှောက်သွားသည့်အတွက် မုန့်ချီနှင့် ကူချန်းချင်တို့ကလည်း သူမ၏နောက်မှ လိုက်လာခဲ့ကြ၏။
တစ်ချို့သော စားသောက်သူများကတော့ အသံတိုးတိုးနှင့် ပြောနေကြသည်။
"ငါတို့ သတင်းမေးတဲ့အချိန်မှာတော့ ချမ်းနင်က အဲဒီလိုစည်းမျဉ်းမျိုးကို လုံးဝမပြောခဲ့ပါလား။ ကြည့်ရတာ ကျန်းတင်က ရုပ်ချောတဲ့ကောင်လေးတွေကို သဘောကျတာ ဖြစ်မယ်....."
သူတို့က ပြောနေရင်း ရယ်လိုက်ကြသည်။
ထိုစကားကြောင့် ချူချမ်းနင်က အလွန်ဒေါသထွက်သွားပြီး မျက်ထောင့်နီကြီးနှင့် စိုက်ကြည့်လိုက်၏။ ထို့နောက် သူမက စားပွဲထိုးကောင်လေးဆီမှ သစ်သားခွက်ကိုယူပြီး စားပွဲပေါ်သို့ ရေများ လှမ်းပက်လိုက်သည်။
"နင်တို့က သေချင်နေတာလား...."
Translated by Hein Htet.