အခန်း (၁၂၅)
Vol. 9 Ch. 125
သက်လတ်ပိုင်းလူကြီးက သစ်တောထဲကို ဝင်သွားကြောင်း အနက်ရောင် ခမောက်ဆောင်းထားသည့် မျက်နှာမည်းနှင့်လူက မြင်လိုက်ရသည်။ သူက တိုက်ရိုက် လိုက်သွားခဲ့ခြင်းမရှိဘဲ တခြားတစ်ဖက်သို့ သွားခဲ့၏။ ထိုနေရာမှနေ၍ သစ်တောထဲကို ဂရုတစိုက်ဝင်လာခဲ့သည်။
သစ်တောကြီးက သစ်ပင်များ သိပ်သည်းစွာ ပြည့်နှက်နေပြီး နေရာတိုင်းတွင် အရိပ်များ ရှိနေသည်။ ရုတ်တရက်ဆိုသလို သူ၏နောက်စေ့မှနေ၍ ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ ထို့နောက် အရာအားလုံးက မည်းမှောင်သွားပြီး သူလည်း သတိလစ်သွားခဲ့သည်။
မုန့်ချီက လက်နောက်ပစ်ပြီး သက်လတ်ပိုင်းလူကြီးဆီသို့ ပြန်လာခဲ့သည်။ သူက ထိုလူကို သူ့ရှေ့တွင် ပစ်ချလိုက်၏။ မုန့်ချီက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
"မင်းက လမ်းလျှောက်တဲ့အချိန် ပိုပြီးတော့သတိထားပါ... "
အိုအေစစ်ထဲတွင် အစိုဓာတ်များ ရှိနေသည့်အတွက် အေးစက်ပြီး ပတ်ဝန်းကျင်က နေသာထိုင်သာ ရှိသော်လည်း အလယ်ပိုင်းဒေသတွင် ရှိနေသော နွေဦးရာသီကဲ့သို့ပင် ကောင်းမွန်နေခြင်း မရှိချေ။
သက်လတ်ပိုင်းလူကြီးက တစ်ကိုယ်လုံး ပူလောင်နေသလို ခံစားနေရသော်လည်း ယခုတော့ သူ၏အင်္ကျီထဲတွင် ချွဲစေးများ ထွက်နေခဲ့သည်။ သူ၏နဖူးပေါ်မှ ချွေးများလည်း စီးကျလာနေခဲ့၏။ လူတစ်ယောက်က သူ့နောက်မှ လိုက်လာခဲ့သော်လည်း သူကတော့ ထိုအရာကို မသိခဲ့ပေ။
"ဟုတ်တယ်... ။ ကျွန်တော် သတိမထားမိလိုက်ဘူး... "
သူက စိုးရိမ်စွာ ပြန်ဖြေလိုက်သည်။
မုန့်ချီနှင့် ကူးချန်းချင်တို့ သူ့ကို လာတွေ့သည့်အချိန်တွင် သူတို့က ဖုံးကွယ်ထားကြခြင်း ဖြစ်သည်။ သူတို့က ကန္တာရတေလေများကဲ့သို့ ဝတ်ဆင်ထားကြ၏။ သူတို့က အနက်ရောင် ခေါင်းစည်း ၊ အနက်ရောင်ဝတ်စုံနှင့် မျက်နှာကို သဲကာနိုင်သော အရာများ ဝတ်ဆင်ထားခြင်း ဖြစ်သည်။
"မင်းက ဘာသတင်းရခဲ့လဲ... "
မုန့်ချီက ငွေစများကို ဆော့ကစားနေခဲ့သည်။
သက်လတ်ပိုင်းလူကြီးက ရေသောက်လိုက်၏။ သူက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားပြီး သတိထား၍ ဖြေလိုက်သည်။
"ကျွန်တော်က တည်းခိုဆောင်ထဲမှာရှိတဲ့ ကုန်သည်တွေနဲ့ ပတ်ဝန်းကျင်ကို လှည့်ပတ်ပြီးတော့ မေးမြန်းပြီးသွားပြီ။ လွန်ခဲ့တဲ့ (၁၀) ရက်လောက်တုန်းက မီးခိုးရောင်ဝတ်စုံဝတ်ထားတဲ့ ကိုရင်လေးတစ်ပါး ဖြတ်သွားခဲ့တယ်..။ သူ့မှာ ပိုက်ဆံမရှိတဲ့အတွက် သူက အလှူခံနေခဲ့တာ..။ သူ့ရဲ့စကားပြောပေါက်က ဗလုံးဗထွေးဖြစ်နေပေမယ့် သူ့ပုံစံက အတော်လေး ချောမောခန့်ညားပြီး ရိုးသားပုံရတယ်..။ တော်တော်များများက သူ့ကို လှူဒါန်းလိုက်ကြတယ်လေ။ ဒါကြောင့် သူတို့က သူ့ကို မှတ်မိနေကြတာ.။ သူက သဘာဝကပ်ဘေးတွေ ဖြစ်ပေါ်နေတဲ့ ဦးတည်ချက်ကိုမေးပြီး ချီလဲ့ချိုင်ဝှမ်းရှိရာကို ထွက်သွားတယ်... "
အိုအေစစ်ထဲမှနေ၍ ပိုမီနယ်မြေသို့ သွားနိုင်သော လမ်းကြောင်း (၇) ခု ၊ (၈) ခုခန့်ရှိသည်။ ထိုအထဲတွင် လမ်းကြောင်း (၂) ခုကတော့ ချီလဲ့ချိုင့်ဝှမ်းကို ဖြတ်သွားရန် လိုအပ်၏။
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။ ထိုအချက်အလက်များက သူ့ဆရာတူညီလေးနှင့် ကိုက်ညီနေသည်။
"တခြားသတင်းရော ရှိသေးလား... "
သတ်လတ်ပိုင်းလူကြီးက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ရှိပါသေးတယ်..။ ဒါပေမဲ့ အဲဒါက သတင်းအတု ဖြစ်မယ်ထင်တယ်... ။ ဒါကြောင့် ကျွန်တော်က သခင်လေးရဲ့အချိန်ကို မဖြုန်းတီးချင်လို့ပါ...”
“ဘာမှမစိုးရိမ်ပါနဲ့ ပြောပါ... "
မုန့်ချီက ပြောလိုက်သည်။
သက်လတ်ပိုင်းလူကြီးက ခဏကြာစဉ်းစားပြီး ပြောလိုက်၏။
"တချို့လူတွေ ပြောတာကတော့ မီးခိုးရောင်ဝတ်ကိုရင်လေးက လမ်းဘေးမှာ အော်ဟစ်ငိုယိုနေပြီး ငွေကြေးတွေ စွန့်ကြဲခဲ့ဖို့ တောင်းနေခဲ့တယ်လို့ သိရတယ်... ။ နောက်ဆုံးမှာတော့ သူက စိမ်းလန်းခြင်းတောင်တန်းကို ဦးတည်သွားတယ်လို့ ပြောကြတယ်... ။ ဒါက ကျွန်တော်ရခဲ့တဲ့ သတင်းအကုန်ပါပဲ…"
မုန့်ချီက စဉ်းစားနေပြီး သူ့ကို ငွေစများ ပစ်ပေးလိုက်သည်။
"အပြန်လမ်းမှာ ဂရုစိုက်ပါ... "
တောက်ပနေသော ငွေစများကို မြင်သည့်အခါ သက်လတ်ပိုင်းလူကြီးက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
"ကောင်းပါပြီ ကောင်းပါပြီ …"
ကူချန်းချင်က ထွက်သွားသည့်လူကို ကြည့်နေခဲ့သည်။ သူက သံသယဝင်စွာ ပြောလိုက်၏။
"နောက်ဆုံးရတဲ့သတင်းက တကယ်ပဲ အတုထင်တယ်..။ အဲဒါက မင်းပြောဖူးတဲ့ ကျန်းဟွေလို ပုံစံမျိုးလည်း မဟုတ်ဘူး..။ တကယ်လို့ မြင်းဓားပြတွေက ငါတို့ကို တမင်တကာ လမ်းလွွှဲချင်တယ်ဆိုရင်တော့ အနည်းဆုံး ယုံကြည်ရနိုင်တဲ့ အလိမ်အညာတွေကို သုံးသင့်တယ်လေ... "
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
"တော်တော်ကို သိသာတဲ့ အလိမ်အညာတစ်ခုပဲ။ ဒါက သူတို့ရဲ့အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်တယ်... "
"ဘယ်လိုအစီအစဉ်လဲ... "
ကူချန်းချင်ကတော့ ပြည့်ပြည့်ဝဝ နားမလည်နိုင်ခဲ့ပေ။
မုန့်ချီက ပြောလိုက်၏။
"အဲဒီအချက်အလက်က လိမ်တယ်ဆိုတာ သိသာနေပေမယ့် ကျန်းဟွေအကြောင်းကို ပြောတာက တော်တော်လေး တိကျနေသေးတယ်..။ အချက်အလက်တချို့ကတော့ လမ်းလွဲအောင် လုပ်ထားတာ. ။ ဒါက တမင်တကာ လုပ်ထားတာလို့ ငါထင်တယ်... ။ ကျိလော်ကျူးက မြင်းဓားပြတွေရဲ့ ခေါင်းဆောင်ဖြစ်ပြီး သေမင်းပင်လယ်ကြီးကို အုပ်စိုးနိုင်ပေမယ့် သူက မြင်းဓားပြအားလုံးရဲ့ (၃၀) ရာခိုင်နှုန်းကိုပဲ ဦးဆောင်နိုင်တာ...။ တခြားမြင်းဓားပြတွေထဲမှာ သူနဲ့ အဆင့်တူတဲ့ လူတွေလည်း ရှိနေသေးတယ်... "
ကျိလော်ကျူးကို ဆန့်ကျင်နေသော မြင်းဓားပြများစွာလည်း ရှိနေနိုင်သည်။
"ဒါဆိုရင် သတင်းပထမပိုင်းကလည်း အတုလို့ ပြောချင်တာလား... "
ကူချန်းချင်က ပြောလိုက်သည်။
"အဲဒါလည်း ဖြစ်နိုင်ပါတယ်... ။ ငါပြောသလိုပဲ သူ့ရဲ့အလိမ်အညာက အရမ်းကိုပေါ်လွင်လွန်းတယ်... ။ ဒါက ကျိလော်ကျူးရဲ့ ပြိုင်ဘက်တွေ လုပ်တာပဲ ဖြစ်နိုင်တယ်..။ ငါတို့ကို သူ့ရဲ့ထောင်ချောက်ထဲ ရောက်သွားမှာ စိုးရိမ်နေကြတာ... ။ သူက သေမင်းပင်လယ်ကန္တာရထဲမှာ ပြိုင်ဘက်တွေ အများကြီး ရှိနိုင်တယ်... "
သူက ဆက်ပြောလိုက်သည်။
" ဥပမာအနေနဲ့ပြောရရင် ကျိလော်ကျူးရဲ့လွှမ်းမိုးမှုက ရွှေရောင်အိုအေစစ်မှာရှိနေတဲ့ ကူရဲတိုက်ဆီကို ရောက်မလာနိုင်ဘူး...။ အဲဒီနယ်မြေကို ရှန်တူလျောင်က ပိုင်ဆိုင်ထားတာ... ။ သူ့ကိုတော့ လေရူးဓားလို့ လူသိများတယ်... "
လေရူးဓားဟူသည်မှာ သေမင်းပင်လယ်ထဲတွင် ရှိနေသော မြင်းဓားပြကြီးတစ်ယောက် ဖြစ်သည်။ သူကလည်း ဝေ့ကျင်းအဆင့် ထိပ်တန်း ပညာရှင်တစ်ယောက် ဖြစ်၏။ သူက ကျိလော်ကျူးနှင့် သင့်မြတ်မှုမရှိချေ။ သူက မကောင်းဆိုးဝါးလမ်းစဉ် (၉) သွယ်ထဲမှာ အသူရာကျောင်းဆောင်၏ ထောက်ပံ့မှုကို ရထားသည်ဟုပင် ဆိုကြ၏။ ပြောရမည်ဆိုလျှင် သူက အသူရာလမ်းစဉ်ကို ကျင့်ကြံသော အနောက်ပိုင်းနယ်မြေထဲရှိ အင်အားစုတစ်ခု၏ ထောက်ပံ့ခြင်းကို ရထားခဲ့သည်။
ရှန့်တူနှင့် ကျိလော် ဟူသည်မှာ အနောက်ပိုင်းနယ်မြေထဲတွင် အမှည့်များသော အရာများ ဖြစ်သည်။ အန်ကုံဟူသည်မှာတော့ အလယ်ပိုင်းနယ်မြေမှ နာမည်တစ်ခု ဖြစ်သည်။
ကူချန်းချင်၏ စကားသံက တဖြည်းဖြည်း တိုးလာခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူက သူ၏အားနည်းချက်များကို ပြောပြနေရခြင်းကြောင့် ဖြစ်သည်။ ကူရဲတိုက်က အမှန်တရားလမ်းစဉ် လျှောက်လှမ်းနေသော်လည်း သူတို့က မြင်းဓားပြတစ်ယောက်၏ အကူအညီကို တောင်းခံနေရသည်။
ထိုအကြောင်းပြချက်ကြောင့် သူက သေမင်းပင်လယ်ထဲတွင် နေထိုင်ကြသော သူ၏ဘိုးဘွားများကို အပြစ်တင်နေခဲ့၏။ သူတို့က အမှန်တရားလမ်းစဉ်ကို လိုက်နာကြသော်လည်း မြင်းဓားပြများကို ရှုံးနိမ့်ခဲ့ရကြောင်း အမှတ်ရနေခဲ့သည်။ ထို့ကြောင့် သူက သူရဲကောင်းဆန်သော သမိုင်းကြောင်းများကို မထင်မှတ်ပဲ ပြောနေမိ၏။
မုန့်ချီကတော့ ကူချန်းချင်၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးသည့်အနေနှင့် ခေါင်းညိတ်၍ တိတ်ဆိတ်နေပေးလိုက်သည်။
ကူချန်းချင်က ခါးသီးစွာ ပြုံးလိုက်မိ၏။ သူက သက်ပြင်းချပြီး ပြောလိုက်သည်။
"မုန့်ချီ …
ငါက ရယ်စရာကောင်းနေလား... ။ ငါကတော့ အမှန်တရားလမ်းစဉ်ကို လျှောက်လှမ်းတယ်လို့ ပြောနေတယ်... ။ ဒါပေမယ့် ငါ့မိသားစုကတော့ မြင်းဓားပြခေါင်းဆောင်တွေကို အားကိုးနေရတယ်... ။ တကယ်လို့ မင်းရဲ့ပြိုင်ဘက်ကသာ ကျိလော်ကျူးမဟုတ်ပဘဲ ရှန့်တူလျောင်ဖြစ်နေမယ်ဆိုရင် ငါက မင်းကို ကူညီပေးရဲတဲ့ သတ္တိရှိမလားဆိုတာ မသေချာဘူး... ။ အဲဒါက ငါ့မိသားစုကို ဒီကိစ္စထဲ ပါသွားစေနိုင်တယ်... "
"တကယ်လို့ မင်းက အမှန်တရားလမ်းစဉ် လျှောက်လှမ်းတယ်လို့ပြောပြီး ကိုယ့်မိသားစုကိုယ်တောင် မကာကွယ်နိုင်ဘူးဆိုရင် ငါက မင်းကို လေးစားမိမှာ မဟုတ်ဘူး..။ ကိုယ့်မိသားစုကို အရင်ဆုံး မကာကွယ်ကြတာ ဘယ်မှာများ ရှိလို့လဲ..."
မုန့်ချီက ကူချန်းချင်ကို နှစ်သိမ့်လိုက်သည်။
ကူချန်းချင်က မုန့်ချီ၏မျက်လုံးထဲကို စိုက်ကြည့်လိုက်ရာ သူ၏စိတ်သဘောထားကို အထင်သား မြင်လိုက်ရသည်။ သူက စိတ်သက်သာရာ ရသွားခဲ့၏။
"ဒါဆိုရင်တော့ သတင်းမှားဖြန့်နေတဲ့ မြင်းဓားပြခေါင်းဆောင်ကို ရှာသင့်တယ် မဟုတ်လား... ။ တကယ်လို့ သူကသာ ကျိလော်ကျူးနဲ့ ရန်သူတွေဆိုရင် အချက်အလက် တိတိကျကျပေးဖို့အတွက် ငါတို့ကို သေချာပေါက် ကူညီပေးနိုင်တယ်.."
မုန့်ချီက သူ၏အကြံပေးချက်ကို တားဆီးလိုက်၏။
"ဒီကိစ္စကို အလျင်စလိုမလုပ်နဲ့ဦး. ။ ကျိလော်ကျူးအပေါ် ရန်လိုတယ်ဆိုတာကလည်း လှည့်စားထားတာ ဖြစ်နိုင်သေးတယ်... "
သူကတော့ ထိုကဲ့သို့ အရာမျိုးကို အကြိမ်ပေါင်းများစွာ ကြုံခဲ့ဖူးသည်။ ထို့ကြောင့် ယခင်တုန်းကကဲ့သို့ အလွယ်တကူ အရူးလုပ်မခံတော့ပေ။ ယခုတော့ သူ့ဆီတွင် သိုင်းလောကအတွေ့အကြုံများ ရှိနေခဲ့၏။
"ဘယ်လို... "
ကူချန်းချင်က အံ့သြသွားသော်လည်း သေချာစဉ်းစားနေခဲ့သည်။ ထိုအရာက အဓိပ္ပါယ်ရှိ၏။ မြင်းဓားပြများ၏ လှည့်စားမှုကို လုံးဝ လျော့တွက်၍ မရနိုင်ပေ။ သူကတော့ မုန့်ချီကို တဖြည်းဖြည်း ပို၍ ယုံကြည်လာခဲ့သည်။ ကိုရင်လေးကျန်းတင်က လှည့်စားထားသော အစီအစဉ်များကိုပင် အလွယ်တကူ သိနေနိုင်သည်။ မုန့်ချီနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူကတော့ အတွေ့အကြုံမရှိသော ငတုံးလေးတစ်ယောက် ဖြစ်နေခဲ့၏။
"ဒါဆိုရင် ငါတို့က ဘာလုပ်ကြမလဲ... "
သူက ပြန်မေးလိုက်၏။
မုန့်ချီက မြေပေါ်တွင် သတိလစ်နေသော မျက်နှာမည်းနှင့်လူကို လက်ညှိုးထိုးပြလိုက်သည်။
"ငါတို့မှာ သူရှိနေသေးတယ်လေ... "
ထိုစကားကို ပြောလိုက်ပြီးနောက် သူက မျက်နှာမည်းနှင့်လူကို ခြေထောက်နှင့်ကန်ပြီး နှိုးလိုက်သည်။
မျက်နှာမည်းနှင့်လူက ဖြည်းညင်းစွာ မျက်လုံးဖွင့်ကြည့်လိုက်၏။ အရာအားလုံးက ဝေဝါးနေသည့်အတွက် သူမည်သည့်နေရာကို ရောက်နေကြောင်း မသိပေ။ သူက အနက်ရောင် ဝတ်စုံဝတ်ထားပြီး မျက်နှာကို ဖုံးကွယ်ထားသော ကန္တာရတေလေ နှစ်ယောက်ကို မြင်လိုက်ရသည့်အချိန်တွင် သတိပြန်ဝင်လာခဲ့သည်။
သူက အလွန်ထိတ်လန့် ကြောက်ရွံ့သွားခဲ့ပြီး ပြောလိုက်၏။
"မင်းတို့က ဘာလုပ်တာလဲ... "
"မင်းက ဘာလာလုပ်တာလဲ ဆိုတာကိုပဲ ငါတို့က မေးချင်နေတာ..။ ပြောစမ်း... ။ ဘာလို့ ငါတို့ရဲ့နောက်ကို လိုက်နေရတာလဲ... "
မုန့်ချီက စွမ်းအားကိုသုံး၍ ပြောလိုက်ပြီး သူ့ကိုယ်သူ ဓားပြခေါင်းဆောင် တစ်ယောက်၏ပုံစံ ဟန်ဆောင်ထားခဲ့သည်။
"ကျွန် ကျွန် ကျွန်တော်က ဘာမှမလုပ်ပါဘူး... ။ ကျွန်တော်က အပျင်းပြေ သစ်တောထဲကို ရောက်လာတာပါ... "
မျက်နှာမည်းနှင့်လူက စိုးရိမ်ထိတ်လန့်စွာ ပြောလိုက်၏။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့်ပေးပါ... ။ ကျွန်တော် ဘာမှမသိပါဘူး... "
မုန့်ချီက သူ၏ညာဘက်ခြေထောက်နှင့် ထိုလူ၏ လက်ချောင်းလေးပေါ်သို့ တက်နင်းလိုက်သည်။ သူက ခြေထောက်တွင် ဖြည်းညင်းစွာ အားထည့်လိုက်၏။
မျက်နှာမည်းနှင့်လူကတော့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ရပ်ပါတော့ ကျေးဇူးပြုပြီး ရပ်ပါတော့...။ ထပ်ပြီးတော့ အားမစိုက်ပါနဲ့တော့... "
"ငါ့ကို ရက်စက်တဲ့လူတစ်ယောက်လို့တော့ ဘယ်သူမှမခေါ်ကြဘူး..။ ဒါပေမယ့် ငါက ရက်စက်ပြီဆိုရင်လည်း လူသားတစ်ယောက်လို့တောင် ပြောလို့မရနိုင်တော့ဘူး... "
မုန့်ချီက ခြိမ်းခြောက်လိုက်သည်။
မျက်နှာမည်းနှင့်လူက မုန့်ချီကိုကြည့်ပြီး သက်ပြင်းချ၍ ပြောလိုက်၏။
"သူရဲကောင်းလေး…
တကယ်လို့ ကျွန်တော် အမှန်အတိုင်း ပြောပြမယ်ဆိုရင် ကျွန်တော့်အသက်ကို ချမ်းသာပေးမှာလား...”
“သေချာပေါက် ပေးမှာပေါ့ ။ ငါက လူကောင်းတစ်ယောက်လေ... "
ကူချန်းချင်က ပါးစပ်ကို လက်နှင့်အုပ်ပြီး ရယ်နေကြောင်း မုန့်ချီက ကြားလိုက်ရသည်။
မျက်နှာမည်းနှင့်လူက သက်ပြင်းချပြီး ပြောလိုက်၏။
"ကျွန်တော်က ဓားပြကြီးတန်းကျိအတွက် အလုပ်လုပ်ပေးနေတာပါ... ။ ကျွန်တော့်ရဲ့တာဝန်က အိုအေစစ်ထဲမှာရှိတဲ့ သတင်းအချက်အလက်တွေကို စုံစမ်းရတာပဲ ။ ပြီးတော့ ကုန်သည်တွေကို အာရုံစိုက်ရတယ်... ။ ဒီတစ်ကြိမ် ဓားပြကြီးတန်းကျိက ကိုရင်လေးနဲ့ ဘုန်းတော်ကြီးအကြောင်း မေးတဲ့သူတိုင်းကို ဖော်ထုတ်ဖို့ ကျွန်တော့်ကို အမိန့်ပေးထားတယ်... ။ ဒါကြောင့် ကျွန်တော်က သူ့နောက်ကို လိုက်လာခဲ့တာ... "
"ဓားပြကြီးတန်းကျိ ဟုတ်လား... "
မုန့်ချီကတော့ ထိုနာမည်ကို ရင်းနှီးနေခြင်း မရှိချေ။
ကူချန်းချင်က ရှင်းပြလိုက်၏။
"ဓားပြကြီးတန်းကျိဆိုတာက အပြစ်လုပ်ထားတဲ့အတွက် အလယ်ကုန်းမြေကြီးထဲကနေ သေမင်းပင်လယ်ထဲကို ထွက်ပြေးလာခဲ့တဲ့ ရှန်းကျွေကို ပြောတာ... ။ ဒီနေရာမှာ သူက မြင်းဓားပြအဖွဲ့တွေကို စုပေါင်းပြီး ဓားပြကြီးတန်းကျိဆိုတဲ့နာမည်နဲ့ လှုပ်ရှားနေကြတယ်..။ သူ့ရဲ့လွှမ်းမိုးမှုနဲ့ အစွမ်းကလည်း တော်တော်ကြီးတယ်... ။ သူကိုယ်တိုင်က တံခါး (၆)ပေါက်ပွင့်နေပြီး သူ့ဆီမှာ တံခါး (၅) ပေါက် ၊ တံခါး (၆)ပေါက် ပညာရှင်တွေရဲ့ အကူအညီတောင် ရှိတယ်လို့ ပြောကြတာပဲ ။ ပြီးတော့ သူ့အနားမှာ ဗျူဟာသခင် တစ်ယောက်ရှိတယ်..။ အဲဒီဗျူဟာသခင်ကတော့ အပြုံးမြေခွေး ယုလင်လို့ခေါ်တယ်...။ သူတို့က ဒီနယ်မြေထဲမှာ လှုပ်ရှားနေကြတာ... ။ သူတို့က ကျိလော်ကျူးကို တိတ်တဆိတ် ကူညီပေးမယ်လို့တော့ မထင်ဘူး... "
မုန့်ချီက ခေါင်းညိတ်၍ ဆက်ပြောလိုက်၏။
"ဒီတော့ မင်းက ငါတို့ကို သတင်းအမှားတွေ တမင်တကာ ပြောလိုက်တာပဲ ။ ပြီးတော့ ချီလဲ့ချိုင့်ဝှမ်းမှာ ငါတို့ကို ထောက်ချောက်ဆင်ထားတာ မဟုတ်လာ... "
"အဲဒါက သတင်းအမှားမဟုတ်ပါဘူး... ။ ကိုရင်လေးက တကယ်ပဲ ချီလဲ့ချိုင့်ဝှမ်းကို ထွက်သွားခဲ့တယ်... ။ ကျွန်တော်က သတင်းသမားတွေနဲ့ ကုန်သည်တွေကို လျှို့ဝှက်ထားတာ တစ်ခုပဲ ရှိတယ်... "
မျက်နှာမည်းနှင့်လူက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
"အဲဒါက ဘာလဲ... "
ကူချန်းချင်က မေးလိုက်၏။ မျက်နှာမည်းနှင့်လူက သူ့ကိုယ်သူ ထိန်းချုပ်ပြီး ပြောလိုက်သည်။
"ဓားပြကြီးတန်းကျိရဲ့စခန်းက ချီလဲ့ချိုင့်ဝှမ်းနားမှာရှိတဲ့ တောင်ကြားတစ်ခုထဲမှာ ရှိနေတယ်... ။ ဒီတော့ ကိုရင်လေးရဲ့နောက်ကို လိုက်သွားတဲ့လူတိုင်းက အလစ်ချောင်း တိုက်ခိုက်ခံရမှာပဲလေ... "
"ကိုရင်လေးကရော ဘာဖြစ်သွားသေးလဲ... "
မျက်နှာမည်းနှင့်လူက အသံတိုးတိုးနှင့် ဖြေလိုက်၏။
“သူ့ကို ဓားပြကြီးတန်းကျိကဖမ်းပြီး ကျိလော်ကျူးဆီပေးဖို့ စဉ်းစားထားတယ်... "
"မင်းက ရိုးရိုးသားသား ဖြေနေတာပဲ ။ ငါက မင်းအသက်ကို ချမ်းသာပေးလိုက်မယ်... "
မုန့်ချီက သူ၏ညာခြေထောက်နှင့် မျက်နှာမည်း၏ခေါင်းကို ပြင်းထန်စွာ ကန်လိုက်သည်။ ထို့ကြောင့် သူက နောက်တစ်ကြိမ် သတိလစ်သွားခဲ့၏။
ခဏကြာပြီးနောက် မျက်နှာမည်းနှင့်လူက သတိပြန်ဝင်လာခဲ့သည်။ ထိုအချိန်တွင် သစ်တောထဲ၌ သူတစ်ယောက်တည်း ရှိနေကြောင်း တွေ့လိုက်ရ၏။ သူက လျင်မြန်စွာ ပြန်ထလိုက်ပြီး အိုအေစစ်ထဲသို့ ပြန်ပြေးသွားခဲ့၏။
ထိုအချိန်တွင် သစ်တောထဲ၌ အရိပ်နှစ်ခု ပေါ်လာခဲ့သည်။ သူတို့က မုန့်ချီနှင့် ကူချန်းချင်တို့ ဖြစ်ကြ၏။
"ငါတို့က ချီလဲ့ချိုင့်ဝှမ်းကိုသွားပြီး ကျန်းဟွေကို ကယ်မှာ မဟုတ်ဘူးလား... "
ကူချန်းချင်ကတော့ ယခုအချိန်ထိ ထွက်မသွားရသေးသည့်အတွက် နားမလည်နိုင်ခဲ့ပေ။ ဤကိစ္စက အရေးကြီး၏။
မုန့်ချီက ရယ်နေရင်း ပြန်ဖြေလိုက်သည်။
"မင်းက ကြားသမျှ အရာအားလုံးကို ယုံကြည်လို့မရဘူး...။ မင်းရထားတဲ့ အချက်အလက်တွေက ဘယ်လိုပဲဖြစ်ဖြစ် အဲဒါကို သေချာအောင်စစ်ဆေးဖို့ လိုသေးတယ်... "
"ငါတို့ကအဲဒါကို ဘယ်လိုစစ်ဆေးကြမှာလဲ... ။ ငါတို့က တခြားအဖွဲ့မှာရှိတဲ့ မြင်းဓားပြတွေကို သွားရှာရမှာလား... "
ကူချန်းချင်က မေးလိုက်သည်။
မုန့်ချီက ပတ်ဝန်းကျင်ကို စစ်ဆေးပြီး ပြေးသွားသော မျက်နှာမည်းနှင့်လူကို လက်ညှိုးထိုးပြလိုက်သည်။
"သူ့နောက်ကို လိုက်ရင်ရပြီလေ... ။ မဟုတ်ရင် ဘာလို့ငါက သူ့ကို အရှင်ထားရမှာလဲ... "
"မင်းက ကိုယ်တော်တစ်ပါးဖြစ်လို့ သူ့ကို မသတ်တာ မဟုတ်ဘူးလား... "
ကူချန်းချင်ကတော့ တစ်ယောက်တည်း တွေးနေမိသည်။
မုန့်ချီက လက်နောက်ပစ်ပြီး သစ်တောထဲမှ ထွက်လာခဲ့၏။
"ချန်းချင် …မင်းက ဒီနေရာမှာ စောင့်နေခဲ့... "
သူတို့က အချင်းချင်း ရင်းနှီးနေပြီဖြစ်သည့်အတွက် သူစိမ်းများကဲ့သို့ ခေါ်နေရန် မလိုအပ်တော့ပေ။
"သတိထား...
တကယ်လို့ မင်းသာ သူ့နောက်ကို အဲဒီလိုမျိုးလိုက်သွားမယ်ဆိုရင် သူက သတိထားမိသွားလိမ့်မယ်... "
လူတစ်ယောက်၏နောက်သို့ ထိုမျှအတင့်ရဲစွာ လိုက်သွားခြင်းမျိုးကို ကူချန်းချင်က လုံးဝ မမြင်ဖူးခဲ့ပေ။ မျက်နှာမည်းနှင့် လူကသာ နောက်ပြန် လှည့်ကြည့်လိုက်မည်ဆိုလျှင် မုန့်ချီကို ရှာတွေ့သွားနိုင်သည်။
မုန့်ချီကတော့ ထိုပုံစံအတိုင်းသာ ဆက်လိုက်သွားခဲ့၏။ သူပြောင်းလဲသွားသည်မှာ သူ၏မျက်နှာကို ဖုံးအုပ်မထားခြင်း ဖြစ်သည်။ ထို့ကြောင့် တခြားလူများ၏ အလေးထားမှုကို မခံရတော့ပေ။
သူက လက်နောက်ပစ်ပြီး အေးအေးဆေးဆေး လိုက်သွားနေခဲ့၏။ သူ့ကို တွေ့သွားမှာလည်း စိုးရိမ်နေပုံ မရချေ။ မျက်နှာမည်းနှင့်လူက ပတ်ဝန်းကျင်ကို လှည့်ပတ် စစ်ဆေးနေသော်လည်း မုန့်ချီကိုတော့ တွေ့ပုံမရချေ။ မုန့်ချီက ထိုနေရာတွင် မရှိသည့်အလား သူက ပတ်ပတ်လည်ကို စစ်ဆေးနေခဲ့၏။
မုန့်ချီက မျက်နှာမည်းနှင့်လူ၏ နောက်မှနေ၍ အတင့်ရဲစွာ လိုက်သွားနေသော်လည်း မျက်နှာမည်းနှင့်လူကတော့ နေ့အချိန်တွင်ပင် သူ့ကို သတိမထားမိသည့်အတွက် ကူချန်းချင်က မယုံကြည်နိုင်သလို ခံစားနေရလေသည်။
"ဘာတွေဖြစ်နေတာလဲ... "
Translated by Hein Htet.